အခန်း ၅၀
Vol. 5 Ch. 50
Chapter 50
“ငယ်ငယ်ကတည်းက ကြောင်တွေကို ညှဉ်းပန်းနှိပ်စက်တဲ့ အကျင့်ရှိခဲ့ပြီး အမေရိကန်ကို ရောက်တော့လည်း မရပ်ခဲ့ဘူး၊ ပတ်ဝန်းကျင်က လေလွင့်ကြောင်တွေ အကုန်လုံး သူ့လက် ချက်မိခဲ့ကြတာပဲ၊ အဲဒီ နာကျည်းချက် ပြင်းထန်တဲ့ ကြောင်ဝိညာဉ်တွေက သူ့ကို ကျိန်စာတိုက်ခဲ့ကြတာ... ကိုယ်ပြုတဲ့ကံ ကိုယ်ပဲ ပြန်ခံရတာပေါ့"
သူ၏ အတိတ်က အမှောင်ထုများကို ဖော်ထုတ်ခြင်း ခံလိုက်ရသော်လည်း ထိုကြောင်မျက်နှာနှင့်လူမှာ အနည်းငယ်မျှ နောင်တရပုံမရပေ။ ၎င်းက ရက်စက်စွာ ရယ်မောရင်း ဒေါသထွက်စရာကောင်းသော စကားများကို ပြောလာသည်။
"ငါက ကြောင်တွေကို နှိပ်စက်တော့ ဘာဖြစ်လဲ၊ သူတို့က စကားမှ နားမထောင်တာ၊ ဘယ်သူက သူတို့ကို စကားနားမထောင်ခိုင်းလို့လဲ၊ ငါ သူတို့ကို ကျွေးမွေးတယ်၊ ငါ သူတို့ကို စောင့်ရှောက်တယ်၊ ငါ သူတို့အပေါ် မကောင်းလို့လား..”
“သူတို့က ဘာလို့ ငါ့ဆီကထွက်သွားချင်ရတာလဲ၊ ဘာလို့ ထွက်ပြေးဖို့ ကြံစည်ရတာလဲ၊ ဘာလို့ တခြားလူ ကျွေးတဲ့အစာကို စားရဲရတာလဲ၊ ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတာက သူတို့ပါ၊ လူကောင်းကိုစော်ကားတဲ့ တိရစ္ဆာန်တွေ"
ထိုစကားများက တုံယင်းကို တစ်ခုခု သတိရသွားစေသည်။ သူမက ရုတ်တရက် ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ခြောက်လလောက်က၊ ကျွန်မ အပြင်မှာ ကြောင်သွားကျွေးတုန်းက ကျားသစ်ကွက် ကြောင်တစ်ကောင်ကို တွေ့ခဲ့တယ်... ညသန်းခေါင်ယံမှာပေါ့"
တန်ပေးမြို့၏လုံခြုံရေးမှာ မဆိုးလှသော်လည်း ညဘက်တွင် အပြင်ထွက်ရန် တုံယင်း အနည်းငယ်တုံ့ဆိုင်းနေခဲ့သည်။
သို့သော် အောက်ထပ်မှ ကြောင်အော်သံမှာ သူမ စိတ်ကို လှုပ်ရှားစေခဲ့သည်။ အိပ်မပျော်ဘဲ နိုးနေခြင်းမှာလည်း ရေစက်တစ်ခုဟု သူမ ယူဆလိုက်မိသည်။ သူမသည် အခန်းထဲတွင် အသင့်ရှိသော ကြောင်စာများနှင့် ကြောင်မုန့် များကို ယူကာ အပြင်သို့ ထွက်လာခဲ့သည်။
ညဘက်တွင် အပူချိန်က ရုတ်တရက် ကျဆင်းသွားသဖြင့် သူမ၏ပါးလွှာသော အိပ်ယာဝင်ဝတ်စုံမှာ လေတိုက်မှုကြောင့် ခန္ဓာကိုယ်တွင် ကပ်နေသည်။ သူမသည် ကြောင်အော်သံနောက်သို့ လိုက်ရင်း လူသူကင်းမဲ့သော နေရာတစ်ခုသို့ ရောက်သွားသည်။
ထိုနေရာတွင် မျက်လုံးလေးများ လင်းလက်နေသော ကြောင်တစ်ကောင်ကို တွေ့လိုက်ရရာ၊ အနားသို့ တိုးသွားသောအခါ ကျားသစ်ကွက်ကြောင်လေးတစ်ကောင် ဖြစ်နေ၏။ သူမက ကြောင်စာအိတ်ကို ဖွင့်လိုက်သောအခါ ထိုကြောင်မှာ နောက် သို့ ဆုတ်သွားခြင်း မရှိတော့ပေ။
"မကြောက်နဲ့နော်... လာ၊ စားပါ"
သူမသည် အသံကို တိုးတိုးလေးလုပ်ကာ ကြောင်စာများကို ကြမ်းပြင်ပေါ်သို့ လောင်းချပေးလိုက်သည်။
ခဏအကြာတွင် အမေရိကန် ရှော့ဟဲယား ကြောင်များနှင့် ကြောင်ဝါကြီး နှစ်ကောင်လည်း ထွက်လာကြသည်။ သူမသည် သူတို့ကိုပါ ကြောင်စာများ ထပ်ပေးလိုက်ပြီး ကြောင်မုန့်များကိုလည်း ဖောက်ကျွေးလိုက်သည်။
လမ်းကြားလေးအဆုံးတွင်တော့ ထူးထူးခြားခြား လင်းလက်နေသော မျက်လုံးတစ်စုံက တုံယင်း၏အာရုံကိုဆွဲဆောင်လိုက်သည်။ သူမသည် အနားရှိ ကြောင်များကို ကျွေးနေရင်း ခေါင်းကို မော့ကြည့်လိုက်ရာ အဝေးတွင် ငြိမ်သက်စွာ ရပ်နေပြီး အနားမကပ်လာသော ကြောင်တစ်ကောင်ကို တွေ့လိုက်ရသည်။
တုံယင်းက ကြောင်မုန့်များ ကုန်သွားသည်အထိ ကျွေးပြီးသော်လည်း ထိုကြောင်မှာ ထွက်မသွားသေးချေ။ သူမသည် ထရပ်ကာ လမ်းကြားလေးထဲသို့ လျှောက်သွားလိုက်ရာ၊ အနားရောက်မှ ၎င်းမှာ ကျားသစ်ကွက်ကြောင် ဖြစ်နေသည်ကို အံ့သြစွာ တွေ့လိုက်ရသည်။ A နိုင်ငံကဲ့သို့ နေရာမျိုးတွင် လေလွင့်နေသော ကျားသစ်ကွက်ကြောင်ကို တွေ့ရဖို့မှာ အလွန်ခဲယဉ်းလှသည်။
"နင်... အိမ်ကနေ ပြေးထွက်လာတာလား"
သူမသည် အသံကို နူးညံ့အောင်လုပ်ကာ ထိုကြောင်လေးနားသို့ တိုးသွားရန် ကြိုးစားသော်လည်း ၎င်းသည် ရုတ်တရက်ဆိုသလို သူမ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။
"ကျွန်မ ဒီမှာ ကြောင်မမွေးဖူးပေမဲ့၊ တရုတ်ပြည်က အိမ်မှာတော့ ကြောင် ၆ ကောင် ရှိတယ်၊ လေလွင့်ကြောင်တွေကိုလည်း ခဏခဏ ကျွေးဖူးတော့ ကျားသစ်ကွက်ကြောင်ဆိုတာ ဘယ်လိုပုံလဲဆိုတာ ကျွန်မ ကောင်းကောင်း သိပါတယ်”
“မှောင်နေရင်တောင် ကျွန်မ မမှားနိုင်ဘူး၊ အဲဒီတုန်းက တန်ပေးမှာ ဘာလို့ ကျားသစ်ကွက်ကြောင် ရှိနေတာလဲဆိုတာ ကျွန်မ တော်တော် ထူးဆန်းနေခဲ့တာ" ဟု တုံယင်းက ပြောပြသည်။
ဝမ်သိုက် ကြမ်းပြင်ပေါ်ရှိ ကြောင်မျက်နှာနှင့်လူကို တစ်ချက်ကြည့်လိုက်သည်။
"ဒီပုံစံအရဆိုရင်တော့ ဒီဝိညာဉ်က ရှင့်နောက်ကို လိုက်နေတာ ကြာလှပြီ၊ ကံကြမ္မာဟောဆရာနဲ့ ချိတ်ဆက်လိုက်တဲ့ အချိန်မှာ သူ အခွင့်ကောင်းယူပြီး ရှင့်ဆီ ဝင်လာတာပဲ"
အချိန်မဆွဲတော့ဘဲ ဝမ်သိုက်သည် သူမ အစောင့်အရှောက်များကို ခေါ်ယူကာ ထိုကြောင်မျက်နှာနှင့်လူကို ခေါ်ဆောင် သွားစေသည်။
"မှားတာ၊ မှန်တာတွေကိုတော့ ငရဲပြည်မှာပဲ ဆုံးဖြတ်ကြပါတော့"
သူမသည် သူမ အိတ်ထဲမှ အနီရောင် အဆောင်တစ်ခုကို ထုတ်ကာ တုံယင်းကို ပေးလိုက်သည်။
"ဒါကို ရှင့်ရဲ့ကတ်အိတ် ဒါမှမဟုတ် ပိုက်ဆံအိတ်ထဲမှာ အမြဲဆောင်ထားပါ၊ အသက်ဓာတ်ကို ပြန်ဖြည့်ပေးလိမ့်မယ်"
ဝမ်သိုက်သည် သူမ အိတ်ကို ဘေးက ကုလားထိုင်ပေါ်သို့ တင်လိုက်ပြီး ဇစ်ကိုဖွင့်ကာ တုံယင်းကို အနားသို့ ခေါ်လိုက်သည်။ ချန်စစ်ကျယ်လည်း အနောက်ကနေ လိုက်လာသည်။
အိတ်ထဲတွင် အဆောင်များသာမက လက်ပတ်များ၊ လက် ကောက်များနှင့် အမွှေးနံ့သာအိတ်လေးများစွာ ရှိနေသည်။
ချန်စစ်ကျယ် ဝမ်သိုက်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ
"မင်းက လက်လီလက်ကား ဈေးကွက်နဲ့များ အလုပ်အတူတူ လုပ်နေတာလား" ဟု လှောင်လိုက်သည်။
"ကျွန်မ တစ်ခါတလေကျရင် ရှင့်ပါးစပ်ကို ဆွဲဖြဲပစ်ချင်တယ်၊ ဒါတွေက ကျွန်မ သေသေချာချာရွေးချယ်ပြီး ဝယ်ထားတာတွေ၊ ရှင် မသိရင် ဘာမှဝင်မပြောနဲ့"
ချန်စစ်ကျယ် တစ်ခုခုထပ်ပြောတော့မည့် ဆဲဆဲတွင် ဝမ်သိုက်က ချက်ချင်းပိတ်ပင်လိုက်သည်။
သူမသည် အိတ်ထဲရှိ ပစ္စည်းများကို တစ်ခုချင်း ပြသလိုက်ပြီး တုံယင်းကို ရွေးခိုင်းသည်။
"စိတ်ကြိုက် တစ်ခုရွေးပါ၊ အကုန်လုံးကို ကျွန်မ ဂါထာမန်းထားပြီးသား၊ ရှင့်ရဲ့ အသက်ဓာတ်ပြန်ပြည့်ဖို့အတွက် ကျွန်မ ပြန်လုပ်ပေးရဦးမယ်၊ ဒီအဆောင်ကိုတော့ သုံးနှစ်ဆက် တိုက်ဆောင်ထားတာ အကောင်းဆုံးပဲ၊ တစ်နှစ် တစ်ခါအ သစ်လဲပေါ့၊ အဟောင်းကိုတော့ စီးဆင်းနေတဲ့ မြစ်ထဲကို သွားမျှောလိုက်"
ချန်စစ်ကျယ် ဘေးကနေ
"ဟင်း... မင်းရဲ့ နည်းလမ်းတွေက တော်တော်ဆန်းကြယ်တာပဲ၊ သုံးနှစ်တောင် ကြာရမယ်ပေါ့၊ ငါသာဆိုရင် အလွန်ဆုံး ၃ လနဲ့ အပြတ်ရှင်းနိုင်တယ်" ဟု ဝင်ပြောပြန်သည်။
ဝမ်သိုက် သူ့လက်မောင်းကို တစ်ချက် ရိုက်လိုက်ရာ သူက နာသွားသဖြင့် "အား" ဟု ညည်းလိုက်သည်။
"ရှင်နဲ့ ကျွန်မက လုပ်ဖော်ကိုင်ဖက်ဆိုတာ သိလို့သာပေါ့၊ မဟုတ်ရင် ပြိုင်ဘက်တွေလို့ ထင်ကုန်ကြဦးမယ်... လုပ်အားခကို ကျွန်မ ခွဲပေးမှာပါ၊ ဒါတွေက ကျွန်မကိုယ်တိုင် ဂါထာမန်းထားတာတွေလေ၊ ရှင်တို့ တာအိုဆရာတွေပဲ ဂါထာမန်းတတ်တယ်လို့ ထင်နေတာလား”
“ရှင်က ၃ လနဲ့ ရှင်းမယ်ဆိုတာက ဘာကိုမှ သေချာမလုပ်တတ်လို့ပဲ၊ ရှေ့နေတစ်ယောက်က စကားပြောရင် သေချာတိကျဖို့ မလိုဘူးလား"
ဝမ်သိုက် သူ့ကို ရန်တွေ့ရင်း တုံယင်းကို ပစ္စည်းများဆက်ပြနေသည်။
တုံယင်းကမူ သူတို့နှစ်ဦး ရန်ဖြစ်နေသည်ကို ကြည့်ကာ ပြုံးလိုက်သည်။
"ရှင့်တို့ နှစ်ယောက်က ဆက်ဆံရေးတော်တော်ကောင်းတာပဲနော်၊ တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်"
"ကျွန်မနဲ့ သူနဲ့က"
ဝမ်သိုက် ပြန်ပြောရန် ပြင်လိုက်သော်လည်း ချန်စစ်ကျယ်က နှာခေါင်းရှုံ့လိုက်သဖြင့် သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် တစ်ချက်စီ ကြည့်ကာ မျက်နှာလွှဲလိုက်ကြသည်။
တုံယင်းသည် အမွှေးနံ့သာအိတ် တစ်ခုကို ရွေးလိုက်ပြီး
"ဒါက ဘာအတွက် သုံးတာလဲ၊ ပန်းထိုးထားတာ တော်တော်လှတယ်၊ ဆရာမ ကိုယ်တိုင် ထိုးထားတာလား"
"ဒါက စိတ်ငြိမ်စေတဲ့ အမွှေးအိတ်ပဲ၊ အိပ်မက်ဆိုးမက်တာမျိုး၊ ဝိညာဉ်ခြောက်တာမျိုး ခံရရင် ဒါကို အိပ်ရာခေါင်းရင်းမှာ ထားလိုက်၊ ဒါက ကျွမ်းကျင်တဲ့ အဒေါ်ကြီးတစ်ယောက်ကို အပ်ပြီးထိုးခိုင်းထားတာ၊ ကျွန်မ လက်ကတော့ အဲဒီလောက် မကျွမ်းကျင်ဘူး ကျွန်မက စိတ်ကလည်း မကြည်သလို လက်ကလည်းမမြန်ဘူးလေ"
"ကိုယ့်ကိုကိုယ် သိတာတော့ ကောင်းပါတယ်"
ချန်စစ်ကျယ် အသံက ထွက်ပေါ်လာပြန်သည်။ ဝမ်သိုက် ဒေါသထွက်သွားသော်လည်း အောင့်ထားလိုက်ပြီး တုံယင်းကိုသာ ဆက်လက် ရှင်းပြနေသည်။ သူမသည် ငွေလက် ကောက်နှင့် လက်ပတ်များကို ပြသလိုက်သည်။
တုံယင်းက ထိုပစ္စည်းလေးများကို အလွန်နှစ်သက်ပုံရသဖြင့် ပစ္စည်းတော်တော်များများကို ဝယ်ယူလိုက်သည်။ ထို့ကြောင့် ဝမ်သိုက် မျက်နှာလေးမှာ ပြုံးရွှင်သွားတော့သည်။
"ဆရာမ၊ ကျွန်မကို QR ကုတ်ပေးပါ၊ ပိုက်ဆံလွှဲပေးမယ်"
ဝမ်သိုက် ဖုန်းကို ထုတ်လိုက်ရင်း
"ဒီတစ်ခါ ကိစ္စအတွက် ရှင် ၄၀၀၀ ပဲ ပေးရင် ရပြီ၊ ၂၀၀၀ ကိုတော့ ဘေးက လူကြီးကို လွှဲပေးလိုက်၊ ဒီပစ္စည်းလေးတွေအတွက်တော့ ပိုက်ဆံပေးစရာမလိုပါဘူး"
"...ပိုက်ဆံ ၂ သိန်း ရောက်ရှိလာပါပြီ"
ဖုန်းထဲမှ အသံက ထွက်ပေါ်လာသောအခါ ဝမ်သိုက်မှာ ကြောင်သွားတော့သည်။ သူမသည် တုံယင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
"မဟုတ်ဘူးလေ... ရှင်က ပိုက်ဆံတွေကို ဒီအတိုင်း ပေးပစ်နေတာလား၊ ညီမလေး... ဒါက အရမ်းများလွန်းတယ်၊ ကျွန်မ ပြန်လွှဲပေးမယ်"
တုံယင်းက ပြုံးကာ
"ဒါက ကျွန်မအတွက် ဘာမှမဟုတ်ပါဘူး၊ ဂိမ်းထဲမှာ ခင်တဲ့လူတွေတွေ့ရင်တောင် ကျွန်မ တစ်သိန်းကျော်တန်တဲ့ အဝတ် အစားတွေ၊ ပစ္စည်းတွေ လက်ဆောင်ပေးနေကျပဲ၊ ရှင်တို့က ကျွန်မကို အများကြီး ကူညီပေးခဲ့တာလေ၊ တကယ်တော့ ကျွန်မ ကိုယ့်ဘာသာ နည်းတောင်နည်းနေတယ်လို့ ထင်နေတာ၊ ဒီလအတွက် အသုံးစရိတ်က နည်းနည်းကုန်သွားလို့ပါ၊ နောက်မှ ထပ်ဖြည့်ပေးဦးမယ်..."
"မဖြည့်နဲ့တော့၊ ဒါ တကယ်ကို များလှပြီ"
ဝမ်သိုက်က သူမကို တားလိုက်သည်။
ဝမ်သိုက်သည် ထို ၂ သိန်းထဲမှ တစ်ဝက်ကို ချန်စစ်ကျယ်အား ချက်ချင်းလွှဲပေးလိုက်သည်။ ပိုက်ဆံအများကြီး ရလိုက်သော်လည်း တစ်ဝက်ခွဲပေးရသည့်အတွက် သူမ အနည်းငယ်တော့ နှမြောနေမိသည်။
တုံယင်းကို နှုတ်ဆက်ပြီးနောက် သူတို့နှစ်ဦး ဓာတ်လှေကားဖြင့် ဆင်းလာခဲ့ကြသည်။ လမ်းတွင် ဝမ်သိုက်က မကျေမနပ်ဖြင့် ပြောနေသည်။
"ဒီတစ်ခါ ရှင်က ဘာမှလည်း ကူညီမပေးဘဲနဲ့... ကျွန်မ တစ် ယောက်တည်းလည်း လုပ်နိုင်တာကို..."
ချန်စစ်ကျယ် သူမကို လှောင်ပြောင်ရယ်မောရင်း ပြန်ပြော လာသည်။
"ငါနဲ့ အလုပ်အတူတူ လုပ်ချင်တယ်လို့ ပြောခဲ့တာ မင်းပဲလေ၊ စာချုပ်လည်း ချုပ်ထားပြီးပြီ၊ အခုမှ နောင်တရလို့မရဘူး၊ ငါ့ဆီ ရောက်လာတဲ့ ပိုက်ဆံတွေကိုလည်း ပြန်မပေးနိုင်ဘူး"