← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃) အမဲလိုက်ရခြင်းက စိတ်လှုပ်ရှားဖွယ်ကောင်းလှ၏

"အာ..."

"ကျောက်လင်... အဲ့တာ ဘယ်လိုလေးနဲ့ မြှားမျိုးလဲ..."

ရှုံ့တကျွမ်းက ကျောက်လင်၏ ဘေးသို့ ရောက်လာပြီး သူ၏ ခြင်းတောင်းထဲရှိ ပေါင်းစပ်လေးကို မြင်သောအခါ အတော်လေး အံ့သြသွား၏။

မဟာချင်စစ်တပ်မှ အသုံးပြုသော လေးများမှာ ဦးချိုလေးများသာဖြစ်ပြီး ၎င်းတို့၏ တည်ဆောက်ပုံမှာ အလွန် ရိုးရှင်းလှပေသည်။

ပေါင်းစပ်လေး၏ စက်သီးစနစ်မှာ ဤကမ္ဘာမှ လူများအတွက် အလွန်ထူးခြားဆန်းသစ်နေပြီး သူတို့ တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

"ငါ့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်... ထားလိုက်ပါတော့... ငါ ပြောလို့ မရဘူး..."

"အဲ့ဒီလေးနဲ့ မြှားက ဦးချိုလေးထက် ပိုကောင်းတယ်... သားရဲကို ထိလိုက်တာနဲ့ ချက်ချင်း သေသွားမှာပဲ..."

ကျောက်လင်က တောင်ပေါ်သို့ ဆက်လက် ပြေးတက်သွားရင်း ခေါင်းလှည့်မကြည့်ဘဲ ပြန်ဖြေလိုက်၏။

၎င်းကို စနစ်မှ ထုတ်လုပ်ပေးထားခြင်း ဖြစ်သောကြောင့် ကျောက်လင်က ဤလျှို့ဝှက်ချက်ကို သေချာပေါက် ထုတ်ဖော်ပြောဆိုနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် "ငါ့မှာ သူငယ်ချင်းတစ်ယောက် ရှိတယ်" ဟူသော အမြဲတမ်း ယုံကြည်ရသည့် ဆင်ခြေကိုသာ အသုံးပြု၍ ရှောင်လွှဲရတော့သည်။

ထိုသူငယ်ချင်းက ဘယ်မှာရှိသလဲဆိုသည်ကိုတော့ ကျောက်လင်က နှုတ်ဆိတ်နေခဲ့ရာ အခြားသူများ၏ စိတ်ကူးယဉ်တွေးတောမှုအပေါ်၌သာ ချန်ထားရစ်ခဲ့၏။

တကယ်တော့ ကျောက်လင်၏ စကားကို ကြားပြီးနောက် ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့ အားလုံးက ၎င်းတို့၏ စိတ်ကူးများကို အသုံးပြုကာ ကျောက်လင်တွင် ထိုညကပင် လေးနှင့်မြှားကို လာပေးသွားသော လျှို့ဝှက်ဆန်းကြယ်သည့် သူငယ်ချင်းတစ်ယောက် ရှိနေသည်ဟု ယူဆလိုက်ကြသည်။

ထိုသို့သော စနစ်မျိုး တည်ရှိနေသည်ကိုမူ သူတို့ သေချာပေါက် စိတ်ကူးကြည့်နိုင်မည် မဟုတ်ပေ။

သူတို့ ခုနစ်ယောက်သည် ထင်းရှူးနက်ကျေးရွာ၏ နောက်ဘက်တောင်ပေါ်သို့ ဝင်ရောက်လာကြပြီး ကျောက်လင်က ခေတ္တမျှပင် ရပ်တန့်ခြင်းမရှိဘဲ ဦးဆောင်သွားလေသည်။

ကျောက်လင်သည် စနစ်မှ ဆုကြေးအဖြစ် ရရှိထားသော မူလဝိညာဉ်ကျင့်စဉ်ကို စိတ်စွမ်းအားအမြုတေ ဟူသည့် ဒုတိယအဆင့်အထိ ကျင့်ကြံထားပြီး ဖြစ်သည်။ သူ၏ စိတ်စွမ်းအားက ဆယ်မီတာ ပတ်လည်အတွင်းရှိ လှုပ်ရှားမှုအားလုံးကို ရှင်းလင်းစွာ အာရုံခံနိုင်၏။

နောက်ဘက်တောင်ပေါ်ရှိ တွင်းများထဲတွင် ပုန်းအောင်းနေသော တောယုန်အချို့၊ ရစ်ငှက်များနှင့် အဆိပ်ပြင်းမြွေများ ရှိနေသော်လည်း ကျောက်လင်က ၎င်းတို့အားလုံးကို လွှတ်ပေးလိုက်သည်။

ဤအကောင်ငယ်လေးများကို ဖမ်းဆီးရန် အချိန်ဖြုန်းနေစရာ မလိုပေ။

ယခု တောင်ပေါ်သို့ ဝင်ရောက်လာပြီဖြစ်ရာ သဘာဝကျကျပင် သားရဲကြီးများကို အမဲလိုက်ရန် လိုအပ်သည်။

တောယုန်အကောင်တစ်ရာ ဖမ်းမိခြင်းက သားကောင်ကြီးတစ်ကောင်ကို အမဲလိုက်ရသလောက် အကျိုးအမြတ် မရှိပေ။

အချိန်ကုန်သက်သာမှုက လုံးဝကို ကွာခြားလှ၏။

နောက်ဘက်တောင်ပေါ်တွင် သားရဲကြီးများ မရှိသောကြောင့် ကျောက်လင်က သဘာဝကျကျပင် အချိန်မဆွဲတော့ဘဲ တောနက်ထဲသို့ တိုက်ရိုက် ဦးတည်သွားလေသည်။

"ကျောက်လင်... ငါတို့ တောနက်ထဲကို ရောက်လာပြီ... နည်းနည်းလောက် အရှိန်လျှော့ရအောင်လား... တောနက်ထဲမှာ သားရဲကြီးတွေ အများကြီး ရှိတယ်... တောနက်ထဲမှာ တောဝက်အုပ်တွေနဲ့ ဝံပုလွေအုပ်တွေ ရှိတယ်လို့ ထင်းရှူးနက်ကျေးရွာက မုဆိုးတွေပြောတာ ငါ ကြားဖူးတယ်... အဲ့ဒီသားရဲတွေနဲ့သာ တွေ့ရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်..."

ထိုအခိုက်တွင် ရှုံ့တကျွမ်းက ပတ်ဝန်းကျင်ကို သတိကြီးစွာ အကဲခတ်ရင်း တိုးညင်းစွာ အကြံပြုလိုက်၏။

"မကြောက်ပါနဲ့... ငါ ရှိတယ်လေ... မင်းတို့ အနည်းငယ်လေးတောင် ထိခိုက်ဒဏ်ရာ မရစေရဘူးလို့ ငါ အာမခံတယ်..."

ကျောက်လင်က နှစ်သိမ့်စကား ဆိုလိုက်သည်။

လင်းယုန်မျက်လုံးကို အသုံးပြု၍ အဝေးမှ စောင့်ကြည့်နိုင်စွမ်း၊ စိတ်စွမ်းအား အမြုတေကို အသုံးပြု၍ မိမိပတ်ဝန်းကျင်ရှိ သိမ်မွေ့သော လှုပ်ရှားမှုများကို ပစ်မှတ်ထားနိုင်စွမ်းနှင့် သူ၏ ပြီးပြည့်စုံသော အမဲလိုက်ကျွမ်းကျင်မှုတို့ကြောင့် ကျောက်လင်သည် အကြောက်တရားဟူသည်ကို လုံးဝ မခံစားရပေ။

ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်နှင့် ကျားကျီချင်းတို့သည် ယခင်က တစ်ခါမျှ အမဲမလိုက်ဖူးသော်လည်း သူတို့က အတော်လေး အသိဉာဏ်ရှိကြပြီး မည်သည့် အမြင်ကိုမျှ မပေးဘဲ ကျောက်လင်နောက်သို့သာ လိုက်ပါလာကြ၏။

ရုတ်တရက် ကျောက်လင်က ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

"ရှေ့မီတာနှစ်ရာအကွာမှာရှိတဲ့ အနီရောင်ပန်းတွေ ဖုံးလွှမ်းနေတဲ့ သစ်ပင်ကြီးအောက်မှာ သားရဲကြီးနှစ်ကောင် ရှိတယ်..."

ကျောက်လင်က သူ၏ အသံကြောင့် သားရဲကြီးနှစ်ကောင် လန့်ပြေးသွားမည်ကို စိုးရိမ်သဖြင့် တိုးတိုးလေး ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ ရှုံ့တကျွမ်းနှင့် သူ၏ အဖော်ခြောက်ယောက်တို့မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။

တောင်ပေါ်၌ နာရီဝက်ခန့် ကြာပြီးနောက် သူတို့သည် နောက်ဆုံးတွင် သားရဲကြီး တစ်ကောင်နှင့် ဆုံတွေ့ခဲ့ရပြီ ဖြစ်သည်။

ထိုလူခြောက်ယောက်အတွက် ဤသားရဲကြီးသည် သားရဲမဟုတ်ဘဲ ငွေတုံးငွေခဲပင် ဖြစ်လေသည်။

"မင်းတို့ရဲ့ ခြင်းတောင်းတွေကို ချထားခဲ့ပြီး ခြောက်ယောက်သား အနီရောင် ပန်းပွင့်သစ်ပင်ဆီကို တိတ်တိတ်လေး ချဉ်းကပ်သွားကြ... ငါက တခြားတစ်ဖက်ကနေ တိတ်တိတ်လေး သွားမယ်... ငါ မြှားတစ်စင်း ပစ်လိုက်လို့ မင်းတို့ဆီကို သားရဲတွေ ပြေးလာရင် အားလုံး ဝိုင်းတိုက်ကြ..."

ကျောက်လင်က ချက်ချင်း ညွှန်ကြားလိုက်၏။

ရှုံ့တကျွမ်းနှင့် အခြားခြောက်ယောက်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။

ချက်ချင်းပင် ကျောက်လင်က ကွင်းတပ်ဓားကိုလွယ်ကာ ပေါင်းစပ်လေးကို ကိုင်ဆောင်လျက် ကိုယ်ကိုကိုင်း၍ သစ်တောထဲသို့ တိုးဝင်သွားပြီး အနီရောင် ပန်းပွင့်သစ်ပင်ဆီသို့ ဦးတည်သွားလေသည်။

ရှုံ့တကျွမ်းနှင့် သူ၏ အဖော်ခြောက်ယောက်တို့က အခြား လမ်းကြောင်းတစ်ခုမှနေ၍ တိတ်တဆိတ် ချဉ်းကပ်သွားကြ၏။

ကျောက်လင်သည် အနီရောင် ပန်းပွင့်သစ်ပင်နှင့် မီတာငါးဆယ် အကွာအဝေးသို့ ရောက်ရန် ငါးမိနစ်ခန့် ကြာမြင့်ခဲ့ပြီးနောက် ၎င်းကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

"တောဝက်အုပ်ပဲ..."

"စောစောက ငါတို့တွေ့လိုက်တဲ့ သားရဲကြီး နှစ်ကောင်က အရွယ်ရောက်ပြီးသား တောဝက်ကြီးနှစ်ကောင်ဖြစ်ပြီး ဝက်ကလေး ငါးကောင်လည်း ပါသေးတယ်..."

ကျောက်လင်၏ မျက်လုံးများက အရောင်လက်သွားပြီး အလွန်အမင်း အံ့သြဝမ်းသာသွား၏။

ဤတောဝက်အုပ်ကို သတ်နိုင်လျှင် ယနေ့အတွက် အမဲလိုက်ခြင်းမစ်ရှင် ပြီးဆုံးသွားမည်ဖြစ်ပြီး အခြားသားရဲများကို အမဲလိုက်ရန် လိုအပ်တော့မည် မဟုတ်ပေ။

မီတာငါးဆယ်ဆိုသည်မှာ ပေါင်းစပ်လေး၏ ပစ်ခတ်နိုင်စွမ်း အကွာအဝေးအတွင်း၌ ရှိနေပြီ ဖြစ်သည်။

ကျောက်လင်က ရှုံ့တကျွမ်းနှင့် သူ၏ အဖော်ခြောက်ယောက်တို့၏ လှုပ်ရှားမှုများကို လှမ်းကြည့်လိုက်ရာ သူတို့သည် တောဝက်အုပ်ရှိနေသော ချောက်ကမ်းပါးအောက်ခြေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူက တြိဂံမြှားတစ်စင်းကို ချက်ချင်း တပ်ဆင်လိုက်၏။

ရွှီကနဲ အသံထွက်ပေါ်လာ၏။

မြှားက လေထုကို ခွဲထွက်သွားကာ ချက်ချင်းဆိုသလိုပင် ရောက်ရှိသွားပြီး အရွယ်ရောက်ပြီးသော တောဝက်တစ်ကောင်၏ ဗိုက်ကို တိကျစွာ ထိမှန်သွားရာ မြှားခေါင်းက ဝက်၏ ဝမ်းဗိုက်မှ ဖောက်ထွက်လာ၏။

၎င်းမှာ ပေါင်းစပ်လေး၏ ကြောက်မက်ဖွယ်ကောင်းလှသော အချက်ပင် ဖြစ်သည်။

တောဝက်များတွင် ခိုင်မာသော ကာကွယ်ရေး အရေပြား ရှိသော်လည်း ၎င်းက ပေါင်းစပ်လေး၏ ထက်မြက်မှုနှင့် ယှဉ်နိုင်စွမ်း မရှိဘဲ ၎င်း၏ ခန္ဓာကိုယ်မှာ ထိုးဖောက်ခံလိုက်ရလေသည်။

“ဂူး…”

နာကျင်မှုကြောင့် တောဝက်က ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး ကစဉ့်ကလျား ခုန်ပေါက်ပြေးလွှားတော့၏။

ကျောက်လင်က ခေတ္တမျှပင် ရပ်တန့်မနေဘဲ နောက်ထပ် တြိဂံမြှားတစ်စင်းကို တပ်ဆင်လိုက်သည်။

အခြားအရွယ်ရောက်ပြီးသော တောဝက်တစ်ကောင်က အန္တရာယ်ကို အာရုံခံမိသွားပြီး အထိတ်တလန့် ထွက်ပြေးသွားရာ တိုက်တိုက်ဆိုင်ဆိုင်ပင် ချောက်ကမ်းပါးအထက်ရှိ ကျောက်လင်ရှိရာ လမ်းကြောင်းဆီသို့ ဦးတည်သွားလေသည်။

မြှားက ချက်ချင်းဆိုသလို ထွက်ပေါ်သွားပြီး တောဝက်၏ ခေါင်းကို ထိုးဖောက်သွား၏။

“ဂူး…ဂီး”

တောဝက်မှာ မြေကြီးပေါ်သို့ တည့်တည့်မတ်မတ် လဲကျသွားကာ ခြေလက်များ တဆတ်ဆတ် တုန်ရီနေပြီး နာကျင်စွာ အော်ဟစ်နေလေသည်။

မြှားအစူးခံရသော ပထမဆုံး အရွယ်ရောက်ပြီး တောဝက်ကြီးမှာ ချောက်ကမ်းပါးအောက်သို့ ပြေးဆင်းသွားရာ သွေးများ တဟုန်ထိုး ထွက်ကျနေ၏။

ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့သည် ချုံခိုစောင့်ဆိုင်းနေပြီး ဖြစ်သည်။ အရွယ်ရောက်ပြီးသော တောဝက်ကြီး သူတို့ဆီသို့ ပြေးဝင်လာသည်ကို မြင်သောအခါ သူတို့က ဆက်လက် ပုန်းကွယ်မနေတော့ပေ။

"ညီအစ်ကိုတို့... သတ်ကြ..."

"သတ်..."

စစ်သားများ ပီပီ လူခြောက်ယောက်စလုံးသည် စစ်ပွဲ၏ ကြောက်မက်ဖွယ်ကောင်းမှုများကို ကြုံတွေ့ခဲ့ဖူးသူများဖြစ်သည်။ ဤသည်မှာ တောဝက်ကဲ့သို့သော သားရဲကြီးတစ်ကောင်နှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်း ဖြစ်သော်လည်း သူတို့က မည်သည့် အကြောက်တရားကိုမျှ မပြသခဲ့ပေ။ သူတို့က သံလှံများကို ချက်ချင်း ကောက်ကိုင်ကာ အတူတကွ ရှေ့သို့ ပြေးထွက်သွားကြ၏။

သံလှံခြောက်ချောင်းက တောဝက်ကို တစ်ပြိုင်နက်တည်း ထိုးဖောက်သွားသကဲ့သို့ပင် ဖြစ်သည်။

ရှည်လျားသော ဆူးခြောက်ချောင်းက တောဝက်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသကဲ့သို့ ဖြစ်နေ၏။

အရွယ်ရောက်ပြီးသော တောဝက်မှာ အတွင်းကလီစာများ ပျက်စီးနေပြီဖြစ်ပြီး ယခုအခါတွင်လည်း ခန္ဓာကိုယ်ကို သံလှံခြောက်ချောင်းဖြင့် ထိုးစိုက်ခံလိုက်ရပြန်သည်။ သူ၏ ခွန်အားအားလုံး ကုန်ခမ်းသွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

ဝက်ကလေး ငါးကောင်မှာ သူတို့၏ မိဘများ မြေပြင်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် လဲကျသွားသည်ကို မြင်သောအခါ ချောက်ကမ်းပါးထဲတွင် အရူးအမူး ပြေးလွှားနေကြတော့၏။

ကျောက်လင်က သူ၏ ပေါင်းစပ်လေးကို သိမ်းဆည်းလိုက်ပြီး ကွင်းတပ်ဓားကို ဆွဲထုတ်ကာ ချောက်ကမ်းပါးထဲသို့ ပြေးဝင်သွားပြီး ဝက်ကလေး ငါးကောင်ကို ပစ်မှတ်ထား၍ ခုတ်ချလိုက်လေသည်။

"ဟားဟား..."

"ဒါက အမဲလိုက်ရတဲ့ ခံစားချက်ပဲကိုး..."

ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်နှင့် ကျားကျီချင်းတို့မှာ အနည်းငယ် စိတ်လှုပ်ရှားနေကြပြီး ကိုယ်တိုင်ကိုယ်ကျ သားရဲများကို သတ်ဖြတ်ရသည့် ခံစားချက်က အံ့သြဖွယ်ကောင်းလောက်အောင် စိတ်လှုပ်ရှားစရာ ကောင်းနေ၏။

ထိုအခိုက်တွင် ကျောက်လင်က အော်ပြောလိုက်သည်။

"မင်းတို့ရဲ့ ခြင်းတောင်းတွေကို ယူလာခဲ့... ငါ တောဝက်ကို ဒီနေရာမှာပဲ အသားပိုင်းဖြတ်ပြီး ရွာကို ချက်ချင်း ပြန်သယ်သွားရမယ်..."

တောဝက်ကြီး နှစ်ကောင်နှင့် အကောင်ငယ် ငါးကောင်တို့ကို အသားပိုင်းဖြတ်လိုက်ပါက အလေးချိန် ကျင်း ၇၀၀ (ကီလိုဂရမ် ၃၅၀) ခန့် ရှိပေမည်။

လူခုနစ်ယောက်က ခြင်းတောင်းများဖြင့် အတူတကွ ပြန်လည်သယ်ဆောင်သွားရသည်မှာ အနိုင်နိုင်ပင် ဖြစ်လေသည်။

ကျောက်လင်နှင့် သူ၏ အဖွဲ့ဝင် ခုနစ်ယောက် တောင်ပေါ်သို့ အမဲလိုက်ရန် ထွက်သွားချိန်တွင်ပင် အနက်ရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ငွေရောင်လှံကို ကိုင်ဆောင်ထားသော ကြမ်းတမ်းသည့် လူတစ်ယောက်က ထင်းရှူးနက်ကျေးရွာရှိ နန်မူးသစ်ပင်ဆီသို့ ရောက်ရှိလာ၏။

ယန်ချန်ယွီနှင့် ဟန်ဟိုင်တို့က ထိုလူကို ပရုတ်သစ်ပင်အောက်၌ ဆီးကြိုနှုတ်ဆက်လိုက်ကြသည်။

"ငါက ရှောင်ရွေ့ပါ... ငါ့ကို ထင်းရှူးနက်ကျေးရွာဆီ နယ်ခြားစောင့်တပ်သားအနေနဲ့ တာဝန်ချထားလို့ပါ..."

သူ ရောက်ရောက်ချင်းပင် ယန်ချန်ယွီထံ သတင်းပို့လိုက်၏။

မှန်ပေသည်။ ယွီကျောက် သေဆုံးသွားပြီးနောက် ကျန်းဖုန်းက အထက်အရာရှိများထံသို့ အကြောင်းကြားကာ ရှောင်ရွေ့အား ထင်းရှူးနက်ကျေးရွာသို့ ပြောင်းရွှေ့တာဝန်ချထားပေးခဲ့ခြင်း ဖြစ်သည်။

"ကြိုဆိုပါတယ်... ကြိုဆိုပါတယ်... ငါက အဖွဲ့ခေါင်းဆောင် ယန်ချန်ယွီပါ..."

ယန်ချန်ယွီက ဝမ်းသာအားရ ပြောလိုက်သည်။

"အဖွဲ့ခေါင်းဆောင်... ခင်ဗျားတို့ နှစ်ယောက်တည်းလား... တခြား နယ်ခြားစောင့်တပ်သားတွေကော ဘယ်ရောက်သွားကြလဲ..."

ရှောင်ရွေ့က စိတ်မသက်မသာဖြစ်နေသည့် မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် ပြောလိုက်၏။ သူက ဤမျှဝေးကွာသော နေရာအထိ လာခဲ့ရသော်လည်း အခြားနယ်ခြားစောင့်တပ်သားများက သူ့ကို လာရောက် မနှုတ်ဆက်ခြင်းမှာ အလွန် ရိုင်းပျလွန်းလှသည်။

"သူတို့... တောင်ပေါ်ကို အတူတူ အမဲလိုက် ထွက်သွားကြတယ်..."

ယန်ချန်ယွီက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"အမဲလိုက်တယ်..."

"ဒါဆို ကောင်းတာပေါ့... ငါ ရှောင်ရွေ့က အမဲလိုက်ရတာကို အနှစ်သက်ဆုံးပဲ... အဖွဲ့ခေါင်းဆောင်... ခင်ဗျားကို တောင်ပေါ် ခေါ်သွားပြီး အမဲလိုက်ရင် ဘယ်လိုလဲ..."

ရှောင်ရွေ့မှာ ချက်ချင်းပင် အလွန် စိတ်ဝင်စားသွားကာ အကြံပြုလိုက်လေတော့သည်။

အခန်း (၂၄) မင်းရဲ့ သားကောင်တွေကို ငါ လုယူမယ်

ကျောက်လင်က လက်ထဲရှိ ကွင်းတပ်ဓားဖြင့် တောဝက်၏ အလောင်းကို ကျွမ်းကျင်စွာ ခွဲစိတ်လိုက်၏။

ကျွမ်းကျင်သော သားသတ်သမားတစ်ဦး နွားတစ်ကောင်ကို ခုတ်ထစ်နေသည့်အလားပင်။

သူ၏ လှုပ်ရှားမှုများရှိ အင်အားနှင့် ချောမွေ့မှုတို့က မြင်တွေ့ရသူများအတွက် အလွန် ကြည့်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်စေသည်။

ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့သည် သူတို့၏ ခြင်းတောင်းအသီးသီးကို ကိုင်ဆောင်ကာ ဘေးတစ်ဖက်တွင် တိတ်ဆိတ်စွာ ရပ်နေကြပြီး ကျောက်လင်၏ ခွဲစိတ်မှုစွမ်းရည်ကို အားကျစွာ ကြည့်နေကြ၏။

မကြာမီမှာပင် တောဝက်ခုနစ်ကောင်၏ အလောင်းများကို ထက်ဝက်စီ ပိုင်းဖြတ်ကာ တစ်တန်းတည်း စီချထားလိုက်သည်။

"ငါတို့ ခုနစ်ယောက်ရှိတာဆိုတော့ တစ်ယောက်ကို ပေါင်တစ်ရာလောက် သယ်နိုင်ရင် လုံလောက်ပြီ..."

ကျောက်လင်က ပြုံးလိုက်၏။

ထိုအခိုက်တွင် ယောင်းဟွိုင်တောက်က အကြံပြုလာသည်။

"ကျောက်လင်... ငါတို့ တောင်ပေါ်ရောက်နေမှတော့ အပြန်ကျရင် ယူသွားဖို့ တောကောင်တချို့ ထပ်ပြီး အမဲမလိုက်ကြဘူးလား..."

"ငါတို့ ထမ်းစင်သုံးခုလောက် လုပ်လိုက်ရင် ဒီအသားတစ်ဆယ့်လေးတုံးလုံးကို အကုန် သယ်သွားလို့ရတယ်..."

"ပြီးတော့ ငါတို့ ခုနစ်ယောက် ယူလာတဲ့ ခြင်းတောင်းတွေထဲမှာလည်း တောကောင်တချို့ကို ထည့်သယ်သွားလို့ ရသေးတာပဲ..."

ထိုစကားကို ကြားသောအခါ အခြားသူများကလည်း ယောင်းဟွိုင်တောက်၏ အကြံအစည်ကို ချက်ချင်း သဘောပေါက်သွားကြ၏။

"ဟုတ်တယ် ကျောက်လင်... အခု မင်ချွမ်မြို့မှာ အသားလိုအပ်ချက်က အရမ်းများနေတာ... အသားသာဆိုရင် စားသောက်ဆိုင်တွေ၊ ပေါက်စီဆိုင်တွေနဲ့ ပွဲစားရုံတွေ အကုန်လုံးက အဲ့ဒီကို သွားပို့တာနဲ့ လက်ခံကြမှာပဲ..."

"ငါတို့ ခုနစ်ယောက်လုံးက ကျားယန်ကျင့်စဉ်ကို ကျင့်ကြံထားကြတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အရမ်းကောင်းတယ်လေ... လူနှစ်ယောက်ပေါင်းရင် အသားပေါင်သုံးရာလောက်ကို အေးအေးဆေးဆေး သယ်နိုင်တယ်..."

"ဟုတ်တယ်... ငါတို့ တောင်ပေါ်ရောက်နေမှတော့ အမြတ်ကြီးကြီးရအောင် လုပ်ကြတာပေါ့..."

လူတိုင်းက ကျောက်လင်အား ဝိုင်းဝန်းဖျောင်းဖျရန် ကြိုးစားလာကြသည်။

ထိုစကားများကို ကြားသောအခါ ကျောက်လင်က ပြုံးလိုက်၏။

တကယ်တော့ တောဝက်သားများအားလုံးကို ပြန်သယ်ရန် ထမ်းစင်တစ်ခု မည်သို့ပြုလုပ်ရမည်ကို ကျောက်လင် မသိဘဲ နေမည်လား။ လူခုနစ်ယောက် ယူဆောင်လာသော ခြင်းတောင်းများကိုလည်း တောကောင်ငယ်လေးများ သယ်ဆောင်ရန် အသုံးပြုနိုင်သေးသည်။

သူက တမင်သက်သက် လုပ်ခဲ့ခြင်းဖြစ်၏။

ယခုအခါ ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့အကြားရှိ ငွေရှာလိုစိတ်များ နိုးကြားလာခဲ့ပြီဖြစ်သည်။ သူတို့က နောက်ထပ် တောကောင်များကို အမဲလိုက်ရန် ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုလာကြသဖြင့် ကျောက်လင်အတွက် သူတို့အား ဖျောင်းဖျရမည့် အားအင်များကို သက်သာသွားစေသည်။

"ကောင်းပြီလေ... အားလုံးက ဒီလောက်တောင် စိတ်အားထက်သန်နေကြမှတော့ မင်းတို့ကို နောက်ထပ် တောကောင်တချို့သွားပြီး အမဲလိုက်ဖို့ ငါ ခေါ်သွားပေးရတာပေါ့..."

ကျောက်လင်က ချက်ချင်းပင် သဘောတူလိုက်၏။

ထို့နောက် လူတိုင်းက သစ်ပင်များနှင့် နွယ်ပင်များကို ခုတ်ထစ်ကာ ထမ်းစင်သုံးခု ပြုလုပ်ရန် ချက်ချင်း ဝိုင်းဝန်းလုပ်ဆောင်ကြသည်။

ကျောက်လင်က တစ်ယောက်တည်း ရှေ့မှထွက်သွားပြီး တောဝက်များရှိခဲ့သည့် ချောက်ကမ်းပါးဆီသို့ ဆင်းသွား၏။

တောင်ကုန်းတောင်တန်းများနှင့် သစ်တောများထဲတွင် တောကောင်များကို အမဲလိုက်သည့်အခါ တောကောင်များသည် ရေလိုအပ်သဖြင့် ရေစီးကြောင်းများအတိုင်း လိုက်သွားသင့်သည်မှာ သဘာဝပင် ဖြစ်သည်။

သေချာသည်မှာ မီတာတစ်ရာပင် မပြည့်သေးမီ ကျောက်လင်သည် သဘာဝစမ်းရေများ စီးဝင်နေသော ရေကန်ငယ်တစ်ခုကို တွေ့ရှိသွားခဲ့၏။

ရေကန်ဘေးတွင် တိရစ္ဆာန်ခြေရာ အများအပြား ရှိနေသည်။

"ဒီခြေရာတွေကို ကြည့်ရတာ အနည်းဆုံး တောကောင်အမျိုးအစား ဆယ်ဂဏန်းလောက်တော့ ရှိမယ်..."

သေချာစွာ လေ့လာကြည့်ရှုပြီးနောက် ကျောက်လင်က တိုးညှင်းစွာ ပြောလိုက်၏။

ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့သည် ပခုံးပေါ်တွင် ထမ်းစင်သုံးခုကို ထမ်းကာ နောက်မှ လိုက်ပါလာကြသည်။ ကျောက်လင်၏ စကားကို ကြားလိုက်ရသောအခါ သူတို့ခြောက်ယောက်လုံး အကြောင်းပြချက်မရှိဘဲ ထပ်မံ၍ စိတ်လှုပ်ရှားလာကြပြန်၏။

သူတို့ခြောက်ယောက် ပူးပေါင်း၍ တောဝက်တစ်ကောင်ကို သတ်ဖြတ်ပြီးနောက် သူတို့၏ သားရဲသတ်ဖြတ်လိုသော သွေးကြောများ နိုးကြားလာခဲ့ပြီး ယခုအခါ အခြားသော သားရဲကြီးတစ်ကောင်ကို ရင်ဆိုင်လိုနေကြပြီ ဖြစ်သည်။

ကျောက်လင်၏ လင်းယုန်မျက်လုံးများက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

"ဒီမှာ ခဏလောက် စောင့်နေကြဦး... ငါ ပတ်ဝန်းကျင်ကို သွားကြည့်လိုက်ဦးမယ်..."

ကျောက်လင်က စကားတစ်ခွန်းသာပြောပြီး ချက်ချင်း ထွက်သွားလိုက်၏။

သူ၏ ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ် ကျောက်လင်သည် တောကောင်များ မကြာခဏ ဖြတ်သန်းသွားလာလေ့ရှိသည့် လမ်းကြောင်းတစ်ခုကို တွေ့ရှိထားပြီးဖြစ်ကာ ထိုလမ်းကြောင်းကို တစ်ယောက်တည်း စုံစမ်းရန် သွားခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ တောဝက်သားများကို စောင့်ရှောက်နေစဉ် လူခြောက်ယောက် နောက်မှလိုက်ပါလာရန်မှာ အဆင်မပြေနိုင်ပေ။

တောကောင်များ လျှောက်သွားဖူးသော နေရာများတွင် ထင်ရှားသော ခြေရာအများအပြား ရှိနေပြီး သစ်ကိုင်းများ ကျိုးပဲ့နေသည့် လက္ခဏာများ၊ အထူးသဖြင့် တောကောင်များ၏ မစင်အနံ့အသက်များနှင့် ခြေရာလက်ရာများလည်း ရှိနေသည်။

ထိုတောကောင်များ ချန်ထားခဲ့သော ခြေရာများအတိုင်း လိုက်လာရင်း ကျောက်လင်သည် သစ်တောထူထပ်သော နေရာကို မီတာနှစ်ရာကျော် ဖြတ်သန်းလာခဲ့ပြီး နောက်ဆုံးတွင် ကြီးမားသော သားရဲကြီးတစ်ကောင်ကို တွေ့ရှိသွားခဲ့၏။

"ဝက်ဝံတစ်ကောင်ပဲ..."

"သူ့ရင်ဘတ်မှာ လခြမ်းပုံစံ အမွေးဖြူဖြူ အစင်းရာလေးရှိပြီး ကျန်တဲ့အမွေးတွေက အမည်းရောင်တွေပဲ... ဒါက အနက်ရောင် ဝက်ဝံတစ်ကောင် ဖြစ်ရမယ်..."

တစ်ချက်ကြည့်ပြီးနောက် ကျောက်လင်က ဝက်ဝံ၏ မျိုးစိတ်ကို သူ၏ စိတ်ထဲတွင် အတည်ပြုလိုက်သည်။

အနက်ရောင် ဝက်ဝံတစ်ကောင်သည် တောသစ်သီးများကို စားရန် တောသစ်သီးပင်တစ်ပင်ကို ချိုးဖဲ့နေ၏။

ကျောက်လင်က ပေါင်းစပ်လေးကို တည်ငြိမ်စွာ ထုတ်ယူလိုက်ပြီး တြိဂံမြှားတစ်စင်းကို ချက်ချင်း တပ်ဆင်ကာ ပစ်လွှတ်လိုက်သည်။

မြှားက အနက်ရောင်ဝက်ဝံ၏ လည်ပင်းကို ဖောက်ဝင်သွား၏။

သေစေနိုင်သော ထိုးနှက်ချက်တစ်ခုပင်။

အနက်ရောင်ဝက်ဝံမှာ ဟိန်းဟောက်ရန် အခွင့်အရေးပင် မရလိုက်ချေ။

ကျောက်လင်က ချက်ချင်း ပြေးသွားကာ မြှားကို ဆွဲနှုတ်လိုက်ပြီး ဝက်ဝံ၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်ကာ ၎င်းအား စနစ်နေရာလွတ်ထဲသို့ တစ်ခါတည်း သိမ်းဆည်းလိုက်သည်။

ဤအနက်ရောင် ဝက်ဝံသည် အနည်းဆုံး ပေါင်သုံးရာကျော် အလေးချိန်ရှိသဖြင့် ကျောက်လင်က ၎င်းကို ကိုယ်တိုင် မသယ်ဆောင်လိုပေ။

ထို့နောက် ကျောက်လင်သည် တောနက်ထဲသို့ ဆက်လက် လျှောက်သွားလိုက်၏။

တောကောင်များ ချန်ထားခဲ့သော ခြေရာများရှိနေသရွေ့ ကျောက်လင်သည် လက်လျှော့မည်မဟုတ်ဘဲ ဆက်လက် ရှာဖွေနေမည် ဖြစ်သည်။

နောက်ထပ် မီတာငါးဆယ်ခန့် လျှောက်ပြီးနောက် ကျောက်လင်က ရုတ်တရက် ရပ်တန့်သွား၏။

ထိုအခိုက်တွင် ကျောက်လင်၏ စိတ်စွမ်းအား အမြုတေက အနီးနားရှိ သစ်ပင်တစ်ပင်ပေါ်တွင် မြွေကြီးတစ်ကောင် ရစ်ခွေနေကြောင်း ဖော်ပြနေသည်။

ထိုမြွေကြီးက ကျောက်လင်ကို ရှင်းလင်းစွာ မြင်တွေ့သွားခဲ့ပြီး သေစေနိုင်သော ထိုးနှက်ချက်တစ်ခုပေးရန် သစ်ပင်ပေါ်မှ ခုန်ဆင်းရန် ပြင်ဆင်နေ၏။

"မင်းက ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ချင်သေးတယ်ပေါ့လေ... မင်းက သေလမ်းကို ရှာနေတာပဲ..."

ကျောက်လင်က လှောင်ပြုံး ပြုံးလိုက်သည်။

ရုတ်တရက် ကျောက်လင်က ပခုံးပေါ်မှ ပေါင်းစပ်လေးကို ယူကာ မြှားတစ်စင်းကို လျင်မြန်စွာ ပစ်လွှတ်လိုက်၏။

မြှားက သစ်ရွက်များကြားရှိ ကွက်လပ်များကို ဖောက်ဝင်သွားပြီး မြွေကြီး၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ ၎င်းကို တုံ့ပြန်ရန် အချိန်မပေးဘဲ မြှားခေါင်းက မြွေ၏ ခန္ဓာကိုယ်ကို ဖောက်ဝင်သွားကာ သစ်ပင်နှင့်တွဲလျက် သီထားလိုက်၏။

မြွေကြီးသည် တြိဂံမြှားမှ ရုန်းထွက်ရန် ကြိုးစားရင်း သစ်ပင်ပေါ်တွင် ရူးသွပ်စွာ လူးလွန့်နေသည်။

ကျောက်လင်က ပြေးသွားပြီး မြွေသည် လက်မောင်းတစ်ဖက်စာမျှ တုတ်ခိုင်ကာ ငါးမီတာခန့် ရှည်လျားကြောင်း တွေ့လိုက်ရ၏။ သူက အေးစက်စွာ ပြုံးလိုက်ပြီး လက်ထဲရှိ ကွင်းတပ်ဓားကို ဝှေ့ယမ်းလိုက်သည်။

မြွေ၏ ခေါင်းက လွင့်စင်သွား၏။

မြွေ၏ ခန္ဓာကိုယ်ကမူ လူးလွန့်နေဆဲ ဖြစ်သည်။

ကျောက်လင်က မြွေ၏ ခန္ဓာကိုယ်ကို စနစ်နေရာလွတ်ထဲသို့ ချက်ချင်း သိမ်းဆည်းလိုက်၏။

"ဒီတောင်တွေထဲက အန္တရာယ်တွေက တော်တော်လေး ကြီးမားနေတုန်းပဲ... ငါ့ရဲ့ လင်းယုန်မျက်လုံးနဲ့ စိတ်စွမ်းအား အမြုတေသာမရှိရင် ခုနက အဲ့ဒီမြွေဆိုးရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကို ကာကွယ်ဖို့ဆိုတာ တကယ်ကို ခက်ခဲလိမ့်မယ်..."

ကျောက်လင်က သက်ပြင်းချလိုက်ပြီး သူ၏ လမ်းခရီးကို ဆက်လက် ထွက်ခွာသွားသည်။

နောက်ထပ် တစ်မိုင်ခန့် လျှောက်ပြီးနောက် ကျောက်လင်သည် နောက်ဆုံးတွင် တောကောင်တစ်အုပ်ကို တွေ့ရှိသွားခဲ့၏။

"ဒီတောင်တွေထဲမှာ တောဆိတ်တွေ ရှိနေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..."

ဟုတ်ပေသည်။ ရှေ့ရှိ သစ်တောထဲတွင် တောဆိတ် အကောင်ငါးဆယ်ကျော်ပါသော အုပ်စုတစ်စုက မြက်များကို အေးအေးလူလူ စားသောက်နေကြပြီး အချို့က တစ်ရေးတစ်မော အိပ်စက်နေကြသည်ကို ကျောက်လင် တွေ့လိုက်ရ၏။

ယခု သူတို့ အချင်းချင်း ဆုံတွေ့နေကြပြီဖြစ်ရာ ကျောက်လင်သည် ၎င်းတို့ကို သေချာပေါက် လွှတ်ပေးမည် မဟုတ်ပေ။

ကျောက်လင်က တောဆိတ်များကို တိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် တောင်ပေါ်စမ်းရေကန်အနီးတွင် လူရိပ်သုံးခု ရုတ်တရက် ပေါ်လာသည်။

ယန်ချန်ယွီ၊ ဟန်ဟိုင်နှင့် ရှောင်ရွေ့တို့က အလျင်စလို ရောက်လာကြပြီး ယောင်းဟွိုင်တောက်နှင့် သူ၏ အဖွဲ့ဝင် ခြောက်ယောက်ကို ရှာတွေ့သွားခဲ့၏။

"မင်းတို့..."

"အဖွဲ့ခေါင်းဆောင်ယန်... အဲ့ဒီလူက ဘယ်သူလဲ…”

ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့က ဤလူရိပ်သုံးခုကို မြင်သောအခါ အားလုံး အံ့အားသင့်သွားကြသည်။

မည်သို့ပင်ဆိုစေ တောနက်ထဲသို့ ကျောက်လင်နောက်မှ လိုက်လာခဲ့ကြသော လူခြောက်ယောက်ကို ဤသုံးယောက်က ရှာတွေ့နိုင်ခဲ့ခြင်းမှာ အတော်လေး ထူးဆန်းနေသည်။

ထိုလူခြောက်ယောက်က ရှောင်ရွေ့၏ မျက်နှာသစ်ကို မြင်သောအခါ သူတို့ ချက်ချင်း သံသယဝင်သွားကြပြီး သူတို့၏ သံလှံများကို ဆုပ်ကိုင်ကာ ယန်ချန်ယွီနှင့် ရှောင်ရွေ့တို့ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြ၏။

"ငါက ရှောင်ရွေ့ပဲ... ထင်းရှူးနက်ကျေးရွာကို ဝင်ရောက်လာတဲ့ နယ်ခြားစောင့်တပ်သားသစ်လေ..."

"မင်းတို့က ငါတို့ကို မခေါ်ဘဲ အမဲလာလိုက်တယ်ပေါ့... မင်းတို့က ငါတို့ကို ညီအစ်ကိုတွေလို သဘောမထားပါလား..."

"ဒါဆိုရင်တော့ မင်းတို့ အမဲလိုက်ထားတဲ့ သားကောင်တွေက ငါတို့ သုံးယောက်ပိုင်တာပဲ..."

ရှောင်ရွေ့သည် ကြမ်းတမ်းသော ရုပ်ရည်နှင့် အာဏာရှင်ဆန်သော ကိုယ်ရည်ကိုယ်သွေးရှိသည့် လူတစ်ယောက် ဖြစ်သည်။ သူက ရောက်ရောက်ချင်းပင် သူ၏ ကြေညာချက်ကို တိုက်ရိုက်ပြောဆိုလိုက်၏။

သူက တောဝက်သားများကို လုယူချင်ရုံသာ ဖြစ်သည်။

"မင်း ရဲရင် လုပ်ကြည့်လေ..."

ယောင်းဟွိုင်တောက်က ဒေါသတကြီး အော်ဟစ်လိုက်၏။

တကယ်ကို မောက်မာလွန်းသည့် ကောင်ပင်။

All Chapters