အခန်း (၁၁-၁၂)
Vol. 1 Ch. 11-12
အခန်း (၁၁) တစ်နေ့နေ့ တစ်ချိန်ချိန်တွင်
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ဆုရှောင် စောစောစီးစီး နိုးထလာသည်။ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ထိုသက်တော်စောင့် ဝတ်စုံကို ဝတ်ဆင်ကာ ဆုရှောင်သည် သက်တော်စောင့်တပ်ဖွဲ့ ဌာနချုပ်သို့ ရောက်ရှိလာသည်။ ဌာနချုပ်အတွင်းသို့ မဝင်ရသေးမီမှာပင် သက်တော်စောင့် အများအပြား ဌာနချုပ်အတွင်းသို့ ဝင်ထွက်သွားလာနေပြီး အမူအရာများမှာ အလွန် ကပျာကယာ နိုင်နေသည်ကို တွေ့လိုက်ရသည်။ "မြန်မြန်လုပ်... အိုကာ လုပ်ကြံခံရတယ် ဒီကိစ္စက လက်ဝဲဝန်ကြီးကိုပါ တုန်လှုပ်သွားစေပြီး မြို့တစ်မြို့လုံးကို ရာဇဝတ်ကောင် ရှာဖွေဖမ်းဆီးဖို့ အဲဒီအဘိုးကြီးက အမိန့်ပေးထားတယ်"
ဟန့်ခ်သည် 'ဝမ်းနည်းပူဆွေး' သော အမူအရာဖြင့် သက်တော်စောင့် အများအပြားကို အမိန့်ပေး ညွှန်ကြားနေသော်လည်း မျက်လုံးများထဲတွင် ရည်မှန်းချက်ကြီးမားမှုဟူသော အရာတစ်ခု ပေါ်လွင်နေသည်။ အိုကာ သေဆုံးပြီးနောက် သူသည် ခေါင်းဆောင် ဖြစ်လာမည့် ပုံစံမျိုး ဖမ်းထားသည်။ ဌာနချုပ် တံခါးဝတွင် ရပ်နေသော သက်တော်စောင့် နှစ်ဦးသည် ထိုအရာအားလုံးကို အေးစက်စွာ စောင့်ကြည့်နေကြောင်း ဆုရှောင် သတိပြုမိလိုက်သည်။ ထိုနှစ်ဦးမှာ မနေ့ညက အိုကာ၏ အနောက်တွင် လိုက်ပါလာသော သက်တော်စောင့်များပင်ဖြစ်သည်။ ပြောစရာပင်မလိုဘဲ ထိုနှစ်ဦးသည် အိုကာ၏ ယုံကြည်ရသူများ ဖြစ်ကြောင်း သေချာသည်။ ဟန့်ခ်၏ ထိုလုပ်ရပ်သည် ထိုနှစ်ဦးကို သံသယ ဝင်စေလောက်ပြီ ဖြစ်သော်လည်း ၎င်းသည် အခွင့်အရေး တစ်ခု ဖြစ်သည်မှာ သေချာသည်။ အကယ်၍ ကောင်းစွာ အသုံးချနိုင်ပါက ဟန့်ခ်သည်လည်း အိုကာ၏ ရာထူးကို အစားထိုး ဝင်ရောက်နိုင်ခြေ ရှိသည်။
သက်တော်စောင့်တပ်ဖွဲ့သည် ကြီးမားသော ဌာနတစ်ခု မဟုတ်ပေ။ အိုကာမှလွဲ၍ အခြားသူများ အားလုံးမှာ သာမန် သက်တော်စောင့်များသာဖြစ်ကြပြီး အိုကာသည်လည်း အမှန်တကယ်တော့ တပ်မှူးကဲ့သို့သော အခန်းကဏ္ဍတွင်သာ ရှိသည်။ ဒု-တပ်မှူး ရာထူးဆိုသည်မှာ သက်တော်စောင့်တပ်ဖွဲ့တွင် တစ်ခါမှ မရှိခဲ့ပေ။ အပို ရန်ပုံငွေ ကုန်ကျမည်ကို မဆိုထားနှင့်၊ အိုကာသည်လည်း သူ၏ လက်ထဲရှိ အာဏာကို ခွဲဝေခံမည် မဟုတ်ပေ။ မနေ့က အိုကာ၏ မောက်မာသော စရိုက်ကို ဆုရှောင် တွေ့ကြုံခဲ့ရပြီး ဖြစ်သည်။ ဆုရှောင် အနေဖြင့် အိုကာကို သတ်ဖြတ်ရခြင်းမှာ ထိုသူက သူ့ရှေ့တွင် ခေါင်းဆောင် ပုံစံမျိုး ဖမ်းနေသောကြောင့် မဟုတ်ပေ။ သူသည် ယခုအချိန်တွင် ရာထူး အဆင့်အတန်းကို အလျင်အမြန် မြှင့်တင်ရန် အလွန် လိုအပ်နေပြီး အိုကာ မသေဆုံးပါက သင့်တော်သော နေရာ လုံးဝ မရှိသောကြောင့်ဖြစ်သည်။ နန်းတော် အတွင်းပိုင်း အခြေအနေများကိုမူ ဆုရှောင် မသိရှိသလို ဝင်ရောက် စွက်ဖက်ချင်စိတ်လည်း မရှိပေ။ ပိုမို ရိုးရှင်းသော အစီအစဉ်သည် ဟာကွက် ပိုမို နည်းပါးစမြဲဖြစ်သည်။ သူ့အနေဖြင့် ဘုရင်နှင့် တွေ့ဆုံနိုင်ပြီး အလျင်အမြန် ရာထူးတက်နိုင်မည့် နေရာတစ်ခုသာ လိုအပ်သည်။
မနက်ဖြန်သည် အမှိုက်စွန့်ပစ်ရာနေရာကို မီးရှို့မည့် နေ့ဖြစ်သည်။ ထိုကဲ့သို့ သိက္ခာမရှိသော ကိစ္စမျိုးကို နန်းတော် အတွင်းမှ လူများ ကိုယ်တိုင် ဝင်ရောက် လုပ်ဆောင်မည် မဟုတ်သည်မှာ သေချာပြီး လက်အောက်ငယ်သားများကိုသာ စေခိုင်းမည် ဖြစ်သည်။ ဆုရှောင် စုံစမ်းထားမှုအရ မြို့တော် အတွင်းရှိ လုံခြုံရေး အင်အားစု နှစ်စု ရှိသည်။ တစ်စုမှာ မြို့တော် လုံခြုံရေးကို တာဝန်ယူရသော သက်တော်စောင့်တပ်ဖွဲ့ ဖြစ်ပြီး အခြားတစ်စုမှာ မြို့တံခါးကို စောင့်ကြပ်ရသော တံခါးစောင့်တပ်ဖွဲ့ ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့သော ကိစ္စမျိုးကို တံခါးစောင့်တပ်ဖွဲ့ထံသို့ လွှဲပြောင်း လုပ်ဆောင်စေသင့်သော်လည်း ယခင်က ဂိုဒေါင်ထဲတွင် လက်နက် ရွေးချယ်စဉ် ဆုရှောင်သည် ယမ်း အမြောက်အမြားကို တွေ့ရှိခဲ့သည်။ ဂိုဒေါင်ထဲရှိ သဲလွန်စများအရ ထိုယမ်းများသည် ဂိုဒေါင်ထဲသို့ သိမ်းဆည်းထားသည်မှာ မကြာသေးကြောင်း ဆုရှောင် ခန့်မှန်းမိပြီး ထိုယမ်းများ၏ အသုံးဝင်ပုံကိုလည်း ပြောစရာပင် မလိုတော့ပေ။ အတော်လေး ကြီးမားသော အမှိုက်စွန့်ပစ်ရာနေရာကို မီးရှို့ရန်မှာ မီးရှို့ရုံ သက်သက်ဖြင့် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဆုရှောင်သည် သက်တော်စောင့်တပ်ဖွဲ့ ခေါင်းဆောင် ရာထူးကို လိုအပ်သည်။ ဘုရင်နှင့် တွေ့ဆုံနိုင်ခြင်း ရှိမရှိ ဆိုသည်မှာ သူ၏ ကိုယ်ပိုင် လှုပ်ရှားမှုအပေါ်တွင်သာ မူတည်တော့သည်။
"ဟန့်ခ်... ဘာတွေ ဖြစ်ကုန်တာလဲ" လူအများကို ညွှန်ကြားနေသော ဟန့်ခ်သည် ခေါင်းကို စောင်းကာ ဆုရှောင်ကို ကြည့်လိုက်သည်။ "ခေါင်းဆောင် လုပ်ကြံခံလိုက်ရတယ် မနေ့ညကပဲ... ဒီကောင်တွေက ဒီမနက်မှ သိကြတယ် မင်း လာတာ အတော်ပဲ ငါနဲ့အတူ လက်ဝဲဝန်ကြီးဆီ အခုချက်ချင်း သွားရအောင်"
ဆုရှောင် ရင်ထဲတွင် အေးစက်သွားသည်။ "လက်ဝဲဝန်ကြီးနဲ့ သွားတွေ့မယ် ဟုတ်လား ငါက မနေ့ကမှ သက်တော်စောင့် ဖြစ်လာတာဆိုတော့ ဒါက သေချာပေါက် အားနည်းချက်တစ်ခုပဲ ငါ့ကိုများ ဓားစာခံ လုပ်ချင်နေတာလား"
"ဖြစ်နိုင်ခြေတော့ သိပ်မရှိပါဘူးလေ" ဟန့်ခ်ကို မည်သို့ ရှင်းလင်းရမည်ကို စိတ်ထဲတွင် စတင် စဉ်းစားနေပြီ ဖြစ်သော်လည်း ဆုရှောင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"လက်ဝဲဝန်ကြီး ဟုတ်လား အဲဒီလို အရာရှိကြီးက ငါ့ကို တွေ့ချင်တာလား" ဆုရှောင်က သံသယဖြစ်နေဟန် ဆောင်လိုက်သော်လည်း မျက်လုံးများကမူ ဟန့်ခ်ကို အဆက်မပြတ် စိုက်ကြည့်နေသည်။ "ဟုတ်တယ် လက်ဝဲဝန်ကြီးက မင်းကို တွေ့ချင်နေတယ် တိကျတဲ့ အကြောင်းရင်းကိုတော့ ငါလည်း မသိဘူး"
ဟန့်ခ်၏ မျက်နှာတွင် အားကျသော အရိပ်အယောင်များ ပေါ်လွင်နေပြီး မနာလိုမှု အနည်းငယ်ပင် ပါဝင်နေသည်။ ထို မမျှော်လင့်ဘဲ ထွက်ပေါ်လာသော သတင်းကောင်းကြောင့် ဆုရှောင် အနည်းငယ် အံ့ဩသွားသည်။ သူသည် နန်းတော် အထက်ပိုင်း အရာရှိများနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ပတ်သက်ဆက်နွှယ်မှု ရှိနိုင်သော အရာဆို၍ ထို ထောက်ခံစာ တစ်ခုသာ ရှိသည်။ ကြည့်ရသည်မှာ ထို ထောက်ခံစာသည် သူ ထင်ထားသည်ထက် ပို၍ အရေးပါပုံ ရသည်။ ဟန့်ခ်၏ နောက်သို့ လိုက်ပါကာ ရပ်ကွက် အချို့ကို ဖြတ်သန်းပြီးနောက် ဆုရှောင်သည် ခြံဝင်းတစ်ခု၏ ရှေ့သို့ ရောက်ရှိလာပြီး ခမ်းနားထည်ဝါသော စံအိမ်ကြီးတစ်လုံးသည် သူ၏ မျက်စိရှေ့တွင် ပေါ်လာသည်။ ဟန့်ခ်သည် အနည်းငယ် စိတ်လှုပ်ရှားနေပြီး ကြောက်ရွံ့ကျိုးနွံစွာဖြင့် ရှေ့သို့ လျှောက်သွားလိုက်ရာ တံခါးစောင့် နှစ်ဦးက ဟန့်ခ်ကို တားဆီးလိုက်သည်။
"ဒါက အရာရှိမင်း တွေ့ချင်တဲ့ လူလား"
ဟန့်ခ် အလျင်အမြန် ခေါင်းညိတ်ပြလိုက်ရာ တံခါးစောင့် နှစ်ဦးက ဟန့်ခ်၏ လက်နက်များကို သိမ်းဆည်းလိုက်သည်။ ဆုရှောင်အတွက်မူ သူ၏ လက်နက်များ အားလုံးသည် သိုလှောင်ရုံထဲတွင် ရှိနေသဖြင့် တံခါးစောင့်များ ရှာတွေ့ရန် မဖြစ်နိုင်ပေ။
တံခါးစောင့်များက ရှေ့မှ လမ်းပြပေးပြီးနောက် ဆုရှောင်သည် ခန်းမကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။ ခန်းမကြီးအတွင်းတွင် မိသားစု တစ်စု နံနက်စာ စားနေကြပြီး ဆံပင်ဖြူများဖြင့် တည်ကြည်လေးနက်သော မျက်နှာထားရှိသည့် အဘိုးအိုတစ်ဦးသည် ထိပ်ဆုံး နေရာတွင် ထိုင်နေသည်။ အဘိုးအိုသည် ဟန့်ခ်ကို မြင်လိုက်ရသောအခါ လက်ထဲရှိ အစားအသောက်များကို ပေါ့ပေါ့ပါးပါး ချလိုက်ပြီး အခြားသူများကို ထွက်သွားရန် အချက်ပြလိုက်ရာ အဘိုးအို၏ အနောက်တွင် တောင့်တင်းသန်စွမ်းသော အမျိုးသားတစ်ဦးသာ ကျန်ရစ်ခဲ့သည်။ ထို တောင့်တင်းသန်စွမ်းသော အမျိုးသားသည် ဆုရှောင်ကို အလွန် အန္တရာယ်များသော ခံစားချက်တစ်ခု ပေးစွမ်းနေသည်။ ထိုသူသည် လက်ဗလာ ဖြစ်နေသော်လည်း ထိုသူ၏ လက်ဆစ်များပေါ်ရှိ ထူထဲသော အသားမာများနှင့် ပြားချပ်နေသော လက်သီးဆစ်များကို ဆုရှောင် သတိပြုမိလိုက်သည်။ ထိုသူသည် ကိုယ်ခံပညာ ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပြီး ထိုအဘိုးအို၏ ကိုယ်ရံတော်ပင်ဖြစ်သည်။
"မင်းက ဟန့်ခ် မလား ဒါက အသစ်ရောက်လာတဲ့ သက်တော်စောင့်လား"
အဘိုးအို၏ အပြောအဆိုက ဖြည်းညှင်းပြီး တည်ငြိမ်အေးဆေးကာ ရာထူးအာဏာ ကြီးမားသူ တစ်ဦး၏ ပုံစံမျိုး ရှိသည်။
"ဟုတ်... ဟုတ်ကဲ့ပါ အရာရှိမင်း"
ဟန့်ခ်မှာ စကားပြောရန်ပင် အားယူနေရပြီး အလွန် ကြောက်ရွံ့ကျိုးနွံနေသည်။
"မင်း သွားတော့"
အဘိုးအိုသည် ဟန့်ခ်၏ ကြောက်ရွံ့နေမှုကို အနည်းငယ် မကျေနပ်ပုံ ရပြီး ၎င်းကို မျက်လုံးထဲပင် မထည့်ပေ။ ဟန့်ခ်သည် ခေါင်းငုံ့ကာ တံခါးပေါက်အထိ နောက်ဆုတ်သွားပြီးနောက် ဆုရှောင်၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားလေသည်။
"ငါက တိုင်းပြည်ရဲ့ လက်ဝဲဝန်ကြီးပဲ ကားလို့စ်က ငါ့ကို စိတ်ဝင်စားစရာ ကောင်းတဲ့ စုဆောင်းစရာ ပစ္စည်းတွေ အများကြီး ဆက်သခဲ့တယ် မင်းက သူ့ရဲ့ တူ အနေနဲ့ဆိုတော့ ငါ မင်းကို စောင့်ရှောက်ပေးသင့်တာပေါ့ ဒါပေမဲ့ နှမြောစရာ ကောင်းတာက ကားလို့စ် မနေ့က မြို့ပြင်ထွက်တာ သိပ်ပြီး အဆင်မပြေခဲ့ဘူး ငါ့ရဲ့ စုဆောင်းစရာ ပစ္စည်းတွေလည်း လွဲချော်သွားတယ် ငါ သူ့ကို ရှာမတွေ့တော့ သေချာပေါက် သူ့ရဲ့ တူကိုပဲ ရှာရမှာပေါ့ တစ်နည်းအားဖြင့် မင်းကိုပေါ့"
ကိစ္စရပ်၏ အကြမ်းဖျင်း အခြေအနေကို ဆုရှောင် ခန့်မှန်းမိလိုက်သည်။ ကားလို့စ် ဆိုသည်မှာ မနေ့က သူ သတ်ဖြတ်ခဲ့သော မှောင်ခိုကုန်သည်ပင်ဖြစ်သည်။ ကားလို့စ် သေဆုံးသွားပြီးနောက် ထို လက်ဝဲဝန်ကြီး၏ 'ဆက်သမှုများ' လွဲချော်သွားပြီး ကားလို့စ်ကို ရှာမတွေ့သော အခြေအနေတွင် ထို လက်ဝဲဝန်ကြီးသည် အစားထိုးရန်အတွက် ဆုရှောင်ထံသို့ လာရောက် ရှာဖွေခြင်းဖြစ်သည်။ ထို မှောင်ခိုကုန်သည်သည်လည်း တကယ် ကံဆိုးလှသည်။ တံခါးစောင့်တပ်ဖွဲ့၏ ခေါင်းပုံဖြတ်ခြင်းကို ခံရရုံသာမက ထို လက်ဝဲဝန်ကြီးကိုပါ ဆက်သနေရသေးသည်။ ယခု အခြေအနေကို ကြည့်ခြင်းအားဖြင့် ထိုသူက သူ့ကို ကားလို့စ် နေရာတွင် အစားထိုးပြီး ကုန်ပစ္စည်းများ ဝယ်ယူခိုင်းချင်နေပုံ ရသည်။ ဆုရှောင်သည် နှစ်ဖက်ကြားမှ အရောင်းအဝယ်ကို နားမလည်ပေ။ အကယ်၍ ထိုသူ၏ အနောက်တွင် ကာကွယ်ပေးမည့်သူ မရှိပါက ထို လက်ဝဲဝန်ကြီးကို ဆုရှောင် အစောကြီးကတည်းက ထိန်းချုပ်ပြီးလောက်ပြီဖြစ်သည်။ သို့သော် ထိုကဲ့သို့ တိုင်းပြည် အထက်တန်းလွှာများနှင့် တွေ့ဆုံခွင့် ရခြင်းမှာလည်း အလွန် ရှားပါးလှပေသည်။
"စုဆောင်းစရာ ပစ္စည်းတွေအတွက် ပြဿနာ မရှိပါဘူး ဦးလေးရဲ့ အဆက်အသွယ် လမ်းကြောင်းတွေကို ကျွန်တော် အကုန် သိပါတယ် မနေ့က သူ ဒဏ်ရာ တော်တော် ပြင်းပြင်းထန်ထန် ရသွားလို့ အနားယူနေပါတယ် ဒါပေမဲ့..."
လက်ဝဲဝန်ကြီးသည် မျက်ခုံးပင့်လိုက်ပြီး ဆုရှောင်ကို တည့်တည့် ကြည့်ကာ ပြောလိုက်သည်။
"ငါ လိုချင်တဲ့ စုဆောင်းစရာ ပစ္စည်းတွေကို ရှာပေးနိုင်ရင် တောင်းဆိုချက်တွေကို မင်း ကြိုက်သလို တောင်းဆိုလို့ ရတယ် ကြားတာတော့ မနေ့က မင်းတို့ရဲ့ ခေါင်းဆောင် သေသွားတယ်ဆို ကိစ္စတွေကို သေချာ လုပ်ပေးနိုင်ရင် မင်းကို သက်တော်စောင့်တပ်ဖွဲ့ ခေါင်းဆောင် လုပ်ခိုင်းမယ်"
နာရီဝက် ကြာပြီးနောက် ဆုရှောင်သည် လက်ဝဲဝန်ကြီး၏ ခြံဝင်းထဲမှ ထွက်ခွာလာပြီး လမ်းမပေါ်တွင် အေးအေးလူလူ လျှောက်လှမ်းနေသည်။ ကိစ္စရပ်များ တိုးတက်မှုမှာ အတော်လေး အဆင်ပြေချောမွေ့သည်ဟု ဆိုရမည် ဖြစ်သော်လည်း လက်ဝဲဝန်ကြီး တောင်းဆိုသော အချက်က ဆုရှောင်ကို အနည်းငယ် ခေါင်းကိုက်စေသည်။ ထို့အပြင် လက်ဝဲဝန်ကြီးက တောင်းဆိုချက်ကို ပြောဆိုပြီးနောက် ပြန်လည်ဝင်စားခြင်းသုခဘုံမှ တာဝန်အသစ်တစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။
[ ဘေးထွက်တာဝန် စတင်ပါပြီ - လက်ဝဲဝန်ကြီး၏ စုဆောင်းစရာ ပစ္စည်းများ ] အခက်အခဲအဆင့် - LV.2 တာဝန် အကျဉ်းချုပ် - လက်ဝဲဝန်ကြီး၏ စုဆောင်းစရာ ပစ္စည်းများသည် အလွန် များပြားလှသည်။ တန်ဖိုးရှိသော စုဆောင်းစရာ ပစ္စည်း မှန်သမျှကို ထိုလောဘကြီးသော အဘိုးအိုက မျက်စိကျလေ့ ရှိသည်။ တာဝန် အချက်အလက် - ကိုလူးဘိုတောင်၏အရှင်သခင်ကို သတ်ဖြတ်ပြီး ၎င်း၏ သွားကို ရယူပါ။ (ကိုလူးဘိုတောင်၏အရှင်သခင် - ဝမ်းပိစ်ကမ္ဘာရှိ ရက်စက်ကြမ်းကြုတ်သောသားရဲ၊ ခန္ဓာကိုယ် ကြီးမားသော ကြောင်မျိုးရင်းဝင် တိရစ္ဆာန် ဖြစ်သည်။) တာဝန် အချိန်ကန့်သတ်ချက် - ၁၀ နာရီ အတွင်း။ တာဝန် ဆုလာဘ် - သက်တော်စောင့်တပ်ဖွဲ့ ခေါင်းဆောင် အဆင့်အတန်း။ တာဝန် ကျရှုံးပါက ပြစ်ဒဏ် - သက်တော်စောင့်တပ်ဖွဲ့ မှ ထုတ်ပယ်ခံရမည် ဖြစ်ပြီး မရှိသော ပြစ်မှုများဖြင့် ဝရမ်းထုတ် ဖမ်းဆီးခံရမည်။
ကိုလူးဘိုတောင်၏အရှင်သခင် ဆိုသည်မှာ မည်သို့သော အရာဖြစ်ကြောင်း ဆုရှောင် သိသည်။ ၎င်းသည် ခန္ဓာကိုယ် ကြီးမားသော ကျားတစ်ကောင် ဖြစ်ပြီး ငယ်ရွယ်သော လူးဖီကိုပင် သတ်ဖြတ်လုနီးပါး ဖြစ်ခဲ့ဖူးသည်။ သက်ပြင်းရှည်တစ်ချက် သူ ချလိုက်မိသည်။ ဝမ်းပိစ်ကမ္ဘာသို့ ဝင်ရောက်ပြီးနောက် သူ ကြုံတွေ့ရသော ပြိုင်ဘက်များ အားလုံးမှာ အလွန် စွမ်းအားကြီးမားလွန်းလှသဖြင့် ဆုရှောင် အနည်းငယ် စိတ်ပျက်မိသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူသည် လက်ထဲရှိ ဓားကို ကိုင်ဆောင်လျက် သတ်ဖြတ်သွားမည် ဖြစ်ပြီး ယခုကဲ့သို့ ကြောက်ရွံ့တွန့်ဆုတ်နေမည် လုံးဝ မဟုတ်ပေ။ သို့သော် ဝမ်းပိစ်ကမ္ဘာသည် အလွန် အန္တရာယ်များလွန်းလှရာ သူ့တွင် အသက်စွန့်ပြီး တိုက်ခိုက်ရန်ပင် အရည်အချင်း မမီသေးပေ။ အားနည်းနေသေးသဖြင့် စွမ်းအားကြီးမားမလာမီ အချိန်အထိ သင့်တော်သလို သည်းခံတတ်ရန် သင်ယူရမည်။ ကိုလူးဘိုတောင်၏အရှင်သခင်သည် အလွန် စွမ်းအားကြီးမားသည်။ အနည်းဆုံးတော့ ယခု ဆုရှောင် အနေဖြင့် မျက်နှာချင်းဆိုင် ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးပေ။ သို့သော် မည်မျှပင် စွမ်းအားကြီးမားနေပါစေ ၎င်းသည် သားရဲတစ်ကောင်သာ ဖြစ်သည်။ မျက်နှာချင်းဆိုင် မယှဉ်ပြိုင်နိုင်ခြင်းက ဆုရှောင် အနေဖြင့် ထိုကျားကို မသတ်ဖြတ်နိုင်ဟုတော့ မဆိုလိုပါချေ။
အခန်း (၁၂) ပြင်ဆင်မှုနှင့် ခန့်မှန်းချက်များ
မြို့တော်၏ လမ်းမများထက်တွင် လျှောက်လှမ်းနေရင်း ဆုရှောင်သည် လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ဆိုင်များကို သတိထား ကြည့်ရှုနေရာ 'တူးလူး ကုန်စုံဆိုင်' ဟုခေါ်သော ဆိုင်တစ်ဆိုင် သူ၏ မြင်ကွင်းရှေ့တွင် ပေါ်လာသောအခါ သူ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ ထိုနေရာသည် သူရှာဖွေနေသော နေရာပင် ဖြစ်ပြီး ဆုရှောင်သည် အရောင်းအဝယ်ပါးနေပုံရသော ထိုကုန်စုံဆိုင်လေးထဲသို့ ဝင်ရောက်သွားလေသည်။
"ဟင်... အရာရှိမင်း ကျွန်တော်တို့ဆိုင်က လွန်ခဲ့တဲ့ သုံးရက်ကပဲ လုံခြုံရေးကြေး ပေးပြီးပြီလေ ဘာကိစ္စများရှိလို့လဲ"
ကုန်စုံဆိုင်ပိုင်ရှင်၏ အကြည့်မှာ အလွန်ကြောက်ရွံ့တုန်လှုပ်နေပြီး ပုံမှန်အားဖြင့် သက်တော်စောင့်တပ်ဖွဲ့၏ ခေါင်းပုံဖြတ်ခြင်းကို အတော်လေး ခံနေရပုံရသည်။
"ငါက လုံခြုံရေးကြေး လာကောက်တာ မဟုတ်ဘူး မင်းဆီမှာ ဒီလိုအပင်မျိုး ရှိလား"
နာရီဝက်ခန့် ကြာသောအခါ ဆုရှောင်သည် ကုန်စုံဆိုင်ထဲမှ ပြုံးရွှင်စွာ ထွက်ခွာလာပြီး ဆိုင်ပိုင်ရှင်ကလည်း သူ့ကို အပြင်အထိ နွေးထွေးစွာ လိုက်ပို့ပေးခဲ့ရာ ဆုရှောင် ပစ္စည်းများစွာ ဝယ်ယူခဲ့ပုံရသည်။ ကိုလူးဘိုတောင်၏အရှင်သခင်ကို သတ်ဖြတ်ရန်မှာ လုံးဝ မလွယ်ကူလှပေ။ ဆုရှောင်၏ မှတ်ဉာဏ်များအရ ထိုကျားကြီး၏ ခန္ဓာကိုယ်မှာ သာမန်ကျားများထက် အနည်းဆုံး အဆများစွာ ကြီးမားပြီး အရပ်အမြင့်မှာပင် လေးငါးမီတာခန့် ရှိကာ စစ်မှန်သော ဘီလူးကြီးတစ်ကောင်ပင် ဖြစ်သည်။
ဆုရှောင်သည် ကိုလူးဘိုတောင်၏အရှင်သခင်ကို ရှာဖွေရန် တောထဲသို့ မသွားသေးဘဲ သက်တော်စောင့်တပ်ဖွဲ့ ဌာနချုပ်သို့ အရင် ပြန်လာခဲ့သည်။ သက်တော်စောင့်တပ်ဖွဲ့ ဌာနချုပ်အတွင်း ခေတ္တမျှ လှည့်လည်သွားလာပြီးနောက် ဆုရှောင်သည် ပစ္စည်းများ သိုလှောင်ရာဂိုဒေါင်ထဲသို့ ရောက်ရှိသွားသည်။ အိုကာ သေဆုံးသွားသဖြင့် ယခုအခါ သက်တော်စောင့်တပ်ဖွဲ့သည် ခေါင်းဆောင် မရှိဖြစ်နေပြီး နံနက်ခင်းတစ်ပိုင်းအတွင်းမှာပင် သက်တော်စောင့်တပ်ဖွဲ့သည် အုပ်စုကွဲမည့် အရိပ်အယောင်များ ပေါ်လာသည်။ ဟန့်ခ်နှင့် အိုကာ၏ ယုံကြည်ရသူ နှစ်ဦးတို့သည် အုပ်စုအသီးသီး ဖွဲ့ကာ လျှို့ဝှက်စွာ အားပြိုင်နေကြသည်။
မနက်ဖြန်ညသည် အမှိုက်စွန့်ပစ်ရာနေရာကို မီးရှို့မည့် အချိန်ဖြစ်ရာ ယနေ့တွင် အထက်လူကြီးများက သက်တော်စောင့် ခေါင်းဆောင်သစ်တစ်ဦးကို သေချာပေါက် ရွေးချယ်ပေးလိမ့်မည် ဖြစ်ပြီး သို့မဟုတ်ပါက အရေးကြီးကိစ္စကို ထိခိုက်စေနိုင်ပေမည်။ ထိုကဲ့သို့ ရှုပ်ထွေးနေသော အခြေအနေတွင် ဆုရှောင်သည် ဂိုဒေါင်ထဲသို့ အလွယ်တကူ ခိုးဝင်နိုင်ခဲ့ပြီး ဂိုဒေါင်ထဲတွင် အတန်ကြာ နေပြီးနောက် ဆုရှောင်သည် သက်တော်စောင့်တပ်ဖွဲ့မှ ထွက်ခွာကာ ကိုလူးဘိုတောင်ဘက်သို့ ဦးတည်သွားလေသည်။
အဝေးမှ မြို့တံခါးကို ကြည့်ရင်း ဆုရှောင်သည် ယခင်က ထိုတံခါးမှ ခိုးဝင်လာခဲ့သော်လည်း ယခု မြို့ပြင်ထွက်ရန်မှာမူ အလွန် လွယ်ကူလှပြီး ပေါ်ပေါ်ထင်ထင်ပင် ရှေ့သို့ လျှောက်သွားရုံသာ ဖြစ်သည်။ တံခါးစောင့်တပ်ဖွဲ့ဝင် အချို့သည် ဆုရှောင်ကို မြင်သောအခါ ခေါင်းညိတ် နှုတ်ဆက်ကြပြီး မည်သည့်အရာမျှ မမေးမြန်းဘဲ တန်း၍ ဖြတ်သန်းခွင့် ပြုလိုက်ကြသည်။ မြို့တံခါးကို ဖြတ်သန်းပြီး အမှိုက်စွန့်ပစ်ရာနေရာကို ကျော်လွန်သွားသောအခါ ဆုရှောင်သည် ကြီးမားကျယ်ပြန့်သော သစ်တောကြီးတစ်ခုကို မြင်တွေ့လိုက်ရရာ ထိုနေရာသည် မူရင်းဇာတ်လမ်းမှ ဇာတ်လိုက် လူးဖီး ကြီးပြင်းခဲ့ရာ နေရာဖြစ်သော ကိုလူးဘိုတောင်ပင် ဖြစ်သည်။
တောထဲသို့ ဝင်ရောက်သွားသောအခါ လေမှာ ပိုမို သန့်ရှင်းလတ်ဆတ်နေကြောင်း ဆုရှောင် သိသိသာသာ ခံစားလိုက်ရပြီး အမျိုးမျိုးသော အပင်များ၏ ရနံ့များ သင်းပျံ့နေကာ အမည်မသိ ငှက်အချို့သည် သစ်ကိုင်းများပေါ်တွင် တကျီကျီ အော်မြည်နေကြသည်။ တစ်ခါတစ်ရံတွင် လူကို သိပ်မကြောက်တတ်သော အေးချမ်းသည့် သစ်ရွက်စားသတ္တဝါအချို့ အပင်များကြားတွင် ဖြတ်သန်းသွားလာနေကြသည်။ ကိုလူးဘိုတောင်သည် ရှုခင်းလှပသော်လည်း အလားတူပင် အန္တရာယ်လည်း များပြားလှပြီး ရက်စက်ကြမ်းကြုတ်သော သားရဲများ မကြာခဏ ထွက်ပေါ်လာတတ်သဖြင့် သာမန်လူများ အတွင်းပိုင်းအထိ မဝင်ရောက်ရဲကြပေ။
လူသူကင်းမဲ့သော တောထဲတွင် လျှောက်လှမ်းနေရင်း ဆုရှောင်၏ လက်သည် ဓားရိုးပေါ်တွင် တင်ထားပြီး အပြင်ပန်းတွင် အေးအေးလူလူ ရှိနေသော်လည်း အမှန်တကယ်တွင်မူ ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှု အားလုံးကို သတိထားစောင့်ကြည့်နေခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ ထူထပ်သော တောအုပ်ကြီးသည် ဆုရှောင်၏ 'အမဲလိုက်ကွင်း' အတွက် မသင့်တော်သဖြင့် သူသည် မြေကွက်လပ်တစ်ခု လိုအပ်သည်။ မြေကွက်လပ်မှာ သိပ်ကြီးမားရန် မလိုသော်လည်း အချက်နှစ်ချက်နှင့် ကိုက်ညီရမည် ဖြစ်သည်။
ပထမအချက်မှာ ရေအရင်းအမြစ် ရှိရမည် ဖြစ်ပြီး ဂိုအာ တိုင်းပြည်သည် ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိကာ ရေရှားပါးမှုမှာ ကျွန်းများ၏ အဖြစ်အများဆုံး ပြဿနာဖြစ်သည်။ ထို့ကြောင့် ကိုလူးဘိုတောင်တွင်လည်း ရေအရင်းအမြစ် သိပ်မရှိဘဲ ရေအရင်းအမြစ်ကို ရှာတွေ့ပါက ထိုကျားကြီးကို ရှာတွေ့နိုင်မည့် အခွင့်အရေးများစွာ တိုးလာမည် ဖြစ်သည်။ ဒုတိယအချက်မှာ ထိုမြေကွက်လပ်တွင် အပင်များ ဖုံးလွှမ်းနေရမည် ဖြစ်ပြီး ထိုသို့မှသာ သူ ထောင်ချောက်ဆင်ရန် ပိုမို လွယ်ကူမည် ဖြစ်သည်။
သေချာသည်မှာ ဆုရှောင် ဆင်မည့် ထောင်ချောက်သည် ကိုလူးဘိုတောင်၏အရှင်သခင် ပြုတ်ကျရန် တွင်းတူးခြင်းမျိုး လုံးဝ မဟုတ်ပေ။ ကိုလူးဘိုတောင်၏ မြေကြီးသည် သိပ်ပြီး မာကျောမှု မရှိရာ ထိုမျှ ကြီးမားသော သတ္တဝါကြီးအတွက် တွင်းနံရံများကို ဘိလပ်မြေလောင်းထားခြင်း မရှိပါက သေချာပေါက် ပြိုကျသွားမည်ဖြစ်ရာ ထိုသို့ဆိုလျှင် သူ့အတွက် ထွက်ပြေးစရာလမ်းမရှိတော့ဘဲ သေလမ်းသာရှိတော့မည် ဖြစ်သည်။
ဆုရှောင် အလိုရှိသော ထောင်ချောက်ဆင်မည့် နေရာကို ရှာဖွေရန် မလွယ်ကူလှသော်လည်း သုံးနာရီခန့် ခက်ခက်ခဲခဲ ရှာဖွေပြီးနောက် ဆုရှောင်သည် ကျေနပ်ဖွယ်ကောင်းသော မြေမျက်နှာသွင်ပြင်ကို ရှာတွေ့သွားသည်။ ၎င်းသည် သစ်ပင်များ ဝန်းရံထားသော မြေကွက်လပ်တစ်ခု ဖြစ်ပြီး မြေကွက်လပ်ပေါ်တွင် မြက်ခင်းများ စိမ်းလန်းစိုပြေနေကာ အရောင်စုံ တောပန်းလေးများလည်း ပွင့်နေ၍ သင်းပျံ့သော ပန်းရနံ့များ ထွက်ပေါ်နေသည်။ ပန်းရနံ့များကို ရလိုက်သောအခါ ဆုရှောင် မျက်မှောင်ကြုတ်သွားပြီး ပန်းရနံ့သည် သူ၏ အစီအစဉ်ကို အနည်းငယ် ထိခိုက်စေနိုင်သော်လည်း ကောင်းကျိုးဆိုးကျိုး နှစ်မျိုးစလုံး ရှိသည်။ ပန်းရနံ့သည် သူထားရှိမည့် အချို့သော ပစ္စည်းများ၏ အနံ့ကို ဖုံးကွယ်ပေးနိုင်ပေသည်။
သိုလှောင်မှုစနစ်ထဲမှ ဂေါ်ပြားတစ်လက်ကို ထုတ်ယူလိုက်ပြီး ဆုရှောင်သည် အပေါ်အင်္ကျီကို ချွတ်ကာ မြေကွက်လပ်ပေါ်တွင် တွင်းစတင်တူးလေတော့သည်။ နှစ်နာရီခန့် ကြာပြီးနောက် ဆုရှောင်သည် မြေကွက်လပ်အနီးရှိ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ပုန်းအောင်းနေပြီး ထိုမြေကွက်လပ်မှာ ဘာမှ ထူးခြားမှု မရှိသကဲ့သို့ ပုံမှန်အတိုင်းပင် ရှိနေကာ မြေကြီးပေါ်တွင် ဟိုတစ်စ သည်တစ်စ ကျနေသော အသီးခြောက်အချို့သာ ရှိနေသည်။
ချွေးများသည် ဆုရှောင်၏ ပါးပြင်မှတစ်ဆင့် စီးကျနေပြီး အပေါ်ပိုင်းဗလာကျင်းထားသော သူ၏ ခန္ဓာကိုယ်တွင် ကျစ်လျစ်သော ကြွက်သားများ ပေါ်လွင်နေသည်။ သူ၏ ကြွက်သားများမှာ အလွန်အမင်း ကြီးမားနေခြင်းမျိုး မဟုတ်ဘဲ အလွန် ကျစ်လျစ်ပြေပြစ်နေသည်။ တကယ်တမ်းတွင် ကြီးမားလွန်းသော ကြွက်သားများ ရှိသည့် လူထွားကြီးများသည် တိုက်ခိုက်ရေးအတွက် မသင့်တော်ဘဲ ကြီးမားသော ကြွက်သားများသည် ခွန်အားကို တိုးတက်စေသော်လည်း အမြန်နှုန်းနှင့် ပျော့ပျောင်းမှုကို ထိခိုက်စေနိုင်သဖြင့် တိုက်ခိုက်ရေးအတွက် အလွန် ဆိုးရွားလှသည်။
ဆုရှောင် ယခင်က စမ်းသပ်ကြည့်ဖူးပြီး နာမည်ကြီး လက်ဝှေ့ကလပ်တစ်ခုသို့ သွားရောက်ကာ ထိုနေရာတွင် အတော်ဆုံး လက်ဝှေ့နည်းပြနှင့် ယှဉ်ပြိုင်ခဲ့ဖူးသည်။ ဆုရှောင်၏ ခန့်မှန်းချက်အရ တစ်ကိုယ်လုံး ကြွက်သားများ အပြည့်ရှိနေသော ထိုလက်ဝှေ့နည်းပြ၏ ခွန်အားမှာ သူ့ထက် အနည်းဆုံး တစ်ဆခန့် ပိုများပြီး လက်သီးထိုးနှုန်းလည်း အလွန် မြန်ဆန်လှသည်။ သို့သော် ငါးမိနစ်မျှသာ ကြာသောအခါ မြို့တစ်မြို့၏ အလွတ်တန်း လက်ဝှေ့ချန်ပီယံဆု ရရှိခဲ့ဖူးသည် ဆိုသော ထိုလက်ဝှေ့နည်းပြမှာ မြေပြင်ပေါ်တွင် ခွေကျသွားပြီး ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် တဆတ်ဆတ် တုန်ရီနေကာ သူ၏ ညည်းညူသံများကြောင့် အမျိုးသမီး သင်တန်းသူအချို့ပင် သနားသွားကြသည်။
ဆုရှောင် လေ့ကျင့်ထားသည်မှာ လူသတ်နည်းစနစ်များ ဖြစ်ပြီး ထိုလက်ဝှေ့နည်းပြ လေ့ကျင့်ထားသည်မှာ ပြိုင်ပွဲဝင်နည်းစနစ်များ ဖြစ်ရာ နှစ်ခုကြားတွင် အခြေခံကျသော ကွာခြားချက် ရှိသည်။ အကယ်၍ စည်းမျဉ်းသတ်မှတ်ချက်များဖြင့် ယှဉ်ပြိုင်ပါက ဆုရှောင်သည် ပြိုင်ဘက် မဟုတ်နိုင်သော်လည်း အသေအကြေ တိုက်ခိုက်ရမည် ဆိုပါက ဆုရှောင်သည် နှစ်မိနစ်အတွင်း ထိုသူကို သတ်ဖြတ်နိုင်ပေသည်။ ထိုလက်ဝှေ့နည်းပြသည် အရပ် ၁.၈ မီတာခန့်သာ ရှိပြီး သိပ်မထွားကျိုင်းသော ဆုရှောင်၏ ခန္ဓာကိုယ်ကို မြင်ပြီးနောက် 'ယှဉ်ပြိုင်တဲ့နေရာမှာ စည်းမျဉ်းတွေ မလိုပါဘူး' ဟု ပြောခဲ့သဖြင့် သူ အဖြစ်ဆိုးနှင့် ကြုံရခြင်းမှာ ကြိုတင် သတ်မှတ်ထားပြီးသား ဖြစ်ပေသည်။
ဆုရှောင်သည် ကြီးမားသော သစ်ကိုင်းတစ်ခုပေါ်တွင် ထိုင်နေပြီး လက်ထဲတွင် ဟောင်းနွမ်းနေသော ယမ်းထောင်းသေနတ်ကို ကိုင်ထားရာ ထိုသေနတ်တွင် ကျည် သုံးတောင့်သာ ကျန်ရှိတော့သည်။ ဆုရှောင် ယခင်က ထိုသေနတ်ကို ကျည်ဖြည့်ရန် ကြိုးစားကြည့်ဖူးသော်လည်း ပြန်လည်ဝင်စားခြင်းသုခဘုံမှ သတိပေးချက် ထွက်လာပြီး ထိုသေနတ်သည် အလွန်အမင်း ဟောင်းနွမ်းနေပြီဖြစ်ရာ ကျည်ဖြည့်လိုက်ပါက သေနတ်တစ်ခုလုံး ပျက်စီးသွားပြီး နောက်ဆုံးတွင် အသုံးပြု၍ မရနိုင်တော့ကြောင်း ဖြစ်သည်။ ထိုအရာသည် အကန့်အသတ်တစ်ခု ဖြစ်လောက်ပြီး အဘယ်ကြောင့်ဆိုသော် ထိုသေနတ်သည် ရတနာသေတ္တာမှ ရရှိခြင်း မဟုတ်ဘဲ ဆုရှောင် ကောက်ရခဲ့ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
အဖြူရောင် ရတနာသေတ္တာနှစ်လုံးကို ဖွင့်ဖောက်ပြီးနောက် ဆုရှောင်သည် ပြန်လည်ဝင်စားခြင်းသုခဘုံ၏ စည်းမျဉ်းအချို့ကို အကြမ်းဖျင်း နားလည်လာခဲ့သည်။ ရတနာသေတ္တာမှ ရရှိသော ပစ္စည်းများသည် အခြေခံအားဖြင့် စည်းမျဉ်းဝင် ပစ္စည်းများ ဖြစ်ပြီး ဝမ်းပိစ်ကမ္ဘာပြင်ပသို့ ယူဆောင်သွားနိုင်သော်လည်း ကောက်ရသော သို့မဟုတ် တာဝန်ထမ်းဆောင်စဉ်အတွင်း ရရှိသော ပစ္စည်းများသည် ဝမ်းပိစ်ကမ္ဘာပြင်ပသို့ ယူဆောင်သွားနိုင်ခြေ အနည်းငယ်သာ ရှိပြီး ဥပမာအားဖြင့် သူ၏ ခါးကြားမှ နဂါးသတ်ဓား ကဲ့သို့ပင် ဖြစ်သည်။
ကနဦး စမ်းသပ်လေ့လာမှုများမှတစ်ဆင့် ဆုရှောင်သည် ကောက်ချက်အချို့ ရရှိခဲ့သည်။ သက်ရှိသတ္တဝါများ၏ တစ်ဝက်တစ်ပျက် ကိန်းဂဏန်းစနစ်သည် သတိပေးချက် တစ်ခု အနေဖြင့်သာ ဖြစ်ပြီး ဥပမာအားဖြင့် သူ၏ ခွန်အား ၆ မှတ်မှ ၇ မှတ်သို့ တိုးလာခြင်းသည် သူ ပိုမို အားကောင်းလာကြောင်းကို အလွန် ရှင်းလင်းစွာ ဖော်ပြနေခြင်း ဖြစ်သည်။ သက်စောင့်စွမ်းအား ကဲ့သို့သော အရာများအတွက်မူ အတိအကျ ကိန်းဂဏန်းဖြင့် ဖော်ပြ၍ မရနိုင်ဘဲ အများဆုံး ရာခိုင်နှုန်းဖြင့်သာ တွက်ချက်နိုင်ကာ သူ ဓားတစ်ချက် ခုတ်လိုက်တိုင်း ရန်သူ သွေးမည်မျှ ကျသွားမည် ဆိုသည့် အခြေအနေမျိုး ဖြစ်လာမည် မဟုတ်ပေ။ ရန်သူ၏ ခေါင်းပေါ်တွင် ပေါ်လာသော သွေးတန်းသည် ရန်သူ၏ သက်စောင့်စွမ်းအား အခြေအနေကို ဖော်ပြရန် ပိုမို အသုံးဝင်ပြီး သွေးတန်း ပိုလျော့သွားလေလေ ရန်သူ ပိုမို အားနည်းသွားလေလေ ဖြစ်သည်။
သေစေနိုင်သော ဒဏ်ရာရရှိပြီးနောက်တွင်မူ ရန်သူသည် ချက်ချင်း သေဆုံးသွားမည် ဖြစ်ပြီး သက်စောင့်စွမ်းအား ၁၀၀ ရာခိုင်နှုန်း ကျန်ရှိနေလျှင်ပင် သွေးတန်းသည် ချက်ချင်း ကုန်ဆုံးသွားပြီး သေဆုံးသွားမည် ဖြစ်သည်။
လက်နက်ကိရိယာ သို့မဟုတ် ပစ္စည်းများ၏ ကိန်းဂဏန်း အချက်အလက်များကမူ ပိုမို စိတ်ဝင်စားစရာ ကောင်းသည်။ ဥပမာအားဖြင့် သူ၏ ခါးကြားမှ နဂါးသတ်ဓား၏ ကြာရှည်ခံနိုင်စွမ်း နှင့် အပိုဆောင်း စွမ်းရည်များကို ဆုရှောင် နားလည်နိုင်ပြီး တိုက်ခိုက်နိုင်စွမ်း ၅ မှ ၁၆ ဆိုသည်မှာ ထိုလက်နက်၏ ထက်မြက်မှုနှင့် တိုက်ခိုက်မှုပြင်းထန်အားကို ရည်ညွှန်းခြင်း ဖြစ်သည်။ လက်နက်ကိရိယာများ၏ အမှတ်ပေးမှုသည် အရေးအကြီးဆုံး ကိန်းဂဏန်း ဖြစ်ပြီး အမှတ်ပေးမှုမှ တစ်ဆင့် ပစ္စည်း၏ တန်ဖိုးကို ရှင်းလင်းစွာ သိရှိနိုင်သည်။
တိုက်ပွဲ အနည်းငယ် အပြီးတွင် ဆုရှောင် နားလည်လာသည်မှာ တစ်ဝက်တစ်ပျက် ကိန်းဂဏန်းစနစ် ဆိုသော်လည်း ၎င်းသည် စွမ်းအားကို ခန့်မှန်းရန် လွယ်ကူစေရန်သာ ဖြစ်ပြီး အရာအားလုံးသည် လက်တွေ့ အခြေအနေကိုသာ အခြေခံကာ ဂိမ်းဆန်ဆန် အခြေအနေမျိုး မရှိကြောင်းပင် ဖြစ်သည်။ တစ်ဝက်တစ်ပျက် ကိန်းဂဏန်းစနစ်သည် သူ၏ စွမ်းအားနှင့် ပစ္စည်းများ၏ တန်ဖိုးကို ပိုမို ရှင်းလင်းစွာ ဖော်ပြနိုင်ရန်အတွက်သာ ဖြစ်သည်။ ထိုအရာသည် ပြန်လည်ဝင်စားခြင်းသုခဘုံမှ ဆုရှောင်အား ပေးအပ်သော အကြီးမားဆုံး အကူအညီပင် ဖြစ်သည်။