အခန်း ၄၉
Vol. 5 Ch. 49
Chapter 49
ဖိအားများ ပျောက်ကွယ်သွားသည်နှင့် တုံယင်းသည် အိပ်ရာပေါ်မှ ထလိုက်သည်။ သူမသည် သူမ လည်ပင်းကို ကိုင်ကြည့်ရင်း ကြမ်းပြင်ပေါ်တွင် လဲကျနေသော ဝိညာဉ်ကို ရွံရှာစွာ ကြည့်လိုက်သည်။
"ဘယ်သူက မာနကြီးတာလဲဆိုတာ အခု သိပြီလား"
ထိုအချိန်တွင် အခန်းမီးများ လင်းလာပြီး ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့ အခန်းထဲသို့ ဝင်လာကြသည်။
ဝမ်သိုက် ကြမ်းပြင်ပေါ်တွင် ရုန်းကန်နေသော ဝိညာဉ်ကို တစ်ချက်ကြည့်လိုက်ပြီး တုံယင်းကို စစ်ဆေးလိုက်သည်။
"အင်း... အဆင်ပြေပါတယ်၊ ရှင့်ရဲ့အသက်ဓာတ်က နည်းနည်း အားနည်းသွားပေမဲ့ မငြိမ်းသေးပါဘူး၊ ဒီကောင်ကို ရှင်းပြီးရင် ကျွန်မ ပြန်ဖြည့်ပေးမယ်"
"ပြီးတော့... ရှင့်ရဲ့ အကြိုက်က တော်တော်ကောင်းသားပဲ၊ ဒီလို ချောမောတဲ့ ဇာတ်လိုက်ပုံစံကိုယူပြီး ဒီလိုယုတ်ညံ့တာတွေ လုပ်နေတာ တကယ်နှမြောဖို့ကောင်းတယ်"
ဝမ်သိုက် လှောင်ပြောင်လိုက်ရာ ထိုဝိညာဉ်မှာ ပိုဒေါသထွက်ကာ ရုန်းကန်နေတော့သည်။
ထိုအရာ၏အသံမှာ ပြောင်းလဲသွားပြီး အက်ရှရှ အသံကြီး ထွက်ပေါ်လာသည်။
"မင်းတို့ တော်တော်ကောက်ကျစ်တာပဲ၊ ငါ့ကို ထောင်ချောက်ဆင်တယ်ပေါ့"
"မင်းမှာ တကယ် အစွမ်းအစရှိရင် ဒီထောင်ချောက်ကို ကျော်ဖြတ်နိုင်မှာပေါ့"
ချန်စစ်ကျယ်က လျှောက်လာပြီး ထိုဝိညာဉ် အနားတွင် ဆောင့်ကြောင့်ထိုင်ကာ စိတ်ဝင်တစား ကြည့်လိုက်သည်။
"လူတွေ ကြိုက်တဲ့ပုံစံကိုယူပြီး လိုက်နှောင့်ယှက်နေတာ... မင်း တကယ့်ရုပ်က အရမ်းရုပ်ဆိုးလို့လား၊ လူမြင်မခံရဲလို့လား"
သူ့ စကားမှာ လှောင်ပြောင်ခြင်းထက် တကယ်ကို သိချင်စိတ်ဖြင့် မေးမြန်းနေခြင်းဖြစ်သည်။ သူက လက်ကို လှုပ်ရှားလိုက်ရင်း ခပ်ပြုံးပြုံး ပြောလိုက်သည်။
"မင်းရဲ့ တကယ့်ရုပ်ကို ငါ တော်တော်ကြည့်ချင်နေပြီ... ကဲ၊ ပြစမ်းပါဦး"
ချန်စစ်ကျယ်က သူ့ဂါထာဖြင့် မုန်းကျောက်ကော၏ အတုအ ယောင်ခန္ဓာကိုယ်ကို ထိုးခွဲလိုက်သောအခါ ချောမောလှပသော အရေခွံကြီးမှာ ပျက်စီးသွားပြီး ၎င်းနောက်ကွယ်မှ တကယ့်ရုပ်သွင်စစ်စစ် ပေါ်ထွက်လာတော့သည်။
ကျားသစ်ကွက် ကြောင်တစ်ကောင်ကို လူရုပ်အဖြစ် အတင်းပြောင်းလဲထားသကဲ့သို့ပင်။
လူဦးခေါင်းပေါ်တွင် ကြောင်မျက်နှာတစ်ခုက ကပ်ငြိနေပြီး ညိုမှောင်သော ကြောင်မျက်လုံး အိမ်အတွင်းရှိ ဒေါင်လိုက်သူငယ်အိမ်များက ရှေ့တွင်ရှိသော ချန်စစ်ကျယ်ကို စူးစိုက်ကြည့်နေသည်။
အမည်းရောင် နှုတ်ခမ်းလိုင်းများမှာ အတွင်းရှိ အစွယ်များကြောင့် ဖောင်းကြွနေ၏။ နားရွက်များမှာ လေယာဉ်တောင်ပံများကဲ့သို့ နောက်သို့ကပ်နေပြီး နှုတ်ခမ်းဘေးမှ အမွေးများမှာလည်း တုန်ယင်နေသည်။
လုံးဝန်းသော မျက်လုံးနှစ်လုံးမှာပြူးထွက်နေပြီး၊ အနီရောင်ကြိုးဖြင့် ချည်နှောင်ခံထားရသော ထိုခန္ဓာကိုယ်မှာ လွန်ခဲ့ သောရာစုနှစ်က ဝတ်ဆင်လေ့ရှိသည့် အနောက်တိုင်းဝတ်စုံကို ဝတ်ထားသည်။
"ဟူး..."
ချန်စစ်ကျယ် မျက်မှောင်ကြုတ်ကာ ခေါင်းကို အလိုလို နောက်သို့ ဆုတ်လိုက်မိသည်။ သူ့ နှုတ်ခမ်းထောင့်များမှာ ရွံရှာစက်ဆုပ်မှုကြောင့် တွန့်ကွေးသွားတော့သည်။
ထိုကြောင်မျက်နှာနှင့်လူနှင့် အနည်းငယ်ဝေးသောနေရာတွင် ရပ်နေသည့် ဝမ်သိုက်မှာလည်း လက်ဖြင့် မျက်လုံးကို ကာလိုက်မိသည်။
"တကယ့်ကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုပဲ ... ငါ့မျက်လုံးတွေတောင် နာလာသလိုပဲ"
ထိုကဲ့သို့သော အရာနှင့် လပေါင်းများစွာ ပတ်သက်ခဲ့ရသော တုံယင်းမှာတော့ ပိုမိုဆိုးရွားလှသည်။ သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ပါးစပ်ကို အုပ်ကာပျို့ အန်နေတော့သည်။
လက်နှစ်ဖက်ဖြင့် သူမ၏လက်မောင်းများကို ကုတ်ဖဲ့နေမိပြီး ထိုအရေပြားကိုပင် ခွာချပစ်ချင်နေပုံရသည်။ သူမသည် ထိုအရာကို ထပ်မကြည့်ဝံ့တော့ဘဲ
"ဒါ ဘာကြီးလဲ...... ရွံစရာကြီး" ဟု အော်ဟစ်လိုက်သည်။
အစက သူမကိုယ် သူမ အလုပ်မှာ တာဝန်ကျေပါတယ်ဟု ပြောခဲ့သော ဝမ်သိုက်မှာ အခုတော့ စိတ်ပြောင်းသွားပုံရသည်။ သူမသည် ရပ်နေသည့်နေရာမှ မလှုပ်ဘဲမျှော်လင့် ချက်အပြည့်ရှိသော မျက်လုံးများဖြင့် ချန်စစ်ကျယ်ကို ကြည့်လိုက်ရာ သူက လှည့်ကြည့်လာရတော့သည်။
"အို... ကျွန်မရဲ့ အချစ်တော် လုပ်ဖော်ကိုင်ဖက်ကြီး၊ ဒါကို ရှင့်လက်ထဲ အပ်လိုက်ရင် အဆင်ပြေတယ်မဟုတ်လား၊ ရှင်တို့က ယောကျ်ားလေးအချင်းချင်းဆိုတော့ စကားပြောရတာ ပိုလွယ်မှာပါ"
တာဝန်လွှဲချရမည့် အချိန်ရောက်လျှင် ဝမ်သိုက်မှာ အလွန်ပင် လျင်မြန်လှသည်။ သူမသည် မျက်တောင်လေးများကို ပုတ် ခတ်ပုတ်ခတ် လုပ်ပြနေတော့သည်။
သို့သော် မျက်နှာသေနှင့် ချန်စစ်ကျယ်မှာတော့ သူမ၏ မျက် တောင်ခတ်ပြမှုကို မြင်သည့်ပုံမပေါ်ပေ။ သူသည် ကြောင်မျက်နှာနှင့်လူကို တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ ဝမ်သိုက်ကိုသာ စိုက်ကြည့်ရင်း သူ့ လက်သုံးစကားကို ထုတ်သုံးလိုက်သည်။
"ဒါပေါ့... အဆင်ပြေပါတယ်။ ဒါပေမဲ့ အခကြေးငွေကို ငါက ၇ ပုံ၊ မင်းက ၃ ပုံဆိုရင်လည်း အဆင်ပြေတယ်မဟုတ်လား"
ဝမ်သိုက်စကားများမှာ လည်ချောင်းထဲတွင် တစ်သွားတော့ သည်။ သူမသည် မျက်လုံးပြူးကာ သူ့ကို ကြည့်ရင်း
"...ကောက်ကျစ်တဲ့ လူယုတ်မာ၊ ချန်စစ်ကျယ်... ရှင် ကျွန်မရဲ့ ဉာဏ်ပူဇော်ခကို မလုရရင် သေသွားမှာလား"
သူမသည် သက်ပြင်းတစ်ချက်ချကာ၊ မကြည့်ချင် ကြည့်ချင်ဖြင့် ထိုကြောင်မျက်နှာနှင့်လူကို ကြည့်လိုက်သည်။ အမှန်မှာတော့ ကြည့်လေလေ ခေါင်းကိုက်လေလေပင်။
သူမသည် မဝံ့မရဲဖြင့် သူတို့ဆီသို့ တဖြည်းဖြည်း တိုးလာသည်။ ဝမ်သိုက်သည် ချန်စစ်ကျယ်ဘေးတွင် ရပ်လိုက်ပြီး နှာခေါင်းကို ညှစ်ကာ မျက်လုံးများကို လက်နောက်ကွယ်တွင် ဝှက်ထားလိုက်သည်။
"ရှင် ဘယ်ကလာတာလဲဆိုတာ ကိုယ့်ဘာသာ ကိုယ်ပဲ အစစ်ခံမလား၊ ကျွန်မကို အတင်းအဓမ္မ စစ်ဆေးခိုင်းဖို့ မတွန်းအားပေးပါနဲ့၊ အတင်းအဓမ္မ အတိတ်ကိုပြန်ဖော်ခိုင်းတာက ရှင့်အတွက်လည်း နာကျင်ရလိမ့်မယ်"
သို့သော် ထိုကြောင်မျက်နှာနှင့်လူမှာ သေခါနီးအထိ မာနကြီးနေဆဲဖြစ်သည်။ ၎င်းက လှောင်ပြောင်ရယ်မောရင်း
"မင်း ငါ့ကို စိတ်ဓာတ်ရေးရာအရ လှုံ့ဆော်နေတာ ငါ သိတယ်နော်၊ မင်း ငါ့ရဲ့ အတိတ်ကိုမမြင်နိုင်လို့ ငါ့ဘာသာ ပြောပြအောင် လိမ်ညာနေတာ မဟုတ်လား၊ မင်း ငါ့ကို ချည်ထားတာကလွဲရင် တခြား ဘာတတ်သေးလို့လဲ"
၎င်း၏မာနကြီးသော လေသံမှာ တကယ်ပင် လက်သီးစာ ကျွေးချင်စရာကောင်းလှသည်။
အလုပ်ထိရောက်မှုကို ဦးစားပေးသော ချန်စစ်ကျယ်သည် သူ့လက်ချောင်းများကို ပွတ်သပ်နေခြင်းကို ရပ်လိုက်သည်။ သူသည် မတ်တပ်ရပ်လိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"ဒါက ကြောင်မိစ္ဆာ မဟုတ်ပါဘူး၊ ဟင်း... ဒီလောက် ရုပ်ဆိုးတဲ့ ကြောင်မိစ္ဆာ ဘယ်မှာရှိမှာလဲ..."
သူ့ လေသံထဲတွင် စက်ဆုပ်ရွံရှာမှုများ ပါဝင်နေသည်။
"သူ့ရဲ့ တကယ့်ဘဝက လူတစ်ယောက်ပဲ၊ ငယ်စဉ်ကတည်း က နိုင်ငံခြားမှာ ပညာသင်ခဲ့ပြီး အဲဒီမှာပဲ အခြေချနေထိုင်ခဲ့တယ်၊ အသက် ၂၇ နှစ်မှာ ကားအက်စီးဒင့်နဲ့ သေဆုံးသွားခဲ့တာ၊ သေဆုံးချိန်မှာ သူက အပိုင်းပိုင်းဖြတ်ထားတဲ့ ကြောင်အသေကောင်တွေကို အိတ်နဲ့ထုတ်ပြီး အမှိုက်ပုံးထဲ သွားပစ်ဖို့လုပ်နေတာ”