အခန်း ၄၅
Vol. 5 Ch. 45
Chapter 45
ချီယာသည် ဝမ်သိုက်အား ချန်စစ်ကျယ်၏ ဘေးတွင် ထိုင်ခိုင်းလိုက်ပြီး
"ကြည့်ဦးလေ၊ သူက မိန်းကလေးတွေ့ရင် ဆွံ့အသွားတာပဲ၊ မသိရင် စကားမပြောတတ်ဘူး ထင်ရတယ်၊ တကယ်ပဲ သစ် တုံးကြီးလိုပဲ၊ တရားခွင်မှာတုန်းကတော့ စကားတွေက လွှတ် ခနဲ လွှတ်ခနဲ မဟုတ်လား" ဟု ချန်စစ်ကျယ်ကို ဆူပြန်သည်။
ဝမ်သိုက် စိတ်ထဲမှ ကျိန်ဆဲနေမိသည် 'ချန်စစ်ကျယ်က မိန်းကလေးတွေ့ရင် ဆွံ့အသွားတယ် ဟုတ်လား၊ သူ ပြောလိုက်တဲ့ စကားတိုင်းက လူကို သတ်ချင်စိတ်ပေါက်အောင် လုပ်နိုင်တာလေ၊ ကျွန်မဆိုရင် သူ့ကို အမြဲတမ်းသတ်ချင်နေတာ'
ချန်ဝမ်ခန်းက ပြုံးကာ "ကဲပါ၊ စားကြရအောင်၊ ငါတို့အိမ်က စားဖိုမှူးရဲ့လက်ရာက တော်တော်ကောင်းတယ်"
ချီယာ ဝမ်သိုက်ကို ကြည့်ကာ မသိမသာ မေးလိုက်သည်။
"သမီးတို့ လူငယ်တွေက အခုတလောအချစ်ရေးကို စိတ်မဝင်စားကြဘူးလား၊ ငါ့သားကိုတော့ ငါလည်း မထိန်းနိုင်တော့ဘူး၊ သမီးမှာရော ရည်းစားရှိလား၊ သမီးက အရမ်းလှတာပဲ"
ဝမ်သိုက်သည် ပထမဆုံးအကြိမ်အဖြစ် ထိုသို့သော မေးခွန်းမျိုးနှင့် ရင်ဆိုင်ရသဖြင့် အနည်းငယ်ရှက်သွားပြီး "ကျွန်မမှာလည်း ရည်းစားမရှိပါဘူး..." ဟု ဖြေလိုက်သည်။
"ဪ၊ ဒါဆိုရင်တော့ ငါ့သားထက် သာတာပေါ့၊ သူကတော့ တစ်ခါမှကို မတွဲဖူးတာ၊ ငါတို့မှာ စိတ်ပူလိုက်ရတာ"
"...ကျွန်မလည်း တစ်ခါမှ မတွဲဖူးပါဘူး"
ချီယာက အံ့သြသွားပြီး ဝမ်သိုက်ကိုစိုက်ကြည့်ကာ မေးပြန် သည်။
"သမီးလည်း တစ်ခါမှ မတွဲဖူးဘူးလား၊ သမီးက ကျောင်းသူပဲရှိသေးတာလား၊ ဒါမှမဟုတ် ကျောင်းပြီးပြီလား၊ ဒီလိုရုပ် ရည်မျိုးနဲ့ တက္ကသိုလ်မှာ လူပျိုတွေ ဝိုင်းနေရမှာပေါ့၊ အထက်တန်း ကျောင်းတုန်းကလည်း အများကြီးရှိမှာပဲ၊ ဒါပေမဲ့ မိန်းကလေးတွေက အမြင်မြင့်တာ ပိုကောင်းပါတယ်၊ သမီးက လီကျိုးမှာပဲ တက္ကသိုလ်တက်တာလား"
ဤမေးခွန်းကို ချန်စစ်ကျယ်ရော ချန်ဝမ်ခန်းပါ စိတ်ဝင်စားနေကြသည်။
"ကျွန်မ တက္ကသိုလ် မတက်ဖူးပါဘူး၊ ကျွန်မ ဆယ်တန်းမှာတင် ကျောင်းထွက်ခဲ့တာပါ၊ အသက် ၁၆-၁၇ နှစ်လောက်ကတည်းက လူတွေကို ကံကြမ္မာကြည့်ပေး၊ အစီရင်လုပ်ပေးနေတာပါ"
ဝမ်သိုက်က သူမ၏ပညာရေးအကြောင်းကို လုံးဝ မဖုံးကွယ်ဘဲ ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်။
ချန်စစ်ကျယ်မှာ အံ့သြသွားရသည်။ သူမ၏မျက်ဝန်းများထဲတွင် ဝမ်းနည်းမှု တစ်စက်မှ မရှိဘဲ၊ ခိုင်မာသော စိတ်ဓာတ်ကိုသာ တွေ့ရသည်။ သူမသည် ဆယ်တန်းမှာတင် ကျောင်းထွက်ခဲ့လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။
ချန်ဝမ်ခန်း ချီယာကို ဟင်းထည့်ပေးရင်း "စားစရာရှိတာ စားပါ" ဟု ခပ်တိုးတိုးပြောလိုက်သည်။
ထို့နောက် သူက ဝမ်သိုက်ကို ကြည့်ကာ သက်ပြင်းချရင်း
"အားနာပါတယ်၊ ဒါပေမဲ့ သမီး ဘာလို့ ကျောင်းထွက်ခဲ့ရတာလဲဆိုတာ မေးလို့ရမလား၊ တကယ်လို့ အခက်အခဲ ရှိတယ်ဆိုရင် ဦးလေး ကူညီပေးနိုင်ပါတယ်"
ဝမ်သိုက်က ဒါကိုပဲ စောင့်နေခြင်း ဖြစ်သော်လည်း ချက်ချင်းတော့ လက်မခံသေးချေ။
"ကျွန်မ အသက် ၁၀ နှစ်သားတုန်းက မိဘတွေ ဆုံးသွားခဲ့တာပါ၊ တခြားအားကိုးစရာ ဆွေမျိုးလည်းမရှိဘူး၊ ဒါပေမဲ့ ကျွန်မအတွက်တော့ အဆင်ပြေပါတယ်၊ ကိုယ့်ဘာသာ ကိုယ် ရပ်တည်နိုင်တာပဲ၊ ဆယ်တန်းမှာ ကျောင်းထွက်ခဲ့တာက တော့ အဲဒီအချိန်မှာ ကျွန်မက ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်စွမ်းရလာပြီး တော်တော်လေး ဖျားခဲ့တာကြောင့်ပါ”
“ခန္ဓာကိုယ်က ကျောင်းဆက်တက်ဖို့ ခွင့်မပြုတော့ဘူး၊ ဒေါ် လေးချီ သိတဲ့အတိုင်းပဲ၊ ကျွန်မတို့လို လူမျိုးတွေကို လူတွေက သံသယရှိတတ်ကြတယ်၊ ကျွန်မက အိပ်မက်ထဲမှာ ပညာ သင်ခဲ့ရတာကိုး၊ ကျွန်မက နတ်ဝင်သည်လိုမျိုးပေါ့၊ ကျောင်းထွက်ပြီးကတည်းက ဒီလမ်းပေါ်ကိုရောက်လာခဲ့တာပါ"
ဝမ်သိုက်က သူမ၏ဘဝအကြောင်းကို ဘာမှမဖြစ်သကဲ့သို့ ပြုံးပြုံးလေးပြောနေသော်လည်း၊ ထမင်းစားပွဲပေါ်တွင်တော့ သူမ တစ်ဦးတည်းသာ ပြုံးနေနိုင်တော့သည်။
"ကံတရားအတိုင်းပဲပေါ့"
ပေါ့ပါးလွန်းသော ထိုစကားလုံးအနည်းငယ်မှာ ကြွေပန်းကန်လုံးကို ခက်ရင်းဖြင့် ခေါက်လိုက်သည့် အသံနှင့်အတူ ထွက်ပေါ်လာသည်။ ဘာမှအရေးမကြီးသလိုပင်။
ချန်မိဘနှစ်ပါး၏လေးလံသော မျက်နှာပေးများကို မြင်လိုက်ရသည့်အခါ ဝမ်သိုက် ထိုစကားကို ပြောလိုက်ခြင်းဖြစ်သည်။ သူမ၏ စိတ်ထဲတွင်တော့
'မလိုက်လျောချင်လည်း လိုက်လျောရမှာပဲ၊ လက်မခံချင်လည်း လက်ခံရမှာပဲ၊ ကံကြမ္မာအဆောက် အအုံကြီးပြိုကျသွားရင်တောင် အဲဒီအပျက်အစီးတွေကြားက လျှောက်လို့ရမယ့် လမ်းကလေး တစ်ခုကိုတော့ အတင်းရှာပြီး လျှောက်ရမှာပဲ' ဟု တွေးနေမိသည်။
သူမသည် ကံတရားကို လက်ခံသည်။ နာခံသည်။ သို့သော် သူမ၏ ဘဝကံကြမ္မာကိုတော့ အရှုံးမပေးချေ။
ဝမ်သိုက်နှင့် ချန်စစ်ကျယ်ကို နီးစပ်အောင် လုပ်ပေးမည်ဟူ သော ရည်ရွယ်ချက်မှာ အစကတည်းက ပျက်ပြားသွားသဖြင့် ထမင်းစားပွဲမှာ “စကားမပြောဘဲ စားခြင်း" ဟူသော စည်းကမ်းအတိုင်း တိတ်ဆိတ်နေတော့သည်။
တစ်ခုတည်းသော မပြောင်းလဲသည့်အရာမှာ ဝမ်သိုက်ဖြစ်ပြီး သူမသည် အခွင့်အရေးကိုအသုံးချကာ သူမ၏ ရည်မှန်းချက်ကိုအောင်မြင်အောင် လုပ်နိုင်ခဲ့သည်။ ပြောင်းလဲသွားသည်ကတော့ ချန်စစ်ကျယ်ဖြစ်ပြီး သူသည် ဝမ်သိုက်ကို အိမ်ပြန်ပို့ပေးရန် တာဝန်ကို မိမိဘာသာတက်ကြွစွာ တောင်းဆိုလိုက်ခြင်းပင်။
ချန်စစ်ကျယ်နှင့် နှစ်ယောက်တည်း ရှိနေရသည်မှာ ဝမ်သိုက်အတွက် အလွန်ထူးဆန်းနေပေသည်။ သူမသည် ကားရှေ့ခန်းတွင်ထိုင်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားသော သူ့ကို တစ်ချက်ကြည့်ကာ အခြေအနေကို ပြောင်းလဲရန် စကားစလိုက်သည်။
"ဟေး... တကယ် တိုက်ဆိုင်တယ်လို့ မထင်ဘူးလား၊ အစက ဦးလေးချန်က ရှင့်အဖေမှန်း ကျွန်မ မသိပါဘူး၊ သူက သူ့သားအကြောင်းပြောပြတော့ ရှင့်ပုံစံနဲ့ တူနေလို့ မေးကြည့်လိုက်တာ၊ တကယ်ကြီး ဖြစ်နေတာပဲ၊ ကျွန်မ ရှင့်အပေါ် ဘာမကောင်းတဲ့စိတ်မှ မရှိပါဘူးနော်၊ ဒါက တကယ့်ကို တိုက် ဆိုင်မှုသက်သက်ပါ" ဟု ရှင်းပြလိုက်သည်။
သူ့ဘက်မှ ပြန်ပြောသံမကြားရသော်လည်း သူမကတော့ ဂရုမစိုက်ဘဲ ဆက်ပြောနေပြန်သည်။
"ဒါပေမဲ့ ရှင့်မိဘတွေ ဒီနေ့ ဘာဖြစ်နေကြတာလဲ မသိဘူး၊ ကျွန်မနဲ့ ရှင့်ကို သဘောတူနေကြသလိုပဲ... ကျွန်မ ရှင့်အပေါ် တကယ်ပဲ ဘာစိတ်မှမရှိတာပါ၊ အဲဒီလိုပဲ ခံစားရလို့ပြောတာပါ"
သူမက သူ့ဘက်သို့ လှည့်ကာ သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
ထပ်ခါထပ်ခါ ရှင်းပြနေမှုကြောင့် တိတ်ဆိတ်နေသော ဒရိုင်ဘာမှာ သစ်တုံးကြီးအဖြစ် ဆက်မနေနိုင်တော့ချေ။ ချန်စစ်ကျယ် သူမကို မျက်လုံးအစွန်းဖြင့် တစ်ချက်ကြည့်ကာ တင်းစေ့ထားသော နှုတ်ခမ်းကို ဖွင့်ဟလိုက်သည်။
"ငါ သိပါတယ်... မင်းက တော်တော်လေး တော်တဲ့သူပဲ"
ရှေ့စကားသုံးလုံးမှာ ပြတ်သားလှသော်လည်း နောက်မှပါလာသော စကားမှာတော့ လေတိုက်သဖြင့် လွင့်ပါသွားသည့်အလား တိုးညှင်းလှသည်။
ထိုလေမှာလည်း အစအနမရှိ ပျောက်ကွယ်သွားသလိုပင်၊ သူသည် မမျှော်လင့်ဘဲ ထွက်လာသော ချီးမွမ်းစကားကို လျင်မြန်စွာ ဖုံးကွယ်လိုက်ပြီး ရှေ့သို့သာ အာရုံစိုက်ကာ မောင်းနှင်နေတော့သည်။
"မင်း Forward လုပ်ပေးထားတဲ့ အမေရိကန်နိုင်ငံက အလုပ်ကလေ၊ ငါ့မှာ အမေရိကန် ဗီဇာရှိတယ်၊ တကယ်လို့ အွန်လိုင်းကနေ လုပ်ပေးလို့ မရဘူးလို့ မင်းထင်ရင် ငါ အချိန်ညှိပြီး တစ်ခေါက် သွားပေးလို့ရတယ်"
ဝမ်သိုက်ကတော့ သူ့ ချီးမွမ်းစကားကို မကြားလိုက်ပုံရသည်။ သူမသည် ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ မှီနေပြီး ခြေထောက်ချိတ်ကာ လှုပ်ယမ်းနေသည်။ ပြတင်းပေါက်မှ ဝင်လာသော နေရောင်ခြည်က သူမ၏ အသားအရေကို ဝင်းပနေစေသည်။
"ဪ... ကျွန်မ ပြောဖို့ မေ့သွားလို့၊ မလိုတော့ဘူး၊ အပ်နှံသူက နောက်အပတ်ပြန်လာမယ်တဲ့၊ လီကျိုးကို တန်းလာမှာဆိုတော့ ကျွန်မဘာသာ လုပ်ပေးရင်ရပြီ၊ ရှင် အားရင်တော့ အတူတူ သွားတာပေါ့၊ အတူတူ လုပ်ကြမယ်လို့ ပြောထားတာပဲလေ၊ ငွေနည်းနည်းလေးပဲ ရရင်တောင် တစ်ဝက် ခွဲပေးမှာပါ"
"အတူတူ လုပ်ကြမယ်လို့ ပြောထားတာပဲလေ၊ ငွေနည်းနည်းလေးပဲရရင်တောင် တစ်ဝက် ခွဲပေးမှာပါ"
ထိုအသံမှာ ဝေးကွာလှသော နေရာတစ်ခုမှ သူ့ဦးနှောက်ထဲသို့တိုးဝင်လာသလိုပင်။ အတိတ်ကလိုလို၊ အရင်ဘဝကလိုလို ဝေးကွာလှသည်။
ထိုသို့ ခဏတာငိုင်သွားစဉ်မှာပင် ဘေးနားရှိ ဝမ်သိုက်၏ အော်သံကြောင့် သူသည် ဘရိတ်ကို အလျင်အမြန် အုပ်လိုက်မိသည်။
"ရပ်..... ကားရပ်လိုက်"
စူးရှသော ဘရိတ်သံမှာ သူမ အော်သံထက်ပင် ပိုကျယ်လောင်လှသည်။ ကားရပ်သွားသည်နှင့် သူမသည် ထိုင်ခုံခါးပတ်ကို ချက်ချင်းဖြုတ်ကာ ကားတံခါးကို ဝုန်းခနဲ ပိတ်ပြီး ဆင်းသွားတော့သည်။
ချန်စစ်ကျယ် အံ့သြစွာဖြင့် ရှေ့သို့ ကြည့်လိုက်သောအခါ လမ်းပေါ်တွင် လန့်ပြီးလဲကျနေသော ကြောင်ပေါက်လေးတစ်ကောင်ကို တွေ့လိုက်ရသည်။ သူသည် စတီယာရင်ကို ကိုင်ထားသော လက်များကို ဖြေလျှော့လိုက်သည်။
သူ့အမြင်အာရုံထဲသို့ ဝမ်သိုက် ပြန်ဝင်လာပြန်သည်။ သူမသည် ဒူးထောက်ကာ ကြောင်ပေါက်လေးကို ရင်ခွင်ထဲသို့ အသာအယာ ပွေ့ပိုက်လိုက်သည်။ သူမ လှုပ်ရှားမှုများမှာ ပြတိုက်ထဲမှ တန်ဖိုးကြီးရတနာတစ်ခုကို ကိုင်တွယ်နေသကဲ့ သို့ နူးညံ့လှသည်။