အခန်း ၃၈
Vol. 4 Ch. 38
Chapter 38
ငါးသန်းဆိုသော ပမာဏက လုံလောက်လှပေသည်။ ဤနှစ်များအတွင်း သူမ ရရှိခဲ့သည်မှာ ထိုထက်မကပေ။ ထို့ပြင် ချောင်တယ်ပေးထားသော အလုပ်ကလည်း ရှိသေးသည်။ အကယ်၍ ထိုအလုပ်ကို စွန့်လွှတ်လိုက်လျှင်ပင် သူမကို မည်သူမှမသိသော မြို့လေးတစ်မြို့တွင် သွားရောက်နေထိုင်နိုင်သည်၊ သူမ ဘဝသစ်ကို စတင်ချင်ခဲ့ပေသည်။
သို့သော်လည်း ကြိုတင်တွေးထားသည်များ ရှိသကဲ့သို့ မမျှော်လင့်ထားသည်များလည်း ရှိလာတတ်ပေသည်။
တက္ကသိုလ်တုန်းက ခင်မင်ခဲ့သော သူငယ်ချင်းနှင့် ကျောင်းဆင်းပြီးနောက်ပိုင်းတွင်လည်း အဆက်အသွယ်ရှိနေခဲ့သည်။ ထိုသူငယ်ချင်းမှာလည်း သူမကဲ့သို့ပင် မြို့ငယ်လေးမှ လာသူဖြစ်သည်။
သူမသည် မိမိ၏ပြောရခက်သော အကြောင်းအရာများကို ထိုသူငယ်ချင်းအား ရင်ဖွင့်ခဲ့မိသည်။ ထိုသူငယ်ချင်းက သူမဇာတိမြေသို့ သွားကာ သူမ အကြောင်းများကို အိမ်နီးနားချင်းများအား အကုန်အစင်ပြောပြလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
မိဘများ၏ဆဲဆိုသံများက မပြတ်တော့ချေ။ ညီမအငယ်ဆုံးလေးက ဖုန်းဆက်ကာ ပိုက်ဆံများ မည်သည့်နေရာမှရသနည်းဟု လာရောက်မေးမြန်းသည်။ မောင်လေးကလည်း သူမကို လှောင်ပြောင်သည့် စာများပို့လာလေသည်။
သူမထံ အိမ်ဆိုသည်မှာ မရှိခဲ့ဖူးချေ။ သို့သော်လည်း ထိုအ တုအယောင် အိမ်လေးအတွက် သူမ၏ စင်ကြယ်မှုအားလုံးကို ပေးဆပ်ခဲ့ရပေသည်။
"ကျွန်မရဲ့ သွေးချင်းရင်းချာတွေ၊ ကျွန်မ ရွံရှာမှုကို မြိုသိပ်ပြီး ရလာတဲ့ ပိုက်ဆံနဲ့ကျွေးမွေးခဲ့တဲ့ ညီမလေး၊ ကျွန်မရဲ့ အသွေးအသားတွေနဲ့ သူတို့အတွက် လမ်းခင်းပေးခဲ့တာပါ၊ ဒါပေမဲ့ ပြန်ရလိုက်တာကတော့ အရှက်မရှိတဲ့ မိန်းမဆိုတဲ့ ခေါ်သံပါပဲ”
“သူတို့က ကျွန်မကို ဘယ်တော့မှပြန်မလာနဲ့တော့၊ သူတို့ရဲ့ မျက်နှာကို အိုးမည်းသုတ်တယ်လို့ ပြောကြတယ်၊ ပြီးတော့လည်း ကျွန်မဆီမှာ ပိုက်ဆံဘယ်လောက်ကျန်သေးလဲဆိုတာကို လာမေးကြပြန်ရော"
ပါးပြင်ပေါ်မှ စီးကျလာသော မျက်ရည်များတွင် သွေးစများ ပါဝင်နေသည်။ မော့ကြည့်နေသော မျက်ဝန်းအစုံက ဝေဝါးနေပြီး အဆောက်အဦးပေါ်မှ ပြုတ်ကျသွားသည့် သေဆုံးချိန်က ရုပ်အလောင်းနှင့် ပြုပြင်ထားသော မျက်နှာတို့ကတလှည့်စီ ပြောင်းလဲနေသည်။ ကြောက်မက်ဖွယ်ကောင်းသော အသံမှာ ဧည့်ခန်းအတွင်း ဟိန်းထွက်နေလေသည်။
"ကျွန်မရဲ့ ပေးဆပ်မှုအားလုံးက အချည်းနှီးဖြစ်သွားရပြီ"
စူးရှလှသော ထိုအသံမှာ ဝမ်သိုက်ရင်ထဲသို့ တိုးဝင်သွားကာ နှလုံးသားကို ဓားနှင့်မွှန်းလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူမ မျက်ခုံးကိုအသာတွန့်ကာ ယောင်ကျွမ်းကို ကြည့်လိုက်သော အကြည့်များတွင် သနားစိုးရိမ်စိတ်များ ရောယှက်နေပေသည်။
အသံမှာ ပြန်လည်အေးစက်သွားပြီး
"ဒါပေမဲ့ ကျွန်မ သူတို့ကို မမုန်းနိုင်သေးဘူး၊ ကိုယ့်ကိုကိုယ်ပဲ မုန်းမိတယ်"
ယောင်ကျွမ်းက ခေါင်းကို စောင်းကာ မော့ကြည့်နေသည်။ သူမ အကြည့်များမှာ လေထဲတွင် ရပ်တန့်နေပြီး မျက်ဝန်းထဲမှ စီးကျလာသော အနီရောင်များမှာ သွေးစက်များအလား ရှိနေပေသည်။
"စိတ်ပျော့တာကလည်း ကျွန်မပဲ၊ ငြင်းဆန်ခြင်းမရှိဘဲ ပေးဆပ်ခဲ့တာကလည်း ကျွန်မပဲ၊ ဒီလို ညစ်ပတ်တဲ့ အရောင်း အဝယ်ကို လုပ်ခဲ့တာလည်း ကျွန်မပဲ၊ ချောင်တယ်ဆီ လာခဲ့တာကလည်း တကယ်လို့သာ အဲ့ဒီတုန်းက သူ ကျွန်မကို ဒီလမ်းထဲကို တွန်းမပို့ခဲ့ရင် ကျွန်မ ကောင်းကောင်း ရှင်သန်နိုင်မှာပါလားလို့ တွေးမိလို့ပါ”
“ပင်ပန်းရင်တောင်မှ အနည်းဆုံးတော့ အတုအယောင်အိမ်လေးကိုတောင် မဆုံးရှုံးရဘဲ အရှက်မရှိတဲ့ မိန်းမလို့ အဆဲမခံရမှာပါလားလို့ တွေးမိလို့ပါ"
အနှစ်မဲ့သော မျှော်လင့်ချက်က သူမ၏စွဲလမ်းမှုဖြစ်သွားခဲ့ပြီဟု ဝမ်သိုက် ဦးနှောက်ထဲတွင် အလိုအလျောက် ပေါ်လာလေသည်။
ယောင်ကျွမ်း၏ စိတ်ကူးယဉ်ထဲတွင် နစ်မြုပ်နေသော အမူ အရာကို ကြည့်ကာ ဝမ်သိုက် မျက်တောင်ခတ်လျက် မျက်ရည်များကို ဖြန့်ကျက်လိုက်သည်၊ ဆုပ်ထားသော လက်သီးကို တင်းတင်းဆုပ်ကာ ပြတ်သားစွာ ပြောလိုက်သည်။
"ဒါကလည်း နင် လှပအောင် ဖန်တီးထားတဲ့ စိတ်ကူးယဉ်မှုတစ်ခုပဲလို့ နင် မတွေးမိဘူးလား၊ ချောင်တယ် မရှိရင်တောင်မှ တခြား လူတစ်ယောက်ယောက်ရှိလာမှာပဲ၊ လူတစ်ယောက်ရဲ့ ဘဝမှာ မဖြစ်မနေလျှောက်ရမယ့် လမ်းတွေ ရှိတယ်လို့ ငါ အပိုင်မပြောချင်ပေမဲ့ အရှိတရားကတော့ ဒါပါပဲ”
“နောက်ပြီးတော့ နင် ဒီလမ်းကို မလျှောက်ခဲ့ရင် တကယ်ပဲ ကောင်းကောင်း ရှင်သန်နိုင်မယ်လို့ ထင်လို့လား၊ နင်က စိတ်ပျော့ပြီး ကြင်နာတတ်တဲ့သူဆိုတာ ငါ ခံစားလို့ရပါတယ်"
သူမသည် ခြေတစ်လှမ်းတိုးသွားပြီး ယောင်ကျွမ်းကို ရှုပ် ထွေးသော အကြည့်များဖြင့် ကြည့်လိုက်သည်။ သို့သော် သူမ စကားလုံးများမှာ ယောင်ကျွမ်း၏အိပ်မက်ကို ခွဲဖျက်လိုက်သည့် ဆူးများကဲ့သို့ပင် ရှိနေပေသည်။
"နင့်ရဲ့ မိသားစုနောက်ခံက တကယ်ဝမ်းနည်းစရာ ကောင်းပါတယ်၊ ဒီလို မိသားစုမျိုးမှာ မွေးဖွားလာရင် နင် ရှိသင့်တာက ကြင်နာမှု မဟုတ်ဘဲ ပြတ်သားမှုနဲ့ အသိဉာဏ်ပဲ၊ ဒီလို မိသား စုမှာ မွေးလာရင် နင် အရင်ဆုံးသင်ယူရမှာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပဲ၊ ဒါပေမဲ့ နင်ကတော့ သေတဲ့အထိ အဲဒါကို မလုပ်ခဲ့ဘူး”
“နင် သူတို့ရဲ့ အပြစ်တင်ခြင်းကို ခံရပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာပြီး ပြတ်သားတတ်လာခဲ့ရင် နင် အဆောက်အဦးပေါ်က ခုန်ချမှာ မဟုတ်ဘူး၊ ဒါကြောင့် နင့်ကို နောက်တစ်ကြိမ် အခွင့်အရေးပေးမယ်ဆိုရင်တောင် နင်က တော့ အရင်လမ်းဟောင်းအတိုင်းပဲ လျှောက်ဦးမှာပါပဲ၊ တစ်ယောက်ယောက်ရဲ့ အပျော်အပါးဖြစ်ဖို့ မဟုတ်ရင် တောင်မှ ကိုယ့်ကိုယ်ကိုယ် ပြန်ပေးဆပ်ဖို့ပဲ ရွေးချယ်မှာပါပဲ"
"နင် ဒီလောကမှာ ကျန်ခဲ့တဲ့ နာကြည်းချက်တွေထဲက တစ်စိတ်တစ်ပိုင်းက ချောင်တယ်ဆီက လာတာ မှန်ပါတယ်၊ သူ့ရဲ့ အပြုအမူကလည်း အပြစ်ရှိတာပဲ၊ ဒါပေမဲ့ အများစုကတော့ နင့်ရဲ့ စွဲလမ်းမှုကြောင့်ပဲ၊ နင့်ရဲ့ မိသားစုကိုမမုန်းနိုင်တာလား၊ တကယ်တော့ မုန်းနေတာပါ၊ ဒါပေမဲ့ နင့်ရဲ့လက်စားချေမှုက ကိုယ့်ကိုကိုယ် နာကျင်အောင်လုပ်တာ ဖြစ်နေတယ်”
“တကယ်လို့ နင် သူတို့ကို မမုန်းဘူးဆိုရင် နင်ပြောသလို အသွေးအသားတွေနဲ့ ပေးဆပ်ပြီး ကိုယ့်ကိုကိုယ် သက်သေပြဖို့ ကြိုးစားမှာ မဟုတ်ဘူး၊ ပေးဆပ်နေတယ်ဆိုတာကလည်း မုန်းတီးမှု တစ်မျိုးပါပဲ၊ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ မုန်းတီးမှုပေါ့"
အေးစက်လှသော အမျိုးသမီးအသံက တစ်လုံးချင်းစီ ယောင်ကျွမ်းအပေါ်သို့ ကျရောက်သွားလေသည်။
သူမသည် ကြောင်စီစီဖြင့် မော့ကြည့်နေပြီး မိမိကို စိုက်ကြည့်နေသော မျက်ဝန်းအစုံကို ငေးကြည့်နေမိသည်။ မျက်ရည်များမှာ တားမရဘဲ စီးကျနေသည်။ သေသွားလျှင်ပင် မျက်ရည်ကျနိုင်သေးသည်တကား။
အခြားတစ်ဖက်တွင် ရပ်နေသော ချန်စစ်ကျယ်မှာလည်း အနည်းငယ် အံ့အားသင့်သွားပြီး ဝမ်သိုက်ကိုလှည့်ကြည့်လိုက်သည်။ သူမ ဤကဲ့သို့ ပြောလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
တကယ့်ကို ထူးခြားသည့် အမြင်ပင်။ သူမနှင့် လိုက်ဖက်လှပေသည်။
ဝမ်သိုက်သည် ယောင်ကျွမ်း ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူမ လက်က ယောင်ကျွမ်း၏ထွက်နေသော ဗိုက်နားတွင် ရပ်တန့်နေသည်။ တကယ်တော့ ထိတွေ့၍မရချေ။ သို့သော် သူမက လက်ချောင်းလေးဖြင့် အသာအယာ တို့လိုက်ပြီး ပါးချိုင့်လေးများ ပေါ်လာသည်အထိ နူးညံ့စွာ ပြုံးလိုက်သည်။
"တကယ်တော့ နင်လည်း ဒီကလေးကိုဖျက်ချဖို့ ရက်စက်မှာ မဟုတ်ပါဘူး၊ လူတွေကတော့ ကိုယ့်ကိုကိုယ် လိမ်ညာရတာ အတော်ဆုံးပဲ"
သူမသည် မျက်လုံးကို ပင့်ကြည့်လိုက်ပြီး ယောင်ကျွမ်း၏ အကြည့်နှင့် ဆုံလိုက်သည်။ ဒူးပေါ်တွင် လက်ကို တင်ထားရင်း တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။
"ငါ နင့်ကို လက်နဲ့ မနှိမ်နင်းချင်ဘူး၊ အဲဒါကလည်း မလိုအပ်ဘူးလို့ ထင်တယ်၊ ညှိနှိုင်းလို့ရရင်တော့ အကြမ်းမဖက်တာ အကောင်းဆုံးပဲ၊ နင် သတိမထားမိဘူးလား၊ နင့်ရဲ့ နာကြည်းချက်တွေက ပြယ်လွင့်နေပြီဆိုတာ”
“ယောင်ကျွမ်း.....လူတစ်ယောက်အနေနဲ့ ဘဝက ပြီးဆုံးသွားပြီ၊ အခုတော့ နင် တခြားကမ္ဘာတစ်ခုရဲ့တံခါးကို ဖွင့်လိုက်ပြီ၊ ကိုယ့်ကိုကိုယ် ဆက်ပြီး မနှိပ်စက်ပါနဲ့တော့ ဟုတ်ပြီလား၊ ဟိုဘက်မှာ စိတ်အေးလက်အေး နေထိုင်ပါ”
“နောက်ဘဝ ကူးပြောင်းရမယ့် အချိန်ကျရင် အတွေ့အကြုံသစ်တွေကို သွားယူလိုက်ပါ၊ ဒီဘဝက ယောင်ကျွမ်းကတော့ ပြီးဆုံးသွားပြီ၊ ဒီနာမည်နဲ့ ဒီဘဝကို စွန့်လွှတ်လိုက်တာကလည်း ဘာမှမဖြစ်ပါဘူး၊ ကိုယ့်ကိုကိုယ် ပျော်ရွှင်အောင် ထားတတ်ဖို့ သင်ယူရမယ်"
မိမိကိုယ်မိမိ ဖုံးကွယ်ထားသမျှကို ရှေ့ကလူက အလွယ်တကူ ခွာချလိုက်သဖြင့် ယောင်ကျွမ်းသည် လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
ဝမ်သိုက်က ဘေးတွင် ရပ်နေသော ချန်စစ်ကျယ်ကို မျက်ရိပ်ပြလိုက်ရာ သူက ပခုံးပေါ်မှ ကျောပိုးအိတ်ကိုချကာ လိုအပ်သော ပစ္စည်းများကို စားပွဲပေါ်တွင် တင်လိုက်သည်။ ထို့နောက် အမွှေးတိုင်ကိုထွန်းကာ အိုးထဲသို့ ထည့်ပြီး မန္တန်များကို တိုးတိုးရွတ်ဆိုလိုက်လေသည်။
သူမသည် ဒူးကို ထောက်ကာ မတ်တပ်ရပ်လိုက်ပြီး စားပွဲနောက်မှ ပတ်ထွက်လာသည်။ ဆိုဖာပေါ်တွင် ကြောင်အမ်း အမ်း ထိုင်နေသော ချောင်တယ်သည် ထိုမြင်ကွင်းကို မြင်သောအခါ အမြန်ထရပ်ပြီး ဝမ်သိုက်နောက်မှ လိုက်ထွက်လာလေသည်။
ဆိုဖာပေါ်တွင် ထိုင်နေဆဲဖြစ်သော ယောင်ကျွမ်း၏ကိုယ်ပေါ်မှ အမည်းရောင် မြူခိုးများမှာ တဖြည်းဖြည်း ပြယ်လွင့်သွားသည်။ ချန်စစ်ကျယ်က သူမကို ဝိုင်းပတ်ကာ အမျှဝေခြင်းနှင့် တရားဓမ္မများ ရွတ်ဖတ်ပေးနေသဖြင့် မကြာမီမှာပင် ဤလောကတွင် ကျန်ရှိနေသော နာကြည်းချက်ဝိညာဉ်မှာ ပျောက်ကွယ်သွားတော့သည်။
ဤလောကတွင် နောက်ဆုံး ကျန်ရစ်ခဲ့သော စကားလုံးမှာ သူမ သေတမ်းစာသာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ယောင်ကျွမ်း၏ နောက်ဆုံးစကားမှာ ဝမ်သိုက် ဦးနှောက်ထဲတွင် ကြည်လင်ပြတ်သားစွာ ပဲ့တင်ထပ်သွားသည်။
၎င်းမှာ "ကျေးဇူးတင်ပါတယ်" ဟူ၍ ဖြစ်ပေသည်။
ဝမ်သိုက်မျက်လုံးနှင့် နှာခေါင်းတို့မှာ ချက်ချင်းစပ်ဖျင်းသွားရသည်။ သူမ မျက်တောင်ကို ခဏခဏ ခတ်လိုက်ပြီး မျက်ရည်များကို ပြန်လည် ထိန်းချုပ်လိုက်ရသည်။
ထိုသေးငယ်လှသော အမူအရာပြောင်းလဲမှုကို ချန်စစ်ကျယ်ကမြင်လိုက်သည်။ အမြဲတမ်း မာနကြီးလှသော သူ့မျက်ဝန်းများတွင်လည်း စိတ်လှုပ်ရှားမှုများ ပေါ်လာကာ သူသည် မျက်လုံးကို လွှဲလိုက်ပြီး ကြောင်စီစီရပ်နေသော ချောင်တယ်ဆီသို့ အကြည့်ပို့လိုက်သည်။ ထို့နောက် လုပ်ငန်းသဘောအရ ပြောလိုက်လေသည်။