← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅) တပ်ဖျက်သိမ်းခြင်းနှင့် ထင်းရှူးနက်ကျေးရွာသို့ ထွက်ခွာခြင်း

ကျောက်လင်ကဲ့သို့ပင် အခြားသော အရာရှိနှင့် စစ်သား သုံးရာကျော်တို့သည်လည်း ဒုတိယမြောက် ဇနီးတစ်ဦးကို လက်ထပ်ရန်အတွက် ငွေသုံးပြားစီ သုံးစွဲခဲ့ကြ၏။

ခရိုင်ရုံးတော်သည် ငွေပြားတစ်ထောင်တိတိကို တိုက်ရိုက် လက်ခံရရှိခဲ့သည်။

ဤနှစ်အတွက် ယွီရွှေခရိုင်ရုံးတော်ရှိ အမှုထမ်းအသီးသီး၏ လစာစရိတ်များမှာ ပြေလည်သွားခဲ့ပြီ ဖြစ်၏။

ရှန့်ယွင်ချွမ်းက လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်ပြီး အိမ်ထောင်စုမှူးနှင့် သူ၏ အခြွေအရံများကို လိုက်လံ ပို့ဆောင်နှုတ်ဆက်လိုက်သည်။

ထိုအချိန်တွင် ရှန့်ယွင်ချွမ်းက သူ၏ လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်၏။

"အရာရှိနဲ့ စစ်သည်ညီနောင်တို့... ငါတို့တွေ အရှင်မင်းမြတ်ရဲ့ အမိန့်တော်အတိုင်း တောင်မြောက်အနှံ့ တိုက်ပွဲဝင်ခဲ့ကြပြီး နှစ်ပေါင်းများစွာ အတူတူ သွေးသွန်းခံခဲ့ကြတယ်..."

"ရဲဘော်ရဲဘက်တွေကြားက သံယောဇဉ်ဆိုတာ သွေးနဲ့ ရင်းပြီး တည်ဆောက်ထားတာပဲ..."

"ဒီစစ်သူကြီးက ညီနောင်တွေအားလုံး ရှေ့ဆက်ရမယ့် ခရီးလမ်းမှာလည်း စိတ်တူကိုယ်တူနဲ့ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီကြဖို့ မျှော်လင့်ပါတယ်..."

"နှုတ်ဆက်ပွဲတော်ကို စတင်လိုက်ကြစို့..."

ထိုသို့ ပြောဆိုပြီးနောက် ပုံမှန်အားဖြင့် ပြတ်သားရဲရင့်လေ့ရှိသော ရှန့်ယွင်ချွမ်းသည် တကယ်ပင် မျက်ရည်ကျလာခဲ့၏။

တစ်ချိန်တည်းမှာပင် တပ်စခန်းအတွင်းရှိ စားဖိုဆောင်အဖွဲ့သည် မီးမွှေးခြင်း၊ ထမင်းချက်ခြင်းနှင့် ဒယ်အိုးကြီးများဖြင့် ဟင်းလျာများ ကြော်လှော်ခြင်းတို့ဖြင့် အလုပ်များနေကြပြီဖြစ်ကာ ပူပြင်းသော အခိုးအငွေ့များဖြင့် စည်ကားနေသည့် မြင်ကွင်းတစ်ခုကို ဖန်တီးနေကြသည်။

ရှန့်ယွင်ချွမ်း စကားပြောနေစဉ် လေးလံနေသော စိတ်နှလုံးများဖြင့် အရာရှိနှင့် စစ်သား သုံးထောင်တို့သည် ၎င်းတို့၏ ပန်းကန်များနှင့် တူများကို အသီးသီးယူကာ အစားအသောက်အတွက် တန်းစီလိုက်ကြ၏။

အရာရှိများနှင့် စစ်သားအသီးသီး၏ လက်ထပ်ကာစ ဇနီးသည်များကလည်း နှုတ်ဆက်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။

အချိန်ကြာမြင့်စွာ ဆာလောင်နေခဲ့သည်မှာ သိသာထင်ရှားသော ဤအမျိုးသမီးများသည် အစားအသောက်များကို အငမ်းမရ စားသောက်ကာ မြိုချနေကြ၏။

စုယောင်နှင့် ရှန်ချန်းရွှယ်တို့လည်း ထူးမခြားနားပေ။ ကျောက်လင်၏ စောင့်ကြည့်နေမှုအောက်တွင် သူတို့သည် ကျားရဲစစ်တပ်၏ နှုတ်ဆက်ပွဲတော်ကို အားရပါးရ စားသောက်နေကြသည်။

ကျောက်လင်က သူ၏ ဇနီးနှစ်ဦးကို သနားကြင်နာစွာဖြင့် ကြည့်လိုက်၏။

ရှန့်ယွင်ချွမ်းက တပ်စခန်း၏ ဂိုဒေါင်ဆီသို့ သွားကာ ကျန်ရှိနေသော ရိက္ခာများကို ကိုယ်တိုင်ကိုယ်ကျ ရေတွက်လိုက်သည်။

"ပိုနေတဲ့ ရိက္ခာတချို့ ကျန်သေးတယ်... အဲ့ဒါတွေကို အရာရှိနဲ့ စစ်သားတွေကြားမှာ ဝေငှလိုက်ပါ... နယ်ခြားစောင့်တပ်က အရာရာတိုင်းအတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မှာဆိုတော့ ဒီစစ်သူကြီးက ဒီလောက်ပဲ ကူညီနိုင်တော့မယ်..."

"ဒီပျက်စီးနေတဲ့ ဓားတွေ၊ လှံတွေကိုလည်း အရာရှိနဲ့ စစ်သားတွေအားလုံးရဲ့ မြေယာဖော်ထုတ်မှု ဖိအားကို သက်သာစေဖို့ နယ်ခြားစောင့်တပ်က ညီနောင်တွေကို ပေးလိုက်သင့်တယ်..."

ရှန့်ယွင်ချွမ်းက တည်ငြိမ်စွာပင် ပြောလိုက်၏။

ကျားရဲစစ်တပ်ကို ဖျက်သိမ်းပြီးနောက် စစ်သားအများစုကို နယ်ခြားစောင့်တပ်သို့ ပြောင်းရွှေ့ခဲ့ပြီး ဗိုလ်ချုပ်ဖြစ်သူ ရှန့်ယွင်ချွမ်းမှာမူ ယွီရွှေခရိုင်မြို့တော်သို့ ပြန်လည်တာဝန်ချထားခြင်းခံရကာ ကွမ်းနန်စီရင်စုစစ်တပ်၏ ယွီရွှေတပ်စခန်းမှ တပ်မှူးတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ သူသည် စစ်သား ငါးရာကို ကွပ်ကဲကာ ယွီရွှေခရိုင်၏ စစ်ရေးကိစ္စများကို တာဝန်ယူရမည်ဖြစ်ပြီး နန်ယွဲ့တိုင်းပြည် နယ်ခြားစောင့်တပ်၏ လှုပ်ရှားမှုများကိုလည်း စောင့်ကြပ်ကာကွယ်ရမည် ဖြစ်၏။

ဆိုလိုသည်မှာ ငြိမ်းချမ်းသောကာလတွင် ယွီရွှေတပ်စခန်းသည် ဓားပြနှိမ်နင်းရေးနှင့် ရန်သူများကို တွန်းလှန်ရေးအတွက် တာဝန်ရှိပြီး စစ်မက်ဖြစ်ပွားချိန်တွင်မူ ယွီရွှေတပ်စခန်းသည် ကျေးရွာအသီးသီးတွင် ပြန့်ကျဲနေသော နယ်ခြားစောင့်တပ်များကို တပ်စခန်းသို့ ပြန်လည်ခေါ်ယူကာ အနီးကပ်တိုက်ပွဲများကို ဆက်လက်ဆင်နွှဲစေမည်ဖြစ်သည်။

အပြင်ဘက်တွင် နှုတ်ဆက်ပွဲတော်မှာ လျင်မြန်စွာ ပြီးဆုံးသွားခဲ့၏။

ရှန့်ယွင်ချွမ်းက ပိုလျှံနေသော ရိက္ခာများနှင့် ပျက်စီးနေသော ဓား၊ လှံများကို ဂိုဒေါင်ထဲမှ ထုတ်ယူလာရန် သူ၏ လက်အောက်ငယ်သားများကို ညွှန်ကြားထားပြီးဖြစ်ကာ ၎င်းတို့ကို နယ်ခြားစောင့်တပ်မှ အရာရှိများနှင့် စစ်သားများအားလုံးရှေ့တွင် ချထားလိုက်သည်။

တပ်မှ ထွက်ခွာပြီး နေရပ်သို့ ပြန်မည့် အရာရှိများနှင့် စစ်သားများမှာမူ ထွက်ခွာသွားကြပြီ ဖြစ်၏။

ဒေသအသီးသီးတွင် တပ်စွဲရန် ပြောင်းလဲတာဝန်ပေးခံရသော စစ်သားအချို့လည်းရှိပြီး ၎င်းတို့တွင် သဘာဝကျကျပင် ပြီးပြည့်စုံသော တိုက်ပွဲဝင်ပြင်ဆင်မှုများ ရှိနေကြသည်။ သူတို့သည်လည်း ၎င်းတို့ တပ်စွဲရမည့် နေရာများဆီသို့ ခရီးစတင်ခဲ့ကြသည်။

ယခုအခါ ကျေးရွာအသီးသီးသို့ သွားရောက်ရမည့် နယ်ခြားစောင့်တပ်မှ စစ်သားနှစ်ထောင်သာ ကျန်ရှိတော့၏။

"အရာရှိနဲ့ စစ်သည်ညီနောင်တို့... မင်းတို့တစ်ယောက်စီတိုင်း ရိက္ခာ ငါးကျင်းစီ ယူကြပါ... ပြီးတော့ ဒီပျက်စီးနေတဲ့ ဓားတွေ လှံတွေထဲကနေ တစ်ယောက်ကို တစ်လက်စီ ရွေးချယ်နိုင်တယ်... ပြီးရင် မင်းတို့ သက်ဆိုင်ရာ မြေယာဖော်ထုတ်ရမယ့် ကျေးရွာတွေကို သွားကြတော့..."

ရှန့်ယွင်ချွမ်းက ကြေညာလိုက်သည်။

ချက်ချင်းပင် နယ်ခြားစောင့်တပ်မှ စစ်သား နှစ်ထောင်တို့သည် ဓား သို့မဟုတ် လှံတစ်လက်စီကို အသီးသီး ရွေးချယ်ခဲ့ကြပြီးနောက် အုပ်စုလိုက် ထွက်ခွာသွားကြ၏။

ကျောက်လင်က ကွင်းပါ‌သောဓားတစ်လက်ကို ရရှိခဲ့သည်။ ထိုဓားသည် လက်ကိုင်အောက်ဘက်တွင် အရာတစ်ခုသာ ရှိသော်လည်း ဓားသွားမှာမူ အကောင်းပကတိအတိုင်းပင်။

ကွင်းပါ‌သောဓားကို ကျောတွင်လွယ်ထားလျက် ကျောက်လင်သည် စုယောင်နှင့် ရှန်ချန်းရွှယ်တို့ရှေ့သို့ ရောက်လာခဲ့၏။

သူ၏ ဇနီးနှစ်ဦးစလုံးသည် ပိန်သွယ်ကျော့ရှင်းသော ခန္ဓာကိုယ်အချိုးအစား ကောင်းများ ပိုင်ဆိုင်ထားကြသော်လည်း ရေရှည် အာဟာရချို့တဲ့မှု၊ အိပ်ရေးပျက်မှုနှင့် အခက်အခဲအမျိုးမျိုးတို့ကြောင့် သူတို့၏ မျက်နှာများမှာ ချို့တဲ့နွမ်းနယ်နေပုံပေါ်သည်။

သို့သော်လည်း စနစ်မှ အဆင့်(၁)နှင့် အဆင့်(၂) အလှပိုင်ရှင်များအဖြစ် အသိအမှတ်ပြုခံထားရသဖြင့် ကျောက်လင်က သူသာ သူတို့ကို ကောင်းမွန်စွာ ဆက်ဆံပေးပါက နတ်ဘုရားအဆင့် အလှပိုင်ရှင်များဖြစ်လာအောင် သေချာပေါက် ပြုစုပျိုးထောင်ပေးနိုင်မည်ဟု ယုံကြည်ထား၏။

"သွားရအောင်... ထင်းရှူးနက်ကျေးရွာကို ငါ့နောက် လိုက်ခဲ့ကြ..."

ကျောက်လင်က ညင်သာစွာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ခင်ပွန်း..."

စုယောင်က အနည်းငယ် စိုးရိမ်နေပုံပေါက်စွာဖြင့် ကြောက်ရွံ့တုန်လှုပ်စွာ ပြန်ဖြေလိုက်၏။ ကျောက်လင်က သူမကို မနှစ်သက်ဘဲ ကွာရှင်းလိုက်မည်ကို သူမက ကြောက်ရွံ့နေပြီး ထိုသို့ဖြစ်လာပါက သူမ၏ အနာဂတ်ဘဝသည် ပို၍ပင် သနားစရာကောင်းသွားမည်ဖြစ်သည်။

"ဟုတ်ကဲ့ပါ ခင်ပွန်း..."

ရှန်ချန်းရွှယ်သည် အရာရှိမိသားစုမှ ဆင်းသက်လာသော အမျိုးသမီးတစ်ဦးပီပီ သူမ၏ ရုပ်ရည်သွင်ပြင် ထိခိုက်ပျက်စီးနေသော်လည်း ငယ်စဉ်ကတည်းက ရရှိခဲ့သော ပျိုးထောင်မှုကြောင့် ကျောက်လင်၏ မျက်လုံးများကို မည်သည့် ရှက်ရွံ့မှုမျှမရှိဘဲ ရဲရဲဝံ့ဝံ့ စိုက်ကြည့်နိုင်စွမ်း ရှိနေသည်။

သေချာသည်မှာ ရှန်ချန်းရွှယ်သည် ကျောက်လင်အပေါ် အတော်လေး ကျေးဇူးတင်နေဆဲပင် ဖြစ်၏။ အကယ်၍ ကျောက်လင်သာ သူမကို ကယ်တင်ရန်အတွက် ငွေသုံးပြား သုံးစွဲရန် ဆန္ဒမရှိခဲ့ပါက သူမ၏ အနာဂတ်ဘဝသည် မည်မျှပင် မှောင်မိုက်နေမည်ကို သူမ စိတ်ကူးပင် မယဉ်ဝံ့ပေ။

ရှုံ့တကျွမ်းကမူ ထိပ်ပိုင်းတွင် အရာတစ်ခုပါသော သံလှံတစ်လက်ကို ရွေးချယ်ခဲ့သော်လည်း သူကိုယ်တိုင် သွေးလိုက်ပါက ပြန်လည်ထက်မြက်လာနိုင်သည်။

ထိုအချိန်တွင် ရှုံ့တကျွမ်းသည်လည်း သူရွေးချယ်ထားသော ဇနီးဖြစ်သူ ပိုင်ယိုချူကို ခေါ်ဆောင်ကာ ကျောက်လင်၏ အနီးသို့ ရောက်လာခဲ့၏။

"ကျောက်လင်... တပ်စုမှူးက ငါတို့ကို လာခဲ့ဖို့ ခေါ်နေတယ်..."

ရှုံ့တကျွမ်းက ပြောလိုက်သည်။

"ကောင်းပြီလေ..."

တပ်စုမှူးကျန်းဖုန်းက သူ၏အပေါ် မကောင်းသော ရည်ရွယ်ချက်ရှိသည်ကို ကျောက်လင် သိထားသော်လည်း သူတို့နှစ်ဦးမှာ အဆင်မပြေမှု မဖြစ်ကြသေးသဖြင့် ကျောက်လင်သည် တပ်စုမှူးကျန်းဖုန်း၏ အမိန့်များကို နာခံရဦးမည် ဖြစ်၏။

မကြာမီပင် သူတို့ငါးဦးသည် လူစုရမည့်နေရာသို့ ရောက်ရှိလာခဲ့ကြသည်။

တပ်စုမှူးကျန်းဖုန်း၏ အနောက်တွင် စစ်သားဆယ်ဦး ရပ်နေပြီး ၎င်းတို့သည် မင်ချွမ်မြို့သို့ တပ်စုမှူးကျန်းဖုန်းနောက်မှ လိုက်ပါသွားကာ ထိုနေရာတွင် တပ်စွဲကြမည်ဖြစ်သည်။

တပ်စုမှူးကျန်းဖုန်း၏ အရှေ့တွင်မူ နယ်ခြားစောင့်တပ်မှ စစ်သား ငါးဆယ်နှင့် ၎င်းတို့၏ ဇနီးသည်များက တန်းစီနေကြပြီ ဖြစ်၏။ ဤနယ်ခြားစောင့်တပ်မှ စစ်သားများကို ဆယ်ဦးတစ်စုခွဲကာ မင်ချွမ်မြို့အောက်ရှိ ကျေးရွာငါးရွာသို့ တာဝန်ချထားမည်ဖြစ်သည်။

ထိုအချိန်တွင် တပ်စုမှူးကျန်းဖုန်းက ကျောက်လင်နှင့် ရှုံ့တကျွမ်းတို့ အလျင်စလို ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မကျေနပ်သည့် အရိပ်အယောင် အနည်းငယ် ပေါ်ထွက်လာသည်။

"သေချာနားထောင်ကြ... နောက်ဆိုရင် မင်းတို့ကို အုပ်စုငါးစု ခွဲလိုက်မယ်... တစ်စုကို ကျေးရွာငါးရွာထဲက တစ်ရွာစီ သွားရမယ်..."

"ယွီကျောက်၊ ယန်ချန်ယွီ၊ ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်း၊ ဟန်ဟိုင်၊ ကျောက်လင်၊ ရှုံ့တကျွမ်း... မင်းတို့ဆယ်ယောက်က တစ်စုဖွဲ့ပြီး ထင်းရှူးနက်ကျေးရွာကို ချက်ချင်း သွားကြ..."

"ယွီကျောက်က အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ယူရမယ်... မင်းတို့ ဆယ်ယောက်အဖွဲ့ရဲ့ မြေယာဖော်ထုတ်မှု ကိစ္စတွေကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်..."

"..."

တပ်စုမှူးကျန်းဖုန်းက အုပ်စုငါးစုလုံး၏ အမည်များကို လျင်မြန်ပြတ်သားစွာ ခေါ်ဆိုလိုက်ပြီး နယ်ခြားစောင့်တပ်မှ စစ်သား အုပ်စုငါးစုကို ၎င်းတို့၏ သက်ဆိုင်ရာ ကျေးရွာအသီးသီးသို့ တာဝန်ချထားပေးလိုက်၏။

"အရမ်းကောင်းတယ်... မြေယာဖော်ထုတ်ရေး စည်းမျဉ်းတွေကို အဖွဲ့ခေါင်းဆောင် ငါးယောက်ဆီ ငါပေးအပ်ခဲ့ပြီးပြီ... ရှေ့ဆက်ပြီး မေးစရာရှိရင် မင်းတို့ရဲ့ အဖွဲ့ခေါင်းဆောင်ကိုပဲ တိုက်ရိုက် မေးကြတော့..."

"အခု ငါက ငါ့စစ်သားတွေကို ခေါ်ပြီး မင်ချွမ်မြို့ကို အရင်သွားမယ်... မင်းတို့ငါးစုက ကိုယ့်အဖွဲ့ခေါင်းဆောင်ရဲ့ ဦးဆောင်မှုအောက်မှာ သက်ဆိုင်ရာ မြေယာဖော်ထုတ်ရမယ့် ကျေးရွာတွေကို ဆက်သွားကြ..."

တပ်စုမှူးကျန်းဖုန်းက အေးစက်စွာ ကြေညာလိုက်ပြီးနောက် ချက်ချင်းပင် မြင်းပေါ်သို့ တက်လိုက်သည်။

ဤသည်မှာ အဖွဲ့ခေါင်းဆောင် ယန်ချန်ယွီတို့အတွက် အကျိုးခံစားခွင့်တစ်ခုလည်း ဖြစ်၏။ စစ်မြင်းအရင်းအမြစ်များ ရှားပါးနေသော်လည်း နယ်ခြားစောင့်တပ်၏ အဖွဲ့ခေါင်းဆောင်တိုင်းကမူ မြင်းတစ်ကောင်စီ ရရှိကြသေးသည်။

မကြာမီပင် တပ်စုမှူးကျန်းဖုန်းသည် သူ၏ စစ်သားဆယ်ဦးနှင့်အတူ ထွက်ခွာသွားခဲ့သည်။

"ညီနောင်တို့... ငါတို့ဆယ်ယောက်လုံးက ကျားရဲစစ်တပ်ကနေ ဆင်းသက်လာကြတာဖြစ်ပြီး အရင်က အသေအကြေ အတူရင်ဆိုင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေပဲ..."

"အခု လူတိုင်းက နယ်ခြားစောင့်တပ်ရဲ့ အစိတ်အပိုင်းဖြစ်လာပြီး ထင်းရှူးနက်ကျေးရွာမှာ အချိန်အကြာကြီး နေထိုင်ရတော့မှာဆိုတော့ အားလုံးပဲ ဆင်းရဲဒုက္ခတွေကို အတူတကွ ဆက်လက်ရင်ဆိုင်ကျော်ဖြတ်သွားကြဖို့ ငါ မျှော်လင့်ပါတယ်..."

"ဒီကနေ ထင်းရှူးနက်ကျေးရွာကို ခရီးအကွာအဝေး လီနှစ်ဆယ်ရှိတယ်..."

"ငါတို့ရဲ့ ခြေလှမ်းတွေရယ်၊ ဇနီးသည်တွေကိုပါ စောင့်ရှောက်သွားရမှာရယ်ဆိုတော့ လမ်းလျှောက်ဖို့ အနည်းဆုံး တစ်ရက်ပြည့်ပြည့် အချိန်ယူရမယ်လို့ ငါ ခန့်မှန်းတယ်..."

"လမ်းတစ်လျှောက်မှာ ငါတို့ဘာသာငါတို့ အစာရှာကြရလိမ့်မယ်..."

"ငါတို့ဆီမှာ ရိက္ခာဆန်တွေရှိပေမဲ့ အသားတို့၊ ဟင်းသီးဟင်းရွက်တို့ မရှိဘူး..."

"ဒါကြောင့် ဖြေရှင်းရမယ့် နည်းလမ်းတစ်ခုကို ငါ စဉ်းစားထားပြီးပြီ... အရှေ့ဘက်က တောတောင်တွေထဲမှာ သားရဲတွေ မကြာခဏ ထွက်ပေါ်လာတတ်တယ်... လူတိုင်းကိုဦးဆောင်ပြီး ငါ သားရဲတွေကို အတူတူ အမဲလိုက်ချင်တယ်..."

အဖွဲ့ခေါင်းဆောင် ယွီကျောက်သည် အသက်သုံးဆယ်ကျော် အရွယ်ရှိပြီဖြစ်၏။ နှစ်ပေါင်းများစွာ စစ်မက်ဖြစ်ပွားခဲ့မှုများကြောင့် သူ၏ မျက်နှာသည် ရာသီဥတုဒဏ်ခံထားရပုံပေါက်နေပြီး အချိန်မရွေး သတ်ဖြတ်ရန် အသင့်ဖြစ်နေသည့် ကျားတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် အသွင်ရှိနေသည်။

ဤနေရာတွင် ယွီကျောက်က သူ၏ အကြံအစည်ကို ပြောဆိုပြီးစီးသွားကာ ကျောက်လင်နှင့် အခြားကိုးဦးကို ကန့်ကွက်ရန် အခွင့်အရေးပင် မပေးတော့ဘဲ လှည့်ထွက်သွားခဲ့၏။

အလွန်အမင်း ဗိုလ်ကျလွှမ်းမိုးလိုသော နောက်ထပ် လူတစ်ယောက်ပင်။

ကျောက်လင်က တိတ်ဆိတ်စွာ အကဲခတ်နေခဲ့ပြီး သူ့တွင် နောက်ထပ် အလိုလိုသိစိတ်တစ်ခုလည်း ရှိနေသည်။ ဤယွီကျောက်သည်လည်း လူကောင်းတစ်ယောက် မဟုတ်ပေ။

"တောတောင်တွေထဲမှာ သားရဲတွေကို အမဲလိုက်မယ်ပေါ့... ယွီကျောက်... ငါ့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ မထားဖို့ မင်းကို အကြံပေးပါရစေ... မဟုတ်ရင်တော့ မင်း နောင်တရတာ နောက်ကျသွားလိမ့်မယ်…”

ကျောက်လင်က စိတ်ထဲတွင် အေးစက်စွာ ပြောလိုက်သည်။

အခန်း (၆) သူက ငါ့ကို သတ်ချင်ခဲ့သော်လည်း တောရိုင်းဝံပုလွေ၏ ကိုက်ဖြတ်ခြင်းကို ခံလိုက်ရ၏

"ရှုံ့တကျွမ်းနဲ့ တျန်ဆုန့်... မင်းတို့နှစ်ယောက် ဒီဇနီးသည်တွေကို ခေါ်သွားပြီး ပတ်ဝန်းကျင်မှာ တောဟင်းရွက်တွေ သွားခူးချေ..."

"ကျန်တဲ့လူတွေက ငါနဲ့အတူ တောင်ပေါ်တက်ပြီး သားရဲတွေ သွားအမဲလိုက်မယ်..."

ထူထပ်သော တောအုပ်တစ်ခု၏ အရှေ့သို့ ရောက်ရှိလာသောအခါ အဖွဲ့ခေါင်းဆောင် ယွီကျောက်က အမိန့်ပေးလိုက်၏။

"အဖွဲ့ခေါင်းဆောင်... ကျွန်တော်လည်း တောင်ပေါ်တက်ပြီး သားရဲတွေကို အမဲလိုက်ချင်တယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ ရှုံ့တကျွမ်းက ချက်ချင်းပင် ဝင်ပြောကာ တောင်းဆိုလိုက်သည်။

ယွီကျောက်က သူ့အား ချက်ချင်း တားဆီးလိုက်ပြီး…

"ဒါက အမိန့်ပဲ... ဘာမှပြန်ပြောစရာ မလိုဘူး..."

သို့သော်လည်း ယွီကျောက်က သူ၏ စိတ်ထဲတွင် ကြိတ်၍ တွေးတောနေခဲ့၏။

‘ရှုံ့တကျွမ်း... မင်းနဲ့ ကျောက်လင်က ဆက်ဆံရေးကောင်းတယ်... ငါ့ရဲ့ မူလရည်ရွယ်ချက်က မင်းတို့နှစ်ယောက်ကို ခွဲပစ်ဖို့ပဲ... ဒါကို မင်းကို ငါတို့နဲ့အတူ တောင်ပေါ်ကို ဘယ်လိုလုပ် လိုက်ခွင့်ပြုနိုင်မှာလဲ...'

ရှုံ့တကျွမ်း၏ မျက်နှာတွင် ဒေါသများ ပြည့်နှက်သွားသည်။

ဤအခိုက်အတန့်တွင် ယွီကျောက်သည် တပ်စုမှူးကျန်းဖုန်း၏ အမိန့်ကို နာခံကာ ဤတောအုပ်ထဲတွင် သူ့အား ခြုံခိုတိုက်ခိုက်ရန် အလွန်ဖြစ်နိုင်ခြေရှိကြောင်း ကျောက်လင်က ပို၍ သေချာသွားတော့၏။

ထို့ကြောင့် ကျောက်လင်က ရှုံ့တကျွမ်းအားဆွဲကာ ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။

တိတ်တဆိတ်ပင် ကျောက်လင်၏ အသိစိတ်က စနစ်မျက်နှာပြင်ကို ချက်ချင်း လှမ်းကြည့်လိုက်ပြီးနောက် သူရရှိထားသော ငွေတစ်ပြားကို ဆုပ်ကိုင်လိုက်၏။

"စနစ်... ဒီငွေတစ်ပြားကို စနစ်အမှတ်တွေအဖြစ် ပြောင်းလဲလိုက်စမ်း..."

ကျောက်လင်၏ အသိစိတ်က ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်လင်၏ လက်ထဲရှိ ငွေတစ်ပြားက တိုက်ရိုက်ပင် ပျောက်ကွယ်သွားပြီး စနစ်မျက်နှာပြင်သည်လည်း ပြောင်းလဲသွားခဲ့သည်။

စနစ်အမှတ် - ၁၀၀၀

ဤစနစ်အမှတ် ၁၀၀၀ ဖြင့် ကျောက်လင်၏ အသိစိတ်က စနစ်ဈေးဆိုင်ကို ချက်ချင်း ဖွင့်လိုက်ပြီး ပစ္စည်းအမျိုးမျိုးကို လိုက်လံ ကြည့်ရှုလိုက်၏။

အချိန်တစ်ခုသို့ ရောက်သောအခါ ကျောက်လင်၏ အသိစိတ်က ပစ္စည်းတစ်ခုအပေါ်တွင် အာရုံကျသွားခဲ့ပြီး သူ၏ နှုတ်ခမ်းထောင့်များက မရည်ရွယ်ဘဲ ကောက်ကျစ်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားတော့သည်။

မကြာမီမှာပင် ယွီကျောက်၊ ကျောက်လင်နှင့် အခြားခြောက်ယောက်တို့သည် သူတို့၏ လက်နက်များကို ကိုင်ဆောင်ကာ တောအုပ်ထဲသို့ ဝင်ရောက်သွားကြ၏။

"ကျောက်လင်... ပြီးခဲ့တဲ့အကြိမ် ကျားရဲစစ်တပ် ဒီတောင်တန်းဒေသကို လာတုန်းက ဒီတောအုပ်ထဲမှာ ဝံပုလွေအုပ်တစ်အုပ်ကို တွေ့ရှိခဲ့တယ်..."

"မင်း စစ်တပ်ထဲ ဝင်လာတာ တစ်လတောင် မပြည့်သေးဘူး... ပြီးတော့ မင်းက ကျားယန်ကျင့်စဉ်ကိုလည်း စပြီး မကျင့်ကြံရသေးဘူးလေ..."

"ငါက နယ်ခြားစောင့်တပ်ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီဆိုတော့ မင်းကို ကာကွယ်ပေးဖို့ တာဝန်ရှိတာ သဘာဝပဲ... အခုကစပြီး မင်း ငါ့ဘေးမှာနေပြီး တောရိုင်းဝံပုလွေတွေကို ငါနဲ့အတူ ရင်ဆိုင်ရမယ်..."

တောအုပ်ထဲသို့ ဝင်ရောက်ပြီး မကြာမီမှာပင် ယွီကျောက်က စတင် စကားဆိုလိုက်ခြင်း ဖြစ်သည်။

ကျားယန်ကျင့်စဉ်ဆိုသည်မှာ ကျားရဲစစ်တပ်ရှိ စစ်သည်အားလုံး ကျင့်ကြံနိုင်သော ကျင့်စဉ်တစ်ခု ဖြစ်၏။ ၎င်းသည် ရုပ်ခန္ဓာကို ကျင့်ကြံရခြင်းဖြစ်ပြီး ပြီးပြည့်စုံသော အောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားသောအခါ ခန္ဓာကိုယ်အတွင်းမှ ကျားဟိန်းသံ ထွက်ပေါ်လာမည် ဖြစ်သည်။

မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များနှင့် ပေါင်းစပ်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားပြီးနောက် ကျောက်လင်သည် ဤကမ္ဘာ၏ ကျင့်ကြံခြင်းဆိုင်ရာ ဗဟုသုတအချို့ကိုလည်း သိရှိခဲ့သည်။

ပထမအဆင့် ကြေးဝါအရေပြားနယ်ပယ်ဆိုသည်မှာ ရုပ်ခန္ဓာကို ကျင့်ကြံရခြင်း ဖြစ်၏။ ပြီးပြည့်စုံသော အောင်မြင်မှုအဆင့်တွင် ရုပ်ခန္ဓာ၏ အစွမ်းခွန်အားက ကျင်းသုံးရာ အလေးချိန်ရှိသော ကျောက်တုံးသော့ခလောက်ကိုပင် မ,တင်နိုင်စွမ်း ရှိသည်။

ဒုတိယအဆင့် သံမဏိအရိုးနယ်ပယ်ဆိုသည်မှာ ရန်နှင့် တု သွေးကြောမကြီးများကို ပွင့်စေခြင်း ဖြစ်သည်။ ပြီးပြည့်စုံသော အောင်မြင်မှုအဆင့်တွင် ဓားများနှင့် လက်နက်များသည် ရုပ်ခန္ဓာ၏ အရွတ်များနှင့် အကြောများကို ဖောက်ထွင်းရန် ခက်ခဲသွားမည် ဖြစ်၏။

တတိယအဆင့် ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်ဆိုသည်မှာ လူ့ခန္ဓာကိုယ်ရှိ လျှို့ဝှက်သွေးကြောဆုံချက် သုံးဆယ့်ခြောက်ခုကို ပွင့်စေခြင်း ဖြစ်သည်။ အစွမ်းခွန်အားတွင် လျှို့ဝှက်စွမ်းအားတစ်ခု ပါဝင်လာမည်ဖြစ်ပြီး ညဘက်တွင် နေ့ခင်းကဲ့သို့ ကောင်းစွာ မြင်နိုင်စွမ်း ရှိလာမည် ဖြစ်၏။ ရုပ်ခန္ဓာ၏ အစွမ်းခွန်အားက ကျင်းရှစ်ရာအထိ ရောက်ရှိနိုင်သည်။

ကျားယန်ကျင့်စဉ်သည် တတိယအဆင့် ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်အထိ တိုက်ရိုက်ရောက်ရှိနိုင်သော ကျင့်စဉ်တစ်ခု ဖြစ်သည်။

ကျောက်လင်၏ မျက်လုံးများက ချက်ချင်းပင် အေးစက်သွား၏။ ဤယွီကျောက်သည် သူ့အား ဤတောအုပ်ထဲတွင် သတ်ဖြတ်ချင်နေကြောင်း သူ ပို၍ပင် သေချာသွားတော့သည်။

အကြောင်းပြချက်မရှိဘဲ ဖော်ရွေမှု ပြသခြင်းက နောက်ကွယ်မှ ယုတ်မာသော ရည်ရွယ်ချက်များကို ညွှန်ပြနေခြင်းပင် ဖြစ်၏။

"ကျေးဇူးတင်ပါတယ် အဖွဲ့ခေါင်းဆောင်..."

ကျောက်လင်က ဂရုမစိုက်ဟန်ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

အချိန်အနည်းငယ် ကြာပြီးနောက် တောအုပ်ထဲတွင် ဝံပုလွေဟိန်းသံများကို ကြားလိုက်ရ၏။ သေချာ ဂရုတစိုက် နားထောင်ကြည့်ပြီးနောက် ဝံပုလွေနှစ်ကောင်တည်းသာ ဟိန်းဟောက်နေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

"ညီအစ်ကိုတို့... တောရိုင်းဝံပုလွေတွေက ရှေ့နားတင်ပဲ... ချက်ချင်း လမ်းခွဲပြီး သူတို့ကို ထောင့်ပိတ်ဖမ်းကြမယ်..."

ထိုအခိုက်တွင် ယွီကျောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ထို့နောက် ယွီကျောက်က ကျောက်လင်၏ ပခုံးကို ပုတ်ကာ ခပ်တိုးတိုး ပြောလိုက်၏။

"ငါ့နောက်လိုက်ခဲ့... အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ငါက မင်းကို ဝံပုလွေတွေသတ်ဖို့ ခေါ်သွားပြီး ငါ့ရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခွင့် ပေးမယ်..."

"ကောင်းပါပြီ..."

ကျောက်လင်ကလည်း အလွန် လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။

အခြားခြောက်ယောက်မှာလည်း အဖွဲ့သုံးဖွဲ့ ခွဲလိုက်ကြပြီး တစ်ဖွဲ့လျှင် တစ်ဖက်စီမှ ဝိုက်၍ ဝင်သွားကြ၏။

အဖွဲ့လေးဖွဲ့က ညှပ်ပိတ်ဖမ်းမည့် ပုံစံကို ဖန်တီးလိုက်ကြသည်။

ယွီကျောက်သည် ဝံပုလွေအသံများ ထွက်ပေါ်လာရာ အရပ်ဆီသို့ လျင်မြန်စွာ ရှေ့တိုးသွား၏။

ကျောက်လင်က အနောက်မှ လိုက်ပါသွားရင်း ယွီကျောက်၏ ခြေလှမ်းများကို အကဲခတ်နေခဲ့သည်။ သူ၏ ခြေလှမ်းများက လေတိုးသံများကိုပင် ဖြစ်ပေါ်စေပြီး လှုပ်ရှားမှုများကလည်း အင်အားပါလွန်းလှသဖြင့် ဤကောင်သည် ကျားယန်ကျင့်စဉ်ကို စတင် ကျင့်ကြံနေပြီဖြစ်ကြောင်း သူ ခန့်မှန်းမိလိုက်သည်။

သူ၏ ရုပ်ခန္ဓာ အစွမ်းခွန်အားက ကျင်းတစ်ရာအထက်တွင် ရှိနေ၏။

ကျောက်လင်သည် ကျားရဲစစ်တပ်တွင် နေခဲ့ရသည်မှာ တစ်လပင် မပြည့်သေးသောကြောင့် ကျားယန်ကျင့်စဉ်၏ ကျင့်ကြံခြင်းနည်းလမ်းကို ရရှိထားသော်လည်း စဉ်ဆက်မပြတ် စစ်ချီနေရမှုများကြောင့် ကျင့်ကြံရန် အချိန်မရခဲ့ပေ။

သဘာဝကျကျပင် ကျောက်လင်၏ လက်ရှိ ကိုယ်ပိုင်အစွမ်းခွန်အားဖြင့်ဆိုလျှင် ယွီကျောက်ကို ယှဉ်နိုင်မည် မဟုတ်ချေ။

သို့သော်လည်း ယခုအခါ ကျောက်လင်သည် လုံးဝ အကာအကွယ်မဲ့နေသည့်ပုံစံ ပေါက်နေပြီး ယွီကျောက်၏ နောက်မှ တည်ငြိမ်စွာ လိုက်ပါလာသောကြောင့် ယွီကျောက်မှာ အလွန် စိတ်အေးလက်အေး ဖြစ်သွားခဲ့၏။ သူသည် ကျောက်လင်အား တိုက်ခိုက်ရန် အလျင်စလို မဖြစ်ခဲ့ပေ။

"ကျောက်လင်... ရှေ့က ဝံပုလွေနှစ်ကောင်က တောင်ဆိတ်တစ်ကောင်ကို လိုက်ဖမ်းနေကြတယ်... သွားပြီး သူတို့ကို ဒီဘက်ကို မျှားခေါ်ခဲ့... ငါက သစ်ပင်နောက်မှာ ပုန်းနေမယ်... တောရိုင်းဝံပုလွေတွေ ရောက်လာတာနဲ့ တစ်ပြိုင်နက် ငါ သူတို့ကို သေချာပေါက် ခြုံခိုတိုက်ခိုက်ပြီး သတ်ပစ်နိုင်တယ်..."

ယွီကျောက်က သစ်ပင်ကြီးတစ်ပင်၏ အနောက်သို့ ရောက်ရှိသွားပြီး ရှေ့ရှိ တောအုပ်ထဲတွင် တောင်ဆိတ်တစ်ကောင်အား လိုက်လံ ဖမ်းဆီးနေသော တောရိုင်းဝံပုလွေနှစ်ကောင်ကို မြင်လိုက်ရသောအခါ တည်ငြိမ်စွာပင် အမိန့်ပေးလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်လင်၏ ရင်ထဲတွင် ဒေါသများ ဟုန်းဟုန်းတောက်သွား၏။

‘ငါ့ကို ငါးစာ လုပ်မလို့လား…’

ဤယွီကျောက်သည် သူ့အား သတ်ဖြတ်ရန်အတွက် တောရိုင်းဝံပုလွေများကို အသုံးချလိုနေခြင်းမှာ ရှင်းလင်းနေပေသည်။

"ကောင်းပါပြီ... ကျွန်တော် သွားမယ်..."

ကျောက်လင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

ထို့နောက် ကျောက်လင်က သူ၏ ကွင်းတပ်ဓားကို ကောက်ကိုင်လိုက်ပြီး ရှေ့ရှိ တောအုပ်ထဲသို့ သတိကြီးစွာဖြင့် လျှောက်သွားခဲ့၏။ သို့သော် ငါးလှမ်းခန့် အရောက်တွင် တောရိုင်းဝံပုလွေနှစ်ကောင်က တောင်ဆိတ်၏ လည်ချောင်းကို ကိုက်ဖြတ်နေသည်ကို မြင်လိုက်ရသောအခါ သူက ကြောက်လန့်တကြား အော်ဟစ်လိုက်တော့သည်။

"အဖွဲ့ခေါင်းဆောင်... ကျွန်တော် ကြောက်တယ်..."

ထိတ်လန့်တကြား အော်ဟစ်ပြီးနောက် ကျောက်လင်သည် ချက်ချင်းပင် လှည့်ပြေးကာ ယွီကျောက်ကို ကျော်ဖြတ်၍ သူ လာခဲ့သော လမ်းအတိုင်း ပြန်လည် ထွက်ပြေးသွားတော့၏။

"ခွေးကောင်..."

တောရိုင်းဝံပုလွေများအနီးသို့ပင် မရောက်သေးဘဲ ကျောက်လင် လှည့်ပြေးသွားလိမ့်မည်ဟု ယွီကျောက် တကယ်ကို မျှော်လင့်မထားခဲ့မိပေ။ သူ အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။

တောရိုင်းဝံပုလွေနှစ်ကောင်က တောင်ဆိတ်၏ လည်ချောင်းကို ကိုက်ဖောက်လိုက်ကြ၏။ ကျောက်လင်၏ အော်သံကို ကြားလိုက်ရသောအခါ သူတို့သည် တောင်ဆိတ်၏ ခန္ဓာကိုယ်ကို ချက်ချင်း မကိုက်ဖြတ်ကြတော့ဘဲ အသံလာရာနောက်သို့ လိုက်ကာ ကျောက်လင်အား လိုက်လံ ဖမ်းဆီးကြတော့သည်။

"ကောင်လေး... မင်းက အကောင်းနဲ့အဆိုး မခွဲခြားတတ်မှတော့ မင်းကို ငါ ကိုယ်တိုင် အဆုံးသတ်ပေးရမှာပေါ့..."

ယွီကျောက်၏ မူလရည်ရွယ်ချက်မှာ ကျောက်လင်ကို သတ်ရန် တောရိုင်းဝံပုလွေများကို အသုံးပြုရန်ဖြစ်ပြီး ထိုသို့ဆိုလျှင် သူ၏ ယုတ်မာသော နည်းလမ်းများ ပေါ်ထွက်သွားမည်ကို စိုးရိမ်စရာ လိုမည်မဟုတ်ပေ။

သို့သော် ယခုအခါ ကျောက်လင်က လှည့်ပြေးသွားပြီး တောရိုင်းဝံပုလွေများကလည်း တောင်ဆိတ်ကို လွှတ်ကာ သူ၏ ဦးတည်ရာဘက်သို့ ပြေးလာနေကြပြီဖြစ်သောကြောင့် ကျောက်လင်အား သူ ကိုယ်တိုင်သာ ရှင်းလင်းရတော့မည်ကို ယွီကျောက် နားလည်သွား၏။

"ငါ မင်းကို သတိလစ်သွားအောင် လုပ်မယ် ကောင်လေး... ပြီးမှ တောရိုင်းဝံပုလွေတွေကို မင်းရဲ့ ရုပ်ခန္ဓာကို စားခိုင်းရမယ်..."

ယွီကျောက်က အစီအစဉ်တစ်ခုကို တွေးတောထားပြီး ဖြစ်သည်။

ခြေတစ်လှမ်း၊ နှစ်လှမ်းအတွင်း ယွီကျောက်သည် ကျောက်လင်၏ အနောက်သို့ ပြေးထွက်သွားပြီးနောက် သူ၏ ညာဘက်လက်ဝါးကို မြှောက်ကာ ကျောက်လင်၏ ခန္ဓာကိုယ်ကို ရိုက်ချရန် ရည်ရွယ်လိုက်၏။

ယွီကျောက်၏ ရုပ်ခန္ဓာ အစွမ်းခွန်အားဖြင့်ဆိုလျှင် ဤလက်ဝါးရိုက်ချက်သာ ထိသွားပါက ကျောက်လင်သည် သေချာပေါက် သတိလစ်သွားမည် ဖြစ်သည်။

ထိုအချိန်တွင် တောရိုင်းဝံပုလွေများက အခွင့်ကောင်းယူ၍ ကျောက်လင်အား သေသည်အထိ ကိုက်ဖြတ်ကာ သူ၏ ခန္ဓာကိုယ်ကို စုတ်ဖြဲကြမည်မှာ သေချာလှ၏။

ယွီကျောက်၏ ညာဘက်လက်ဝါးက ရိုက်ချရန် ပြင်နေစဉ်မှာပင် ကျောက်လင်က ရုတ်တရက် လှည့်လာခဲ့ပြီး သူ၏ မျက်လုံးများက ထက်မြက်နေကာ နှုတ်ခမ်းထက်တွင်လည်း အပြုံးတစ်ခုက ကစားနေခဲ့သည်။

ယွီကျောက်သည် အလိုအလျောက်ပင် အန္တရာယ်ကို ခံစားလိုက်ရသော်လည်း သူ၏ လက်ဝါးရိုက်ချက်မှာ ရွေ့လျားနေပြီဖြစ်ရာ ပြန်လည် ရုတ်သိမ်း၍ မရနိုင်တော့ပေ။

ရုတ်တရက် ကျောက်လင်၏ လက်ထဲတွင် အမည်းရောင် တုတ်တစ်ချောင်း ပေါ်ထွက်လာ၏။

ဤအရာက ဗို့အားမြင့် လျှပ်စစ်တုတ်တစ်ချောင်း ဖြစ်နေသည်။

လျှပ်စစ်တုတ်က ယွီကျောက်၏ လက်ဝါးနှင့် ထိမိသွားသောအခါ ပြင်းထန်သော လျှပ်စစ်စီးကြောင်းတစ်ခု ပစ်ထွက်သွား၏။ ယွီကျောက်သည် ချက်ချင်း ညည်းညူလိုက်ပြီး တည့်တည့်မတ်မတ်ပင် လဲကျသွားတော့သည်။

ကျောက်လင်က စိတ်မချသေးသောကြောင့် ယွီကျောက်၏ ရင်ဘတ်ကို နောက်တစ်ကြိမ် လျှပ်စစ်ဖြင့် ထပ်တို့လိုက်သေး၏။

တောရိုင်းဝံပုလွေနှစ်ကောင်က မှီလာတော့မည်ကို မြင်လိုက်ရသောကြောင့် ကျောက်လင်သည် ထိုနေရာတွင် ဆက်နေမည် မဟုတ်သည်မှာ သဘာဝပင် ဖြစ်သည်။

"မင်းက ငါ့ကိုသတ်ဖို့ ဝံပုလွေတွေကို အသုံးချချင်ခဲ့တာ... ဒါပေမဲ့ အခုတော့ မင်း ကိုယ်တိုင်ပဲ တောရိုင်းဝံပုလွေတွေရဲ့ လက်ချက်နဲ့ သေရတော့မယ်..."

ကျောက်လင်က လှောင်ပြုံးပြုံးလိုက်ကာ ယွီကျောက်၏ ခါးမှ ငွေအိတ်ကို ယူပြီး ချက်ချင်း ထွက်ပြေးသွားတော့၏။

တကယ်တမ်းတွင်လည်း တောရိုင်းဝံပုလွေနှစ်ကောင်က မှီလာပြီး မြေပြင်ပေါ်တွင် လဲကျနေသော ယွီကျောက်ကို မြင်လိုက်ရသောအခါ မဆိုင်းမတွပင် ယွီကျောက်၏ လည်ချောင်းကို ကိုက်ဖြတ်လိုက်ကြသည်။

"အား..."

ပြင်းထန်သော နာကျင်မှုအောက်တွင် သတိလစ်သွားခါစဖြစ်သော ယွီကျောက်သည် လန့်နိုးလာခဲ့သော်လည်း သူ့ထံတွင် ခုခံရန် အင်အား မရှိတော့ပေ။

တောရိုင်းဝံပုလွေနှစ်ကောင်က ယွီကျောက်၏ ခန္ဓာကိုယ်ကို ရူးသွပ်စွာဖြင့် စုတ်ဖြဲပစ်လိုက်ကြတော့သည်။

All Chapters