အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း (၉) သတ်ဖြတ်ခြင်း
ဟန့်ခ်၏စကားကြောင့် ဆုရှောင်၏မျက်လုံးများ အရောင်လက်သွားသည်။
မူရင်းဇာတ်လမ်းထဲတွင် ပါဝင်ခဲ့သော အမှိုက်စွန့်ပစ်ရာနေရာကို မီးမရှို့မီ သုံးရက်အလို အချိန်ကာလဖြစ်ကြောင်း သူ နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။
ဆိုလိုသည်မှာ သူ၏တာဝန် အချိန်ကန့်သတ်ချက်အတွင်းမှာပင် အမှိုက်စွန့်ပစ်ရာနေရာ မီးရှို့ခံရမည်ဖြစ်သည်။
ထိုအရာက ဆုရှောင်အတွက် သေချာပေါက် သတင်းကောင်းတစ်ခုပင်ဖြစ်သည်။ အခြေအနေပိုမိုရှုပ်ထွေးလေ သူ၏အခွင့်အရေး ပိုများလေဖြစ်ပြီး အလွယ်တကူ အမြတ်ထုတ်နိုင်မည်ဖြစ်သည်။
ဟန့်ခ်သည် ဂိုဒေါင်အပြင်သို့ လျှောက်သွားရင်း တစ်ခုခုကို သတိရသွားဟန်ဖြင့် လှည့်ကာ ပြောလိုက်သည်။ "ငါတို့ခေါင်းဆောင်နာမည်က ဘရန်ဒန် အိုကာလို့ခေါ်တယ်၊ မင်းက အခု သက်တော်စောင့်တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီဆိုတော့ ခေါင်းဆောင်ရဲ့နာမည်ကို မသိလို့ ဘယ်ဖြစ်မလဲ"
ဆုရှောင်က ခပ်ဟဟ ရယ်မောလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ဦး ဂိုဒေါင်ထဲမှ ထွက်လာချိန်တွင် ကောင်းကင်မှာ တဖြည်းဖြည်း မှောင်မိုက်နေပြီဖြစ်ပြီး လမ်းမပေါ်တွင် ပင်ပန်းနွမ်းနယ်နေသော လမ်းသွားလမ်းလာများ ပြည့်နှက်နေသည်။
စကားစမြည်ပြောဆိုခြင်းမှတစ်ဆင့် ဆုရှောင် စုံစမ်းသိရှိရသည်မှာ အစောပိုင်းက သူတွေ့ခဲ့ရသော လူထွားကြီး၊ တစ်နည်းအားဖြင့် သူ၏လက်ရှိ 'အထက်လူကြီး' ဘရန်ဒန် အိုကာသည် သက်တော်စောင့်တပ်ဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်လာသည်မှာ ဆယ်နှစ်နီးပါး ရှိပြီဖြစ်သည်။
အဆက်အသွယ်ကျယ်ပြန့်ကာ နန်းတော်တွင်းရှိ အရာရှိကြီးငယ်များနှင့်လည်း ရင်းနှီးပြီး ဘုရင်ကိုယ်တိုင် ခေါ်ယူတွေ့ဆုံခြင်းကိုပင် ခံခဲ့ရဖူးသူဖြစ်သည်။
ဟန့်ခ်ပြောသော ထိုစကားများကို ဆုရှောင် သိပ်ပြီး မယုံကြည်ပေ။ ထိုသူက မြှောက်ပင့်နေသည့် သဘောရှိသည်။
ဘရန်ဒန် အိုကာသည် သက်တော်စောင့်တပ်ဖွဲ့ ခေါင်းဆောင်အဖြစ် ဆယ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်မှာ အမှန်ဖြစ်နိုင်သော်လည်း အဆက်အသွယ်ကျယ်ပြန့်သည်ဆိုသည့် အချက်ကိုတော့ ဆန်းစစ်ရန် လိုအပ်သေးသည်။
ရာထူးတစ်ခုတည်းတွင် ဆယ်နှစ်ကြာ တန့်နေခြင်းသည် သူ၏ 'အထက်လူကြီး' မြို့တော်တွင် သိပ်ပြီး အဆင်မပြေလှကြောင်း သက်သေပြနေခြင်းပင်ဖြစ်သည်။
ဟန့်ခ်က ဆုရှောင်ကို နှုတ်ဆက်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ် ဆုရှောင်က အရင် စကားစပြောလိုက်သည်။
"သွားပြီး တစ်ခွက်လောက် သောက်ကြမလား၊ ဒီနေ့မှ မြို့တော်ကို ငါရောက်တာဆိုတော့ မင်းဆီကနေ အကူအညီတောင်းစရာတွေ အများကြီး ရှိသေးတယ်"
ဟန့်ခ်က အခက်အခဲဖြစ်နေဟန် ဆောင်လိုက်သော်လည်း ဆုရှောင်၏ 'နွေးထွေးသော ဖိတ်ကြားမှု' ကြောင့် သူတို့နှစ်ဦး အရက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်ရောက်သွားကြသည်။
ဆန်အရက်ခွက်အနည်းငယ် သောက်ပြီးနောက် ဟန့်ခ်၏ မျက်နှာမှာ အနည်းငယ် နီရဲလာပြီး ပါးစပ်မှ အရက်နံ့များ ထွက်ပေါ်လာကာ စကားများ သိသိသာသာ များလာသည်။
"ငါ မင်းကို ပြောပြမယ်... တကယ်လို့ ခေါင်းဆောင်သာ အရင်တုန်းက မိန်းမကိစ္စကို ထိန်းချုပ်နိုင်ခဲ့ရင် အခုဆို နန်းတော်ထဲဝင်ပြီး ရာထူးရနေလောက်ပြီ၊ သူက တခြားဘယ်သူ့ကိုမှ မထိဘဲ အဲဒီ... အေ့..."
ဟန့်ခ်က လေချဉ်တစ်ချက်တက်လိုက်ပြီး စကားတစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။ သူ စကားမှားသွားကြောင်း သတိပြုမိသွားပုံရသည်။
ဆုရှောင်က အရက်ခွက်ကို မြှောက်ကာ ဟန့်ခ်နှင့် ခွက်ချင်းတိုက်လိုက်သည်။ ဟန့်ခ် ခေါင်းမော့၍ အရက်သောက်နေစဉ် သူ၏လက်ထဲမှ အရက်များ လုံးဝ ပျောက်ကွယ်သွားလေသည်။
အန္တရာယ်များလှသော ထိုတာဝန်ထမ်းဆောင်ရမည့် ကမ္ဘာတွင် အရက်သောက်ခြင်းသည် သေကြောင်းကြံခြင်းပင်ဖြစ်ရာ ဆုရှောင်သည် အရက်တစ်စက်မျှ မသောက်ခဲ့ပေ။
"ထားလိုက်ပါတော့... မပြောတော့ဘူး၊ ခေါင်းဆောင်က အခု နေ့တိုင်း အပူအပင်ကင်းကင်းနဲ့ နေနေရတာပဲလေ၊ ပျော်ရွှင်မှုလမ်းမရဲ့ ဖောက်သည်အမြဲတမ်းဖြစ်နေတာ... တကယ် အားကျစရာပဲ"
ဆုရှောင်က ဟန်ဆောင်ပန်ဆောင် စကားအနည်းငယ် ပြန်ပြောလိုက်ပြီး ဟန့်ခ်ကို နောက်တစ်ခွက် ထပ်ငဲ့ပေးလိုက်သည်။
အရက်ဝိုင်း ပြီးဆုံးသွားသောအခါ ညခုနစ်နာရီခန့် ရှိနေပြီဖြစ်သည်။ ဆုရှောင်နှင့် ဟန့်ခ်တို့သည် အရက်ဆိုင်တံခါးဝတွင် လမ်းခွဲလိုက်ကြပြီး လမ်းမများပေါ်တွင် မီးရောင်များ ထိန်လင်းနေပြီဖြစ်သည်။
ဆုရှောင်သည် ဆေးလိပ်တစ်လိပ် မီးညှိလိုက်ပြီး လွင့်ပျံနေသော မီးခိုးငွေ့များကြားမှ ဝေးကွာသွားသော ဟန့်ခ်ကို စဉ်းစားလျှက် ကြည့်နေသည်။
ထိုသူက သူ့ကို သတင်းအချက်အလက်များစွာ ပေးခဲ့သည်။ ထို့အပြင် ညအချိန် ရောက်ရှိလာပြီဖြစ်ရာ ၎င်းသည် ဆုရှောင် လှုပ်ရှားရမည့် အချိန်ပင်ဖြစ်သည်။
လက်တစ်ဖက်ကို ခါးကြားရှိ ဓားရိုးပေါ် တင်ထားလျက် ဆုရှောင်သည် လမ်းသွားလမ်းလာတစ်ဦးကို တားလိုက်သည်။ ထိုသူမှာ အစပိုင်းတွင် အနည်းငယ် ဒေါသထွက်သွားသော်လည်း ဆုရှောင် ဝတ်ဆင်ထားသော သက်တော်စောင့်တပ်ဖွဲ့ဝတ်စုံကို မြင်လိုက်ရသောအခါ သိသိသာသာ ကြောက်ရွံ့သွားသည်။
"ခဏလောက် မေးချင်လို့... ပျော်ရွှင်မှုလမ်းမက ဘယ်နားမှာလဲ"
လမ်းသွားလမ်းလာက အမျိုးသားတိုင်း နားလည်သော အပြုံးမျိုး ပြုံးပြလိုက်ပြီးနောက် ဆုရှောင်ကို လမ်းညွှန်ပြသပေးလိုက်သည်။
ထိုကဲ့သို့သော အပြုံးမျိုးနှင့် ပျော်ရွှင်မှုလမ်းမ ဆိုသော နာမည်ကြောင့် ထိုနေရာမှာ မည်သို့သော နေရာမျိုးဖြစ်မည်ကို ဆုရှောင် ချက်ချင်း နားလည်လိုက်သည်။
"ငါ့ရဲ့ ဒီ 'အထက်လူကြီး' က တကယ်ကို အားအင်တွေ ပြည့်ဖြိုးနေတာပဲ" ဟု ဆုရှောင် တွေးလိုက်မိသည်။
ညဦးယံ မီးရောင်များ စတင် ထွန်းလင်းလာချိန်တွင် ပန်းရောင်နှင့် အနီရောင် မီးရောင်များကို အဓိက အသုံးပြုထားသော ရပ်ကွက်တစ်ခုအတွင်းသို့ သူ ရောက်ရှိသွားသည်။
လမ်းမ၏ တစ်ဖက်တစ်ချက်စီတွင် နှစ်ထပ် သို့မဟုတ် သုံးထပ်ရှိသော ခေါင်မိုးချွန် အဆောက်အအုံများကို အဓိက တွေ့ရသည်။ အမိုးများကို မှန်ကြွေပြားများဖြင့် မိုးထားပြီး တံခါးရှေ့တွင် အဝိုင်း သို့မဟုတ် လေးထောင့်ပုံ မီးပုံးများကို ချိတ်ဆွဲထားသည်။
ငြိမ့်ညောင်းသော တေးဂီတ အသံများသည် လမ်းမပေါ်ရှိ ပျော်ရွှင်စွာ ရယ်မောသံများနှင့် ရောယှက်နေပြီး အမျိုးသား၊ အမျိုးသမီးများစွာသည် ပူးကပ်ပွေ့ဖက်နေကြသည်။
လမ်းဘေးရှိ အဆောက်အအုံများ အပေါ်တွင် ခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ဆေးတံအရှည်များကို ကိုင်ဆောင်ထားသော အမျိုးသမီးအချို့ကို ခပ်ရေးရေး မြင်တွေ့ရသည်။ ထိုအမျိုးသမီးများသည် အပေါ်ထပ်တွင် ရပ်လျက် ဖြတ်သန်းသွားလာနေသော ဧည့်သည်များကို ဆွဲဆောင်ရန် ကြိုးစားနေကြသည်။
ထိုနေရာသည် ပျော်ရွှင်မှုလမ်းမဖြစ်ပြီး ဝမ်းပိစ်ကမ္ဘာ၏ ဖျော်ဖြေရေးရပ်ကွက်ပင်ဖြစ်သည်။
အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်တွင် ဆုရှောင်သည် အနက်ရောင် အဝတ်အစားကို ဝတ်ဆင်လျက် ထိုင်နေပြီး လက်ထဲတွင် [နဂါးသတ်ဓား] ကို ကိုင်ဆောင်ထားသည်။
ဝမ်းပိစ်ကမ္ဘာသို့ ရောက်ရှိပြီးနောက် ဆုရှောင်သည် အချိန်အတော်ကြာသည်အထိ လှုပ်ရှားမှု မရှိခဲ့ပေ။ သို့သော် ယနေ့ညတွင်မူ တာဝန်ပြီးမြောက်ရေးအတွက် လမ်းခင်းရန် ပထမဆုံး ပစ်မှတ်ကို လုပ်ကြံသတ်ဖြတ်တော့မည်ဖြစ်သည်။
ကျယ်လောင်သော ရယ်မောသံတစ်ခု လမ်းမပေါ်မှ ထွက်ပေါ်လာသည်။ ထိုရင်းနှီးနေသော ရယ်သံသည် ဆုရှောင်၏ အာရုံကို ချက်ချင်း ဖမ်းစားသွားသည်။ ရယ်မောနေသူမှာ နေ့ခင်းက သူတွေ့ခဲ့သော 'အထက်လူကြီး' ပင် ဖြစ်နေလေသည်။
ဘရန်ဒန် အိုကာ၏ အနောက်တွင် သက်တော်စောင့် နှစ်ဦး လိုက်ပါလာပြီး ပျော်ရွှင်မှုလမ်းမပေါ်တွင် ဟိတ်ဟန်ကြီးစွာ လျှောက်လှမ်းလာသည်။
ဖြတ်သန်းသွားလာနေသော လမ်းသွားလမ်းလာများသည် ဘရန်ဒန် အိုကာကို မြင်လိုက်ရသောအခါ ချက်ချင်း ဘေးသို့ ဖယ်ပေးလိုက်ကြပြီး မျက်နှာများတွင် ကြောက်ရွံ့ကျိုးနွံမှုများ ပေါ်လွင်နေသည်။
"နောက်ဆုံးတော့ ရောက်လာပြီပေါ့"
ဆုရှောင်သည် ခေါင်မိုးပေါ်တွင် ပုန်းအောင်းလျက် ဘရန်ဒန် အိုကာ တို့၏ နောက်သို့ ကပ်လိုက်သွားလေသည်။
သိပ်မကြာမီ ဘရန်ဒန် အိုကာ တို့သည် အဆောက်အအုံတစ်ခုအတွင်းသို့ ဝင်ရောက်သွားရာ ဆုရှောင်သည် အမှောင်ထုထဲမှ ဖြတ်သန်းပြီး ထိုအဆောက်အအုံ၏ ခေါင်မိုးပေါ်သို့ ရောက်ရှိသွားသည်။
ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် ဆုရှောင်သည် ခေါင်မိုးပေါ်မှ ခုန်ဆင်းလိုက်သည်။ မြေပြင်ပေါ်သို့ အသံမထွက်ဘဲ ကျရောက်သွားပြီး လူမိမည်ကို စိုးရိမ်သဖြင့် နံရံနှင့် ချက်ချင်း ကပ်လိုက်သည်။
ညအမှောင်နှင့် မှိန်ပျပျ မီးရောင်များ၏ အကူအညီဖြင့် ဆုရှောင်သည် အခန်းတစ်ခန်းချင်းစီကို စတင် စစ်ဆေးလေသည်။
အခန်းများကို စစ်ဆေးရာတွင် မျက်လုံးကို အသုံးပြုရန် မလိုဘဲ အသံကိုသာ နားထောင်ရုံဖြင့် လုံလောက်သည်။
ဆုရှောင်သည် ထိုစွမ်းရည်ကို အထူး လေ့ကျင့်ခဲ့ဖူးပြီး ဘရန်ဒန် အိုကာ၏ အသံကို သူ ကောင်းစွာ မှတ်မိနေသည်။
အခန်းသုံးခန်းကို စစ်ဆေးပြီးနောက် သူ၏ ပစ်မှတ်ကို ဆုရှောင် ရှာတွေ့သွားသည်။ အခန်းထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ စကားပြောသံများ ထွက်ပေါ်နေသည်။
"ရှင် ကျွန်မကို ဘယ်တော့မှ 'ကယ်' မှာလဲ၊ ကျွန်မ ဒီမှာ တခြားယောက်ျားတွေနဲ့ နေနေရတာကို ရှင်က ကြည့်နေရက်လို့လား"
"မကြာပါဘူး... မကြာခင်ပါ၊ ဒီနေရာက လက်ဝဲဝန်ကြီးရဲ့ စီးပွားရေးလေ၊ ပိုက်ဆံရှိရုံနဲ့ ဖြေရှင်းလို့ရတဲ့ ပြဿနာမှ မဟုတ်တာ၊ ကိုယ်လည်း ဒီရက်ပိုင်း ကြိုးစားနေပါတယ်၊ လက်ဝဲဝန်ကြီးဆိုတာ ဘုရင်ရဲ့ ဘေးနားက လူပဲလေ..."
ဆုရှောင်သည် အခန်းထဲမှ လူနှစ်ဦး၏ စကားများကို ခံစားချက်မဲ့စွာ နားထောင်နေသော်လည်း သူတို့၏စကားများက ပို၍ပို၍ 'ရွံစရာ' ကောင်းလာသဖြင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော် ယခု အချိန်မကျသေးပေ။ ဆုရှောင်သည် အိုကာ အားအနည်းဆုံး အချိန်ကို စောင့်ဆိုင်းပြီးမှ တစ်ချက်ကို အသေတိုက်ခိုက် ရမည်ဖြစ်သည်။
မကြာမီ အခွင့်အရေး ရောက်လာသည်။ အနီးအနားရှိ သက်တော်စောင့်များသည် စကားစမြည်ပြောဆိုနေကြသဖြင့် အာရုံလွဲသွားကြသည်။
ဆုရှောင်သည် ခါးကြားရှိ ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပြီး ပြတင်းပေါက်ကို ညင်သာစွာ တွန်းဖွင့်ကာ အသံမထွက်ဘဲ အခန်းထဲသို့ ဝင်ရောက်သွားလေသည်။
အခန်းထဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အချင်းချင်း ပွေ့ဖက်နေကြသည်။
ဆုရှောင် ထိုကဲ့သို့ အချိန်ကို ရွေးချယ်ရခြင်းမှာ ထိုအချိန်မှသာ အိုကာသည် သတိလက်လွတ် ဖြစ်နေမည်ဖြစ်သောကြောင့်ဖြစ်သည်။
အိုကာ၏ အနီးသို့ ခြေတစ်လှမ်း တိုးတိုင်း ဆုရှောင်သည် အလွန် ဂရုစိုက်လျက်ရှိသည်။ သားကောင်ကို ဖမ်းယူရန် ပြင်နေသော ကျားသစ်ကဲ့သို့ အသံမထွက်ဘဲ လျှောက်လှမ်းနေသည်။
ငါးမီတာ... သုံးမီတာ... တစ်မီတာ။
ဆုရှောင်သည် အိုကာ၏ အနောက်သို့ ရောက်ရှိသွားပြီး လက်ထဲရှိ ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်ကာ ဓားသွားကို အိုကာ၏ လည်ပင်းဘေးသို့ ချိန်ရွယ်လိုက်သည်။ ထိုအချိန်တွင် အိုကာသည် ခေါင်းကို ဆုရှောင်ဘက်သို့ အနည်းငယ် စောင်းထားသော်လည်း အကြည့်များက ထိုဘက်သို့ မရောက်ပေ။ ထိုအချိန်မှာပင် အိုကာ၏ ဘေးနားရှိ အမျိုးသမီးက တစ်စုံတစ်ခုကို သတိထားမိသွားပုံရသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။
လက်တစ်ဖက်ဖြင့် ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် ဆုရှောင်သည် အားကုန်ထုတ်ကာ အိုကာ၏ လည်ပင်းဘေးသို့ ထိုးချလိုက်လေသည်။
ရွှပ်... ဖောက်
ဓားသည် အိုကာ၏ လည်ပင်းကို ထိုးဖောက်သွားသည်။ ထက်မြက်သော ဓားသွားသည် စက္ကူတစ်ရွက်ကို ထိုးဖောက်သွားသကဲ့သို့ အလွယ်တကူပင် အိုကာ၏ ဘေးနားရှိ အမျိုးသမီးကိုပါ ဆက်လက် ထိုးဖောက်သွားလေသည်။
အကယ်၍ အိုကာ တစ်ယောက်တည်းကိုသာ သတ်ပါက အိုကာ၏ ဘေးနားရှိ အမျိုးသမီးသည် ချက်ချင်း အော်ဟစ်မည်ဖြစ်ပြီး တံခါးဝရှိ သက်တော်စောင့်များ အခန်းထဲသို့ ဝင်လာပါက ဆုရှောင်၏ အခြေအနေမှာ အန္တရာယ်ရှိသွားမည်ဖြစ်သည်။
ဝမ်းပိစ်ကမ္ဘာရှိ သာမန်ပြည်သူများ၏ ခန္ဓာကိုယ်သည် အလွန်သန်မာကြရာ သက်တော်စောင့်များ ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
ဓားတစ်ချက်တည်းဖြင့် လူနှစ်ယောက်ကို တွန့်ဆုတ်ခြင်း မရှိဘဲ သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။
ထိုသည်မှာ ပြန်လည်ဝင်စားခြင်းသုခဘုံက သူ့အား မုဆိုးအဖြစ် ရွေးချယ်ရခြင်း၏ အကြောင်းရင်းပင်ဖြစ်သည်။
မုဆိုး ဆိုသည်မှာ ပါရမီ ထူးခြားရုံဖြင့် တာဝန်ယူနိုင်သည် မဟုတ်ဘဲ ရန်သူကို သတ်ဖြတ်ရဲသော သတ္တိနှင့် ပြတ်သားမှုလည်း ရှိရမည်ဖြစ်သည်။
အခန်း (၁၀) ပိုမိုစွမ်းအားကြီးမားလိုသော ဆန္ဒ
ဆုရှောင်က ဓားတစ်ချက်တည်းဖြင့် လူနှစ်ယောက်ကို သတ်ဖြတ်လိုက်ပြီးနောက် အိုကာ၏ ခေါင်းပေါ်တွင် အနီရောင်ဖျော့ဖျော့ သွေးတန်းလေးတစ်ခု ပေါ်လာကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။ ပြောစရာပင်မလိုဘဲ ထိုအရာသည် အိုကာ၏ ကျန်ရှိနေသော သက်စောင့်စွမ်းအားပင် ဖြစ်သည်။ သူ၏ ဓားချက်သည် အိုကာ၏ ကျောရိုးကို ထိုးဖောက်သွားသဖြင့် ထိုသူမှာ သေလုမျောပါး အခြေအနေသို့ ရောက်သွားခြင်းဖြစ်ပြီး လုံးဝ သေဆုံးသွားခြင်း မဟုတ်ပေ။
သေလုမျောပါး အခြေအနေဆိုသည်မှာ ခန္ဓာကိုယ်က ပြန်လည်ခုခံနိုင်စွမ်း ကင်းမဲ့သွားသော်လည်း ဦးနှောက်ကမူ အသက်ရှင်နေဆဲ ဖြစ်သည်။ ထိုသည်မှာ ဆုရှောင် ပထမဆုံးအကြိမ် သွေးတန်းကို မြင်ဖူးခြင်းဖြစ်သည်။ ယခင်က မှောင်ခိုကုန်သည်ကို သတ်ဖြတ်စဉ်က ထိုသူမှာ သေနတ်ဖြင့် ခေါင်းကို အပစ်ခံရခြင်းဖြစ်သဖြင့် သွေးတန်း လုံးဝ မပေါ်လာခဲ့ပေ။ သွေးတန်းသည် တစ်ပိုင်းတစ်စ ကိန်းဂဏန်းအချက်အလက်အဖြစ် ပြောင်းလဲသွားသော စနစ်၏ ကောင်းကျိုးဖြစ်သည်မှာ သေချာသည်။ ရန်သူ သေဆုံးသွားခြင်း ရှိမရှိနှင့် ရန်သူ၏ ခန့်မှန်းခြေ သက်စောင့်စွမ်းအားကို သိရှိနိုင်ရန် အထောက်အကူပြုသည်။ ယခု အိုကာ၏ သက်စောင့်စွမ်းအားမှာ ၅ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ပြီး သေလုဆဲဆဲ အခြေအနေတွင် ရှိနေသည်။ အိုကာ၏ နောက်စေ့ထဲမှ ဓားကို ဆွဲထုတ်လိုက်ပြီးနောက် ဆုရှောင်သည် ဓားကို လက်တစ်ဖက်တည်းဖြင့် ပြောင်းကိုင်လိုက်ကာ အိုကာ၏လည်ပင်းကို ဓားဖြင့် တစ်ချက် ခုတ်ပိုင်းချလိုက်လေသည်။
ရွှပ်
သွေးများသည် မီတာအနည်းငယ် အမြင့်အထိ ပန်းထွက်သွားပြီး ဆုရှောင်၏ ပါးပြင်ပေါ်သို့ သွေးအချို့ စင်လာသဖြင့် သူ့ကို ပိုမို အေးစက်ခက်ထန်သောအသွင် ဖြစ်စေသည်။ ထိုဓားချက်အပြီးတွင် အိုကာ၏ ခေါင်းသည် လေထဲသို့ လွင့်ပျံသွားပြီး သွေးတန်းလေးမှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
[ သင်သည် သက်တော်စောင့်တပ်ဖွဲ့ ခေါင်းဆောင် ဘရန်ဒန် အိုကာကို သတ်ဖြတ်လိုက်ပါသည်။ ]
[ ဘရန်ဒန် အိုကာသည် ဂိုအာတိုင်းပြည်၏ အရာရှိတစ်ဦးဖြစ်သဖြင့် ကမ္ဘာ့အရင်းအမြစ် ၃.၆ ရာခိုင်နှုန်းကို ရရှိပါသည်။ လက်ရှိတွင် စုစုပေါင်း ကမ္ဘာ့အရင်းအမြစ် ၅.၇ ရာခိုင်နှုန်းကို ရရှိထားပါသည်။ ]
[ သင်၏ သတ်ဖြတ်ခြင်း ပါရမီစွမ်းရည် 'ဝိညာဉ်ဝါးမျိုသူ' အသက်ဝင်သွားပါပြီ။ မှော်စွမ်းအင် ၁၀ မှတ် အပြီးတိုင် တိုးလာပြီး လက်ရှိ မှော်စွမ်းအင် ၇၅ မှတ် ရှိပါသည်။ ]
[ သင်၏ သတ်ဖြတ်ခြင်း ပါရမီစွမ်းရည် 'ဝိညာဉ်ဝါးမျိုသူ' အသက်ဝင်သွားပါပြီ။ မှော်စွမ်းအင် ၁ မှတ် အပြီးတိုင် တိုးလာပြီး လက်ရှိ မှော်စွမ်းအင် ၇၆ မှတ် ရှိပါသည်။ ]
ဆက်တိုက် ထွက်ပေါ်လာသော သတိပေးချက်များကို ဆုရှောင်သည် အကြမ်းဖျင်းသာ ကြည့်ရှုလိုက်သည်။ အိုကာကို သတ်ဖြတ်လိုက်ခြင်းဖြင့် ကမ္ဘာ့အရင်းအမြစ်ကို ရရှိလိမ့်မည်ဟု ဆုရှောင် မမျှော်လင့်ထားခဲ့ပေ။ အကယ်၍ ပိုမို စွမ်းအားကြီးမားသော ရန်သူကို သတ်ဖြတ်ပါက ရရှိမည့် ကမ္ဘာ့အရင်းအမြစ် ပမာဏလည်း အချိုးကျ မြင့်တက်လာမည်ဖြစ်သည်။ အကယ်၍ ဝမ်းပိစ်ကမ္ဘာရှိ ရေတပ် စစ်သေနာပတိချုပ် ဆန်ဂိုကူ သို့မဟုတ် အင်ပါယာလေးပါးမှ ဆန်းခ် (ဆံပင်နီ) တို့ကို သတ်ဖြတ်နိုင်ပါက ရရှိမည့် ကမ္ဘာ့အရင်းအမြစ် ပမာဏသည် သေချာပေါက် ကြောက်မက်ဖွယ်ကောင်းသော ကိန်းဂဏန်းတစ်ခုဖြစ်ပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်တော့ စိတ်ကူးယဉ်ရုံသာ တတ်နိုင်သေးသည်။ ထိုအဆင့်ရှိ စွမ်းအားကြီးသူများကို ဆုရှောင် လုံးဝ တွေ့ခွင့်ရမည်မဟုတ်သလို တွေ့လျှင်ပင် တိုက်ခိုက်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သေကြောင်းကြံသော လုပ်ရပ်ဖြစ်သောကြောင့်ပင်။ ယခုအချိန်တွင် ကမ္ဘာ့အရင်းအမြစ်၏ အသုံးဝင်ပုံကို သေချာ မသိရသေးပေ။ ယခင်က ပြန်လည်ဝင်စားခြင်းသုခဘုံမှ သတိပေးထားသည်မှာ ကမ္ဘာ့အရင်းအမြစ်သည် တာဝန်ပြီးမြောက်ပြီးနောက် ဝမ်းပိစ်ကမ္ဘာမှ ထွက်ခွာချိန်တွင် ရရှိမည့် ဆုလာဘ်များနှင့် သက်ဆိုင်နေကြောင်းဖြစ်သည်။ ထိုဆုလာဘ်ဆိုသည်မှာ သူ စွမ်းအားကြီးမားလာရေးအတွက် အဓိက သော့ချက်ဖြစ်ပေလိမ့်မည်။ ဝမ်းပိစ်ကမ္ဘာတွင် စွမ်းအားကြီးမားလာစေမည့် နည်းလမ်းများစွာ ရှိသော်လည်း အချိန်လိုအပ်သည်။ သူ့တွင် စုစုပေါင်း (၇၂) နာရီသာ ရှိပြီး ယခုအခါ နာရီ (၆၀) ကျော်သာ ကျန်ရှိတော့သည်။ အချိန်ကန့်သတ်ချက်အတွင်း တာဝန်ပြီးမြောက်ပါက ကံကောင်းသည်ဟု ဆိုရမည်ဖြစ်ရာ အခြားအရာများကို စဉ်းစားနေရန် ဆုရှောင်တွင် အချိန်မရှိပေ။ နတ်ဆိုးသစ်သီးကဲ့သို့သော အံ့မခန်း ပစ္စည်းမျိုးကိုတော့ ဆုရှောင် လုံးဝ မစဉ်းစားထားပေ။ ခိုင်မာသော စွမ်းအား အခြေခံ မရှိဘဲ နတ်ဆိုးသစ်သီးကို ရှာဖွေရန် သို့မဟုတ် လုယူရန် လုံးဝ အရည်အချင်း မမီပေ။ သူသည် ခန္ဓာကိုယ် ကြံ့ခိုင်မှု ကောင်းမွန်သော သာမန်လူတစ်ဦးသာဖြစ်ပြီး ဝမ်းပိစ်ကမ္ဘာရှိ စွမ်းအားကြီးသူများနှင့် အခြေခံကျကျ ကွာဟချက် ရှိနေသည်။
ပုံမှန်အခြေအနေအရ ဆိုလျှင် ဆုရှောင်၏ ပထမဆုံး ကမ္ဘာသည် ဝမ်းပိစ်ကမ္ဘာကဲ့သို့သော အန္တရာယ်များသည့် ကမ္ဘာမျိုး လုံးဝ မဖြစ်နိုင်ပေ။ ထိုအရာများ အားလုံးမှာ သူ၏ မုဆိုးဟူသော အဆင့်အတန်းကြောင့်ဖြစ်သည်။ ယခု အခြေအနေမှာ အဆင့် (၁) ရှိသော ကစားသမား အသစ်တစ်ဦးကို အဆင့်မြင့် မြေပုံထဲသို့ ပစ်ချလိုက်သကဲ့သို့ ဖြစ်နေပြီး ထိုမြေပုံရှိ သာမန် ဘီလူးငယ်လေးများသည်ပင် ဆုရှောင်အတွက် ဘော့စ် (Boss) များကဲ့သို့ ဖြစ်နေသည်။ ဆုရှောင် ယခုအဆင့်အထိ လုပ်ဆောင်နိုင်ခြင်းမှာ သာမန်လူများထက် များစွာ သာလွန်နေပြီဖြစ်သည်။ အကယ်၍ သာမန် စာချုပ်ချုပ်ဆိုသူ သာ ဆိုပါက မြို့တော်အပြင်ဘက်ရှိ အမှိုက်စွန့်ပစ်ရာနေရာတွင်ပင် သေဆုံးသွားနိုင်ခြေ အလွန် များပြားသည်။ ရရှိလာသော ကမ္ဘာ့အရင်းအမြစ်ကို ခေတ္တထားလိုက်ဦးမည်။ ရရှိလာသော မှော်စွမ်းအင်က ဆုရှောင်ကို ပို၍ပင် ဇဝေဇဝါ ဖြစ်စေသည်။ သူ့တွင် မှော်စွမ်းအင်ကို အသုံးပြုနိုင်သော စွမ်းရည် လုံးဝ မရှိပေ။ မှော်စွမ်းအင် မည်မျှပင် များပြားနေပါစေ အလဟဿသာဖြစ်ပြီး တိုက်ခိုက်ရေးအတွက် ဘာအထောက်အကူမှ မဖြစ်ပေ။
အရာရာတိုင်း၏ အစသည် ခက်ခဲစမြဲပင်။ မိမိကိုယ်ကိုသာ အားကိုးရမည်ဖြစ်သည်။ အိုကာ၏ အလောင်းပေါ်တွင် အဖြူရောင် ရတနာသေတ္တာတစ်လုံး လေထဲ၌ ဝဲပျံနေသည်။ ရတနာသေတ္တာသည် ယခင်က သူ ဖွင့်ဖောက်ခဲ့သော သေတ္တာနှင့် အတူတူပင်ဖြစ်သည်။ ဆုရှောင်သည် ရတနာသေတ္တာကို ကောက်ယူကာ သိုလှောင်ရုံထဲသို့ ထည့်သွင်းလိုက်ပြီးနောက် အခင်းဖြစ်ပွားရာ နေရာမှ အလျင်အမြန် ထွက်ခွာသွားလေသည်။ သူသည် ယခုအခါ သက်တော်စောင့် တစ်ဦး ဖြစ်ပြီး ထိုအဆင့်အတန်းသည် သူ့အတွက် အလွန် အရေးကြီးသည်။ ထို့အပြင် သက်တော်စောင့်တပ်ဖွဲ့ ခေါင်းဆောင် အိုကာကို သတ်ဖြတ်လိုက်သည့် ကိစ္စကို အခြားသူများ သိသွားပါက သူသည် ဂိုအာတိုင်းပြည်၏ ဝရမ်းပြေးတစ်ဦး ဖြစ်သွားမည်ဖြစ်သည်။ ထိုအချိန်ကျပါက တာဝန်ပြီးမြောက်ရေး မဆိုထားနှင့် ဂိုအာတိုင်းပြည်မှ စစ်သားများ၏ လိုက်လံ ဖမ်းဆီးမှုကို ရှောင်ရှားရန်ပင် ဆုရှောင်အတွက် အလွန် ခေါင်းကိုက်ရမည်ဖြစ်သည်။ ညအချိန်၏ လေအေးများက ဆုရှောင်၏ ဆံပင်အနက်ရောင်များကို လွင့်ပျံစေပြီး သူ့ကိုယ်ပေါ်ရှိ သွေးနံ့များကို တဖြည်းဖြည်း လွင့်ပါးသွားစေသည်။ နေ့ခင်းက ရေချိုးခဲ့သော နေအိမ်သို့ ပြန်ရောက်သောအခါ ဆုရှောင်သည် ယခင်က ချထားခဲ့သော အချက်ပေးကိရိယာများကို စစ်ဆေးလိုက်သည်။ သစ်ကိုင်းတိုလေး တစ်ချောင်းနှင့် ဆံပင်အချို့မှာ ပကတိအတိုင်း ရှိနေသဖြင့် မည်သူမျှ မလာခဲ့ကြောင်း သိရပြီး ထိုနေရာသည် လုံခြုံမှုရှိသည်။ နေအိမ်ထဲသို့ ဝင်ရောက်ပြီးနောက် ဆုရှောင်သည် မီးမဖွင့်ဘဲ မှောင်မည်းနေသော အိပ်ခန်းထဲတွင် ထိုင်ကာ အိုကာကို သတ်ဖြတ်ပြီး ရရှိလာသော ရတနာသေတ္တာကို ထုတ်ယူလိုက်သည်။
[ ရတနာသေတ္တာ (အဖြူ) ကို ဖွင့်မည် / မဖွင့်ပါ။ ] ရတနာသေတ္တာကို ဖွင့်လိုက်ရာ ဆွဲကြိုးတစ်ကုံးသည် ဆုရှောင်၏ လက်ထဲတွင် ချက်ချင်း ပေါ်လာသည်။ [ သင်သည် ရတနာသေတ္တာ (အဖြူ) ကို ဖွင့်လိုက်ပြီး အောက်ပါ ပစ္စည်းများကို ရရှိပါသည်။ ] [ သုခဒင်္ဂါး ၃၀၀ ပြားကို ရရှိပါသည်။ ] [ ကွယ်လွန်သူဇနီး၏ ဆွဲသီးကို ရရှိပါသည်။ ]
ကွယ်လွန်သူဇနီး၏ ဆွဲသီး (အဖြူရောင်) ထွက်ရှိရာအရပ် - ဝမ်းပိစ် ကမ္ဘာ၊ ဂါးလက် ကျောက်မျက်ရတနာ ကုမ္ပဏီ အမျိုးအစား - အဆင်တန်ဆာ (အဆင်တန်ဆာ အမျိုးအစား လက်နက်ကိရိယာများသည် ရှားပါး ပစ္စည်းများ ဖြစ်သည်။) ကြာရှည်ခံနိုင်စွမ်း - မရှိပါ။ (အဆင်တန်ဆာ အမျိုးအစား လက်နက်ကိရိယာများသည် ကြာရှည်ခံနိုင်စွမ်း မရှိသဖြင့် ပြုပြင်ရန် မလိုအပ်ပါ။) အသုံးပြုရန် လိုအပ်ချက် - မည်သူမဆို ဝတ်ဆင်နိုင်သည်။ အသုံးပြုခြင်း အကျိုးကျေးဇူး - ခွန်အား +၁ အမှတ်ပေးမှု - ၈ (မှတ်ချက် - အဖြူရောင် လက်နက်ကိရိယာများ၏ အမှတ်ပေးမှုသည် ၁ မှ ၁၀ အထိ ဖြစ်သည်။ အမှတ် ၁၀ ရရှိသော အဖြူရောင် လက်နက်ကိရိယာများကို 'ရှားပါး' ဟု သတ်မှတ်ပြီး အထူးစွမ်းရည်များ ပါဝင်မည် ဖြစ်သည်။)
အကျဉ်းချုပ် - ရှင် ဟိုကောင်မလေးတွေကို ချစ်သလိုမျိုး ရှင့်ကို ကျွန်မ ချစ်ပါတယ် -- ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသော အိုကာ၏ဇနီး။ ဈေးနှုန်း - သုခဒင်္ဂါး ၁၆၀၀ ……
လက်ထဲရှိ ဆွဲကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် ဆုရှောင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ "ငါ နောက်ဆုံးတော့... စွမ်းအားကြီးမားလာမယ့် နည်းလမ်းကို ရှာတွေ့ခဲ့ပြီပဲ" လက်ထဲရှိ ထိုကျောက်မျက်ရတနာ ဆွဲကြိုးသည် သူ၏ ခွန်အားကို တိုးလာစေနိုင်သည်။ သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီးနောက် ဆုရှောင်သည် စိတ်ကို တည်ငြိမ်အောင် ထားကာ [ကွယ်လွန်သူဇနီး၏ ဆွဲသီး] ကို လည်ပင်းတွင် ဝတ်ဆင်လိုက်သည်။ ကိုယ်ရေးအချက်အလက်များကို ထပ်မံ စစ်ဆေးကြည့်လိုက်ရာ မူလ ခွန်အား ၆ မှတ်မှ ၇ မှတ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ ပူနွေးသော စွမ်းအင်စီးကြောင်းတစ်ခု ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူ၏ ခွန်အားများ အများကြီး တိုးတက်လာကြောင်း ဆုရှောင် သိသိသာသာ ခံစားလိုက်ရသည်။ ခွန်အား ၇ မှတ်သို့ တိုးလာခြင်းသည် သူ၏ ခွန်အား ခြောက်ပုံတစ်ပုံ တိုးလာခြင်း မဟုတ်ဘဲ အဆမတန် တိုးတက်လာခြင်းဖြစ်သည်။ ထိုအချက်က စွမ်းရည် တစ်မှတ် တိုးလာတိုင်း ကြီးမားသော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေကြောင်း ကိုယ်စားပြုနေပြီး ၁+၁ ဆိုသကဲ့သို့ ရိုးရှင်းသော အရာ လုံးဝ မဟုတ်ပေ။
"ပြန်လည်ဝင်စားခြင်းသုခဘုံဆိုတာ တကယ်ကို အံ့ဩစရာကောင်းတဲ့ နေရာပဲ" ဆုရှောင် လက်သီးကို တင်းတင်း ဆုပ်လိုက်ရာ အရိုးအဆစ်များမှ ဂျွတ်ခနဲ အသံများ ထွက်ပေါ်လာပြီး ပြင်းထန်သော ခွန်အားများသည် ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသည်။ ထိုကဲ့သို့ ရုတ်တရက် စွမ်းအားကြီးမားလာသော ခံစားချက်ကြောင့် သူ အနည်းငယ် သာယာယစ်မူးသွားသော်လည်း တွေဝေသွားခြင်းတော့ မရှိပေ။ ဆွဲကြိုးကြောင့် တိုးလာသော ခွန်အားသည် အပြင်ပန်းသာ ဖြစ်ပြီး သူ၏ မူလခွန်အား တိုးလာခြင်း မဟုတ်ကြောင်း ဆုရှောင် ရှင်းလင်းစွာ သိရှိထားသည်။ ဆွဲကြိုး မရှိတော့ပါက သူ၏ ခွန်အား စွမ်းရည်သည်လည်း ပြန်လည် လျော့ကျသွားမည်ဖြစ်သည်။ ခွန်အား တိုးလာမှုကြောင့် ဖြစ်ပေါ်လာသော ပျော်ရွှင်မှုသည် ဆုရှောင်၏ ဦးနှောက်ကို တွေဝေသွားစေခြင်း မရှိပေ။ ထိုဆွဲသီးသည် အိုကာ၏ ပစ္စည်းဖြစ်သဖြင့် အခြားသူများ မှတ်မိသွားနိုင်ကြောင်း သူ ချက်ချင်း စဉ်းစားမိလိုက်သည်။ အကယ်၍ ထိုသို့ဖြစ်လာပါက ပြဿနာ ကြီးသွားမည်ဖြစ်သည်။ ဆုရှောင် အခက်တွေ့နေစဉ် သူ၏ အမြင်အာရုံထဲတွင် သတိပြုမိရန် ခက်ခဲသော စာကြောင်းသေးသေးလေးတစ်ကြောင်း ထပ်တိုးလာကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။
[ လက်နက်ကိရိယာ ဖုံးကွယ်ခြင်း လုပ်ဆောင်ချက်ကို ဖွင့်မည် / မဖွင့်ပါ။ ထိုလုပ်ဆောင်ချက်ကို အသုံးပြုရန် သုခဒင်္ဂါး ၁၀၀ ပြား ကုန်ကျမည် ဖြစ်ပြီး အပြီးတိုင် စွမ်းရည် ဖြစ်သည်။ ] သုခဒင်္ဂါး ၁၀၀ ပြား၏ တန်ဖိုးကို ဆုရှောင် မသိသေးသော်လည်း သူ့လက်ထဲရှိ သုခဒင်္ဂါးများသည် သူ၏ အသက်နှင့် ရင်း၍ ရရှိထားခြင်းဖြစ်သဖြင့် အလွန် တန်ဖိုးရှိလှသည်။ သို့သော် ထိုလုပ်ဆောင်ချက်သည်လည်း အလွန် အသုံးဝင်သဖြင့် ဆုရှောင်သည် ပြတ်သားစွာ ဖွင့်လိုက်လေသည်။ [ သင်သည် လက်နက်ကိရိယာ ဖုံးကွယ်ခြင်း လုပ်ဆောင်ချက်ကို ဖွင့်လိုက်ပါပြီ။ ဝတ်ဆင်ထားသော လက်နက်ကိရိယာများကို လွတ်လပ်စွာ ဖုံးကွယ်နိုင်ပြီ ဖြစ်သည်။ တိုက်ခိုက်ရေး လက်နက်များကိုမူ ဖုံးကွယ်၍ မရနိုင်ပါ။ ] လည်ပင်းပေါ်ရှိ ဆွဲသီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသော်လည်း ခွန်အား တိုးလာမှုကမူ ဆက်လက် တည်ရှိနေဆဲဖြစ်ရာ ဆုရှောင် အလွန် ကျေနပ်သွားသည်။ ထို သုခဒင်္ဂါး ၁၀၀ ပြား ကုန်ကျရသည်မှာ တကယ် တန်သည်။ ပြန်လည်ဝင်စားခြင်းသုခဘုံသို့ စတင် ဝင်ရောက်လာစဉ်က ထို မသိနားမလည်နိုင်သော၊ စွမ်းအားကြီးမားလှသော တည်ရှိမှုသည် မည်သည့် ရည်ရွယ်ချက် ရှိနေသနည်းဟု ဆုရှောင်၏ ရင်ထဲတွင် သံသယ အနည်းငယ် ရှိခဲ့သည်။ လက်ရှိ အခြေအနေအရ ကြည့်လျှင် သူ တာဝန်ပြီးမြောက်ပါက ပြန်လည်ဝင်စားခြင်းသုခဘုံသည် သူ့အား ဆုလာဘ်များ ပေးအပ်မည်ဖြစ်သည်။ ပြန်လည်ဝင်စားခြင်းသုခဘုံက သူ့အား ဒုက္ခပေးမည်၊ မပေးမည် ဆိုသည့် ကိစ္စကိုတော့ ဆုရှောင် ယခုအချိန်တွင် သိပ်ပြီး ဂရုမစိုက်တော့ပေ။
သူ၏ သေချာပေါက် သေဆုံးနိုင်သော ဒဏ်ရာများကို ကုသပေးနိုင်ခြင်းနှင့် ဝမ်းပိစ်ကမ္ဘာသို့ ပို့ဆောင်ပေးနိုင်ခြင်းတို့က ပြန်လည်ဝင်စားခြင်းသုခဘုံ၏ စွမ်းအားကြီးမားမှုကို ထင်ရှားစွာ ပြသနေသည်။ ဆုရှောင်တွင် မလိုလားအပ်သော ပူပန်မှုများ ပြုလုပ်တတ်သည့် အကျင့် မရှိပေ။ အကယ်၍ ပြန်လည်ဝင်စားခြင်းသုခဘုံသာ သူ့အပေါ် မကောင်းကြံလိုပါက အဘယ်ကြောင့် သူ့ကို ကယ်တင်ခဲ့မည်နည်း။ အကယ်၍ အသုံးချခံရခြင်း သက်သက်သာ ဖြစ်လျှင်ပင် ဆုရှောင်သည် ထိုအထဲမှ အကျိုးအမြတ်များကို ရရှိနိုင်သည်။ လက်တွေ့ကမ္ဘာတွင် ဘယ်တော့မှ မရနိုင်သော အကျိုးအမြတ်ဖြစ်သည့် စွမ်းအားကြီးမားလာခြင်းပင်ဖြစ်သည်။ သူ ပထမဆုံး တာဝန်ကို ပြီးမြောက်ပြီးနောက် ပြန်လည်ဝင်စားခြင်းသုခဘုံ အကြောင်းကို ပိုမို နားလည်လာနိုင်မည် ဖြစ်ရာ ယခုအချိန်တွင် စွမ်းအားကြီးမားလာရေးကသာ အဓိက ဖြစ်သည်။ အားနည်းခြင်းသည် မူလအပြစ်ပင်ဖြစ်သည်။ ထိုအချက်ကို ဆုရှောင် နက်ရှိုင်းစွာ ခံစားနားလည်ထားသည်။ အကယ်၍ သူသာ အရင်တုန်းက လုံလောက်သော စွမ်းအား ရှိခဲ့ပါက ထိုအဖြစ်ဆိုးကြီး ဖြစ်ပွားမှုကို တားဆီးနိုင်ခဲ့မည်ဖြစ်သည်။ သွေးများဖြင့် ပေကျံနေသော ဖြူဖွေးသည့် မြေပြင်၊ တစ်စစီ ပြတ်တောက်နေသော အလောင်းများနှင့် ထို...
ဆုရှောင်သည် အတိတ်အမှတ်ရစရာများကို အတင်းအကျပ် ဖြတ်တောက်လိုက်ပြီး အမည်းရောင် မျက်ဝန်းတစ်စုံသည် အမှောင်ထုထဲတွင် ပြူးကျယ်လာသည်။ အိပ်ချင်စိတ် လုံးဝ မရှိဘဲ ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း ဆုရှောင်သည် မိမိကိုယ်မိမိ အတင်း အနားယူစေသည်။ မနက်ဖြန်တွင် လုပ်စရာကိစ္စများစွာ ရှိသေးရာ လိုအပ်သော အနားယူမှုက သူ့ကို ပိုမို ခွန်အားပြည့်ဝစေမည်ဖြစ်သည်။ အခြေအနေကောင်း ဖန်တီးနိုင်ခဲ့ပြီဖြစ်သည်။ အကယ်၍ အရာအားလုံး အဆင်ပြေချောမွေ့ပါက ဂိုအာတိုင်းပြည်၏ ဘုရင်ကို သတ်ဖြတ်နိုင်မည်ဟု ဆုရှောင် ယုံကြည်ထားသည်။ သတ်ဖြတ်ရုံတင်မက အန္တရာယ်ကင်းစွာဖြင့် ဆုတ်ခွာနိုင်ရမည်။ သူသည် တာဝန်ထမ်းဆောင်နေခြင်းသာ ဖြစ်ပြီး ပြန်လည်ဝင်စားခြင်းသုခဘုံ၏ လုပ်ကြံသူ မဟုတ်ပေ။ ထိုအချက် နှစ်ခုကြားတွင် အခြေခံကျသော ကွာခြားချက် ရှိသည်။ လုပ်ကြံသူဆိုသည်မှာ အသက်စွန့်ရန် ဝန်မလေးသူသာဖြစ်ပြီး ဆုရှောင်တွင်မူ ရှင်းလင်းပြတ်သားသော ရည်မှန်းချက် ရှိသည်။