← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

Chapter 41

ဝမ်သိုက် အိတ်ကို လွယ်ကာ ရှေ့မှ ခပ်သွက်သွက် လျှောက်သွားသည်။ ချွေးစေးများပင် ထွက်လာချေပြီ။ ဒေါက်ဖိနပ် ဝယ်သည့်နေရာကို ချန်စစ်ကျယ်နှင့်အတူ မသွားချင်ပေ။ ဤကိစ္စက သူမအတွက်တော့ ကိုယ်ရေးကိုယ်တာ ကိစ္စကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။

သူမသည် နောက်လှည့်မကြည့်လျှင် မရှက်ရတော့ဟု ကိုယ့်ကိုယ်ကိုယ် လိမ်ညာကာ ကော်ကပ်နေသူကို အမြန်ဖျောက် ပစ်ရန် ကြိုးစားနေမိသည်။

သို့သော်လည်း ဆိုင်တစ်ခုအတွင်းသို့ သူမ ဝင်လိုက်သည့်အချိန်တွင် နောက်ဘက်မှ ထွက်ပေါ်လာသော အသံက သူမအား အလွန်စိတ်မသက်မသာ ဖြစ်သွားစေသည်။

"ဪ၊ ဖိနပ်လာဝယ်တာကိုး၊ မင်းကိုယ်တိုင်လည်း ဒီဂါဝန်နဲ့ ကင်းဗတ်ဖိနပ်က ထူးဆန်းနေတယ်လို့ ခံစားရလို့မဟုတ်လား၊ ငါ့ကိုကျတော့ အမြီးကုတ်လေးလို့ ဆဲပြီးတော့၊ ဟင်း၊ တကယ်ပဲ စိတ်ပိုင်းဆိုင်ရာ အနိုင်ယူနည်းကို သုံးနေတာ ဘယ်သူလဲဆိုတာ မသိတော့ဘူး"

'ငါ သူ့ကို မသိဘူး၊ သူ ငါ့ကို ပြောနေတာ မဟုတ်ဘူး' ဟု ဝမ်သိုက် စိတ်ထဲမှ ရွတ်ဆိုကာ စိတ်ကို ထိန်းလိုက်သည်။

သူမသည် ဆိုင်ထဲသို့ ဝင်ကာ အချိန်အကြာကြီး မရွေးချယ်တော့ဘဲ မည်သည့်ဝတ်စုံနှင့်မဆို လိုက်ဖက်မည့် အသားရောင် ဒေါက်ဖိနပ်တစ်စုံကို လက်ညှိုးထိုးပြကာ အမြန်ပင် စမ်းဝတ်ကြည့်ပြီး ဝယ်လိုက်တော့သည်။

ဘေးနားတွင် လိုက်နေသော ချန်စစ်ကျယ်ကိုတော့ လုံးဝ လျစ်လျူရှုထားလိုက်သည်။ သူမ ဝတ်လာသော ကင်းဗတ် ဖိနပ်ကိုတော့ ဖိနပ်ဘူးထဲသို့ ပြန်ထည့်လိုက်လေသည်။

သူမသည် ဖိနပ်ဘူးကို ကျောပိုးအိတ်ထဲသို့ အတင်းထိုးထည့်လိုက်ပြီး အိတ်ကို ပခုံးပေါ် လွယ်ရန်ကြိုးစားစဉ်မှာပင် လက်တစ်ဖက်က လာရောက်တားဆီးလိုက်သည်။

ဆိုင်အတွင်းရှိ ဝန်ထမ်းများအားလုံး၏အကြည့်မှာ သူတို့ဆီသို့ ရောက်လာသဖြင့် ချန်စစ်ကျယ်မှာ နောင်တရသွားသည်။ သူသည် ဘာကို စိတ်ကူးပေါက်ပြီး သူမနောက်သို့ လိုက်ဝင်လာမိပါလိမ့်။

"ငါ ကူသယ်ပေးမယ်"

အိတ်ကြိုး သူ့လက်ထဲသို့ ရောက်သွားသောအခါမှ ထိုအိတ်မှာ မည်မျှ လေးလံကြောင်း သူ သိလိုက်ရသည်။

သူသည် မျက်မှောင်ကြုတ်ကာ သူ့ပုံရိပ်ကို ဂရုမစိုက်နိုင်တော့ဘဲ သူမ အိတ်ကို လွယ်ပေးလိုက်ရသည်။ ကံကောင်းသည်မှာ ဝမ်သိုက် အိတ်မှာ ဘေးလွယ်အိတ်ပုံစံ လွယ်၍ရသဖြင့် သူ့ကိုကြားညှပ်မသွားခြင်းပင်။ သို့သော်လည်း သူ့ အခုပုံစံမှာတော့ အတော်လေးကို ကြည့်မကောင်းလှချေ။

ဆိုင်ထဲမှ ထွက်လာသောအခါ ဝမ်သိုက် သူ့ကို ထူးထူးဆန်းဆန်းကြည့်လိုက်သည်။

"ရှင်က ဘာလို့ ရုတ်တရက် စိတ်ကောင်းဝင်နေတာလဲ"

"ငါ အမြဲတမ်းစိတ်ကောင်းရှိတာပါ"

ချန်စစ်ကျယ် မတင်မကျ ဖြေလိုက်သော်လည်း ဝမ်သိုက်ကတော့ မယုံကြည်ချေ။

သူတို့နှစ်ဦးလုံး ခြေလှမ်းသွက်သွက်ဖြင့် ထွက်လာကြရာ လမ်းတွင် တွေ့ရသော လမ်းသွားလမ်းလာများက သူမ၏ သံသယကို အဖြေပေးလိုက်လေသည်။

တက္ကသိုလ်ကျောင်းသူအရွယ် မိန်းကလေးအချို့က သူတို့နားမှ ဖြတ်သွားရင်း တိုးတိုးလေးပြောသွားသည်ကို ဝမ်သိုက် ကြားလိုက်ရသည်။

"ဝါး၊ ကြည့်ဦး၊ ဒီအတွဲက တကယ်လိုက်တာပဲ၊ အမျိုးသားကလည်း အိတ်တွေအကုန် သယ်ပေးထားတာ၊ အဲဒီလို ရုပ်မျိုးနဲ့ အိတ်တွေ လွယ်ထားတာမြင်ရတာ တကယ်ထူးခြားတာပဲ"

ဝမ်သိုက်သည် ဆိုင်ထဲရှိ ဝန်ထမ်းများ၏ထူးဆန်းသော အကြည့်များကို သတိရကာ အရာအားလုံးကို နားလည်သွားတော့သည်။

သူမသည် ချန်စစ်ကျယ်နှင့်အတူ စင်တာပြင်ပသို့ ထွက်လာရင်း လှောင်ပြောင်လိုသော စိတ်ကို မထိန်းနိုင်တော့ချေ။

"ရှင်က ကျွန်မနောက်ကို မရမက လိုက်ချင်နေတာကိုး၊ ဆိုင်ထဲမှာတုန်းက ဝန်ထမ်းတွေက ရှင့်ကို မိန်းမကြောက်တဲ့သူလို့ ထင်သွားကြမလား မသိဘူးနော်၊ ရှင်လည်း ဒီလိုနေ့မျိုး ကြုံရတာပဲ"

အိတ်နှစ်လုံး လွယ်ကာ 'အိတ်ထမ်းစင်' ဖြစ်နေသော ချန်စစ်ကျယ်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘာမှ ပြန်မပြောတော့ချေ။

အတွဲဟု အထင်ခံရသည်ကို ဝမ်သိုက်က ဂရုမစိုက်ဘဲ ချန်စစ်ကျယ်၏အရှက်ရနေသော အမူအရာကိုသာ စိတ်ဝင်တစား ကြည့်နေမိသည်။ သူမသည် ဖုန်းဖြင့် ကားထပ်ခေါ်လိုက်ရင်း တအေးအေးနှင့် လှောင်လိုက်ပြန်သည်။

"မာနကလည်း ကြီးလိုက်တာ၊ ကိုယ့်ကိုကိုယ် နှိပ်စက်နေတာပဲ"

သူတို့သည် ဟန်မြို့၏ နာမည်ကြီး နေရာတစ်ခုသို့ ကားဖြင့် သွားခဲ့ကြပြန်သည်။ ထိုနေရာသည် ရှေးဟောင်းဥယျာဉ်လေးများ ရှိသော လမ်းမကြီးဖြစ်ပြီး လမ်းတစ်လျှောက်တွင် မီးအိမ်များကို စီတန်းချိတ်ဆွဲထားသဖြင့် လှပလှပေသည်။

ကားပေါ်မှ ဆင်းလာသောအခါ ပခုံးပေါ်တွင် တောင်နှစ်လုံး ဖိထားသကဲ့သို့ ခံစားနေရသော ချန်စစ်ကျယ်၏ ရှေ့သို့ လက်တစ်ဖက် ရောက်လာသည်။ ဖြူစင်သွယ်လျသော ထိုလက် ချောင်းလေးများမှာ အင်္ကျီလက်မှထွက်ပေါ်နေပြီး သွေး ကြောစိမ်းလေးများမှာ ထင်ရှားနေပေသည်။

သူက လှည့်ကြည့်လိုက်သောအခါ လှပသော အမျိုးသမီးက သူ့ကို မျက်လွှာပင့်ပြကာ မေးကိုမော့၍ ကြည့်နေသည်။ သူမ၏ တည်ငြိမ်လှသော ဝတ်စုံနှင့် ဆန့်ကျင်ဘက်ဖြစ်သော လွတ်လပ်ပေါ့ပါးသည့် အမူအရာမှာ တစ်မျိုးလေး လှပနေပြန်သည်။

"ကဲပါ၊ ကျွန်မ အိတ်အကြောင်း ကျွန်မသိပါတယ်၊ အဲဒါ တော်တော်လေးလေးတယ်၊ ကျွန်မကို ပေးတော့၊ စိတ်ချပါ၊ ကျွန်မလည်း ပူးပေါင်းဆောင်ရွက်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်ပါ၊ ကိုယ့်လူကိုတော့ အသုံးချမနေပါဘူး"

သူမ မျက်ဝန်းထဲတွင် နေရောင်ခြည်များ ရောင်ပြန်ဟပ်နေပြီး မျက်တောင်လေးများက အသာအယာလှုပ်ခါနေသည်။

ချန်စစ်ကျယ်က အကြည့်ကို လွှဲလိုက်ပြီး ပခုံးပေါ်မှ အိတ်ကြိုးကို အသာပြင်ကာ တည်ငြိမ်စွာပင် ပြောလိုက်လေသည်။

"မင်းက ဂါဝန်လည်း ဝတ်ထားတယ်၊ ဒေါက်ဖိနပ်လည်း ဝတ်ထားတာ၊ အိတ်လွယ်ထားရင် ကြည့်မကောင်းဘူး၊ ပိုပြီး ထူးဆန်းနေလိမ့်မယ်၊ မင်းဘေးမှာ လမ်းလျှောက်နေရတာ ငါ အရှက်ရလိမ့်မယ်၊ နောက်ပြီး သူများတွေ အထင်မှားသွားရင် ငါ့သိက္ခာကို ထိခိုက်နိုင်တယ်၊ ဒါကြောင့် ငါပဲ သယ်ထားလိုက်မယ်၊ မင်း မြန်မြန်လည်ပြီးရင်တော့ ကျေးဇူးတင်မိမှာပါ"

ဝမ်သိုက် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်

“ဒီလူကတော့ ဘယ်လိုတောင် အမြင်ကတ်စရာကောင်းအောင် ပြောတတ်ပါလိမ့်”

သူမလည်း အတင်းမတောင်းတော့ချေ။ ဘာပဲဖြစ်ဖြစ် ပင်ပန်းမှာက သူမ မဟုတ်သည်မှာ အမှန်ပင်။

နားရက်ဖြစ်သဖြင့် လမ်းမပေါ်တွင် လူအတော်အတန် ရှိသော် လည်း စားသောက်တန်းသို့ ရောက်သောအခါတွင်မူ လူချင်းတိုးနေရတော့သည်။ လမ်းက ကျဉ်းလွန်းသောကြောင့် ဖြစ်သည်။

အခုဆိုလျှင် ၁၂ နာရီကျော်နေပြီဖြစ်သဖြင့် ဝမ်သိုက်သည် ဘေးနားမှ အိတ်နှစ်လုံးနှင့် လူကို ကြည့်ကာ သိပ်ပြီး မရွေး ချယ်တော့ဘဲ လူစည်ကားနေသော ဆိုင်တစ်ဆိုင်ကိုတွေ့ သည်နှင့် ချန်စစ်ကျယ်လက်မောင်းကို ဆွဲကာ ဆိုင်ထဲသို့ အတင်းတိုးဝင်သွားတော့သည်။ အံ့အားသင့်သွားသော ချန်စစ်ကျယ်၏ မျက်နှာကို သူမ မမြင်လိုက်ချေ။

မီနူးကို ကြည့်လိုက်သောအခါမှ သူမ အနည်းငယ် နောင်တရသွားသည်။

သာမန်ဆိုင်လေး ဖြစ်သော်လည်း ဈေးနှုန်းများကတော့ သာမန်မဟုတ်ချေ။

"အရင်ဆုံး စားလိုက်ကြစို့၊ ပြီးမှ ခဏလောက်ထပ်လျှောက်ပြီး လေဆိပ်ကိုကားနဲ့ သွားကြမယ်၊ ရှင် ဘာစားမလဲ ကြည့်ဦး"

ကံကောင်းထောက်မစွာဖြင့် စားပွဲတစ်လုံး အားသွားသဖြင့် ဝမ်သိုက် ချန်စစ်ကျယ်ကိုဆွဲကာ ဝင်ထိုင်လိုက်သည်။

တကယ်တော့ ကံကောင်းသည်ဟုလည်း မဆိုနိုင်ချေ။ အရင်စားပွဲက ဧည့်သည်တွေ အနှိပ်စက်ခံလိုက်ရပုံရသည်။ အခု အနှိပ်စက်ခံရမည့်သူက သူမ ဖြစ်နေသဖြင့် သူမ သိပ်ပြီး မလိုလားတော့ချေ။

မီနူးကို ကမ်းပေးလိုက်သော သူမ လက်များပင် အားမရှိသလို ဖြစ်နေသည်။

ဝန်ထမ်းအမျိုးသမီးက ရောက်လာပြီး ဟန်မြို့သူတို့၏ထုံးစံအတိုင်း စူးရှသော အသံဖြင့် မေးလာသည်။

"နှစ်ယောက်သား ဘာသုံးဆောင်မလဲရှင့်၊ ကျွန်မတို့ဆိုင်မှာ အမဲသားကြော်နဲ့ ကြက်သားအစပ်ကြော်က နာမည်ကြီးတယ်လေ၊ အေးအေးဆေးဆေး စားချင်ရင်တော့ ငါးပေါင်းလေး စမ်းကြည့်မလား"

ချန်စစ်ကျယ် လက်ကို မြှောက်ကာ မီနူးပေါ်တွင် လက်ညှိုးဖြင့် အသာအယာ တို့လိုက်ပြီး ရှေ့သို့ တွန်းပို့ကာ ပြောလိုက်သည်။

"ဝမ်တန် တစ်ပွဲပေးပါ၊ ကျေးဇူးတင်ပါတယ်"

"အင်း... ခရမ်းချဉ်သီး ကြက်ဥခေါက်ဆွဲ တစ်ပွဲပေးပါ၊ ကျေးဇူးတင်ပါတယ်"

ဝမ်သိုက်လည်း ချန်စစ်ကျယ် ရှေ့မှ မီနူးကိုကြည့်ကာ စိတ်မပါသလို မှာလိုက်လေသည်။

ဝန်ထမ်း၏လက်များမှာ ခေတ္တမျှ ရပ်တန့်သွားပြီး သူမ၏ မျက်လုံးများက သူတို့နှစ်ဦးကို အမြန်တစ်ချက် ဝေ့ကြည့်သွားကာ မှတ်စုစာအုပ်လေးကို ကိုင်၍ ထွက်သွားတော့သည်။

သူတို့နှစ်ဦးလုံးမှာ ခန့်ညားထည်ဝါသော အဝတ်အစားများကို ဝတ်ထားကြသော်လည်း မှာလိုက်သည့် အရာများမှာ တကယ့်ကို ထူးထူးဆန်းဆန်းပင်။ နေ့လယ်စာ စားချိန်ကြီးမှာ ဆိုင်ထဲဝင်လာပြီး ဝမ်တန်နှင့် ခေါက်ဆွဲမှာစားသည်မှာ တကယ့်ကို ထူးခြားလှပေသည်။ သူတို့ဆိုင်၏မျက်နှာချင်းဆိုင်မှာတင် ဝမ်တွန်နှင့် ခေါက်ဆွဲဆိုင် ရှိနေသည် မဟုတ်လား။

မနေ့ညက ကြယ်ငါးပွင့်ဟိုတယ်မှာ တစ်ယောက်ကို သိန်းချီတန်သည့် ညစာကို စားခဲ့ကြပြီး ဒီနေ့ နေ့လယ်မှာတော့ သာမန်ဆိုင်လေးမှာ ဝမ်တန်နှင့် ခေါက်ဆွဲကို စားနေရသည် မှာ ဝမ်သိုက်အတွက် ထူးဆန်းနေသော်လည်း ချန်စစ်ကျယ်ကမူ ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်စွာရှိနေပေသည်။

All Chapters