← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

Chapter 57

“နင်တို့ ယောက်ျားတွေကတော့ အတူတူပဲ၊ မိန်းမလှလှလေး မြင်ရင် အသိဉာဏ် ပျောက်သွားကြတာပဲ၊ ကျန်းလင်း၊ နင်က အရပ်ပဲ ရှည်ပြီး ဦးနှောက်မပါဘူးလား”

ကျန်းလင်းမှာ မိန်းကလေးရှေ့တွင် အရှက်ကွဲသဖြင့် သူ့အစ်မကို ပြန်လည် တွန်းထုတ်လိုက်ရာ ကျန်းအိုက်မှာ လှေကားပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

“နင် ငါ့ကို လာပြီး လက်ပါစရာမလိုဘူး၊ ငါ နင့်ကို လာကူညီတာက မောင်နှမသံယောဇဥ်ကြောင့်ပဲ၊ မဟုတ်ရင် အပြင်လူ ဖြစ်နေတဲ့ နင့်ကိစ္စကို ဘယ်သူက ဂရုစိုက်မှာလဲ၊ အဖေနဲ့အမေကတောင် နင့်ကိစ္စတွေ ဝင်မပါနဲ့လို့ ပြောထားတာ”

ကျန်းလင်း အော်ဟစ်လိုက်သည်။

ကျန်းအိုက်မှာ သူမ မောင်အရင်းထံမှ ထိုစကားများကို ကြားရသောအခါ အားကိုးရာမဲ့သွားသကဲ့သို့ ဖြစ်သွားသည်။ သူမသည် အားအင်ကုန်ခမ်းစွာဖြင့် ပြောလိုက်သည်။

“ဒါဆိုရင်လည်း သွားတော့၊ နင့်ရဲ့ အကူအညီတွေကို ငါ မလိုချင်ဘူး၊ မနေ့က နင် ကူညီပေးခဲ့တဲ့ အလုပ်တွေအတွက် ငါ ပိုက်ဆံပြန်ပေးမယ်”

ကျန်းလင်းမှာ ထိုအခါမှ ဇဝေဇဝါ ဖြစ်သွားသော်လည်း မာန်တင်းကာ ပြောလိုက်သည်။

“ငါ့ကို ဒီကိုလာ ဟိုကိုသွား ဆိုပြီး အမိန့်ပေးနေရအောင် ငါက နင်မွေးထားတဲ့ ခွေးလား...၊ ထားလိုက်တော့၊ ဒီနေ့တော့ ငါ ဒီမှာပဲ နေမယ်၊ ဘာတွေ ဖြစ်မလဲဆိုတာ ကြည့်ရသေးတာပေါ့၊ တကယ်လို့ နင် ဒီမိန်းကလေးကို မတရား စွပ်စွဲတာဆိုရင်တော့ ငါ သူမဘက်ကပဲ ကူညီမှာပဲ”

စောင်းလျောဆင်းသွားသော လှေကားထစ်များ၏အောက်တစ်ထပ် ပလက်ဖောင်းနေရာတွင် နံရံအထက်ပိုင်း၌ ဖွင့်၍မရသော ပြတင်းပေါက်တစ်ခု ရှိနေပေသည်။

ထိုမှတစ်ဆင့် ဖြူလွလွအလင်းတန်းများ ထိုးဖောက်ဝင်ရောက်လာပြီး ရှေ့တွင်ရှိနေသော ကျန်းအိုက်၏ ကျောပြင်ပေါ်သို့ ကျရောက်နေသည်။ အလင်းသည် အပူကို စုပ်ယူနိုင်စွမ်းရှိသည် ဖြစ်ရာ သူမ၏ နှလုံးသားထဲမှ အပူဓာတ်များကို ထိုအလင်းက အကုန်အစင် စုပ်ယူသွားသကဲ့သို့ ခံစားနေရပေသည်။

တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ဘေးမှကြည့်နေသော ဝမ်သိုက်က ရုတ်တရက် မေးလိုက်သည်။

"ရှင်တို့ ကျွန်မဆီ လာတာ ဘာလုပ်ချင်လို့လဲ၊ လူသတ်ရင် အသက်နဲ့ ပြန်ပေးဆပ်ရမယ်လို့တောင် ပြောနေကြပြီဆိုတော့၊ ကျွန်မကို ဘာလုပ်မလို့လဲရှင်"

ဝမ်သိုက် အသံမှာ နူးညံ့သိမ်မွေ့နေဆဲ ဖြစ်သော်လည်း အနည်းငယ် တုန်ရီနေသကဲ့သို့ ကြားရပေသည်။ သူမသည် လက်ထဲမှ အိတ်ကို တင်းတင်းဆုပ်ကိုင်ထားရင်း ကိုယ်ကို အနည်းငယ် ရှေ့သို့ ကိုင်းထားသည်။

"တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ နင်ကလည်း အကျိုးအကြောင်း သိတတ်တဲ့လူလို့ ငါမြင်ပါတယ်၊ ဒါကြောင့် တည့်တည့်ပဲ ပြောမယ်၊ မနေ့ညက ငါ့ချွေးမ ဗိုက်ထဲကကလေး ရုတ်တရက်ပျက်ကျသွားတယ်၊ ဒါဟာ နင်စောစောက သူမကို ဝဋ်လည်ပါစေလို့ ကျိန်စာတိုက်ခဲ့လို့ပဲ”

“လူဆိုတာ စကားကို လျှောက်မပြောရဘူးလေ၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်သည်ကိုပေါ့၊ ဒါကြောင့် နင့်ကို မှတ်လောက်သားလောက်ဖြစ်အောင် လုပ်ရမယ်၊ လျော်ကြေး ငွေတစ်သိန်းပေးရမယ်၊ ဒါဟာ မွေးမလာတော့တဲ့ ငါ့မြေးလေးအတွက် နစ်နာကြေးပဲ"

ကျန်းအိုက် ယောက္ခမသည် လှေကားကို တစ်ထစ်ချင်းတက်လာရင်း သူမကိုယ် သူမ သဘော ထားကြီးလှသည်ဟု ထင်မှတ်နေသည့်ဟန်ဖြင့် ပြောဆိုလေသည်။ ဝမ်သိုက်သည် စိတ်ကိုထိန်းထားရင်း မျက်လုံးများကို အသာပင့်ကာ အားကိုးရာမဲ့သည့်ဟန်ဖြင့် ကြည့်လိုက်သည်။

"ဒါပေမဲ့ အစက ရှင့်ချွေးမရဲ့ ကလေးက ကျွန်မကိုအရင်ဆုံး အငယ်အနှောင်းလို့ ပြောတာလေ၊ ကလေးဆိုတာ လူကြီးတွေ ပြောတာကိုကြားပြီး ပြန်ပြောတာပဲ ဖြစ်မှာပေါ့၊ အဲဒီတော့ ရှင့်ချွေးမက ကျွန်မကို အရင်စွပ်စွဲပုတ်ခတ်တာလေ၊ ဒါကြောင့် ကျွန်မကလည်း ဒီလိုလျှောက်ပြောရင် ဝဋ်လည်တတ်တယ်လို့ ပြန်ပြောလိုက်တာပါ”

“ဒါကို ကျွန်မက တစ်ခွန်းပြန်ပြောလိုက်ရုံနဲ့ သူမ ကိုယ်ဝန်ပျက်ကျသွားတယ်ဆိုရင် ကျွန်မနှုတ်က ဒီလောက်တောင်စွမ်းနေတာလား၊ ဒါဆိုရင်တော့ သိပ္ပံပညာရှင်တွေက ကျွန်မကို ခေါ်ပြီး သုတေသန လုပ်သင့်နေပြီရှင်"

ကျန်းအိုက်သည် ရုတ်တရက် စိတ်ရူးပေါက်လာကာ မျက်လုံးများ နီမြန်းလျက် ဝမ်သိုက်ကို စိုက်ကြည့်ရင်း အော်ဟစ်တော့သည်။

"နင်က အငယ်အနှောင်း ဟုတ်နေတာပဲကို၊ နင် သူဌေးကို ကပ်နေတာပဲ၊ မဟုတ်ရင် ဒီလို စုတ်ပဲ့တဲ့နေရာမှာ နေပြီးတော့ ဒီလောက်တန်ဖိုးကြီးတဲ့အိတ်ကို လွယ်ထားတာကို ဘယ်သူက ယုံမှာလဲ၊ သူများမိသားစုကိုဖျက်ဆီးတဲ့ နင့်လို ကောင်မမျိုးကမှ တကယ် ဝဋ်လည်သင့်တာ၊ မိုးကြိုးပစ်သင့်တာ၊ နင်ကြောင့် ငါ့ကလေးဆုံးရှုံးရတယ်၊ နင်ကြောင့် ငါ ကွာရှင်းခံရတော့မယ်၊ အားလုံး နင့်ကြောင့်ပဲ"

စူးရှသော အော်ဟစ်သံများ အပြီးတွင် တိတ်ဆိတ်မှုက လွှမ်းမိုးသွားပေသည်။ ကျန်းအိုက်၏ စိတ်အခြေအနေ မတည်ငြိမ်မှုကို အားလုံးမြင်တွေ့နေရသဖြင့် သူမကို တွဲထားသော ယောက္ခမပင် လန့်သွားကာ ကြောင်ကြည့်နေမိသည်။

ခဏအကြာတွင် လှေကားထစ်များပေါ်မှ ဖိနပ်သံများထွက်ပေါ်လာသည်။ ဝမ်သိုက်သည် လှေကားထိပ် သို့ သွားကာ ငုံ့ကြည့်လိုက်ရာ မျက်မှောင်ကြုတ်လျက် တက်လာသော ချန်စစ်ကျယ်ကိုတွေ့လိုက်ရသဖြင့် လက်ဝှေ့ယမ်း၍ အော်ပြောလိုက်သည်။

"ဒီမှာ ဒီမှာ၊ မြန်မြန်လာ"

သူမ၏အပြုအမူကြောင့် တိတ်ဆိတ်နေသော သူများအားလုံး လှမ်းကြည့်လိုက်ကြသည်။ သားရေအင်္ကျီအရှည်ကို ဝတ်ဆင်ထားသော အရပ်ရှည်ရှည်နှင့် ထိုအမျိုးသားသည် အဆင့်အတန်းမြင့်မားသည့် အသွင်ကိုဆောင်နေပေသည်။

သူ၏တောက်ပြောင်သော သားရေဖိနပ်သံသည် ကတ္တရာလှေကားထစ်များပေါ်တွင် တတောက် တောက်နှင့် မြည်ဟည်းနေသည်။ သူ့ လှပသော မျက်နှာပေါ်ရှိ မြေခွေးမျက်ဝန်းများသည် အေးစက်လျက်ရှိပြီး လူများကို တစ်ချက်ဝေ့ကြည့်ကာ ၃၀၂ အခန်းတံခါးကို ခဏမျှ ကြည့်ပြီးနောက် ဝမ်သိုက် မျက်လုံးများတွင် ရပ်တန့်သွားသည်။

တိုက်ခန်းနှင့် လုံးဝမအပ်စပ်သော ထိုအမျိုးသားသည် အခန်း ၃၀၂ သို့လာခြင်း ဖြစ်ကြောင်း အားလုံး သိလိုက်ကြသည်။ လှေကားပေါ်တွင် ပိတ်ရပ်နေသော ကျန်းအိုက်နှင့် ယောက္ခမတို့သည် မသိစိတ်ဖြင့် ဘေးသို့ကပ်ပေးလိုက်ကြသည်။ ချန်စစ်ကျယ်သည် ဝမ်သိုက်အနီးသို့ လျှောက်လာပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ "ဘာဖြစ်တာလဲ" ဟု တိုးတိုးလေး မေးလိုက်သည်။

ဝမ်သိုက်က သက်ပြင်းချဟန်ဆောင်ကာ ချန်စစ်ကျယ်ကို တစ်ချက်ကြည့်ပြီး ရှေ့မှ လူသုံးယောက်ကို မျက်စိပစ်ပြလိုက်သည်။

"ရှင်နဲ့ ဦးလေးချန် ကျွန်မဆီလာတာကို တခြားလူတွေ မြင်သွားလို့ထင်တာပဲ၊ ဒီအစ်မက ကျွန်မကို အငယ်အနှောင်းတဲ့၊ ကျွန်မက ဘယ်သူ့ရဲ့ အငယ်အနှောင်းဖြစ်နေလို့ ဘယ်သူ့မိသားစုကို ဖျက်ဆီးမိသလဲတောင် မသိပါဘူး”

“ဒါပေမဲ့ ရှင့်အဖေရဲ့ မွေးစားသမီးဖြစ်ဖို့ ကျွန်မ သဘောတူလိုက်ရင်တော့ ရှင့်မိသားစုကို ဖျက်ဆီးရာ ရောက်မလားမသိဘူး၊ ဒါပေမဲ့ ဒါဆိုရင်တော့ ကျွန်မက ဒုတိယကလေးဖြစ်သွားမှာပေါ့"

"မင်း သဘောမတူဘူးလား"

All Chapters