အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အခန်း (၁၇) မြေရိုင်းမှ မြေဩဇာကောင်းသော လယ်ယာမြေအဖြစ် ပြောင်းလဲခြင်း
"စနစ်နေရာလွတ်က ဒီလောက်တောင် အသုံးဝင်တာပဲ..."
ကျောက်လင်မှာ စိတ်လှုပ်ရှားသွား၏။
ယခုအခါ ကျောက်လင်သည် တောင်ကို သူကိုယ်တိုင် အပြည့်အဝ တူးဖောက်ကာ ဥမင်လှိုဏ်ခေါင်းတစ်ခုကို ကိုယ်တိုင် ဖောက်လုပ်နိုင်ပြီဖြစ်သည်။။
ထို့ကြောင့် ကျောက်လင်က မြေကြီးများကို ဆက်တိုက် ဆုပ်ကိုင်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည် တောင်ကြောထဲသို့ လျင်မြန်စွာ ဝင်ရောက်သွား၏။
ကျောက်လင် လျှောက်သွားရန် လုံလောက်သော အရွယ်အစားရှိသည့် တောင်ဥမင်တစ်ခုက ဆက်လက် ရှည်လျားသွားသည်။
မီတာနှစ်ရာခန့် အနက်အထိ တူးပြီးနောက်တွင်တော့ ကျောက်လင်သည် တောင်၏ တစ်ဖက်ခြမ်းမှ ထွက်ပေါ်လာခဲ့၏။
သူ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျောက်လင်က တောင်ခြေရှိ သူ၏ စစ်တပ်ပိုင်မြေကို မြင်လိုက်ရသည်။
"နောက်ဆုံးတော့ ချိတ်ဆက်သွားပြီ..."
"နောက်တစ်ဆင့်က စနစ်ဈေးဆိုင်ကနေ လှိုင်းတွန့်ပိုက်တွေ တစ်ပိုင်းချင်းဝယ်ပြီး စမ်းချောင်းဆီ ရောက်တဲ့အထိ ချိတ်ရမယ်..."
ကျောက်လင်က ပြုံး၍ ပြောလိုက်၏။
နံပါတ် ၃၅ လှိုင်းတွန့်ပိုက် - တစ်ချောင်းလျှင် စနစ်အမှတ် ၅၀
ပထမဆုံး အချောင်းငါးဆယ် ဝယ်လိုက်သည်။
စနစ်အမှတ် ၂၅၀၀ ချက်ချင်း ပျောက်ကွယ်သွား၏။
စနစ်အမှတ် - ၄၆၆၀
အပြင်ဘက်အချင်း ၃၅ စင်တီမီတာရှိသော လှိုင်းတွန့်ပိုက်တစ်ခုကို ထုတ်ယူကာ ဥမင်ထွက်ပေါက်တွင် ချထားလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျောက်လင်က စနစ်နေရာလွတ်ထဲတွင် သိမ်းဆည်းထားသော မြေကြီးများကို ပြန်လွှတ်ထုတ်ကာ ဥမင်ကို ပြန်လည် ဖုံးအုပ်လိုက်၏။
နောက်တစ်ဆင့်မှာ ထိုလုပ်ငန်းစဉ်ကို ထပ်ခါတလဲလဲ ပြုလုပ်ရန်ပင် ဖြစ်သည်။ လှိုင်းတွန့်ပိုက်ကို ထုတ်ယူကာ ပိုက်နှစ်ပိုင်းကို ချိတ်ဆက်ပြီးနောက် မြေကြီးများကို လွှတ်ထုတ်၍ ဥမင်တစ်ခုလုံးကို ဖြည့်တင်းကာ ကျစ်လစ်သွားစေသည်။
နာရီဝက်ခန့် အလုပ်လုပ်ပြီးနောက် လှိုင်းတွန့်ပိုက် အချောင်းလေးဆယ် အသုံးပြုကာ ဥမင်တစ်ခုလုံးကို အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့၏။
ယခုအခါ ကျောက်လင်သည် စမ်းချောင်းထဲရှိ ရေအိုင်ဆီသို့ ပြန်ရောက်နေပြီ ဖြစ်သည်။
"တောင်ထဲက ပိုက်တွေတော့ ချိတ်ဆက်ပြီးသွားပြီ..."
"နောက်တစ်ဆင့်က အထက်က စီးကျလာတဲ့ စမ်းချောင်းရေ အကုန်လုံးကို ပိတ်ဖို့ ဒီမှာ ရေကာတာတစ်ခု ဆောက်ရမယ်..."
"ဒါပေမဲ့ ငါ့ရဲ့ စစ်တပ်ပိုင်မြေအတွက် ရေလှောင်ကန်ကို အရင်ဆောက်ဖို့ လိုသေးတာပဲ... အဲ့ဒါမှ ဒီမှာ ရေချိတ်ဆက်ပြီးတာနဲ့ စီးလာတဲ့ ရေတွေအကုန်လုံး ရေလှောင်ကန်ထဲ ရောက်သွားမှာ... ရေခမ်းတဲ့ ရာသီမှာတောင် စိုက်ပျိုးဖို့အတွက် ရေလှောင်ကန်ထဲကနေ အချိန်မရွေး ရေယူသုံးလို့ရတယ်လေ..."
ကျောက်လင်က စိတ်ထဲတွင် ကောင်းမွန်သော အစီအစဉ်တစ်ခု ရှိနေပြီဖြစ်သဖြင့် ပြုံးလိုက်၏။
ထို့ကြောင့် ကျောက်လင်က တောင်ကို လျင်မြန်စွာ ကျော်ဖြတ်ကာ ပထမဆုံး လှိုင်းတွန့်ပိုက်၏ ထွက်ပေါက်ဆီသို့ ရောက်ရှိသွားသည်။
"ဟေး ဒီတောင်ခြေမှာ သဘာဝအတိုင်း ချိုင့်ဝှမ်းတစ်ခု ရှိနေတာပဲ... အတော်ပဲ... အဲ့ဒီမှာ ငါးကန်ကြီးတစ်ခု တူးလိုက်မယ်... ရေသွင်းပြီးရင် ငါးသားပေါက်လေးတွေပါ ထည့်ထားလို့ရတယ်... အဲ့တာဆို အချိန်မရွေး ငါးစားလို့ရပြီပေါ့..."
တောင်ပေါ်တွင် ရပ်နေစဉ် ကျောက်လင်က အောက်ဘက်ရှိ မြေမျက်နှာသွင်ပြင်ကို သူ၏ လင်းယုန်မျက်လုံးများဖြင့် အကဲခတ်လိုက်ပြီး အစီအစဉ်တစ်ခုကို ချက်ချင်း ဆုံးဖြတ်လိုက်၏။
ထို့နောက် ကျောက်လင်က လှိုင်းတွန့်ပိုက်ကို ထုတ်ယူကာ မြေနိမ့်ပိုင်းအထိ ချိတ်ဆက်လိုက်သည်။
ငါးကန်တူးရန် ကိစ္စကတော့ ရိုးရှင်းပေသည်။
ကျောက်လင်က မြေကြီးကို လက်နှစ်ဖက်ဖြင့် ထပ်မံ ထိတွေ့လိုက်၏။ သူက စနစ်ကို စိတ်ဖြင့် အမိန့်ပေးလိုက်သည်နှင့် တစ်ကြိမ်လျှင် မြေကြီး တစ်ကုဗမီတာကို စုဆောင်းနိုင်မည် ဖြစ်သည်။
နာရီဝက်ခန့် အလုပ်များပြီးနောက်တွင်တော့...
အနက် သုံးမီတာနှင့် ဧရိယာ စတုရန်းမီတာ ငါးရာရှိသော လေးထောင့်ပုံ ငါးကန်တစ်ခုကို အောင်မြင်စွာ တူးဖော်နိုင်ခဲ့၏။
"ရေအရင်းအမြစ် ပြဿနာတော့ ဖြေရှင်းပြီးသွားပြီ..."
"နောက်တစ်ဆင့်က မြေရှင်းဖို့ပဲ..."
ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။
ထို့နောက် ကျောက်လင်က လှိုင်းတွန့်ပိုက်အတိုင်း တောင်ပေါ်သို့ လျှောက်တက်သွား၏။
လမ်းတစ်လျှောက်တွင် ကျောက်လင်သည် ငါးကန်တူးစဉ်က စုဆောင်းထားသော မြေကြီးများကို စနစ်နေရာလွတ်ထဲမှ ပြန်လွှတ်ထုတ်ကာ လှိုင်းတွန့်ပိုက်များအပေါ် ဖုံးအုပ်လိုက်ပြီး ၎င်းတို့ကို အပြည့်အဝ ဖုံးကွယ်လိုက်သည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက်တွင်တော့ ကျောက်လင်သည် သူ၏ စစ်တပ်ပိုင်မြေသို့ နောက်ဆုံးတွင် ရောက်ရှိသွား၏။
"စနစ်နေရာလွတ် ရှိနေတော့ ဒီစစ်တပ်ပိုင်မြေကို ရှင်းလင်းရတာ တော်တော်လေး လွယ်ကူတာပဲ..."
ကျောက်လင်က ခပ်ဖွဖွ ပြုံးလိုက်သည်။
ကျောက်လင်သည် မြေရိုင်းဆီသို့ ရောက်ရှိသွားပြီး မြေကြီးကို လက်နှစ်ဖက်ဖြင့် ချက်ချင်း ထိတွေ့လိုက်ကာ မြေတစ်ကုဗမီတာကို စနစ်နေရာလွတ်ထဲသို့ တိုက်ရိုက် သိမ်းဆည်းလိုက်ပြီးနောက် စနစ်နေရာလွတ်ထဲမှ မြေကြီးများကို ပြန်လည် လွှတ်ထုတ်လိုက်၏။
ဤသည်မှာ မြေကို တစ်ကြိမ် ထွန်ယက်လိုက်သည်နှင့် တူညီပြီး ပေါင်းသင်ရသည့် ဒုက္ခကို သက်သာစေသည်။
ထို့နောက် ကျောက်လင်သည် သူ၏ ၃၅ မူ ရှိသော မြေအားလုံးကို တစ်နာရီကြာ အချိန်ယူကာ ထွန်ယက်လိုက်၏။
ထို့အပြင် မြေကြီးကို တစ်မီတာ အနက်အထိ ထွန်ယက်ခဲ့ခြင်း ဖြစ်သည်။
ဤမြေ ၃၅ မူပေါ်တွင် မည်သည့် သီးနှံများကို စိုက်ပျိုးသင့်သနည်း။
ထိုအခိုက်တွင် ကျောက်လင်က လယ်ကွင်းဘေး၌ ရပ်ကာ မိမိကိုယ်ကိုယ် မေးခွန်းထုတ်လိုက်၏။
တစ်မူလျှင် တစ်နှစ်ကို စပါး နှစ်ရှီ ထွက်ရှိရမည် ယဖြစ်ပြီး စုစုပေါင်း တစ်နှစ်လျှင် စပါး အရှီ ၆၀ ဖြစ်သောကြောင့် ဆန်စပါးကို မဖြစ်မနေ စိုက်ပျိုးရပေမည်။
"ဒီကမ္ဘာက စပါးမျိုးကွဲတွေက အထွက်နှုန်း ကန့်သတ်ချက် ရှိတယ်... အကောင်းဆုံး လယ်ယာမြေတောင်မှ တစ်မူကို အများဆုံး ကျင်း ၁၅၀ ပဲ ထွက်နိုင်တာ... တစ်နှစ်ကို နှစ်သီးစားရင်တောင် တစ်မူရဲ့ အများဆုံး နှစ်စဉ်အထွက်နှုန်းက ကျင်း ၃၀၀ သို့မဟုတ် ၃ ရှီ ပဲရှိတယ်..."
"ဒါပေမဲ့ ငါ့ရဲ့ စပါးမျိုးစေ့တွေက စနစ်ဈေးဆိုင်ကနေ လာတာဆိုတော့ သေချာပေါက် အရည်အသွေးမြင့် မျိုးကွဲတွေပဲ... သေသေချာချာ စိုက်ပျိုးမယ်ဆိုရင် တစ်မူကို အထွက်နှုန်း ကျင်း ၁၀၀၀ လောက်ရဖို့ ဖြစ်နိုင်တယ်..."
"စပါးစိုက်ဖို့ မြေ ၂၀ မူကို စီစဉ်ရမယ်..."
"ကျန်တဲ့ မြေ ၁၅ မူမှာ ဘယ်သီးနှံတွေ စိုက်မလဲဆိုတာကိုတော့ အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်မယ်..."
ကျောက်လင်က အစီအစဉ်တစ်ခုကို လျင်မြန်စွာ တွေးတောလိုက်၏။
ဆီထွက်နိုင်သောကြောင့် မုန်ညင်းစေ့ကို သေချာပေါက် စိုက်ပျိုးရန် လိုအပ်ပေသည်။
မြေပဲနှင့် နေကြာပင်အချို့ကိုလည်း စိုက်ပျိုးသင့်သည်။ ၎င်းတို့က အေးအေးဆေးဆေး စကားပြောခြင်းနှင့် နောက်ပြောင်ခြင်းတို့အတွက် မရှိမဖြစ် လိုအပ်လှ၏။
ကြံအချို့ကိုလည်း မိသားစု စားသုံးရန်နှင့် သကြားပြုလုပ်ရန်အတွက် စိုက်ပျိုးသင့်သေးသည်။
ဂျင်ဆင်း၊ ဝံပုလွေသီးနှင့် ပျားရည်စုပ်ပန်း ကဲ့သို့သော ဆေးဖက်ဝင်အပင်များကို စိုက်ပျိုးရန် ဟုတ် မဟုတ် ဆိုသည်မှာ အခြေအနေအပေါ် မူတည်ပေသည်။
ပန်းသီး၊ ရှောက်မျိုးနွယ်ဝင် သစ်သီးများ၊ စပျစ်သီးနှင့် အခြား သစ်သီးဝလံ သီးနှံများကိုလည်း စိတ်ထဲ မှတ်ထားမည် ဖြစ်ပြီး အနာဂတ်တွင် သေချာပေါက် စိုက်ပျိုးမည် ဖြစ်၏။
ဤအရာများကို စနစ်ဈေးဆိုင်တွင် ဝယ်ယူနိုင်သော်လည်း ကိုယ်တိုင် စိုက်ပျိုးရသည့် ခံစားချက်မှာ ငွေဖြင့် ဝယ်ယူရသည်နှင့် မတူညီပေ။
ထို့အပြင် စနစ်ဈေးဆိုင်မှ အရာအားလုံးကို ဝယ်ယူ၍မရနိုင်ဘဲ ဟန်ဆောင်မှုအချို့ ပြုလုပ်ရန်လည်း လိုအပ်သေးသည်။
"ဘာတွေပဲ စိုက်စိုက်၊ မြေကြီးကို အခုလေးတင် ထွန်ယက်ထားတာဆိုတော့ ပိုးမွှားတွေ အကုန်သေသွားအောင်၊ မြေဩဇာ ညီမျှသွားအောင်နဲ့ မြေကြီးတည်ဆောက်ပုံ တိုးတက်လာအောင် ရေခဏလောက် သွင်းထားဖို့ လိုတယ်..."
ကျောက်လင်က ခပ်ဖွဖွ ပြုံးလိုက်၏။
ရည်ရွယ်ချက်မှာ ငါးကန်မှတစ်ဆင့် လယ်ကွင်းများဆီသို့ ရေသွယ်ယူရန် ဖြစ်သောကြောင့် ရေသွင်းရန်အတွက် ရေခပ်စရာ မလိုတော့စေရန် ကျောက်လင်သည် ငါးကန်နှင့် လယ်ကွင်းများကို ချိတ်ဆက်မည့် ရေပိုက်အချို့ကို တပ်ဆင်ရန် လိုအပ်မည် ဖြစ်သည်။
နံပါတ် ၁၆ ပလတ်စတစ်ပိုက် - တစ်ချောင်းလျှင် အမှတ် ၂၀
လယ်ကွင်းများထဲသို့ သွယ်တန်းမည့် ရေပိုက်များအတွက် ဤမျှကြီးမားသော လှိုင်းတွန့်ပိုက်များ မလိုအပ်ဘဲ အပြင်ဘက်အချင်း ၁၆ စင်တီမီတာရှိသော ပလတ်စတစ်ပိုက်ဆိုလျှင် လုံလောက်ပြီ ဖြစ်၏။
ကျောက်လင်က အမှတ် ၁၀၀ ကို အသုံးပြု၍ ၅ မီတာရှည်သော ပလတ်စတစ်ပိုက် ငါးချောင်းကို ဝယ်ယူလိုက်သည်။
စနစ်အမှတ် - ၄၅၆၀
မကြာမီတွင် ကျောက်လင်သည် ပလတ်စတစ်ပိုက် ငါးချောင်းကို မြေအောက်တွင် မြှုပ်နှံလိုက်ပြီး ငါးကန်နှင့် သူ၏ စစ်တပ်ပိုင်မြေကို ချိတ်ဆက်လိုက်၏။
ဤအဆင့်တွင် ကျောက်လင်သည် မြေပြင်လုပ်ငန်းအားလုံးကို ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
"နောက်တစ်ဆင့်က စမ်းချောင်းဆီသွားပြီး ရေကာတာ ဆောက်ရမယ်... အဲ့ဒါမှ စမ်းချောင်းရေကို ငါးကန်ထဲ လွှဲပြောင်းနိုင်မှာ..."
သူ၏ အလုပ်များမှုများမှတစ်ဆင့် ၃၅ မူ ရှိသော မြေရိုင်းများကို မြေဩဇာကောင်းမွန်သော လယ်ယာမြေအဖြစ် ပြောင်းလဲနိုင်ခဲ့သဖြင့် ကျောက်လင်သည် ကြီးမားသော အောင်မြင်မှုခံစားချက်ကို ခံစားလိုက်ရ၏။
ဆယ်မိနစ်အကြာတွင် ကျောက်လင်က တောင်ကို ထပ်မံ ကျော်ဖြတ်ကာ စမ်းချောင်းရှိ ရေအိုင်ဆီသို့ ရောက်ရှိသွားသည်။
စနစ်နေရာလွတ် ရှိနေသောကြောင့် ရေကာတာ တည်ဆောက်ခြင်းမှာ အလွန်ပင် လွယ်ကူပေလိမ့်မည်။
ကျောက်လင်သည် နောက်ဆုံး လှိုင်းတွန့်ပိုက်ကို နေရာချလိုက်ပြီး ရေဝင်ပေါက်အစွန်းကို ရေအိုင်ထဲသို့ မြှုပ်လိုက်၏။
ထို့နောက် ကျောက်လင်က ငါးကန်တူးစဉ်က စနစ်နေရာလွတ်ထဲတွင် စုဆောင်းထားသော မြေကြီးအားလုံးကို ပြန်လည် လွှတ်ထုတ်လိုက်ရာ အလွန် ကျယ်ဝန်းသော ရေကာတာကြီးတစ်ခု ချက်ချင်းပင် တည်ဆောက်ပြီးသား ဖြစ်သွားသည်။
စမ်းချောင်းက အောက်သို့ စီးဆင်းလာကာ ရေအိုင်ထဲသို့ ဝင်ရောက်သွားသော်လည်း ရေကာတာ၏ ပိတ်ဆို့ထားမှုကြောင့် ရေမျက်နှာပြင်မှာ မြင့်တက်လာ၏။
ထို့နောက် ရေအားလုံးသည် လှိုင်းတွန့်ပိုက်များမှတစ်ဆင့် တောင်၏ တစ်ဖက်ခြမ်းရှိ ငါးကန်ထဲသို့ စီးဝင်သွားသည်။
တာဝန်ပြီးမြောက်သွားလေပြီ။
ကျောက်လင်က ဝမ်းသာအားရဖြင့် လက်ခုပ်တီးလိုက်သည်။
"နောက်ရက်အနည်းငယ်လောက်ကျရင် လယ်ကွင်းတွေရဲ့ မြေဩဇာ ကောင်းလာတဲ့အထိ စိမ်ထားပြီးမှ စပါးစတင် စိုက်ပျိုးတော့မယ်..."
ကျောက်လင်က ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ အိမ်သို့ ပြန်ရန် မတ်တပ်ရပ်လိုက်၏။
ထိုစဉ် ကျောက်လင် ထွက်ခွာရန် ပြင်လိုက်ချိန်တွင် လင်းယုန်မျက်လုံးများက ပတ်ဝန်းကျင်ရှိ တောင်များနှင့် သစ်တောများကို အမှတ်တမဲ့ ကြည့်လိုက်မိရာ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အေးခဲသွားသည်။
"မဖြစ်နိုင်တာ၊ ဘယ်လို ကံကောင်းမှုကြီးလဲ... နောက်ထပ် စာမရီသမင်တစ်ကောင် ဒီကို ရေသောက်လာတာလား..."
ဟုတ်ပေသည်။ ကျောက်လင်သည် သစ်ပင်များကြားမှ သတိထား၍ တိုးထွက်လာသော နောက်ထပ် စာမရီသမင်တစ်ကောင်ကို တွေ့လိုက်ရခြင်း ဖြစ်၏။
အခန်း (၁၈) စာမရီသမင်ကို အရှင်ဖမ်းမိခြင်း
"ဒီမနက်က ပိုက်ဆံအရမ်းလိုနေလို့ စာမရီသမင်တစ်ကောင်ကို သတ်လိုက်ရတယ်... ပထမအချက်က ဝက်ဝံကြီးကို အကြွေးဆပ်ချင်လို့ဖြစ်ပြီး ဒုတိယအချက်က စနစ်အမှတ်တွေ စုဆောင်းချင်လို့ပဲ..."
"ဒါပေမဲ့ ဒီစာမရီသမင်က လှည်းဆွဲဖို့နဲ့ သယ်ယူပို့ဆောင်ရေးအတွက် အတော်လေး အသုံးဝင်လောက်အောင်ကို ကြီးမားတယ်..."
ကျောက်လင်သည် စာမရီသမင်ကို တွေ့ရှိလိုက်သောအခါ သူ၏ စိတ်ထဲတွင် အကြံတစ်ခု ရလာခဲ့၏။
စာမရီသမင်ကို သတ်မည့်အစား အရှင်ဖမ်းကာ ယဉ်ပါးအောင် ယဉ်ကျေးစေပြီး နောင်တွင် သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုရန် ဖြစ်သည်။
"ဒီနေ့ စနစ်ဈေးဆိုင်ကနေ ပစ္စည်းနှစ်မျိုး ဝယ်ပြီးသွားပြီဆိုတော့ စနစ်အမှတ်တွေသုံးပြီး ပစ္စည်းတွေ ထပ်ဝယ်လို့ မရတော့ဘူး..."
"အခု စာမရီသမင်ကို အရှင်ဖမ်းချင်တယ်ဆိုရင်တော့ ငါ့ရဲ့ ကိုယ်ပိုင်ခွန်အားကိုပဲ သုံးရတော့မယ်..."
ကျောက်လင်က တီးတိုးရေရွတ်လိုက်၏။
ဟုတ်ပေသည်။ လက်ရှိတွင် ကျောက်လင်၌ စုယောင်နှင့် ရှန်ချန်းရွှယ်ဟူသော ဇနီးနှစ်ယောက်သာရှိပြီး စနစ်ဈေးဆိုင်မှ တစ်နေ့လျှင် ပစ္စည်းနှစ်မျိုး အများဆုံးသာ ဝယ်ယူနိုင်ပေသည်။
ကျောက်လင်သည် လှိုင်းတွန့်ပိုက်နှင့် ပလတ်စတစ်ပိုက်ဟူသော ပစ္စည်းနှစ်မျိုးကို ဝယ်ယူခဲ့ပြီးဖြစ်ရာ စနစ်ဈေးဆိုင်မှ အခြားမည်သည့်ပစ္စည်းကိုမျှ ထပ်မံ ဝယ်ယူ၍ မရနိုင်တော့ပေ။
ထို့ကြောင့် ကျောက်လင်သည် ဆက်မစောင့်တော့ရန် ဆုံးဖြတ်လိုက်၏။ သူက သစ်တောထဲမှ တိတ်တဆိတ် ဖြတ်သန်းကာ စာမရီသမင်ရှိရာ အောက်ဘက်သို့ လှည့်ပတ်သွားလေသည်။
ဤစာမရီသမင်မှာ ယနေ့မနက်က အကောင်ထက် ပိုသေးသော်လည်း အလေးချိန် ပေါင်လေးရာကျော် ရှိနေဆဲဖြစ်ရာ ကြီးမားသော တောရိုင်းတိရစ္ဆာန်တစ်ကောင် ဖြစ်နေဆဲပင်။
စာမရီသမင်က စမ်းချောင်းအောက်ဘက်တွင် ရေတစ်ငုံသောက်လိုက်ပြီးနောက် အထက်သို့ မော့ကြည့်ကာ ပတ်ဝန်းကျင်ကို သတိထား၍ အကဲခတ်နေ၏။
ဤစာမရီသမင်သည် နွားနောက်၏ ရုပ်ခန္ဓာနှင့် သမင်၏ သတိထားတတ်မှုကို အမွေရထားသည်ဟု ဆိုရပေမည်။
သို့သော် ကျောက်လင်၌ ပြီးပြည့်စုံသောအဆင့် အမဲလိုက်ကျွမ်းကျင်မှု ရှိနေမည်ဟု စာမရီသမင်က ဘယ်သောအခါမှ မျှော်လင့်ထားခဲ့မည် မဟုတ်ပေ။ တောင်များနှင့် သစ်တောများထဲတွင် လမ်းလျှောက်သောအခါ သူသည် ပေါ့ပါးသော ခြေလှမ်းများ၊ တည်ငြိမ်သော အသက်ရှူနှုန်းနှင့် လွန်ကဲသော စိတ်ရှည်သည်းခံမှုတို့ဖြင့် လျင်မြန်ဖြတ်လတ်သော ကြောင်တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။
ထိုအခိုက်တွင် ကျောက်လင်သည် စာမရီသမင်၏ အောက်ဘက်သို့ နောက်ဆုံးတွင် လှည့်ပတ်ရောက်ရှိသွားလေပြီ။ သူက ဆက်မစောင့်တော့ဘဲ လက်ဗလာဖြင့် ရုတ်တရက် ပြေးဝင်သွားလိုက်သည်။
ဝှစ်... ဝှစ်...
ကျောက်လင်၏ ရှိနေမှုကို ခံစားမိသွားသောအခါ စာမရီသမင်က ဆယ်မီတာအကွာရှိ သစ်ပင်နောက်မှ ရုတ်တရက် ခုန်ထွက်လာပြီး လန့်ဖျပ်စွာ အော်ဟစ်ရင်း ခြေလှမ်းအနည်းငယ်ဖြင့် ထွက်ပြေးရန် ပြင်လိုက်၏။
ထို့နောက် စာမရီသမင်က သစ်တောထဲသို့ ထွက်ပြေးရန် ကြိုးစားလေသည်။
“ကျောက်စရစ်ခဲ… သွားစမ်း..."
ကျောက်လင်မှာ အလွန် လျင်မြန်လှ၏။ သူက ပြေးထွက်သွားရာ ယခုအခါ စာမရီသမင်နှင့် ငါးမီတာသာ ကွာဝေးတော့သည်။ ရုတ်တရက် သူ့လက်ထဲတွင် ကျောက်စရစ်ခဲတစ်လုံး ထွက်ပေါ်လာ၏။
ဤအရာများမှာ ကျောက်လင်က စနစ်နေရာလွတ်ကို အသုံးပြု၍ ဥမင်လှိုဏ်ခေါင်း တူးဖော်စဉ် မြေကြီးထဲမှ စုဆောင်းထားခဲ့သော ကျောက်ခဲများပင် ဖြစ်သည်။
သူက ကျောက်ခဲကို စနစ်နေရာလွတ်ထဲမှ ထုတ်ယူကာ ချက်ချင်း ပစ်ပေါက်လိုက်၏။
လက်သီးဆုပ်အရွယ်ရှိသော ကျောက်စရစ်ခဲက စာမရီသမင်၏ ဝမ်းဗိုက်အောက်ပိုင်းကို ထိမှန်သွားရာ ထိုအရှိန်ကြောင့် စာမရီသမင်မှာ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
ချက်ချင်းပင် စာမရီသမင်၏ အမြန်နှုန်းမှာ အလိုအလျောက် လျော့ကျသွား၏။
ကျောက်လင်က ချက်ချင်း ရှေ့သို့ ပြေးထွက်သွားပြီး စာမရီသမင်၏ နောက်ခြေထောက်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ကာ ဂျင်တစ်ခုကဲ့သို့ စာမရီသမင်၏ ခန္ဓာကိုယ်ကို လွှဲရမ်းပစ်လိုက်သည်။
စာမရီသမင်က ရုန်းကန်ရန် ကြိုးစားသော်လည်း ၎င်း၏ ခန္ဓာကိုယ်မှာ ကျောက်လင်၏ လွှဲရမ်းခံနေရသဖြင့် လေထဲတွင် ခြေချစရာ မရှိတော့ပေ။
ရုတ်တရက် ကျောက်လင်က စာမရီသမင်၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။
စာမရီသမင်၏ အလေးချိန်နှင့် ကျောက်လင်၏ လွှဲရမ်းအားတို့ ပေါင်းစပ်သွားမှုကြောင့် စာမရီသမင်၏ ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် မီတာဝက်ခန့် နက်သော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားစေသည်။
ဝှစ်... ဝှစ်...
စာမရီသမင်မှာ မူးဝေသွားပြီး အန္တရာယ်ရှိနေပြီဖြစ်ကြောင်းကို သိလိုက်၏။ ၎င်းက ထူးဆန်းသော အသံများကို ဆက်တိုက် ပြုလုပ်နေပြီး ထရပ်ကာ ထွက်ပြေးရန် ကြိုးစားနေဆဲ ဖြစ်သည်။
သို့သော် ကျောက်လင်က ၎င်းအား အခွင့်အရေးမပေးဘဲ စာမရီသမင်၏ နောက်ခြေထောက်ကို ချက်ချင်း ဖမ်းဆွဲကာ ဆက်လက် လွှဲရမ်းလိုက်၏။
ထို့နောက် ကျောက်လင်က ထိုနည်းလမ်းကို အသုံးပြု၍ စာမရီသမင်ကို ဆက်တိုက် လွှဲရမ်းနေပြီး တစ်ခါတစ်ရံ မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။
နောက်ဆုံးတွင်တော့ စာမရီသမင်မှာ သတိလစ်သွားပြီး မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျသွားလေ၏။
"ဒီသမင်ချိုနှစ်ချောင်းက အရမ်းထက်မြက်ပြီး အန္တရာယ်များတယ်... ဖြတ်ပစ်လိုက်မှပဲ..."
ကျောက်လင်က သတိလစ်နေသော စာမရီသမင်ကိုကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
ချက်ချင်းပင် ကျောက်လင်က စနစ်နေရာလွတ်ထဲမှ ကွင်းတပ်ဓားတစ်လက်ကို ထုတ်ယူကာ သမင်ချိုများကို ချိန်ရွယ်၍ သနားညှာတာမှု ကင်းမဲ့စွာ ခုတ်ချလိုက်၏။
ပေါင်သုံးရာရှိသော ရုပ်ခန္ဓာ၏ ခွန်အားဖြင့် ကွင်းတပ်ဓား၏ အရှိန်က ပိုမို ပြင်းထန်လာပြီး ထက်မြက်သော ဓားသွားက ပဲပြားကို လှီးဖြတ်ရသကဲ့သို့ သမင်ချိုနှစ်ချောင်းကို လွယ်ကူစွာ ဖြတ်တောက်သွားလေသည်။
စာမရီသမင်မှာ နာကျင်မှုကြောင့် ထပ်မံ နိုးထလာ၏။
စာမရီသမင်က ထရပ်ရန် ရုန်းကန်နေစဉ် ကျောက်လင်က ဘေးရှိ သစ်ပင်မှ နွယ်ကြိုးတစ်ချောင်းကို ခုတ်ယူလိုက်ပြီး စာမရီသမင်၏ လည်ပင်းတွင် လျင်မြန်စွာ ချည်နှောင်လိုက်သည်။
စာမရီသမင်က ရုန်းထွက်ကာ ထွက်ပြေးရန် ကြိုးစားနေ၏။
ကျောက်လင်က တုံ့ဆိုင်းနေခြင်းမရှိဘဲ ကွင်းတပ်ဓားကို ကောက်ကိုင်လိုက်ကာ ဓားကျောဖြင့် စာမရီသမင်၏ ခေါင်းကို ရိုက်ချလိုက်သည်။
ဓားကျောဖြင့် ခေါင်းကို အကြိမ်အနည်းငယ် ရိုက်ခံရပြီးနောက် စာမရီသမင်မှာ နာကျင်မှုကို မခံနိုင်တော့ဘဲ နောက်ဆုံးတွင် ငြိမ်ကျသွားလေ၏။
"ကဲ... ငါ့နောက်လိုက်ခဲ့... အခုကစပြီး မင်း ဇိမ်ကျကျ နေရတော့မယ်..."
ထိုအခိုက်တွင် ကျောက်လင်က စာမရီသမင်၏ မျက်လုံးထဲမှ အကြောက်တရားကို မြင်လိုက်ရသဖြင့် ပြုံးကာ ပြောလိုက်ခြင်း ဖြစ်သည်။
ထို့နောက် ကျောက်လင်က ကြိုးအစား နွယ်ကြိုးကို အသုံးပြု၍ စာမရီသမင်ကို ဆွဲခေါ်ကာ ထင်းရှူးနက်ကျေးရွာဆီသို့ ဦးတည်သွားလေသည်။
ပရုတ်သစ်ပင်အောက်တွင်။
ယန်ချန်ယွီနှင့် အခြားသော နယ်ခြားစောင့်တပ်သား ရှစ်ယောက်တို့ စုဝေးနေကြ၏။
ထင်းရှူးနက်ကျေးရွာမှ ရွာသူရွာသား အချို့လည်း စုရုံးနေကြသည်။
"အဖွဲ့ခေါင်းဆောင်ယန်... ခင်ဗျားရဲ့ လက်က အရိုးကျိုးသွားတာလေ... ပြန်ကောင်းဖို့ ဘယ်လောက်ကြာမယ်လို့ ဆရာဝန်က ပြောလဲ..."
ထိုအခိုက်တွင် ယောင်းဟွိုင်တောက်က စိုးရိမ်တကြီး မေးလိုက်၏။
"တစ်လလောက်နေရင်တော့ ပြန်ကောင်းသွားမှာပါ... ဆရာဝန်က ငါ့ကို ကျောက်စိမ်းအရိုး ဆက်ဆေးလူးပေးတယ်... အဲ့ဒါက ငွေနှစ်ပြားတောင် ကုန်သွားတာ..."
ယန်ချန်ယွီက မှုန်ကုပ်နေသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
ထိုအကြောင်းကို တွေးမိသောအခါ ယန်ချန်ယွီသည် ကျောက်လင်အပေါ် ပြင်းထန်သော ဒေါသများ ထွက်ပေါ်လာ၏။
သို့သော် ယန်ချန်ယွီက သူသည် ကျောက်လင်၏ ပြိုင်ဘက်မဟုတ်ကြောင်းကို ယခုအခါ နားလည်နေပေပြီ။ အကယ်၍ သူက ကျောက်လင်ကို လူချင်းတွေ့ပြီး ပြဿနာရှာရဲပါက ကျောက်လင်၏ အရိုက်ခံရဖွယ် ရှိနေသည်။
ထို့ကြောင့် ယန်ချန်ယွီသည် စစ်တပ်ပိုင်မြေအတွက် မြေယာဖော်ထုတ်ရေး ကိစ္စတွင် ကျောက်လင်အား အခက်အခဲအချို့ ဖန်တီးပေးရန် တွေးတောနေခဲ့၏။
"အော် ဒါနဲ့... ယွီကျောက် သေဆုံးသွားလို့ ထင်းရှူးနက်ကျေးရွာမှာ တာဝန်ကျတဲ့ နယ်ခြားစောင့်တပ်သား ဆယ်ယောက်မှာ အခု တစ်ယောက် လိုသွားပြီ..."
"တပ်စုမှူးကျန်းဖုန်းက အထက်လူကြီးတွေဆီကို တင်ပြထားပြီး မနက်ဖြန်ကျရင် နယ်ခြားစောင့်တပ်သားအသစ် တစ်ယောက် ရောက်လာလိမ့်မယ်လို့ ငါ့ကို ပြောထားတယ်..."
ထိုအခိုက်တွင် ယန်ချန်ယွီသည် လူတိုင်း၏ အာရုံစိုက်မှုကို လွှဲပြောင်းရန်နှင့် သူ၏ လက်ဒဏ်ရာကို သတိမပြုမိစေရန် လိုအပ်နေပေသည်။
ထိုစကားကို ကြားသောအခါ ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်း၊ ဟန်ဟိုင်နှင့် ရှုံ့တကျွမ်းတို့မှာ အနည်းငယ် အံ့အားသင့်သွားကြ၏။
သို့သော် သေချာတွေးကြည့်လျှင်လည်း ယုတ္တိရှိပေသည်။
ထင်းရှူးနက်ကျေးရွာတွင် စစ်တပ်ပိုင်မြေ ဆယ်ကွက်ကို ခွဲဝေပေးထားပြီး ဖြစ်၏။ မွန်းလွဲပိုင်းတွင် မြေယာခွဲဝေပေးသည့် အရာရှိ ချင်းကျစ်အန်းက စစ်တပ်ပိုင်မြေ ကိုးကွက်ကို ခွဲဝေပေးခဲ့ရာ စစ်တပ်ပိုင်မြေ တစ်ကွက်မှာ လွတ်နေသေးသည်။
တစ်ယောက်ယောက်ကို ဖြည့်တင်းရန် စီစဉ်ရပေမည်။
"ဒါနဲ့... မင်းတို့ ကျောက်လင်ကို တွေ့လိုက်သေးလား..."
"ကျောက်လင်က နံပါတ်တစ်ဆယ်မြေကွက်ကို ရသွားတယ်လို့ ငါထင်တယ်... အဲ့ဒါက လုံးဝ မြေရိုင်းဖြစ်ပြီး မြေဩဇာ မကောင်းတဲ့ နေရာလေ... အကယ်လို့ သူက အဲ့ဒီမြေကို မြေဩဇာကောင်းတဲ့ လယ်ယာမြေအဖြစ် ပြောင်းလဲချင်တယ်ဆိုရင် ကုန်ကျစရိတ်နဲ့ အချိန်အများကြီး ယူရလိမ့်မယ်..."
ထိုအခိုက်တွင် ယောင်းဟွိုင်တောက်က အခြားစကားတစ်ခုကို ပြောလိုက်၏။
စကားစက ကျောက်လင်ဆီသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ရှုံ့တကျွမ်းက ချက်ချင်း ဝင်ပြောလိုက်သည်။
"ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန် နဲ့ ကျားကျီချင်း... မင်းတို့ငါးယောက်စလုံး ကျောက်လင်ဆီကနေ စာမရီသမင်သား ဝယ်ပြီး ဈေးကွာဟချက်ကနေ အမြတ်ထုတ်ခဲ့ကြတာပဲ..."
"အကယ်လို့ ကျောက်လင်က သူ့ရဲ့ မြေကို ရှင်းလင်းဖို့ အကူအညီတောင်းလာရင် မင်းတို့ ငြင်းလို့မရဘူးနော်..."
ယနေ့ မွန်းလွဲပိုင်းက ရှုံ့တကျွမ်းမှာ တော်တော်လေး စိတ်ညစ်နေခဲ့သည်ဟု ဆိုရမည်။ သူက နံပါတ်တစ်ဆယ် မြေကွက်၏ ဆိုးရွားမှုကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီး ထိုမြေကို မြေဩဇာကောင်းသော လယ်ယာမြေအဖြစ် ပြောင်းလဲရန်အတွက် ကြီးမားသော ပေးဆပ်မှု လိုအပ်မည်ဖြစ်ကြောင်း သိထားပေသည်။
ထို့ကြောင့် ရှုံ့တကျွမ်းသည် ကျောက်လင်၏ လိုအပ်ချက်များကို တွေးတောကာ ကုန်ကျစရိတ်အချို့ သက်သာစေရန် ကူညီပေးချင်ခဲ့၏။
"အင်း... အဲ့ဒါက လုပ်ရလွယ်ပါတယ်..."
"ကျောက်လင်က ငါတို့ကို တောရိုင်းတိရစ္ဆာန်အသားတွေ ဆက်ရောင်းပေးနေသရွေ့ ငါတို့ကလည်း စစ်တပ်သူငယ်ချင်းတွေအနေနဲ့ သဘာဝကျကျပဲ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး..."
လူငါးယောက်က အလွယ်တကူ သဘောတူခဲ့သော်လည်း သူတို့တစ်ယောက်စီတိုင်းက အခြေအနေတစ်ခုစီကို တောင်းဆိုခဲ့ကြသည်။
သူတို့က ကျောက်လင်ထံမှ အသားများကို ဆက်လက်ရရှိနေသရွေ့ မင်ချွမ်မြို့သို့ သယ်ယူရောင်းချကာ ဈေးကွာဟချက်မှ အမြတ်ထုတ်နိုင်ပေသည်။
ဤသည်ကို သွယ်ဝိုက်သော လုပ်အားခ ပေးချေမှုပုံစံအဖြစ် သတ်မှတ်နိုင်၏။
"မင်းတို့ငါးယောက်ကလည်း ကိုယ်ပိုင်စစ်တပ်ပိုင်မြေတွေမှာ အဆင်ပြေနေတာ မဟုတ်ဘူးနော်... ကိုယ့်မြေကို ကိုယ်အရင် ဂရုစိုက်သင့်တယ်..."
"မူ ၃၀ ရှိတဲ့ စစ်တပ်ပိုင်မြေအတွက် တစ်နှစ်ကို စစ်တပ်အခွန်အဖြစ် စပါး အရှီ ၆၀ ပေးဆောင်ရမယ်ဆိုတာကို မင်းတို့ မမေ့သင့်ဘူး..."
ယန်ချန်ယွီက ချက်ချင်း ဝင်ပြောလိုက်၏။
သူဆိုလိုသည်မှာ သူတို့၏ ကိုယ်ပိုင် စစ်တပ်ပိုင်မြေများကိုသာ ဂရုစိုက်သင့်ပြီး ကျောက်လင်ကို မကူညီသင့်ကြောင်းပင် ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ရှုံ့တကျွမ်းက ယန်ချန်ယွီသည် ကျောက်လင်အပေါ် ကြီးမားသော နာကြည်းမှုများ ရှိနေကြောင်းကို နားလည်လိုက်သည်။
ရှုံ့တကျွမ်းက ပြန်လည်ချေပရန် ပြင်လိုက်စဉ် သူက ကျောဘက်တောင်တန်းဆီသို့ မော့ကြည့်လိုက်ရာ လူရိပ်တစ်ခုကို မြင်လိုက်ရ၏။
"ဟေး... ကျောက်လင်က ကျောဘက်တောင်တန်းကနေ ထွက်လာတယ်... သူက တောရိုင်းတိရစ္ဆာန်တစ်ကောင်ကို ဆွဲလာတဲ့ပုံပဲ..."
ရှုံ့တကျွမ်းက စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ရှုံ့တကျွမ်းမှာ ထိုနယ်ခြားစောင့်တပ်သားများနှင့် စကားဆက်ပြောရန် စိတ်ဝင်စားမှု မရှိတော့ဘဲ လျင်မြန်စွာ ပြေးထွက်သွားလေ၏။
အခြားသူများလည်း မတ်တပ်ရပ်ကာ လှမ်းကြည့်လိုက်ကြရာ ကျောက်လင်က တောရိုင်းတိရစ္ဆာန်တစ်ကောင်ကို တောင်ပေါ်မှ ဆွဲခေါ်လာကြောင်း တွေ့လိုက်ရသည်။
ထို့ကြောင့် ယောင်းဟွိုင်တောက်နှင့် အခြားသူများလည်း ကမန်းကတန်း ပြေးသွားကြ၏။
ယန်ချန်ယွီက သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အနေရခက်နေပုံပေါ်သော်လည်း သူ၏ သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ဘာဖြစ်နေသည်ကို ကြည့်ရန် နောက်မှ လိုက်သွားလေသည်။