အခန်း ၄၇
Vol. 5 Ch. 47
Chapter 47
အသက် ၁၈-၁၉ ခန့်သာ ရှိသေးသော ထိုမိန်းကလေးက ချန်စစ်ကျယ်ကို တစ်ချက်ကြည့်လိုက်သဖြင့် ချန်စစ်ကျယ်က ချက်ချင်း အကြည့်လွှဲလိုက်သည်။
"အဲဒီခံစားချက်က... အင်း... ကျွန်မ ပြောပြဖို့ နည်းနည်းတော့ ရှက်တယ်၊ ပထမလမှာတော့ ကျွန်မ အရမ်းကိုစိတ်နှစ်ထားတာ၊ ခေါင်းထဲမှာလည်း သူ့ပုံရိပ်တွေချည်းပဲ၊ အံ့သြစရာကောင်းတာက ညတိုင်း ကျွန်မ တကယ်ကြီး သူ့ကို အိပ်မက် မက်တယ်၊ သူနဲ့ အိပ်မက်ထဲမှာ ချစ်သူတွေလိုနေရတာ တကယ်ကို ပျော်စရာကောင်းခဲ့တာ”
“အပြင်မှာ နိုးနေတဲ့အချိန် ထိတွေ့မှုတွေ ခံစားရရင်လည်း သူ့ကို 'မနောက်နဲ့ဦး' လို့တောင် ပြောမိသေးတယ်၊ အဲဒါတွေက လူကို အရမ်းစွဲလန်းစေတာပဲ၊ ဒါကြောင့် အဲဒီဆရာမနဲ့ ကံကြမ္မာ ကြည့်ဖြစ်တယ်၊ သူက ကျွန်မရဲ့ အိပ်မက်ထဲက အကြောင်းအရာတွေကိုလည်း တိတိကျကျ ပြောနိုင်တယ်"
ချန်စစ်ကျယ်ကတော့ သူမ၏ စကားများကို နားထောင်ရင်း မျက်မှောင်ကြုတ်နေမိသည်။ သူက လူကြီးတစ်ယောက် ဖြစ်သဖြင့် သူမ ပြောလိုသည့် ဆိုလိုရင်းကို နားလည်ပေသည်။
ဝမ်သိုက်ကတော့ တုံယင်း ပြသနေသည့် နေရာများကို ကြည့်ရင်း မျက်နှာပျက်သွားတော့သည်။ သူမ လက်သီးမှာ တင်းတင်းဆုပ်ထားမိပြီး
"ပြီးတော့ရော ဘာဆက်ဖြစ်လဲ" ဟု မေးလိုက်သည်။
"ဒုတိယလမှာတော့... ကျွန်မရဲ့ အခန်းဖော်က ကျွန်မရဲ့ မျက်နှာက တော်တော်လေး နွမ်းနယ်နေတယ်၊ နေကောင်းရဲ့လားလို့ လာမေးတယ်၊ အမှန်အတိုင်းပြောရရင် အဲဒီအချိန်အထိ ကျွန်မ ဘာဖြစ်နေမှန်း မသိဘူး၊ မှန်ကြည့်တာလည်း နည်းတာမဟုတ်ဘူး၊ ဒါပေမဲ့ ကိုယ့်မျက်နှာကိုယ် သတိမထားမိခဲ့ဘူး၊ သူ ပြောမှ သေသေချာချာ မှန်ကြည့်လိုက်တော့... မှန်ထဲက လူက ကျွန်မဆိုတာတောင် မယုံနိုင်ဘူး"
တုံယင်း သူမ ပါးပြင်ကို ထိပြလိုက်သည်။
"ဒီနေရာတွေက ချိုင့်ဝင်သွားတာ၊ မူးယစ်ဆေးသုံးစွဲတဲ့လူထက်တောင် ဆိုးနေသေးတယ်၊ ကျွန်မမှာ ဘာအနံ့မှလည်း မရှိဘဲနဲ့၊ အဲဒီတုန်းက တစ်ခုခု သုံးစွဲနေသလားလို့တောင် အစွပ်စွဲခံရသေးတယ်၊ ရှင်တို့ သိကြတဲ့အတိုင်းပေါ့..."
ဧည့်ခန်းရှိ ပြတင်းပေါက်လိုက်ကာများကို ဖွင့်ထားသော် လည်း အပြင်ဘက်တွင် အုံ့မှိုင်းနေသော မိုးတိမ်များကြောင့် နံနက်ခင်းမှာ မှောင်ရီပျိုးနေသည်။ အခန်းတွင်းရှိ ဝါကျင့်ကျင့် မီးရောင်က ပတ်ဝန်းကျင်ကို ဝေဝါးရှုပ်ထွေးစေ၏။
"အစတုန်းက သူဆက်သွယ်ပေးခဲ့ချိန်မှာ ကျွန်မ အားလုံး အဆင်ပြေခဲ့တာပါ၊ သူက ကျွန်မကို မုန်းကျောက်နဲ့ ချိတ် ဆက်ဖို့ သင်ပေးခဲ့တဲ့ အချိန်ကစပြီး အရာအားလုံး ပြောင်းလဲသွားခဲ့တယ်"
တုံယင်းမှာ အလွန်ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူမသည် ဆိုဖာနောက်မှီပေါ်သို့ ကျောမှီချလိုက်ပြီး လက်နှစ်ဖက်ကို အရုပ်ပေါ်သို့ ပြန်တင်ထားလိုက်သည်။ သူမ ပုံစံမှာ လာစဉ်က ဝမ်သိုက်နှင့်ပင် တူနေသေးသည်။ မျက်တောင်များမှာ အကြိမ်ကြိမ် မှိတ်ကျသွားလိုက် ပြန်ပင့်ကြည့်လိုက်နှင့် ဖြစ်နေ၏။
"...အားနာလိုက်တာနော်၊ ကျွန်မ ခေါင်းပြန်မူးလာပြန်ပြီ၊ ဒီနောက်ပိုင်း ခဏခဏ ဒီလိုဖြစ်တတ်တယ်၊ အတန်းတက်ဖို့တောင် တော်တော် အားယူနေရတာ၊ မဟုတ်ရင်တော့ ဒီစာ သင်နှစ် ပြီးတဲ့အထိ အောင့်အည်းသည်းခံပြီးမှ အားလပ်ရက်ကျမှ ဖြေရှင်းဖို့ စိတ်ကူးထားတာ"
အိပ်ချင်စိတ်များ ပျောက်ကွယ်သွားပြီဖြစ်သော ဝမ်သိုက်သည် ချက်ချင်းထရပ်လိုက်သည်။
သူမသည် စားပွဲပုလေးကို ပတ်ကာ တုံယင်းရှေ့တွင် ဆောင့် ကြောင့်ထိုင်လိုက်ပြီး မိန်းကလေး၏သေးသွယ်သော လက် ကောက်ဝတ်ကိုကိုင်ကာ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်သည်။
ဝမ်သိုက် မျက်ခုံးနှစ်ဖက်မှာ ပိုတွန့်ချိုးသွားတော့သည်။ သူမသည် တုံယင်းကို မော့ကြည့်ကာ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
"တကယ်လို့ မျက်လုံးဖွင့်မထားနိုင်ရင် မှိတ်ထားလို့ရတယ်၊ ဒါပေမဲ့ အိပ်ပျော်မသွားစေနဲ့ဦး၊ ဖြစ်ပျက်ခဲ့သမျှကို အသေးစိ တ် ပြန်ပြောပြပေးပါ၊ ဘာလို့လဲဆိုတော့ အခု ရှင့်ဆီမှာ ဘာဝိညာဉ်စွမ်းအင်မှ ကျွန်မ မခံစားရလို့ပဲ"
"အင်း... ဒုတိယလမှာပေါ့၊ ကျွန်မရဲ့ အခြေအနေ မကောင်းတော့တာကို သတိထားမိပြီးတဲ့နောက် ချိတ်ဆက်မှုကိုဖြတ်တောက်ချင်ခဲ့တယ်၊ အစကတည်းက ဒါက စိတ်ခံစားမှုဆိုင်ရာ အားကိုးရာတစ်ခုပဲလေ၊ ရံဖန်ရံခါ အိပ်မက်မက်တာ၊ ကံကြမ္မာဟောဆရာကတစ်ဆင့် သူနဲ့ စကားပြောရတာနဲ့တင် လုံလောက်ပြီလို့ ထင်ခဲ့တာ”
“ဒါပေမဲ့ အဲဒီ ဆရာဆီသွားပြီး ချိတ်ဆက်မှုဖြတ်ချင်တယ်လို့ ပြောတော့ သူက မရဘူးလို့ပြောတယ်၊ တစ်ခါစတင်ပြီးရင် ရပ်တန့်လို့မရဘူး၊ ကိုယ့်ဘာသာ ကိုယ်ပဲ ပြန်ညှိယူရမယ်တဲ့"
တုံယင်းက သမ်းဝေလိုက်ရင်း ခေါင်းကို ခေါင်းအုံးပေါ်သို့ စောင်းတင်လိုက်သည်။ သူမ အသက်ရှူသံများမှာ နှေးကွေးပြီး လေးလံနေသည်။
မှိတ်ထားသော မျက်ခုံးများမှာ တုန်ယင်နေ၏။ တုံယင်းသည် အတိတ်ကို ပြန်လည်အမှတ်ရရန် ကြိုးစားနေပုံရသည်။
"အိပ်မက်ထဲမှာဆိုရင်... သူဟာ ကျွန်မရဲ့မုန်းကျောက် မဟုတ်ဘူးဆိုတာ ကျွန်မ ကိုယ်တိုင် ခံစားမိတယ်၊ အဲဒီတုန်းက အရမ်းရွံဖို့ကောင်းပြီး နောင်တရမိတာပဲ၊ သူက ကျွန်မ ချစ်ရတဲ့ ဇာတ်လိုက်ရဲ့ရုပ်သွင်နဲ့ အသံကိုယူပြီး သူ့အတွက် ကလေးမွေးပေးဖို့ ပြောလာတယ်”
“အဲဒီအချိန်မှာ ငါ တကယ်ပဲ ဝိညာဉ်ဝင်သလို ဖြစ်သွားခဲ့တာလားလို့ တွေးမိတယ်၊ ကျွန်မရဲ့မုန်းကျောက်က ဘယ်လိုလုပ် ကျွန်မကို ကလေးမွေးခိုင်းမှာလဲ၊ ကျွန်မ ကလေးမယူချင်ဘူး ဆိုတာ သူ သိနေတာပဲကို"
"တတိယလ၊ ဆိုလိုတာက ပြီးခဲ့တဲ့လကတော့ တကယ့်ကို ငရဲပါပဲ..."
တုံယင်း မျက်ခုံးအောက်ရှိ အမှောင်ထုထဲသို့ နစ်ဝင်သွားတော့သည်။
အောက်တိုဘာလ၏တန်ပေးမြို့မှာ အလွန်ပူပြင်းဆဲဖြစ်သော်လည်း ညဘက်တွင်တော့ အေးမြတတ်သည်။ သို့သော် သူမအတွက်မူ အရာအားလုံးက ပြောင်းပြန်ဖြစ်နေ၏။
နေ့ဘက်တွင် စာသင်ခန်းသို့ သွားရာလမ်း၌ တုံယင်းတစ် ယောက်တည်းသာ လက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ထား သည်။ လွန်ခဲ့သော လအနည်းငယ်က သူမသည် စကတ်တို၊ အင်္ကျီလက်ပြတ်များဖြင့် လှလှပပ ပြင်ဆင်တတ်သူ မဟုတ်ပါလား။
ထိုကဲ့သို့ ထင်ထင်ရှားရှား ပြောင်းလဲသွားမှုကြောင့် ခင်မင် သော သူငယ်ချင်းများက ဝိုင်းအုံကာမေးမြန်းကြတော့သည်။ "ဘာတွေ စိတ်ညစ်နေတာလဲ" ဆိုသော စကားကို သူမ မရေမတွက်နိုင်အောင် ကြားခဲ့ရသည်။
ထိုင်ခုံတွင် ထိုင်နေစဉ်မှာပင် သူမသည် အလိုလိုတုန်ယင်နေမိသည်။ စာသင်ခန်းထဲရှိ လေအေးပေးစက်ကြောင့် သူမ၏ ကိုယ်တွင်းမှ အအေးဓာတ်များ ထွက်ပေါ်လာသည်။
စာသင်ပေးနေသော ပရော်ဖက်ဆာပင်လျှင် သူမ၏အခြေအ နေကို ကြည့်ကာ လေအေးပေးစက် အပူချိန်ကို မြှင့်ခိုင်းလိုက်ရသည်။ အရပ်ရှည်ရှည်နှင့် ထိုအမျိုးသားသည် သူမ ဘေးသို့လျှောက်လာပြီး စိုးရိမ်တကြီး မေးမြန်းခဲ့သည်။
"နေမကောင်းဘူးလား၊ အကူအညီလိုရင် အချိန်မရွေး ပြောပါ"
သူငယ်ချင်းတစ်ယောက် ငှားပေးသော အနွေးထည်ကို သူမ ဆွဲယူဝတ်ဆင်လိုက်ရင်း ပရော်ဖက်ဆာကို အတင်းပြုံးပြကာ ပြောခဲ့ရသည်။
"ဘာမှမဖြစ်ပါဘူး၊ အခု အဆင်ပြေသွားပါပြီ၊ ကျေးဇူးတင်ပါတယ်"
အမှန်တရားမှာတော့ သူမ အရေပြားပေါ်တွင်သာ နွေးထွေးမှုကိုခံစားရပြီး၊ အရေပြား အတွင်းဘက်တွင်မူ အရိုးများမှာ ရေခဲဖြင့် ထုထားသကဲ့သို့စိမ့်အေးနေခြင်းပင်။