← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

Chapter 55

ဝမ်သိုက်မှာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူမ၏ နတ်မျက်စိ ကို ဖွင့်လိုက်သည့် အခါတွင်တော့ ၎င်းမှာ အမှန်တကယ်ပင် နတ်ဘုရားများ စုဝေးရာပွဲကြီးတစ်ခုသဖွယ်ဖြစ်နေတော့သည်။

စောစောက သူမကို ဝင်မပါရန် တားမြစ်ခဲ့သည့် သူမ၏ စောင့်ရှောက်သူ နတ်ဘုရားမှာပင် လျိုဝမ်ဝမ်နောက်ကွယ်ရှိ နတ်ဘုရားများနှင့် စကားပြောနေကြပြီဖြစ်သည်။ ဝမ်သိုက်မှာ ကြောင်အသွားပြီးနောက် လျိုဝမ်ဝမ် ဦးနှောက်ပိုင်းတွင် စုပုံနေသော အမည်းရောင်မြူခိုးများကို သတိပြုမိလိုက်သည်။ ၎င်းမှာ အမှန်တကယ်ပင် တစ္ဆေအပ်စိုက်ခြင်း နည်းလမ်းဖြင့် နှိမ်နင်းရန်လိုအပ်နေပေသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝမ်သိုက်သည် လျိုဝမ်ဝမ်၏သွယ်လျသော လက်ကောက်ဝတ် ပေါ်သို့ လက်တင်လိုက်သည်။ သူမသည် သွေးခုန်နှုန်းကို စမ်းသပ်ရင်း နှုတ်ခမ်းကို မသိစိတ်ဖြင့် ကိုက်ထားမိသည်။

"အင်း... ထူးခြားတယ်လို့ ပြောရမယ်ဆိုရင်လည်း သိပ်တော့ မထူးခြားပါဘူး"

သူမသည် ရန်ကွေ့၏ဝေခွဲမရဖြစ်နေသော မျက်လုံးများကို ကြည့်ကာ ရှင်းပြလိုက်သည်။

"ဝမ်ဝမ်ရဲ့ ကိုယ်ပေါ်မှာနတ်ဘုရားတွေ ရှိနေတယ်၊ ဒါက မျိုးရိုးလိုက်တဲ့ အမွေအနှစ်တစ်ခုပဲ၊ အဒေါ်ရဲ့ အဘွားက နတ်ဆရာမ ဖြစ်ခဲ့တာကို သိလား၊ သိသိ မသိသိ ဒါ အရေးမကြီးပါဘူး၊ အဓိကကတော့ အဲဒီနတ်ဘုရားတွေက ဝမ်ဝမ်ဆီကိုရောက်လာကြတာပဲ”

“အသက် ၅ နှစ်နဲ့အကြားအမြင် ပွင့်တာမျိုးက ရှားပေမဲ့ဖြစ်နိုင်ပါတယ်၊ နောက်တစ်ခုက အဒေါ်သမီးရဲ့ ခန္ဓာကိုယ်က 'ယင်' ဓာတ် အရမ်းများတယ်၊ ဒါကြောင့် မကောင်းတဲ့ အရာတွေကိုဆွဲဆောင်နေတာ"

"ဒါပေမဲ့ သူမက အရမ်းငယ်သေးတဲ့အတွက်... ကျွန်မရဲ့ အကြံပေးချက်ကတော့ သူမအတွက် ဆရာတစ်ယောက် ရှာပေးသင့်တယ်၊ ဥပမာ ဒီက ဆရာတော်လိုမျိုးပေါ့၊ သူက ကိုယ်တိုင်မသင်ပေးရင်တောင် သင်ပေးမယ့်လူကို ရှာပေးနိုင်လိမ့်မယ်”

“အဒေါ်သမီးက ဆရာတော်တွေရဲ့ အောက်မှာ မနေရင် လူလားမြောက်ဖို့ ခက်လိမ့်မယ်၊ သူမက လောကီဘဝမှာ နေရမယ့်လူမဟုတ်ဘူး၊ ဘာသာရေးလမ်းကြောင်းကို လျှောက်ရမယ့်လူပဲ"

သူမသည် ကျန်းချန်ယွမ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

သူမ ရင်ထဲတွင်တော့ သက်ပြင်းချမိသည်။ ရေစက်ကရောက်လာခဲ့ပြီဖြစ်ရာ သူမက တွန်းအားပေးခဲ့ပြီးပြီ၊ ကျန်တာကတော့ ကံတရားအပေါ်မှာပဲ မူတည်တော့သည်။

ဝမ်သိုက် အကြည့်မှာ လျိုဝမ်ဝမ်မျက်နှာပေါ်တွင် ရှိနေသည်။ ကလေးငယ်မှာ အဖျားတက်နေသော် လည်း မျက်နှာမှာ မီးခိုးရောင် သမ်းနေသည်။ ဝမ်သိုက်သည် သူမ၏နတ်ဘုရားများက တားမြစ်ထားသည်ကို ဂရုမစိုက်တော့ဘဲ ဂါထာမန္တန်များကို တိုးတိုးလေးရွတ်ဆိုလိုက်ရာ ကလေးငယ်၏ ကိုယ်ပေါ်မှ အမည်းရောင်မြူခိုးများ တဖြည်းဖြည်းလွင့်စင်သွားတော့သည်။

ဝမ်သိုက် နောက်စေ့တွင် ပြင်းထန်စွာ နာကျင်လာသည်။ သူမသည် လျိုဝမ်ဝမ်နဖူးပေါ်မှ လက်ကို မဖယ်ဘဲ ကလေးငယ်၏ မျက်နှာတွင် အဖျားကြောင့်ဖြစ်ပေါ်လာသည့် နီမြန်းသော အရောင် ပြန်လည်ပေါ်ပေါက်လာမှသာ လက်ကို ရုပ်သိမ်းလိုက်သည်။

ထိုဖြစ်စဉ်တစ်ခုလုံးကို မြင်တွေ့လိုက်ရသော ကျန်းချန်ယွမ်သည် ဝမ်သိုက်ကို အံ့သြတကြီး ကြည့်နေသည်။

"ဒီအကျိုးဆက်ကို မင်းကိုယ်တိုင် ခံယူဖို့ ဆုံးဖြတ်လိုက်တာလား၊ မိန်းကလေး၊ မင်းက ငယ်သေးလို့ ခံနိုင်ရည် ရှိဦးမယ်၊ ဒါပေမဲ့ မင်း အသက်ကြီးလာတဲ့အခါမှာရော၊ ဒီအကျိုးဆက်တွေက စုပုံလာတတ်တယ်နော်"

"စုပုံချင်ရင်လည်း စုပုံပါစေ၊ နောင်ရေးက အခု ကျွန်မနဲ့ ဘာမှမဆိုင်ဘူး၊ တွေ့ဆုံရတာက ရေစက်ပဲ၊ ကျွန်မ ဒီလိုပဲ ဆက်လုပ်သွားမှာပဲ၊ တကယ်လို့ တစ်နေ့နေ့မှာ စိတ်ပြောင်းသွားရင်တော့လည်း တစ်မျိုးပေါ့၊ ပြီးတော့"

ဝမ်သိုက် အသံမှာ တိုးသွားပြီး လျိုဝမ်ဝမ်ကိုငေးကြည့်နေသည်။

"ကျွန်မက အသက်ကြီးတဲ့အထိ နေရဦးမလားဆိုတာ ဘယ်သူသိမှာလဲ၊ အနာဂတ်ဆိုတာ ဘယ်သူမှ မပြောနိုင်တဲ့ အရာပဲ၊ ကံတရားဆိုတာ တခြားလူတွေအတွက်ပဲ ကြည့်ပေးတာ၊ ကျွန်မ ကိုယ့်ကံကြမ္မာ ကိုယ်လည်း မကြည့်ဖူးသလို ကြည့်ဖို့လည်း စိတ်မဝင်စားဘူး"

တကယ်တော့ သူမ ကြည့်ဖို့ကြောက်နေခြင်းသာ ဖြစ်ပေသည်။

ကျန်းချန်ယွမ် ထိုစကားကို မထောက်ပြဘဲ ပြုံး၍သက်ပြင်းချလိုက်သည်။

"မင်းက ငါ့ရဲ့ ငယ်ဘဝကို သတိရစေတယ်"

"ငယ်ဘဝကို သတိရသွားတာလား"

ဝမ်သိုက် လက်ပိုက်လိုက်ရင်း မေးလိုက်သည်။

ကျန်းချန်ယွမ် ရယ်မောရင်း ထိုင်ခုံမှ ထရပ်လိုက်သည်။ သူသည် လျိုဝမ်ဝမ်၏ မျက်ခွံကို အသာအယာ မကြည့်လိုက်ပြီးနောက် "အင်း... ကြီးကြီးမားမား ပြဿနာ မရှိတော့ပါဘူး" ဟု ပြောလိုက်သည်။

သူသည် ရန်ကွေ့ကို ကြည့်ကာ

"ငါက အသက်ကြီးနေပြီ၊ ဒီကလေးက ငါ့ရဲ့ မြစ်အရွယ်လောက်ပဲ ရှိတယ်၊ ငါ့တပည့်အဖြစ် လက်ခံဖို့ဆိုတာ သူမ လူလားမြောက်တဲ့အထိ ငါ ရှိနေပါ့မလား မသေချာဘူး၊ ဒီနေ့တော့ ငါ သူမကို အပ်စိုက်ပေးမယ်၊ ဆရာရှာတဲ့ ကိစ္စကတော့ ကျောင်းတော်မှာရှိတဲ့ ငါ့တပည့်တွေကိုခေါ်ပေးမယ်၊ သူတို့နဲ့ ရေစက်ပါ၊ မပါတော့ ကြည့်ကြတာပေါ့"

သူသည် ဘေးရှိ ဝမ်သိုက်ကို လက်ညှိုးထိုးပြရင်း

"မင်း တကယ် ကျေးဇူးတင်ရမှာက သူမကိုပါ၊ သူမမျက်နှာကြောင့်သာ မဟုတ်ရင် ငါလည်း လောကီရေးရာတွေထဲ ဝင်ပါဖို့ စိတ်မကူးတော့ဘူး"

မျှော်လင့်ချက်များ ရုတ်တရက် ရောက်ရှိလာသဖြင့် ရန်ကွေ့မှာ ဒူးထောက်ရန်ပြင်ပြန်သည်။ ဝမ်သိုက် အမြန်ပင် တားဆီးလိုက်ကာ

"အဒေါ်၊ မလုပ်ပါနဲ့ဦး၊ ဆရာတော်ပြောတာကို သိပ်မယုံပါနဲ့၊ တကယ် ကူညီပေးတာက သူပါ၊ ကျွန်မကကြားထဲက ဆက်သွယ်ပေးရုံတင်ပါ"

"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်၊ ဒီကျေးဇူးကို ဘယ်လိုဆပ်ရမှန်းတောင် မသိတော့ဘူး"

ရန်ကွေ့သည် သူမ အိတ်ထဲမှ အနီရောင်စာအိတ် နှစ်အိတ်ကို ထုတ်ကာ ဝမ်သိုက်နှင့် ကျန်းချန်ယွမ်ကို ပေးရန် ကြိုးစားသည်။

"ဒါက ကျွန်မ ကြိုပြင်ထားတဲ့ အလှူငွေပါ၊ ဆေးရုံတွေမှာ ဆရာဝန်တွေကို ပေးသလိုမျိုးပေါ့"

"အလှူငွေ မလိုပါဘူး၊ ဒုက္ခရောက်နေတဲ့ လူဆီက ပိုက်ဆံမယူချင်ဘူး၊ အဒေါ် ပြန်ပေးဆပ်ချင်တယ်ဆိုရင်တော့ ပုံမှန်တရားစာတွေ ဖတ်ပါ၊ ကောင်းမှုကုသိုလ်တွေ များများလုပ်ပါ"

ကျန်းချန်ယွမ်က ပိုက်ဆံကို ကလေးငယ်၏ကိုယ်ပေါ်သို့ ပြန်တင်ပေးလိုက်ရာ ဝမ်သိုက်လည်း အတူတူပင်ပြန်ပေးလိုက်သည်။

ထို့နောက် ကျန်းချန်ယွမ်က ရန်ကွေ့တို့ သားအမိကို အခန်းထဲသို့ ခေါ်ဆောင်သွားပြီး လက်ဖက်ရည်ဆောင်တွင် ဝမ်သိုက်နှင့် ချန်ဝမ်ခန်းတို့သာ ကျန်ရစ်ခဲ့သည်။

ချန်ဝမ်ခန်း ဝမ်သိုက်ကို ကြည့်ကာ မေးလိုက်သည်။

"ဝမ်သိုက်၊ မင်းကော ဆရာတစ်ယောက်ဆီမှာ ပညာသင်ဖို့ စိတ်ကူးမရှိဘူးလား"

သူက ထပ်လောင်းရှင်းပြသည်။

"ကျန်းဆရာတော်က မင်းကို သဘောကျနေပုံရတယ်၊ သူ မင်းကို တပည့်အဖြစ် လက်ခံကောင်း လက်ခံနိုင်လိမ့်မယ်"

"မဖြစ်နိုင်ပါဘူး၊ သူ ကျွန်မကိုကြည့်တာက မှန်ထဲမှာ သူ့ကိုယ် သူ ပြန်ကြည့်နေရသလို ခံစားချက်မျိုး ဖြစ်နေလို့ပါ၊ တကယ်လို့ ကျွန်မက တပည့်ခံချင်တယ်လို့ ပြောရင် သူတင်မကဘူး ကျွန်မကိုယ်တိုင်တောင် အံ့သြသွားလိမ့်မယ်၊ ကျွန်မမှာ ဆရာရှိပြီးသားပါ၊ ဒါပေမဲ့ ကျွန်မဆရာက လူသားမဟုတ်ရုံပါပဲ"

ဝမ်သိုက် ပခုံးတွန့်ကာ ပြုံးလိုက်သည်။

"တကယ်တော့ လူနဲ့လူကြားမှာ တစ်ခါတလေ ဆုံရတာက ရေစက်ပါပဲ၊ အမြဲတမ်းတွဲနေဖို့လည်း မလိုပါဘူး၊ ရေစက်ဆိုတာ မျက်တောင်တစ်ခတ်စာပါပဲ"

သူမသည် ထိုင်ခုံမှထလိုက်သော်လည်း ခေါင်းထဲတွင် မူးဝေသွားသဖြင့် ယိုင်လဲသွားရာ ချန်ဝမ်ခန်းက လှမ်းထိန်းပေးရန် ပြင်လိုက်သည်။

ဝမ်သိုက် ပန်းချီကားကို လက်ဖြင့် အသာအယာ ထောက်ထားရင်း

"ကျွန်မ ဘာမှ မဖြစ်ပါဘူး၊ ရှင် လန့်သွားလား၊ တောင်းပန်ပါတယ်"

သူမ နောက်စေ့တွင် ပြင်းထန်စွာ နာကျင်နေဆဲ ဖြစ်သော်လည်း တင်းခံကာပြုံးနေရပေသည်။

လူဖြစ်ရသည်မှာ ခက်ခဲလှသည်။ ကူညီပြန်တော့လည်း အကျိုးဆက်ရှိသည်၊ မကူညီပြန်တော့လည်း စိတ်မကောင်းဖြစ်ရသည်။

နေဝင်ချိန်ရောက်သောအခါ ကျန်းချန်ယွမ် ထွက်လာသည်။ ဝမ်သိုက်ကို မြင်သောအခါ သူ၏ မျက်နှာတွင် အပြုံးများ ပေါ်ပေါက်လာသည်။

"မင်း ရှိနေသေးလို့ တော်သေးတာပေါ့၊ ငါ မင်းနဲ့ စကားပြောချင်နေတာ"

ဝမ်သိုက်က မူးဝေနေသော်လည်း ပြန်လည်နောက်ပြောင်လိုက်သည်။

"ကျွန်မကို သတိရတာကတော့ ဟုတ်ပါပြီ၊ အပ်စိုက်တဲ့အခါမှာတော့ အချိန်မဆွဲခဲ့ဘူး မဟုတ်လား"

"ဟွန်း၊ ငါ့ကို ဘာမှတ်နေလဲ"

ကျန်းချန်ယွမ် စိတ်ဆိုးဟန်ဆောင်ကာ သူမကို ကြည့်လိုက်သည်။

သူတို့ သုံးယောက်လုံး ကျောင်းတော်ထဲတွင် လမ်းလျှောက်နေကြသည်။

"ရှင်က ဘာလို့ လောကီရေးရာတွေကို မကူညီတော့ဘူးလို့ ပြောတာလဲ" ဝမ်သိုက်က မေးလိုက်သည်။

ကျန်းချန်ယွမ် ကျောင်းတော်ထဲရှိ ရေကန်ကလေးကို ကြည့်ရင်း ပြောသည်။

"ငယ်ငယ်တုန်းက မင်းလိုပဲ အကုန်လိုက်ကူညီခဲ့တာပေါ့၊ ဒါပေမဲ့ 'အလိုဆန္ဒ' ဆိုတာက ထိန်းချုပ်လို့ ရပါတယ်၊ အခုတော့ ငါ့ရဲ့ ကူညီချင်တဲ့ စိတ်ကိုထိန်းချုပ်ကြည့်နေတာပါ"

"ကူညီချင်ရင်လည်း ကူညီလိုက်ပေါ့၊ ဘာမှ မလုပ်နိုင်တော့တဲ့ အချိန်ကျမှ နောင်တရနေတာထက်စာရင် အခု လုပ်နိုင်တာကို လုပ်လိုက်တာက ပိုကောင်းပါတယ်၊ ဒါ ကျွန်မရဲ့ အမြင်ပေါ့၊ မျှော်လင့်ချက် မရှိတဲ့ကြားကနေ မျှော်လင့်ချက်ကို ရှာဖွေရတာက ပိုပြီးအဓိပ္ပာယ်ရှိပါတယ်"

ဝမ်သိုက် ပြောနေရင်း မျက်လုံးများပူနွေးလာသည်။

မိဘများ ဆုံးပါးသွားချိန်တွင် သူမ ဘာတွေတွေးနေခဲ့သနည်း။ သူမ ကိုယ်တိုင်ပင် မမှတ်မိတော့ပေ။

ထိုအချိန်က သူမ လုပ်နိုင်ခဲ့သည်မှာ မိဘများချန်ထားခဲ့သော အမွေအနှစ်များကို သူမကိုယ်တိုင် ကာကွယ်စောင့်ရှောက်ရန်သာ။ ယခုအခါတွင်လည်း သူမသည် သူမ၏ရည်မှန်းချက်နောက်သို့သာ ဆက်လက်လိုက်နေပေတော့မည်။

All Chapters