← Chapters

အခန်း (၂၉၉-၃၀၀)

Vol. 30 Ch. 299-300

အခန်း (၂၉၉-၃၀၀)

Vol. 30 Ch. 299-300

အခန်း ၂၉၉ - နဂါးများကို အံ့အားသင့်စေခြင်း

"ဘာ... တောင်ကြားသခင် က နတ်ဘုရားတစ်ပိုင်း လား..."

ဝူဟောက်၏ စကားကို ကြားချိန်တွင် ထျန်းလုံ အင်မော်တယ်ဧကရာဇ်သည် ပြန်လည် ချေပရန် ပြင်လိုက်သော်လည်း သူပြောခဲ့သည့်စကားကို သဘောပေါက်ပြီးနောက် သူ၏ အမူအရာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။

မိမိတို့၏ တောင်ကြားသခင်သည် အင်မော်တယ်မဟာဧကရာဇ်အဆင့်ကို ကျော်လွန်သည့် နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့သလို၊ သူ၏ရှေ့တွင် ရပ်နေသူက ကောင်းကင်တာအိုကိုပင် ဂရုမစိုက်ဟု ပြောဝံ့လိမ့်မည်ဟုလည်း အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

အကယ်၍ ဝူဟောက် ပြောနေသည်မှာ အောက်ကမ္ဘာ၏ ကောင်းကင်တာအိုအကြောင်းဆိုလျှင် ဝူဟောက် မဆိုထားနှင့်၊ သူကိုယ်တိုင်ပင်လျှင် ထည့်သွင်းစဉ်းစားနေစရာ မလိုလောက်အောင် အားနည်းလှပေသည်။ သို့သော် ဝူဟောက် ရည်ညွှန်းနေသည်မှာ အောက်ကမ္ဘာမှ ကောင်းကင်တာအို ဖြစ်လိမ့်မည်ဟု ယုံကြည်လောက်အောင် သူ မမိုက်မဲပေ။

အထက်ကမ္ဘာ၏ ကောင်းကင်တာအိုနှင့် ပတ်သက်၍မူ၊ ကောင်းကင်တာအို၏ ဖြစ်တည်မှု အတိအကျကို သူ မသိရှိသော်လည်း၊ ယခင်က အင်မော်တယ်မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ရှိသော စွမ်းအားရှင်တစ်ဦးသည် ကောင်းကင်တာအို သစ္စာဆိုချက်ကို ဖောက်ဖျက်ခဲ့မိသဖြင့် ကောင်းကင်တာအို၏ မိုးကြိုးကပ်ဘေးသင့်ကာ မည်သည့်ခုခံမှုမျှ မပြုနိုင်ဘဲ သေဆုံးသွားခဲ့ရသည့် မှတ်တမ်းများ ရှိခဲ့ဖူးသည်။

ထိုအချိန်မှစ၍ အထက်ကမ္ဘာရှိ စွမ်းအားရှင်များသည် ကောင်းကင်တာအို၏ အစွမ်းမှာ အနည်းဆုံး အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ထက် မနိမ့်ကြောင်းနှင့် အင်မော်တယ်မဟာဧကရာဇ်အဆင့်ထက်ပင် များစွာသာလွန်နိုင်ကြောင်း သိရှိခဲ့ကြသည်။

သို့သော် ဤကဲ့သို့သော အခြေအနေမျိုးတွင် ဝူဟောက်သည် အဘယ်ကြောင့် ကောင်းကင်တာအိုကိုပါ ပေါ့ပေါ့တန်တန် သဘောထားဝံ့သနည်း။ ၎င်းမှာ ထိုသို့ လုပ်ဆောင်နိုင်လောက်အောင်ပင် ဝူဟောက်၌ အစွမ်းထက်သော နောက်ခံရှိနေလေသလော၊ သို့မဟုတ် ဝူဟောက်သည် မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေခြင်းကြောင့်လော ဆိုသည်မှာ တွေးစရာ ဖြစ်နေလေတော့သည်။

သို့သော် ထျန်းလုံ အင်မော်တယ်ဧကရာဇ် သည် မည်သည့် ချေပစကားမျှ မပြောခဲ့ချေ။ မည်သို့ပင်ဆိုစေ အကယ်၍ သူသာ ပြောခဲ့ပါက ကောင်းကင်တာအို က ဝူဟောက်ကို ဖျက်ဆီးမည်လား ဆိုသည်ကို သူ မသိသော်လည်း ၊ သို့သော် သူကတော့ ဝူဟောက်၏ ဖျက်ဆီးခြင်းကို ခံရမည်မှာ သေချာပေသည်။

ထိုအချိန်တွင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှစ်သံနှင့်အတူ ကောင်းကင်ယံ၌ ပြင်းထန်စွာ တိုက်ခိုက်နေကြသည့် ချင်းလုံနှင့် ကျင်းလုံ အင်မော်တယ်မဟာဧကရာဇ်တို့သည် တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျလာခဲ့ကြသည်။

ကောင်းကင်ထက်တွင် ရပ်တန့်နေသော ဝူချီလုံမှာမူ မိစ္ဆာနတ်ဘုရားတစ်ပါးအလား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေပြီး၊ သူ၏မျက်လုံးများထဲတွင်လည်း တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လျက် ချင်းလုံနှင့် ကျင်းလုံတို့ကို ငုံ့ကြည့်နေ၏။

ဝူချီလုံသည် ယခုအခါ သူ၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းပကားကို အပြည့်အဝ ထုတ်ဖော်ပြသနေခြင်းမှာ ထင်ရှားလှပေသည်။

သို့သော် နောက်တစ်စက္ကန့်တွင် ဝူဟောက်က လှမ်း၍ စကားဆိုလိုက်သည်။

"ချီလုံ..."

ဝူဟောက်၏ ခေါ်သံအဆုံးတွင် ဝူချီလုံသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး၊ သူ၏တိုက်ခိုက်လိုစိတ်များကို ချက်ချင်းပင် ရုပ်သိမ်းကာ ဝူဟောက်၏ရှေ့မှောက်သို့ ရောက်လာခဲ့သည်။ ထိုအချိန်တွင် ထျန်းလုံ အင်မော်တယ်မဟာဧကရာဇ်သည်လည်း ဒဏ်ရာရသွားသော ချင်းလုံနှင့် ကျင်းလုံတို့ရှိရာသို့ အမြန်ပြေးသွားပြီး သူတို့ကို ထူမပေးလိုက်လေသည်။

"မင်းတို့သုံးကောင် စကားအတိုင်း ကတိတည်ရမယ်၊ အခုကစပြီး ငါတို့ ဝူမိသားစုရဲ့ စီးတော်ယာဉ်တွေ ဖြစ်လာဖို့ ပြင်ထားကြတော့..."

ချင်းလုံ၊ ကျင်းလုံနှင့် ထျန်းလုံ အင်မော်တယ်မဟာဧကရာဇ် နဂါးသုံးကောင်စလုံး၏ မျက်နှာများမှာ အလွန်ပင် ပျက်ယွင်းနေတော့သည်။ သူတို့ကဲ့သို့ မြင့်မြတ်သော နဂါးမျိုးနွယ်များက လူသားမျိုးနွယ်၏ စီးတော်ယာဉ်အဖြစ် အမှုထမ်းရန်ဟူသည်မှာ လုံးဝလက်ခံနိုင်စရာမရှိသော်လည်း၊ ယခုအခြေအနေမှာ သူတို့ဘက်မှ ငြင်းဆန်ပိုင်ခွင့် မရှိတော့ကြောင်း ရှင်းလင်းလှပေသည်။

ဝူဟောက်က သူတို့၏ အတွေးကို ဖောက်ထွင်းမြင်နေသည့်အတိုင်း လှောင်ပြုံးတစ်ခုဖြင့် ဆက်၍ ပြောဆိုလိုက်သည်။

"မင်းတို့ရဲ့ စစ်မှန်နဂါးမျိုးနွယ်စုကို ငါတို့ ဝူမိသားစုရဲ့ သီးသန့်စီးတော်ယာဉ်အဖြစ် ထားတာက မင်းတို့မျိုးနွယ်စုကို စော်ကားတာလို့ ထင်နေကြတာလား ၊ မဟုတ်ဘူး... ဒါက မင်းတို့ နဂါးမျိုးနွယ်စုအတွက် ပြိုင်ဘက်ကင်းတဲ့ ဂုဏ်ကျက်သရေတစ်ခုပဲ၊ ယုံချင်ယုံ၊ မယုံချင်နေ... ငါသာ အမှန်တကယ် အလိုရှိမယ်ဆိုရင် မင်းတို့ နဂါးမျိုးနွယ်ထက် ပိုပြီးစွမ်းအားကြီးတဲ့ မျိုးနွယ်စုသစ်တစ်ခုကို အချိန်မရွေး ဖန်တီးပေးနိုင်တယ်"

"ငါ နောက်နေတယ်လို့ မထင်နဲ့ မင်းတို့ နဂါးမျိုးနွယ်စုက ကြည့်ကောင်းလို့ ငါက သဘောထားကြီးပေးနေတာ၊ တကယ်လို့ မင်းတို့က လက်မခံချင်ဘူးဆိုရင်တော့ စစ်မှန်နဂါးမျိုးနွယ်စုတစ်ခုလုံးကို အမြစ်ပြတ်ရှင်းပစ်ပြီး ငှက်နီမျိုးနွယ်စုကို ငါတို့ ဝူမိသားစုရဲ့ စီးတော်ယာဉ်တွေအဖြစ် ပြောင်းလဲပစ်ဖို့ ငါ လုံးဝ ဝန်လေးနေမှာ မဟုတ်ဘူး"

ဝူဟောက်၏ စကားကို ကြားလိုက်ရချိန်တွင် ချင်းလုံနှင့် ကျန်နဂါးနှစ်ဦးတို့မှာ မယုံကြည်နိုင်သလို ဖြစ်သွားကြသော်လည်း၊ တစ်စုံတစ်ခုကို ရိပ်မိသွားကြပြီးနောက် ချက်ချင်းပင် တိတ်ဆိတ်သွားကြရသည်။ ဝူချီလုံကဲ့သို့သောသူပင် အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ သူ့ကို စေခိုင်းနေသည့် ဝူဟောက်၏ အစွမ်းမှာ အမှန်တကယ်ပင် အင်မော်တယ်မဟာဧကရာဇ် အဆင့်မျှသာ ဖြစ်ပါမည်လောဟု သူတို့ သံသယဝင်လာကြလေတော့သည်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ချင်းလုံ အင်မော်တယ်မဟာဧကရာဇ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ မတ်တပ်ရပ်၍ ဝူဟောက်ကို အရိုအသေပြုလိုက်လေသည်။

"စီနီယာ... ကျွန်တော်တို့က ဝူမိသားစုရဲ့ သီးသန့်စီးတော်ယာဉ်တွေ မဖြစ်ချင်လို့ ငြင်းဆန်နေတာ မဟုတ်ပါဘူး ကျွန်တော်တို့ဟာ နဂါးတစ်သောင်းတောင်ကြားက နဂါးတွေဖြစ်ပြီး ကျွန်တော်တို့ရဲ့ အသက်ဝိညာဉ်စွမ်းအင် က တောင်ကြားသခင်ရဲ့ လက်ထဲမှာ ရှိနေလို့ပါ တကယ်လို့ ကျွန်တော်တို့သာ နဂါးတစ်သောင်းတောင်ကြားကို သစ္စာဖောက်ပြီး ထွက်သွားမယ်ဆိုရင် တောင်ကြားသခင်က ကျွန်တော်တို့ရဲ့ ကံကြမ္မာကို အဝေးကနေ အလွယ်တကူ ဆုံးဖြတ်နိုင်ပါတယ်..."

"ဒါကြောင့် တောင်ကြားသခင်ကသာ သဘောမတူဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ ဝူမိသားစုရဲ့ စီးတော်ယာဉ်တွေ ဖြစ်လာဖို့က မဖြစ်နိုင်ပါဘူး..."

ကျင်းလုံနှင့် ထျန်းလုံ အင်မော်တယ်မဟာဧကရာဇ်တို့မှာလည်း အံ့အားသင့်သွားကြသော်လည်း အခြေအနေကို ရိပ်မိကာ အလျင်အမြန်ပင် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

"ဟုတ်ပါတယ် စီနီယာ... တောင်ကြားသခင်က သဘောမတူဘဲနဲ့သာ ကျွန်တော်တို့က ဝူမိသားစုရဲ့ စီးတော်ယာဉ်တွေ ဖြစ်လာခဲ့မယ်ဆိုရင် အဲဒီအချိန်မှာတင် တောင်ကြားသခင်က ကျွန်တော်တို့ကို အသက်ပါအောင် သတ်ပစ်ပါလိမ့်မယ်..."

"ကျွန်တော်တို့က လက်မခံချင်လို့ မဟုတ်ပါဘူး စီနီယာ... ကျွန်တော်တို့ရဲ့ အသက်အန္တရာယ်ကို တောင်ကြားသခင်က တိုက်ရိုက်ထိန်းချုပ်ထားလို့ပါ…”

ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူဟောက် ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ အမှန်စင်စစ် ချင်းလုံ အင်မော်တယ်မဟာဧကရာဇ်နှင့် အပေါင်းအပါများ ပြောဆိုသည်မှာ အကြောင်းမဲ့မဟုတ်ပေ။ နဂါးတစ်သောင်းတောင်ကြားကို နဂါးဧကရာဇ်ကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ သူ၏ ကြီးမားလှသော စွမ်းပကားကြောင့် တောင်ကြားရှိ စစ်မှန်သော နဂါးအများစု၏ အသက်ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။ ချင်းလုံကဲ့သို့သော အဆင့်မြင့်နဂါးများပင်လျှင် ထိုထိန်းချုပ်မှုအောက်မှ မလွတ်ကင်းခဲ့ကြချေ။

သို့သော် ဝူဟောက်က ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

"မင်းတို့ပြောချင်တာက... မင်းတို့ရဲ့ တောင်ကြားသခင်သာ သဘောတူမယ်ဆိုရင်၊ ငါတို့ ဝူမိသားစုရဲ့ စီးတော်ယာဉ်တွေအဖြစ် အမှုထမ်းဖို့ မင်းတို့ကိုယ်တိုင်လည်း ဆန္ဒရှိတယ်... ဟုတ်တယ်မဟုတ်လား"

"ဟုတ်ပါတယ်... မှန်ပါတယ် စီနီယာ။ တောင်ကြားသခင်သာ သဘောတူမယ်ဆိုရင် ကျွန်တော်တို့လည်း ကြည်ကြည်ဖြူဖြူ သဘောတူပါတယ်"

ချင်းလုံနှင့် ကျန်နဂါးသုံးကောင်စလုံးက အလျင်အမြန်ပင် ခေါင်းတငြိမ့်ငြိမ့်ဖြင့် တုံ့ပြန်လိုက်ကြသည်။ ဤသည်မှာ လက်ရှိတွင် သူတို့အတွက် အကောင်းဆုံး ထွက်ပေါက်ဖြစ်ပေသည်။ သူတို့သည် ခက်ခဲသော ဤပြဿနာကို တောင်ကြားသခင်ထံသို့ လွှဲပြောင်းပေးလိုက်ခြင်းသာ ဖြစ်သည်။

အကယ်၍ တောင်ကြားသခင်သာ အမှန်တကယ် စွမ်းဆောင်နိုင်ပါက သူတို့ကို ဤဘေးဒုက္ခမှ ကယ်တင်သွားနိုင်လိမ့်မည်ဟု သူတို့ မျှော်လင့်နေကြလေသည်။

အကယ်၍ တောင်ကြားသခင် မစွမ်းဆောင်နိုင်ပါက ဝူမိသားစု၏ စီးတော်ယာဉ်များ ဖြစ်လာရန်မှလွဲ၍ သူတို့တွင် အခြားရွေးချယ်စရာ မရှိတော့ချေ။

ဂုဏ်သိက္ခာသည် သူတို့အတွက် အလွန် အရေးကြီးသော်လည်း အသက်ရှင်သန်ခြင်းက ဂုဏ်သိက္ခာထက် ပို၍ အရေးကြီးပေသည်။ အကယ်၍ သူတို့ သေဆုံးသွားပါက အရာအားလုံး ဆုံးရှုံးရပေလိမ့်မည်။

ထို့အပြင် ဝူမိသားစု၏ စီးတော်ယာဉ် ဖြစ်လာရခြင်းမှာ အရှက်ရစရာ ကိစ္စတစ်ခု မဟုတ်တော့ဟုလည်း သူတို့ ခံစားလာရသည်။ မည်သို့ပင်ဆိုစေ ဝူချီလုံ တစ်ဦးတည်းနှင့်ပင် သူတို့ကို အလွယ်တကူ အနိုင်ယူ သတ်ဖြတ်နိုင်စွမ်းရှိရာ၊ သူ၏သခင်ဖြစ်သူ ဝူဟောက်၏ အစွမ်းမှာမူ ပြောနေစရာပင် လိုတော့မည်မဟုတ်ပေ။

၎င်းအပြင် ဝူမိသားစု၏ စီးတော်ယာဉ်အဖြစ် အမှုထမ်းရခြင်းမှာ သူတို့ဘဝအတွက် အကြီးမားဆုံးသော ကောင်းချီးတစ်ခု ဖြစ်လာလိမ့်မည်ဟု အကြောင်းပြချက် မရှိဘဲ သူတို့၏ စိတ်အစဉ်က တီးတိုးပြောပြနေသကဲ့သို့ ခံစားနေရသည်။

ချင်းလုံ အင်မော်တယ်မဟာဧကရာဇ်နှင့် အပေါင်းအပါများ သဘောတူညီကြောင်း ခေါင်းညိတ်လိုက်သည်နှင့် ဝူဟောက်သည် ချက်ချင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။ ထို့နောက် နောက်တစ်စက္ကန့်တွင် နဂါးသုံးကောင်စလုံးမှာ သူတို့၏ ကမ္ဘာအမြင်ကိုပင် တုန်လှုပ်သွားစေမည့် မြင်ကွင်းတစ်ခုကို မျက်မြင်တွေ့ရှိလိုက်ရတော့သည်။

ဝူဟောက်သည် လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် သူတို့ကို အတွင်းကမ္ဘာ ထဲမှ အပြင်သို့ ထွက်ခွင့်ပေးလိုက်သည်။ ထို့နောက် သူသည် မိမိရှေ့ရှိ ဟင်းလင်းပြင်ကြီးကို တို့ဟူးတုံးတစ်တုံးအား လှီးဖြတ်လိုက်သကဲ့သို့ အလွန်ပင် လွယ်ကူချောမွေ့စွာ ဖြတ်တောက်လိုက်လေ၏။

ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးအတွင်းမှ ပြင်းထန်လှသော ဟင်းလင်းပြင်လေပြင်းများ တိုးထွက်လာခဲ့သည်။ အကယ်၍ လျိုထျန်းရွှေအင်မော်တယ် အဆင့်အောက်ရှိသူသာဆိုလျှင် အသက်အန္တရာယ် ရှိနိုင်ပေသည်။

သို့သော် ဝူဟောက်မှာမူ မည်သည့် ကြောက်ရွံ့တုန်လှုပ်မှုမျှ မပြဘဲ ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးထဲသို့ သူ၏လက်ကို သာသာယာယာပင် ထိုးထည့်လိုက်သည်။ ခဏတာ ရှာဖွေစူးစမ်းပြီးနောက် သူ၏မျက်နှာတွင် ကျေနပ်သည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။

"နောက်ဆုံးတော့... မင်းကို ရှာတွေ့ပြီ…”

ဝူဟောက်၏ စကားများကြောင့် ချင်းလုံ အင်မော်တယ်မဟာဧကရာဇ်နှင့် အပေါင်းအပါများ၏ စိတ်ထဲတွင် မတင်မကျဖြစ်ကာ စိုးရိမ်စိတ်များ မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့၌ ဖြစ်နိုင်ခြေမရှိဟု ထင်ရသော သံသယတစ်ခုလည်း ဝင်လာမိ၏။

ဝူဟောက်အနေဖြင့် အရှေ့ပိုင်းဒေသတွင် ရပ်နေရင်းမှ ဗဟိုနယ်မြေရှိ ပုကျိုးတောင်မှ ဟင်းလင်းပြင်ကို တိုက်ရိုက်ဖောက်ထွင်းကာ၊ သူတို့၏ တောင်ကြားသခင်ကို ဤနေရာသို့ အတင်းအဓမ္မ ဆွဲခေါ်လာရန်မှာ မည်သို့မျှ မဖြစ်နိုင်ဟု သူတို့ ယူဆထားကြသည်။

သို့သော် တစ်ဖက်တွင်လည်း ဝူဟောက်၏ အစွမ်းမှာ သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်မှာ အမှန်ပင်။

ထိုအချိန်၌ ပုကျိုးတောင်တွင် နဂါးဧကရာဇ်သည် အေးချမ်းစွာ ကျင့်ကြံနေစဉ် မတင်မကျဖြစ်သော ခံစားချက်တစ်ခုကို ခပ်သဲ့သဲ့ ခံစားလိုက်ရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။

"ထူးဆန်းလိုက်တာ... ငါက နတ်ဘုရားတစ်ပိုင်းအဆင့်တောင် ရောက်နေတာကို ဘာလို့ ဒီလောက်တောင် စိတ်မအေးဖြစ်နေရတာလဲ အထက်ကမ္ဘာတစ်ခုလုံးမှာ ငါ့ကို ဒုက္ခပေးနိုင်တဲ့သူ မရှိသင့်တော့ဘူးလေ..."

သို့သော် နောက်တစ်စက္ကန့်တွင်မူ နဂါးဧကရာဇ်၏ ရှေ့မှောက်ရှိ ဟင်းလင်းပြင်ကြီးမှာ ရုတ်ချည်းပွင့်ထွက်သွားပြီး၊ ဧရာမ လက်ကြီးတစ်ဖက် ထွက်ပေါ်လာကာ နဂါးဧကရာဇ်မှာ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် သူ့ကို ဖမ်းဆုပ်၍ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲသို့ ဆွဲသွင်းသွားလေတော့သည်။

ထိုဧရာမ လက်ကြီး၏ရှေ့တွင် နဂါးဧကရာဇ်၏ ခန္ဓာကိုယ်ကြီးမှာ ဘာမျှမဟုတ်သကဲ့သို့ ဖြစ်နေပြီး အနည်းငယ်မျှပင် ပြန်လည်ခုခံနိုင်စွမ်း မရှိခဲ့ချေ။ လက်ကြီးက နဂါးဧကရာဇ်အား အက်ကွဲကြောင်းအတွင်းသို့ ဆွဲခေါ်သွားပြီးနောက်တွင်မူ၊ ဟင်းလင်းပြင်ကြီးမှာ ဘာမျှမဖြစ်ခဲ့သည့်အလား ပုံမှန်အတိုင်း ပြန်လည်စေ့ပိတ်သွားကာ အင်မော်တယ်ဂူအတွင်း ကျင့်ကြံနေသည့် နဂါးဧကရာဇ်မှာလည်း အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေတော့သည်။

အခန်း ၃၀၀ - နဂါးတစ်သောင်းဧကရာဇ်- သခင့်ရှေ့မှာ ဒူးထောက်ပါတယ်

နဂါးဧကရာဇ် : ???

ဖန်လိုင်အင်မော်တယ်ကျွန်း သို့ ရောက်ရှိလာသည့်တိုင်အောင် နဂါးဧကရာဇ်သည် မိမိကိုယ်မိမိ မည်သူမည်ဝါဖြစ်ကြောင်း၊ အဘယ်အရပ်သို့ ရောက်ရှိနေကြောင်းနှင့် ရှေ့ဆက်ဘာလုပ်ရမည်ကိုပင် မသိဘဲ ဝေခွဲမရဖြစ်နေဆဲပင်။

သို့သော် ချင်းလုံအင်မော်တယ် မဟာဧကရာဇ်တို့အဖွဲ့ကို မြင်လိုက်ရသည့်ခဏတွင်မူ သူသည် မှင်တက်သွားပြီး ထိတ်လန့်တကြားဖြင့် မေးလိုက်သည်။

"ချင်းလုံ... ကျင်းလုံ... မင်းတို့က ဒီမှာ ဘာလုပ်နေကြတာလဲ နေပါဦး... အရှင်... အရှင်က ဘယ်သူလဲ..."

နဂါးဧကရာဇ်သည် ချင်းလုံအင်မော်တယ်ဧကရာဇ်နှင့် အခြားသူများ၏ရှေ့သို့ ရောက်ရှိလာပြီးနောက် ဝူဟောက်ကို အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်သော မျက်ဝန်းများဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။

မိမိကို တိုက်ခိုက်ဖမ်းဆီးခဲ့သူမှာ ဝူဟောက်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ သို့သော် သူကိုယ်တိုင်သည် နတ်ဘုရားတစ်ပိုင်း အဆင့်ရှိသူ ဖြစ်လင့်ကစား ဝူဟောက်၏လက်ထဲတွင် မည်သည့်ခုခံမှုမျှ မပြုနိုင်ဘဲ အဖမ်းခံခဲ့ရခြင်းက ဝူဟောက်၏ စွမ်းအားသည် သူ၏စိတ်ကူးထက်ပင် များစွာသာလွန်နေကြောင်း သက်သေပြနေပေသည်။

တစ်ဖက်တွင်လည်း ချင်းလုံနှင့် အင်မော်တယ်ဧကရာဇ်တို့သည် မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ဆွံ့အသွားကြသည်။

အင်မော်တယ် မဟာဧကရာဇ်တစ်ဦးပင် အရှိန်ကုန်တင်ကာ သွားရောက်ရမည့် ရက်ပေါင်းများစွာ ကြာမြင့်မည့် အကွာအဝေးကို ဟင်းလင်းပြင်အား ဖောက်ထွင်း၍ သူတို့၏ နဂါးတစ်သောင်းတောင်ကြားသခင်ကို ဖမ်းဆီးလာနိုင်လောက်အောင် စွမ်းအားကြီးမားသူ ရှိလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

အဆိုးဆုံးမှာ သူတို့၏ တောင်ကြားသခင်ကိုယ်တိုင်ပင် အခြေအနေအရပ်ရပ်ကို နားမလည်နိုင်ဘဲ ဇဝေဇဝါဖြစ်နေခြင်းပင်။

တောင်ကြားသခင်၏ စွမ်းအားသည် ငြင်းပယ်၍မရနိုင်လောက်အောင် ကြီးမားကြောင်း သူတို့အားလုံး ကောင်းကောင်းသိကြသည်။ ထိုစဉ်က မျိုးနွယ်စုခေါင်းဆောင် ငါးဦး ပေါင်းတိုက်လျှင်ပင် သူ့ကို မယှဉ်နိုင်ခဲ့ခြင်းက တောင်ကြားသခင်၏ ကျင့်ကြံမှုစည် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်တွင် ရှိနေကြောင်း သက်သေပြရန် လုံလောက်ပေသည်။

သို့သော်လည်း ဝူဟောက်က သူ့ကို ဤမျှ လွယ်လွယ်ကူကူ ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ ဝူဟောက်၏ နယ်ပယ်သည် အင်မော်တယ် မဟာဧကရာဇ် အဆင့်ထက် များစွာ သာလွန်ကြောင်း ပြသနေသည်။

ဝူဟောက်သည် မိမိရှေ့ရှိ နဂါးဧကရာဇ်ကို အတန်ကြာအောင် စေ့စေ့စပ်စပ် ကြည့်ရှုပြီးနောက် ခေါင်းကို ညင်သာစွာ ခါယမ်းရင်း ဖြည်းညင်းစွာ ပြောလိုက်၏။

"မင်းရဲ့ လက်အောက်ငယ်သားတွေ ပြောတာတော့... မင်းသာ သဘောတူရင် သူတို့က ငါတို့ ဝူမိသားစုရဲ့ သီးသန့် စီးတော်ယာဉ်တွေအဖြစ် ဆန္ဒအလျောက် အမှုထမ်းပါ့မယ် တဲ့။ ဒါကြောင့် ငါ သိချင်တာက... မင်း သဘောတူလား၊ မတူဘူးလား..."

ဝူဟောက်၏ စကားကို ကြားလိုက်ရချိန်တွင် ချင်းလုံ၊ အင်မော်တယ် မဟာဧကရာဇ်နှင့် နဂါးသုံးကောင်တို့သည် နဂါးဧကရာဇ်ကို မကြည့်ဘဲ မနေနိုင်ကြတော့ပေ။ သူတို့၏ သခင်က ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဝူဟောက်ကို တိုက်ရိုက် ငြင်းဆိုလိမ့်မည်ဟု အသည်းအသန် မျှော်လင့်နေကြသည်။

သို့သော် သူတို့ အလွန်အကျွံ မျှော်လင့်နေကြခြင်းသာ ဖြစ်သည်။ ဝူဟောက်ကဲ့သို့ စွမ်းအားကြီးမားလွန်းသူနှင့် ရင်ဆိုင်ရချိန်တွင် နဂါးဧကရာဇ်၌ ခုခံလိုစိတ်ပင် ရှိမနေတော့ချေ။ ထို့ကြောင့် ဝူဟောက်၏ စကားအဆုံးတွင် နဂါးဧကရာဇ်သည် မဆိုင်းမတွပင် ပြန်လည် ပြောဆိုလိုက်တော့သည်။

"စီနီယာ... ဝူမိသားစုရဲ့ စီးတော်ယာဉ်တွေအဖြစ် အမှုထမ်းရတာက သူတို့အတွက် ဂုဏ်ယူစရာကြီး တစ်ခုပါပဲ။ ဒီလိုကိစ္စမျိုးကို ကျွန်တော် ဘယ်လိုလုပ် ငြင်းဆန်ရက်ပါ့မလဲ... ဒါကြောင့် စီနီယာ စိတ်ချပါဗျာ..."

နဂါးဧကရာဇ်သည် သူကိုယ်တိုင်ပင် အလွန်ဆန္ဒရှိနေသည့်အလား အလွန်တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုနေသည်။ အကယ်၍ ဝူဟောက်ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို သူ ခပ်သဲ့သဲ့မျှပင် မခံစားမိခဲ့ပါက သူသည် ယခုထက်ပင် ပို၍ စိတ်အားထက်သန်နေပုံ ပေါက်နေပေလိမ့်မည်။

အခြားတစ်ဖက်တွင်လည်း မိမိတို့သခင်၏ စကားကို ကြားလိုက်ရပြီးနောက် ချင်းလုံ အင်မော်တယ် မဟာဧကရာဇ်ခမျာ နောက်ဆုံး၌ သက်ပြင်းချနိုင်ခဲ့တော့သည်။ သူ ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း လက်တွေ့တွင် ကြားလိုက်ရသောအခါ ဆုံးရှုံးမှုကြီးတစ်ခုလို ခံစားနေရဆဲပင်။

"စီနီယာ... ဒါဆို ကျွန်တော် သွားလို့ ရပြီလားဗျ..."

နဂါးဧကရာဇ်က ဝူဟောက်ကို အကဲခတ်ရင်း သတိထား၍ မေးမြန်းလိုက်သည်။ အကယ်၍ ဝူဟောက်သာ စိတ်အလိုမကျဖြစ်သွားပါက သူ့ကိုပါ ဝူမိသားစုအတွက် စီးတော်ယာဉ်အဖြစ် ခိုင်းစေမည်ကို သူ အလွန်စိုးရိမ်နေမိသည်။ မိမိ၏ မျိုးနွယ်စုဝင်များသာ အမှုထမ်းခြင်းက ပိုကောင်းပြီး သူကိုယ်တိုင် ပါဝင်ရန် မလိုအပ်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။

ထိုစကားကို ကြားသောအခါ ဝူဟောက်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်၏။

"မရဘူး... မင်း သွားလို့ မရသေးဘူး။"

"အို... စီနီယာ... စီနီယာ တခြား ဘာများ လိုအပ်လို့ပါလဲခင်ဗျာ..."

နဂါးဧကရာဇ်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရပြီး သူ၏အသံတွင် ပုံမှန်မဟုတ်သော စိုးရိမ်ပူပန်မှုများ သိသိသာသာ ရောယှက်နေတော့သည်။

သို့သော် ဝူဟောက်က အပြုံးတစ်ဝက်ဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။

"ဒီလိုပါ... မင်းရဲ့ 'နဂါးတစ်သောင်းတောင်ကြား' တစ်ခုလုံးကို ငါတို့ ဝူမိသားစုအတွက် စီးတော်ယာဉ် ပံ့ပိုးပေးမယ့် နေရာတစ်ခု ဖြစ်လာစေချင်တာ။"

"စီနီယာ... ဒါကတော့ လုံးဝ လက်ခံလို့ မရပါဘူး၊ ဒီကိစ္စကိုတော့ ကျွန်တော် ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး”

ဝူဟောက်၏ စကားအဆုံးတွင် နဂါးဧကရာဇ်သည် မျက်မှောင်ကြုတ်သွားပြီး အလိုအလျောက်ပင် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်မိသည်။

သို့သော် ငြင်းပြီးသည်နှင့် နဂါးဧကရာဇ်သည် ဝူဟောက်မှာ မိမိ လုံးဝယှဉ်နိုင်သော ပုဂ္ဂိုလ်မျိုးမဟုတ်ကြောင်းကို ရုတ်တရက် သတိဝင်လာခဲ့သည်။ မိမိက သူ့ကို တိုက်ရိုက်ငြင်းဆိုလိုက်မိပြီဖြစ်ရာ ဝူဟောက်က ဒေါသတကြီးဖြင့် သူ့ကို သတ်ပစ်လိုက်မည်ကို စိုးရိမ်သွားမိသည်။

သို့ရာတွင် နဂါးဧကရာဇ်၏ အတွေးမှာ လွန်ကဲနေခြင်းသာ ဖြစ်သည်။ ဝူဟောက်သည် အကျိုးအကြောင်းမရှိဘဲ သတ်ဖြတ်တတ်သူ မဟုတ်ချေ။ တစ်ဖက်လူက သူ၏စကားကို နားထောင်လိုစိတ်ရှိသရွေ့ သူသည် အခြားသူများကို ကောင်းမွန်သော နည်းလမ်းဖြင့်သာ စည်းရုံးရသည်ကို ပို၍နှစ်သက်သူဖြစ်သည်။ အကယ်၍ မရတော့မှသာ အင်အားသုံး၍ နှိမ်နင်းလေ့ရှိသည်။

"ဟေး... ငြင်းဖို့ အဲဒီလောက် မလောပါနဲ့ဦး။ အကယ်၍ မင်းကို နတ်ဘုရားနယ်ပယ်ထဲ ချိုးဖောက်ဝင်ရောက်နိုင်အောင်၊ ဒါမှမဟုတ် အဲဒီထက် မြင့်မားတဲ့အဆင့်ထိ ရောက်အောင် ငါ ကူညီပေးနိုင်တယ်လို့ ပြောရင်ရော..."

ဝူဟောက်က လက်ကို ဝှေ့ယမ်းရင်း အသာအယာ ပြောလိုက်သည်။ ထိုစကားကြောင့် နဂါးဧကရာဇ်မှာ ခဏတာ မှင်တက်သွားပြီး အသက်ရှူသံများပင် မြန်ဆန်လာခဲ့သည်။ သူသည် မယုံကြည်နိုင်ဟန်ဖြင့် ပြန်လည်မေးမြန်းလိုက်၏။

"စီနီယာ... ကျွန်တော့်ကို နတ်ဘုရားနယ်ပယ်ထဲ ချိုးဖောက်ဝင်ရောက်နိုင်အောင် တကယ်ပဲ ကူညီပေးနိုင်လို့လား..."

နဂါးဧကရာဇ်သည် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်တွင် ပိတ်မိနေသည်မှာ နှစ်သန်းပေါင်း (၅၀၀) တိတိ ရှိနေပြီဖြစ်သည်။ မကြာသေးမီကမှ တိုက်ဆိုင်မှုတစ်ခုကြောင့် ကံကောင်းထောက်မစွာဖြင့် ဝင်္ကပါတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး 'နတ်ဘုရားတစ်ပိုင်း' အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း စစ်မှန်သော နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိရန်မှာမူ အလွန်ဝေးကွာလှသည်။

ဝူဟောက်၏ ကျင့်ကြံခြင်းအဆင့်ကို သူကိုယ်တိုင် အကဲမဖြတ်နိုင်သော်လည်း၊ ဝူဟောက်သည် အင်မော်တယ် မဟာဧကရာဇ်ထက် များစွာသာလွန်ပြီး နယ်ပယ်တစ်ခုမက မြင့်မားနေကြောင်းကိုမူ အမြင်ရှိသူတိုင်း သိနိုင်ပေသည်။

ထို့ကြောင့် ဝူဟောက်၏ စကားကို ကြားလိုက်ရချိန်တွင် နဂါးဧကရာဇ်သည် သူ့ကို မသိစိတ်ကပင် ယုံကြည်ရန် ရွေးချယ်လိုက်မိတော့သည်။

ဝူဟောက်က ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ဘဲ ဆေးလုံးတစ်လုံးကို ပစ်ပေးလိုက်ရင်း ပြောလိုက်၏။

"မင်းကိုယ်တိုင်ပဲ ကြည့်လိုက်တော့..."

နဂါးဧကရာဇ်သည် ဆေးလုံးကို အလျင်အမြန် ဖမ်းယူလိုက်သည်။ ထိုဆေးလုံးအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ခံစားမိလိုက်ပြီးနောက် ဤဆေးလုံးသည် သူ့ကို နတ်ဘုရား နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်နိုင်အောင် အမှန်တကယ် ကူညီပေးနိုင်မည်ဖြစ်ကြောင်း သူ သိလိုက်ရသည်။

ထိုအချိန်တွင် ဝူဟောက်က ဆက်လက်၍ ပြောဆိုလိုက်သည်။

"စိတ်ချပါ... ဝူမိသားစုဆိုတာ တခြားသူတွေကို အနိုင်ကျင့်တဲ့အမျိုး မဟုတ်ဘူး ၊ ငါတို့မိသားစုဝင်တွေ မင်းတို့ရဲ့ 'နဂါးတစ်သောင်းတောင်ကြား' ကို စီးတော်ယာဉ်လာရွေးတဲ့အခါမှာလည်း အာဏာအလွဲသုံးစားလုပ်မှာ မဟုတ်ဘူး တကယ်လို့ မင်းတို့ဆီက နဂါးတစ်ကောင်ရဲ့ ကျင့်ကြံမှုက ငါတို့ ဝူမိသားစုဝင်ထက် သာလွန်နေမယ်ဆိုရင် အဲဒီနဂါးအနေနဲ့ ငါတို့မျိုးဆက်သစ်တွေရဲ့ စီးတော်ယာဉ်ဖြစ်ဖို့ကို ငြင်းပယ်ပိုင်ခွင့်ရှိတယ်။"

"ဒါ့အပြင် နဂါးတစ်သောင်းတောင်ကြားကို အရင်ကထက် ပိုပြီး အင်အားတောင့်တင်းလာစေဖို့ ငါ့ရဲ့ ဝူမိသားစုဘက်ကနေ လိုအပ်တဲ့ အရင်းအမြစ်တချို့ကိုလည်း ခွဲဝေထောက်ပံ့ပေးသွားမှာပါ ဒီလိုနည်းနဲ့ နဂါးတစ်သောင်းတောင်ကြားရဲ့ ကျော်စောမှုဟာ နတ်ဘုရားကမ္ဘာတစ်ခုလုံးမှာ ပျံ့နှံ့သွားစေရမယ်…”

ဤစကားကို ကြားလိုက်ရချိန်တွင် နဂါးဧကရာဇ်အနေဖြင့် မည်သို့မျှ ငြင်းဆန်နိုင်ခြင်း မရှိတော့ပေ။ ထပ်မံငြင်းဆိုနေပါက ကျေးဇူးကန်းရာ ရောက်ပေလိမ့်မည်။

ထို့ကြောင့် နောက်တစ်စက္ကန့်တွင်ပင် နဂါးဧကရာဇ်သည် ဝူဟောက်၏ရှေ့၌ ဒူးတစ်ဖက် ထောက်ချလိုက်ပြီး ရိုသေလေးစားစွာဖြင့်ပင် ဆိုလိုက်တော့သည်။

"ဘိုးဘေးကို အရိုအသေပေးပါတယ်"

"ကောင်းပြီ... ဒီလိုဆိုရင်တော့ သွားပြီး နဂါးတစ်သောင်းတောင်ကြားက နဂါးတွေကို အခြေအနေအရပ်ရပ် ရှင်းပြလိုက်တော့... မင်းဆီက သတင်းကောင်းကို ငါ စောင့်နေမယ်..."

ဝူဟောက်က လက်ကို ဝှေ့ယမ်းကာ နဂါးဧကရာဇ်ကို ထွက်သွားရန် အချက်ပြလိုက်သည်။ ထို့နောက် နဂါးဧကရာဇ်သည် ချင်းလုံ အင်မော်တယ် မဟာဧကရာဇ်နှင့် အခြားသူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားလေ၏။

ဝူဟောက်သည် ဤကိစ္စနှင့် ပတ်သက်၍ လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပေ။ အကယ်၍ နဂါးဧကရာဇ်သည် နဂါးတစ်သောင်းတောင်ကြား တစ်ခုလုံးကို အထက်ကမ္ဘာသို့ ခေါ်ဆောင်သွားနိုင်ခြင်း မရှိသရွေ့ သူ၏လက်ထဲမှ လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်ချေ။

နဂါးဧကရာဇ် ထွက်သွားပြီးနောက် ဝူဟောက်၏ဘေးတွင် ရပ်နေသော ဝူချီလုံ က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"သခင်... နဂါးတစ်သောင်းတောင်ကြားကို ရပြီးရင် ကျွန်တော့်ကို စွန့်ပစ်မှာတော့ မဟုတ်ပါဘူးနော်..."

ဝူချီလုံသည် သူ၏ လက်ရှိဘဝကို အလွန်ပင် ကျေနပ်အားရနေသူဖြစ်သည်။

'ဝူမိသားစုရဲ့ အစောင့်အရှောက်သားရဲ... ဒီသတင်းသာ ပျံ့သွားရင် ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလိုက်မလဲ…’

အကယ်၍ ဝူဟောက်သာ နဂါးတစ်သောင်းတောင်ကြားတစ်ခုလုံးကို သိမ်းပိုက်လိုက်ပါက သူသည်လည်း ဝူမိသားစု၏ အစောင့်အရှောက်သားရဲအဆင့်မှ သာမန်စီးတော်ယာဉ်အဆင့်သို့ လျော့ကျသွားမည်ကို သူ စိုးရိမ်နေမိသည်။

ဝူဟောက်သည် ဝူချီလုံ၏ စကားကို ကြားသောအခါ ခေတ္တမျှ စဉ်းစားသွားပြီးနောက် သူ၏ပခုံးကို ခပ်ဖွဖွပုတ်ကာ အားပေးစကား ဆိုလိုက်၏။

"ကြိုးစားပါဦး... မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နဂါးဧကရာဇ်ထက် သာလွန်သွားတဲ့နေ့ကျရင် မင်းက ငါတို့ ဝူမိသားစုရဲ့ အစောင့်အရှောက်သားရဲအဖြစ် ဆက်ပြီး ရှိနေဦးမှာပါ…”

All Chapters