← Chapters

အခန်း (၂၉၅-၂၉၆)

Vol. 30 Ch. 295-296

အခန်း (၂၉၅-၂၉၆)

Vol. 30 Ch. 295-296

အခန်း ၂၉၅ - ရေတွက်မရနိုင်သော အင်အားစုများ ဒူးထောက်သွားကြသည်

"မြင့်မြတ်အရှင်သခင်... ဝူမိသားစု ရောက်လာဖို့ ဘယ်လောက်ကြာဦးမယ် ထင်လဲ..."

အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ ၏ တံခါးဝရှေ့တွင် ရပ်နေသော မဟာအကြီးအကဲ သည် လုရန် ကို ကြည့်ကာ မေးမြန်းလိုက်၏။

ဤသည်ကို ကြားချိန်တွင် လုရန်က ခေါင်းကို ညင်သာစွာ ခါယမ်းပြပြီး ပြောဆိုလိုက်၏။

"ဝူမိသားစု က အရှေ့ပိုင်းဒေသ မှာရှိတဲ့ ဖန်လိုင် အင်မော်တယ်ကျွန်း မှာ တည်ရှိတယ်ဆိုတာ ဝူမိသားစု ရဲ့ ဘိုးဘေး ဆီကနေ ငါ သိခဲ့ရတယ်... ဖန်လိုင် အင်မော်တယ်ကျွန်း က အရှေ့ပိုင်းဒေသ ရဲ့ ဘယ်နေရာမှာ ရှိလဲဆိုတာ ငါ မသိပေမယ့်... အရှေ့ပိုင်းဒေသ ကနေ ငါတို့ရဲ့ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ ကို လာဖို့ အချိန်အနည်းငယ် ယူရဦးမှာ... ဒါကြောင့် ကျေးဇူးပြုပြီး စိတ်ရှည်ရှည် ထားပါ... မကြာခင် ရောက်လာပါလိမ့်မယ်..."

လုရန် ၏ စကားကို ကြားပြီးနောက် ထိုနေရာရှိ အကြီးအကဲများသည် သူတို့၏ စိတ်လှုပ်ရှားမှုများကို မျိုသိပ်ကာ ဆက်လက် စောင့်ဆိုင်းနေနိုင်ရုံသာ တတ်နိုင်တော့၏။

ထိုအချိန်တွင် အကြီးအကဲများ အားလုံး တစ်ခုခုကို အာရုံခံမိသွားပြီး အရှေ့ဘက်သို့ လှမ်းကြည့်လိုက်ရာ အလွန်အမင်း အံ့အားသင့်သွားကြ၏။

အရှေ့ဘက်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို သယ်ဆောင်လာသည့် ဧရာမ ပုံရိပ်ကြီး ကိုးခုသည် အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေထံသို့ ပြေးဝင်လာနေသည်။ထိုနေရာရှိ အကြီးအကဲများသည် အတွေ့အကြုံရင့်ကျက်ပြီး ထက်မြက်သူများ ဖြစ်ကြသဖြင့် ၎င်းတို့ကို မြင်သည်နှင့် စစ်မှန်သော နဂါးများဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားကြသည်။ ထိုနဂါးကိုးကောင်စလုံးသည် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်တွင် ရှိနေသည့် စစ်မှန်သော နဂါးများပင် ဖြစ်၏။

"ငါ အမြင်မှားနေတာလား... အဲဒါ အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် ရှိတဲ့ စစ်မှန်နဂါး ကိုးကောင်လား..."

"ဝိုး... ဝူမိသားစု မှာ အရင်းအမြစ်တွေ တကယ် အများကြီး ရှိတာပဲ... သူတို့ဆီမှာ အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် စစ်မှန်နဂါး စီးတော်ယာဉ် ကိုးကောင်တောင် ရှိတယ်ပေါ့..."

"ဒါပေမဲ့ ဝူမိသားစု က နဂါးတစ်သောင်းတောင်ကြား ရဲ့ လက်စားချေမှုကို ရန်စမိမှာ မစိုးရိမ်ဘူးလား... နဂါးတစ်သောင်းတောင်ကြား က သူတို့လူသူတို့ အရမ်းကာကွယ်တယ်... တကယ်လို့ သူတို့သာ သိသွားရင် မဟာမြင့်မြတ်နယ်မြေငါးခုကိုတောင် တိုက်ခိုက်ဖို့ ဝန်လေးမှာ မဟုတ်ဘူး..."

"မင်း ရူးနေလား... နဂါးတစ်သောင်းတောင်ကြား ရဲ့ တောင်ကြားသခင် က အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်မှာပဲ ရှိသေးတာ... ဝူမိသားစု ရဲ့ ဘိုးဘေး က မြင့်မြတ်အရှင်သခင်ကိုတောင် တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တာ၊ နဂါးတစ်သောင်းတောင်ကြား က ဝူမိသားစု ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ..."

"အင်း... အဲဒါ မှန်ပုံရတယ်..."

ထိုနေရာရှိ အကြီးအကဲများအားလုံးမှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး ထိန်းမနိုင်သိမ်းမရ အော်ဟစ်မိကြလေသည်။ လုရန်ပင်လျှင် ဤမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့လိုက်ရချိန်တွင် တုန်လှုပ်ခြောက်ခြားသွားရ၏။

သို့သော် သူသည် အခြေအနေကို ချက်ချင်းရိပ်မိသွားကာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ ဝူမိသားစုသည် ဤအခွင့်အရေးကို အသုံးချကာ အထက်ကမ္ဘာတစ်ခုလုံး၏ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ ပွဲဦးထွက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သူ မည်သို့လျှင် သတိမပြုမိဘဲ နေမည်နည်း။

ဤအခြေအနေမှာ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေအတွက် လုံးဝအကျိုးရှိစေမည့် ကိစ္စပင် ဖြစ်သည်။ ဤအခွင့်အရေးကိုသာ ကောင်းကောင်းအသုံးချနိုင်ပါက မဟာမြင့်မြတ်နယ်မြေငါးခု၏ ဦးဆောင်သူ ဖြစ်လာရန်ပင် လမ်းစပွင့်သွားနိုင်ပေသည်။

တစ်ချိန်တည်းမှာပင် အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေအတွင်း၌ မင်္ဂလာစားသောက်ပွဲ တက်ရောက်နေကြသော ဧည့်သည်တော်များသည်လည်း အပြင်ဘက်ရှိ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီးနောက် အံ့အားသင့်လွန်းသဖြင့် အသက်ရှူပင် မှားမတတ် ဖြစ်သွားကြလေသည်။

ဝူဟောက်၏ အစွမ်းသတ္တိကို သူတို့ သိရှိထားပြီးဖြစ်သော်လည်း ဝူဟောက်သည် ဤမျှ ဖြုန်းတီးလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။ အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိသော စစ်မှန်နဂါး ကိုးကောင်ကို စီးတော်ယာဉ်အဖြစ် အသုံးပြုပြီး ဤမျှ ပွင့်ပွင့်လင်းလင်း ပြသလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ကြချေ။

သို့သော် သူတို့ထဲမှ မည်သူမျှ ဝူမိသားစုအတွက် အမှန်တကယ် စိုးရိမ်ပူပန်ခြင်း မရှိကြချေ။ ဝူဟောက်၏ အစွမ်းသတ္တိကို အားလုံးက သိနားလည်ထားကြသဖြင့် နဂါးတစ်သောင်းတောင်ကြား က လက်စားချေရန် ရောက်ရှိလာလျှင်ပင် မည်သို့တတ်နိုင်မည်နည်း။ ၎င်းမှာ ဝူမိသားစု၏ လက်ချက်ဖြင့် အသက်ပျောက်ရမည့် အင်မော်တယ် မဟာဧကရာဇ် စာရင်းထဲတွင် အရေအတွက် အနည်းငယ် တိုးလာရုံသာ ရှိပေလိမ့်မည်။ ထို့ပြင် စစ်မှန်သော နဂါးကိုးကောင်မှာလည်း စီးတော်ယာဉ်အဖြစ်သာ အသုံးတော်ခံနေရသည် မဟုတ်လော။

မကြာမီမှာပင် ဝူရူလုံသည် ဝူမိသားစု၏ ခမ်းနားထည်ဝါလှသော မင်္ဂလာစီတန်းလှည့်လည်မှုကို ဦးဆောင်ကာ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေသို့ ဆိုက်ရောက်လာခဲ့သည်။ ထိုအချိန်တွင် ဝူထျန်းခွန်းသည်လည်း အလွန်ပင် ယုံကြည်မှုအပြည့် ရှိနေပြီး လုရန်ထံသို့ ချဉ်းကပ်ကာ ရိုသေလေးစားစွာ ဂါရဝပြုလိုက်လေသည်။

"ယောက္ခမကြီး... မုန့်ယွမ် ကို ခေါ်ဖို့ ကျွန်တော် လာခဲ့ပါပြီ..."

"ငါ့ရဲ့ ချစ်လှစွာသော သမက်လေး... မုန့်ယွမ် က မင်းကို ဒီရက်ပိုင်း မြင့်မြတ်နယ်မြေ ထဲမှာ အစာမစား၊ ရေမသောက်ဘဲ စောင့်နေခဲ့တာ... သူမက ငါ့ရဲ့ တစ်ဦးတည်းသော သမီးမို့လို့ မင်း သူမကို အနိုင်မကျင့်ရဘူးနော်... တကယ်လို့ မင်း အနိုင်ကျင့်ရင် မင်း နောင်တရသွားအောင် ငါ့ရဲ့ အသက်ကိုရင်းပြီး ပညာပေးရလိမ့်မယ်..."

လုရန်သည် ဝူထျန်းခွန်း၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အလေးအနက် ပြောဆိုလိုက်၏။

ဝူထျန်းခွန်းသည်လည်း တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်၏။

"ယောက္ခမကြီး... ကျွန်တော် ဝူထျန်းခွန်း ကျိန်ဆိုပါတယ်... တကယ်လို့ ကျွန်တော်သာ မုန့်ယွမ် ကို စိတ်ပျက်အောင် လုပ်မိရင် မိုးကြိုးပစ်ခံရပြီး ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း အားလုံး ပျက်စီးသွားပါစေ”

ဝူထျန်းခွန်း စကားပြောဆိုပြီးသည်နှင့် ဟင်းလင်းပြင်နယ်ပယ် မှ ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာခဲ့ရာ ၊ ၎င်းမှာ ကောင်းကင်တာအို က ကျိန်ဆိုချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း ဆိုလိုပေသည်။

ဝူထျန်းခွန်း၏ ကောင်းကင်တာအို သစ္စာဆိုခြင်း မြင်ပြီးနောက် လုရန်သည် ဝူထျန်းခွန်း၏ ရိုးသားမှုကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ပြီး ဖြစ်ရာ သူ၏ သမီးကို ဝူထျန်းခွန်းထံသို့ စိုးရိမ်ပူပန်ခြင်း မရှိတော့ဘဲ အပ်နှံလိုက်လေ၏။

ဝူထျန်းခွန်း အထဲဝင်သွားပြီးနောက် လုရန်သည် ဝူထျန်းခွန်း နှင့်အတူ ပါလာသော ဝူမိသားစု ဝင်များကို ကြည့်လိုက်၏။ ဝူမိသားစုဝင် အားလုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်သည့် ပါရမီရှင်များ ဖြစ်နေကြသည်ကို မြင်တွေ့ရသောအခါ သူ အံ့အားသင့်သွားရသည်။

သက်တမ်း အနှစ်တစ်ထောင်ပင် မပြည့်သေးသော လူငယ်များဖြစ်ကြသော်လည်း အနိမ့်ဆုံး ကျင့်ကြံခြင်းအဆင့်မှာ လူသားအင်မော်တယ်အဆင့်သို့ ရောက်ရှိနေပြီး၊ ထူးချွန်သူများမှာမူ ရွှေအင်မော်တယ်အဆင့်အထိပင် ရောက်ရှိနေကြသည်။ အကယ်၍ အဟန့်အတားများသာ မရှိခဲ့လျှင် ဝူမိသားစုဝင်များသည် အနာဂတ်၌ အနည်းဆုံး အင်မော်တယ် မဟာဧကရာဇ်အဆင့်အထိ ရောက်ရှိနိုင်မည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။

"မင်္ဂလာပါ လုရန်... ကျွန်တော်က ထျန်းခွန်းရဲ့ ဖခင် ဝူရူလုံ ပါ"

ထိုအချိန်တွင် ဝူရူလုံသည်လည်း လုရန်ထံသို့ ချဉ်းကပ်လာကာ ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်လိုက်လေသည်။

လုရန်သည် ဝူရူလုံ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် သူ့ကို အထင်မသေးခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ ဝူဟောက် ရှိနေသဖြင့် ဝူရူလုံ၏ အောင်မြင်မှုများမှာ သေချာပေါက် မြင့်မားမည်ဖြစ်သည်။ ထို့အပြင် ဝူရူလုံသည် ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ချိန်တွင် အလွန် ငယ်ရွယ်သေး၏။ အင်မော်တယ် မဟာဧကရာဇ် သို့ ချိုးဖောက်ဝင်ရောက်ရန်မှာ အချိန်ပြသနာသာ ဖြစ်ပေသည်။

လုရန် နှင့် ဝူရူလုံတို့ စကားပြောနေစဉ် ဝူထျန်းခွန်းသည် လုမုန့်ယွမ်၏ အခန်းသို့ ရောက်ရှိလာခဲ့၏။ တံခါးကို ဖွင့်လိုက်သည့် အခိုက်အတန့်တွင် ဝူထျန်းခွန်းသည် ကုတင်ပေါ်၌ ထိုင်နေသော လုမုန့်ယွမ်ကို မြင်လိုက်ရသည်။ သူမသည် အနီရောင် မင်္ဂလာဝတ်စုံကို ဆင်မြန်းကာ အနီရောင်ဦးခေါင်းခြုံပုဝါကို ဆောင်းထားသဖြင့် မြင်သူတကာ ငေးလောက်အောင် ဆွဲဆောင်မှုရှိပြီး လှပလွန်းနေပေ၏။

"မုန့်ယွမ်... မင်းကို အိမ်ခေါ်သွားဖို့ ကိုယ်လာပြီ..."

"အင်း..."

လုမုန့်ယွမ်သည် ရှက်ရွံ့စွာဖြင့် ခေါင်းကလေးငုံ့ကာ ဝူထျန်းခွန်း၏ ပွေ့ချီမှုကို ငြိမ်သက်စွာ ခံယူလိုက်သည်။ ထို့နောက် ဝူထျန်းခွန်းသည် သူမကို ရင်ခွင်ထဲ၌ ပွေ့ချီထားလျက် အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေမှ ထွက်ခွာလာခဲ့တော့သည်။

မိမိ၏သမီးလေးသည် ဝူထျန်းခွန်းနှင့်အတူ ပါသွားသည်ကို ကြည့်ရင်း လုရန်၏ ရင်ထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များဖြင့် ပြည့်နှက်သွားခဲ့သည်။ မိမိ၏သမီးလေးသည် ဤမျှအမြန် အိမ်ထောင်ကျသွားလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။

"အချိန်ဆိုတာ တကယ်ကို ရှုပ်ထွေးတဲ့ အရာပဲ... ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အဲ့တာကိုတော့ ငါ ထိန်းချုပ်လို့မရဘူးပဲ”

လုရန်သည် သက်ပြင်းချကာ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ အတွင်းသို့ ပြန်ဝင်သွားလေ။ ဝူဟောက်နှင့် သွေးဧကရာဇ် တို့၏ စွမ်းအားကို မျက်မြင်တွေ့ရှိပြီးနောက်တွင် သူ၏ သေးငယ်သော ဖြစ်တည်မှုကို လုံးလုံးလျားလျား သဘောပေါက်သွားပြီး အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် နည်းလမ်းရှာရဦးမည် ဖြစ်ကြောင်း သူ သိရှိသွားခဲ့သည်။

'အဲ့နေ့က ဝူဟောက်နဲ့ တွေ့တုန်းက အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့ ကူညီပေးနိုင်မလားဆိုတာ မမေးခဲ့မိတာ ငါ့အမှားပဲ။ ဒီအကြောင်းကို ဝူဟောက်ဆီကနေ မေးမြန်းဖို့ အခွင့်အရေးတစ်ခုလောက်တော့ ရှာရဦးမယ် ထင်တယ်'

တစ်ချိန်တည်းမှာပင် ဝူထျန်းခွန်းသည် လုမုန့်ယွမ်ကို ဖန်လိုင် အင်မော်တယ်ကျွန်းသို့ ခေါ်ဆောင်လာနိုင်ခဲ့ပြီးနောက် သူ၏ မင်္ဂလာပွဲ အခမ်းအနားမှာလည်း အောင်မြင်စွာ အဆုံးသတ်သွားခဲ့လေသည်။

ခုနစ်ရက်တာ အချိန်ကာလမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့၏။ ဤရက်များအတွင်း ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်သည် နေ့မနား ညမနား ခရီးနှင်ခဲ့ပြီးနောက် နောက်ဆုံးတွင် ပုကျိုးတောင်၌ တည်ရှိသော နဂါးတစ်သောင်းတောင်ကြားသို့ ရောက်ရှိလာခဲ့သည်။

နဂါးတစ်သောင်းတောင်ကြားသို့ ရောက်ရှိသည်နှင့် ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်သည် မဆိုင်းမတွပင် အတွင်းသို့ ချဉ်းနင်းဝင်ရောက်သွားခဲ့ရာ မကြာမီမှာပင် တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာရှိ တံခါးကြီးတစ်ချပ်၏ ရှေ့မှောက်သို့ ဆိုက်ရောက်သွားခဲ့လေသည်။

ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်သည် တံခါးကို ဦးညွှတ်ကာ ရိုသေလေးစားစွာ လျှောက်တင်လိုက်၏။

"တောင်ကြားသခင်... ကျွန်တော်မျိုး တွေ့ခွင့် တောင်းပါတယ်..."

ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်မင်းမှ စကားပြောဆိုပြီးသည်နှင့် မကြာမီ တံခါးအနောက်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။

"ဝင်လာခဲ့..."

အသံထွက်ပေါ်လာသည်နှင့် တံခါးပွင့်သွားလေ၏။

ဤသည်ကို မြင်ချိန်တွင် ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်သည် အလျင်အမြန် ဝင်ရောက်သွားခဲ့သည်။ အထဲရောက်သည်နှင့် အလွန်အမင်း ကြီးမားသော စစ်မှန်သော နဂါး ကြီးတစ်ကောင်သည် သူ၏ရှေ့၌ ရစ်ခွေနေသည်ကို မြင်တွေ့လိုက်ရ၏။ ရွှမ်ထျန်းကမ္ဘာပင်လျှင် ၎င်းနှင့် နှိုင်းယှဉ်ပါက ပင်လယ်ထဲက ရေတစ်စက်သာသာ ရှိပေလိမ့်မည်။

သူသည် နဂါးဧကရာဇ် ဟု လူသိများသော နဂါးတစ်သောင်းတောင်ကြား၏ သခင်လည်း ဖြစ်ပေသည်။

အခန်း ၂၉၆ - နတ်ဘုရားတစ်ပိုင်းလား

“ မင်း ဘာကိစ္စ ရှိလို့လဲ..."

ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်ကို မြင်လိုက်ရသောအခါ နဂါးဧကရာဇ်သည် သူ၏မျက်လုံးများကို အနည်းငယ် ဖွင့်ကြည့်လိုက်၏။ နဂါးဧကရာဇ်၏ ကြီးမားလှသော မျက်လုံးအစုံနှင့် ယှဉ်လိုက်ပါက ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်၏ ပုံရိပ်မှာ မျက်လုံးတစ်ဖက်စာမျှပင် မရှိပေ။

အမှန်စင်စစ် နဂါးဧကရာဇ်သည် များသောအားဖြင့် သူ၏ မူလနဂါးပုံသဏ္ဌာန်ဖြင့်သာ နေလေ့ရှိပြီး ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်မှာမူ အထက်ကမ္ဘာတွင် သွားလာလှုပ်ရှားသည့်အခါ လူသားပုံစံသို့ ပြောင်းလဲထားလေ့ရှိသောကြောင့် ဖြစ်သည်။ သို့သော် ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်အနေဖြင့် သူ၏ စစ်မှန်သော နဂါးပုံသဏ္ဌာန်ကို ထုတ်ဖော်ပြသမည်ဆိုလျှင်ပင် နဂါးဧကရာဇ်နှင့် ယှဉ်ပါက များစွာ သေးငယ်နေဦးမည်သာ ဖြစ်သည်။

နဂါးဧကရာဇ်၏ စကားကို ကြားပြီးနောက် ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်သည် နောက်ဆုံး၌ စိတ်ကို တည်ငြိမ်အောင် ထားနိုင်ခဲ့သော်လည်း တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် နဂါးဧကရာဇ်၏ အရှိန်အဝါမှာ ယခင်ကထက် ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည်ဟု ခံစားလိုက်ရလေသည်။

"တောင်ကြားသခင်... အထက်ကမ္ဘာ ရဲ့ အပြင်ဘက်မှာ ဝူမိသားစု လို့ ခေါ်တဲ့ အင်အားစု တစ်ခု ရှိတယ်... သူတို့က ကျွန်တော်တို့ မျိုးနွယ်စုရဲ့ စစ်မှန်နဂါး ကိုးကောင်ကို စီးတော်ယာဉ်အဖြစ် ပွင့်ပွင့်လင်းလင်း အသုံးပြုနေကြတယ်... ဒီကိစ္စကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ သိချင်လို့ပါ..."

ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်သည် အနည်းငယ် ဦးညွှတ်ကာ ကိစ္စအကုန် လျှောက်တင်လိုက်၏။

ဤသည်ကို ကြားချိန်တွင် နဂါးဧကရာဇ်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး အေးစက်စွာ နှာမှုတ်ကာ ပြောဆိုလိုက်၏။

"ဟမ့်... ဒီအကြောင်း ငါ့ကို ပြောပြဖို့ လိုသေးလို့လား... သွားပြီး ဝူမိသားစု ကို ရှင်းပစ်လိုက်... ငါတို့ စစ်မှန်နဂါး မျိုးနွယ်စုကို သူတို့က ဘယ်လိုတောင် စော်ကားရဲတာလဲ... ဝူမိသားစု သေသင့်တယ်..."

"ဒါပေမဲ့ တောင်ကြားသခင်... အဲဒီ စစ်မှန်နဂါး ကိုးကောင်က အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် မှာ ရှိတာပါ... ဝူမိသားစုမှာ ကျွန်တော့်ထက် ပိုပြီး စွမ်းအားကြီးတဲ့ သက်ရှိတွေ ရှိနေမှာကို ကျွန်တော် စိုးရိမ်တယ်... ကျွန်တော်က သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး..."

ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်က အခက်တွေ့နေသည့် အမူအရာဖြင့် အကြောင်းစုံကို ရှင်းပြလိုက်ရာ၊ စစ်မှန်သော နဂါးကိုးကောင်မှာ အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်များ ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် နဂါးဧကရာဇ်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဒေါသသံများ ပြည့်နှက်နေသော အသံဖြင့် နဂါးဧကရာဇ်က အမိန့်ပေးလိုက်၏။

"ဒီလိုဆိုရင်တော့ ငါတို့ နဂါးမျိုးနွယ်စုကြီး ငါးစုထဲက မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ကို လွှတ်လိုက်ကြတာပေါ့ အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ရှိတဲ့ စစ်မှန်နဂါးနှစ်ကောင်ရဲ့ အစွမ်းနဲ့ဆိုရင် ဝူမိသားစုက ဘယ်လောက်ပဲ အင်အားကြီးပါစေ သူတို့အတွက် ပြိုင်ဘက် မဟုတ်တော့ဘူး”

နဂါးတစ်သောင်းတောင်ကြားတွင် မျိုးနွယ်စုကြီး ငါးစု ရှိပြီး မျိုးနွယ်စု တစ်ခုစီ၏ ခေါင်းဆောင်များသည် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်များ ဖြစ်ကြသည်။ ဆိုလိုသည်မှာ နဂါးတစ်သောင်းတောင်ကြားတွင် ပို၍ စွမ်းအားကြီးမားသော နဂါးဧကရာဇ်ကို မထည့်တွက်ဘဲ အနည်းဆုံး အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ရှိသူ ငါးဦးအထိ ရှိနေခြင်း ဖြစ်သည်။

ဤသည်မှာ အထက်ကမ္ဘာရှိ မည်သည့်အင်အားစုကမျှ စစ်မှန်သော နဂါးမျိုးနွယ်စုကို စီးတော်ယာဉ်အဖြစ် မသုံးရဲသည့် အကြောင်းရင်းပင် ဖြစ်သည်။ စစ်မှန်သော နဂါးမျိုးနွယ်ဝင်များသည် မိမိတို့၏ မျိုးနွယ်ဝင်များကို အလွန်အမင်း အကာအကွယ်ပေးကြပြီး ဂုဏ်သိက္ခာကိုလည်း အလွန်အလေးထားကြသည်။ ယခင်က အင်မော်တယ် မဟာဧကရာဇ် အလယ်အလတ်အဆင့်ရှိသော စွမ်းအားကြီးသူတစ်ဦးသည် အင်မော်တယ် အရှင်မြတ် နှောင်းပိုင်းအဆင့်ရှိ စစ်မှန်သော နဂါးတစ်ကောင်ကို အတင်းအဓမ္မ ဖမ်းဆီးကာ စီးတော်ယာဉ်အဖြစ် အသုံးပြုခဲ့ဖူးသည်။

ထို့နောက် နဂါးတစ်သောင်းတောင်ကြား က သိရှိသွားပြီး ၊ နဂါးတစ်သောင်းတောင်ကြား၏ မျိုးနွယ်စု ခေါင်းဆောင် တစ်ဦးကို စေလွှတ်ခဲ့ရာ သူသည် အလွန် ကြေကွဲဖွယ်ကောင်းသော သေဆုံးမှုဖြင့် အဆုံးသတ်သွားခဲ့ရ၏။

ထိုဖြစ်ရပ်ကြောင့်ပင် အထက်ကမ္ဘာ တစ်ခုလုံးရှိ မည်သည့် အင်အားစုကမျှ စစ်မှန်သော နဂါး မျိုးနွယ်စုကို စီးတော်ယာဉ်အဖြစ် ယဉ်ပါးအောင် မပြုလုပ်ရဲကြခြင်းဖြစ်သည်။

"နားလည်ပါပြီ တောင်ကြားသခင်”

ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်သည် နဂါးဧကရာဇ်၏ အမိန့်ကို ခံယူပြီးနောက် ထွက်ခွာသွားလေ၏။ ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ် ထွက်သွားပြီးနောက် သူ၏အနောက်ရှိ တံခါးမှာ လေးလံစွာ ပိတ်သွားခဲ့သည်။

နဂါးဧကရာဇ်၏ အငွေ့အသက် ကို ယခုအခါ အပြည့်အဝ ထုတ်ဖော်ပြသလိုက်ပြီဖြစ်သည်။ သူသည် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်... မဟုတ်ဘူး၊ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ထက်တောင် ပိုစွမ်းအားကြီးပုံရပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ပင် ရှိနိုင်သည်။

"နည်းနည်း လိုသေးတယ်... အထက်ကမ္ဘာကို ချိတ်ပိတ်ထားတော့ အထက်ကမ္ဘာ ရဲ့ အပြင်ဘက်မှာပဲ ချိုးဖောက်ဝင်ရောက်နိုင်မယ့် အခွင့်အရေးကို ရှာရမယ်..."

နဂါးဧကရာဇ်သည် လှည့်ကြည့်လိုက်ရာ သူ၏နောက်ဘက် အဝေးတစ်နေရာရှိ ဝင်္ကပါတစ်ခုကို လှမ်းမြင်လိုက်ရသည်။ ထိုဝင်္ကပါအတွင်း၌ ဟင်းလင်းပြင်များ ပြိုကျပျက်စီးနေပြီး နက်ရှိုင်းမှောင်မိုက်သော အလင်းတန်းတစ်ခု ဖြာထွက်နေ၏။ ၎င်းမှာ အထက်ကမ္ဘာ၏ အပေါ်ယံတွင် တည်ရှိသော နတ်ဘုရားကမ္ဘာပင် ဖြစ်သည်။

အင်မော်တယ်အရှင်မြတ်ထက် စွမ်းအားသာလွန်သူများသည် အထက်ကမ္ဘာ၏ ဟင်းလင်းပြင်ကို အစိတ်စိတ်အမွှာမွှာ ခွဲပစ်နိုင်စွမ်းရှိကြသော်လည်း၊ အထက်ကမ္ဘာနှင့် နတ်ဘုရားကမ္ဘာကို ပိုင်းခြားထားသည့် နယ်နိမိတ်တံတိုင်းကိုမူ ဖောက်ထွင်းနိုင်ခြင်း မရှိကြပေ။ အင်မော်တယ် မဟာဧကရာဇ် တစ်ဦးပင်လျှင် ထိုသို့လုပ်ဆောင်ရန် မစွမ်းသာချေ။

ထို့ကြောင့် အင်မော်တယ် မဟာဧကရာဇ်အဆင့်ထက် ကျော်လွန်သော နယ်ပယ်သစ်သို့ ချိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် နဂါးဧကရာဇ်သည် ရှေးဟောင်းအပျက်အစီးတစ်ခုအတွင်းမှ ရှာဖွေတွေ့ရှိခဲ့သော ဝင်္ကပါတစ်ခုကို အသုံးပြုခဲ့ရသည်။ ဤဝင်္ကပါကို မတည်ဆောက်မီ ပိုမိုကောင်းမွန် ပြည့်စုံအောင် ပြုပြင်မွမ်းမံရန်အတွက် သူသည် ရေတွက်မရနိုင်သော နှစ်ပေါင်းများစွာတိုင်အောင် အချိန်ယူ အားထုတ်ခဲ့ရခြင်း ဖြစ်ပေသည်။

သို့သော် ၎င်းဝင်္ကပါသည် နတ်ဘုရားကမ္ဘာ၏ ဟင်းလင်းပြင် အစိတ်အပိုင်း အနည်းငယ်ကိုသာ ဖောက်ထွင်းနိုင်ခဲ့ပြီး အင်မော်တယ် မဟာဧကရာဇ်အဆင့်ထက် ကျော်လွန်သော နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်ရန်အတွက် ထိုမှပေါက်ကြားလာသော နိယာမတရားများကိုသာ အားကိုးရပေသည်။ သို့သော် တိုးတက်မှုမှာ အလွန်ပင် နှေးကွေးလှသဖြင့် လက်ရှိအခြေအနေအရ ဆိုပါက အောင်မြင်ရန် အနည်းဆုံး အနှစ်တစ်သန်းခန့် ကြာမြင့်ပေဦးမည်။

တစ်ချိန်တည်းမှာပင် နဂါးဧကရာဇ်၏ အမိန့်ကို လက်ခံရရှိပြီးနောက် ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်သည် မျိုးနွယ်စုနှစ်ခုထံသို့ သွားရောက်ခဲ့သည်။ အမိန့်တော်ကို ပြသလိုက်သောအခါ မျိုးနွယ်စုခေါင်းဆောင် နှစ်ဦးစလုံးက သူနှင့်အတူ လိုက်ပါရန် သဘောတူခဲ့ကြလေသည်။

"ဟမ့်... သာမန် လူသားမျိုးနွယ် က ငါတို့ရဲ့ စစ်မှန်နဂါး မျိုးနွယ်စုကို စီးတော်ယာဉ်အဖြစ် အသုံးပြုဖို့ ဘာတွေများ ထိုက်တန်နေလို့လဲ... လူသားမျိုးနွယ်က သေတွင်းတူးနေတာပဲ”

ချင်းလုံ မျိုးနွယ်စု၏ မျိုးနွယ်စု ခေါင်းဆောင် ချင်းလုံ အင်မော်တယ် မဟာဧကရာဇ်က အလွန် ဒေါသထွက်နေသော အမူအရာဖြင့် ပြောဆိုလိုက်၏။

အနီးနားရှိ ကျင်းလုံ မျိုးနွယ်စု၏ မျိုးနွယ်စု ခေါင်းဆောင် ကျင်းလုံ အင်မော်တယ် မဟာဧကရာဇ် သည်လည်း ဘေးတွင် ရပ်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"အဲဒီ လူသားမျိုးနွယ် အင်အားစုကို အမြန်ဆုံး သွားပြီး ရှင်းပစ်လိုက်ကြရအောင်... သူတို့က ငါတို့ရဲ့ စစ်မှန် နဂါးမျိုးနွယ်စုကို တကယ်ပဲ ကျွန်ပြုရဲတယ်... ငါတို့ နဂါးမျိုးနွယ်စု က မလှုပ်ရှားတာ အရမ်းကြာသွားပြီထင်တယ်... ပြီးတော့ အထက်ကမ္ဘာ က အင်အားစုတွေက ငါတို့ စစ်မှန်တဲ့ နဂါး မျိုးနွယ်စုရဲ့ အစွမ်းအစကို မသိကြတော့ဘူးပဲ..."

နဂါးတစ်သောင်းတောင်ကြား ရှိ မျိုးနွယ်စု ငါးခုမှာ ချင်းလုံ မျိုးနွယ်စု၊ ကျင်းလုံ မျိုးနွယ်စု၊ မုလုံ မျိုးနွယ်စု၊ ယင်လုံ မျိုးနွယ်စု နှင့် မိစ္ဆာနဂါးမျိုးနွယ်စု တို့ ဖြစ်ကြသည်။

"သခင်တို့... သွားကြရအောင်”

ထျန်းလုံ အင်မော်တယ် မဟာဧကရာဇ်သည် သူတို့၏ ရှေ့၌ ရိုသေလေးစားစွာ ရပ်ကာ ပြောဆိုလိုက်၏။ မည်သို့ပင်ဆိုစေကာမူ ဤခေါင်းဆောင်နှစ်ဦးစလုံးမှာ အင်မော်တယ်မဟာဧကရာဇ် နှောင်းပိုင်းအဆင့်များ ဖြစ်ကြရာ၊ အင်မော်တယ်မဟာဧကရာဇ် ကနဦးအဆင့်သာရှိသေးသော သူ့ကို တစ်ချက်တည်းဖြင့် အလွယ်တကူ အနိုင်ယူနိုင်သည်။

"ကောင်းပြီ... သွားကြစို့"

ချင်းလုံ အင်မော်တယ် မဟာဧကရာဇ်၏ အမိန့်နှင့်အတူ နဂါးသုံးကောင်သည် ပုကျိုးတောင်မှ ထွက်ခွာလာခဲ့ကြလေသည်။

ဤအချိန်တွင် ဝူဟောက်မှာမူ နဂါးတစ်သောင်းတောင်ကြားမှ စွမ်းအားကြီးသူများသည် မိမိထံသို့ ဦးတည်လာနေကြောင်း မသိရှိသေးပေ။ သူသည် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် အစွမ်းကုန် ကြိုးပမ်းနေသော ဝူချီလုံကိုသာ စောင့်ကြည့်နေခဲ့သည်။

"ကောင်းတယ်။ ငါပေးထားတဲ့ ဆေးလုံးကို အပြည့်အဝ စုပ်ယူပြီးသွားရင်တော့ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ကို စတင်ချိုးဖောက်လို့ရပြီ။ နတ်ဘုရားကမ္ဘာကို မသွားခင် အချိန်အတိုင်းအတာတစ်ခုအထိ အခြေခိုင်အောင် လုပ်ထားဖို့ပဲ လိုတယ်”

ဝူဟောက်သည် ကျေနပ်စွာဖြင့် သူ့ကိုယ်သူ တွေးတောလိုက်၏။ အထက်ကမ္ဘာတွင် နိယာမတရားများကို ချိတ်ပိတ်ထားခြင်း ခံထားရသည်ကို သူ ကောင်းစွာ သတိပြုမိသော်လည်း၊ ၎င်းမှာ သူ့အတွက် ခဲယဉ်းသော ကိစ္စတစ်ခု မဟုတ်ပေ။ သူသည် နတ်ဘုရားကမ္ဘာ၏ နိယာမစွမ်းအားများ ပါဝင်သော ဆေးလုံးအချို့ကို ဖော်စပ်သန့်စင်ရန်သာ လိုအပ်သည်။

ကံကောင်းထောက်မစွာဖြင့် ထိုနေ့က ဝူဟောက်သည် ပုကျိုးတောင်ရှိ 'ကြယ်တာရာ ကောင်းကင် ရှေးဟောင်းလမ်း' အစွန်းပိုင်းမှ နတ်ဘုရားကမ္ဘာ၏ အငွေ့အသက် အချို့ကို စုဆောင်းရရှိခဲ့သည်။ ထိုနိယာမစွမ်းအားများကို အသုံးပြု၍ ဆေးလုံးကို သန့်စင်ဖော်စပ်ခဲ့ပြီး ဝူချီလုံကို အကျိုးသက်ရောက်မှု ရှိမရှိ စမ်းသပ်ကြည့်ခိုင်းခြင်း ဖြစ်သည်။

မထင်မှတ်ဘဲ ဆေးလုံး၏ အာနိသင်မှာ အံ့မခန်း ထူးကဲလှသည်။ ဆေးလုံးကို မျိုချပြီးနောက်တွင် ဝူချီလုံ၏ ကျင့်ကြံခြင်းနယ်ပယ်မှာ ပွင့်ထွက်သွားခဲ့ပြီး ယခုအခါ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် လက်တစ်ကမ်းအလိုသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

"ဒါပေမဲ့ ဖန်လိုင် အင်မော်တယ်ကျွန်းကလည်း အရမ်း ထူးခြားတဲ့ နေရာတစ်ခုမှာ ရှိနေတာပဲ... ဖန်လိုင် အင်မော်တယ်ကျွန်းထဲမှာ ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း တစ်ခု ရှိနေတယ်..."

ဝူဟောက်သည် ဖန်လိုင် အင်မော်တယ်ကျွန်း၏ အနက်ရှိုင်းဆုံးနေရာသို့ လှမ်းကြည့်လိုက်ရာ သူ၏ အမူအရာမှာ အလွန်တည်ကြည်လေးနက်သွားခဲ့သည်။ ပုကျိုးတောင်ရှိ ကြယ်တာရာ ကောင်းကင် ရှေးဟောင်းလမ်း နှင့်မတူဘဲ ဖန်လိုင် အင်မော်တယ်ကျွန်းမှ ရှေးဟောင်းလမ်းမှာမူ လုံးလုံးလျားလျား စွန့်ပစ်ခံထားရသည့် အခြေအနေ ဖြစ်နေသည်။ ထိုနေရာမှ နတ်ဘုရားကမ္ဘာ၏ အငွေ့အသက် တစ်စုံတစ်ရာကိုမျှ ဝူဟောက် မခံစားမိသဖြင့် ဇွတ်အတင်း ဝင်ရောက်ရန် မစွန့်စားရဲခဲ့ချေ။

ဝူဟောက်၏ စောင့်ကြပ်မှုအောက်တွင်ပင် ဝူချီလုံ၏ ကျင့်ကြံခြင်းနယ်ပယ်သည် နောက်ဆုံး၌ အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်မှ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်သွားခဲ့လေသည်။

ထိုသို့ ချိုးဖောက်ဝင်ရောက်သည့် အခိုက်အတန့်တွင် ဖန်လိုင် အင်မော်တယ်ကျွန်း၏ ကောင်းကင်ထက်၌ တာအိုနိယာမများ ရုပ်လုံးပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကပ်ဘေးများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ဤသည်ကို မြင်လိုက်ရချိန်တွင် ဝူဟောက်သည် ဝူချီလုံကို ကျွန်းအပြင်ဘက်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထုတ်လိုက်လေသည်။ ဖန်လိုင် အင်မော်တယ်ကျွန်း၏ ကာကွယ်ရေးဝင်္ကပါမှာ မိုးကြိုးကပ်ဘေးဒဏ်ကို ခံနိုင်ရည်ရှိလောက်အောင် အစွမ်းထက်သော်လည်း၊ ဘေးကင်းစေရန်အတွက် ကျွန်းအပြင်ဘက်သို့ ပစ်ထုတ်လိုက်ခြင်းက ပို၍ သင့်လျော်ပေသည်။

All Chapters