← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

Chapter 51

"ကျွန်မက ပြန်တောင်းမယ်လို့ မပြောပါဘူး၊ ဒီအတိုင်း ညည်းပြရုံတင်ပါ၊ ရှင့်ရဲ့ ရှေ့နေစကားတွေနဲ့ ကျွန်မကို မနှိမ်ပါနဲ့တော့"

သူတို့နှစ်ဦး၏ ငြင်းခုံသံမှာ အပြင်ဘက်မှ မိုးသံများကဲ့သို့ပင် မရပ်မနား ထွက်ပေါ်နေသည်။

ကားကို မြေအောက်ရပ်နားစခန်းမှ မောင်းထုတ်လာစဉ် ဝမ်သိုက်သည် လမ်းဘေးရှိ သစ်ပင်အောက်တွင် ရပ်နေသော ကြောင်လေးတစ်ကောင်ကို တွေ့လိုက်ရသည်။

ကျားသစ်ကွက်ကြောင်လေးတစ်ကောင် ဖြစ်ပြီး ၎င်းသည် သစ်ပင်အောက်တွင် ခြေဖျားလေးများဖြင့် ဟိုဟိုဒီဒီ လျှောက်နေကာ အေးစိမ့်နေပုံရသည်။

မောင်းသူနေရာတွင် ထိုင်နေသော ချန်စစ်ကျယ်သည် နောက်ကြည့်မှန်မှတစ်ဆင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး လမ်းလယ်ခေါင်တွင် ကားကို ရပ်လိုက်သည်။ ဝမ်သိုက်က အံ့သြစွာဖြင့် သူ့ကို ကြည့်လိုက်သော်လည်း သူသည် ထီးကိုယူကာ ကားပေါ်မှ ဆင်းသွားတော့သည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များအကြားတွင် အနက်ရောင်ထီးတစ်လက်မှာ သူ့ကိုယ်ပေါ်သို့ လွင့်စင်လာမည့် မိုးစက်များကို အပြည့်အဝ မကာကွယ်နိုင်ခဲ့ပေ။ သူသည် သစ်ပင်အောက်သို့ အရောက်သွားကာ ထိုကျားသစ်ကွက်ကြောင်လေး မိုးခိုနိုင်ရန် ထီးကို ချပေးခဲ့သည်။

ထီးမပါတော့သော ချန်စစ်ကျယ်မှာ ကားဆီသို့ ပြန်ပြေးလာရသည်မှာ အနည်းငယ် သနားစရာကောင်းလှသည်။ တန်ဖိုးကြီးလှသော သူ၏ ကုတ်အင်္ကျီမှာ ရေစုပ်စက်ကဲ့သို့ ဖြစ်သွားပြီး ကားထဲသို့ အမြန်ဝင်လိုက်ရသည်။

ကားထဲတွင်တော့ ဟိန်းခနဲ မြည်နေသော အပူပေးစက်သံနှင့် တစ်ရှူးများကို တဗြိဗြိဆွဲကာ သုတ်နေသည့် အသံများသာ ထွက်ပေါ်နေတော့သည်။ သူသည် မျက်နှာကို ခပ်ကြမ်းကြမ်း သုတ်လိုက်ပြီးနောက် ကားကို ပြန်လည်စက်နှိုးကာ ထိုနေရာမှ မောင်းထွက်ခဲ့သည်။

ဘေးထိုင်ခုံမှ ဝမ်သိုက်က သူ့ကို အံ့သြတကြီး ကြည့်နေမိသည်။ သူမသည် ခန္ဓာကိုယ်ကို လှည့်ကာ ထိုင်ခုံနောက်ကျောကို မှီရင်း အဝေးတွင် ကျန်ရစ်ခဲ့သော ထီးအောက်က ကြောင်လေးကို လှမ်းကြည့်နေမိသည်။

"ရှင်က စိတ်ကောင်းရှိသားပဲ"

သူမက ခန္ဓာကိုယ်ကို ပြန်တည့်လိုက်ပြီး စိုစွတ်အေးစက်နေသော ချန်စစ်ကျယ်ကို ကြည့်ကာ မေးလိုက်သည်။

"ပြီးရင် ရှင်အိမ်ကို ဘယ်လိုပြန်မလဲ၊ အော်... မေ့လို့၊ ရှင့်အိမ်မှာ မြေအောက်ကားရပ်နားစခန်း ရှိတာပဲ"

စိုစွတ်နေသော ဆံပင်များကို သူက အနောက်သို့ အသာအယာ သပ်တင်လိုက်ရာ မိုးရေများမှာ ဆံပင်ထောင်ဂျယ်လ်ကဲ့သို့ ဖြစ်သွားပြီး ဘေးခွဲ ပုံစံ ဖြစ်သွားတော့သည်။ သူက ဝမ်သိုက်ကို တစ်ချက်ကြည့်ကာ

"ငါ အဲဒီမှာ အမြဲတမ်း မနေဘူး"

"အာ... ဟုတ်သားပဲ၊ ရှင်က အိမ်ခြံမြေတွေ အများကြီး ရှိတာပဲ၊ သူဌေးသားဖြစ်ရတာ တော်တော်ကောင်းတာပဲနော်၊ ဒါဆို အခုအိမ်ပြန်ရင် မိုးပြန်စိုဦးမှာပေါ့"

ဝမ်သိုက်၏ မေးခွန်းက စိုးရိမ်သလိုလိုနှင့် သရော်သလိုလို ဖြစ်နေသည်။

သူက သူမကို တစ်ချက်ပြန်စောင်းကြည့်ကာ အေးအေးဆေးဆေးပင်

"မစိုပါဘူး၊ ငါ အခုသွားမယ့် အိမ်မှာလည်း မြေအောက်ကားရပ်နားစခန်း ရှိတယ်"

ဝမ်သိုက်မှာ စကားစ ဆွံ့အသွားပြန်သည်။ သူမသည် တံခါးဘက်သို့ မျက်နှာမူလိုက်ပြီး တိုးတိုးလေး ညည်းတွားလိုက်သည်။

"တကယ့် သူဌေးသားကို သွားမေးမိတာ ငါ့အမှားပဲ..."

သူမက သူမ၏ ထီးကို သူ့အား ငှားပေးမည့်အကြောင်း ပြောတော့မည့်ဆဲဆဲ ဖြစ်သည်။

"ဒါပေမဲ့ တကယ်ပြောတာနော်၊ ရှင့်ရဲ့ လာဘ်က တော်တော်ကောင်းတာပဲ၊ ရှင့်ကြောင့် ကျွန်မပါ ချမ်းသာလာတယ်၊ တူရာတူရာစု ဆိုသလိုပဲ၊ ရှင့်နားမှာ နေရတာ လာဘ်လာဘတွေ ပွင့်လာသလိုပဲ၊ ၂ သိန်းတောင်လေ... မဟုတ်ဘူး၊ တစ်သိန်းပဲ"

ဝမ်သိုက်သည် ရရှိလာသော ငွေများကို တွေးကာ ပြုံးလိုက်သော်လည်း တစ်ဝက်ခွဲပေးရသည်ကို သတိရကာ ပြန်လည် မျက်နှာညှိုးသွားသည်။

လမ်းဆုံတွင် မီးနီမိသွားသဖြင့် ချန်စစ်ကျယ်က လှည့်ကြည့်လာသည်။ သူ၏ မျက်မှောင်ကြုတ်ထားသော မျက်လုံးအစုံမှာ သူမကို စက်ဆုပ်ရွံရှာဟန် ပြနေသည်။

"မင်း စကား တော်တော်များတာပဲ"

"ပါးစပ်ပါတာပဲ၊ ဘာလို့ မပြောရမှာလဲ"

"စောစောကတင် ငါ့ပါးစပ်ကို ဖြဲပစ်ချင်တယ်လို့ ပြောထားတာ မဟုတ်လား"

"အဲဒါက ရှင် စကားကိုကောင်းကောင်း မပြောတတ်လို့လေ"

"ဒါဆို မင်းကရော ကောင်းကောင်းပြောတတ်လို့လား"

ကလေးနှစ်ယောက် ရန်ဖြစ်သလိုမျိုး ဖြစ်လာတော့မည်ကို သိသဖြင့် ဝမ်သိုက် နားနှစ်ဖက်ကို အုပ်လိုက်သည်။

"ရှင့်ထက်တော့ ကောင်းကောင်းပြောတတ်ပါတယ်၊ တော်ပြီ... ရှင့်ကို မပြောချင်တော့ဘူး၊ ကျွန်မကို စကားမလာပြောနဲ့"

ရုတ်တရက်ဆိုသလို သူမသည် အိတ်ထဲမှ ဖုန်းကိုကပျာက ယာ ထုတ်ကာ တုံယင်းဆီသို့ဖုန်းဆက်လိုက်သည်။

"အော်... ညီမလေး၊ တစ်ခုပြောဖို့ မေ့သွားလို့၊ ညီမလေး အဲဒီဂိမ်းကို ဆက်ကစားချင်ရင် တာရော့ကတ် တစ်စုံဝယ်ပြီး ကိုယ့်ဘာသာ ကိုယ် လေ့လာကြည့်လို့ ရတယ်၊ အဲဒီနည်းနဲ့ ညီမလေးရဲ့မုန်းကျောက် နဲ့ ဆက်သွယ်လို့ ရပါတယ်၊ အရေးကြီးတာက ဝိညာဉ်ခေါ်တာမျိုးတွေ ထပ်မလုပ်ဖို့ပဲ”

“တာရော့ကတ်က ညီမလေးရဲ့ စိတ်စွမ်းအင်နဲ့ စကားပြောဖို့ ကူညီပေးလိမ့်မယ်၊ ဒါပေမဲ့ သတိထားရမှာက ဂိမ်းထဲက ဇာတ်ကောင်တွေဆိုတာ တကယ့်လူသားအဖြစ် ညီမလေးနားမှာ ပေါ်လာမှာ မဟုတ်ဘူးဆိုတာပဲ..."

ဖုန်းပြောပြီးနောက် ဝမ်သိုက်မှာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ကားမောင်းနေသော ချန်စစ်ကျယ်က ရုတ်တရက် မေးလာသည်။

"အဲဒီ စိတ်စွမ်းအင်ဆိုတာ တကယ်တော့ စိတ်ကူးယဉ်မှုဆိုတာ မင်းသိတယ်မဟုတ်လား"

"သိတာပေါ့၊ ကျွန်မ ပြောပြခဲ့ပြီးသားပဲ"

သူမက ဂရုမစိုက်သလို ပြန်ဖြေသည်။

သူ့လေသံက ပိုဇဝေဇဝါ ဖြစ်လာသည်။

"ဘာလို့ အချက်အလက် တွေအပေါ်မှာ ဒီလောက်အထိ စိတ်လှုပ်ရှားနေကြတာလဲ၊ မိန်းကလေးတွေရဲ့ စိတ်ခံစားချက်က ဒီလောက်တောင် ပြင်းထန်တာလား"

ဝမ်သိုက် သူ့ကို လှည့်ကြည့်လိုက်သည်။

"ဂိမ်းထဲက ဇာတ်ကောင်တွေက တချို့လူတွေအတွက်တော့ အချက်အလက်သက်သက် မဟုတ်ဘူး၊ အဲဒါက စိတ်ပိုင်းဆိုင်ရာ အားကိုးရာတစ်ခုပဲ၊ ဘုရားတရား ကြည်ညိုတဲ့ လူတွေလိုမျိုးပေါ့”

“စိတ်ကူးယဥ် ချစ်သူကပေးတဲ့ နွေးထွေးမှုကို ငြင်းပယ်လို့ မရပါဘူး၊ အဲဒါက စိတ်ခံစားချက် များတာ၊ မများတာနဲ့ မဆိုင်ဘူး၊ ပြင်ပလောကမှာ ကိုယ်ကြိုက်တဲ့လူတစ်ယောက်ကိုတွေ့သလိုမျိုးပါပဲ၊ ရေစက်ပါလာရင် ကြိုက်သွားကြတာပဲလေ"

"သူတို့ကို လူက ဖန်တီးထားတာ မှန်ပေမဲ့၊ ဂိမ်းထဲမှာတော့ သူတို့က သွေးသားရှိတဲ့ လူတွေလိုပဲ၊ လူသားတွေလိုပေါ့... ကျွန်မတို့ကိုလည်း တစ်စုံတစ်ဦးက ဖန်တီးထားတာပဲလေ၊ ပိုမြင့်တဲ့ နယ်ပယ်က ကြည့်ရင် ကျွန်မတို့နဲ့ ပုရွက်ဆိတ် ဘာကွာလို့လဲ....... ဘာမှမကွာဘူး၊ ကျွန်မတို့ရဲ့ အသက်တွေက သူတို့အတွက်တော့ ပုရွက်ဆိတ်တစ်ကောင်လိုပဲ၊ ကျွန်မတို့ရဲ့ တည်ရှိမှုက သူတို့အတွက်တော့ ဒေတာ တွေလိုပဲ ဖြစ်မှာပါ၊ ဒါကြောင့် ခွဲခြားဆက်ဆံနေဖို့ မလိုပါဘူး"

ကားမှန်ပေါ်တွင် မိုးရေများ စီးကျနေပြီး သူတို့နှစ်ဦးမှာ ကားအတွင်းရှိ သီးသန့်ကမ္ဘာလေးထဲတွင် ရောက်ရှိနေကြသည်။

ချန်စစ်ကျယ်မှာ ဝမ်သိုက်စကားကြောင့် ရင်ထဲတွင် လှုပ်ခတ်သွားရသည်။ သူမ တည်ငြိမ်ပြီး လေးနက်သောအကြည့်ကို သူ သတိထားမိလိုက်သည်။

'ဒီမိန်းကလေးကို ငါ့ အဖေ ဘာလို့ သဘောကျလဲဆိုတာ အခုမှ သိတော့တယ်။ သူမက တောဆန်ပေမဲ့ သူမရဲ့ သိမြင်နား လည်မှုကတော့ တကယ်မြင့်တာပဲ။'

အမည်းရောင် ခြယ်သထားသော ထိုဗီလာအိမ်ကြီးမှာ ဘေးပတ်ဝန်းကျင်ရှိ အိမ်များနှင့် လုံးဝခြားနားနေသည်။ မီးလောင်ထားသော အပိုင်းအစများမှာ ဖောင်းကြွနေပြီး လူတစ်ယောက်၏ ခန္ဓာကိုယ်မှ မီးလောင်ဖုများကဲ့သို့ပင် ရွံစရာကောင်းလှသည်။

ထိုအိမ်ကြီးရှေ့တွင် ရပ်နေသော ဝမ်သိုက်မှာ ခေါင်းကို အနည်းငယ် စောင်းကာ ကြည့်နေမိသည်။

ကောင်းကင်မှာ အုံ့မှိုင်းနေပြီး နေရောင်မရှိသော်လည်း ခရမ်းလွန်ရောင်ခြည်က သူမ မျက်လုံးများကို စူးရှစေသည်။ သူမ အချိန်အတော်ကြာ စိုက်ကြည့်နေမိသဖြင့် မျက်လုံးများ နာကျင်လာ တော့သည်။

လွန်ခဲ့သော ၁၁ နှစ်က အဖြစ်အပျက်များက သူမ ဦးနှောက်ထဲတွင် တိုးဝှေ့လာသည်။ ထိုငြိမ်းမသွားနိုင်သော မီးတောက်ကြီးများ...

သူမသည် သက်ပြင်းတစ်ချက် ချလိုက်သော်လည်း အထဲသို့တော့ မဝင်ရဲခဲ့ပေ။ နံရံကိုလက်ဖြင့် မထိရဲခဲ့ချေ။

၁၁ နှစ်အစောပိုင်းက သူမကို တားဆီးထားခဲ့သော အဝါရောင်စည်းဝိုင်းများမှာ ယနေ့အထိ သူမ စိတ်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ ဤ ၁၁ နှစ်အတွင်း သူမသည် အထဲသို့မကြာ ခဏ ဝင်ရန် ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်းတွင် ရင်ကျပ်လာကာ အသက်ရှုရ ခက်ခဲစေခဲ့သည်။

သူမသည် သိုလန်တို့ မိသားစုကဲ့သို့ မဟုတ်ပေ။ သူမသည် သူမ၏ မိဘများကိုပြန်တွေ့ရန်ပင် သတ္တိမရှိခဲ့ပေ။ သူမ ဘာကို ကြောက်နေသနည်း။ သူတို့ သေဆုံးချိန်က ပုံစံကြီးကို မြင်ရမှာ ကြောက်တာလား။ ဒါမှမဟုတ်... လုံးဝ မမြင်ရတော့မှာကို ကြောက်နေတာလား။

သူမသည် လူအများကြီးကို ကူညီခဲ့သော်လည်း သူမကိုယ်သူမတော့ မကူညီနိုင်ခဲ့ပေ။

သူမသည် အိမ်ထဲမှ ပြန်ထွက်လာရန် လှည့်လိုက်စဉ်၊ လမ်းပေါ်တွင် အရှိန်ဖြင့် မောင်းလာသော ဘန်တလီကားတစ်စီးက သူမ ရှေ့တွင် ရပ်လိုက်သည်။ သူမ နှလုံးခုန်သံမှာ မြန်ဆန်လာ တော့သည်။

'ဒီနေရာက တကယ်ကို ထူးဆန်းတာပဲ။ ၁၁ နှစ်တုန်းက ငါ့မိဘတွေကို ခေါ်သွားတယ်၊ အခု ငါ့ကိုပါ ထပ်ခေါ်ချင်နေတာလား'

သို့သော် ထိုကားပေါ်မှ ဆင်းလာသူမှာ ချန်စစ်ကျယ်ဖြစ်နေသည်။ သူသည် အဝေးမှနေ၍ မီးလောင်ထားသော အိမ်ပျက်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်သိုက်ဆီသို့ လျှောက်လာသည်။

"ရှင်"

ဝမ်သိုက် ချန်စစ်ကျယ်အနေဖြင့် သူမအား "မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ" ဟု မေးလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူက ဘာမှမပြောဘဲ နှုတ်ဆိတ်နေသည်။

ခဏအကြာတွင် သူက တိုးတိုးလေး မေးလာသည်။

"မင်း အဆင်ပြေရဲ့လား"

ရိုးရှင်းသော စကားလုံးလေးအချို့ဖြစ်သော်လည်း ဝမ်သိုက် မျက်ဝန်းတွင် မျက်ရည်များ ဝဲတက်လာတော့သည်။ သူမသည် မျက်တောင်ကို အမြန်ခတ်ကာ မျက်နှာလွှဲလိုက်သည်။

"အဆင်ပြေတာပေါ့၊ ကျွန်မ ဘာမှမဖြစ်ပါဘူး၊ ရှင်ရော ဘာလို့ ဒီကို ရောက်နေတာလဲ၊ ဒီမှာလည်း ရှင့်အိမ် ရှိလို့လား"

"မရှိပါဘူး၊ ငါ လူတစ်ယောက်နဲ့ စကားပြောဖို့ လာတာပါ"

သူက သူမ အနားသို့ တိုးလာသည်။

သူသည် ပျက်စီးနေသော ဗီလာအိမ်ကြီးကို ကြည့်ကာ ကျွမ်းကျင်မှုအရ ခွဲခြမ်းစိတ်ဖြာလိုက်သည်။

"အိမ်က ဒီလောက်အထိ ပျက်စီးသွားတယ်ဆိုရင် ဂတ်စ်ယိုစိမ့်မှုက အတော်လေး ပြင်းထန်ရမယ်၊ မီးကူးစရာ တစ်ခုခုနဲ့ တွေ့ခဲ့မှာပေါ့... ဒါပေမဲ့ ပုံမှန်လူဆိုရင် အဲဒီလောက်ပြင်းတဲ့ ဂတ်စ်နံ့ကို မရဘဲ မနေပါဘူး၊ အဲဒီတုန်းက ဒီအမှုကို ဘယ်လို သတ်မှတ်လိုက်ကြလဲ"

သူသည် "မင်းရဲ့အိမ်" ဆိုသည့် စကားလုံးကို မျိုချလိုက်သည်။ ဝမ်သိုက် မိဘများမှာ ဤမီးလောင်မှုတွင် သေဆုံးခဲ့ခြင်းဖြစ်မည်ဟု သူ ခန့်မှန်းမိလိုက်သည်။

ဝမ်သိုက် လှောင်ပြောင်သော အပြုံးဖြင့်

"အဲဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့... ဂတ်စ်ယိုစိမ့်မှုကြောင့်ဖြစ်ရတဲ့ မတော်တဆမှုတဲ့"

သူမသည် "မတော်တဆ" ဆိုသည့် စကားလုံးကို ခပ်ပြင်းပြင်းပြောလိုက်သည်။

သူမ မျက်လုံးများက နီမြန်းနေသော်လည်း လေသံမှာတော့ စူးရှနေသည်။

"ကျွန်မအဖေက ရေအရင်းအမြစ် စီမံခန့်ခွဲရေးမှူး၊ ကျွန်မအမေက အလယ်တန်းကျောင်းက ဓာတုဗေဒဆရာမ၊ ဒီအမှုက စိတ်ဝင်စားဖို့ကောင်းတယ် မဟုတ်လား"

ချန်စစ်ကျယ်မှာ ဘာမှပြန်မပြောနိုင်တော့ဘဲ သူမကိုသာ ငြိမ်၍ ကြည့်နေမိသည်။

လေပြင်းတစ်ချက် တိုက်ခတ်လာပြီး သစ်ရွက်ခြောက်များ ဝမ်သိုက်၏ပါးပြင်ကို လာထိသွားသည်။ သူမသည် ထိုသစ်ရွက်ကိုဖမ်းဆုပ်လိုက်ပြီး အိမ်ပျက်ကြီးကို လှမ်းကြည့်လိုက်သည်။

All Chapters