← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

Chapter 59

တရားခွင်ကို နှစ်ကုန်ပိုင်း၊ လီကျိုးမြို့၏ ပထမဆုံးနှင်းများ ကျဆင်းချိန်တွင် ချိန်းဆိုထားပေသည်။

လွင့်ပျံ့နေသော နှင်းစက်မှုန်များသည် မြို့ပြကို အေးစက်လှသော ဂွမ်းစောင် တစ်ထည်ကဲ့သို့ ဖုံးလွှမ်းထားသည် ဖြစ်ရာ ကားပေါ်မတက်မီ ဝမ်သိုက်သည် သူမ၏ မျက်နှာတစ်ဝက်ကျော်ကို လည်စည်းပုဝါထဲတွင် မြှုပ်နှံထားရပေသည်။

ခါးအထိရှည်သော ဆံနွယ်များသည် ဆောင်းရာသီတွင် အအေးဒဏ်ကို ကာကွယ်ရန် အသုံးဝင်သော်လည်း လေတိုက်လာသောအခါတွင်မူ သူမသည် လမ်းလျှောက်နေသော သရဲမတစ်ကောင်နှင့်ပင် တူနေတော့သည်။

ကားတံခါးကိုဖွင့်၍ အတွင်းသို့ တိုးဝင်လိုက်သောအခါ အေးခဲနေသော အရေပြားများသည် ကားအတွင်းမှ အပူပေးစက်၏ ကုစားမှုကို ခံယူလိုက်ရသဖြင့် သူမ သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်မိသည်။ ပါးစပ်ကို ဖုံးထားသော ပုဝါကို အောက်သို့ အသာဆွဲချလိုက်ရင်း

"ရှင်ရှိနေလို့ တော်သေးတာပေါ့၊ ဒါနဲ့ ဒီရှေ့နေခကို နည်းနည်းလောက် လျှော့ပေးလို့ တကယ်ပဲ မရဘူးလား၊ လုပ်ဖော်ကိုင်ဖက်ချင်းပဲ ဈေးလေးလျှော့ပေးပါဦး၊ မဟုတ်ရင် ရှင့်ရဲ့ ဝန်ဆောင်ခက ကျွန်မ အမှုနိုင်လို့ ရမယ့် လျော်ကြေးငွေထက်တောင် များနေဦးမယ်"

"သိပြီ"

သူမ၏ အကျိုးဆောင်ရှေ့နေ ဖြစ်လာကတည်းက ချန်စစ်ကျယ်သည် မနက်မိုးလင်း မျက်စိနှစ်လုံး ပွင့်လိုက်သည်နှင့် ဖုန်းထဲရှိ We Chat မှတစ်ဆင့် သူမ ပေးပို့ထားသော ရှေ့နေခ လျှော့ပေးရန် တောင်းဆိုသည့် စာများကို မလွဲမသွေ ဖတ်ရမြဲဖြစ်ပေသည်။

သူသည် အင်ဂျင်ကို နှိုးကာ တရားရုံးရှိရာသို့ မောင်းနှင်လာစဉ် သူ၏ ဆုံးဖြတ်ချက်အပေါ် သံသယများ ဖြစ်ပေါ်နေမိသည်။ အစက သူသည် ဘာကြောင့်များ သူမနှင့် ပူးပေါင်းရန် သဘောတူခဲ့မိပါသနည်း။

သို့သော်လည်း ဘေးခုံတွင် ထိုင်ကာ မုန့်စားနေသော သူမကို မြေခွေးမျက်ဝန်းများဖြင့် တစ်ချက် ဝေ့ကြည့်လိုက်မိသောအခါ ယခုအထိတော့ သူ နောင်တမရသေးပေ။

"မုန့်ဖတ်တွေ ကားပေါ်ကျရင် ကားဆေးခ မင်းပေးရမယ်"

အေးစက်သော စကားလုံးများက တိုးညှင်းစွာ ထွက်ပေါ်လာသည်။ ချိစ်မုန့်များကို ပါးစပ်ထဲ အတင်းထိုးထည့်နေသော ဝမ်သိုက်

"သိပါပြီ၊ လူ့ကပ်စေးနှဲကြီးရဲ့" ဟု ဗလုံးဗထွေး ပြန်ပြောလေသည်။

နှင်းတောထဲတွင် ပြေးလွှားလာသော ပါရာမဲရား ကားလေးသည် နောက်ဆုံးတွင် ရည်မှန်းချက်ရှိရာ ကားပါကင်တွင် ရပ်တန့်သွားပေသည်။ မုန့်ကို အလောတကြီး စားမိသဖြင့် လေချဉ်တက်နေသော ဝမ်သိုက်သည် ချန်စစ်ကျယ်ထံမှ လေးဆယ်တန်ဟု အတင်းအဓမ္မ သတ်မှတ်ခံထားရသော ဈေးကြီးပေးဝယ်ရသည့် ရေသန့်ဘူးကို ကိုင်ကာ ရေများကို ကမူးရှူးထိုး သောက်နေတော့သည်။ လေချဉ်တက်ခြင်း ရပ်တန့်ရန် နည်းလမ်းမျိုးစုံ ကြိုးစားသော်လည်း အရာမထင်ချေ။

"အေ့.... ကျွန်မ လေချဉ်တက်ရင်းနဲ့ တရားခွင်ထဲ မဝင်ချင်ပါဘူး၊ အေ့...... ရှင့်ဆီက လေးဆယ်တန် ဈေးကြီးပေးဝယ်ရတဲ့ ရေသန့်ကိုလည်း သောက်ပြီးပြီကို၊ အေ့.....တကယ် စိတ်ပျက်ဖို့ကောင်းတယ်"

ပြင်းထန်သော လေသည် ဝမ်သိုက် ဆံပင်များကို အရပ်မျက်နှာအနှံ့ လွင့်ပျံ့စေသော်လည်း ကာယကံရှင်မှာမူ ဆံပင်ကို ဂရုမစိုက်နိုင်အားပေ။ သူမသည် ရေသောက်မြန်သွားသဖြင့် သီးသွားပြန်ရာ မျက်ရည်များပင် ထွက်လာတော့သည်။ အအေးဒဏ်ကြောင့် နီမြန်းနေသော ပါးပြင်များမှာ ပိုရဲတက်လာပေသည်။

သူမကို ဘေးတစောင်း ကြည့်နေသော ချန်စစ်ကျယ်သည် နောက်ဆုံးတွင် ကြည့်မနေနိုင်တော့ဘဲ ဝမ်သိုက် လက်ထဲမှ ရေသန့်ဘူးကို လုယူလိုက်သည်။

ဘေးမှ ဝမ်သိုက်က "ဟေ့၊ ရှင် ဘာလုပ်တာလဲ၊ အန်၊ ကျွန်မ ပိုက်ဆံလွှဲပေးပြီးပြီလေ၊ အန်၊ ပြန်လုလို့ မရဘူးလေ" ဟု အော်ဟစ်နေသော်လည်း သူက ဂရုမစိုက်ပေ။

သူသည် ရေသန့်ဘူးကို လက်နှစ်ချောင်းဖြင့် ဓားသဏ္ဌာန်ပြုကာ လျင်မြန်စွာဝေ့ယမ်းလိုက်ပြီး ဂါထာအချို့ကို တိုးတိုးလေးရွတ်ဆိုလိုက်သည်။ ထို့နောက် ရေသန့်ဘူးကို ဝမ်သိုက်ထံ ပြန်ပေးလိုက်ပေသည်။

သွယ်လျဖြူစင်သော လက်ချောင်းများက ရေသန့်ဘူးကို ပတ်လျက် အမျိုးသားက အေးစက်တည်ငြိမ်သော လေသံဖြင့် "သောက်လိုက်" ဟု ပြောလေသည်။

ဝမ်သိုက်သည် သူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သော်လည်း သူပေးသော ရေကို နာခံစွာ သောက်လိုက်သည်။ နှစ်ငုံသုံးငုံခန့် သောက်ပြီးနောက် ခေတ္တမျှ ငြိမ်သက်နေပြီးမှ ဝမ်သိုက်က

"ဟေး၊ လေချဉ်မတက်တော့ဘူးပဲ၊ ချန်စစ်ကျယ်၊ ရှင် ကျိန်စာကုထုံးတွေတောင် တတ်တာလား" ဟု ဝမ်းသာအားရ ပြောလိုက်သည်။

သို့သော် ထိုဝမ်းသာမှုမှာ ကြာရှည်မခံပေ။ သူမသည် ကိုယ်ကို ဘေးသို့ စောင်းလိုက်ပြီး လည်ပင်းကို ကျုံ့ကာ သူ့ကို သံသယဖြင့် စိုက်ကြည့်ရင်း

"ဒါကိုလည်း ပိုက်ဆံထပ်တောင်းမှာလား၊ ဒါဆိုရင်တော့ ကျွန်မ ဆက်ပြီး လေချဉ်ပဲ တက်နေပါတော့မယ်၊ အလွန်ဆုံးရှိလှ အရှက်ကွဲရုံပဲပေါ့"

သူ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားကာ သူမကို စိတ်ပျက်လက်ပျက် ကြည့်လိုက်ရင်း “ပိုက်ဆံ မယူပါဘူး" ဟု ဖြေလိုက်ရပေသည်။

တရားခွင်ဖွင့်သောအခါ ဝမ်သိုက်သည် အချုပ်ခန်းထဲတွင် ရက်ပေါင်းနှစ်ဆယ်နေခဲ့ရသော ကျန်းမိသားစု မောင်နှမကို တွေ့လိုက်ရသည်။ ကျန်းအိုက်က အပြစ်အားလုံးကို သူမကိုယ်တိုင် တာဝန်ယူပါသည်ဟု ပြောခဲ့သော်လည်း ကျန်းအိုက်၏ယောက္ခမမှာလည်း လွတ်မြောက်ခြင်း မရှိခဲ့ပေ။

ကျန်းမိသားစု မောင်နှမကဲ့သို့ ရက်ပေါင်းနှစ်ဆယ် အပြည့် မနေရသော်လည်း အချုပ်ခန်းထဲတွင် ဆယ်ရက်ခန့် 'ဧည့်သည်' အဖြစ် နေထိုင်ခဲ့ရပေသည်။ ပူးပေါင်းကြံစည်သူနှင့် အားပေးကူညီသူ သည်လည်း ပြစ်မှုထင်ရှားသူများပင်။

တရားခံနယ်မြေအတွင်း ရပ်နေသော ကျန်းအိုက်သည် ခေါင်းငုံ့ထားပေသည်။ သူမ အကြည့်များသည် ရှေ့မှ သစ်သားစားပွဲပေါ်တွင်သာ ရပ်တန့်နေပြီး လေထဲတွင် ပျံ့လွင့်နေသော စကားသံများသည် သူမ နားထဲသို့ မဝင်ရောက်နိုင်တော့ချေ။

ထိုနေ့က အဖြစ်အပျက်များသည် သူမ အာရုံထဲတွင် ဝေဝေဝါးဝါး ပြန်လည် ပေါ်ပေါက်လာပေသည်။

နှစ်လသား ကိုယ်ဝန်သည် သူမကို ပျော်ရွှင်စေခဲ့သည်။ ကိုယ်ဝန်ဆောင်ထားစဉ်အတွင်း အမျိုးသားက ကွာရှင်းခွင့်မရှိသဖြင့် သူမသည် အချိန်တစ်နှစ်ခွဲခန့် ဆွဲထားနိုင်မည်ဖြစ်သည်။ ထိုအချိန်အတွင်း ခင်ပွန်းဖြစ်သူ စိတ်ပြောင်းလာအောင် လုပ်နိုင်မည်ဟု သူမ ယုံကြည်ခဲ့သည်။

သူမသည် လျိုမင်၏အလုပ်ဆင်းချိန်ကို ကြည့်ကာ သူကြိုက်တတ်သော ဟင်းလျာများကို ကြိုတင်ချက်ပြုတ်ထားခဲ့သည်။ "ယောက်ျားတစ်ယောက်ရဲ့ စိတ်ကို ဖမ်းစားချင်ရင် သူ့ရဲ့ အစာအိမ်ကို အရင်ဖမ်းရမယ်" ဆိုသော စကားကို သူမ၏ ဦးနှောက်ထဲတွင် စွဲမြဲစွာ မှတ်သားထားခဲ့သည်။

သူမ ဘယ်လောက်ကြာကြာ စောင့်ခဲ့ရပါသနည်း။ ငါးနာရီတွင် အလုပ်ဆင်းသော ခင်ပွန်းသည် ခြောက်နာရီနီးပါးမှ အိမ်ပြန်ရောက်လာခဲ့သည်။ သူ အချိန်ပို လုပ်နေရခြင်း ဖြစ်မည်ဟု သူမ ကိုယ်သူမ ဖြေသိမ့်နေခဲ့သည်။

"မေမေ၊ ထမင်းစားလို့ ရပြီလား၊ မွှေးနေတာပဲ၊ သား ဗိုက်ဆာပြီ"

သားဖြစ်သူက သူမရှေ့သို့ ပြေးလာသည်။ လျိုမင်နှင့် တစ်ပုံစံတည်း တူသော ထိုမျက်လုံးလေးများကို ကြည့်ရင်း သူမရှေ့တွင် ရပ်နေသည်မှာ သူမနှင့် စတင်လက်ထပ်စက လျိုမင်ဟု ကျန်းအိုက် ထင်ယောင်ထင်မှားဖြစ်သွားခဲ့သည်။

လက်ထပ်စက သူ ဘယ်လိုပုံစံမျိုးဖြစ်ခဲ့သနည်း။ အလုပ်ဆင်းသည်နှင့် အိမ်သို့ အပြေးအလွှား ပြန်လာတတ်သူ ဖြစ်သည်။ ငါးနာရီဆင်းလျှင် ငါးနာရီဆယ်မိနစ်ဆိုလျှင် အိမ်ပြန်ရောက်နေပြီ ဖြစ်သည်။ သူမ ထမင်းချက်နေစဉ် နောက်ကျောမှ ဖက်ထားကာ သူမ၏ နားနားတွင်

"ပင်ပန်းနေပြီလား၊ ငါ ပိုပြီး ကြိုးစားပြီး ပိုက်ဆံရှာမယ်၊ မင်းကို ချမ်းချမ်းသာသာ ထားမယ်၊ အိမ်ကြီးကြီးမှာ နေပြီး အိမ်ဖော်တွေ ခေါ်ပေးမယ်၊ မင်း ဘာမှ လုပ်စရာ မလိုဘဲ သူဌေးကတော်လေးလိုပဲ နေစေရမယ်" ဟု တိုးတိုးလေး ပြောခဲ့ဖူးပေသည်။

"မေမေ၊ မေမေ.... သား ဗိုက်ဆာပြီ"

ရှေ့တွင် ရပ်နေသော သားဖြစ်သူက ခြေဆောင့်ကာ ငိုတော့မည့်ဟန် ပြုနေသည်။ လျိုမင် ဒေါသထွက်လျှင် ဘယ်လိုပုံစံမျိုး ဖြစ်သနည်း။

သူမ မျက်နှာနှင့် ခေါင်းကို လက်ဝါးဖြင့် ရိုက်တတ်သလို လက်သီးနှင့်လည်း ထိုးတတ်သူ ဖြစ်သည်။ သူ့စက်ဆုပ်ရွံရှာသော အကြည့်များကို သူမ ဘယ်တော့မှ မေ့လိမ့်မည်မဟုတ်ပေ။ သူသည် တံခါးဝတွင် ရပ်ကာ တံခါးလက်ကိုင်ကို ဆွဲရင်း သူမကို စက်ဆုပ်စွာ ကြည့်ကာ

"နင်က တကယ် စိတ်ရှုပ်ဖို့ကောင်းတာပဲ၊ ငါ တခြားမိန်းမနောက် လိုက်တော့ ဘာဖြစ်လဲ၊ နင့်ကိုယ်နင်လည်း ပြန်ကြည့်ဦး၊ နင့်ကို လူနဲ့မတူဘူးလို့ ပြောတာကတောင် နင့်ကို ချီးကျူးနေတာပဲ”

“နင် ကလေးမွေးပြီးကတည်းက နင့်ရဲ့ ဗိုက်ကို ကြည့်ရတာတောင် ငါ အန်ချင်လာတယ်၊ ကိုယ့်ဘာသာ ဖြေရှင်းရတာကတောင် နင့်ကိုထိရတာထက် ပိုကောင်းဦးမယ်၊ သိပြီလား"

"မေမေရေ.....ဖေဖေ ပြန်လာပြီ"

ငိုတော့မည့်ဟန် ပြင်နေသော သားဖြစ်သူသည် တံခါးဖွင့်သံ ကြားသည်နှင့် တံခါးဝသို့ ပြေးသွားတော့သည်။ ပြေးသွားသော ခြေသံများသည် သူမ၏ ဦးခေါင်းကို နာကျင်စေပေသည်။ သူမ တစ်ချက် လှည့်ကြည့်လိုက်သောအခါ ပြတင်းပေါက်မှ ဖြတ်သန်းဝင်ရောက်လာသော မီးခိုးရောင် အလင်းတန်းများကို တွေ့လိုက်ရသည်။

သားလေး မွေးဖွားသောနေ့က လျိုမင်သည် သူမရှေ့တွင် ငိုကြွေးခဲ့ဖူးသည်။ သို့သော် ထိုအချိန်က လျိုမင်သည် မီးခိုးရောင် သေလူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ဓာတ်ပုံဘောင်ထဲ ထည့်ကာ နံရံတွင်သာ ချိတ်ထားသင့်ပေသည်။

တံခါးပွင့်လာသောအခါ သူမသည် ခါးစည်းဝတ်စုံကိုပင် မချွတ်ရသေးဘဲ တံခါးဝသို့ လျှောက်သွားလိုက်သည်။ အစက ပျော်ရွှင်နေသော စိတ်များသည် ပျောက်ကွယ်သွားကာ သူမ၏ မျက်နှာတွင် အပြုံးတစ်ခုကို အတင်းအဓမ္မ ဖော်ယူနေရပေသည်။ ဖိနပ်လဲနေသော အမျိုးသားကို ကြည့်ကာ

"ထမင်း အရင်စားမလား၊ ရေအရင်ချိုးမလား၊ ထမင်း အရင်စားလိုက်ပါ၊ ပူတုန်းလေး စားရအောင်၊ ရှင်ကြိုက်တဲ့ ဟင်းတွေ အများကြီး ချက်ထားတယ်" ဟု သူမ တိုးတိုးလေး ပြောလိုက်သည်။

"ရေအရင်ချိုးမယ်"

အေးစက်ပြီး စိတ်မရှည်သော အသံဖြစ်သည်။ လျိုမင်သည် ဖိနပ်လဲပြီး ဧည့်ခန်းထဲသို့ ဝင်လာစဉ် ကျန်းအိုက်၏ပုခုံးကို မတော်တဆ တိုက်မိသွားသော်လည်း တောင်းပန်ခြင်းမရှိပေ။

"ငါ့မျက်နှာသုတ်ပုဝါနဲ့ အဝတ်အစားတွေ ဘယ်မှာထားလဲ"

သူသည် ဆိုဖာပေါ်တွင် မခေါက်ရသေးဘဲ ပုံထားသော အဝတ်အစားများကို မွှေနှောက်ရှာဖွေရင်း

"တစ်နေကုန် ပိုက်ဆံမရှာဘဲ အိမ်မှာ အိပ်နေပြီးတော့ ဒီလိုအလုပ်အသေးလေးတောင် မလုပ်တတ်ဘူးလား၊ ဒီအဝတ်တွေ သိမ်းလာရင် ခေါက်ထားရမယ်ဆိုတာ မသိဘူးလား၊ ဆိုဖာပေါ်မှာ ရှုပ်ပွနေတာပဲ" ဟု ဆဲဆိုတော့သည်။

All Chapters