← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

Chapter 60

ကျန်းအိုက် လက်သီးများ တုန်ရီလာသည်။ သူမ ဧည့်ခန်းထဲသို့ လျှောက်လာကာ

"ကျွန်မ ထမင်းချက်ပြီးမှ ခေါက်မလို့ပါ၊ ထမင်းချက်ပြီးတော့လည်း ရှင်ပြန်လာမလားဆိုပြီး စောင့်နေတာနဲ့" ဟု ပြန်လည် ချေပလိုက်သည်။

လဲမည့် အဝတ်များကို လက်မောင်းတွင် ချိတ်ကာ လျိုမင်က သူမကို စက်ဆုပ်စွာ ကြည့်ရင်း

"ငါ ပြန်လာမလား စောင့်နေတာလား၊ ငါ ပြန်လာတော့ကော ဘာဖြစ်လဲ၊ ငါ့ကို စောင့်နေတုန်းမှာ မင်းက ဒီအတိုင်း ထိုင်စောင့်နေတာလား၊ ငါ မပြန်မချင်း မင်းရဲ့ လက်တွေ ခြေထောက်တွေက အလုပ်မလုပ်တော့ဘူးလား၊ ပျင်းတာက ပျင်းတာပဲ၊ အကြောင်းပြချက်တွေ အများကြီး ပေးမနေနဲ့"

နောက်ဆုံးတွင် ကျန်းအိုက်၏ စိတ်အခြေအနေသည် ပေါက်ကွဲသွားတော့သည်။ သူမသည် ရေချိုးခန်းသို့ သွားမည့် လျိုမင်၏ လက်မောင်းကို လှမ်းဆွဲကာ တုန်ရီနေသော အသံဖြင့်

"ကျွန်မက ပျင်းတယ် ဟုတ်လား၊ ကျွန်မ ပျင်းလို့ တစ်နေကုန် အိမ်မှာ ရှင့်ကို ပြုစုနေပြီး ပြန်လာမလား မသေချာတဲ့သူကို ထမင်းဝိုင်းကြီးနဲ့ စောင့်နေတာလား”

“ရှင့်အတွက် ကလေးမွေးပေးခဲ့လို့ ကျွန်မရဲ့ ကိုယ်ခန္ဓာတွေ ပျက်စီးပြီး အမာရွတ်တွေ ထင်ခဲ့ရတာကို ရှင့်ရဲ့ စက်ဆုပ်မှုကို ပြန်ခံရတာလား၊ ကျွန်မက အိမ်မှာ အလုပ်တွေ မပြီးနိုင်အောင် လုပ်နေရရုံတင်မကဘဲ ရှင့်အမေအိမ်အထိ သွားပြီး အလုပ်လုပ်ပေးနေရတာလေ"

"ကျွန်မ ရူးသွားပြီ ထင်တယ်၊ ရှင့်ရဲ့ မတည်နိုင်တဲ့ကတိတွေကို ယုံကြည်နေခဲ့တဲ့ ကျွန်မက ရူးနေတာ၊ ရှင် ဖောက်ပြန်နေတာကို သိသိကြီးနဲ့ မျက်စိမှိတ်နေခဲ့တဲ့ ကျွန်မက ရူးနေတာ၊ ရှင် ကွာရှင်းမယ် ပြောတုန်းက ဒူးထောက်ပြီး မကွာပါနဲ့လို့ တောင်းပန်ခဲ့တဲ့ ကျွန်မက ရူးနေတာ”

“ရှင့်ရဲ့ နှိပ်စက်မှုတွေကို သည်းခံနေခဲ့တဲ့ ကျွန်မက ရူးနေတာ၊ ရှင့်ဘေးမှာ ခဏလောက် ပိုနေနိုင်ဖို့ ဗိုက်ထဲက ကလေးကို ဆက်ထားနေခဲ့တဲ့ ကျွန်မက ရူးနေတာ၊ ရှင့်ရဲ့ စိတ်တွေ ပြန်လည်လာနိုးနဲ့ မျှော်လင့်နေခဲ့တဲ့ ကျွန်မက ရူးနေတာ" ဟု အော်ဟစ်လိုက်တော့သည်။

ကျန်းအိုက် မျက်ရည်များ စီးကျလာသည်။ ငိုနေသည်မှာ သူမတစ်ယောက်တည်း မဟုတ်ပေ။ သူတို့၏ ရန်ဖြစ်သံကြောင့် သားဖြစ်သူမှာလည်း ကြောက်လန့်ကာ ထမင်းဝိုင်းတွင် ရပ်၍ ငိုယိုနေပေသည်။

သူမသည် လျိုမင်၏အင်္ကျီလက်စကို ဆွဲခါရင်း သရော်ပြုံး ပြုံးလိုက်သည်။

"ရှင့်ဆီက ရနေတဲ့ ရေမွှေးနံ့ကို ကျွန်မ မသိချင်ယောင်ဆောင်ခဲ့တာ၊ ကျွန်မရဲ့ နှာခေါင်းက ဘယ် လောက်တောင် အနံ့မရချင်ခဲ့လဲ ရှင်သိလား၊ လျိုမင်၊ ရှင့်ရဲ့ စိတ်က တကယ် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတာပဲ"

သို့သော် သူမ လက်မှာ အမျိုးသား၏တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။ လျိုမင်သည် သူမ ပုခုံးကို တွန်းလိုက်ရာ ကျန်းအိုက်သည် အနောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားပြီး သားဖြစ်သူ ကြမ်းပြင်ပေါ်တွင် ပစ်ထားသော ကစားစရာကိုနင်းမိကာ အနောက်သို့ ပြင်းထန်စွာ လဲကျသွားတော့သည်။

ဝမ်းဗိုက်အောက်ပိုင်းမှ ပြင်းထန်သော နာကျင်မှုကြောင့် သူမ ထိတ်လန့်သွားပြီး ခြေထောက်ကြားမှ စီးကျလာသော အနီရောင် သွေးစက်များက သူမ မျက်လုံးများကို လာရောက် စွဲထင်စေတော့သည်။ သူမ ကိုယ်ဝန် ပျက်ကျသွားပြီ ဖြစ်သည်။

"တစ်ချက်တွန်းလိုက်ရုံနဲ့ မလဲနိုင်ဘူး၊ နင် ငါ့ကို အပြစ်ရှာဖို့ ဒီလိုလုပ်တာ မဟုတ်လား၊ တော်ပြီ၊ ဘာပဲဖြစ်ဖြစ် နင် ငါ့အပေါ်မှာ မကောင်းမြင်တာ တော်တော် များနေပြီဆိုတော့ နောက်ခြောက်လကြာရင် ငါတို့ ကွာရှင်းကြတာပေါ့၊ ဒီအတောအတွင်းမှာတော့ ခွဲနေကြမယ်၊ ငါ ငါ့အမေအိမ်မှာ သွားနေမယ်"

အေးစက်လှသောလေသံဖြင့် တာဝန်အားလုံးကို လွှဲချကာ လျိုမင်သည် ရေချိုးခန်းသို့ဆက်လက် လျှောက်သွားတော့သည်။

သူသည် ဘယ်လိုများ ဒီလောက်အထိ အသည်းနှလုံး မရှိရပါသနည်း။ ကျန်းအိုက်သည် နာကျင်မှုများကို အံတုကာ ကြမ်းပြင်ပေါ်တွင် ရှေ့သို့ တိုးသွားပြီး သူ့ ခြေထောက်ကို ဖက်လိုက်သည်။ သူမသည် ငိုယိုရင်း

"မကွာပါနဲ့၊ မကွာပါနဲ့နော်၊ ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မတို့မှာ ကလေးရှိသေးတယ်လေ" ဟု ပြောလိုက်သည်။

သွေးအိုင်ထဲတွင် သူမ ခြေထောက်နှစ်ဖက်မှာ နစ်နေပေသည်။ ထိုသွေးအိုင်ထဲတွင် လူပုံသဏ္ဌာန် မပေါ်သေးသော သန္ဓေသားလေးပါဝင်နေသည်ကို မည်သူကမှ မသိနိုင်ချေ။

ယခင်က လျိုမင်ကို နံရံတွင်သာ ချိတ်ထားသင့်ပေသည်။

ယခု လျိုမင်ကတော့ သူမကို စက်ဆုပ်စွာဖြင့် ကန်ထုတ်လိုက်သည်။ သွေးများကို မြင်သဖြင့် ငိုသံတိတ်သွားသော သားဖြစ်သူသည် အရုပ်လေးကဲ့သို့ မတ်တတ်ရပ်ကာ ကြည့်နေသည်။ ကျန်းအိုက် ကြမ်းပြင်ပေါ်သို့ လဲကျသွားသောအခါ သားဖြစ်သူက သူမရှေ့သို့ တိုးလာသည်။

သူ့ ခန္ဓာကိုယ်လေးသည် သူမရှေ့တွင် ထိုင်ချလိုက်သောအခါ ပိုသေးငယ်သွားသော်လည်း သွေးအိုင်ထဲမှ သန္ဓေသားလောင်းထက်တော့ မသေးလှပေ။ သူသည် ထိုသွေးအိုင်ကို မကြည့်မိအောင် ကြိုးစားရင်း ကျန်းအိုက်ကို စိုက်ကြည့်ကာ

"မေမေ၊ သား ဗိုက်ဆာပြီ" ဟု ပြောလေသည်။

ထို့နောက်တွင် သူမ ဘာလုပ်ခဲ့ပါသနည်း။ ဘဝကို မျှော်လင့်ချက် မရှိတော့ဟု ယူဆကာ လျိုမင်နှင့် ဆက်လက် ပတ်သက်နေခြင်းသည်သာ သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဟု ထင်မှတ်ခဲ့သည်။

အရင်က ကုမ္ပဏီက သူမကို ပြန်လက်ခံတော့မည် မဟုတ်ချေ။ သူမနေရာတွင် တခြားလူများ အစားထိုးဝင်ရောက်နေပြီ ဖြစ်သည်။ သူမ အလုပ်မှ ထွက်ခဲ့သော နှစ်များအတွင်း ထိုလူသစ်များသည် သူမထက် ပိုတော်နေကြပြီ ဖြစ်သည်။ တစ်ချိန်က သူမ၏လစာသည် လျိုမင်ထက် များခဲ့ပြီး စွမ်းဆောင်ရည်လည်း ပိုကောင်းခဲ့ဖူးပေသည်။

အတိတ်ဆိုသည်မှာ အတိတ်ပင်ဖြစ်တော့သည်။ သူမသည် အသိဉာဏ်ကိုဘေးဖယ်ထားကာ မောင်ဖြစ်သူ ကျန်းလင်းထံသို့ ဖုန်းဆက်ပြီး အပေါ်ထပ်မှအငယ်အနှောင်းတစ်ယောက်ကြောင့် သူမ၏ ကလေး ဆုံးရှုံးခဲ့ရသည်ဟု လိမ်ညာပြောဆိုခဲ့သည်။

ယောက္ခမကိုလည်း လျိုမင်ကွာရှင်းမည်ဟု ပြောနေကြောင်း ပြောပြခဲ့သည်။ သွေးသားတော်စပ်မှုကြောင့် ကျန်းလင်းရောက်လာခဲ့သလို သူမ၏လုပ်အားကို လိုချင်သဖြင့် ယောက္ခမလည်း ရောက်လာခဲ့ပေသည်။

သူမသည် သူမ မိဘအိမ်အတွက် ငွေထုတ်စက်ဖြစ်ခဲ့သလို၊ ယောက္ခမအိမ်အတွက်မူ ကြိတ်ဆုံဆွဲသော မြည်းတစ်ကောင်ဖြစ်ခဲ့ရပေသည်။

ဘာကြောင့်များ သူမ ရူးသွပ်စွာဖြင့် ထိုကိစ္စများကို လုပ်ဆောင်ခဲ့မိပါသနည်း။

ဘာကြောင့်လဲ...

အလင်းတန်းများ ပြောင်းလဲသွားသည်ကို ကျန်းအိုက် သတိပြုမိလိုက်သည်။ သူမသည် မျက်တောင်ခတ်ကာ ခေါင်းကို မော့လိုက်သောအခါ ဝင်ရောက်လာသော နေရောင်ခြည်နှင့် အေးစက်သော လေထုက သူမကို နိုးကြားစေလိုက်သည်။

အမှုပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ရလဒ်မှာ မျှော်လင့်ထားသည့်အတိုင်း ရှုံးနိမ့်ခြင်းပင် ဖြစ်သည်။ သူမသည် ဝမ်သိုက်ကို ငွေတစ်သိန်းလျော်ကြေးပေးရမည်ဖြစ်ပြီး လူသိရှင်ကြား တောင်းပန်ရမည် ဖြစ်သည်။

ငွေတစ်သိန်း ခြောက်လှန့်တောင်းယူခြင်းသည် နောက်ဆုံးတွင် သူမကိုယ်တိုင် တစ်သိန်းပြန်ပေးရခြင်းဖြင့် အဆုံးသတ်သွားခဲ့ပေသည်။

"ဘာလို့ အဲဒီလိုတွေ လုပ်ခဲ့တာလဲ"

လာမေးသောသူမှာ ဝမ်သိုက်ပင်။

ကျန်းအိုက်သည် သူမကို အဓိပ္ပာယ်မဲ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ရှေ့တွင်ရှိနေသော အမျိုးသမီးမှာ အလွန်လှပပြီး အဆင့်အတန်းမြင့်မားလှသဖြင့် သူမနှင့် လုံးဝ မနှိုင်းယှဉ်နိုင်ချေ။ လျိုမင် ဖောက်ပြန်ခဲ့သော အငယ်အနှောင်းပင်လျှင် ဝမ်သိုက်နှင့် မယှဉ်နိုင်ပါချေ။

"လုပ်ချင်လို့ လုပ်လိုက်တာပဲ" ဟု သူမ ခပ်ပေါ့ပေါ့ပင် ဖြေလိုက်သည်။

နှင်းမှုန်များ ပါသော လေက သူမ၏ မျက်နှာကို လာရောက် ရိုက်ခတ်နေသည်။ ဝမ်သိုက်က သူမ၏ ဆံပင်များကို နားနောက်သို့ သပ်လိုက်ရင်း

"ကျွန်မမှာ ထူးခြားတဲ့ စွမ်းရည်တစ်ခု ရှိတယ်၊ အဖြစ်အပျက်တွေ အားလုံးကို ကျွန်မ မြင်နိုင်တယ်၊ အမှန်အတိုင်း ပြောရရင် ကျွန်မ အစ်မကိုနားမလည်နိုင်ဘူး၊ ကိုယ့်မှာ အရည်အချင်းရှိပြီး ရှင့်ယောက်ျားထက်တောင် ပိုတော်နေတာကို ဘာလို့ ကိုယ့်ရဲ့ အခွင့်အရေးတွေကို ရိုက်ချိုးပြီး အိမ်မှာပဲ နေခဲ့တာလဲ”

“ကလေးကိုလည်း ကောင်းကောင်းမသွန်သင်နိုင်ခဲ့သလို ယောက်ျားကလည်း အပြင်ကို ထွက်သွားတယ်၊ ကျွန်မ အစ်မကို သရော်နေတာမဟုတ်ပါဘူး၊ ဒါပေမဲ့ အစ်မ ဒီလိုဖြစ်စရာမလိုဘူးလို့ ထင်မိလို့ပါ၊ အခုလို အခြေအနေရောက်လာတာဟာ အစ်မ ကိုယ့်ကိုကိုယ် မချစ်ခဲ့လို့ပဲ"

သူမ နှုတ်မှ ထွက်ပေါ်လာသော အငွေ့များသည် သူမ မျက်နှာကို ဝေဝါးစေပေသည်။ ကျန်းအိုက်၏ မျက်လုံးများလှုပ်ခတ်သွားပြီးမှ သူမ လှောင်ပြုံး ပြုံးလိုက်သည်။

"နင်က ငါမှ မဟုတ်တာ၊ နင် ဘာသိမှာလဲ၊ နင်က ငယ်လည်းငယ်တယ်၊ လည်းလှတယ်ဆိုတော့ ဘာလုပ်လုပ်အဆင်ပြေမှာပေါ့၊ ဒီလူ့အသိုင်းအဝိုင်းက ရုပ်ရည်ကို ကြည့်တဲ့ အသိုင်းအဝိုင်းပဲလေ၊ ရုပ်မရှိရင် အရည်အချင်းနဲ့ ရုန်းကန်ရတာ”

“အခု ငါ့အသက်က မငယ်တော့ဘူး၊ သုံးဆယ်ရှိပြီ၊ နင်တောင် ငါ့ကို အစ်မကြီးလို့ ခေါ်နေတာပဲ၊ စက်ရုံထဲ ဝင်တာ ဒါမှမဟုတ် စားပွဲထိုးလုပ်တာကလွဲရင် ငါ ဘာလုပ်နိုင်ဦးမှာလဲ၊ ဒီကမ္ဘာကြီးက မြန်မြန်ဆန်ဆန်ပြောင်းလဲနေတာ၊ ငါ ခေတ်နောက်ကျသွားပြီ"

All Chapters