အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အခန်း (၁၁) မင်းက တကယ့်ကို သန်မာတာပဲ
ကျောက်လင်က အိမ်သို့ ယူသွားရန် ရေနောက်ထပ်နှစ်ပုံး သွားခပ်လိုက်၏။
အချိန်က စောနေသေးသည်။
ယနေ့တွင် မြေယာခွဲဝေပေးသည့် အရာရှိက မြေတိုင်းတာရန်နှင့် စစ်တပ်ပိုင်မြေများ ခွဲဝေပေးရန် ရောက်လာမည် ဖြစ်သော်လည်း မွန်းတည့်ချိန်လောက်မှသာ ရောက်လာမည် ဖြစ်၏။
ထို့ကြောင့် ကျောက်လင်အတွက် မနက်ခင်းတွင် အားလပ်ချိန် ရနေဆဲပင်။
"ဇနီးတို့... ကိုယ် အပြင်ထွက်ပြီး လမ်းနည်းနည်း လျှောက်လိုက်ဦးမယ်... မင်းတို့ဘာသာ ထမင်းချက်စားနှင့်ကြ... ကိုယ့်ကို စောင့်မနေနဲ့နော်..."
ကျောက်လင်က သူ၏ ဇနီးနှစ်ယောက်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်၏။
စုယောင်သည် အမဲလိုက်ကျွမ်းကျင်သဖြင့် ကျောက်လင်နှင့်အတူ အပြင်ထွက်လိုသော်လည်း သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ နေမကောင်းဖြစ်နေပြီး ပြင်းထန်သော လှုပ်ရှားမှုများကို မလုပ်နိုင်သည်မှာ ထင်ရှားနေသည်။
ထို့ကြောင့် ဇနီးနှစ်ယောက်စလုံးက သဘောတူညီကြောင်း အသံပြုလိုက်ကြ၏။
ကျောက်လင်က ကွင်းတပ်ဓားကိုယူကာ အခန်းထဲမှ ထွက်လာခဲ့ပြီး ရှုံ့တကျွမ်း နေထိုင်ရာ အိမ်ဆီသို့ တိုက်ရိုက် သွားလိုက်သည်။
"ဝက်ဝံကြီး... မင်း နိုးနေပြီလား..."
ကျောက်လင်က အိမ်အပြင်ဘက်မှ လှမ်းခေါ်လိုက်၏။
"အာ... ကျောက်လင်... ငါ့ကို ခဏစောင့်... ငါ အခုချက်ချင်း ထလာခဲ့မယ်..."
အိမ်ထဲမှ ရှုံ့တကျွမ်း၏ အသံက အနည်းငယ် ပျာယာခတ်နေပုံပေါ်သည်။
ကျောက်လင်က အိမ်ထဲသို့ ဇွတ်ဝင်သွားမည် မဟုတ်ပေ။ အနှစ်နှစ်ဆယ်ကျော် အောင့်အည်းထားရသော ရှုံ့တကျွမ်းတစ်ယောက် မနေ့ညက ဇနီးသည်ကို ပွေ့ဖက်ထားရင်း မည်သို့မျှ မနေနိုင်ဖြစ်မည်ကို သူ ခန့်မှန်းမိပြီးသား ဖြစ်၏။ အထဲသို့ မဝင်ခြင်းက အရှက်ရမှုကို ရှောင်ရှားရန်ပင် ဖြစ်သည်။
ခဏအကြာတွင် ရှုံ့တကျွမ်းက အပေါ်ပိုင်းဗလာကျင်းဖြင့် အခန်းထဲမှ ထွက်လာကာ ကျောက်လင်ကို ရှက်ရွံ့သော အမူအရာဖြင့် ကြည့်လိုက်၏။
"ဝက်ဝံကြီး... အိမ်က ဟင်းလျာတွေ ပိုကောင်းလာအောင် ပတ်ဝန်းကျင်က တောင်တွေပေါ်မှာ ငါ အမဲသွားလိုက်ချင်လို့... မင်း ငါနဲ့ လိုက်မလား..."
ပြီးပြည့်စုံသောအဆင့် အမဲလိုက်ကျွမ်းကျင်မှုကို ရရှိထားပြီးဖြစ်ရာ ကျောက်လင်က ဘာမှမလုပ်ဘဲ ထိုင်နေမည် မဟုတ်ပေ။ သူက သူ၏ မိသားစု စားဝတ်နေရေး လုံလောက်စေရန်သာမက ရရှိလာသော သားကောင်များကို မင်ချွမ်မြို့၌ ရောင်းချရန်အတွက်ပါ အမဲလိုက်ခြင်းကို ကြိုးကြိုးစားစား လုပ်ချင်နေ၏။ ငွေရှာရန်မှာ မရှိမဖြစ် လိုအပ်သည်။ ငွေသည် စနစ်အမှတ်များနှင့် တူညီပြီး ကျောက်လင်က စနစ်ဈေးဆိုင်မှ ပိုမိုအဆင့်မြင့်သော ပစ္စည်းများကို ဝယ်ယူလိုသည်။
"ဟမ်... အမဲလိုက်မယ်... ဟုတ်လား..."
"ကောင်းပြီလေ... ငါ မင်းနဲ့ လိုက်ခဲ့မယ်…”
ရှုံ့တကျွမ်းက ခဏမျှ တွေဝေသွားသော်လည်း ကျောက်လင်ကို ယုံကြည်သောကြောင့် တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်၏။
ချက်ချင်းပင် ရှုံ့တကျွမ်းက အိမ်ထဲသို့ဝင်ကာ သူ့ဇနီး ပိုင်ယိုချူအား စကားအချို့ မှာကြားလိုက်ပြီး သူ၏ သံလှံကို ကိုင်ဆောင်၍ ထွက်လာခဲ့သည်။
သူတို့နှစ်ယောက်သည် ထင်းရှူးနက်ကျေးရွာ၏ တောင်ကြောဘက်သို့ အတူတကွ ခပ်ရွရွ ပြေးသွားကြ၏။
ယန်ချန်ယွီသည်လည်း မနက်စောစော နိုးနေခဲ့သည်။ အိမ်ထဲမှ ထွက်လာသည်နှင့် သူက ကျောက်လင်နှင့် ရှုံ့တကျွမ်းတို့ ဓားနှင့် လှံများကို ကိုင်ဆောင်ကာ တောင်ကြောဘက်သို့ ထွက်သွားသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများက ချက်ချင်း စူးရှသွား၏။
"ကျန်းဖုန်းက ကျောက်လင်ကို စောင့်ကြည့်ဖို့နဲ့ သူ့ဆီမှာ ထူးခြားတာတစ်ခုခုတွေ့ရင် မှတ်သားထားပြီး ပြန်သတင်းပို့ဖို့ ငါ့ကို ပြောထားတယ်..."
"ဒီကျောက်လင်က စစ်တပ်ထဲဝင်တာ တစ်လပဲ ရှိသေးတာ... သူက ကျားယန်ကျင့်စဉ်ကို ရထားပေမဲ့ အဲ့ဒါကို ကျင့်ဖို့ အချိန်တောင် မရသေးဘူးလေ..."
"သူက ဘယ်ကရတဲ့ ယုံကြည်ချက်နဲ့ တောင်ကြောဘက်ကို သွားရတာလဲ... မနေ့ညက ရွာသူကြီးလောဟုန်ဖေး ပြောသွားတာ တောင်ကြောဘက်မှာ သားရဲအမျိုးစုံ ရှိတယ်တဲ့... သတိမထားရင် သားရဲတွေရဲ့ တိုက်ခိုက်တာကိုတောင် ခံရနိုင်တယ်လေ..."
ယန်ချန်ယွီက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေ၏။
သို့သော်လည်း သူကိုယ်တိုင် ကျောက်လင်နောက်သို့ တောင်ပေါ်အထိ လိုက်သွားရန် သတ္တိမရှိပေ။
အခြားတစ်ဖက်တွင်မူ ကျောက်လင်သည် တောင်ကြောဘက်သို့ ဝင်ရောက်သွားသည်နှင့် သူ၏ လင်းယုန်မျက်လုံးများက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။
လင်းယုန်တစ်ကောင်သည် လေထဲတွင် မီတာတစ်သောင်း အမြင့်၌ ရှိနေလျှင်ပင် မြေပြင်ပေါ်တွင် ခုန်ပေါက်နေသော သားကောင်များကို မြင်နိုင်စွမ်း ရှိသည်။
ယခုအခါ လင်းယုန်မျက်လုံးများကို ပိုင်ဆိုင်ထားသော ကျောက်လင်၏ အမြင်အာရုံမှာ ထူးကဲနေပြီး တောင်များနှင့် သစ်တောများအတွင်းရှိ အသေးငယ်ဆုံးသော လှုပ်ရှားမှုများကိုပင် သတိထားမိစေ၏။
"ဝက်ဝံကြီး... ငါ့နောက်ကို လိုက်ခဲ့... အဲ့ဒီဘက်မှာ သားကောင်တွေ ရှိနိုင်တယ်..."
ထိုအခိုက်တွင် ကျောက်လင်က လက်ယမ်းပြလိုက်သည်။
လွန်ခဲ့သောခဏက ကျောက်လင်သည် ကီလိုမီတာတစ်ဝက်ခန့် ကွာဝေးသော တောင်ထိပ်တစ်ခုပေါ်ရှိ သစ်တောထဲတွင် အရွက်များ လှုပ်ခတ်သွားစေသည့် အရိပ်တစ်ခု ရွေ့လျားသွားသည်ကို သတိထားမိလိုက်ခြင်းဖြစ်၏။
ထိုအရိပ်မှာ အတော်လေး ကြီးမားသည်။
ယခု တောင်ပေါ်သို့ ရောက်လာပြီးနောက် ကျောက်လင်၏ ရည်မှန်းချက်မှာ ယုန်များနှင့် တောကြက်များကဲ့သို့ သေးငယ်သော သားကောင်လေးများကို အမဲလိုက်ရုံမျှဖြင့် သေချာပေါက် ကန့်သတ်ထားမည် မဟုတ်ပေ။ သူက သားကောင်ကြီးများကိုသာ အမဲလိုက်ချင်နေ၏။
"ကျောက်လင်... အဲ့ဒီဘက်မှာ သားကောင်တွေ ရှိနေတယ်ဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ..."
ရှုံ့တကျွမ်းက အလွန် သိချင်စိတ် ပြင်းပြနေ၏။
"အိုး... ငါ့အမြင်အာရုံက ပိုကောင်းလို့လေ... အဲ့ဒီတောင်ထိပ်က သားကောင်တွေရဲ့ အရိပ်အယောင်တွေကို ငါ မြင်လိုက်ရုံပါ..."
ကျောက်လင်က ခေါင်းမလှည့်ဘဲ ပြန်ဖြေလိုက်ရင်း တောင်များနှင့် သစ်တောများကြားတွင် ဆက်လက် ပြေးလွှား ဖြတ်သန်းသွား၏။
ရှုံ့တကျွမ်းမှာလည်း နောက်မှ လိုက်သွားရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
သူတို့နှစ်ယောက်သည် အလျင်အမြန်ပင် တစ်မိုင်ခန့် ပြေးသွားပြီးနောက် အခြားတောင်ထိပ်တစ်ခုသို့ ရောက်ရှိသွားကြသည်။
အံ့သြစရာကောင်းသည်မှာ သေးငယ်သော စမ်းချောင်းလေးတစ်ခုက ဤတောင်ထိပ်မှ တောင်ခြေအထိ စီးဆင်းနေပြီး သစ်တောထဲမှ ဖြတ်သန်းကာ တောင်တန်းများအတွင်းသို့ နက်ရှိုင်းစွာ စီးဆင်းသွားခြင်းပင် ဖြစ်၏။
ရေရှိသောနေရာသည် သဘာဝအားဖြင့် သားကောင်များ ကျက်စားရာ နေရာပင် ဖြစ်သည်။
ထိုစမ်းချောင်း၏ အထက်ပိုင်းတွင် ကြီးမားသော သားရဲကြီးတစ်ကောင်က ရေသောက်နေ၏။
တောင်ခြေသို့ ရောက်သည်နှင့် ကျောက်လင်၏ လင်းယုန်မျက်လုံးများက ထိုသားရဲကို မြင်တွေ့လိုက်ရပြီး တောင်ကြောဘက်၌ သူမြင်ခဲ့ရသော သားရဲဖြစ်ကြောင်း မှတ်မိသွားသည်။
"ဒီသားရဲရဲ့ ပုံစံက တော်တော်လေး ထူးဆန်းတာပဲ..."
"သူ့မှာ ရှည်လျားပြီး ချွန်ထက်တဲ့ ဦးချိုတွေရှိပေမဲ့ ခန္ဓာကိုယ်ကတော့ စာမရီတစ်ကောင်လိုပဲ... ဒါကြောင့် သူ့ကို စာမရီသမင်လို့ ငါ ခေါ်ရမယ်..."
ခဏမျှ သေချာစွာ အကဲခတ်ပြီးနောက် ကျောက်လင်က သူ၏ စိတ်ထဲတွင် ထိုသို့ ကောက်ချက်ချလိုက်၏။
ထိုစာမရီသည် နွားကြီးတစ်ကောင်ခန့် ကြီးမားပြီး အလေးချိန်မှာ အနည်းဆုံး ပေါင် ခြောက်ရာ သို့မဟုတ် ခုနစ်ရာခန့် ရှိပေမည်။
နောက်မှ လိုက်လာသော ရှုံ့တကျွမ်းသည် ထိုစာမရီကို မြင်လိုက်ရသောအခါ အံ့သြတကြီးဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"ကျောက်လင်... ဒီသားရဲကြီးက အကြီးကြီးပဲ... ငါတို့ အဲ့ဒါကို သတ်နိုင်ပါ့မလား..."
ရှုံ့တကျွမ်းက တီးတိုး မေးလိုက်၏။
"ရတယ်..."
ကျောက်လင်က များပြားလှသော ယုံကြည်ချက်ဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။
သူ၏ ပြီးပြည့်စုံသောအဆင့် အမဲလိုက်ကျွမ်းကျင်မှုဖြင့်သာ ဤစာမရီကို မသတ်နိုင်ပါက ကျောက်လင်အနေဖြင့် ကိုယ့်ကိုယ်ကိုယ်သာ သတ်သေလိုက်ရန် အကောင်းဆုံး ဖြစ်ပေမည်။
"မင်း ဒီမှာပဲနေခဲ့... ငါ တောင်ထိပ်ကို ပတ်သွားပြီး ဒီသားရဲကို ဝင်တိုက်တဲ့အခါ မင်းက ပြေးတက်လာပြီး ငါ့ကို ကူညီပေး..."
ကျောက်လင်က တီးတိုးမှာကြားလိုက်ပြီးနောက် သစ်တောထဲသို့ ချက်ချင်း ပျောက်ကွယ်သွား၏။
သစ်တောထဲသို့ ရောက်သည်နှင့် ကျောက်လင်သည် ကြောင်တစ်ကောင်ကဲ့သို့ သွက်လက်စွာ လှုပ်ရှားသွားပြီး သူ သွားလာသည့်အခါ မည်သည့်အသံမျှ ထွက်မလာပေ။
အထူးသဖြင့် ကျောက်လင်သည် လေတိုက်ရာ အရပ်ကို အမြဲ သတိထားကာ လေဆန်ဘက်သို့ အမြဲသွားလာနေခြင်းကြောင့် သူ၏ အနံ့မှာ စာမရီများဆီသို့ လွင့်ပျံ့သွားပြီး ၎င်းတို့ကို သတိပေးသလို ဖြစ်မသွားစေပေ။
ငါးမိနစ်ခန့် အကြာတွင် ကျောက်လင်သည် တောင်ထိပ်သို့ ပတ်၍ ရောက်ရှိသွားပြီး စာမရီနှင့် မီတာ ငါးဆယ်ခန့်သာ ကွာဝေးတော့၏။
"အခု ငါတို့ တိုက်ခိုက်လို့ရပြီ..."
ကျောက်လင်က သူ၏ လက်ရှိ ကြေးဝါအရေပြားနယ်ပယ် နောက်ဆုံးအဆင့် ကျင့်ကြံမှုအပြင် အမဲလိုက်ကျွမ်းကျင်မှုမှ ရရှိသော သွက်လက်မှုစွမ်းရည်များဖြင့် မီတာ ၅၀ အကွာအဝေးကို ငါးစက္ကန့်အောက် အချိန်အတွင်း ရောက်ရှိနိုင်မည်ဟု စိတ်ထဲတွင် ခန့်မှန်းလိုက်သည်။
အနီးသို့ ရောက်သွားသည်နှင့် စာမရီကို သတ်နိုင်မည်ဟု ကျောက်လင်က အကြွင်းမဲ့ ယုံကြည်ထား၏။
ကျောက်လင်က တုံ့ဆိုင်းမနေဘဲ အခွင့်အရေးကို ဆုပ်ကိုင်ကာ ချက်ချင်း ခုန်ထွက်သွားသည်။
သစ်တောထဲမှ ဖြတ်၍ ပြေးလွှားသွားသောအခါ သူ၏ ခြေလှမ်းများက သစ်ရွက်များကြားတွင် အသံအချို့ ထွက်ပေါ်သွားစေ၏။ ထိုအသံကို ကြားသည်နှင့် စာမရီက ချက်ချင်း ခေါင်းမော့ကြည့်လိုက်ရာ ကျောက်လင် ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
စမ်းချောင်းမှာ သိပ်မနက်လှသော်လည်း တစ်မီတာကျော်ခန့်တော့ နက်သေးသည်။ အကယ်၍ စာမရီက အခြားတစ်ဖက်သို့ ထွက်ပြေးရန် စမ်းချောင်းထဲသို့ ခုန်ဆင်းရန် ရွေးချယ်လိုက်ပါက ၎င်း၏ အရှိန်သည် သေချာပေါက် ထိခိုက်သွားမည် ဖြစ်၏။
အန္တရာယ်ကို အလိုအလျောက် အာရုံခံမိသော စာမရီက စမ်းချောင်းထဲသို့ မခုန်ဆင်းဘဲ နောက်လှည့်ကာ ကျောက်လင်ဆီသို့ တိုက်ရိုက် ပြေးဝင်လာသည်။
၎င်း၏ ချွန်ထက်သော ဦးချိုများက အလွန် ထက်မြက်လှရာ အကယ်၍ ကျောက်လင်၏ ခန္ဓာကိုယ်ကိုသာ ထိုးဖောက်သွားပါက သေချာပေါက် ဖောက်ထွင်းသွားမည် ဖြစ်၏။
စာမရီနှင့် တစ်မီတာခန့် အကွာသို့ ရောက်သောအခါ ကျောက်လင်က အမြောက်ဆံတစ်လုံးကဲ့သို့ ရုတ်တရက် ခုန်တက်သွားပြီး သစ်ပင်တစ်ပင်၏ နောက်ကွယ်သို့ ပတ်ကာ စာမရီ၏ နောက်ကျောဘက်သို့ အလျင်အမြန် ရောက်ရှိသွားသည်။
ဗို့အားမြင့် လျှပ်စစ်တုတ်တစ်ခုက ကျောက်လင်၏ ညာဘက်လက်တွင် ရုတ်တရက် ထွက်ပေါ်လာ၏။
ရွှီး…
ဗို့အားမြင့် လျှပ်စစ်တုတ်က စာမရီ၏ နောက်ခြေထောက်ကို ထိသွားသောအခါ အားပြင်းသော လျှပ်စစ်စီးကြောင်းက စာမရီ၏ ခန္ဓာကိုယ်ကို တုန်ခါသွားစေပြီး ၎င်းကို ရုတ်တရက် ခုန်တက်သွားစေသည်။
သို့သော်လည်း စာမရီ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ကျလာသည်နှင့် ၎င်း၏ နောက်ခြေထောက်များက ထုံကျင်သွားပြီး ကိုယ်တိုင် မတ်တတ်မရပ်နိုင်တော့ပေ။
"ကျားယန်ကျင့်စဉ်... တိုက်ကွက်..."
ကျောက်လင်က သွက်လက်စွာ တုံ့ပြန်လိုက်ပြီး ဗို့အားမြင့် လျှပ်စစ်တုတ်ကို စနစ်နေရာလွတ်ထဲသို့ ချက်ချင်း ပြန်သိမ်းလိုက်၏။ သူက ကွင်းတပ်ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ စာမရီ၏ နောက်ခြေထောက်ကို ချိန်ရွယ်၍ တိုက်ရိုက် ခုတ်ချလိုက်သည်။
ကျောက်လင်၏ လက်ရှိ ကျားယန်ကျင့်စဉ် နောက်ဆုံးအဆင့် စွမ်းအားဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ ကျင်း ၃၀၀ နီးပါး ရှိနေသည်။ ကွင်းတပ်ဓား၏ ထက်မြက်မှုနှင့် ပေါင်းစပ်လိုက်သောအခါ သူက နောက်ခြေထောက်၏ ကြွက်သားများကို ဖြတ်တောက်ကာ အရွတ်များနှင့် အရိုးများကို ဓားတစ်ချက်တည်းဖြင့် သဘာဝကျကျ ဖြတ်တောက်ပစ်လိုက်၏။
"ကျောက်လင်... ငါ မင်းကို ကူညီဖို့ ရောက်လာပြီ..."
ကျောက်လင်က စာမရီနှင့် တိုက်ခိုက်နေပြီဖြစ်ကြောင်း ရှုံ့တကျွမ်းက သတိထားမိလိုက်သဖြင့် ချက်ချင်း အော်ဟစ်ကာ ပြေးလာခဲ့သည်။
ထို့နောက် ရှုံ့တကျွမ်းသည် စာမရီက ခြေထောက်လေးချောင်းစလုံး ဓားဖြင့် ခုတ်ခံထားရကာ မြေပြင်ပေါ်တွင် လဲကျနေပြီး သွေးများ အဆက်မပြတ် ထွက်ကျနေသည်ကို မြင်လိုက်ရ၏။။
"ဒါ... ကျောက်လင်... မင်းက အဲ့ဒီလောက်တောင် သန်မာတာလား..."
ရှုံ့တကျွမ်းက အလွန် အံ့အားသင့်သွားသည်။
အခန်း (၁၂) ငါ့အသားတွေကို မင်းကို မရောင်းနိုင်ဘူး
"ဝက်ဝံကြီး... သစ်ပင်တုတ်တုတ်နှစ်ပင်လောက် ခုတ်ပြီး နွယ်ပင်တွေနဲ့ ထမ်းစင်တစ်ခုလောက် လုပ်လိုက်... ဒီစာမရီသမင်ကို ရွာထဲ သယ်သွားကြမယ်..."
ကျောက်လင်က အနည်းငယ် ပြုံးလိုက်၏။
ထို့နောက် ကျောက်လင်သည် သူ၏ ကွင်းတပ်ဓားကို ကိုင်ဆောင်ကာ စာမရီသမင်၏ သေဆုံးနေသော ခန္ဓာကိုယ်အား စတင်ခွဲစိတ်လိုက်၏။
ပြီးပြည့်စုံသောအဆင့် အမဲလိုက်ကျွမ်းကျင်မှုနှင့်အတူ ကျောက်လင်သည် ထိုသားကောင်အား သဘာဝကျကျနှင့် ကျွမ်းကျင်ပိုင်နိုင်စွာ ခွဲစိတ်လိုက်ရာ သူ၏ လှုပ်ရှားမှုများက ချောမွေ့လှပနေပြီး ကွင်းတပ်ဓားကို လွှဲယမ်းလိုက်တိုင်း တည်ငြိမ်မှုနှင့် ခွန်အားများကို ခံစားရစေသည်။
ကျောက်လင်သည် စာမရီသမင်၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းလိုက်ပြီး ကလီစာများကို ဖယ်ရှားကာ အနီးရှိ သစ်ကိုင်းပေါ်တွင် ချိတ်ဆွဲထားလိုက်၏။
ဤအသားနှစ်တုံးသည် စုစုပေါင်း အလေးချိန် ခြောက်ရာကျင်း ရှိသည်။
"မနေ့က မင်ချွမ်မြို့ကို ဖြတ်သွားတုန်းက ကြားခဲ့တာ... ဈေးထဲမှာ အသားတစ်ကျင်းကို နှစ်ဆယ့်ငါးဝမ်လောက် ဈေးပေါက်တယ်တဲ့... ဒီစာမရီသမင်အသား ခြောက်ရာကျင်းဆိုရင် အနည်းဆုံး ငွေဆယ့်ငါးပြားလောက်တော့ ရနိုင်တယ်..."
"ယန်ချန်ယွီနဲ့ သူ့ရဲ့ နယ်ခြားစောင့်တပ်သားတွေဆီမှာ စစ်တပ်ရိက္ခာတွေ ကျန်သေးပေမဲ့ အသားတော့ မရှိဘူး... ငါတို့ ဒီစာမရီသမင်အသားကို သူတို့ဆီ ရောင်းလို့ရတယ်..."
"ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဆီမှာ စွမ်းဆောင်ရည်ဆုကြေးငွေတွေ ရှိနေတာပဲ... ဒါကြောင့် သူတို့ဆီကနေ ငါ ငွေနည်းနည်းရှာတာ လုံးဝကို သဘာဝကျပါတယ်လေ..."
ကျောက်လင်သည် စိတ်ထဲတွင် အစီအစဉ်ဆွဲနေခဲ့၏။
မကြာမီတွင် ရှုံ့တကျွမ်းက ထမ်းစင်တစ်ခုကို ယူဆောင်လာခဲ့သည်။
"ကျောက်လင်... မင်းက တကယ့်ကို အရမ်းတော်တာပဲ... ဒီလောက် ကြီးမားတဲ့ သားရဲကြီးကိုတောင် မင်း အမဲလိုက်နိုင်တယ်..."
ရှုံ့တကျွမ်းမှာ အတော်လေး စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။
"ဝက်ဝံကြီး... ဒီစာမရီသမင်ထဲမှာ မင်းအတွက်လည်း ဝေစုပါတယ်နော်..."
"ဒီလိုလုပ်မယ်... ငါတို့ ဒီစာမရီသမင်ကို ရွာထဲ ပြန်သယ်သွားမယ်... ပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်ယူသွားဖို့ တစ်ယောက်ကို အသားနှစ်ဆယ်ကျင်းစီ ဖြတ်ယူကြမယ်... ကျန်တဲ့အသားတွေကိုတော့ ရောင်းပစ်လိုက်မယ်..."
"ရောင်းလို့ရတဲ့ ငွေတွေကို ငါတို့ ထက်ဝက်စီ ခွဲယူကြမယ်..."
ကျောက်လင်က ပြုံး၍ ပြောလိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ ရှုံ့တကျွမ်းမှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။
"မလုပ်ပါနဲ့... ဒီစာမရီသမင်ကို မင်းဘာသာမင်း ရှာတွေ့ပြီး မင်းတစ်ယောက်တည်း သတ်ခဲ့တာလေ... ငါ မင်းဆီကနေ အခွင့်အရေး မယူနိုင်ပါဘူး..."
ရှုံ့တကျွမ်းသည် ဤအခြေအနေအပေါ် အခွင့်အရေးမယူလိုသည်မှာ ထင်ရှားလှပြီး သူ၏ ကိုယ်ပိုင်မူဝါဒများလည်း ရှိနေပေသည်။
"ဝက်ဝံကြီး... ငါတို့က ညီအစ်ကိုကောင်းတွေ မဟုတ်ဘူးလား..."
ကျောက်လင်သည် ရှုံ့တကျွမ်းအား စူးစိုက်စွာ ကြည့်လိုက်၏။
"ဒါပေါ့... ငါ ရှုံ့တကျွမ်းက မင်းကို အသိအမှတ်ပြုထားတာ ကြာလှပေါ့ ကျောက်လင်ရာ..."
ရှုံ့တကျွမ်းကလည်း အတော်လေး ပြတ်သားစွာ ပြောလိုက်သည်။
"အဲ့တာ မှန်တာပေါ့... ငါတို့က ညီအစ်ကိုကောင်းတွေ ဖြစ်နေမှတော့ မင်းက ဘာလို့ ငါ့အပေါ် အားနာနေရတာလဲ..."
"ငါ ဒုတိယမြောက်ဇနီးတစ်ယောက် ထပ်ယူဖို့အတွက် မင်းက ငွေသုံးပြားတောင် ထုတ်ချေးပေးရဲမှတော့ ငါ ကျောက်လင်က မင်းကို ညီအစ်ကိုကောင်း တစ်ယောက်လို သတ်မှတ်ထားတာ ကြာပြီ... အခုကစပြီး ငါ့မှာရှိတဲ့ အရာတိုင်းကို မင်းအတွက် ဝေစုဖယ်ပေးထားမယ်..."
"မင်း ထပ်ပြီး ငြင်းမနေနဲ့တော့..."
ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်၏။
"အဲ့တာက..."
ရှုံ့တကျွမ်းမှာ ခေတ္တမျှ စကားဆွံ့အသွားခဲ့သည်။ သူ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရသော်လည်း ငြင်းဆန်ရန် အကြောင်းပြချက် မရှာတွေ့နိုင်ပေ။
"ကဲပါ... ငါတို့ ဒီလောက်ကြီးတဲ့ သားရဲကြီးကို အမဲလိုက်နိုင်ခဲ့ပြီ... ငါတို့ နှစ်ယောက်တည်းတောင် ရွာထဲရောက်အောင် မနည်းသယ်သွားရမှာ..."
"ဒီတောင်တန်းတွေထဲက သားရဲတွေကို တခြားတစ်နေ့မှပဲ ဆက်ပြီး အမဲလိုက်ကြတာပေါ့..."
ကျောက်လင်က ထပ်မပြောတော့ဘဲ စာမရီသမင်အသားတစ်တုံးကို ကောက်ယူကာ ထမ်းစင်ပေါ်သို့ ချက်ချင်း တင်လိုက်၏။
ထို့နောက် သူတို့နှစ်ဦးသည် ထမ်းစင်ကို ပခုံးပေါ်တွင် ထမ်းကာ ထင်းရှူးနက်ကျေးရွာဆီသို့ ဖြည်းညင်းစွာ လျှောက်သွားကြသည်။
ယန်ချန်ယွီသည် နံနက်စာ စားနေရင်း သူ၏ မျက်လုံးများက နောက်ဘက်တောင်တန်းဆီသို့ အဆက်မပြတ် လှမ်းကြည့်နေ၏။
"ဟွန့်... ကျောက်လင်... မင်း စစ်တပ်ထဲရောက်တာ တစ်လတောင် မပြည့်သေးဘူး... ပြီးတော့ ကျားယန်ကျင့်စဉ်ကိုတောင် မင်း မကျွမ်းကျင်သေးဘူးလေ..."
"ဒီတောင်တန်းတွေထဲမှာ လှည့်လည်သွားလာနေတဲ့ သားရဲတွေ ရှိတယ်... မင်းရဲ့ ခွန်အားနဲ့ဆို ဝံပုလွေတစ်ကောင်ကိုတောင် ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာ..."
"ဟွန်း. သူ ဒုက္ခရှာနေတာပဲ..."
ယန်ချန်ယွီသည် ထမင်းတစ်ပန်းကန်ကို စားသုံးပြီးနောက် လှောင်ပြောင်စွာ ရယ်မောလိုက်သည်။
ယန်ချန်ယွီက ပန်းကန်ကို ကောက်ကိုင်ကာ အိမ်ထဲသို့ ပြန်ဝင်ရန် ရည်ရွယ်လိုက်စဉ် သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အေးခဲသွားပြီး နောက်ဘက်တောင်တန်းဆီသို့ အံ့ဩတကြီး စိုက်ကြည့်နေမိ၏။
ရှေ့တွင် ကျောက်လင်ရှိပြီး နောက်တွင် ရှုံ့တကျွမ်း ရှိနေသည်။ သူတို့နှစ်ဦးသည် ထမ်းစင်ကို ထမ်းကာ ရွာဆီသို့ လျှောက်လာနေကြ၏။
ယန်ချန်ယွီက မြင်လိုက်ရသည်၊ ထမ်းစင်ပေါ်တွင် ကြီးမားသော အသားတုံးကြီးတစ်ခု အထင်အရှား ရှိနေပေသည်။
တစ်နည်းဆိုရသော် ကျောက်လင်နှင့် ရှုံ့တကျွမ်းတို့သည် သားရဲတစ်ကောင်ကို အမဲလိုက်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
မကြာမီကမှ ကျောက်လင်အား လှောင်ပြောင်နေခဲ့သော ယန်ချန်ယွီသည် အနည်းငယ် နေမထိထိုင်မသာ ဖြစ်သွား၏။
ကျောက်လင်၏ အိမ်သည် ထင်းရှူးနက်ကျေးရွာ၏ အစွန်တွင် ရှိသည်။ ထိုလူနှစ်ဦးသည် နောက်ဘက်တောင်တန်းမှ ထွက်လာပြီး ကျောက်လင်၏ အိမ်ရှေ့သို့ တိုက်ရိုက် သယ်ဆောင်လာခဲ့ကြသည်။
"အား... ခင်ပွန်း... ရှင်က အရမ်းတော်တာပဲ..."
စုယောင်သည် ဝါးကျည်တောက်ထမင်း စားပြီးခါစဖြစ်ပြီး ခြံဝင်းကို ရှင်းလင်းရန် ပြင်နေစဉ် ကျောက်လင်က စာမရီသမင်အသားများကို ပြန်လည်သယ်ဆောင်လာသည်ကို မြင်လိုက်ရသောအခါ အံ့ဩသွားခဲ့၏။
မုဆိုးမိသားစုမှ ဆင်းသက်လာသူ တစ်ယောက်အနေဖြင့် စုယောင်သည် တောင်ပေါ်တွင် ကြီးမားသော သားရဲများကို အမဲလိုက်ရန် အလွန်ခက်ခဲကြောင်း ကောင်းစွာ သိရှိထားသည်။
တောင်တန်းများပေါ်တွင် အရွယ်အစား ကြီးမားလာနိုင်သည့် သားရဲများသည် အလွန်နိုးကြားကြသလို အလွန်လည်း ကြမ်းကြုတ်ကြပြီး ဤဝိသေသလက္ခဏာ နှစ်ရပ်ကြောင့် ကြီးမားသော သားရဲများကို အမဲလိုက်ရန် အတော်လေး ခက်ခဲစေခြင်း ဖြစ်သည်။
ကျောက်လင်သည် တောင်ပေါ်သို့ ရောက်နေသည်မှာ အချိန်မည်မျှ ကြာပြီနည်း။
နာရီဝက်သာ ရှိသေးသည်။
ဤသည်မှာ တောင်ပေါ်သို့ အတက်အဆင်း ပြုလုပ်ရသည့် အချိန်များပါ ပါဝင်နေသောကြောင့် ကျောက်လင်သည် တောင်ပေါ်သို့ ရောက်ပြီး မကြာမီမှာပင် ကြီးမားသော သားရဲတစ်ကောင်ကို အမဲလိုက်နိုင်ခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
စုယောင်၏ စိတ်ထဲရှိ ကျောက်လင်၏ ပုံရိပ်သည် အခြားအဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့၏။
"ငါလား တော်တာပေါ့..."
ကျောက်လင်က အပြုံးမျက်ဝန်းများနှင့် စုယောင်အား စိုက်ကြည့်လိုက်သည်။
ထိုအခါ စုယောင်သည် ကျောက်လင်၏ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားပြီး ရှက်သွေးဖြာကာ အိမ်ထဲသို့ ပြေးဝင်သွားခဲ့၏။
"ဝက်ဝံကြီး... မင်း အိမ်ယူသွားဖို့ အသားကျင်းနှစ်ဆယ်လောက် ငါ ဖြတ်ပေးမယ်..."
"မင်း စားချင်သလောက်သာ စား... ဒီအသားတွေ ကုန်သွားရင် ငါတို့ တောင်ပေါ်တက်ပြီး သားရဲတွေကို ထပ်အမဲလိုက်ကြတာပေါ့..."
ကျောက်လင်က ပျော်ရွှင်စွာ ပြောလိုက်၏။
စကားပြောပြီးသည်နှင့် ကျောက်လင်က ကွင်းတပ်ဓားကို ယူကာ ခုတ်ချလိုက်သည်။ ချိန်ခွင် မရှိသောကြောင့် ကျောက်လင်သည် သူ၏ ခံစားမှုဖြင့်သာ အသားတစ်တုံးကို ဖြတ်ယူလိုက်ခြင်း ဖြစ်သည်။
"ကောင်းပြီ... ဒါကို အိမ်အရင်ပြန်ထားပြီး ခဏနေရင် ပြန်လာခဲ့မယ်..."
ဤတစ်ကြိမ်တွင်တော့ ရှုံ့တကျွမ်းက အားနာမနေတော့ပေ။
ရှုံ့တကျွမ်း ထွက်သွားပြီးနောက် ထင်းရှူးနက်ကျေးရွာမှ ရွာသူရွာသားများနှင့် နယ်ခြားစောင့်တပ်သား အချို့သည် ပြေးလာကြပြီး အသားနှစ်တုံးအား ပြင်းပြသော ဆန္ဒများရှိသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။
"သခင်လေး... ဒီအသားတွေက ရောင်းဖို့လား..."
ထိုအခိုက်တွင် ရွာသားတစ်ယောက်က မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။
ထင်းရှူးနက်ကျေးရွာမှ ရွာသားများသည် တောင်တန်းများနှင့် နီးကပ်စွာ နေထိုင်ကြသော်လည်း တောင်တန်းများ၏ အနက်ရှိုင်းဆုံးနေရာသို့ မသွားရဲကြချေ။ သူတို့သည် နောက်ဘက်တောင်တန်း၏ အစွန်အဖျားတွင်သာ တောယုန်များကို ဖမ်းရန် ထောင်ချောက်များ တူးရဲကြသည်။ စာမရီသမင်ကဲ့သို့ ကြီးမားသော သားရဲများကို သူတို့ တစ်ခါမှ အမဲမလိုက်ဖူးပေ။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော စစ်ပွဲများကြောင့် ထင်းရှူးနက်ကျေးရွာမှ ရွာသားများသည်လည်း ငတ်မွတ်ခေါင်းပါးနေကြပြီး တောဟင်းသီးဟင်းရွက်များကိုသာ အားထား၍ အသက်ရှင်သန်နေကြရသည်။
ထို့ကြောင့် ဤစာမရီသမင်အသားကို မြင်လိုက်ရသောအခါ ရွာသားများသည် ဝယ်ယူစားသောက်ရန် စိတ်အားထက်သန်နေကြ၏။
"ရောင်းမှာပေါ့... သေချာပေါက် ရောင်းမှာပါ..."
"အခုကစပြီး အားလုံးက ရွာတစ်ရွာတည်းမှာ အတူတူ နေထိုင်ကြတော့မှာဆိုတော့ ငါက ဈေးကြီးကြီးနဲ့ မရောင်းတော့ပါဘူး..."
"မနေ့က ငါတို့ မင်ချွမ်မြို့ကနေ လာခဲ့တယ်... မြို့ထဲမှာ အသားတစ်ကျင်းကို နှစ်ဆယ့်ငါးဝမ် ပေးရတယ်လို့ ကြားခဲ့တယ်..."
"ငါ ကျောက်လင်က ငွေမက်တဲ့သူ မဟုတ်ပါဘူး... မင်းတို့ကို တစ်ကျင်းကို ဝမ်နှစ်ဆယ်နဲ့ ရောင်းပေးပါ့မယ်..."
ကျောက်လင်က ဝမ်းသာအားရ ပြောလိုက်၏။
ဈေးနှုန်းမှာ ငါးဝမ်အထိ ကျဆင်းသွားရာ ဤသည်ကို ရွာသားများအား မျက်နှာချိုသွေးသည့် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်နိုင်သည်။
"မရဘူး..."
ရုတ်တရက် ယန်ချန်ယွီသည် လက်ကိုမြှောက်ကာ ကျောက်လင်အား လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
ကျောက်လင်၏ မျက်လုံးများသည် ယန်ချန်ယွီအပေါ်သို့ ရေခဲတမျှ အေးစက်စွာဖြင့် ချက်ချင်း ကျရောက်သွား၏။
"ဒီသားရဲကို ထင်းရှူးနက်ကျေးရွာရဲ့ နောက်ဘက်တောင်တန်းကနေ အမဲလိုက်ခဲ့တာဆိုတော့ သဘာဝကျကျပဲ ထင်းရှူးနက်ကျေးရွာနဲ့ သက်ဆိုင်တယ်..."
"ကျောက်လင်... ထင်းရှူးနက်ကျေးရွာက ရွာသားတွေဟာ ဆင်းရဲဒုက္ခရောက်နေကြရတာ... ပြီးတော့ မင်းက သူတို့ရဲ့ ကံဆိုးမိုးမှောင်ကျမှုအပေါ် အခွင့်အရေး ယူနေတယ်... မင်းလုပ်ရပ်က တကယ့်ကို မှားယွင်းနေတာပဲ..."
"အဖွဲ့ခေါင်းဆောင် တစ်ယောက်အနေနဲ့ ငါ အခု ဆုံးဖြတ်လိုက်ပြီ... ဒီအသားတွေကို အားလုံးကြားမှာ အညီအမျှ ခွဲဝေပေးရမယ်..."
ကျောက်လင်၏ လူသတ်ချင်နေသော အကြည့်ကို လျစ်လျူရှုကာ ယန်ချန်ယွီက ရဲတင်းစွာ အော်ပြောလိုက်၏။
ထင်းရှူးနက်ကျေးရွာမှ ရွာသားများ၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်လက်သွားကြသည်။
ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်း၊ ဟန်ဟိုင်နှင့် အခြား နယ်ခြားစောင့်တပ်သား ခြောက်ဦးတို့သည် ယန်ချန်ယွီအား နားမလည်နိုင်သော အမူအရာများဖြင့် ကြည့်လိုက်ကြ၏။ ယန်ချန်ယွီက ကျောက်လင်ကို အဘယ်ကြောင့် ပစ်မှတ်ထားနေရသနည်းဆိုသည်ကို သူတို့ လုံးဝ နားမလည်နိုင်ကြပေ။
"ဟီးဟီး..."
ကျောက်လင်က ပြုံးလိုက်သည်။ ယန်ချန်ယွီသည် သူ၏အပေါ် ရန်လိုနေကြောင်းကို သူ ခံစားသိရှိနိုင်နေပြီ ဖြစ်၏။
ယခင်ခေါင်းဆောင် ယွီကျောက် သေဆုံးသွားပြီးနောက် ဤယန်ချန်ယွီသည် တပ်စုမှူး ကျန်းဖုန်းထံသို့ သွားရောက်တွေ့ဆုံခဲ့ပုံရသည်။ သူတို့ ဘယ်လို သဘောတူညီချက်မျိုးတွေ လုပ်ခဲ့ကြလဲဆိုတာ စဉ်းစားစရာပင်။ ယခုအခါ ဤခေါင်းဆောင်သစ်က ကျောက်လင်ကို ဆက်လက်၍ ပစ်မှတ်ထားနေဆဲ ဖြစ်သည်။
ရုတ်တရက် ကျောက်လင်သည် သူ၏ ကွင်းတပ်ဓားကို စာမရီသမင်အသားထဲသို့ စိုက်ချလိုက်၏။
"ဟာသပဲ... ငါ့ဘဝမှာ ဘာတွေဖြစ်လာမလဲဆိုတာ ဆုံးဖြတ်ရအောင် မင်းက မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ..."
"ငါ အခုချက်ချင်းပဲ ကြေညာလိုက်မယ်... ငါ့အသားတွေကို ယန်ချန်ယွီ... မင်းကို မရောင်းနိုင်ဘူး... မင်း ဒီကနေ ထွက်သွားလို့ရပြီ..."
ဤအခြေအနေတွင် ကျောက်လင်သည် ယန်ချန်ယွီအား မျက်နှာသာပေးရန် မည်သည့် ရည်ရွယ်ချက်မျှ မရှိတော့ချေ။
"သူက အဖွဲ့ခေါင်းဆောင် ဖြစ်နေတော့ရော ဘာဖြစ်လဲ..."
"ငါ ကျောက်လင်က မင်းကို ကြောက်နေမယ်လို့ တကယ်ပဲ ထင်နေတာလား..."