အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း (၂၉) ရွှမ်ယွမ်ဇီ၊ အက်စ်အဆင့်
ချင်းပေါင်စံအိမ်၏ တတိယထပ်။
ထိုအထပ်တစ်ထပ်လုံးတွင် အခန်းတစ်ခန်းတည်းသာရှိပြီး ထိုအခန်းထဲ၌ တင့်တယ်လှပသော ကိုယ်ဟန်နှင့် လှပသော မျက်နှာပိုင်ရှင် အမျိုးသမီးတစ်ဦး ထိုင်နေ၏။
ထိုအမျိုးသမီးသည် လှပသေသပ်သော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားကာ မွန်မြတ်သော အငွေ့အသက်များ ဖြာထွက်နေပြီး သူမ၏ အပြုံးနှင့် ဟန်ပန်တိုင်းက ဉာဏ်ရည်ထက်မြက်မှု၊ ပြတ်သားမှု၊ ယုံကြည်မှုနှင့် တည်ငြိမ်မှုတို့ကို ဖော်ပြနေသည်။
ရွှမ်ယွမ်ဇီသည် မင်ချွမ်မြို့ရှိ ချင်းပေါင်စံအိမ်၏ နောက်ကွယ်မှ အဓိက ကြိုးကိုင်သူဖြစ်၏။
"သခင်မလေး... ကြာစေ့ဟင်းချို ရပါပြီ... ကျွန်မ ဝင်လာလို့ ရမလား..."
အခန်းအပြင်ဘက်မှ အစေခံမလေးတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။
"ဝင်လာခဲ့..."
ရွှမ်ယွမ်ဇီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သော်လည်း သူမ၏ အကြည့်တို့က တဝက်တပျက် ဖွင့်ထားသော ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက် လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများဆီသို့ ရောက်ရှိနေ၏။
တကျွိကျွိမြည်သံနှင့်အတူ တံခါးပွင့်သွားပြီး အစိမ်းနုရောင် ဂါဝန်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဝင်လာကာ ကြာစေ့ဟင်းချိုတစ်ပန်းကန် တင်ထားသည့် သေသပ်လှပသော လင်ပန်းတစ်ခုကို ကိုင်ဆောင်ထားသည်။
လင်ပန်းကို စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် အစေခံမလေးသည် ရွှမ်ယွမ်ဇီ တစ်စုံတစ်ခုကို နက်နက်နဲနဲ တွေးတောနေသည်ကို မြင်လိုက်ရသဖြင့် ဘေးမှ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်၏။
"အာရှို့... ဝက်ဝံနက်ရပြီလား..."
ရုတ်တရက် ရွှမ်ယွမ်ဇီက မေးခွန်းတစ်ခု မေးလိုက်၏။
"သခင်မလေး... ဦးလေးဟိုင်ဆီက ဘာသတင်းမှ မရသေးပါဘူး... စံအိမ်က ဝက်ဝံနက် မရသေးဘူး ထင်ပါတယ်..."
အစေခံမလေး အာရှို့က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
ရွှမ်ယွမ်ဇီက သက်ပြင်းချလိုက်သည်။
"အဘိုးရဲ့ မွေးနေ့က နောက်သုံးရက်နေရင် ရောက်တော့မယ်... အဖေက ငါ့ကို ဝက်ဝံနက် ရှာခိုင်းထားတာ... အဘိုးက သူ့မွေးနေ့မှာ ဝက်ဝံလက်ဝါး စားရမှဖြစ်မယ်လို့ တောင်းဆိုထားလို့ပဲ..."
"ယွီရွှေခရိုင်က နှစ်ပေါင်းများစွာ စစ်ဘေးဒဏ်ကို ခံစားခဲ့ရတယ်လေ... နိုင်ငံအနှံ့က မုဆိုးတွေက စစ်တပ်ထဲ ဝင်သွားကြသလို အဖော်မရှိလို့ တောင်အနက်ကြီးတွေထဲကို မဝင်ရဲကြတော့ဘူး..."
"ငါတို့လူတွေက တိုက်ခိုက်ရေးမှာ တော်တော်လေး အားကောင်းကြပေမဲ့ တောင်ပေါ်မှာ အမဲလိုက်တာကတော့ သူတို့ရဲ့ ကျွမ်းကျင်မှု မဟုတ်ဘူး..."
"အချိန်က အရမ်းကပ်နေပြီ... သုံးရက်အတွင်း ဝက်ဝံနက်ကို ရှာပြီး ကွမ်းနန်စီရင်စုကို ပြန်ပို့ဖို့ လိုတယ်... အဲ့တာ အရမ်းခက်ခဲလွန်းတယ်..."
"ဟူး... အဖေက အဘိုးကို ဝက်ဝံနက်နဲ့ မျက်နှာလုပ်ပြီး မျိုးနွယ်စုခေါင်းဆောင် အရိုက်အရာကို ဆက်ခံခွင့်ရဖို့ မူလက ရည်ရွယ်ထားတာ... အခုတော့ ငါ သူ့ကို မကူညီနိုင်တော့ဘူး ထင်တယ်..."
ရွှမ်ယွမ်ဇီက ကူကယ်ရာမဲ့စွာ ပြောလိုက်၏။
ထိုအခိုက်တွင် အသက်လေးဆယ်အရွယ် အမျိုးသားတစ်ဦးသည် တတိယထပ်သို့ ပြေးတက်လာ၏။ သူက တံခါးပွင့်နေသည်ကို မြင်လိုက်သော်လည်း အခန်းထဲသို့ မဝင်ရဲဘဲ ထိုနေရာတွင်သာ ရပ်နေလိုက်သည်။
"သခင်မလေး သခင်မလေး ရှာနေတဲ့ ဝက်ဝံနက်နဲ့ ပတ်သက်တဲ့ သတင်းရထားပါတယ်..."
"ခုနလေးတင် လူတစ်ယောက် စံအိမ်ထဲကို ရောက်လာတယ်... သူက တောဆိတ် ဆယ်ကောင်နဲ့ ဝက်ဝံနက်တစ်ကောင်ကို အမဲလိုက်လာတာတဲ့..."
ထိုသူမှာ ကျောက်လင်နှင့် ဈေးဆစ်နေခဲ့သော စားပွဲထိုးပင် ဖြစ်၏။
ထိုစကားကို ကြားလိုက်ရသောအခါ ရွှမ်ယွမ်ဇီက ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
"သူ ဘယ်မှာလဲ..."
ရွှမ်ယွမ်ဇီက ချက်ချင်း မေးလိုက်၏။
လွန်ခဲ့သော ခဏလေးကပင် သူမသည် ဝက်ဝံနက်ကို မရှာနိုင်မည်ကို စိုးရိမ်နေခဲ့သော်လည်း ယခုတော့ သတင်းကောင်းက ချက်ချင်း ရောက်လာခဲ့၏။ ရွှမ်ယွမ်ဇီက ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးသူ ဖြစ်သော်လည်း ဤအခိုက်အတန့်တွင်မူ သူမ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ပေ။
"အဲ့ဒီလူက ထွက်သွားပြီ... သူက ဟုန်ဖုန်းတောင်ကို သွားပြီး သူ အမဲလိုက်ထားတဲ့ သားရဲတွေ အကုန်လုံးကို အဲ့ဒီမှာ ထားခဲ့တယ်လို့ ပြောသွားတယ်..."
စားပွဲထိုးက ချက်ချင်း ပြန်ဖြေလိုက်၏။
"ကောင်းပြီ... အခု ဟုန်ဖုန်းတောင်ကို သွားကြမယ်..."
ရွှမ်ယွမ်ဇီသည် သဘာဝအားဖြင့် ပြတ်သားပြီး ထိရောက်မှုရှိသူ တစ်ဦး ဖြစ်၏။ ယခု အရေးအကြီးဆုံး ဝက်ဝံနက်ကိစ္စကို ဖြေရှင်းပြီးပြီဖြစ်ရာ အခြားအရာအားလုံးကို ဘေးဖယ်ထားနိုင်ပြီ ဖြစ်သည်။
"ဟုတ်ကဲ့... ကျွန်တော် သွားပြီး ရထားလုံး ပြင်ဆင်လိုက်ပါ့မယ်..."
စားပွဲထိုး၏ မျက်နှာအမူအရာ တင်းမာသွားပြီး ချက်ချင်း ပြန်ဖြေကာ အောက်ထပ်သို့ ကမန်းကတန်း ဆင်းသွား၏။
"သခင်မလေး... အောက်မဆင်းခင် ကြာစေ့ဟင်းချိုလေး နည်းနည်းလောက် သောက်သွားပါဦး..."
အစေခံမလေး အာရှို့က ရွှမ်ယွမ်ဇီ မျက်နှာဖုံးပုဝါကို ချွတ်လိုက်ပြီး အောက်ထပ်သို့ ဆင်းတော့မည်ကို မြင်လိုက်ရသောအခါ သူမအား အလျင်အမြန် လှမ်းခေါ်လိုက်၏။
"နည်းနည်းလောက် သောက်တာပေါ့..."
ရွှမ်ယွမ်ဇီက မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသည့် မျက်နှာဖုံးပုဝါကို တပ်လိုက်ရင်း ပြုံးကာ ပြန်ဖြေလိုက်ပြီးနောက် အခန်းထဲမှ ထွက်ခွာသွား၏။
မင်ချွမ်မြို့အပြင်ဘက်၊ ထင်းရှူးနက်ကျေးရွာသို့ သွားရာလမ်း နှစ်လီခန့် အကွာတွင် အလွန်မြင့်မားသော တောင်တစ်တောင် ရှိ၏။
တောင်ပေါ်တွင် မေပယ်ပင်များစွာ ရှိပြီး ဆောင်းဦးနှောင်းပိုင်းတွင် အနီရောင် မေပယ်ရွက်များက တောင်တစ်တောင်လုံးတွင် ယိမ်းနွဲ့နေတတ်သည်။
ထို့ကြောင့် ဒေသခံများက ထိုတောင်ကို ဟုန်ဖုန်းတောင်ဟု အမည်ပေးခဲ့ကြ၏။
ကျောက်လင်သည် ဟုန်ဖုန်းတောင်သို့ အလျင်အမြန် ပြေးသွားခဲ့ပြီးနောက် တောင်ခြေရှိ တောအုပ်လေးတစ်ခုထဲတွင် စနစ်နေရာလွတ်ထဲမှ တောဆိတ်ဆယ်ကောင်၊ အဆိပ်ပြင်းမြွေတစ်ကောင်နှင့် ဝက်ဝံနက်တစ်ကောင်တို့ကို ထုတ်ယူလိုက်၏။
ဆယ်မိနစ်ခန့် အကြာတွင် ကျောက်လင်၏ လင်းယုန်မျက်လုံးများက အဝေးမှ ချဉ်းကပ်လာသော ယာဉ်သုံးစီးကို မြင်တွေ့လိုက်ရသည်။
မြင်းလှည်းတစ်စီးနှင့် နွားလှည်းနှစ်စီးဖြစ်၏။
မြင်းလှည်းထဲတွင် လိုက်ကာကို ဖွင့်ထားပြီး ပုဝါပါးလေးဖြင့် မျက်နှာကို ဖုံးအုပ်ထားသော အမျိုးသမီးတစ်ဦးကို မြင်နေရသည်။
ထိုအခိုက်တွင် ကျောက်လင်၏ အသိစိတ်က စနစ်မျက်နှာပြင်ကို ကြည့်နေစဉ် သတင်းစကားအကွက်တစ်ခု ပေါ်လာ၏။
[အမည် - ရွှမ်ယွမ်ဇီ]
[အဆင့် - အက်စ်အဆင့်]
[ကွမ်းနန်စီရင်စုရှိ ရွှမ်ယွမ်မိသားစု၏ သမီးအကြီးဆုံးဖြစ်သော ရွှမ်ယွမ်ဇီသည် ယွီရွှေခရိုင်အတွင်းရှိ ချင်းပေါင်စံအိမ် အားလုံးကို ထိန်းချုပ်ထား၏။ ဤအမျိုးသမီးသည် စီးပွားရေး ပါရမီရှင်တစ်ဦးဖြစ်ပြီး သူမကို သိမ်းပိုက်နိုင်သူ မည်သူမဆို ရွှမ်ယွမ်မိသားစု၏ အရင်းအမြစ်များကို ရရှိလိမ့်မည်။]
ကျောက်လင်မှာ လုံးဝ မှင်တက်သွား၏။
"ဘာတွေဖြစ်နေတာလဲ..."
သူက အက်စ်အဆင့် အမျိုးသမီးတစ်ဦးနှင့် တကယ်ကြီး ဆုံတွေ့ခဲ့ရခြင်းဖြစ်သည်။
စဉ်းစားကြည့်ပါက အဆင့်(၁)ဖြစ်သော ရှန်ချန်းရွှယ်နှင့် မင်္ဂလာဦးညကို ဖြတ်သန်းပြီးနောက် သူသည် ကျင့်ကြံခြင်း နှစ်ဆယ်စာကို ရရှိခဲ့ပြီး [မူလဝိညာဉ်ကျင့်စဉ်] ဟုခေါ်သော အထူးကျင့်စဉ်တစ်ခုကိုလည်း ဆုအဖြစ် ရရှိခဲ့သည်။
"ငါသာ အက်စ်အဆင့် အမျိုးသမီးတစ်ယောက်နဲ့ မင်္ဂလာဦးညကို ဖြတ်သန်းရမယ်ဆိုရင်... စနစ်ရဲ့ ဆုလာဘ်တွေက တော်တော်လေး ရက်ရောမှာပဲ မဟုတ်လား..."
'သားသမီးနှင့် ကံကြမ္မာစနစ်' ကြောင့် ကျောက်လင်သည် စနစ်မှ အသိအမှတ်ပြုသော အမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ရတိုင်း အလိုအလျောက် စိတ်လှုပ်ရှားမှုများကို ခံစားရလေ့ရှိ၏။
"ရွှမ်ယွမ်ဇီကို သိမ်းသွင်းနိုင်ဖို့ နည်းလမ်းရှာရမယ်..."
ကျောက်လင်က ရင်ထဲတွင် သက်ပြင်းကြိတ်ချလိုက်၏။
မကြာမီ ယာဉ်သုံးစီးသည် ဟုန်ဖုန်းတောင်သို့ ရောက်ရှိလာပြီး ကျောက်လင်က လမ်းဘေးတွင်ရပ်ကာ ယာဉ်များကို လက်ပြနှုတ်ဆက်နေနှင့်ပြီ ဖြစ်သည်။
နွားလှည်းပေါ်တွင် ထိုင်နေသော စားပွဲထိုးသည် ကျောက်လင်ကို မြင်သည်နှင့် တစ်ပြိုင်နက် ပြေးလာခဲ့၏။
"ကောင်လေး... ငါတို့ စံအိမ်သခင်မကိုယ်တိုင် လာခဲ့တယ်... မင်း အမဲလိုက်ထားတဲ့ သားကောင်တွေ ဘယ်မှာလဲ..."
စားပွဲထိုးသည် အလွန်စိုးရိမ်တကြီး ဖြစ်နေပုံပေါ်၏။
ကျောက်လင်က မြင်းလှည်းကို ဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
"အဲ့ဒီမှာ ရှိတယ်... ချိန်ခွင်ပါလာလား... ဒီမှာပဲ ချိန်လိုက်..."
ထိုအခိုက်တွင် ရွှမ်ယွမ်ဇီက လိုက်ကာကို မကာ ကျောက်လင်ဆီသို့ ခြေသံဖွဖွဖြင့် လျှောက်လာ၏။
ကျောက်လင်၏ စိတ်စွမ်းအား အမြုတေက အလွန် အာရုံခံစားမှု ကောင်းမွန်၏။ ရွှမ်ယွမ်ဇီ၏ လှုပ်ရှားမှုများက အလွန် ပေါ့ပါးသွက်လက်ပြီး သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်များက အလွန် ချုပ်တည်းထားကြောင်းကို သူ သတိထားမိလိုက်သည်။
"ရွှမ်ယွမ်ဇီရဲ့ စွမ်းအားက သံမဏိအရိုးနယ်ပယ်မှာ ရှိနေတာလား..."
"မဟုတ်ဘူး... ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်လည်း ဖြစ်နိုင်တယ်..."
ကျောက်လင်မှာ အံ့သြသွားပြီး ခန့်မှန်းတွေးတောလိုက်၏။
ခရိုင်တစ်ခရိုင်လုံးကို တာဝန်ယူထားသည့် ချင်းပေါင်စံအိမ်နှင့်အတူ ရွှမ်ယွမ်ဇီ၏ ကိုယ်ပိုင်စွမ်းအားကိုလည်း သေချာပေါက် လျှော့တွက်၍မရပေ။
"ရှင် ငါ့ကို မကြောက်ဘူးလား..."
"ဒီနေရာမှာ ရှင်တစ်ယောက်တည်းမို့ ငါသာ ရှင့်ကို သတ်ပစ်လိုက်ရင် ရှင် ကြေးပြားတစ်ပြားတောင် ရမှာမဟုတ်ဘူးနော်..."
ရွှမ်ယွမ်ဇီက ကျောက်လင်ကို အထက်အောက် ကြည့်လိုက်ပြီး ကျောက်လင် တည်ငြိမ်နေသည်ကို သတိပြုမိသောအခါ သူမ မနေနိုင်ဘဲ နောက်ပြောင်လိုက်မိသည်။
"သခင်မလေး... ကျွန်တော် ချင်းပေါင်စံအိမ်ရဲ့ ဂုဏ်သတင်းကို ယုံကြည်ပါတယ်... အဲ့တာက ဒီသားရဲအကောင်နည်းနည်းထက် အများကြီး ပိုပြီး သာလွန်ပါတယ်..."
ကျောက်လင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
ဆိုလိုရင်းမှာ ရွှမ်ယွမ်ဇီက ငွေအနည်းငယ်အတွက်နှင့် ချင်းပေါင်စံအိမ်၏ ဂုဏ်သတင်းကို လျစ်လျူရှုမည်ဟု ကျောက်လင် မယုံကြည်ကြောင်းပင် ဖြစ်သည်။
ယွီရွှေခရိုင်ရှိ ရတနာများအားလုံးကို ထိန်းချုပ်ထားသူတစ်ဦးအနေဖြင့်ပင် ကိုယ်တိုင်လာရောက်၍ သားရဲအနည်းငယ်ကို လုယူရလောက်အောင် အောက်တန်းကျမည် မဟုတ်ပေ။
"ဟားဟား... မိတ်ဆွေ…ရှင်က တော်တော် နောက်တတ်တာပဲ..."
ရွှမ်ယွမ်ဇီက ပြုံး၍ ထပ်ပြောလိုက်၏။
စားပွဲထိုးနှင့် သူ၏ အကူများက တောအုပ်ထဲသို့ ဝင်သွားကြပြီး တောဆိတ်၊ မြွေနှင့် ဝက်ဝံတို့၏ အသေကောင်များကို လမ်းဘေးသို့ သယ်ဆောင်လာကြသည်။
ဝက်ဝံနက်ကို ကိုယ်တိုင် မျက်မြင်တွေ့ရှိပြီးနောက် ရွှမ်ယွမ်ဇီက တင့်တယ်ကျက်သရေရှိစွာ လျှောက်သွားကာ ဝက်ဝံ၏ အသေကောင်ကို ကိုယ်တိုင် စစ်ဆေးလိုက်၏။
"ဟုတ်တယ်... ဝက်ဝံနက် သေသွားတာ နှစ်နာရီတောင် မပြည့်သေးဘူး... ပြီးတော့ အသားကလည်း တော်တော်လေး လတ်ဆတ်နေတုန်းပဲ..."
ရွှမ်ယွမ်ဇီက ဝက်ဝံနက် သေဆုံးချိန်ကို ချက်ချင်း သိရှိနိုင်ခဲ့ခြင်းက သူမ၏ ထူးချွန်သော အကဲခတ်နိုင်စွမ်းကို ပြသနေ၏။
ရွှမ်ယွမ်ဇီသည် ယွီရွှေခရိုင်ရှိ ချင်းပေါင်စံအိမ်၏ စီးပွားရေးကို ထိန်းချုပ်ထားသည်မှာ ထင်ရှားသည်။ သူမသည် အခန်းအောင်းနေတတ်သည့် နောက်ကွယ်မှ သူဌေးတစ်ဦး မဟုတ်ပေ။ သူမက ရှေ့တန်းသို့ မကြာခဏ သွားရောက်လေ့ရှိပြီး သားရဲခွဲခြားသိမြင်ခြင်း ကျွမ်းကျင်မှုများစွာကိုလည်း တတ်မြောက်ထားသူ ဖြစ်၏။
"သခင်မလေးက မျက်စိရှင်တာပဲ... ဒီဝက်ဝံနက်ကို ဒီမနက်မှ သတ်ခဲ့တာ... ကျွန်တော်နဲ့ ကျွန်တော့်အဖော်တွေက အဲ့ဒါကို ချက်ချင်း သယ်လာခဲ့တာပါ..."
ကျောက်လင်က ချက်ချင်းပင် မြှောက်ပင့်၍ ပြောလိုက်သည်။
တကယ်တမ်းတွင် ဝက်ဝံနက်ကို သတ်ပြီးနောက် ၎င်းကို စနစ်နေရာလွတ်ထဲတွင် ချက်ချင်း သိမ်းဆည်းထားခဲ့ခြင်းဖြစ်၏။ လွန်ခဲ့သော ဆယ်မိနစ်အောက် အချိန်လေးကမှ ၎င်းကို ထုတ်ယူခဲ့ခြင်းဖြစ်ရာ အသားက သဘာဝအတိုင်း အလွန်လတ်ဆတ်နေခြင်း ဖြစ်သည်။
စားပွဲထိုးနှင့် သူ၏ အကူက သားရဲအားလုံးကို အလျင်အမြန် ချိန်တွယ်လိုက်ကြသည်။
ထိုအခိုက်တွင် စားပွဲထိုးသည် စာရင်းစာအုပ်အလွတ်တစ်အုပ်ကို ကိုင်ဆောင်ကာ ကျောက်လင်ထံသို့ ရောက်လာ၏။
"ကောင်လေး... တောဆိတ်ဆယ်ကောင်ရဲ့ စုစုပေါင်း အလေးချိန်က သုံးရာတစ်ဆယ့်ခြောက်ကျင်း ရှိတယ်... တစ်ကျင်းကို နှစ်ဆယ့်နှစ်ဝမ်နဲ့ဆိုတော့ စုစုပေါင်း ခြောက်ထောင့်ကိုးရာ့ငါးဆယ့်နှစ်ဝမ် ကျမယ်... အဆိပ်ပြင်းမြွေက ဆယ့်ငါးကျင်း ရှိတယ်... တစ်ကျင်းကို လေးဆယ့်ငါးဝမ်နဲ့ဆိုတော့ စုစုပေါင်း ခြောက်ရာ့ခုနစ်ဆယ့်ငါးဝမ် ကျမယ်... ဝက်ဝံနက်က သုံးရာလေးဆယ့်ရှစ်ကျင်း ရှိတယ်... တစ်ကျင်းကို ဝမ်တစ်ရာနဲ့ဆိုတော့ စုစုပေါင်း သုံးသောင်းလေးထောင့်ရှစ်ရာဝမ် ကျမယ်..."
"စုစုပေါင်း လေးသောင်းနှစ်ထောင့်လေးရာ့နှစ်ဆယ့်ခုနစ်ဝမ် ကျပါတယ်..."
စားပွဲထိုးက လေးနက်စွာ ပြောလိုက်၏။
ထိုအခိုက်တွင် ဘေး၌ ရပ်နေသော ရွှမ်ယွမ်ဇီက သူမ၏ လက်သေးသေးလေးကို မြှောက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီမိတ်ဆွေက ငါ့ကို အများကြီး ကူညီပေးခဲ့တာ... သူ့ကို ငွေလေးဆယ့်ငါးပြား ပေးလိုက်ပါ..."
သူမက လက်တစ်ချက် ဝှေ့ယမ်းကာ သူ့ကို နောက်ထပ် ငွေသုံးပြား အပိုဆောင်းပေးလိုက်ခြင်း ဖြစ်၏။
ဤသည်မှာ လူတို့၏ နှလုံးသားကို သိမ်းသွင်းတတ်သော ရွှမ်ယွမ်ဇီ၏ နည်းလမ်းပင် ဖြစ်သည်။
အခန်း (၃၀) ဤရွေးချယ်မှုက လုံးဝမှန်ကန်ခဲ့သည်
"စံအိမ်သခင်မက တော်တော် ရက်ရောတာပဲ..."
ကျောက်လင်က ငွေလေးဆယ့်ငါးပြားကို ဝမ်းပန်းတသာ လက်ခံလိုက်၏။
ရွှမ်ယွမ်ဇီက ပေးချင်နေမှတော့ ကျောက်လင် အနေဖြင့် သူမကို မျက်နှာသာ ပေးရမည်သာ ဖြစ်သည်။
မိတ်ဆွေဖွဲ့ခြင်းဆိုသည်မှာ အပြန်အလှန် ဆက်သွယ်ပြောဆိုပြီးနောက် သံယောဇဉ်တိုးပွားလာခြင်းပင်ဖြစ်၏။
ကျောက်လင်က ရွှမ်ယွမ်ဇီ၏ ယုံကြည်မှုကို ရယူရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ သူတို့ကြားတွင် ရင်းနှီးမှုမျိုးစေ့ကို သေချာပေါက် ချထားရမည်ဖြစ်သည်။ ဤအရောင်းအဝယ်မှစ၍ သူသည် ချင်းပေါင်စံအိမ်သို့ တောရိုင်းတိရစ္ဆာန်များကို မကြာခဏ ပို့ဆောင်ပေးမည်ဖြစ်ပြီး သူတို့သည်လည်း တဖြည်းဖြည်း ရင်းနှီးလာကြမည် ဖြစ်၏။
သူတို့ အပြန်အလှန် ဆက်သွယ်ကြသည့် အချိန်များအတွင်း ရွှမ်ယွမ်ဇီ၏ ယုံကြည်မှုကို ရယူနိုင်မည့် အခွင့်အရေး မရနိုင်ဘူးဆိုသည်ကို ကျောက်လင် လုံးဝ မယုံကြည်ပေ။
"မိတ်ဆွေ... ရှင်က ထင်းရှူးနက်ကျေးရွာကလား... ဒါမှမဟုတ် ထျဲ့လင်ကျေးရွာကလား..."
ရွှမ်ယွမ်ဇီက ရုတ်တရက် မေးခွန်းတစ်ခု မေးလိုက်၏။
ရွှမ်ယွမ်ဇီ ဤသို့မေးရခြင်းမှာ ဤလမ်းသည် ကျေးရွာနှစ်ရွာသို့သာ သွားနိုင်သောကြောင့် ဖြစ်သည်။
"ထင်းရှူးနက်ကျေးရွာကပါ..."
ကျောက်လင်က မည်သည့်အရာကိုမျှ ဖုံးကွယ်မထားပေ။
ရွှမ်ယွမ်ဇီ၏ စွမ်းရည်များနှင့်ဆိုလျှင် သူမသာ တကယ် သိချင်ပါက ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
ထို့အပြင် ရွှမ်ယွမ်ဇီကဲ့သို့ အဆင့်အတန်းမြင့်မားသူများသည် လိမ်ညာခံရသည်ကို အမုန်းဆုံးဖြစ်၏။
သူ၏ အမဲလိုက်ကျွမ်းကျင်မှုက မည်မျှအထိ ကောင်းမွန်သနည်း။
"ဖြစ်နိုင်ရင် မိတ်ဆွေက အဖော်တွေကိုခေါ်ပြီး တောင်ပေါ်မှာ အမဲသွားလိုက်သင့်တယ်... ပြီးရင် ရလာတဲ့ သားကောင်တွေ အကုန်လုံးကို ချင်းပေါင်စံအိမ်ဆီ ပို့ပေးပေါ့..."
"သူက ချင်းဟိုင်လေ... သူက မင်ချွမ်မြို့က ချင်းပေါင်စံအိမ်အတွက် တောရိုင်းတိရစ္ဆာန် ဝယ်ယူရေးကို တာဝန်ယူထားတာ... ရှင်က သူ့ကို တိုက်ရိုက် ဆက်သွယ်ရုံပဲ... ရှင်တို့ အမဲလိုက်လို့ရတဲ့ တောရိုင်းတိရစ္ဆာန် အကုန်လုံးကို အမြင့်ဆုံးဈေးနဲ့ ဝယ်ပေးပါ့မယ်.."
ရွှမ်ယွမ်ဇီက ခပ်ဖွဖွ ပြုံးလိုက်၏။
ဤစကားကို ကြားလိုက်ရသောအခါ ကျောက်လင်က အလွန်ဝမ်းသာသွားသော်လည်း သူ၏ မျက်နှာအမူအရာကတော့ တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။
"ကောင်းပါပြီ... အခုကစပြီး ကျွန်တော် အမဲလိုက်လို့ရတဲ့ တောရိုင်းတိရစ္ဆာန် အကုန်လုံးကို ချင်းပေါင်စံအိမ်ဆီ အရင်ဆုံး ပို့ပေးပါ့မယ်..."
ကျောက်လင်က သဘောတူလိုက်၏။
"ကောင်းပြီလေ... ရာသီဥတုက ပူတော့ ဒီသားကောင်တွေကို အကြာကြီး ထားလို့မရဘူး... အခု ပြန်ကြရအောင်..."
ကျောက်လင်က ချက်ချင်း သဘောတူလိုက်သည်ကို မြင်သောအခါ ရွှမ်ယွမ်ဇီက ဤခရီးစဉ်အတွက် သူမ၏ ရည်မှန်းချက် အောင်မြင်သွားပြီဟု ခံစားလိုက်ရသဖြင့် အချိန်ပို မဖြုန်းတော့ရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ကျောက်လင်က ထိုနေရာတွင် ရပ်ကာ လှည်းသုံးစီး ထွက်ခွာသွားသည်ကို ကြည့်နေလိုက်၏။
မြင်းလှည်းထဲတွင် အစေခံဖြစ်သော ချင်းဟိုင်က ယာဉ်မောင်းနေရာတွင် ထိုင်ကာ မျက်မှောင်ကြုတ်ရင်း မြင်းကို နှင်ရန် ကြာပွတ်ကို ဝှေ့ယမ်းလိုက်သည်။
"သခင်မလေး... ဘာလို့ သူ့ကို ငွေလေးဆယ့်ငါးပြား ပေးလိုက်တာလဲ..."
ချင်းဟိုင်သည် ချင်းပေါင်စံအိမ် အမြတ်ထုတ်ခံလိုက်ရသည်ဟု ခံစားနေရကာ ဤကိစ္စကို အစတည်းက ရင်ထဲတွင် မှတ်ထားခဲ့ခြင်း ဖြစ်၏။
မြင်းလှည်းထဲတွင်တော့ ရွှမ်ယွမ်ဇီက သူမ၏ မျက်နှာဖုံးပဝါကို ဖယ်ရှားလိုက်ပြီး ချင်းဟိုင်၏ စကားကို ကြားသောအခါ တည်ငြိမ်စွာ ပြုံးလိုက်သည်။
"ဦးလေးဟိုင်... အဲ့ဒီဝက်ဝံမည်းအသေကနေ သားရေဆုတ်ပြီး ဝတ်ရုံ ဒါမှမဟုတ် သားမွေးအင်္ကျီ လုပ်လိုက်ရင် ဘယ်လောက်ဈေး းရနိုင်မယ်လို့ ထင်လဲ..."
ရွှမ်ယွမ်ဇီက ပြုံး၍ မေးလိုက်၏။
"သခင်မလေး... ကျွန်တော် မသိဘူး..."
ချင်းဟိုင်၏ မျက်နှာအမူအရာက ခဲအေးသွားပြီး ရွှမ်ယွမ်ဇီက သူ့ကို ထိုမေးခွန်း ဘာကြောင့် မေးခဲ့သလဲဆိုသည်ကို သူ ဝိုးတဝါး ခန့်မှန်းမိနေပြီ ဖြစ်သည်။
"ဝက်ဝံသားရေနဲ့ လုပ်ထားတဲ့ ဝတ်ရုံဆိုတာ နန်းတွင်းအရာရှိတွေ အကြိုက်ဆုံးပဲလေ... နည်းနည်းလောက် အားထုတ်လိုက်ရင် ငွေတစ်ရာပြားလောက်နဲ့ ရောင်းလို့ရတယ်..."
"ပြီးတော့ သားမွေးအင်္ကျီတွေဆိုရင်လည်း တောက်ပတဲ့ အရာလေးတွေနဲ့ အလှဆင်လိုက်ရင် မူးမတ်ကတော်တွေရဲ့ အကြိုက်ဆုံးဖြစ်သွားပြီး ငွေတစ်ရာပြားနဲ့ ရောင်းလို့ရတယ်လေ..."
"ကဲ ပြောကြည့်ပါဦး... ငါ သူ့ကို ငွေလေးဆယ့်ငါးပြား ပေးလိုက်တာက တန်ရဲ့လား..."
ရွှမ်ယွမ်ဇီက တည်ငြိမ်စွာ ရှင်းပြလိုက်၏။
ချင်းဟိုင်မှာ လုံးဝ မှင်တက်သွားသည်။
ဤသည်က မတူညီသော နေရာများမှ ကြည့်သည့်အခါ တွေးခေါ်ပုံနှင့် ရှုထောင့်များ၏ ကွာခြားချက်ကို သရုပ်ဖော်နေခြင်းပင် ဖြစ်၏။
ချင်းဟိုင်က စီးပွားရေး၏ ချက်ချင်း အရှုံးအမြတ်များကိုသာ ဂရုစိုက်သော်လည်း အဆင့်အတန်း မြင့်မားသော ရွှမ်ယွမ်ဇီကတော့ သူမ၏ အမြင်ကို မင်းဆက်တစ်ခုလုံးအပေါ် အာရုံစိုက်ထားခြင်း ဖြစ်သည်။
ရွှမ်ယွမ်ဇီ ပွင့်ပွင့်လင်းလင်း မပြောနိုင်သော နောက်ထပ် အချက်တစ်ချက်လည်း ရှိသေး၏။ သူမက ထိုဝက်ဝံမည်း၏ အလောင်းကို အသုံးပြု၍ သူမ၏ ဖခင် မျိုးနွယ်စုခေါင်းဆောင် အမွေဆက်ခံခွင့် ရရှိစေရန် ကူညီလိုခြင်းဖြစ်သည်။
ဤသည်က ပို၍ပင် တန်ဖိုးကြီးမားလှပေသည်။
အခြားတစ်ဖက်တွင်တော့ ကျောက်လင်သည် လှည်းသုံးစီး ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် တဖြည်းဖြည်း လျှောက်လာကာ မင်ချွမ်မြို့ဘက်သို့ ဦးတည်သွားလိုက်၏။
မည်သို့ပင်ဖြစ်စေ ယောင်းဟွိုင်တောက်နှင့် သူ၏ အဖော်ခြောက်ယောက်တို့က တောဝက်သားရောင်းရန် ဆိုင်အသီးသီးသို့ သွားနေကြသဖြင့် ကျောက်လင်က သူတို့နှင့် သွားဆုံရန် အမြန်သွားရမည်ဖြစ်သည်။
မိနစ်ဆယ်ခန့် အကြာတွင် ကျောက်လင်က ရှင်းဖူလုံ စားသောက်ဆိုင်သို့ ရောက်ရှိသွားသည်။
"ကျောက်လင်... မင်း ဒီမှာရှိနေတာကိုး... ငါတို့အကုန်လုံး မင်းကို ခွဲရှာနေကြတာ..."
ရှုံ့တကျွမ်းက ပြေးလာပြီး ကျောက်လင်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်၏။
လူခြောက်ယောက်သည် တောဝက်သား အားလုံးကို ရောင်းချပြီးသွားပြီဟု ထင်ရသည်။
"ဝက်ဝံကြီး... ရော့... မင်းကို ငွေသုံးပြား အရင်ပြန်ပေးမယ်..."
ထိုအခိုက်တွင် ကျောက်လင်က သူ၏ လက်ဝါးကို ဖြန့်လိုက်ရာ ငွေသုံးပြား ပေါ်လာပြီး ရှုံ့တကျွမ်း၏ လက်ထဲသို့ တိုက်ရိုက် ကမ်းပေးလိုက်၏။
"ကျောက်လင်... ဘာလို့ မင်းပဲ မသိမ်းထားတာလဲ... မင်း ပိုက်ဆံမလိုမှပဲ ငါ့ကို နောက်မှ ပြန်ဆပ်လို့ရပါတယ်..."
ပြီးခဲ့သည့် နှစ်ရက်အတွင်း ကျောက်လင် ငွေချေးခဲ့ပုံ၊ ပြန်ဆပ်ခဲ့ပုံနှင့် နောက်တစ်ကြိမ် ငွေထပ်ချေးခဲ့ပုံတို့ကို ရှုံ့တကျွမ်း တွေးမိလိုက်သည်။
ကျောက်လင်၏ ငွေသုံးစွဲမည့် ရည်ရွယ်ချက်ကို သူ သံသယမဝင်သော်လည်း ကျောက်လင်က သူ့ထံမှ ငွေခဏခဏ တောင်းနေသည်ကိုတော့ သူ တကယ် မမြင်ချင်ပေ။
"ယူထားလိုက်ပါ..."
"ခုနက မင်းချေးပေးတဲ့ ငွေသုံးပြားကို ယူပြီး လောင်းကစားရုံသွားတာ ငွေနည်းနည်း နိုင်လာလို့ပါ..."
ကျောက်လင်က ပြုံး၍ ပြောလိုက်ပြီး ငွေသုံးပြားကို ရှုံ့တကျွမ်း၏ လက်ထဲသို့ ချက်ချင်း ထည့်ပေးလိုက်၏။
မင်ချွမ်မြို့တွင် လောင်းကစားရုံတစ်ခု တကယ်ရှိနေပြီး ကျောက်လင် လမ်းလျှောက်ထွက်စဉ်က မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဤအကြောင်းပြချက်ဖြင့် ကျောက်လင်နှင့် အခြားသူများက ငွေပြားဆယ်ဂဏန်းကျော် ထုတ်ယူလာသောအခါ ဆင်ခြေပေးစရာ ရှိသွားသည်။
"လောင်းကစား... ကျောက်လင်... မင်း စွဲမသွားစေနဲ့နော်..."
"လောင်းကစားရုံတွေရဲ့ သာမန်လှည့်ကွက်က မင်းကို အရင်ဆုံး ငွေနည်းနည်း နိုင်ခိုင်းတာပဲ... ပြီးတော့ မင်း လောင်းကစားကို စွဲသွားတဲ့အခါ မင်းဆီမှာ ငွေဘယ်လောက်ပဲရှိရှိ လောင်းကစားရုံက လှည့်စားတဲ့ နည်းလမ်းတွေသုံးပြီး မင်းဆီက ငွေတွေကို လိမ်ယူသွားလိမ့်မယ်..."
ကျောက်လင် လမ်းမှားရောက်သွားမည်ကို အမှန်တကယ် ကြောက်ရွံ့နေသဖြင့် ရှုံ့တကျွမ်းက ချက်ချင်းပင် နားချတော့၏။
“ကောင်းပါပြီ.. ငါ နားလည်ပါတယ်... အဲ့ဒီကို နောက်တစ်ခါ မသွားတော့ပါဘူး..."
ကျောက်လင်က ပြုံးလျက် သဘောတူလိုက်သည်။
မကြာမီတွင် သူတို့နှစ်ယောက် ဒုက္ခသည်စခန်းသို့ ရောက်ရှိသွားပြီး ယောင်းဟွိုင်တောက်နှင့် သူ၏ အဖွဲ့ဝင်ငါးယောက်လည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြ၏။
"ကျောက်လင်... တောဝက်သားက ခုနစ်ရာကျင်းကျော် ရှိတယ်... ငါတို့ ခြောက်ယောက်က ဆိုင်ခုနစ်ဆိုင်ကို တစ်လှည့်စီ သွားရောင်းတာ စုစုပေါင်း ကြေးပြား တစ်သောင်းခုနစ်ထောင်ရှစ်ရာ ရခဲ့တယ်..."
"သဘောတူထားတဲ့အတိုင်း မင်းက တစ်ဝက် အရင်ရမယ်..."
"ဒါက..."
လူစုံသွားသည်ကို မြင်သောအခါ ယောင်းဟွိုင်တောက်က စတင် ပြောလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ယောင်းဟွိုင်တောက် စကားမဆုံးမီ ကျောက်လင်က သူ့ကို တားလိုက်ပြီး ပြုံးလျက် ပြောလိုက်၏။
"မင်းတို့ တစ်ယောက်ကို ငွေနှစ်ပြားစီ ယူလိုက်... ကျန်တာကို ငါ့ပေး..."
ယခင် ခွဲဝေမှုစနစ်အတိုင်းဆိုလျှင် ကျောက်လင်က တစ်ဝက်ရမည်ဖြစ်ပြီး ယင်းမှာ ငွေကိုးပြားနီးပါး ရှိပေမည်။
ယခု ကျောက်လင်က ကြေးပြား ငါးထောင့်ရှစ်ရာသာ ယူမည်ဖြစ်ပြီး ယောင်းဟွိုင်တောက်နှင့် အခြားသူ ခြောက်ယောက်မှာ ကြေးပြား နှစ်ထောင်စီ ရရှိမည်ဖြစ်ကာ ၎င်းမှာ ငွေနှစ်ပြားနှင့် ညီမျှ၏။
"ဒါက..."
ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့ အားလုံးက ကျောက်လင်ကို အံ့သြတကြီး ကြည့်လိုက်ကြသည်။
"ကောင်းပြီ... အဲ့ဒါဆိုလည်း ပြီးတာပါပဲ..."
ကျောက်လင်က လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။
ဤသည်ကို မြင်သောအခါ ယောင်းဟွိုင်တောက်နှင့် အခြားသူ ခြောက်ယောက်က နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ ကျောက်လင်၏ ကြင်နာမှုကို ရင်ထဲတွင်သာ သိမ်းဆည်းထားလိုက်ကြသည်။
ထိုနေ့၏ ဝင်ငွေမှာ ငွေနှစ်ပြား ဖြစ်၏။
လူခြောက်ယောက်အတွက်တော့ ဤသည်က ချက်ချင်း ချမ်းသာသွားခြင်းနှင့် မခြားပေ။
ကျောက်လင်၏ နောက်သို့ လိုက်ခဲ့ခြင်းက မှန်ကန်သော ရွေးချယ်မှုပင်ဖြစ်သည်။
သူတို့ခြောက်ယောက်က ယခင်က မင်ချွမ်မြို့ တစ်ဝိုက်တွင် စုံစမ်းကြည့်ဖူးသည်။ ယေဘုယျအားဖြင့် မင်ချွမ်မြို့ရှိ လူများသည် အလုပ်ရှာပါက တစ်နေ့လျှင် ကြေးပြား နှစ်ဆယ့်ငါးပြား ရနိုင်ပြီး အချို့သော အလုပ်ကြမ်းများဆိုလျှင် ကြေးပြား သုံးဆယ်အထိ ရနိုင်၏။
ဤငွေနှစ်ပြားက သာမန်လူတစ်ယောက်အတွက် သုံးလစာ ဝင်ငွေနှင့် ညီမျှသည်။
မကြာမီမှာပင် လူခုနစ်ယောက်သည် တောဝက်သားရောင်းရငွေများကို ခွဲဝေလိုက်ကြ၏။
"အခု အားလုံးမှာ ပိုက်ဆံရှိနေပြီဆိုတော့ ဒုက္ခသည်စခန်းထဲသွားပြီး ငါတို့ သဘောကျတဲ့ ဒုက္ခသည်တွေ တွေ့မတွေ့ သွားကြည့်ရအောင်... ဒီနေ့ နည်းနည်းလောက် ဝယ်ကြမယ်..."
ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။
"ကောင်းပြီ... အခု ငါ့ဆီမှာ ငွေဆယ်ပြားရှိတယ်... အနည်းဆုံး ဒုက္ခသည် သုံးယောက်လောက်တော့ ဝယ်ပြန်လို့ ရလောက်ပါတယ်..."
"ငါ့ရဲ့ စစ်တပ်ပိုင်မြေကို အမြန်ဆုံး စိုက်ပျိုးဖို့ လိုနေပြီ..."
ရှုံ့တကျွမ်းကလည်း ချက်ချင်းပင် သဘောတူ ထောက်ခံလိုက်၏။
ယနေ့တွင် တောဝက်သားရောင်းချခြင်းအပြင် မင်ချွမ်မြို့သို့ လာရသည့် အခြားရည်ရွယ်ချက်တစ်ခုမှာ သူ၏ မြေယာဖော်ထုတ်ရေးအတွက် အလုပ်သမားအချို့ ရှာဖွေရန် ဒုက္ခသည်များကို ဝယ်ယူရန်ပင် ဖြစ်သည်။
ထို့ကြောင့် အမျိုးသား ခုနစ်ယောက်က ဒုက္ခသည်စခန်းထဲသို့ ယုံကြည်မှုရှိစွာ လျှောက်လှမ်းဝင်သွားကြ၏။
ပင်မခန်းမထဲသို့ ဝင်ဝင်ချင်းပင် ကျောက်လင်နှင့် သူ၏ အဖွဲ့ဝင် ခုနစ်ယောက်က သူတို့ဆီသို့ ပြေးလာနေသော အမျိုးသားတစ်ယောက်ကို အလွန် ဝမ်းသာနေသည့် အမူအရာဖြင့် မြင်လိုက်ရသည်။
"ဟွိုင်တောက်... နောက်ဆုံးတော့ မင်းတို့ အားလုံးနဲ့ တွေ့ရပြီပေါ့..."
ထိုအမျိုးသားက ရောက်ရောက်ချင်းပင် ဝမ်းသာအားရ အော်ပြောလိုက်၏။