အခန်း ၅၂
Vol. 6 Ch. 52
Chapter 52
၁၁ နှစ်အစောပိုင်းက အမှန်တရားမှာ ရင်ထဲတွင် မြှုပ်နှံထားဆဲဖြစ်သည်။ လူတိုင်း မတော်တဆ မဟုတ်မှန်း သိသော် လည်း အားလုံး မျက်စိရှိသော်လည်း မမြင်ချင်ဟန်ဆောင်နေကြသည်။
နားရက်တွင် ဝမ်သိုက်သည် ချန်ဝမ်ကန်ထံမှ ဖိတ်ကြားချက်ကိုရရှိခဲ့သည်။ သူ ကျုံးအန်းကျောင်းတော်မှ ဆရာတော်တစ်ပါးနှင့် စကားပြောရန် ချိန်းထားကြောင်း၊ ဝမ်သိုက်ကိုပါ အတူလိုက်ခဲ့ရန်ပြောလာသည်။
ကျုံးအန်းကျောင်းတော်မှာ လီကျိုးမြို့တွင် စီးပွားရေးမဆန်သော တစ်ခုတည်းသော ကျောင်းတော် ဖြစ်သဖြင့် ဝမ်သိုက်ကလည်း သွားချင်နေခဲ့သည်။ သူမသည် အခွင့်အရေးရလျှင် သူမ၏အတိတ်ကိုပါ ဖွင့်ပြောပြရန် ဆုံးဖြတ်လိုက်သည်။
သူမသည် ပစ္စည်းများ ပြင်ဆင်နေစဉ် အဆောင်အိတ်ကိုပါ ယူသွားရန် ဆုံးဖြတ်လိုက်သည်။
'အရေးကြုံရင် သုံးရအောင်ပေါ့'
သူမ တိုက်ခန်းရှေ့တွင် တန်ဖိုးကြီးကားများ ခဏခဏ လာရပ်နေသဖြင့် အိမ်နီးချင်းများမှာ သူမကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်
လှေကားမှ ဆင်းလာစဉ် မိခင်ဖြစ်သူနှင့်အတူ တက်လာသော ကလေးငယ်တစ်ယောက်က အော်ပြောလိုက်သည်။
"မေမေ... ဒါ ဟိုသူဌေးကြီးတွေကို ကပ်နေတဲ့ ကောင်မလေး မဟုတ်လား၊ မေမေ ပြောတဲ့ စကားကို သားမှတ်မိတယ်၊ သူက တော်တော်လေး အရှက်မရှိတာပဲ"
ဝမ်သိုက်မှာ လှေကားပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။ သူမသည် လှည့်ကြည့်လိုက်ရာ ကလေး၏ပါးစပ်ကို အမြန်အုပ်လိုက်သော အမျိုးသမီးနှင့် မျက်လုံးချင်း ဆုံသွားသည်။
"ရှင့်သား ပြောနေတာ ကျွန်မကိုလား၊ ဒီမှာ ကျွန်မကလွဲရင် တခြားလူ မရှိဘူးလေ... ရှင် ကျွန်မကို သိလို့လား ဒီလိုတွေ လျှောက်ပြောနေရအောင်၊ လူတွေကို မသိဘဲနဲ့ စွပ်စွဲရင် ဝဋ်လိုက်တတ်တယ်နော်"
ဝမ်သိုက်သည် သူမကို ပြန်လည် ရန်တွေ့လိုက်သဖြင့် ထိုအမျိုးသမီးမှာ ဘာမှပြန်မပြောရဲဘဲ နှုတ်ဆိတ်နေတော့ သည်။
ကားထဲတွင် ထိုင်နေသော ချန်ဝမ်ခန်း ဝမ်သိုက်ကို ကြည့်ကာ
"ဝမ်သိုက်... ဒီလိုပါ၊ ငါနဲ့ ငါ့ဇနီးမှာ ချန်စစ်ကျယ်ဆိုတဲ့ သားတစ်ယောက်ပဲ ရှိတာ မင်းလည်း မြင်တဲ့အတိုင်းပဲ၊ တကယ်တော့ ငါတို့က သမီးလေးတစ်ယောက်လိုချင်ခဲ့တာ ကြာပြီ၊ ဒါကြောင့် မင်းကို သမီးအဖြစ် မွေးစားချင်တယ်၊ မင်း ဘယ်လိုသဘောရလဲ"
"ရှင်"
ဝမ်သိုက်မှာ အလွန်အံ့သြသွားရတော့သည်။
စောစောတင်မှ လူတွေက သူမကို စွပ်စွဲနေကြစဉ် အခုတော့ ချန်ဝမ်ခန်းက သူမကို သမီးအဖြစ် မွေးစားချင်သည်ဟု ပြောလာပြန်သည်။
ချန်ဝင်ခန်းက သက်ပြင်းချကာ
"အစကတော့ ငါ့သားနဲ့ မိတ်ဆက်ပေးမလို့ပဲ၊ ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ မင်းကငါတို့ရဲ့သမီးဖြစ်လာရင်ပိုကောင်းမယ်လို့ ထင်တယ်၊ အိမ်ထောင်ရေးဆိုတာ ရေစက်ရှိမှ ဖြစ်တာလေ၊ ဒါပေမဲ့ မင်းနဲ့ ငါတို့ကြားက ရေစက်က ပိုပြီး နက်ရှိုင်းမယ်လို့ ခံစားရတယ်”
“မင်း သဘောမတူရင်လည်း ရပါတယ်၊ ငါတို့ မိတ်ဆွေတွေအဖြစ်ပဲ ဆက်နေကြတာပေါ့"
ဝမ်သိုက်ကို မွေးစားသမီးအဖြစ် မွေးစားချင်သည့် စိတ်ကူးမှာ သူမ ထွက်ခွာသွားသည့်နေ့ကပင် စတင်ခဲ့ခြင်းဖြစ်သည်။
သန်းခေါင်ယံအချိန်တွင် ချီယာသည် အသားအရေထိန်း သိမ်းပြီးနောက် နောက်ဆုံးတစ်ကြိမ် ကိုယ်လက်သန့်စင်လိုက်သည်။ သူမသည် ရေချိုးခန်းထဲမှ ထွက်လာရင်း ပါးပြင်ပေါ်ရှိ ရေစက်ကလေးများကို လက်ဖြင့် အသာအယာ ပုတ်ခတ်နေပေသည်။
ထို့နောက် ကုတင်ခေါင်းရင်းတွင် မှီ၍လက်တော့ပ်ဖြင့် အလုပ်ရှုပ်နေသော အမျိုးသားကို ကြည့်ကာ ပြောသည်။
"ဟိုလေ၊ ဝမ်သိုက်ဆိုတဲ့ မိန်းကလေးကို ရှင် ဘယ်လိုမြင်လဲ"
သူမသည် ကုတင်တစ်ဖက်သို့ ပတ်သွားကာ ထိုင်လိုက်သည်။ စောင်ကို ဆွဲခြုံရင်း သူမဘာသာ ဆက်ပြောနေပေသည်။
"ကျွန်မတို့ မိသားစု အခြေအနေနဲ့ဆိုရင်တော့ ဂုဏ်ရည်တူဖို့ဆိုတာကို ထည့်စဉ်းစားနေစရာ မရှိပါဘူး၊ တကယ်လို့ သူမကို ချန်စစ်ကျယ်နဲ့ သဘောတူမယ်ဆိုရင်လည်း ကျွန်မမှာ ဘာကန့်ကွက်စရာမှ မရှိဘူး၊ ဒါပေမဲ့ သားဘက်က စိတ်ရှိပေမဲ့ သမီးဘက်က စိတ်မရှိမှာကိုပဲ စိုးရိမ်ရတယ်”
“ရှင် မြင်တယ်မဟုတ်လား၊ ကျွန်မတို့သားက သူမကို ကိုယ်တိုင်တောင် အိမ်ပြန်ပို့ပေးခဲ့တာလေ၊ ဟိုတစ်ခေါက် ကျွန်မ မိတ်ဆက်ပေးတဲ့ ရွှီကျင့်ကိုကျတော့ သူ ဘယ်လိုလုပ်ခဲ့လဲ သိလား”
“သူမကို ဒီအတိုင်း ပစ်ထားခဲ့တာလေ၊ ကိုယ့်ဘာသာ ကိုယ် ကားငှားပြန်ခိုင်းလိုက်တာ၊ ဒါကို အိမ်တော်ထိန်းက ပြန်ပြောပြမှ ကျွန်မ သိရတာ၊ တကယ်ကို မယဉ်ကျေးတဲ့ ကောင်လေးပဲ"
လက်တော့ပ်ပေါ်တွင် လှုပ်ရှားနေသော လက်ချောင်းများ ရပ်တန့်သွားသည်။ ချန်ဝမ်ခန်းသည် လက်တော့ပ်မျက်နှာ ပြင်ကို စိုက်ကြည့်နေရာမှ အသက်ရှူသံ ခပ်ပြင်းပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
အသက်အရွယ်အရ ပိုမိုရင့်ကျက် တည်ငြိမ်လာသော သူ၏ မျက်နှာတွင် မျက်ခွံများမှာ အနည်းငယ် တွဲကျနေပေသည်။
"အိမ်ထောင်ရေးဆိုတာ ရေစက်အပေါ်မှာပဲ မူတည်တယ်၊ ငါကတော့ သူမနဲ့ ငါတို့ကြားက ရေစက်က ပိုပြီး နက်ရှိုင်းတယ်လို့ ထင်တယ်၊ ကျောင်းတော်မှာ မင်းနဲ့ အရင်ဆုံး ဆုံခဲ့တယ်၊ ပြီးတော့ ငါနဲ့လည်း တိုက်တိုက်ဆိုင်ဆိုင် ထပ်ဆုံခဲ့ရတယ်"
သူသည် ဘုရားကျောင်းဟူသော စကားလုံးကို ပါးစပ်မှ ထွက်လုနီးပါး ဖြစ်သွားသော်လည်း အချိန်မီ ပြန်ထိန်းလိုက်သည်။
"ငါ တွေးမိတာကတော့ မင်းလိုချင်တဲ့ ချွေးမထက်စာရင် သူမက ငါတို့ရဲ့ သမီးဖြစ်လာတာက ပိုကောင်းလိမ့်မယ်"
ချန်ဝမ်ခန်းဘက်သို့ ကိုယ်ကိုစောင်းကာ လက်ထောက်ထားသော ချီယာမှာ ခဏမျှ ကြောင်အသွားချေသည်။ သူမသည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။
ထမင်းစားပွဲတွင် ကြားခဲ့ရသော ဝမ်သိုက်၏ အတိတ်ဇာတ် လမ်းများမှာ သူမဦးနှောက်ထဲတွင် ပြန်လည်ပေါ်ပေါက်လာသည်။ သူမသည် ပခုံးများကို လျှော့ချလိုက်ရင်း
"အင်း၊ သူမက သနားစရာကောင်းတဲ့ ကလေးလေးပါပဲ၊ ဒီခေတ်ကြီးထဲမှာ အထက်တန်းတောင် မအောင်ခဲ့ရဘူးဆိုတာကတော့"
"ကံဆိုးတဲ့လူတွေက သူတို့ရဲ့ ကံဆိုးမှုကို မျက်နှာမှာ စာရေးကပ်ထားတာမှ မဟုတ်တာ၊ အထက်တန်းတင် မဟုတ်ဘူး၊ မူလတန်းတောင် မအောင်တဲ့လူတွေ အများကြီး ရှိပါသေးတယ်”
“ငါ စဉ်းစားမိတာကတော့ သူမကို မွေးစားသမီးအဖြစ် တောင်းဆိုလိုက်မယ်၊ ဒါဆိုရင် သူမနဲ့ ချန်စစ်ကျယ်နဲ့ ရေစက်မပါခဲ့ရင်တောင် ငါတို့က မိဘတွေအနေနဲ့ သူမအတွက် သေချာ စိစစ်ပေးလို့ ရတာပေါ့”
“ပြီးတော့ တတ်နိုင်သလောက်လည်း ကူညီပေးလို့ ရတာပေါ့၊ လူတစ်ယောက် ပိုကျွေးရရုံနဲ့တော့ ငါတို့ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ပါဘူး"
နေ့လယ်ပိုင်းကတည်းက စတင်ခဲ့သော ဤစိတ်ကူးမှာ ယခုအချိန်တွင် ချန်ဝမ်ခန်း၏ စိတ်ထဲ၌ ပိုမိုခိုင်မာလာခဲ့သည်။
သူသည် ချီယာကို လှည့်ကြည့်ကာ တိုးတိုးလေး ပြောသည်။
"မင်းလည်း သဘောတူတယ်ဆိုရင် အခွင့်ကောင်းကြည့်ပြီး ချန်စစ်ကျယ်ကို ပြောပြလိုက်မယ်၊ သူ ဘယ်လိုထင်မလဲဆိုတာကိုပေါ့"
ချန်စစ်ကျယ် ဘယ်လိုထင်မည်နည်း။ သူသည် ချန်ဟိုင်နယ်မြေမှ ဆွေ့ဟူနယ်မြေသို့ ပြန်ရောက်ရုံရှိသေးစဉ် အိမ်သို့ ပြန်လာရန် ဖုန်းဆက်ခေါ်ခြင်းခံလိုက်ရသည်။ သူသည် သံသယများစွာဖြင့် အိမ်သို့ အပြေးအလွှား ရောက်လာရာ ချီယာက သူ့ကို ဆိုဖာပေါ်တွင် အတင်းထိုင်ခိုင်းတော့သည်။
သူ ဘယ်လိုထင်မည်နည်း။ သူ၏ မိဘများက ဝမ်သိုက်ကို မွေးစားသမီးအဖြစ် တောင်းဆိုကာ သူ့အတွက် ညီမလေးအဖြစ် ထားရှိချင်သည်ဟု ပြောလာသောအခါ သူလည်း ဘာတွေးရမှန်း မသိတော့ပေ။ သူ သိချင်သည်မှာ သူ့ မိဘများ ဘာတွေ တွေးနေကြသလဲ ဆိုသည်ကိုသာ။
စကားပြောပေးသူမှာ ချီယာ ဖြစ်သည်။ သူမသည် သူ၏ရှေ့တွင် ရပ်ကာ လက်တစ်ဖက်ကို ရင်ဘတ်တွင် ယှက်ထားပြီး အခြားလက်တစ်ဖက်ဖြင့် လေထဲတွင် ဝေ့ယမ်းကာ ပြောသည်။
"ကြည့်ပါဦး....ငါတို့ သားလေးက တစ်ယောက်တည်းကြီး ပြင်းလာရတာဆိုတော့ တော်တော်လေး ပျင်းဖို့ကောင်းမှာပဲ၊ ငါတို့မှာလည်း သားတစ်ယောက်ပဲ ရှိတာလေ၊ အစကတော့ သမီးလေးတစ်ယောက်ပဲ လိုချင်ခဲ့တာ၊ ဒါပေမဲ့ သား ထွက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”
“ပြီးတော့ သားရဲ့ အိမ်ထောင်ရေးအတွက်လည်း အမြဲတမ်း ပူပန်နေရတယ်၊ ဝမ်သိုက်က ကြည့်ကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ၊ သားနဲ့ သူမကြားမှာ ဘာမှ ထပ်ပြီး တိုးတက်လာဖို့ မမျှော်လင့်တော့ပါဘူး”
“အမေနဲ့ သားအဖေက သူမကို မွေးစားသမီးအဖြစ် သတ် မှတ်လိုက်ရင် နောက်ဆို ငါတို့က သူမရဲ့အားကိုးရာ ဖြစ်လာမှာပေါ့၊ သားလည်း သိတဲ့အတိုင်းပဲ၊ သူမက ငယ်ငယ်လေးကတည်းက မိဘတွေ မရှိတော့တာလေ"