← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃) ပထမဆုံးဇနီး၊ စုယောင်

ကျားရဲစစ်တပ်၏ ဗိုလ်ချုပ်ရှန့်ယွင်ချွမ်းသည် လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာ၏။

"အရာရှိနဲ့ စစ်သည်အပေါင်းတို့... ဧကရာဇ်ရဲ့ အမိန့်တော်ပြန်တမ်း ထွက်ပေါ်လာပြီ... ငါတို့ရဲ့ ကျားရဲစစ်တပ်ကို ဒီကနေ့မှာ ခွဲထုတ်တော့မယ်... တချို့က ကွမ်းနန်နယ်ခြားစောင့်တပ်ဆီ ပြောင်းရွှေ့ရမှာဖြစ်ပြီး တချို့ကတော့ ကွမ်းနန်ရဲ့ နေရာအသီးသီးမှာ အစောင့်တပ်တွေအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ရမယ်... ဒဏ်ရာရပြီး မသန်မစွမ်းဖြစ်သွားတဲ့ စစ်သည်တချို့ကိုတော့ စစ်မှုထမ်းဟောင်းအဖြစ် သတ်မှတ်ပြီး သူတို့ရဲ့ ဇာတိရွာတွေကို ပြန်လွှတ်ပေးမှာဖြစ်တယ်..."

"ငါတို့ ကျားရဲစစ်တပ်ကို တည်ထောင်ခဲ့တာ ဆယ်နှစ်ရှိပြီ... ရန်သူတွေကို အမြဲတမ်း တိုက်ထုတ်နိုင်ခဲ့ပြီး မရေမတွက်နိုင်တဲ့ အောင်ပွဲတွေကို ရယူနိုင်ခဲ့တယ်..."

"မင်းတို့ရဲ့ အဆင့်အတန်းတွေ ပြောင်းလဲသွားပြီးတဲ့နောက်မှာတောင် ကျားရဲစစ်တပ်ရဲ့ ဂုဏ်ကျက်သရေကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး မဟာချင်အတွက် ထူးချွန်ပြောင်မြောက်တဲ့ စစ်ရေးအောင်ပွဲတွေ ထပ်မံရယူပေးနိုင်လိမ့်မယ်လို့ ဒီဗိုလ်ချုပ်က မျှော်လင့်တယ်..."

ရှန့်ယွင်ချွမ်းက တည်ငြိမ်စွာဖြင့် မိန့်ခွန်းပြောကြားလိုက်၏။

"ကျားရဲ..."

"ကျားရဲ..."

"ကျားရဲ..."

စစ်သည်သုံးထောင်က သွေးဆူပွက်နေသော စိတ်အားထက်သန်မှုဖြင့် တစ်ခဲနက် ဟစ်ကြွေးလိုက်ကြသည်။

ရှန့်ယွင်ချွမ်းက လက်ကာပြလိုက်ကာ စစ်သည်များအားလုံးကို တိတ်တိတ်နေရန် အချက်ပြလိုက်၏။

"ဒီကနေ့မှာ ကျားရဲစစ်တပ်ကို ဖျက်သိမ်းလိုက်ပြီ... နန်းတော်က လူတိုင်းကို စွမ်းဆောင်ရည်ဆုကြေးငွေတွေ ခွဲဝေပေးလိမ့်မယ်... မင်းတို့ရဲ့ စစ်ရေးစွမ်းဆောင်မှုတွေအပေါ် မူတည်ပြီး တစ်ယောက်ချင်းစီက သတ်မှတ်ထားတဲ့ စွမ်းဆောင်ရည်ဆုကြေးငွေ ပမာဏကို ရရှိကြလိမ့်မယ်..."

"အခုချိန်ကစပြီး အရာရှိနဲ့ စစ်သည်အားလုံး သက်ဆိုင်ရာ တပ်စုမှူးတွေရဲ့ ဦးဆောင်မှုအောက်မှာ စွမ်းဆောင်ရည်ဆုကြေးငွေကို ထုတ်ယူကြရမယ်... ပြီးရင် အလှည့်ကျအတိုင်း ကိုယ့်ရဲ့ ဇနီးသည်တွေကို ရွေးချယ်ကြရမယ်..."

ရှန့်ယွင်ချွမ်းက နောက်ထပ်မူဝါဒတစ်ခုကို ကျယ်လောင်စွာ ကြေညာလိုက်၏။

စွမ်းဆောင်ရည်ဆုကြေးငွေဟု ခေါ်ဆိုသော ထိုအရာသည် နယ်ခြားစောင့်တပ်မှ စစ်သည်များအတွက် တကယ်တမ်းတွင် နေရာချထားရေးစရိတ်နှင့် မြေယာဖော်ထုတ်ရန်အတွက် ကနဦးအရင်းအနှီးပင် ဖြစ်သည်။

ကျောက်လင်သည် ရှန့်ယွင်ချွမ်း၏ စကားကို ကြားလိုက်ရသောအခါ ရင်ထဲတွင် သဘောပေါက် နားလည်သွား၏။

မည်သို့ပင်ဆိုစေ နယ်ခြားစောင့်တပ်သည် မြေရိုင်းတစ်ကွက်ကို ရရှိပြီးနောက်တွင် ပေါက်ပြားများနှင့် ထွန်တုံးများကို ရှာဖွေရမည်ဖြစ်ပြီး မျိုးစေ့အချို့ကိုလည်း ဝယ်ယူရမည်ဖြစ်သည်။ သီးနှံများ ရင့်မှည့်လာရန်အတွက် လပေါင်းများစွာ အချိန်ယူရမည်ဖြစ်ရာ ထိုကာလအတွင်း ကုန်ကျစရိတ်များကို နယ်ခြားစောင့်တပ်ကသာ ကိုယ်တိုင်တာဝန်ယူရမည် ဖြစ်သည်။

"သွားကြစို့... စွမ်းဆောင်ရည်ဆုကြေးငွေ သွားထုတ်ဖို့ ငါ့နောက်ကို လိုက်ခဲ့ကြ..."

"အိုး... အဲ့ဒီ ကျောက်လင်... မင်း စစ်တပ်ထဲဝင်လာတာ တစ်လတောင် မပြည့်သေးဘူး... စစ်မြေပြင်မှာလည်း နန်ယွဲ့စစ်သား တစ်ယောက်ကိုပဲ သတ်ခဲ့ရတာ..."

"ဒါကြောင့် ကျောက်လင်... အရမ်းကြီး မျှော်လင့်မနေနဲ့... မင်းရဲ့ စွမ်းဆောင်ရည်ဆုကြေးငွေက သိပ်များမှာ မဟုတ်ဘူး..."

ထိုအခိုက်တွင် တပ်သားငါးဆယ်နီးပါးကို ဦးဆောင်လာသော တပ်စုမှူးကျန်းဖုန်း ရောက်လာပြီး ကျောက်လင်အား လှောင်ပြောင်သော အပြုံးဖြင့် ကြည့်လိုက်၏။

နယ်ခြားစောင့်တပ်၏ ဖွဲ့စည်းပုံအရ လူဆယ်ယောက်လျှင် တပ်စိတ်တစ်စိတ်၊ တပ်စိတ်ငါးစိတ်လျှင် တပ်စုတစ်စု၊ တပ်စုခြောက်စုလျှင် တပ်ရင်းတစ်ရင်း၊ တပ်ရင်းသုံးရင်းလျှင် အစောင့်တပ်တစ်တပ်နှင့် အစောင့်တပ်လေးတပ်လျှင် မြို့စောင့်တပ်တစ်တပ်အဖြစ် ဖွဲ့စည်းထားသည်။

ကျောက်လင်၏ နယ်ခြားစောင့်တပ် မြေယာဖော်ထုတ်ရေးတပ်စုတွင် တပ်စုမှူးကျန်းဖုန်းကသာ ခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး ၎င်းတို့သည် ကွမ်းနန်စီရင်စု၊ လျန်ရှီးစီရင်စု၊ ယွီရွှေခရိုင်၊ မင်ချွမ်မြို့ရှိ ကျေးရွာအသီးသီးသို့ အတူတကွ သွားရောက်ကြရမည် ဖြစ်သည်။

"ကိစ္စမရှိပါဘူး..."

တပ်စုမှူးကျန်းဖုန်း၏ လေသံနှင့် အမူအရာအရ ၎င်းအပေါ် မကောင်းသော ရည်ရွယ်ချက်များ ရှိနေကြောင်းကို ကျောက်လင်လည်း ခံစားမိလိုက်သည်။

ကူးပြောင်းလာသူ တစ်ယောက်အနေဖြင့် ကျောက်လင်သည် ဤအခိုက်အတန့်တွင် တပ်စုမှူးကျန်းဖုန်းအပေါ် သတ်ဖြတ်လိုစိတ်များပင် ကိန်းအောင်းနေပြီ ဖြစ်၏။

စနစ်ကို ပိုင်ဆိုင်ထားသဖြင့် ကျောက်လင်က ယခုအချိန်တွင် ဇနီးတစ်ယောက်ကို အမြန်ဆုံး လက်ထပ်ပြီး စနစ်၏ ဆုလာဘ်များကို ရယူလိုရုံသာ ဖြစ်သည်။ ထိုအချိန်ရောက်လျှင် စနစ်မှရရှိသော ဆုလာဘ်များဖြင့် တပ်စုမှူးကျန်းဖုန်းအား ဖြေရှင်းရန် နည်းလမ်းရှိမရှိကို ကျောက်လင် အမှန်တကယ် သိချင်နေမိ၏။

"ကျောက်လင်... အဆင်ပြေပါတယ်... ငါက ရန်သူစစ်သား အများကြီးကို သတ်ခဲ့တော့ ငါ့ရဲ့ စွမ်းဆောင်ရည်ဆုကြေးငွေက များမှာပါ... မင်း ပိုက်ဆံလိုရင် ငါ ချေးပေးလို့ရတယ်..."

တပ်စုမှူးကျန်းဖုန်းက သူ၏တပ်သားများကို ဦးဆောင်၍ စစ်သုံးပစ္စည်းများထုတ်ပေးရာ ရုံးခန်းဆီသို့ သွားနေစဉ် ရှုံ့တကျွမ်းက ကျောက်လင်အနားသို့ တိုးကပ်လာကာ တီးတိုးပြောလိုက်သည်။

ကျောက်လင်က ခေါင်းညိတ်ပြလိုက်၏။

ဤအချိန်တွင် ကျောက်လင်အား ငွေချေးရန် ကမ်းလှမ်းလာခဲ့သည့် ရှုံ့တကျွမ်းမှာ ကျောက်လင်က သူ့အား သူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်းကိုပင် သတိမထားမိခဲ့ပေ။

ချမ်းသာပြည့်စုံနေချိန်တွင် ပေါင်းသင်းဆက်ဆံလိုသူ များပြားသော်လည်း အခက်အခဲကြုံနေချိန်တွင် ကူညီဖေးမလိုသူမှာ ရှားပါးလှသည်။ ယခုလေးတင် ပြောလိုက်သော ရှုံ့တကျွမ်း၏ စကားက သူ၏ စိတ်သဘောထားမှန်ကို ဖော်ပြနေပြီ ဖြစ်၏။

မကြာမီမှာပင် စစ်သည်သုံးထောင်သည် ၎င်းတို့၏ သက်ဆိုင်ရာ စွမ်းဆောင်ရည်ဆုကြေးငွေများကို အသီးသီး လက်ခံရရှိသွားကြသည်။

ကျောက်လင်မှာမူ ငွေတစ်ပြားသာ ရရှိခဲ့၏။

ငွေတစ်ပြားသည် ကြေးပြားတစ်ထောင် သို့မဟုတ် ငွေစတစ်ထောင်နှင့် ညီမျှသည်။

"ကျောက်လင်... ငါ့ရဲ့ စွမ်းဆောင်ရည်ဆုကြေးငွေနဲ့ လစာတွေ ပေါင်းလိုက်တော့ ငွေရှစ်ပြားတောင် ရခဲ့တယ်..."

ရှုံ့တကျွမ်းသည် စွမ်းဆောင်ရည်ဆုကြေးငွေများကို ရရှိပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ကျောက်လင်အနားသို့ ရောက်လာကာ လက်တစ်ဖက်လျှင် ငွေတုံးလေးတုံးစီ ကိုင်ထားရင်း ဝမ်းသာအားရ ကခုန်နေတော့သည်။

"သိမ်းထားလိုက်ပါ... မပျောက်စေနဲ့ဦး..."

ကျောက်လင်က ခပ်ဖွဖွ ပြုံးလိုက်၏။

ဤအခိုက်အတန့်တွင် ကျောက်လင်သည် ထိုငွေတစ်ပြားကို လက်ခံရရှိလိုက်သည်နှင့် သူ၏ အသိစိတ်က စနစ်မျက်နှာပြင်ဆီသို့ ရောက်သွားရာ အသိပေးစာတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။

"စနစ်မှ ပိုင်ရှင်ထံတွင် ငွေတစ်ပြား ရှိနေကြောင်း ထောက်လှမ်းတွေ့ရှိရပါသည်... ၎င်းကို စနစ်အမှတ်အဖြစ် ပြောင်းလဲလိုပါသလား..."

ကျောက်လင်သည် ခဏတာမျှ တည်ငြိမ်စွာ စဉ်းစားလိုက်ပြီး ချက်ချင်း သဘောမတူခဲ့ပေ။

မည်သို့ပင်ဆိုစေ သူ၏လက်ထဲရှိ ဤငွေတစ်ပြားကို အချိန်မရွေး စနစ်အမှတ်အဖြစ် ပြောင်းလဲနိုင်သောကြောင့် လောစရာ အကြောင်းမရှိပေ။

စစ်သည်သုံးထောင်သည် ၎င်းတို့၏ သက်ဆိုင်ရာ စွမ်းဆောင်ရည်ဆုကြေးငွေများကို ထုတ်ယူပြီးသည်နှင့် ၎င်းတို့၏ တပ်စုအစီအစဉ်အတိုင်း ဇနီးသည်များကို ချက်ချင်း စတင်ရွေးချယ်ကြတော့သည်။

"အရာရှိနဲ့ စစ်သည်အားလုံး... ဇနီးတစ်ယောက်ကို ရွေးချယ်ပြီးသွားရင် နောင်တရခွင့် မရှိဘူး..."

"ယွီရွှေခရိုင်ရုံးက အိမ်ထောင်စုမှူးက လူတွေကို ခေါ်လာခဲ့ပြီ... မင်းတို့ရဲ့ ဇနီးတွေကို ရွေးချယ်ပြီးတာနဲ့ အိမ်ထောင်စုစာရင်းတွေကို ဒီမှာပဲ မှတ်ပုံတင်ရမယ်... အခုကစပြီး မင်းတို့ဟာ ယွီရွှေနယ်ခြားစောင့်တပ်ရဲ့ တရားဝင် အိမ်ထောင်စုတွေ ဖြစ်သွားပြီ..."

ဗိုလ်ချုပ်ရှန့်ယွင်ချွမ်းက စစ်သည်များအားလုံး၏ ရှေ့တွင် ထပ်မံကြေညာလိုက်ပြန်သည်။

အထက်မှ ညွှန်ကြားချက်များအရ ကျားရဲစစ်တပ်ကို ဖျက်သိမ်းပြီးနောက် လူနှစ်ထောင်ကို ယွီရွှေခရိုင် နယ်ခြားစောင့်တပ်သို့ ပြောင်းရွှေ့ပေးရမည်ဖြစ်ပြီး ယွီရွှေခရိုင်အတွင်းရှိ ကျေးရွာအသီးသီးသို့ ဖြန့်ခွဲနေရာချထားပေးရမည် ဖြစ်သည်။

သဘာဝကျစွာပင် နယ်ခြားစောင့်တပ်နှင့် ၎င်းတို့၏ ဇနီးများသည် ယွီရွှေခရိုင်ရုံးတွင် အိမ်ထောင်စုစာရင်း မှတ်ပုံတင်ကြရမည် ဖြစ်၏။

အမျိုးသမီးများကို စစ်သည်များက တစ်ယောက်ပြီးတစ်ယောက် ရွေးချယ်သွားကြသည်။

အရှေ့မှ စစ်သည်များက သူတို့ကို ခေါ်သွားမည်ကို စိုးရိမ်သဖြင့် ကျောက်လင်သည် စုယောင်နှင့် ရှန်ချန်းရွှယ်တို့အပေါ်မှ အကြည့်ကို မခွာခဲ့ပေ။

သို့သော်လည်း စုယောင်၏ အဖြူရောင်ဆံပင်မှာ ရှေးခေတ် သာမန်လူများ၏ အမြင်တွင် ကံဆိုးခြင်း၏ နိမိတ်လက္ခဏာတစ်ခု ဖြစ်နေ၏။ စောစောပိုင်းက ဇနီးများကို ရွေးချယ်နေခဲ့ကြသည့် စစ်သည်များသည် စုယောင်၏ အဖြူရောင်ဆံပင်နှင့် ခံစားချက်မဲ့နေသော အမူအရာကို မြင်သောအခါ အားလုံးက သူမကို လျင်မြန်စွာ ကျော်သွားခဲ့ကြသည်။

ရှန်ချန်းရွှယ်၏ အမာရွတ်များဖြင့် ဖုံးလွှမ်းနေသော မျက်နှာနှင့်ပတ်သက်၍မူ သူမနှင့် အကြည့်ချင်းဆုံမိသော စစ်သည်များအားလုံးသည် ကပ်ရောဂါတစ်ခုကို မြင်လိုက်ရသကဲ့သို့ ထွက်ပြေးသွားကြပြီး သူမကို ရွေးချယ်ရန် မည်သူမှ သတ္တိမရှိခဲ့ကြပေ။

"ကျစ်... အရှေ့က ကောင်တွေ တကယ် ရွံစရာကောင်းတာပဲ... သန်သန်မာမာနဲ့ တောင့်တောင့်တင်းတင်း ရှိတဲ့သူတွေ အကုန်လုံးကို ရွေးသွားကြပြီ..."

ကျောက်လင်၏ ဘေးတွင် ရပ်နေသော ရှုံ့တကျွမ်းမှာ အရှေ့မှ စစ်သည်များက သူ အကောင်းဆုံးဟု ယူဆထားသည့် အမျိုးသမီးများအားလုံးကို ရွေးချယ်သွားကြသည်ကို ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသဖြင့် လက်သီးများကို ထပ်ခါတလဲလဲ ဆုပ်ကာ မရပ်မနား ကျိန်ဆဲနေတော့သည်။

ကျောက်လင်က ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။

စစ်သည်တပ်စု တစ်စုပြီးတစ်စု ၎င်းတို့၏ ဇနီးသည်များကို ရွေးချယ်ခဲ့ကြသည်။

နောက်ဆုံးတွင် နောက်ဆုံးတပ်စု၏ အလှည့်သို့ ရောက်လာ၏။

"ညီအစ်ကိုတို့... သွားကြစို့... ငါတို့ရဲ့ ဇနီးသည်တွေကို ရွေးချယ်ရမယ့် အချိန်ရောက်ပြီ..."

တပ်စုမှူးကျန်းဖုန်းက အမိန့်ပေးလိုက်သည်။

ကျောက်လင်နှင့် အခြားလူငါးဆယ်တို့သည် ကျန်ရစ်နေသော အမျိုးသမီးအုပ်စုဆီသို့ ချက်ချင်း လျှောက်သွားလိုက်ကြ၏။

ရွေးချယ်မခံရသေးသော အမျိုးသမီး တစ်ထောင်ခန့် ကျန်ရှိနေသေးသည်။

ဤစစ်သည် ငါးဆယ်သာ ဇနီးသည်များကို မရွေးချယ်ရသေးကြောင်း မြင်လိုက်ရသောအခါ သူမတို့၏ မျက်လုံးများမှာ စိုးရိမ်ထိတ်လန့်သွားကြသည်။ အကယ်၍ သူမတို့သာ ရွေးချယ်မခံရပါက ပြည့်တန်ဆာအိမ်များသို့ ရောင်းစားခံရမည် သို့မဟုတ် မိုင်းတွင်းများတွင် ကြမ်းတမ်းသော အလုပ်များကို အတင်းအကျပ် လုပ်ခိုင်းခံရမည်ဖြစ်ပြီး သူမတို့၏ အနာဂတ်ဘဝများမှာ အလွန်တရာ ဆင်းရဲဒုက္ခရောက်ရမည် ဖြစ်သောကြောင့်ပင်။

မူလက ခံစားချက်မဲ့နေသော အမူအရာများရှိနေသည့် စုယောင်နှင့် ရှန်ချန်းရွှယ်တို့ပင်လျှင် ဤနောက်ဆုံး စစ်သည်ငါးဆယ် ချဉ်းကပ်လာသည်ကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားကြ၏။

ဤအခိုက်အတန့်တွင် ကျောက်လင်က စုယောင်၏ အရှေ့သို့ တိုက်ရိုက် ပြေးသွားလိုက်သည်။

"မင်း... ငါနဲ့ လိုက်ခဲ့..."

ကျောက်လင်က ခပ်ဖွဖွ ပြောလိုက်၏။

စုယောင်၏ မျက်လုံးများ ပြူးကျယ်သွားကာ အတော်လေး အံ့အားသင့်သွားသည်။

"ကျောက်လင်... မလုပ်ပါနဲ့... သူမရဲ့ အဖြူရောင်ဆံပင်က အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတစ်ခုဆိုတာ ရှင်းနေတာပဲ... သူမကို လက်ထပ်လိုက်ရင် မင်းအတွက် အမြတ်ထက် အရှုံးက ပိုများလိမ့်မယ်..."

ကျောက်လင်၏နောက်မှ လိုက်လာသော ရှုံ့တကျွမ်းသည်လည်း ကျောက်လင်၏ ရွေးချယ်မှုကြောင့် အံ့အားသင့်သွားပြီး တားဆီးရန် ချက်ချင်း ဝင်ပြောလိုက်၏။

ကျောက်လင်က ခပ်ဖွဖွ ပြုံး၍ ခေါင်းခါလိုက်ကာ စုယောင်၏ လက်လေးကို တိုက်ရိုက်ဆွဲကိုင်ရင်း အိမ်ထောင်စုစာရင်း မှတ်ပုံတင်ရာ စားပွဲဆီသို့ လျှောက်သွားလိုက်သည်။

သူက ဇနီးတစ်ယောက်ကိုသာ ရွေးချယ်ခွင့်ရှိသဖြင့် ကျောက်လင်အတွက် အခြားရွေးချယ်စရာ မရှိပေ။ ထို့ပြင် သူက ရှန်ချန်းရွှယ်၏ အမာရွတ်များဖြင့် ဖုံးလွှမ်းနေသော မျက်နှာကိုလည်း ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ချေ။

တပ်စုမှူးကျန်းဖုန်းသည် သူ၏ လက်အောက်ငယ်သားများ ဇနီးသည် ရွေးချယ်နေသည်ကို ကြည့်နေရင်း သူ၏ အကြည့်များက ကျောက်လင်၏ လှုပ်ရှားမှုများအပေါ်၌ အစဉ်မပြတ် ရှိနေခဲ့၏။

ကျောက်လင်က စုယောင်ကို ရွေးချယ်လိုက်သည်ကို မြင်သောအခါ တပ်စုမှူးကျန်းဖုန်း၏ နှုတ်ခမ်းထောင့်တွင် အကြောင်းပြချက်မရှိဘဲ မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ပေါ်လာသည်။

ထို့နောက် တပ်စုမှူးကျန်းဖုန်းက လှည့်ထွက်သွားပြီး စခန်းအတွင်းရှိ တဲတစ်လုံးဆီသို့ ရောက်လာ၏။

"သခင်ကျောက်... အဲ့ဒီကောင် ကျောက်လင်က အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နေတဲ့ မိန်းမတစ်ယောက်ကို ရွေးလိုက်တယ်..."

တပ်စုမှူးကျန်းဖုန်း ဝင်လာသည်နှင့် လေးစားစွာဖြင့် သတင်းပို့လိုက်သည်။

"ကောင်းပြီ... ငါ့အတွက် ကျောက်လင်ကို မျက်ခြည်မပြတ် စောင့်ကြည့်ထားစမ်း... ဟိုတစ်နေ့က မင်း မြားနဲ့ပစ်ပြီး ကျောက်လင်ကို သတ်ဖို့ ကျရှုံးခဲ့ပေမယ့် မင်းကို တစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်..."

"ကျောက်လင် မြေယာဖော်ထုတ်ဖို့ ထင်းရှူးနက်ကျေးရွာကို သွားတဲ့အခါ သူ့ကို နှိပ်စက်ဖို့ အခွင့်အရေးရှာရမယ်... ဖြစ်နိုင်ရင် သူ့ကို သတ်လိုက်..."

တဲအတွင်းတွင် အတော်လေး ငယ်ရွယ်သော လူငယ်တစ်ယောက် ထိုင်နေသော်လည်း သူ၏ စစ်ဝတ်စုံက သူသည် ဤကျားရဲစစ်တပ်၏ တပ်ရင်းမှူးဟောင်း တစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေ၏။

အကယ်၍ ကျောက်လင်သာ ဤနေရာတွင် ရှိနေမည်ဆိုပါက ထိုသူမှာ မူလခန္ဓာကိုယ်ပိုင်ရှင်၏ ရွာသားတစ်ဦးဖြစ်သူ ကျောက်ဟယ်ရွှမ်းမှန်း မှတ်မိနေမည် ဖြစ်သည်။

အခန်း (၄) ရှန်ချန်းရွှယ်ကို နောက်တစ်ကြိမ်လက်ထပ်ရန် ငွေချေးခြင်း

ရှန်ချန်းရွှယ်၏ မျက်လုံးများက လွတ်ဟာနေပြီး ကောင်းကင်ယံသို့ ငေးမောကြည့်နေ၏။

"ငါ အရွေးမခံရဘူးပေါ့..."

"ငါ ပြည့်တန်ဆာအိမ်ကို အရောင်းခံရတော့မှာလား..."

"ငါ့ရဲ့ သက်တော်စောင့်တွေအကုန် သေကုန်ပြီ... ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် မျက်နှာကို မြက်ပုပ်ရည်တွေနဲ့ လိမ်းကျံပြီး ဘယ်သူမှ မျက်စိမကျအောင် တမင် အရုပ်ဆိုးအောင် လုပ်ထားခဲ့တာ..."

"အခု ကျားရဲစစ်တပ်က စစ်သားတွေ ဇနီးရွေးချယ်တဲ့အခါ ငါ့မျက်နှာကို တစ်ယောက်မှတောင် ရဲရဲမကြည့်ရဲဘူးလို့ ဘယ်သူက ထင်မှာလဲ... အဲ့တာက ငါ့အတွက်တော့ တလွဲဖြစ်သွားခဲ့ပြီ..."

ရှန်ချန်းရွှယ်က သူမ၏ ကံကြမ္မာကို လက်ခံရန် အလွန်ပင် ငြင်းဆန်ချင်နေပြီး အထီးကျန်ဆန်မှုကို ခံစားနေရသည်။

တစ်ချိန်တည်းမှာပင် အရွေးမခံရသော အမျိုးသမီး တစ်ထောင်မှာလည်း ငိုကြွေးနေကြရာ သနားစရာ မြင်ကွင်းတစ်ခု ဖြစ်နေ၏။

ဗိုလ်ချုပ် ရှန့်ယွင်ချွမ်းက နယ်ခြားစောင့်တပ်၏ နောက်ဆုံးအဖွဲ့ အိမ်ထောင်စုစာရင်းသွင်းခြင်း ပြီးစီးသွားသည်ကို မြင်လိုက်သည်။ သူက အိမ်ထောင်စုမှူးနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး ခေါင်းကို အသာအယာ ညိတ်ပြလိုက်၏။

"နယ်ခြားစောင့်တပ်က စစ်သားတွေအကုန်လုံး နားထောင်ကြ..."

ရှန့်ယွင်ချွမ်းက အေးစက်စွာ အော်ဟစ်လိုက်၏။

"ကျားရဲ..."

"ကျားရဲ…”

"ကျားရဲ..."

အဆင့်အတန်း ပြောင်းလဲသွားခဲ့သော နယ်ခြားစောင့်တပ်မှာ ကျားရဲစစ်တပ်၏ ကြွေးကြော်သံကို အော်ဟစ်နေကြဆဲ ဖြစ်သည်။

"ကွင်းထဲမှာ အမျိုးသမီးတစ်ထောင် ကျန်နေသေးတယ်... ယွီရွှေခရိုင် အစိုးရအဖွဲ့နဲ့ ငါ တိုင်ပင်ပြီးပြီ... ဒီအမျိုးသမီး တစ်ထောင်ကို တစ်ယောက် ငွေသုံးပြားနဲ့ ခေါ်သွားလို့ရမယ်..."

"ငွေနဲ့ လူလဲလှယ်ဖို့ မင်းတို့ကို အချိန်တစ်ခုပဲ ပေးမယ်..."

ရှန့်ယွင်ချွမ်းက ယုံကြည်မှုအပြည့်ဖြင့် ကြေညာလိုက်၏။

ထိုစကားများကို ကြားလိုက်ရသည်နှင့် ကျောက်လင်က ရုတ်တရက် လှည့်ကြည့်လိုက်သည်။

ဤမျှ ကောင်းမွန်သော အရာမျိုး ရှိသည်လား။

ရှန်ချန်းရွှယ်၏ မျက်နှာက အမာရွတ်များဖြင့် ပျက်စီးနေသော်လည်း စနစ်က သူမအား အဆင့်အေ ဇနီးတစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းမှာ သေချာပေါက် အကြောင်းပြချက် တစ်ခုခု ရှိနေမည် ဖြစ်သည်။

"ဘာ... ဒီလိုမျိုးတောင် လုပ်လို့ရတာလား..."

"ယွီရွှေခရိုင် အစိုးရဘဏ္ဍာတိုက်က ငွေကြေးပြတ်လပ်နေလို့ ဒီနေရာမှာ လူလာရောင်းနေတာလား..."

"မြေယာဖော်ထုတ်ဖို့ ပစ္စည်းတွေ အများကြီး ဝယ်ရဦးမယ်... ပြီးတော့ ငါ ဇနီးတစ်ယောက် ရထားပြီးပြီ... လူနှစ်ယောက်ကို ထောက်ပံ့ဖို့တောင် တော်တော် ခက်ခဲနေပြီဆိုတော့ နောက်ထပ် ဇနီးတစ်ယောက် ယူဖို့ ဘယ်ဝံ့ရဲပါ့မလဲ..."

"ဒီကျန်နေတဲ့ အမျိုးသမီး တစ်ထောင်က အရိုးနဲ့ အရေပဲ ကျန်တော့တာ... ရက်အကြာကြီးလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး... ဘယ်အရူးက ငွေသုံးပြား အကုန်ခံပြီး သူတို့ကို ဝယ်မှာလဲ..."

"..."

ရှန့်ယွင်ချွမ်း စကားပြောအပြီးတွင် စစ်သားများက မှတ်ချက်မပေးဘဲ မနေနိုင်ကြချေ။

လူအများစု၏ အမြင်မှာ ငွေသုံးပြား အကုန်ခံ၍ မိန်းမတစ်ယောက် ဝယ်ခြင်းမှာ မတန်ဟုပင် ဖြစ်သည်။

အဓိက အကြောင်းရင်းမှာ ဤစစ်သားများက မကြာမီ မြေယာဖော်ထုတ်ရန် ကျေးရွာအသီးသီးသို့ လူစုခွဲရတော့မည်ဖြစ်ပြီး သူတို့၏ အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို မသိကြသောကြောင့် ဖြစ်သည်။ သူတို့ တစ်ဦးစီက နောင်တစ်ချိန် လိုအပ်လာပါက သုံးနိုင်ရန် သူတို့၏ ငွေအိတ်ကိုသာ ကာကွယ်ချင်ကြ၏။

"ဝက်ဝံကြီး... ငါ့ကို ငွေသုံးပြားလောက် ချေးပါလား..."

ကျောက်လင်က ချက်ချင်း တုံ့ပြန်လိုက်ပြီး ရှုံ့တကျွမ်း၏ ပခုံးကို ဖမ်းကိုင်လိုက်သည်။

"အာ... ကျောက်လင်... မင်း နောက်ထပ် ဇနီးတစ်ယောက် ထပ်ယူချင်လို့လား..."

ရှုံ့တကျွမ်းက အနည်းငယ် ရိုးအသော်လည်း သူက အရူးတစ်ယောက်မဟုတ်ဘဲ ကျောက်လင် အကြံအစည်ကို ချက်ချင်း နားလည်သွား၏။

ကျောက်လင်က ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ... ရော့..."

ရှုံ့တကျွမ်းက ချက်ချင်း သဘောတူလိုက်၏။

အစောပိုင်းက ကျောက်လင် ငွေချေးသရွေ့ သူက သေချာပေါက် ထောက်ပံ့ပေးမည်ဟု ရှုံ့တကျွမ်းက ပြောခဲ့ဖူးသည်။

ကျောက်လင် နောက်ထပ် ဇနီးတစ်ယောက်ကို အမှန်တကယ် လက်ထပ်လိုသည့် ဆုံးဖြတ်ချက်အား မြင်လိုက်ရသောအခါ ရှုံ့တကျွမ်းက မည်သို့မျှ သံသယမဝင်တော့ဘဲ ငွေသုံးပြားကို အသင့်ထုတ်ကာ ကျောက်လင်၏လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်၏။

"ညီအစ်ကိုကောင်း... ကျေးဇူးပဲ..."

ကျောက်လင်က ပြုံး၍ ပြောလိုက်ကာ ငွေကို ယူပြီး ပြေးသွားလေသည်။

"ဘာ..."

"ဒီကောင်လေးက မိန်းမတစ်ယောက်ဝယ်ဖို့ကို ငွေသုံးပြားတောင် အကုန်ခံရက်တယ်ပေါ့..."

"မဖြစ်နိုင်တာ... တကယ် သတ္တိရှိတဲ့ကောင် ထွက်လာပြီ..."

"ဒီကောင်တော့ ဆာလောင်လွန်းလို့ ရူးသွားတာပဲ ဖြစ်ရမယ်... အလကားရတဲ့ မိန်းမကိုတောင် အားမရဘဲ နောက်တစ်ယောက်ကိုတောင် ဝယ်ချင်နေသေးတယ်..."

စစ်သားများအားလုံးက ကျောက်လင် အမျိုးသမီး တစ်ထောင်ရှိရာသို့ အပြေးအလွှား သွားနေသည်ကို မြင်လိုက်ရပြီး ချက်ချင်းပင် ဆူညံသော ဆွေးနွေးသံများ ထွက်ပေါ်လာ၏။

ထိုအခိုက်တွင် ကျောက်လင်က ရှန်ချန်းရွှယ်၏ ရှေ့၌ ရပ်လိုက်သည်။

"အဟွတ်... အဟွတ်..."

ရှန်ချန်းရွှယ်က ကျောက်လင်ကို အလွန်အမင်း အံ့ဩတကြီး ကြည့်လိုက်မိပြီး အလောတကြီးဖြင့် ထပ်မံ၍ အပြင်းအထန် ချောင်းဆိုးလိုက်ပြန်၏။

"မင်း... ငါနဲ့ လိုက်ခဲ့..."

ကျောက်လင်က အတော်လေး ဩဇာပါပါဖြင့် ပြောလိုက်သည်။

ချက်ချင်းပင် ရှန်ချန်းရွှယ် ငြင်းဆန်မည့်အရေးကို မစောင့်တော့ဘဲ ကျောက်လင်က သူမ၏ လက်ကို ဆွဲကာ အိမ်ထောင်စုမှူးရှိရာသို့ လျှောက်သွားလေ၏။

"ဘာလို့လဲ..."

ရှန်ချန်းရွှယ်က မြန်မြန်ဆန်ဆန်ပင် တည်ငြိမ်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

"မင်း သတ္တုတွင်းမှာ ပြင်းထန်တဲ့ အလုပ်ကြမ်းတွေလုပ်ဖို့ အရောင်းခံရမှာကို ငါ ကြည့်မနေရက်လို့ပါ..."

ကျောက်လင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။

သူ စကားပြောပြီးနောက် သူတို့နှစ်ဦးမှာ အိမ်ထောင်စုမှူးထံသို့ ရောက်ရှိသွားကြပြီး ကျောက်လင်က သူ ယခုလေးတင် ရရှိထားသော အိမ်ထောင်စုစာရင်းကို ထုတ်ယူလိုက်သည်။

“အကြီးအကဲ... သူမကို ကျွန်တော် ယူမယ်... ကျွန်တော့်ရဲ့ အိမ်ထောင်စုစာရင်းထဲမှာ သူမကို စာရင်းသွင်းပေးပါ..."

ကျောက်လင်က ငွေသုံးပြားကို တိုက်ရိုက် ကမ်းပေးလိုက်၏။

"ခွင့်ပြုတယ်..."

အိမ်ထောင်စုမှူးက အလွန်ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။

လက်ရှိတွင် ယွီရွှေခရိုင် အစိုးရဘဏ္ဍာတိုက်မှာ ကျပ်တည်းနေ၏။ မည်သို့ပင်ဖြစ်စေ မဟာချင်မင်းဆက်ကို တည်ထောင်ခဲ့သည်မှာ တစ်နှစ်သာ ရှိသေးပြီး ယွီရွှေခရိုင်က နန်ယွဲ့တိုင်းပြည်နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည်။ မဟာချင်စစ်တပ်နှင့် နန်ယွဲ့တိုင်းပြည်၏ စစ်တပ်တို့က နယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားနေခဲ့ရာ ယွီရွှေခရိုင်အတွင်း ကမောက်ကမဖြစ်မှုများနှင့် ဆင်းရဲမွဲတေမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ခရိုင်အစိုးရမှာ သဘာဝကျကျပင် ဆင်းရဲနွမ်းပါးနေလေသည်။

ဤကျန်ရစ်နေသော အမျိုးသမီး တစ်ထောင်မှာ မူလက ခရိုင်ဝန်၏ အကြံအစည်သာဖြစ်ပြီး သူက နယ်ခြားစောင့်တပ်၏ စွမ်းဆောင်ရည်ဆုကြေးငွေအပေါ် မျက်စိကျနေကာ ဤအမျိုးသမီး တစ်ထောင်ကို နယ်ခြားစောင့်တပ်ထံ ရောင်းချရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ဤအမျိုးသမီးတစ်ထောင်၏ ကံကြမ္မာနှင့် ပတ်သက်၍မူ ခရိုင်ဝန်က ဂရုမစိုက်ပေ။

ရှန်ချန်းရွှယ်က ကျောက်လင်ကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ နာမည်ကို ပြောပြလိုက်၏။ ရုံးလုလင်က ရှန်ချန်းရွှယ်၏ နာမည်ကို ကျောက်လင်၏ အိမ်ထောင်စုစာရင်းထဲသို့ ချက်ချင်း ထည့်သွင်းပေးလိုက်သည်။

ဤသို့ဖြင့် ရှန်ချန်းရွှယ်မှာ ကျောက်လင်၏ တရားဝင်ဇနီး ဖြစ်လာလေ၏။

ကျောက်လင်က ရှန်ချန်းရွှယ်ကို စုယောင်၏ အနီးသို့ ခေါ်ဆောင်သွားသည်။

"ယောက်ျား... ညီမလေး..."

စုယောင်က ညင်သာစွာ နှုတ်ဆက်လိုက်၏။ သူမက မည်သို့များ ကန့်ကွက်နိုင်မည်နည်း။ ရှန်ချန်းရွှယ်ကို သူမက တည်ငြိမ်စွာပင် လက်ခံလိုက်သည်။

ကျောက်လင်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်၏။

ဤအခိုက်တွင် ကျောက်လင်က စိတ်အာရုံက စနစ်မျက်နှာပြင်ကို ကြည့်နေသည်။

"စုယောင်နဲ့ ရှန်ချန်းရွှယ်ဆိုတဲ့ ဇနီးနှစ်ယောက်ကို လက်ထပ်လိုက်တဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါတယ်... စနစ်ဈေးဆိုင်ကို အခု ဖွင့်လှစ်လိုက်ပါပြီ..."

"လက်ခံသူမှာ ဇနီးနှစ်ယောက်သာရှိတဲ့အတွက် တစ်နေ့ကို အများဆုံး ကုန်ပစ္စည်း နှစ်မျိုးပဲ ဝယ်ယူနိုင်ပါမယ်..."

ဤသည်မှာ ကျောက်လင်၏ စိတ်အာရုံမှ မြင်လိုက်ရသော သတင်းစကား ဖြစ်၏။

မကြာမီပင် စနစ်ဈေးဆိုင်မှ နေ့စဉ် ဝယ်ယူနိုင်သော ကုန်ပစ္စည်း အမျိုးအစား အရေအတွက်မှာ ဇနီးအရေအတွက်နှင့် ဆက်စပ်နေကြောင်း ကျောက်လင် နားလည်သွားသည်။

လက်ရှိတွင် ဇနီးနှစ်ယောက်သာ ရှိသောကြောင့် တစ်နေ့လျှင် အများဆုံး ကုန်ပစ္စည်း နှစ်မျိုးသာ ဝယ်ယူနိုင်မည် ဖြစ်၏။

အကယ်၍ နောင်တွင် ဇနီးများ ထပ်မံ လက်ထပ်ပါက နေ့စဉ် ဝယ်ယူနိုင်မည့် ပမာဏမှာလည်း အချိုးကျ တိုးလာမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် စနစ်မျက်နှာပြင် ပြောင်းလဲသွားပြီး ဈေးဆိုင်ရွေးချယ်စရာ ပေါ်လာသည်ကိုလည်း ကျောက်လင်၏ စိတ်အာရုံက မြင်လိုက်ရ၏။

ထို့ကြောင့် ကျောက်လင်၏ စိတ်အာရုံက ဈေးဆိုင်ကို နှိပ်လိုက်ရာ ဈေးဆိုင်မျက်နှာပြင်ကို ချက်ချင်း မြင်လိုက်ရသည်။

"ဆန်ကြမ်း တစ်ရှီ - အမှတ် ၈၀၀..."

"ဆားနု တစ်ကျင်း - အမှတ် ၁၂၀၀..."

"လက်လုပ် သံဒယ်အိုး - အမှတ် ၁၀၀၀..."

"မြည်းလှည်း တစ်စီး - အမှတ် ၁၅၀၀၀..."

"ကွင်း‌‌ပါဓား - အမှတ် ၈၀၀၀..."

"ဦးချိုလေး - အမှတ် ၂၅၀၀၀..."

ပစ္စည်းအစစ်အမှန်များနှင့် ဈေးနှုန်း ရှင်းလင်းစွာ ဖော်ပြထားသော ကုန်ပစ္စည်း အမျိုးအစားစုံလင်စွာ ရှိနေသည်။

ငွေတစ်ပြား = ကြေးပြား ၁၀၀၀ = အမှတ် ၁၀၀၀ ဖြစ်၏။

၎င်းက ကြေးပြားတစ်ပြားသည် အမှတ်တစ်မှတ်နှင့် ညီမျှကြောင်း အဓိပ္ပါယ်ရသည်။

ယခုတော့ ကျောက်လင်က ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီ ဖြစ်၏။

လက်ရှိတွင် ကျောက်လင်၏လက်ထဲ၌ ငွေတစ်ပြား ရှိသည်။ အကယ်၍ စနစ်နှင့် လဲလှယ်ပါက အမှတ် ၁၀၀၀ ရရှိနိုင်မည် ဖြစ်သည်။

ဆန်ကြမ်း တစ်ရှီဝယ်ရန် အတိအကျ လုံလောက်၏။

တစ်ရှီဆိုသည်မှာ ကျင်းတစ်ရာ ဖြစ်သည်။

ကျောက်လင်၏ စိတ်အာရုံက စနစ်မျက်နှာပြင်ကို ကြည့်နေစဉ်မှာပင် တပ်စုမှူး ကျန်းဖုန်းက ကျောက်ဟယ်ရွှမ်းထံ သတင်းပို့ပြီးနောက် တပ်စခန်းတဲမှ လေ့ကျင့်ရေးကွင်းဆီသို့ ပြန်ရောက်လာသည်။

ချက်ချင်းပင် ကျောက်လင်က ဒုတိယဇနီးကို လက်ထပ်ရန် ငွေသုံးပြား အမှန်တကယ် သုံးစွဲခဲ့ကြောင်း တပ်စုမှူး ကျန်းဖုန်း သိရှိသွား၏။

"ဟီးဟီး... ကျောက်လင်က သေလမ်းကို တကယ် ရှာနေတာပဲ..."

"နှုတ်ဆက်ပွဲပြီးရင် မင်းတို့အားလုံးကို မင်ချွမ်မြို့က ထင်းရှူးနက်ကျေးရွာဆီကို ငါ ခေါ်သွားမယ်... မနက်ဖြန် မြေယာအရာရှိက စစ်တပ်ပိုင်မြေကို ခွဲဝေပေးတဲ့အခါ ကျောက်လင်... မင်းရဲ့ စစ်တပ်ပိုင်မြေကို အသီးအနှံမဖြစ်ထွန်းတဲ့ ဝေးလံခေါင်သီတဲ့ နေရာမှာ ချထားပေးဖို့ ငါ လုပ်မယ်..."

"ကျောက်လင်... မင်းဆီမှာရှိတဲ့ ငွေတစ်ပြားနဲ့ မြေယာဖော်ထုတ်ရေးကို ဘယ်လိုစလုပ်မလဲ၊ ပြီးတော့ ရှုံ့တကျွမ်းရဲ့ ငွေသုံးပြားကို ဘယ်လိုပြန်ဆပ်မလဲဆိုတာ ငါတို့ စောင့်ကြည့်ကြတာပေါ့..."

တပ်စုမှူး ကျန်းဖုန်းက ကျောက်လင်ကို မလိုမုန်းထားသော အကြည့်ဖြင့် ကြည့်လိုက်၏။

All Chapters