← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

Chapter 58

ချန်စစ်ကျယ်သည် ထူးထူးခြားခြားပင် အဓိကအချက်ကို လွဲချော်သွားကာ သူမ၏ မျက်လုံးများကို စိုက်ကြည့်လျက် အံ့သြသလို မေးလိုက်သည်။ သူ့ ရင်ထဲတွင်တော့ မသိမသာ စိုးရိမ်နေခဲ့သော စိတ်က အေးချမ်းသွားပေသည်။ ဝမ်သိုက်က မသိနားမလည်သည့်ဟန်ဖြင့် "အင်း" ဟု ပြန်ဖြေကာ "ကျွန်မ ပြောတဲ့ အလုပ်က ဘာလဲဆိုတာ ရှင်သိလား"

ချန်စစ်ကျယ်သည် ဝမ်သိုက်အခန်းတံခါးနှင့် နံရံပေါ်ရှိ စာရွက်များကို ကြည့်ကာ "မင်း ငါ့ကို အမှုလိုက်ပေးစေချင်တာလား" ဟု မယုံကြည်နိုင်သလို မေးလေသည်။ ဝမ်သိုက် ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ပြလိုက်ပြီး

"ဒါတွေအားလုံး ရှင်မြင်တဲ့အတိုင်းပဲ၊ ဒါ ကျွန်မရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေတယ်၊ သူတို့က အများပိုင်ပစ္စည်းကို ဖျက်ဆီးရုံတင်မကဘဲ ကျွန်မရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကိုလည်း ပျက်စီးစေတယ်၊ သူတို့ရဲ့ လုပ်ရပ်က ကျွန်မရဲ့ စိတ်ကို အကြီးအကျယ်ထိခိုက်စေတယ်”

“အငယ်အနှောင်းဆိုတဲ့ နာမည်ဆိုးက ကျွန်မအပေါ်မှာ ဘယ်လောက်ကြာကြာရှိနေမလဲ မသိဘူး၊ ဒါဟာ အသရေဖျက်မှုမြောက်တယ် မဟုတ်လား၊ ပြီးတော့ ခုနကပဲ သူတို့ ကျွန်မကိုခြောက်လှန့်ပြီး ငွေတစ်သိန်း တောင်းနေကြတာ"

သူမသည် လက်ပိုက်ကာ ကြောက်လန့်နေသည့်ဟန်ကို ဖမ်းလိုက်ပြန်သည်။

"မနက်အစောကြီးကတည်းက သူတို့ ကျွန်မတံခါးကိုလာကန်ပြီး အငယ်အနှောင်းလို့ အော်နေတာ၊ လူသတ်ရင် အသက်နဲ့လျော်ရမယ်လို့လည်း ပြောနေကြသေးတယ်၊ ကျွန်မ ဘယ်သူ့ကို သတ်လိုက်မိမှန်းတောင် မသိပါဘူး”

“ဒါပေမဲ့ ကျွန်မသာ စိတ်ဓာတ်မခိုင်မာရင်တော့ သူတို့ကပဲ ကျွန်မကို သတ်မိတော့မှာ၊ တကယ်တော့ ကျွန်မက စိတ်ခံစားလွယ်ပြီး အားငယ်တတ်တဲ့သူပါ၊ သူတို့လုပ်ရပ်ကြောင့် ကျွန်မ တော်တော် ထိခိုက်ရတယ်၊ ဒီမှာလည်း ဆက်မနေရဲတော့ဘူး၊ တိုက်ပေါ်ကပဲ ခုန်ချချင်စိတ်ပေါက်နေပြီ"

ဝမ်သိုက်သည် သရုပ်ဆောင်ကောင်းလွန်းလှသဖြင့် ကျန်သော လူသုံးယောက်မှာ ပြန်လည်ချေပရန် စကားလုံး မရှိတော့ချေ။ ကျန်းအိုက်သည် အမှုရင်ဆိုင်ရမည်ဆိုသော စကားကို ကြားသောအခါ စိတ်ဓာတ်များ အေးကျသွားတော့သည်။ သူမသည် ယောက္ခမ၏အကူအညီ မလိုတော့ဘဲ ဝမ်သိုက်အနီးသို့လျှောက်လာကာ

"နင်က ဘာကိုဆိုလိုတာလဲ၊ ငါ နင့်ဆီလာတာ အကြောင်းမဲ့ မဟုတ်ဘူးနော်၊ အမှားမရှိဘဲ ဘယ်သူက လာပြောမလဲ၊ နင် မနေ့က ငါ့ကို ကျိန်စာတိုက်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းရဲလား၊ ညနေကျတော့ ငါ ကိုယ်ဝန်ပျက်ကျသွားတာလေ၊ ဒါဟာ နင့်ရဲ့ ကျိန်စာကြောင့် မဟုတ်ဘူးလို့ ပြောရဲလား" ဟု အလောတကြီး မေးလေသည်။

"ဘာလို့ မပြောရဲရမှာလဲ၊ အစ်မရယ်၊ အခုခေတ်မှာ ဒီလိုအတွေးမျိုးက ရှေးရိုးစွဲတွေတောင် ရှက်သွားလိမ့်မယ်၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် ဆိုတဲ့ စကားက ကျွန်မ သတ်မှတ်ထားတာ မဟုတ်ဘူး”

“အစ်မက ကျွန်မကို အရင်စွပ်စွဲတော့ ကျွန်မကလည်း ဝဋ်လည်လိမ့်မယ်လို့ ပြောတာပဲလေ၊ မဟုတ်ရင် ကျွန်မက ငြိမ်ခံနေရမှာလား၊ ပြီးတော့ အမှားမရှိဘဲ ဘယ်သူကလာပြောမလဲ ဆိုတဲ့ စကားကို လျှောက်မသုံးပါနဲ့၊ အဲဒီဓားက ကိုယ့်ကိုယ်ကိုယ် ပြန်မှန်လာမှ နောင်တရနေဦးမယ်”

“အမျိုးသမီးအချင်းချင်းမို့ ကျွန်မ အစ်မကိုမတိုက်ခိုက်ချင်ဘူး၊ အမှန်တရားကို အစ်မကိုယ်တိုင် သိမှာပါ၊ အမှုကတော့ သေချာပေါက်ရင်ဆိုင်ရမှာပဲ၊ ကျွန်မက အနိုင်ကျင့်လို့ရတဲ့လူ မဟုတ်ဘူး"

ချန်စစ်ကျယ် ဖုန်းကို ထုတ်ကာ အချိန်ကြည့်လိုက်ပြီး အေးစက်သောမျက်ဝန်းများဖြင့်

"ခင်ဗျားတို့က ဥပဒေတော်တော်များများကို ချိုးဖောက်ထားတယ်၊ အချုပ်ကျဖို့ကတော့ သေချာတယ်၊ တရားရုံးရောက်ရင်တော့ အကုန်သိရမှာပေါ့" ဟု ပြောကာ ဝမ်သိုက်ကိုကြည့်ပြီး "အရင်ဆုံး တိုင်ချက်ဖွင့်မယ်၊ ပြီးမှ အသေရေဖျက်မှုနဲ့ ဆက်တရားစွဲမယ်"

ကျန်းလင်းမှ ရုတ်တရက် "ဘယ်သူ့ကို ဖမ်းမှာလဲ" ဟု မေးကာ ကျန်းအိုက်ကို ညွှန်ပြလျက်

"ဒါတွေအားလုံးက သူမ ခိုင်းလို့ ကျွန်တော်လုပ်တာပါ၊ သူမက အဓိကတရားခံပဲ၊ သူမက ကျွန်တော့်ကို ဖုန်းဆက်ပြီး အငယ်အနှောင်းတစ်ယောက်ကြောင့် ကလေးပျက်ကျသွားတယ်လို့ပြောပြီး ဆေးတွေနဲ့ စာရွက်တွေ ပြင်ခိုင်းတာ၊ ကျွန်တော်ကတော့ ဘာမှ မသိဘဲ သူမ ခိုင်းတာလုပ်မိတာပါ" ဟု ချက်ချင်းငြင်းတော့သည်။

ဝမ်သိုက် ရဲစခန်းသို့ ဖုန်းခေါ်နေသည်ကို မြင်သောအခါ ကျန်းလင်းသည် စိုးရိမ်တကြီးဖြင့် ဝမ်သိုက်လက်ကို လှမ်းဆွဲရန်ကြိုးစားသည်။ သို့သော် ချန်စစ်ကျယ်က ဝမ်သိုက်ပုခုံးကို ဆွဲကာ နံရံဘက်သို့ ပို့ပြီး ကာကွယ်လိုက်ရင်း ကျန်းလင်းကိုစက်ဆုပ်ရွံရှာသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဒီစကားတွေကို ရဲစခန်းရောက်မှပြောပါ၊ လက်ပါဖို့မကြိုးစားနဲ့"

ကျန်းလင်းသည် ဒေါသကြောင့် တုန်ရီနေကာ လှေကားလက်ရန်းကို လက်သီးဖြင့် ထိုးချလိုက်ရာ အသံအကျယ်ကြီး ထွက်ပေါ်လာပေသည်။ ဝမ်သိုက်က ဖုန်းကို ချလိုက်ပြီး ချန်စစ်ကျယ်ကို သူမ၏ ဖုန်းမျက်နှာပြင် ပြလိုက်ကာ

"ရှင်ကြည့်ဦး၊ ကျွန်မ အပြင်မထွက်ခင်ကတည်းက အသံဖမ်းထားတာ၊ သူတို့ တံခါးကိုကန်ပြီး ဆဲဆိုနေတာတွေ အကုန်ပါတာပဲ၊ ဒါဆိုရင် ကျွန်မ အမှုနိုင်ဖို့ ပိုလွယ်သွားပြီ မဟုတ်လား" ဟု ဂုဏ်ယူစွာ မေးလိုက်သည်။

"အင်း၊ မင်း တော်တယ်"

ချန်စစ်ကျယ် ခပ်တည်တည်ဖြင့် ချီးကျူးလိုက်ပြီး "အောက်ဆင်းကြရအောင်၊ ရဲတွေ လာဖမ်းတာထက်စာရင် ကိုယ့်ဘာသာ ဆင်းတာက ပိုမျက်နှာရတာပေါ့" ဟု ကျန်သော လူသုံးယောက်ကို ပြောလေသည်။

အားလုံး တိုက်ခန်းထဲမှထွက်လာကြသည်။ ဝမ်သိုက် တံခါးရှေ့မှ အနီရောင်နှင့် မီးခိုးရောင် ရောယှက်နေသော မြင်ကွင်းမှ လွတ်မြောက်လာပြီးနောက် အပြင်ဘက်မှ စူးရှသော အလင်းတန်းကို ဆုံတွေ့လိုက်ရသည်။ ဝမ်သိုက်သည် ချန်စစ်ကျယ်၏ အနက်ရောင် ပြိုင်ကားကို ကြည့်ကာ "မထင်ရဘူးနော်၊ ရှင်ကလည်း ကားကို ဒီလို ပြင်ထားတာပဲ" ဟု စလိုက်သည်။

ချန်စစ်ကျယ် နှာခေါင်းရှုံ့ကာ "တက္ကသိုလ်တက်တုန်းက မှာထားတာ" ဟု ခပ်တည်တည်ပင် ဖြေလေသည်။ ဝမ်သိုက်က ခေါင်းငြိမ့်ကာ "နားလည်ပါတယ်၊ ငယ်ရွယ်တုန်းအခါဆိုတော့လည်း ကြွားချင်တာပေါ့လေ"

ချန်စစ်ကျယ်သည် ဝမ်သိုက်ကို ငုံ့ကြည့်လိုက်ရာ လေတိုက်သဖြင့် သူမ ဆံပင်များ ရှုပ်ပွနေသည်ကို တွေ့ရသဖြင့် သူမ ခေါင်းကို လက်ဖြင့် အတင်းဖွလိုက်သည်။

"ရှင် ရူးနေလား၊ ဘာလို့ ကလေးဆန်နေတာလဲ ချန်စစ်ကျယ်"

ဝမ်သိုက်က သူမ၏ရှုပ်ပွသွားသော ဆံပင်များကို ပြန်ပြင်ရင်း အော်တော့သည်။ ချန်စစ်ကျယ်ကတော့ ဘာမှ မပြောဘဲ ခပ်တည်တည်ပင်ရှိနေပေသည်။

"အသက်က သုံးဆယ်နား နီးနေပြီကို ကလေးဆန်နေတုန်းပဲ၊ မိန်းကလေးရဲ့ ဆံပင်ကိုလည်း လာဖွသေးတယ်"

"ငါက ဘယ်လိုလုပ် လူကြီးပိုင်းထဲရောက်သွားတာလဲ"

ဝမ်သိုက်က သူမ ဆံပင်များကို နားနောက်သို့ သပ်လိုက်ရင်း "ရှင့်အသက်က ၂၆ ဆိုတော့ ကျွန်မထက် ငါးနှစ်ကြီးတယ်လေ၊ ဒါကို လေးထပ်ပေါင်းလိုက်ရင် သုံးဆယ်ပဲ မဟုတ်လား၊ ဒါကြောင့် လူကြီးပဲ"

ချန်စစ်ကျယ်က ရယ်ရခက် ငိုရခက် ဖြစ်သွားကာ "မင်းရဲ့ အဲဒီအတွေးအခေါ်ကို မူလတန်းကနေ ပြန်သင်ဖို့ အကြံပေးချင်တယ်"

တစ်ဖက်တွင်တော့ ကျန်းလင်းသည် ကျန်းအိုက်ကိုကြည့်ပင်မကြည့်တော့ဘဲ ရဲကားကို စိုးရိမ်တကြီး စောင့်နေပေသည်။ ကျန်းအိုက် ယောက္ခမကလည်း

"ငါ့ကိုလည်း ဖမ်းမှာလား၊ ငါက အသက်ကြီးပြီလေ၊ နင့်ကို သနားလို့ လိုက်လာပေးတာကို၊ ငါ့ကိုတော့ ပြဿနာထဲမဆွဲသွင်းနဲ့နော်" ဟု တတွတ်တွတ် ပြောနေတော့သည်။

"မဟုတ်ပါဘူး၊ လိုအပ်ရင် ကျွန်မပဲ အကုန်တာဝန်ယူပါ့မယ်" ဟု ကျန်းအိုက်က အားငယ်စွာ ပြန်ပြောလေသည်။

ခဏအကြာတွင် ရဲကားရောက်လာပြီး ကျန်းအိုက်တို့ အုပ်စုကို တင်ဆောင်သွားပေသည်။ ဝမ်သိုက်သည် ချန်စစ်ကျယ်နှင့်အတူ ရဲစခန်းသို့ လိုက်သွားရသည်။ နာရီအနည်းငယ်ကြာ ဖြေရှင်းပြီးနောက် ဝမ်သိုက်သည် တိုင်ချက်ဖွင့်ထားသည့် လက်ခံလွှာကိုရရှိခဲ့သည်။

ချန်စစ်ကျယ်သည် ကျန်ရှိသော အချိန်တွင် သူမအား အသေရေဖျက်မှုတရားစွဲဆိုရန်အတွက် ကူညီပေးခဲ့ပေသည်။

တရားရုံး ဝန်ဆောင်မှုစင်တာမှ ထွက်လာသောအခါ ဝမ်သိုက်သည် ချန်စစ်ကျယ်၏ပုခုံးကို ပုတ်ကာ "ဒီနေ့ ရှင့်ကို ဒုက္ခပေးမိပြီ၊ ရှင် ဒီလို အမှုအသေးလေးမျိုး မလိုက်ဖူးဘူး မဟုတ်လား" ဟု ပြုံးလျက် မေးလိုက်သည်။

ချန်စစ်ကျယ် သူမကို တစ်ချက်ကြည့်ကာ

"ဘာက သေးတာလဲ၊ အခကြေးငွေနဲ့ ပတ်သက်ရင် ငါ အလကားလိုက်ပေးဖူးတဲ့ အမှုတွေ ရှိတယ်၊ အမှုကြီးငယ်နဲ့ ပတ်သက်ရင်လည်း ငါ ရပ်ကွက်ထဲမှာ ညှိနှိုင်းပေးဖူးတာတွေရှိတယ်၊ ရှေ့နေတစ်ယောက်အနေနဲ့ ငါ့ရဲ့ တာဝန်က ကိုယ့်ဘက်ကလူအတွက် အကောင်းဆုံး ရလဒ်ရအောင်လုပ်ပေးဖို့ပဲ”

“အမှုကြီးလား သေးလားဆိုတာ အဓိက မဟုတ်ဘူး၊ ဘယ်လောက်ပဲ သေးငယ်တဲ့ ကိစ္စဖြစ်ပါစေ၊ ကိုယ့်ရဲ့ အခွင့်အရေးအတွက် ရှေ့နေလိုတယ်ဆိုရင် ငါတို့က ကူညီပေးရမှာပဲ၊ ဒါပေမဲ့ ရှေ့နေဆိုတာ အခကြေးငွေနဲ့တော့ ဆက်စပ်နေတာ အမှန်ပဲ၊ ပိုက်ဆံပေးဖို့ မမေ့နဲ့ဦး"

All Chapters