← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

Chapter 42

ဂါဝန်အရှည်၏လက်စွပ်များကို ဝမ်သိုက်က တံတောင်ဆစ်အထိ လိပ်တင်ထားလိုက်သည်။ ငွေတစ်သိန်းကျော်တန်သည့် ဂါဝန်ကို ဝတ်ဝတ်ချင်းမှာတင် ဆီဝေ့နေသော စားပွဲခုံနှင့် ထိမိပြီးပျက်စီးသွားမှာကို သူမ မလိုလားပေ။ ထို့ကြောင့် စားပွဲနှင့် အတော်လေး ခွာထိုင်ရင်း

"ရှင် ဘာလို့ ဝမ်တန်ပဲ မှာတာလဲ" ဟု မေးလိုက်သည်။

ကျောပိုးအိတ်နှစ်လုံးကို ဘေးနားရှိ ကုလားထိုင်ပေါ်တွင် တင်ထားသော ချန်စစ်ကျယ်ကမူ သူမကိုတစ်ချက်ကြည့်ကာ ပြန်မေးလေသည်။

"ဒါဆို မင်းကရော ဘာလို့ ခရမ်းချဉ်သီး ကြက်ဥခေါက်ဆွဲပဲ မှာတာလဲ"

သူ့စကားကြောင့် ဝမ်သိုက် တစ်ခဏမျှ ဆွံ့အသွားပြီးမှ ကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်းကာ စားပွဲခုံအနားသို့ တိုးလိုက်ပြီး မေးမြန်းမှုကို ဆက်လိုက်သည်။

"ကျွန်မ အရင်မေးတာလေ၊ ရှင်က အရင်ဖြေရမှာပေါ့"

အိတ်နှစ်လုံးကို သူ့နောက်ကျောဘက်တွင် သေချာကပ်ထားပြီးမှ ချန်စစ်ကျယ်က ဝမ်သိုက်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူက နှုတ်ခမ်းထောင့်ကို အနည်းငယ်တွန့်ကာ အေးစက်သော လေသံဖြင့် ဖြေသည်။

"ထူးထူးခြားခြား အကြောင်းပြချက်တော့ မရှိပါဘူး၊ (၄၈) ယွမ်တန်တဲ့ ဝမ်တန်က ဘယ်လိုပုံစံလဲဆိုတာ သိချင်လို့ပါ.. မင်းကရော"

ဝမ်သိုက် သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချလိုက်ပြီးမှ ကုလားထိုင်ကို ပြန်မှီကာ ပခုံးလေးကို လျှော့ချလိုက်သည်။

"ကျွန်မလည်း (၆၈) ယွမ်တန်တဲ့ ခရမ်းချဉ်သီးကြက်ဥခေါက်ဆွဲက ဘယ်လောက်တောင် ထူးခြားနေမလဲဆိုတာ သိချင်လို့ပါ"

ဟင်းပွဲများ မရောက်လာခင်မှာပင် ဝမ်သိုက်က သူမ၏အံ့သြမှုကို ရင်ဖွင့်လေတော့သည်။ သူမသည် လက်များကို မြှောက်ကာ ဂါဝန်လက်ဖက်များ စားပွဲနှင့် မထိအောင် ထိန်းထားရင်း မီနူးပေါ်သို့ လက်ညှိုးထိုးပြလိုက်သည်။

"ခုနက ဝန်ထမ်းညွှန်းသွားတဲ့ ဟင်းတွေလေ၊ အမဲသားကြော်က (၃၆၈)ယွမ်၊ ကြက်သားအစပ်ကြော်က (၂၈၈)ယွမ်၊ ငါးပေါင်းဆိုရင် ယွမ် (၅၀၀) အတိပဲ၊ ကျွန်မပဲ နားမလည်တော့တာလား မသိပါဘူး၊ တကယ်လို့ ဒါက ကြယ်ငါးပွင့်ဟိုတယ် ဒါမှမဟုတ် နာမည်ကြီး စားသောက်ဆိုင်ဆိုရင် ဒီဈေးနှုန်းကို ကျွန်မ လက်ခံနိုင်တယ်၊ ဘာလို့လဲဆိုတော့ သူတို့ဆီမှာ ဝန်ဆောင်မှုနဲ့ ပတ်ဝန်းကျင်က အဆင့်အတန်းရှိသလို ဟင်းပွဲတွေကလည်း လှလှပပပြင်ဆင်ထားတာကိုး၊ ဒါပေမဲ့"

သူမက လက်ကို ပြန်ရုပ်လိုက်ပြီး ဆိုင်ထဲရှိ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

ညိုမှောင်နေသော ဆီဝေ့နေသည့် စားပွဲခုံများမှာ အနိုင်နိုင် စီထားရသည့်အလား ရှိနေသည်။ နံရံများမှာလည်း မွဲပြာနေသော အဖြူရောင်ဖြစ်ပြီး အချို့နေရာများတွင် ထုံးများကွာကျနေကာ ဆီစွန်း၊ ဟင်းစွန်းများကလည်း နံရံတွင် ကပ်နေချေပြီ။

ကုလားထိုင်များမှာလည်း ရောင်စုံ ပလတ်စတစ်ကုလားထိုင်၊ သစ်သားကုလားထိုင်နှင့် တန်းလျားရှည်များ ရောထွေးနေပြီး ဘေးစားပွဲမှ စကားပြောသံများမှာ ဆိုင်လေးအတွင်း ဆူညံနေတော့သည်။

ဒီဆိုင်မှာ 'လမ်းဘေးဆိုင်' ဟူသော ဆိုင်းဘုတ် ချိတ်ထားဖို့သာ ကျန်တော့သည်။

ဝန်ထမ်းအမျိုးသမီးက နောက်ဖေးမီးဖိုချောင်မှ ထွက်လာပြီး လက်တစ်ဖက်တွင် ဝမ်တန်ပန်းကန်၊ နောက်လက်တစ်ဖက်တွင် ခေါက်ဆွဲပန်းကန်ကို ကိုင်လာသည်။ ကောင်းကွက်မှာ သူမ လက်ချောင်းများက ပန်းကန်ထဲသို့ နစ်မနေဘဲ ပန်းကန်အောက်ခြေကိုသာ ပင့်ကိုင်ထားခြင်း ဖြစ်သည်။

လမ်းလျှောက်တာ မြန်လှသော်လည်း ဟင်းရည်များ ဖိတ်စင်မလာချေ။ အားနည်းချက်ကတော့ စားပွဲပေါ်သို့ ဝုန်းခနဲ ချလိုက်သည့်အချိန်တွင် ဟင်းရည်များက ဝမ်သိုက်၏ အဖိုး တန် ဂါဝန်ပေါ်သို့ စင်တော့မည့်အလား ဖြစ်သွားခြင်းပင်။

သူမသည် လန့်သွားပြီး ကုလားထိုင်ပေါ်မှ ဝုန်းခနဲ ထရပ်လိုက်မိသည်။ ထိုစဉ် ချန်စစ်ကျယ်၏အကြည့်နှင့် ဆုံသွားပြီး ဟင်းပွဲချကာ ပြတ်သားစွာ ထွက်သွားသော ဝန်ထမ်းကို ကြည့်ရင်း ဝမ်သိုက်မှာ သက်ပြင်းတစ်ချက် ထပ်ချလိုက်ရသည်။

"ဒါက ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပညာပေးခံနေရတာလား"

ချန်စစ်ကျယ် ခပ်တိုးတိုး ရယ်လိုက်သည်၊ သူ့ မျက်ဝန်းများထဲတွင် လှောင်ပြောင်လိုသော အငွေ့အသက်များ ပါဝင်နေပြီး

"အနည်းဆုံးတော့ မင်းရဲ့ဖျတ်လတ်မှုကို လေ့ကျင့်ပေးလိုက်တာပဲ၊ ငါ့အမြင်တော့ တန်ပါတယ်"

ဝမ်သိုက်က သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး စားပွဲပေါ်ရှိ တစ်ရှူးဗူးထဲမှ တစ်ရှူးကိုယူကာ ကုလားထိုင်နှင့် စားပွဲခုံကို သေသေချာချာသုတ်ပြီးမှ ပြန်ထိုင်လိုက်သည်။ သူမသည် ခေါက်ဆွဲပန်းကန်ကို အသာမွှေကြည့်ရင်း မိမိကိုယ်ကို နှစ်သိမ့်လိုက်သည်။

"အင်း... ကြက်ဥတော့ တော်တော်များသားပဲ၊ ခရမ်းချဉ်သီးကလည်း လတ်ဆတ်ပုံရတယ်၊ ခေါက်ဆွဲကလည်း ဝါဝါဝင်းဝင်းနဲ့ လက်လုပ်ခေါက်ဆွဲပဲ ဖြစ်ရမယ်"

ဝမ်တန်ကို အေးအေးဆေးဆေးစားနေသော ချန်စစ်ကျယ်က သူမကို တစ်ချက်ကြည့်လိုက်ရာ နဖူးပေါ်တွင် ဝဲကျနေသော ဆံပင်များအောက်မှ သူ့မျက်ဝန်းများမှာ ကွေးညွှတ်သွားကာ အပြုံးတစ်ခု ပေါ်လာသည်။

သို့သော် ထိုအပြုံးက ခဏချင်းမှာပင် ပျောက်ကွယ်သွားသည်။ အကြောင်းမှာ သူ ဝါးလိုက်သည်က မုန့်သားချည်းပဲ ဖြစ်နေသောကြောင့်ပင်။

သူက မျက်ခုံးကို တွန့်လိုက်ပြီး ပန်းကန်ထဲမှ ပန်းရောင်ဖျော့ဖျော့ ဝမ်တန်လေးကို စိုက်ကြည့်လိုက်သည်။ ထို့နောက် ဇွန်းဖြင့် မုန့်သားကို အသာဖယ်ကြည့်လိုက်သောအခါ အထဲမှ အသားမှာ လက်သည်းခွံတစ်ဝက်စာပင် မရှိကြောင်း တွေ့လိုက်ရသည်။

ဒီမြင်ကွင်းကို အစအဆုံးမြင်နေရသော ဝမ်သိုက်မှာ တဟားဟား ရယ်လေတော့သည်။ သူမ ရယ်လွန်းသဖြင့် လက်ထဲမှ ခေါက်ဆွဲဖတ်များပင် တုန်နေတော့သည်။

ချန်စစ်ကျယ်က သူမကို မျက်စောင်းထိုးကြည့်ကာ မကျေမနပ်လေသံဖြင့် ပြောလိုက်သည်။

"...မင်းကို နတ်ဝင်ပူးနေတာလား"

ဝမ်သိုက်က ရယ်လွန်းသဖြင့် အမောဆို့နေရင်း သူ့ပန်းကန်ကို လက်ညှိုးထိုးပြလိုက်သည်။

"ခုနက ရှင့်ပုံစံက အရမ်းရယ်ရတာပဲ၊ ဘယ်လိုလဲ... (၄၈) ယွမ်တန် ဝမ်တန်က အရမ်းထူးခြားတယ် မဟုတ်လား၊ ကံကောင်းတာက အဲဒါက 'ဧကရာဇ်မင်းရဲ့ အသားလွတ်ဝမ်တန်'ဖြစ်မနေတာပဲ"

(၆၈) ယွမ်ပေးပြီး ခရမ်းချဉ်သီး ခေါက်ဆွဲစားရသော ဝမ်သိုက်မှာ အခုမှပဲ ကျေနပ်သွားတော့သည်။

ဗိုက်ကို အတော်အတန် ဖြည့်ပြီးနောက် ဝမ်သိုက်က ချန်စစ်ကျယ်ကဲ့သို့ ဇီဇာကြောင်သူမှာ ဗိုက်ဆာခံလိမ့်မည်ဟု ထင်ထားသော်လည်း သူကတော့ မျက်မှောင်ကြုတ်လျက်ပင် ပန်းကန်ထဲမှ မုန့်သားများကို ကုန်အောင် စားလိုက်လေသည်။ ဝမ်သိုက်က သူ မသိအောင် ဖုန်းဖြင့် ငွေရှင်းလိုက်ပြီး

"စိတ်ချပါ၊ ရှင့်ကို အလကား ခိုင်းစားမှာ မဟုတ်ပါဘူး၊ ဒီတစ်နပ်ကို ကျွန်မ ကျွေးတာပါ" ဟု ပြောလိုက်သည်။

အိတ်နှစ်လုံးကို ပြန်လွယ်လိုက်သော ချန်စစ်ကျယ်က သူမကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

"ဟွန်း၊ မနေ့ညက ဒီစကားမျိုး မကြားလိုက်ရတာ တကယ့်ကို နှမြောစရာပဲ"

တောင်ပိုင်း၏ နွေရာသီမှာ ရှည်လျားလှသော်လည်း အခုအချိန်မှာတော့ ရာသီဥတုက အတော်လေး သာယာနေပေသည်။ ရှေးဟောင်းအဆောက်အအုံများကြား လမ်းလျှောက်ရင်း ရေကန်ဘေးရှိ ကျောက်တုံးကြီးများကြားမှ ဖြတ်တိုက်လာသော လေညင်းက စိတ်ကို ကြည်လင်စေသည်။

ရုတ်တရက်ဆိုသလို ပန်းစည်းများကို ပိုက်ထားသော အဘွားအိုတစ်ဦးက သူတို့ရှေ့သို့ အပြေးအလွှား ရောက်လာပြီး လမ်းပိတ်လိုက်သည်။ အဘွားအိုမှာ သေသေသပ်သပ် ပြင်ဆင်ထားပြီး သူမ၏ ဝတ်စုံမှာလည်း လတ်ဆတ်သော အရောင်အသွေးရှိသည်။ သူမက ပန်းစည်းများကို ရှေ့သို့ တိုးပေးရင်း ဝမ်သိုက်နှင့် ချန်စစ်ကျယ်ကို တစ်လှည့်စီ ကြည့်ကာ ပြောလိုက်လေသည်။

"အို... ပန်းလေးတစ်စည်းလောက် ဝယ်ပါဦးလားကွယ်၊ ဒါ နောက်ဆုံးတစ်စည်းပဲ ကျန်တော့တာ၊ ဒါလေးကုန်ရင် အဘွား ထမင်းသွားစားလို့ ရပြီ"

ဝမ်သိုက် လက်ကို ဝေ့ယမ်းကာ ငြင်းရန် ပြင်ဆင်နေစဉ်မှာပင် အဘွားအိုက ချန်စစ်ကျယ်ကို ပစ်မှတ်ထားလိုက်သည်။

"ကောင်လေး၊ မင်းရဲ့ ရည်းစားလေးအတွက် ပန်းလေးတစ် စည်းလောက် ဝယ်ပေးပါဦး၊ မော့လီဟွားဆိုတာ 'မခွဲခွာကြေး' လို့ အဓိပ္ပာယ်ရတယ်လေ၊ ပန်းလေးတစ်စည်း ဝယ်လိုက်ရင် မင်းတို့နှစ်ယောက် ရာသက်ပန် ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်၊ အဘွားမှာ ဒါ နောက်ဆုံးတစ် စည်းပဲ ကျန်တော့တာပါ၊ ဒါလေးရောင်းရမှ အဘွားထမင်း စားရမှာ၊ တကယ်လို့ မင်းတို့ မဝယ်ရင်... အဘွား ဘယ် လောက်ကြာအောင် ထပ်စောင့်နေရဦးမလဲ မသိဘူး"

ဝမ်သိုက် ဒီဇီဇာကြောင်လှသော ရှေ့နေကြီးက အဘွားအိုကို ဘယ်လို စကားလုံးတွေနဲ့ ပြန်ပြောမလဲဟု စောင့်ကြည့်နေစဉ်မှာပင် "ဘယ်လောက်လဲ" ဟု သူ မေးလိုက်သံကို ကြားလိုက်ရသည်။

သူမ အံ့သြတုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်မိသည်။ ဒါက ဘယ်သူမဆို သိနိုင်သည့် အသနားခံနေသည့်အကွက်ဟောင်းကြီး မဟုတ်လား။ သို့သော် ချန်စစ်ကျယ်ကတော့ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်လေပြီ။

အဘွားအိုမှာလည်း ခေတ္တမျှ ကြောင်သွားပြီးမှ ပန်းစည်းကို ချန်စစ်ကျယ်ရင်ခွင်ထဲသို့ အတင်းထိုးထည့်လိုက်ပြီး သူမ၏ ငွေပေးချေမှု QR ကုဒ်ပြားလေးကို မြှောက်ပြလိုက်သည်။

"အို... ကံကောင်းခြင်း လက်ဆောင်ပေါ့ကွယ်၊ (၉၉) ယွမ်ပါ၊ မင်းတို့နှစ်ယောက် နှစ်ပေါင်းရာကျော် တိုင်အောင် ပေါင်းဖက်နိုင်ပါစေကွယ်"

ကပ်စေးနှဲကြီးက ဘာမှမစဉ်းစားဘဲ (၉၉) ယွမ် ပေးလိုက်သည်ကို မြင်လိုက်ရသော ဝမ်သိုက်မှာ အဘွားအိုထွက်သွားသည်အထိ အံ့သြမဆုံးဖြစ်နေတော့သည်။ သူမသည် သူ့ဘေးမှ လမ်းလျှောက်လိုက်ရင်း သူ့ရင်ခွင်ထဲမှ ပန်းစည်းကို ကြည့်ကာ မယုံနိုင်စွာ ပြောလိုက်သည်။

"ရှင်က အခုကျတော့ အဲဒါကို လိမ်လည်မှုလို့ မပြောတော့ဘူးလား၊ ပန်းက ဒီနှစ်ပွင့်တည်းကို (၉၉) ယွမ်တဲ့လား"

ဝမ်သိုက်အသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူမက သူ့ကို သံသယဖြင့် ကြည့်လိုက်သည်။

"ရှင်... တကယ်ပဲ ကျွန်မအပေါ် မဟုတ်တာ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်၊ ကျွန်မ ပြောထားမယ်၊ ကျွန်မနဲ့ ရာသက်ပန်ရှိနေမှာက ပိုက်ဆံပဲ၊ ရှင် အဲဒီစိတ်ကူးကို ဖျောက် ပစ်လိုက်တော့၊ တကယ်လို့ ရှင့်ရဲ့ အကြံပေးခတွေကို ကျွန်မကို ပေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့..."

"ဝမ်သိုက်"

သူက အေးအေးဆေးဆေး ခေါ်လိုက်သည်။

"ဘာလဲ"

သူမ နားမလည်သလို မေးလိုက်သည်။

ချန်စစ်ကျယ်က ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး ရေကန်ဘက်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ကိုယ့်ဟာကိုယ် ဘယ်လိုပုံစံ ဖြစ်နေလဲဆိုတာ ဟိုမှာ သွားကြည့်လိုက်ဦး၊ သရဲကားတွေထဲက 'ဆံပင်ထောင်နေတဲ့ သရဲမ' ကို သိလား၊ အခု မင်းပုံစံက အဲဒီအတိုင်းပဲ"

ဝမ်သိုက် မျက်လုံးပြူးသွားပြီး သူမ ခေါင်းပေါ်သို့ လက်တင်လိုက်မိသည်။ စိတ်ထဲတွင်လည်း အနည်းငယ် လိပ်ပြာမလုံ ဖြစ်သွားသည်။ ဤနေရာတွင် လေက တကယ်ပြင်းလှပေသည်။ နောက်ဆုံးတွင် သူမ မနေနိုင်ဘဲ ရေကန်ဘေးသို့ ပြေးသွားကာ ရေပြင်ကို ကြည့်လိုက်သောအခါ သူမ ခါးအထိ ရှည်သော ဆံပင်များမှာ သေသေသပ်သပ်ရှိနေသည်ကို တွေ့လိုက်ရသည်။

All Chapters