← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

Chapter 39

"ပြီးပါပြီ၊ လုပ်အားခနဲ့ လမ်းစရိတ်ကို တွက်ပေးပါ၊ ကျွန်တော် အောင်ချာပို့ပေးပါ့မယ်၊ တစ်ခါတည်း ရှင်းပေးဖို့ မေတ္တာရပ်ခံပါတယ်၊ ကျေးဇူးတင်ပါတယ်"

ချောင်တယ်မှာ ချက်ချင်းသတိပြန်ဝင်လာသည်။ သူ့ ရင်ထဲတွင် ရှိနေသော ထူးဆန်းသော ခံစားချက်ကို သူ မဖော်ပြနိုင်ချေ။ မျက်လုံးများမှာလည်း ဝေဝါးနေဆဲ ဖြစ်သဖြင့် ဖုန်းကို ထုတ်ကာ ချန်စစ်ကျယ်၏ အကောင့်ထဲသို့ ငွေ နှစ်သိန်း လွှဲပေးလိုက်သည်။

"ဒီတစ်ခါတော့ ခင်ဗျားတို့ ကျွန်တော့်ကို တကယ့်ကို ကူညီပေးခဲ့တာပဲ၊ ကျွန်တော် ဒီပမာဏကို တစ်ခါတည်း ပေးလိုက်ပါ့မယ်"

ဗီလာ၏အတွင်းပိုင်း အနေအထားကို လေ့လာနေသော ဝမ်သိုက်သည် ချန်စစ်ကျယ် အနားသို့ တိုးသွားသည်။ သူမသည် ခြေဖျားထောက်ကာ မေးကို မော့၍ လွှဲလိုက်သော ငွေပမာဏကိုချောင်းကြည့်ရန် ကြိုးစားနေသည်။ ချောင်တယ်ပြောပုံအရဆိုလျှင် တော်တော်လေး များပုံရပေသည်။

မိမိဘေးတွင် အတင်းအတိုးအဝှေ့ လုပ်နေသူကို သိသော အခါ ချန်စစ်ကျယ်သည် ဖုန်းကို ကိုင်ထားသော လက်ကို ခေတ္တရပ်လိုက်ပြီးနောက် တဖြည်းဖြည်း ပိုမြှင့်လိုက်လေသည်။

ပါးနပ်လှသော ဝမ်သိုက်က မျက်ခုံးကို ပင့်လိုက်ပြီး ချန်စစ်ကျယ်ကို လှည့်ကြည့်ကာ အံကြိတ်၍ပြောလိုက်သည်။

"ရှင်ကတော့ တကယ်ပဲနော်၊ သိပ်ကလေးဆန်တာပဲ ချန်စစ်ကျယ်၊ ရှင်က အသက်သုံးဆယ်နား နီးနေပြီဖြစ်တဲ့ အမျိုး သားတစ်ယောက်ပါ၊ ရင့်ကျက်စမ်းပါဦး"

"ကလေးဆန်ရတာ ပျော်ဖို့ကောင်းတယ်၊ မရင့်ကျက်နိုင်ဘူး"

သူသည် မေးကို မော့ကာ ငဲ့စောင်းကြည့်ခြင်းပင် မပြုဘဲ မာနကြီးလှသော အမူအရာမှာ လက်သီးနှင့် ထိုးချင်စရာပင် ကောင်းလှပေသည်။

ဝမ်သိုက်က လက်သီးကို တင်းတင်းဆုပ်ကာ သူ့ကို တကယ်ထိုးတော့မည့်အချိန်ကျမှ သူက လက်ကို အသာချလိုက်ပြီး ဝမ်သိုက်အား ဖုန်းမျက်နှာပြင်ကို ပြလိုက်သည်။ လက်ခံရရှိသော ငွေပမာဏရှိ သုညများကို ကြည့်ကာ ဝမ်သိုက် မျက်လုံးပြာသွားရသည်။

"နှစ်သိန်းလား" သူမ အံ့ဩတကြီး မေးလိုက်မိသည်။

ချောင်တယ်က သူမ စကားကို ကြားသောအခါ မျက်နှာကို အသာအယာ ပြုံးလိုက်သော်လည်း ထိုအပြုံးမှာ ချက်ချင်းပြန်လည်ပျောက်ကွယ်သွားသည်။ သူသည် ခေါင်းကို အနည်းငယ် ငုံ့ကာ တစ်စုံတစ်ခုကို စဉ်းစားနေပုံရပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

"နောက်ပြီးတော့... ကျွန်တော် သူမအပေါ် တကယ်ပဲ မှားခဲ့ပါတယ်၊ ဒီလောက်ပေးလိုက်တာကလည်း ခင်ဗျားတို့ သူမကို နားဝင်အောင် ပြောပေးနိုင်ခဲ့လို့ပါ၊ ဒါကို ဘယ်လိုပြောရမလဲ၊ ကျွန်တော်က လူကောင်းတစ်ယောက် မဟုတ်တာတော့ အမှန်ပဲ၊ ဒါပေမဲ့ သူမကိုတော့ တကယ်ချစ်ခဲ့တာပါ"

ပြန်လမ်းတွင်လည်း ချောင်တယ်ကပင် ကားဆရာအား သူတို့ကို ဟိုတယ်အထိ ပို့ခိုင်းလိုက်လေသည်။ ဝမ်သိုက်သည် သူ့ဘေးတွင် ထိုင်ရင်း တအံ့တဩပြောနေမိသည်။

"ရှင့်လို ကံကောင်းတဲ့ သူကိုတော့ တကယ်အံ့ဩမိတယ်၊ ကျွန်မကတော့ အများဆုံး တစ်သောင်းလောက်ပဲရမယ် ထင်ထားတာ၊ မထင်ထားဘူး၊ နှစ်သိန်းတဲ့၊ နှစ်ယောက်ခွဲလိုက်ရင် တစ်ယောက်ကို တစ်သိန်း မဟုတ်လား၊ ဟားဟား၊ ချန်စစ်ကျယ်၊ ရှင် ပိုက်ဆံရှာရတာ တကယ့်ကိုလွယ်တာပဲ"

"ငါ့ကို မြှောက်မနေပါနဲ့၊ ဒီတစ်ခါတော့ နင့်ကြောင့် အောင်မြင်တာပါ"

ပျင်းရိဖွယ်ကောင်းသော လေသံနှင့် အေးစက်သော အမူအရာမှာ အရင်ကကဲ့သို့ သူမကို ပြန်မနှိမ်တော့ဘဲ ထူးထူးခြားခြားရှိနေသည်။ ဓာတ်လှေကားရှေ့သို့ ရောက်သော အခါ သူက အပေါ်တက်မည့် ခလုတ်ကိုနှိပ်လိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"ပြန်ရောက်ရင် အိတ်တွေ ပြင်ထားတော့၊ ညနေ သုံးနာရီ လေယာဉ်လက်မှတ် ဖြတ်ထားတယ်"

ဒီနေ့မှ ဂါဝန်အသစ်လေးဝတ်ပြီး လမ်းလျှောက်ထွက်မည်ဟု ကြံစည်နေသော ဝမ်သိုက်သည် မျက်လုံးများကို ချန်စစ်ကျယ်ပေါ်တွင် ကပ်ထားသကဲ့သို့ ကြည့်နေမိသည်။ သူနှင့်အတူ ဓာတ်လှေကားထဲသို့ လိုက်ဝင်သွားသော်လည်း ခြေထောက်နှစ်ဖက်မှာ မလှုပ်မယှက် ရပ်နေမိသည်။

ဓာတ်လှေကားထဲသို့ ရောက်သွားသော ချန်စစ်ကျယ်သည် တံခါးဖွင့်ထားသည့် ခလုတ်ကို နှိပ်ထားရင်း အပြင်ဘက်တွင် ကြောင်ရပ်နေသော ဝမ်သိုက်ကို ကြည့်လိုက်သည်။

"ဘာရပ်လုပ်နေတာလဲ၊ မဝင်ဘူးလား"

"မင်းက ဘာမျက်လုံးနဲ့ ကြည့်နေတာလဲ၊ ယောင်ကျွမ်းဆီက နာကြည်းချက်တွေ မင်းဆီ ရောက်သွားတာလား"

ဝမ်သိုက် ဝိညာဉ်လွင့်နေသူတစ်ယောက်ကဲ့သို့ လမ်းလျှောက်ဝင်လာသည်ကို ကြည့်ကာ ချန်စစ်ကျယ်က မျက်ခုံးကို တွန့်လိုက်သည်။ သူသည် အခန်းကတ်ဖြင့် အာရုံခံစက်ကို ထိလိုက်ပြီး အထပ်နံပါတ်ကို နှိပ်လိုက်သည်။ ထိုစဉ်အတွင်း ဝမ်သိုက်၏ စိတ်ပျက်နေသော အကြည့်ကို သူက နှာခေါင်းရှုံ့ကာ ကြည့်နေလေသည်

ပါးဖောင်းဖောင်းလေးများက အလိုအလျောက် ဖောင်းတက်လာပြီးမှ ဘေးတွင် ပါးစပ်အလွန်သရမ်းသောသူ ရှိနေသည်ကို သတိရကာပြန်ချလိုက်သည်။ သူမက ချန်စစ်ကျယ်ကို စိုက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

"ရှင်က အမြဲတမ်း ပူးပေါင်းဆောင်ရွက်တတ်တယ်လို့ ပြောနေပြီးတော့ အခုက ဘာလဲ၊ အပြန်လက်မှတ်ကို ပူးပေါင်းဆောင်ရွက်တဲ့သူကို အသိမပေးဘဲ ဖြတ်ရသလား၊ ကျွန်မ ဒီနေ့ လည်ပတ်ဖို့ စီစဉ်ထားတာ ရှင် သိရဲ့လား၊ နောက်ပြီး ရန်ချင်းကို အောက်လမ်းနည်းသင်ပေးတဲ့ အဘိုးကြီးကိုလည်း မဖမ်းရသေးဘူး"

"မနေ့ကပဲ လည်ပြီးပြီ မဟုတ်လား၊ နင်ပြောတဲ့သူကလည်း ရှာမတွေ့တော့ဘူး၊ အဲဒီညကတည်းက ငါ တွက်ကြည့်ပြီးပြီ၊ သူ ဒီကနေ ထွက်သွားပြီ၊ နေရာခဏခဏပြောင်းပြီး လိမ်နေတဲ့ ပညာသည် လူလိမ်ပဲဖြစ်မှာပါ"

ဝမ်သိုက်မှာ ပြောစရာ စကားလုံးပျောက်ရှသွားပြီး မျက်ခုံးကို တွန့်ကာ နှုတ်ခမ်းကို ကိုက်လိုက်သည်။

"ရှာမတွေ့ရင်လည်း ထားလိုက်တော့"

သူမသည် ကိုယ်ကျိုးမရှိဘဲ အချိန်ကုန် လူပင်ပန်းခံကာ လူလိမ်တစ်ယောက်ကို လိုက်ရှာနေမည် မဟုတ်ချေ။ ထိုကဲ့သို့သော လူမျိုးများမှာ ဤလောကတွင် အများကြီးရှိသည်။ သူမ ကိုယ်ပိုင်ဘဝကို လျှောက်လှမ်းရန်ပင် ခက်ခဲနေသည်ဖြစ်ရာ ဤမျှ ခက်ခဲလှသော တရားမျှတမှုကို သူမ လိုက်လံ မထိန်းသိမ်းနိုင်တော့ချေ။

သူမသည် မေးကို ပြန်မော့ကာ သူ့ကို ကြည့်လိုက်သည်။

"ဒါပေမဲ့ မနေ့က ကျွန်မက အင်္ကျီဝယ်တာပဲ ရှိသေးတာ၊ ဘယ်မှာ လည်ရသေးလို့လဲ"

ချန်စစ်ကျယ် မျက်ခုံးများမှာ ပိုတွန့်ချိုးသွားပြီး သူသည် နားမလည်နိုင်စွာဖြင့်

"ဈေးဝယ်စင်တာသွားပြီး အင်္ကျီဝယ်တာက လည်တာပဲ မဟုတ်လား"

ဝမ်သိုက် မျက်လုံးများမှာ ကြောင်မျက်လုံးကဲ့သို့ ဝိုင်းစက်သွားသည်။ သူမက သူ့ဘက်သို့ လှည့်ကာ အားပါးတရ ပြောလိုက်သည်။

"အင်္ကျီဝယ်တာက အင်္ကျီဝယ်တာ၊ လမ်းလျှောက်လည်တာက လမ်းလျှောက်လည်တာ၊ ရှင် အဲဒါတွေကို မရောပစ်စမ်းပါနဲ့၊ ရှင်က ရှေ့နေတစ်ယောက်ဖြစ်ပြီးတော့ အချက်အလက်က တိကျမှု လုံးဝမရှိဘူး"

"နင်တို့ မိန်းမတွေကို ငါ တကယ် နားမလည်နိုင်ဘူး"

"ကျွန်မလည်း ရှင့်လို လူမျိုးကို နားမလည်ဘူး"

All Chapters