← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

Chapter 48

သူမသည် မိမိကိုယ်ကိုယ် ကျုံ့ထားမိသည်။ အပေါ်ပိုင်းမှာ လိပ်ခွံကြီးကဲ့သို့ ကုန်းနေရခြင်း၏အကြောင်းရင်းမှာ သူမ၏ ရင်ဘတ်ပေါ်တွင် ရုတ်တရက် ဆွဲဖဲ့ခံရသကဲ့သို့ နာကျင်မှုကြောင့်ပင်။ သူမသည် ထိုနာကျင်မှုကို အကျင့်ဖြစ်နေသဖြင့် အသံထွက်မညည်းမိအောင် အောင့်ထားလိုက်သည်။

သူမသည် စားပွဲပေါ်တွင် တံတောင်ဆန်ကာ မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်သည်။ မျက်ခုံးများမှာ တွန့်ချိုးနေပြီး နှုတ်ခမ်းများမှာလည်း တုန်ယင်နေ၏။ သူမ နားထဲတွင်သာ ကြားနေရသော အသံကို စိတ်ထဲမှ ပြန်ပြောနေမိသည်။

"ကျွန်မကို နောက်ထပ် မနှောင့်ယှက်ပါနဲ့တော့၊ ရှင်က သူ မဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်၊ ဝေးဝေးသွားစမ်း"

"ကတိပေးထားတာလေ၊ မေ့သွားပြီလား၊ အိပ်မက်ထဲမှာ မင်း ကတိပေးခဲ့တယ်လေ၊ ငါ့အတွက် ကလေးမွေးပေးမယ်ဆိုတာ"

အက်ရှရှ အသံကြီးက သူမ နားထဲမှ ထွက်မသွားချေ။ ထိုအသံသည် သူမကို တမင်တကာ ရွံရှာအောင်လုပ်နေခြင်းပင်။

ကျူးကျော်စော်ကားခံရသလို ခံစားချက်ကြောင့် သူမသည် အာရုံကြောများ အလွန်အမင်း ထိခိုက်လွယ်နေသည်။ ရင်းနှီးသော သူငယ်ချင်းက သူမ၏ ပုခုံးကို လာပုတ်လျှင်ပင် သူမသည် လန့်ဖျန့်ကာ "မထိနဲ့" ဟု အော်ဟစ်မိတတ်သည်။ ထိုထူးဆန်းသော အပြုအမူများကို ပတ်ဝန်းကျင်က သတိထားမိကြပြီး သူမသည် အကြိမ်ကြိမ် ခေါ်ယူစစ်ဆေးခံရကာ စိတ်ကျန်းမာရေး စစ်ဆေးမှုပင် လုပ်ခဲ့ရသည်။

"ကျွန်မ တကယ့်ကို ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးတစ်ခုမက်နေလို့ပါ၊ မကြာခင် ပြန်ကောင်းသွားမှာပါ"

ဆွေးနွေးခန်းမှ ထွက်လာချိန်တွင် ပြင်းထန်သော နေရောင် ခြည်က သူမ မျက်လုံးထဲသို့ တိုးဝင်လာသည်။ မျက်ခွံများမှာ တွဲကျနေပြီး မျက်နှာမှာ ရုပ်ရှင်ထဲမှ သရဲတစ်ကောင်လို ဝါဖျော့နေတော့သည်။

တကယ်သာ အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့လျှင် ကောင်းမှာပဲ။ သို့သော် သူမ အိပ်မက်ဆိုးမှာ အိပ်မက်ထဲမှ ထွက်ပေါ်လာခြင်းပင်။

မှောင်ရီနေသော အိပ်ခန်းထဲတွင် အိပ်ရာပေါ်၌ လဲလျောင်းနေသော သူမသည် လျှပ်စစ်စီးနေသကဲ့သို့ တုန်ခါနေသည်။ အာရုံကြောများ လှုံ့ဆော်ခံရမှုကြောင့် ခြေထောက်နှစ်ဖက်မှာ အဆက်မပြတ် တွန့်လိမ်နေ၏။

စောင်မှာလည်း ကြမ်းပြင်ပေါ်သို့ တစ်ဝက်ကျော် ကျနေသည်။ သူမ၏ လက်များမှာ ရင်ဘတ်ပေါ်တွင် ယမ်းခါနေပြီး တစ်ခုခုကို ကုတ်ဖဲ့နေသကဲ့သို့ ရှိသည်။ မှိတ်ထားသော မျက်လုံးများကြားမှ မျက်ရည်များမှာ စီးကျနေ၏။

သူမ အိပ်မက်ထဲတွင် လက်များစွာမှာ အရပ်မျက်နှာအနှံ့ အပြားမှ ရောက်ရှိလာပြီး သူမကို အရုပ်တစ်ခုကဲ့သို့ ကစားနေကြသည်။ သူမ ထွက်မပြေးနိုင်ခဲ့ချေ။

အပြင်လောကတွင်မူ သူမသည် တိုးတိုးလေး ညည်းတွားနေမိသည်။

"မထိနဲ့... မထိနဲ့..."

သို့သော် ထို ထိတွေ့မှုများမှာ ရပ်တန့်မသွားချေ။

ခန္ဓာကိုယ်ပေါ်တွင် စော်ကားခံရသည့် အမှတ်အသားများ မရှိသော်လည်း တုံယင်းသည် သူမ ဝိညာဉ်မှာ အကြိမ်ကြိမ် ဖျက်ဆီးခံလိုက်ရသည်ဟု ခံစားနေရသည်။ ၎င်းမှာ ခန္ဓာ ကိုယ် နာကျင်မှုထက် ပိုနက်ရှိုင်းလှသည်။

သူက ငါ့ကို ဒီလို မဆက်ဆံပါဘူး။ ကျွန်မကို သူလာကယ်စေချင်မိသည်။ သို့သော် အဲဒီအတွေးက ပိုလို့တောင် ဝမ်းနည်းစရာကောင်းနေပြန်သည်။

စိတ်ကူးယဉ် အိပ်မက်လေး တစ်စစီပျက်စီးသွားရုံတင် မကဘဲ ဒီလောက်အထိဆိုးရွားတဲ့ နည်းလမ်းနဲ့ နှိပ်စက်ခံရလိမ့်မယ်လို့ သူမ မထင်ခဲ့မိဘူး။

ဝါကျင့်ကျင့် အလင်းရောင်နှင့်အတူ ပြတင်းပေါက်အပြင်ဘက်မှ မိုးစက်သံများမှာ တဖြောက်ဖြောက် မြည်နေသည်။ တုံယင်းသည် အတိတ်မှ ယနေ့သို့ ပြန်လည်ရောက်ရှိလာသည်။

"ကျွန်မရဲ့ မုန်းကျောက်နဲ့ ပတ်သက်ရင်တော့... ကျွန်မ သူ့ကို ချစ်နေတုန်းပါပဲ၊ ကျွန်မနဲ့ သူက အလွန်ဝေးကွာနေရင် တောင်၊ ကျွန်မက လှုပ်ရှားလို့မရတဲ့ နေရာတစ်ခုမှာ ရပ်ပြီး သူ့ကျောပြင်ကိုပဲ လှမ်းကြည့်နေရရင်တောင်၊ သူနဲ့ မျက်လုံးချင်းဆုံဖို့ အခွင့်အရေးမရှိရင်တောင်... ကျွန်မ ဒဏ်ရာရနေချိန်မှာ သူ ထွက်လာပြီး မကာကွယ်ပေးနိုင်ခဲ့ရင်တောင်မှပေါ့..."

တုံယင်းသည် မျက်ခုံးကို အသာအယာပင့်ကြည့်လိုက်သည်။ သူမ မျက်လုံးထဲတွင် မျက်ရည်များဝဲလာပြီး ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။

တုံယင်းရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသော ဝမ်သိုက်သည် စိတ်လှုပ်ရှားသွားမိသည်။ သူမသည် ဆိုဖာပေါ်သို့ လက်တင်ကာ သက်ပြင်းအသာချလိုက်ပြီး ပြောလိုက်သည်။

"...ကျွန်မ နားလည်ပါပြီ၊ အခု ရှင့်ဆီက ကြားရတဲ့ အခြေ အနေအရဆိုရင် ဒါက ရှင့်ဆီက အသက်စွမ်းအင်ကို စုပ်ယူနေတဲ့ ဝိညာဉ် ဒါမှမဟုတ် မိစ္ဆာတစ်မျိုးမျိုးပဲ၊ သူ့ရဲ့ စွမ်းအားက သာမန်ဝိညာဉ်တွေထက် ပိုပြီးအားကောင်းတယ်”

“ရှင် ဘာလုပ်မလဲဆိုတာ သူ သိနေမှာပဲ၊ ဥပမာ - ဒီနေ့ ကျွန်မတို့ သူ့ကို လာနှိမ်နင်းမယ်ဆိုတာမျိုးပေါ့၊ ဒါပေမဲ့ သူက အရမ်းမာနကြီးပုံရတော့ ထွက်ပြေးမှာ မဟုတ်ဘူး၊ ပြန်ပေါ် လာဦးမှာပဲ၊ ကျွန်မတို့ ရှင့်ဘေးမှာ ရှိနေပေးမယ်၊ ဒါပေမဲ့ ခဏတော့ ခပ်လှမ်းလှမ်းကနေစောင့်ကြည့်နေမယ်"

ဝမ်သိုက်သည် သူမ ထိုင်ခဲ့သည့် နေရာသို့ပြန်သွားပြီး အိတ်ထဲမှ အနီရောင် ပိတ်စနှင့် အကြွေစေ့တစ်စေ့ကို ထုတ်ကာ ချန်စစ်ကျယ်ထံသို့ ကမ်းပေးလိုက်သည်။

"ရော့... ရှင် ကျွမ်းကျင်တဲ့ အကာအကွယ်ဂါထာတစ်ခုလောက် ရွတ်ပေးပါလား၊ ဒီအတိုင်း အလွယ်ပဲလုပ်လိုက်၊ အရမ်းကြီး အစွမ်းမထက်စေနဲ့ဦး၊ အဲဒီဝိညာဉ်ကို လှည့်စားပြီး ဒီမှာ ဆက်နေအောင် လုပ်ရမှာမို့လို့"

ချန်စစ်ကျယ် မျက်မှောင်ကြုတ်ကာ ထိုအရာများကို လှမ်းယူလိုက်သည်။

"ဘယ်လိုလုပ် အလွယ်လုပ်လို့ ရမှာလဲ၊ ဂါထာရဲ့အစွမ်းက ရွတ်ဆိုတဲ့လူရဲ့ စွမ်းအားပေါ်မှာ မူတည်တာလေ၊ ငါ့ရဲ့ ဂါထာက အစွမ်းမရှိဘူးလို့တော့ မထင်နဲ့"

သူ စိတ်မပါသလို ပြောနေသော်လည်း လက်ကတော့ အကြွေစေ့ကို သေသေချာချာကိုင်ကာ အကာအကွယ်ဂါထာ ရွတ်ဆိုပေးပြီး အနီရောင်ပိတ်စဖြင့် ထုပ်လိုက်သည်။

အနီရောင် အဆောင်ထုပ်လေးကို ဝမ်သိုက်က ပြန်ယူကာ တုံယင်းကို ပေးလိုက်သည်။

"ဒါကို ရေမထိစေနဲ့၊ ရှင့်ရဲ့ အိပ်ယာဝင်ဝတ်စုံ ရင်ဘတ်အိတ်ထဲမှာ ထည့်ထားလိုက်၊ ဒါပေမဲ့ ဒီအပေါ်မှာ အရမ်းကြီးအားမကိုးနဲ့ဦး၊ အဲဒီ ဝိညာဉ် ပြန်လာရင် ရှင်က သူ့ကို နှိမ်နင်းဖို့ လူခေါ်ထားတယ်လို့ တည့်တည့်ပြောလိုက်၊ သူ့ကို ဆဲလိုက်၊ သူက အဲဒီလိုမျိုးဆိုရင် ပိုပြီးဒေါသထွက်လာတတ်တယ်"

ဝမ်သိုက်သည် သူမ အိတ်ကို လွယ်လိုက်ပြီး တုံယင်းကို အားပေးသည့် အကြည့်ဖြင့် ကြည့်ကာပြောလိုက်သည်။

"စိတ်ချပါ၊ ကျွန်မတို့ အဝေးကြီးမသွားဘူး၊ သူ ရောက်လာတာနဲ့ ကျွန်မတို့ ချက်ချင်းရောက်လာမယ်၊ အခု ခဏလောက် အိပ်လိုက်ပါ၊ အိပ်ရေးမဝတာကြာပြီ မဟုတ်လား၊ ဒါနဲ့... ရှင့်ရဲ့အခန်းကတ်ကိုတော့ ကျွန်မ ယူသွားမယ်နော်၊ မဟုတ်ရင် အထဲဝင်ရတာ နည်းနည်းခက်နေမှာစိုးလို့"

တုံယင်းက သမ်းဝေလိုက်ရင်း ခေါင်းညိတ်ပြသည်။ သူမသည် ယိုင်တိယိုင်တိုင်ဖြင့် ထရပ်ကာ

"ကောင်းပါပြီ၊ ကျွန်မ ရှင့်တို့ကို ယုံပါတယ်" ဟု ပြောလိုက်သည်။

ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့ အခန်းထဲမှ ထွက်လာကြသည်။ တံခါးပိတ်လိုက်ပြီးနောက် ချန်စစ်ကျယ်က အခန်းကတ်ကို ကိုင်ထားသော ဝမ်သိုက်ကိုကြည့်ကာ မေးလိုက်သည်။

"ငါးမျှားတော့မလို့လား"

ဝမ်သိုက်က ပုခုံးတွန့်လိုက်ပြီး ခပ်အေးအေးပင် လျှောက်သွားရင်း ပြောလိုက်သည်။

"မျှားရမှာပေါ့၊ အလိုရှိတဲ့လူက အဟပ်ခံမှာပဲလေ"

သူတို့ ဓာတ်လှေကားထဲသို့ ဝင်လိုက်ကြသည်။ ချန်စစ်ကျယ်က "ဒီအထပ်က စားသောက်ဆိုင်မှန်း မင်း ဘယ်လိုသိတာလဲ" ဟု မေးသည်။

"ဥပဒေသမားတွေပဲ သတင်းအချက်အလက် ရှာတတ်တယ်လို့ မထင်နဲ့လေ၊ ကျွန်မက ဒီအတိုင်း မျက်စိမှိတ်လာခဲ့တာ မဟုတ်ဘူး၊ သူ ကျွန်မကို ဟိုတယ်လိပ်စာ ပေးကတည်းက ဘယ်လို ဖြေရှင်းရမလဲဆိုတာ တွေးထားပြီးသား၊ ကျွန်မကို လိမ်တဲ့လူလို့ ပြောတာ ရှင် တစ်ယောက်ပဲ ရှိသေးတာနော်၊ သိလား၊ ကျွန်မက အမြဲတမ်း အလုပ်ကို တိတိကျကျလုပ်တတ်တယ်" ဝမ်သိုက်က ရန်စသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

စားသောက်ဆိုင်ထဲသို့ ရောက်သောအခါ ဝမ်သိုက်သည် သူမ ကြိုက်နှစ်သက်သော အစားအစာအချို့ကို မှာယူလိုက်ပြီး ပြတင်းပေါက်မှ မိုးရွာနေသည်ကို အေးအေးဆေးဆေး ကြည့်နေသည်။

ချန်စစ်ကျယ်ကမူ သူမကို ကြည့်ရင်း မေးလိုက်ပြန်သည်။

"မင်း တော်တော် စိတ်ကြည်နေပုံရတယ်၊ တုံယင်းဆီက ဝိညာဉ်ကို ဖမ်းမိတော့မယ်လို့ သေချာပေါက် ယုံကြည်နေတာလား"

"ကျွန်မ လက်စွမ်းပြရင် ဘယ်တော့မှ မရှုံးဘူး" ဝမ်သိုက်က ဂုဏ်ယူစွာ ပြောလိုက်သည်။

"အဲဒီ အဆောင်ထဲမှာ ကျွန်မ ဂါထာ အနည်းငယ်ထပ်ဖြည့်ထားတယ်... အဲဒီဝိညာဉ်သာ အနားကပ်လာရင်တော့ လွတ်ဖို့ မစဉ်းစားနဲ့တော့"

အခန်းထဲသို့ ပြန်ရောက်သော တုံယင်းသည် အိပ်ရာပေါ်သို့ လဲလိုက်သည်နှင့် ချက်ချင်းအိပ်ပျော်သွားတော့သည်။ အိပ် မက်မရှိသော အိပ်စက်ခြင်းမှာ သူမအတွက် အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။

သို့သော် ခဏအကြာတွင် သူမသည် ရင်ဘတ်ပေါ်၌ ဖိအားတစ်ခုကို ခံစားလိုက်ရပြန်သည်။ သူမသည် လှုပ်ရှား၍မရတော့ဘဲ မျက်လုံးများကို အားယူဖွင့်ကြည့်လိုက်ရာ သူမ ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

သို့သော် ထိုမျက်လုံးများထဲတွင် ချစ်ခင်မြတ်နိုးမှုများ မရှိချေ။ သူမ၏မုန်းကျောက် ရုပ်သွင်ကို ယူထားသော ထိုအရာ၏ မျက်လုံးများမှာ ခဲရောင်သန်းနေပြီး သေလူကဲ့သို့ အသက်ကင်းမဲ့နေသည်။

၎င်းက လက်တစ်ဖက်ကို မြှောက်ကာ တုံယင်း ပါးကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"ယင်းယင်း... ဘာလို့ ဒီလောက်တောင် စကားမနားထောင်ရတာလဲ၊ မင်း ရှာထားတဲ့ လူတွေက ငါ့ကို တားနိုင်မယ်ထင်နေတာလား၊ မင်း အရမ်းရိုးအလွန်းတာပဲ၊ ငါက အားနည်းတဲ့ ဝိညာဉ်လေး မဟုတ်ဘူးနော်"

တုံယင်းသည် လည်ပင်းကို ညှစ်ထားခံရသလို ခက်ခဲစွာပြောလိုက်သည်။

"ထွက်သွားစမ်း၊ ရှင်က တကယ့် မကောင်းတဲ့ကောင်ပဲ၊ ကျွန်မကို နှောင့်ယှက်နေလို့ ရှင် ဘာရမှာလဲ၊ ကျွန်မ ရှာထားတဲ့လူတွေ ရှင့်ကို နှိမ်နင်းနိုင်မလား၊ မနိုင်ဘူးလားဆိုတာ... ခဏနေရင် သိရမှာပေါ့၊ သတ္တိရှိရင် မပြေးနဲ့ဦး"

ထိုအရာက ဘာမှမပြောဘဲ အေးစက်သော လက်ချောင်းများဖြင့် သူမ လည်ပင်းကိုထိတွေ့ကာ အောက်သို့ ဆင်းလာသည်။

"အင်း... မင်းက တော်တော်လေးမာနကြီးတာပဲ၊ ငါ မင်းအပေါ် အရမ်းညှာတာပေးခဲ့ပုံရတယ်"

၎င်းက တုံယင်း၏လည်ပင်းကို အားဖြင့် ညှစ်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် တုံယင်း အင်္ကျီအိတ်ထဲရှိ အဆောင်မှ စွမ်းအင်များ ထွက်ပေါ်လာပြီး ထိုဝိညာဉ်ကို နွယ်ပင်များကဲ့သို့ ရစ်ပတ်လိုက်တော့သည်။ ခဲရောင်မျက်လုံးများတွင် အံ့သြတုန်လှုပ်မှုများ ဖြစ်ပေါ်သွားသည်။ ၎င်းသည် ထွက်ပြေးရန် ကြိုးစားသော်လည်း အလွန်လေးလံသော စွမ်းအင်များက ၎င်းကို ကြမ်းပြင်ပေါ်သို့ ဆွဲချလိုက်တော့သည်။

All Chapters