← Chapters

အခန်း (၂၁-၂၂)

Vol. 1 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 1 Ch. 21-22

အခန်း (၂၁) သံမဏိမျှော်စင်ကြီးလို

"ဟေ့ကောင်တွေ... ငါ့နောက်ကလိုက်ပြီး ချကြဟေ့"

"သတ်စမ်း... ပိုင်ယဲ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ကြ"

ပင်လယ်ဓားပြအုပ်စုသည် မြို့တော်၏ လမ်းမများပေါ်တွင် ပြေးလွှားဝင်ရောက်လာကြသည်။ ပြည်သူများသည် ထိုမြင်ကွင်းကို မြင်သောအခါ အထိတ်တလန့် အော်ဟစ်ကာ ထွက်ပြေးပုန်းအောင်းကုန်ကြသည်။

ပင်လယ်ဓားပြများသည် နန်းတော်ဆီသို့ ချီတက်သွားစဉ် ရက်စက်သော ဓားပြအချို့က လမ်းတစ်လျှောက် မီးရှို့ဖျက်ဆီးသွားကြသည်။ မြို့အပြင်ဘက်၌ မီးတောက်များက ကောင်းကင်အထိ ထိုးတက်နေပြီး မြို့ထဲတွင်လည်း မကြာမီ မီးခိုးငွေ့များ လုံးထွေးတက်လာသည်။

ဆုရှောင်သည် ညအမှောင်ထုထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားသည်။ မကြာမီ ထိုပင်လယ်ဓားပြများကို ကျော်တက်သွားပြီး နန်းတော်ရှေ့သို့ ကြိုတင်ရောက်ရှိနေလေပြီ။

ဂိုအာတိုင်းပြည်သည် ဝမ်းပိစ်ကမ္ဘာတွင် နိုင်ငံငယ်လေးတစ်ခုသာဖြစ်သည်။ ထို့ကြောင့် နန်းတော်သည်လည်း နေရာအကျယ်အဝန်း သိပ်မကြီးမားသော ရဲတိုက်ငယ်လေးတစ်ခုသာဖြစ်သည်။

ဆုရှောင်သည် နန်းတော်အနီး၌ ပုန်းကွယ်နေရင်း ခရီးဂ်ပင်လယ်ဓားပြအဖွဲ့ကို စောင့်ဆိုင်းနေသည်။

မြို့တော်၌ အပိုင်းသုံးပိုင်း ခွဲခြားထားသည်။ အပြင်ဘက်ဆုံးတွင် သာမန်ပြည်သူများနေထိုင်ရာ ရပ်ကွက်ရှိပြီး ထိုနောက်တွင် ဗဟိုလမ်းမကြီးရှိကာ အလယ်ဗဟိုအကျဆုံးနေရာ၌ နန်းတော်တည်ရှိသည်။

နန်းတော်အပြင်ဘက်တွင် မြို့ရိုးတစ်ထပ်ရှိသော်လည်း သိပ်မမြင့်မားလှပေ။ ခရီးဂ်ပင်လယ်ဓားပြအဖွဲ့သည် မကြာမီ မြို့ရိုးကိုဖောက်ထွင်းပြီး နန်းတော်ဧရိယာထဲသို့ ဝင်ရောက်သွားနိုင်ပေမည်။

နန်းတော်အတွင်းရှိ သက်တော်စောင့်တပ်ဖွဲ့သည် အင်အားအပြည့် ထွက်ပေါ်လာကြသည်။ အချိန်အနည်းငယ်ကြာသောအခါ တိုက်ခိုက်သတ်ဖြတ်သံများ ထွက်ပေါ်လာသည်။

ဆုရှောင်ကမူ ဆက်လက်စောင့်ဆိုင်းနေဆဲဖြစ်သည်။ သူစုံစမ်းထားသလောက် နန်းတော်အတွင်းရှိ သက်တော်စောင့်တပ်ဖွဲ့သည် အပြင်ပန်းသာကြည့်ကောင်းပြီး လက်တွေ့တွင် အသုံးမကျပေ။ သွေးထွက်သံယိုတိုက်ပွဲမျိုးကို မကြုံဖူးသော ထိုသက်တော်စောင့်များသည် ပင်လယ်ဓားပြများကို လုံးဝယှဉ်နိုင်မည်မဟုတ်ချေ။

အမှန်တကယ်လည်း ထိုအတိုင်းပင်ဖြစ်သည်။ နာရီဝက်ခန့်သာကြာသောအခါ နန်းတော်၏သက်တော်စောင့်များသည် တိုက်ခိုက်ရေးတွင် ရှုံးနိမ့်သွားပြီး နန်းတော်အဆောက်အအုံရှေ့သို့ ဆုတ်ခွာသွားရသည်။

ထိုသက်တော်စောင့်များ၏ အခြေအနေမှာ အလွန်ဆိုးရွားနေပြီး မျက်နှာများတွင် ထိတ်လန့်မှုများ အထင်းသားပေါ်လွင်နေသည်။ သေဆုံးဒဏ်ရာရသူ အလွန်များပြားပြီး သတ္တိနည်းသူအချို့မှာ နေရာမှာတင် ထွက်ပြေးကုန်ကြသည်။

"ဟေ့ကောင်တွေ... နန်းတော်က မျက်စိရှေ့ရောက်နေပြီ၊ ဝင်လုကြစမ်း"

ခရီးဂ်၏ မျက်လုံးများ နီရဲနေသည်။ ဆုရှောင်၏ လှည့်စားခြင်းကို ခံလိုက်ရပြီးနောက် တစ်လမ်းလုံး သတ်ဖြတ်လာခဲ့ရာ သူသည် ဒေါသကြောင့် သတိလက်လွတ်ဖြစ်နေပြီဖြစ်သည်။

"သတ်စမ်း... တစ်ယောက်မှ အရှင်မထားနဲ့"

ခရီးဂ်၏ အမိန့်အောက်တွင် နောက်ပါပင်လယ်ဓားပြ ရာဂဏန်းခန့်သည် ကျယ်လောင်စွာအော်ဟစ်လျက် နန်းတော်ဆီသို့ ပြေးဝင်သွားကြပြီး သက်တော်စောင့်များနှင့် ရင်ဆိုင်တိုက်ခိုက်ကြတော့သည်။

အလွန်ရက်စက်ကြမ်းကြုတ်သော အနီးကပ် သွေးထွက်သံယိုတိုက်ပွဲ စတင်လေပြီ။ ပေါက်ပေါက်ဖောက်သကဲ့သို့ သေနတ်ပစ်ခတ်သံများ အဆက်မပြတ်ထွက်ပေါ်နေသည်။ သွေးများ လေထဲတွင် လွင့်စင်နေပြီး ပြတ်တောက်သွားသော ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများသည် မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ကျဆင်းလာကြသည်။

နန်းတော်အတွင်း၌ အိပ်ရာဝင်နေပြီဖြစ်သော ဘုရင်သည် အပြင်ဘက်မှဆူညံသံများကြောင့် လန့်နိုးသွားသည်။

ဂိုအာတိုင်းပြည်၏ဘုရင် ဖိလစ်ဟာဘတ်သည် အသက်ခြောက်ဆယ်ခန့်အရွယ်ရှိပြီး ဆံပင်အနက်ရောင်နှင့် မုတ်ဆိတ်မွေးအရှည်ထားသော အမျိုးသားတစ်ဦးဖြစ်သည်။

"အပြင်မှာ ဘာဖြစ်နေတာလဲ၊ ရုတ်တရက်ကြီး ဘာလို့ ဒီလောက်ဆူညံနေတာလဲ"

ဘုရင် ဖိလစ်ဟာဘတ်သည် စိတ်မရှည်စွာဖြင့် အိပ်ရာမှထလိုက်သည်။ ဘေးနားရှိ ဘုရင်မလည်း ကြောင်တောင်တောင်ဖြင့် ထိုင်နေသည်။

"အရှင်မင်းကြီး... အပြင်မှာ သေနတ်သံတွေ ကြားနေရတယ်၊ ဘာတွေများဖြစ်နေတာလဲ မသိဘူးရှင်"

ဘုရင်မသည် အလွန်ငယ်ရွယ်ပြီး ကြောက်ရွံ့စွာဖြင့် ဘုရင်၏ရင်ခွင်ထဲသို့ တိုးဝင်သွားသည်။

"လူလာကြစမ်း"

အိပ်ခန်းတံခါးပွင့်သွားပြီးနောက် ခန္ဓာကိုယ်တောင့်တင်းခိုင်မာသော လူထွားကြီးတစ်ယောက် ပြေးဝင်လာသည်။ ထိုလူထွားကြီး၏မျက်နှာတွင် အလွန်နက်ရှိုင်းသော ဓားခုတ်ရာအမာရွတ်တစ်ခု ရှိနေသည်။ ထိုအမာရွတ်သည် မျက်နှာတစ်ပြင်လုံးကို ဖြတ်သန်းသွားရာ သူ့အား အလွန်ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်ကို ဖြစ်ပေါ်စေသည်။

"ဟောင်ဆင်... အပြင်မှာ ဘာဖြစ်နေတာလဲ"

ဟောင်ဆင်ဟုခေါ်သော ထိုလူထွားကြီးသည် ဘုရင်၏ကိုယ်ရံတော်ဖြစ်သည်။ သို့သော် သူ၏လည်ပင်းတွင် သတ္တုလည်ပတ်တစ်ခု စွပ်ထားသည်။ ထိုလည်ပတ်မှာ သံမဏိအမည်းရောင်ဖြစ်ပြီး ဆက်သွယ်ထားသောနေရာတွင် အသေးစိတ် စက်ယန္တရားများ ပါရှိသည်။

ဆုရှောင်သာ ထိုနေရာတွင်ရှိနေပါက ထိုလည်ပတ်ကို ချက်ချင်းမှတ်မိမည်ဖြစ်သည်။ ယင်းမှာ ဝမ်းပိစ်ကမ္ဘာမှ ကျေးကျွန်လည်ပတ်ဖြစ်သည်။

ဟောင်ဆင်ဟု အမည်ရသော ထိုလူထွားကြီးသည် အမှန်တကယ်တော့ ကျေးကျွန်တစ်ယောက်ဖြစ်နေသည်။ သူ၏အသက်ကို ဘုရင်က ချုပ်ကိုင်ထားရာ ဘုရင်က သူ့အား ကိုယ်ရံတော်အဖြစ် ခန့်အပ်ထားသည်မှာ အံ့သြစရာမဟုတ်ပေ။

ဟောင်ဆင်သည် စကားမပြောဘဲ လက်ဟန်ခြေဟန်အချို့ကိုသာ ပြုလုပ်ပြသည်။ သူသည် စကားပြောနိုင်စွမ်း မရှိတော့ပေ။ သူ့လျှာကို ကျေးကျွန်ကုန်သည်များက ဖြတ်တောက်ပစ်ခဲ့သည်။ သူသာ ခန္ဓာကိုယ် ထူးထူးခြားခြား သန်မာခြင်းမရှိခဲ့ပါက ထိုကျေးကျွန်ကုန်သည်များ၏ လက်ချက်ဖြင့် သေဆုံးနေလောက်ပြီဖြစ်သည်။

"ပင်လယ်ဓားပြတွေ... နန်းတော်ထဲကို ပင်လယ်ဓားပြတွေ ဘယ်လိုလုပ်ရောက်လာတာလဲ။ လက်ယာဝန်ကြီး... မင်း လူလွှတ်ပြီး အဲဒီဓားပြတွေကို သွားရှင်းလိုက်"

ဘုရင်သည် အခြေအနေအနည်းငယ် ထူးခြားနေသည်ကို ခံစားမိသော်လည်း သိပ်ပြီးဂရုမစိုက်ပေ။ နန်းတော်အတွင်းရှိ လုံခြုံရေးအင်အားကို သူအလွန်ယုံကြည်မှု ရှိနေပုံရသည်။

ဟောင်ဆင်သည် အခန်းထဲတွင် ကျောက်ရုပ်ကဲ့သို့ တောင့်တောင့်ကြီး ရပ်နေသည်။ လည်ပင်းရှိ ကျေးကျွန်လည်ပတ်သည် သူ၏လွတ်လပ်ခွင့်ကို ချုပ်နှောင်ထားသည်။ ထိုလည်ပတ်ကို အချိန်မရွေး ဖောက်ခွဲပစ်နိုင်ပြီး ထိုသို့ဖြစ်လာပါက သူသေဆုံးမည်ဖြစ်သည်။

နန်းတော်အပြင်ဘက်တွင် ဆုရှောင်သည် အခွင့်အရေးကို စောင့်ဆိုင်းနေသည်။

ယခု အချိန်မကျသေးပေ။ နန်းတော်အတွင်းရှိ တိုက်ပွဲမှာ ပြင်းထန်နေသော်လည်း အမြင့်ဆုံးအခြေအနေသို့ မရောက်သေးပေ။

ရောထွေးသတ်ပုတ်နေသောတိုက်ပွဲသည် တစ်နာရီခန့် ကြာမြင့်ပြီးနောက် နန်းတော်အတွင်းရှိ ဘုရင်သည် တည်ငြိမ်မှုမရှိတော့ပေ။ တိုက်ခိုက်သတ်ဖြတ်သံများသည် ပိုမိုနီးကပ်လာသည်ကို ဘုရင်အထင်းသား ခံစားနေရသည်။

ယခုအချိန်ကျမှသာ ဘုရင်သည် ကိစ္စရပ်၏ကြီးမားမှုကို သဘောပေါက်သွားတော့သည်။

ဝုန်းခနဲအသံနှင့်အတူ အခန်းတံခါးပွင့်ထွက်သွားပြီး သွေးများပေကျံနေသော လက်ယာဝန်ကြီးသည် အိပ်ခန်းထဲသို့ ပြေးဝင်လာသည်။

"အရှင်မင်းကြီး... အခြေအနေမကောင်းတော့ဘူး၊ ဟိုပင်လယ်ဓားပြတွေ တက်လာပြီ၊ အခု တတိယထပ်ကို ရောက်နေပြီ"

ဘုရင်၏မျက်နှာ ချက်ချင်းပျက်သွားသည်။

"မဖြစ်နိုင်ဘူး... ငါကိုယ်တော်ရဲ့ သက်တော်စောင့်တွေကော၊ အဲဒီသက်တော်စောင့်တွေအကုန်လုံးက အသေအချာရွေးချယ်ထားတဲ့ လူတွေချည်းပဲ။ ဒီလိုအလွယ်တကူ ရှုံးသွားတာလား"

လက်ယာဝန်ကြီးသည် မြေကြီးပေါ်တွင် ဒူးထောက်ကာ တစ်ကိုယ်လုံးကွေးညွတ်နေပြီး စကားဆက်မပြောရဲတော့ပေ။

နန်းတော်ထဲရှိ သက်တော်စောင့်များသည် ထူးချွန်သူများလုံးဝမဟုတ်ဘဲ ငွေအမြောက်အမြားပေး၍ ငှားရမ်းထားသော လူငယ်အချို့သာဖြစ်သည်။

"ဟောင်ဆင်... မင်း သွား... နေဦး"

ဘုရင်၏မျက်နှာသည် ဝေခွဲမရဖြစ်နေသည်။ ဟောင်ဆင်သည် တကယ်အစွမ်းထက်သော်လည်း သူ့အား လွှတ်လိုက်ပါက ဘုရင်၏လုံခြုံရေးကို မည်သူတာဝန်ယူမည်နည်း။

သို့သော် ဟောင်ဆင်ကိုမလွှတ်ပါက ထိုပင်လယ်ဓားပြများသည် မကြာမီ သူ၏ရှေ့မှောက်သို့ ရောက်လာမည်ဖြစ်ပြီး ကျည်ဆန်များက မျက်စိမပါပေ။

"အဲဒီဓားပြတွေကို အမြန်ဆုံးဖြေရှင်းလိုက်၊ ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့။ မင်း ဒဏ်ရာရလည်း ကိစ္စမရှိဘူး၊ နားလည်လား။ ငါကိုယ်တော် တစ်ခုခုဖြစ်သွားရင် မင်းပါ အတူတူသေရမယ်"

ဟောင်ဆင်၏မျက်လုံးထဲတွင် မည်သည့်လှုပ်ရှားမှုမျှမရှိဘဲ တုံးတိတိဖြင့် ခေါင်းညိတ်ပြကာ အခန်းထဲမှ ထွက်ခွာသွားလေသည်။

နန်းတော်အပြင်ဘက်တွင် စောင့်ဆိုင်းနေသောဆုရှောင်သည် မကြာမီ နန်းတော်အတွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ တတိယထပ်နေရာမှနေ၍ ခရမ်းရောင်အဆိပ်ငွေ့များ အများအပြား ပျံ့နှံ့လာသည်။

"နောက်ဆုံးတော့ အချိန်ကျပြီပဲ"

ဆုရှောင်သည် လေပေါ်သို့ ခုန်တက်လိုက်ပြီး အိမ်မြှောင်တစ်ကောင်ကဲ့သို့ ရဲတိုက်၏အပြင်ဘက် နံရံပေါ်တွင် ကပ်တွယ်လိုက်သည်။

သူသည် အထက်သို့ လျင်မြန်စွာတွားတက်သွားပြီး တတိယထပ်နေရာကို တန်းကျော်သွားလိုက်သည်။

တိုက်ပွဲဖြစ်ပွားရာနေရာမှာ တတိယထပ်ဖြစ်သဖြင့် ဘုရင်သည် တတိယထပ်အောက်ပိုင်းတွင် လုံးဝရှိနေမည်မဟုတ်ပေ။

တတိယထပ်နေရာသို့ ရောက်ရှိသောအခါ ပြတင်းပေါက်မှတစ်ဆင့် လူနှစ်ယောက် တိုက်ခိုက်နေသည်ကို ဆုရှောင်မြင်လိုက်ရသည်။ သူတို့မှာ ခရီးဂ်နှင့် လူထွားကြီးတစ်ယောက်ဖြစ်သည်။

သို့သော် ဆုရှောင်မျှော်လင့်မထားသည်မှာ ခရီးဂ်သည် အကြီးအကျယ်အရိုက်ခံနေရပြီး လက်တစ်ဖက်မှာ ပျော့ခွေကျနေကာ အချိန်ကြာကြာ တောင့်ခံနိုင်မည့်ပုံမပေါ်ပေ။

ထိုလူထွားကြီးသည် သံမဏိမျှော်စင်ကြီးလို ခွန်အားကြီးမားလှသည်။ သူဝင်ဆောင့်လိုက်တိုင်း နံရံများ အများအပြား ကျိုးပဲ့ပျက်စီးသွားသည်။ အကယ်၍ ဆုရှောင်သာ ထိုကဲ့သို့သော မိစ္ဆာကောင်မျိုးနှင့် ထိပ်တိုက်ရင်ဆိုင်ရပါက နှစ်မိနစ်ပင်မခံဘဲ ရှုံးနိမ့်သွားမည်ဖြစ်သည်။

ဘုရင်ကို မလုပ်ကြံခဲ့ခြင်းမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။ ထိုကဲ့သို့သော ရန်သူနှင့် တိုက်ခိုက်ခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းပင်ဖြစ်သည်။

ထိုလူထွားကြီး၏ ခွန်အားစွမ်းရည်သည် အနည်းဆုံး အမှတ် ၂၀ အထက်တွင်ရှိမည်ဟု ခန့်မှန်းရသည်။

ခရီးဂ်မှာ ကြာကြာတောင့်ခံနိုင်တော့မည်မဟုတ်သဖြင့် အချိန်သိပ်မရှိတော့ပေ။ ဆုရှောင်သည် လျင်မြန်စွာ လှုပ်ရှားရတော့မည်။

နန်းတော်၌ အခန်းများစွာရှိသဖြင့် ဆုရှောင်သည် ပြတင်းပေါက်များမှတစ်ဆင့် လျင်မြန်စွာ လိုက်လံစစ်ဆေးနေသည်။

စတုတ္ထထပ်တွင် ဘုရင်၏အရိပ်အယောင်ကို မတွေ့ရပေ။ ထို့နောက် ပဉ္စမထပ်၊ ဆဋ္ဌမထပ်...

လျင်မြန်စွာရှာဖွေပြီးနောက် နောက်ဆုံးတွင် ဆုရှောင်သည် ပြတင်းပေါက်တစ်ခုမှတစ်ဆင့် ထိုဘုရင်ကို ရှာတွေ့သွားလေသည်။

ပစ်မှတ်သည် အခန်းထဲတွင်မရှိဘဲ စင်္ကြံလမ်းတစ်ခုပေါ်တွင် ထွက်ပြေးနေသည်။ ပင်လယ်ဓားပြများတွေ့ရှိမည့် အန္တရာယ်ကိုလျှော့ချရန် အပေါ်ထပ်များဆီသို့ ပြေးတက်နေခြင်းဖြစ်ပုံရသည်။

ရဲတိုက်အောက်ခြေမှ ဆက်တိုက်ထွက်ပေါ်နေသော တုန်ခါမှုများကြောင့် ဘုရင်သည် စိတ်လှုပ်ရှားထိတ်လန့်နေသည်။

ကြည်လင်သောလရောင်သည် ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာပြီး ဘုရင်သည် စင်္ကြံလမ်းတစ်လျှောက် လျင်မြန်စွာ ပြေးလွှားနေသည်။

"အရှင်မင်းကြီး... ဟူး... ကျွန်မ... ကျွန်မ ဆက်မပြေးနိုင်တော့ဘူး၊ ခဏလောက် နားရအောင်ပါရှင်"

ဘုရင်နှင့်အတူ လိုက်ပါထွက်ပြေးလာသော ဘုရင်မသည် မောဟိုက်စွာဖြင့် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။

ဘုရင်၏မျက်နှာအမူအရာ အဆက်မပြတ် ပြောင်းလဲသွားသည်။ ထိုအမျိုးသမီးအပေါ် သူအနည်းငယ် စိတ်ဝင်စားမှုရှိနေသေးသဖြင့် မစွန့်ပစ်ချင်သေးပေ။ သို့သော် အသက်နှင့်ယှဉ်လာသောအခါ မိန်းမဆိုသည်မှာ သူ့ရင်ထဲတွင် ဘာမှမဟုတ်တော့ပေ။

"ဒါဆိုလည်း ဘုရင်မလေး ဒီမှာပဲ နားနေခဲ့တော့"

ထိုသို့ပြောပြီးနောက် ဘုရင်သည် လှည့်ထွက်သွားရန် ပြင်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် အလွန်အံ့အားသင့်စွာထိုင်နေသော ဘုရင်မကို ထားရစ်ခဲ့လေသည်။

ထိုအချိန်မှာပင် စင်္ကြံလမ်းဘေးရှိ ပြတင်းပေါက်မှန်သည် ဝုန်းခနဲကွဲအက်သွားပြီး ချွန်ထက်သောဓားတစ်လက်ကို ကိုင်ဆောင်ထားသည့် လူရိပ်တစ်ခုသည် ပြတင်းပေါက်မှတစ်ဆင့် ခုန်ဝင်လာလေတော့သည်။

အခန်း (၂၂) ပြန်လည်ရောက်ရှိခြင်းနှင့် ဆုလာဘ်များ

လွင့်စင်လာသော မှန်ကွဲစများကြားမှ ဆုရှောင်သည် စင်္ကြံလမ်းပေါ်သို့ ခုန်ဆင်းလိုက်ပြီး လေပေါ်တွင် ဟန်ချက်ထိန်းကာ သူ့ရှေ့မှ ဂိုအာတိုင်းပြည်၏ဘုရင်ဆီသို့ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ဘုရင်သည် ဆုရှောင်ကို ကျောပေးထားသဖြင့် အနောက်မှဆုရှောင်ကို လုံးဝသတိမထားမိဘဲ မျက်နှာတွင် အံ့သြနေသော အမူအရာသာရှိနေသည်။

တောက်ပသော ဓားအလင်းတန်းတစ်ချက် ဖြတ်သန်းသွားပြီး လရောင်အောက်တွင် အလွန်တရာ အေးစက်လှပနေသည်။ ချွန်ထက်သောဓားသွားသည် လေထုကို ခွဲထုတ်လိုက်ရာ ဝှစ်ခနဲအသံများ ထွက်ပေါ်လာသည်။

"ပွက်..."

ဆုရှောင်သည် ဘုရင်၏ခါးကို ဓားဖြင့်ပိုင်းချလိုက်ရာ သွေးများ လေထဲသို့ ပန်းထွက်လာပြီး သွေးစက်လေးများအဖြစ် ပြောင်းလဲသွားသည်။ ကြမ်းပြင် သို့မဟုတ် နံရံနှင့် ထိတွေ့သွားသောအခါ သွေးစက်လေးများ ပေါက်ကွဲသွားသည်။

ထိုဓားချက်သည် ဘုရင်၏ခန္ဓာကိုယ်ကို ခါးလယ်မှ ထက်ပိုင်းပြတ်သွားစေသည်။

လေပေါ်တွင် ဘုရင်၏မျက်နှာမှာ အံ့သြမှုများပြည့်နှက်နေပြီး ကြမ်းပြင်ပေါ်ရှိ ခြေထောက်နှစ်ချောင်းကို ဝေခွဲမရစွာ ကြည့်နေမိသည်။

ထိုခြေထောက်နှစ်ချောင်းမှာ သူနှင့် အလွန်ရင်းနှီးနေသလို ခံစားလိုက်ရသည်။

ဘုတ်ခနဲအသံနှင့်အတူ ဘုရင်၏အပေါ်ပိုင်းခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ်သို့ ကျရောက်သွားပြီးနောက် ပြင်းထန်သောနာကျင်မှုသည် သူ့အား ဝါးမြိုသွားတော့မည့်အလား ခံစားလိုက်ရသည်။

ဘုရင်သည် ပါးစပ်ဟကာ စူးစူးဝါးဝါးအော်ဟစ်ရန် ပြင်လိုက်သော်လည်း ဆုရှောင်၏ဒုတိယဓားချက်သည် ရောက်ရှိလာပြီဖြစ်သည်။

ယခင်ကဲ့သို့ပင် မြန်ဆန်၊ တိကျပြီး ပြတ်သားလှသည်။ ဓားသွားဖြတ်သန်းသွားပြီးနောက် ခေါင်းပြတ် လိမ့်ထွက်သွားသည်။

"တာဝန် ပြီးဆုံးပြီ"

ဆုရှောင်သည် ဓားပေါ်မှ သွေးစများကို ခါချလိုက်သည်။ သူသည် တစ်ယောက်တည်းအင်အားဖြင့် မည်သည့်ထိခိုက်ဒဏ်ရာမျှမရှိဘဲ ဘုရင်တစ်ပါးကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ 'မိစ္ဆာကောင်'များ ပြည့်နှက်နေသော ကမ္ဘာထဲတွင်ဖြစ်သည်။

ထိုကဲ့သို့လုပ်ဆောင်နိုင်ရန် ရဲစွမ်းသတ္တိအပြည့်အဝရှိရန် လိုအပ်ပေသည်။

[ သင်သည် ဂိုအာတိုင်းပြည်၏ဘုရင် ဖိလစ်ဟာဘတ်ကို သတ်ဖြတ်လိုက်ပါပြီ ]

[ ဖိလစ်ဟာဘတ်သည် တာဝန်၏ပစ်မှတ်ဖြစ်သဖြင့် ကမ္ဘာ့အရင်းအမြစ်ကို ရယူ၍မရနိုင်ပါ။ လက်ရှိတွင် ကမ္ဘာ့အရင်းအမြစ် ၈.၉ ရာခိုင်နှုန်း ရရှိထားပါသည် ]

[ သင်၏ ဝိညာဉ်ဝါးမျိုသူပါရမီ အသက်ဝင်လာပါသည်။ မာန (Mana) ဝိညာဉ်စွမ်းအား ၂ မှတ် အမြဲတမ်းတိုးပွားလာပြီး လက်ရှိ စုစုပေါင်း ဝိညာဉ်စွမ်းအား ၉၃ မှတ် ရှိပါသည် ]

ဘုရင် သေဆုံးသွားပြီးနောက် ရုပ်အလောင်းပေါ်တွင် အဖြူရောင်ရတနာသေတ္တာတစ်လုံး လေပေါ်ဝဲပျံလာသည်။

အဖြူရောင်ရတနာသေတ္တာအချို့ကို ဖွင့်ဖူးပြီးဖြစ်သော ဆုရှောင်သည် ဖွင့်လိုက်လေသည်။

[ ရတနာသေတ္တာ (အဖြူ) ကို ဖွင့်လိုက်ပါသည်။ အောက်ပါပစ္စည်းများ ရရှိပါသည် ]

[ ကမ္ဘာ့သစ်ပင်လက်စွပ်ကို ရရှိပါသည် ]

ဆုရှောင်၏လက်ထဲတွင် လက်စွပ်တစ်ကွင်း ရောက်ရှိလာသည်။ ထိုလက်စွပ်သည် တစ်ကွင်းလုံး ပွင့်လင်းမြင်သာနေပြီး ကျောက်သလင်းတစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသကဲ့သို့ ရှိသည်။

[ ကမ္ဘာ့သစ်ပင်လက်စွပ် ]

[ အရည်အသွေး။ ။ အဖြူရောင်မှ ]

[ အဆင့်သတ်မှတ်ချက်။ ။ ]

[ ဖော်ပြချက်။ ။ ထိုလက်စွပ်သည် အာဒံသစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းကို အထင်မသေးပါနှင့်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ကုန်ကြမ်းပစ္စည်းမှာ အာဒံသစ်သား၏ အဓိကအကျဆုံး အလယ်ဗဟိုအပိုင်းဖြစ်သောကြောင့်ဖြစ်သည်။ အာဒံသစ်ပင်ကို ကမ္ဘာ့သစ်ပင်ဟုလည်း ခေါ်ဆိုနိုင်ပြီး ၎င်းသည် ဝမ်းပိစ်ကမ္ဘာ၏ထောက်တိုင်ဖြစ်သည်။ ]

ထိုလက်စွပ်တွင် မည်သည့်စွမ်းရည်မျှ မပါရှိပေ။ ထို့အပြင် အရည်အသွေးမှာလည်း အဖြူရောင်ဖြစ်ပြီး ဖော်ပြချက်မှာလည်း ရှင်းလင်းမှုမရှိပေ။ ဆုရှောင်သည် ၎င်းကို သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်ပြီး နောက်မှလေ့လာရန် ပြင်ဆင်လိုက်သည်။

"အား..."

စူးစူးဝါးဝါးအော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ဘုရင်မပင်ဖြစ်သည်။

ဆုရှောင် မျက်မှောင်ကြုတ်လိုက်သည်။ အော်ဟစ်သံများသည် အခြားရန်သူများကို ဆွဲဆောင်နိုင်ပေသည်။

သူသည် ခြေလှမ်းများကို လျင်မြန်စွာရွှေ့လျားလိုက်ပြီး ဓားဖြင့်လည်ပင်းကို ဖြတ်လိုက်ရာ အော်ဟစ်သံများ ချက်ချင်းရပ်တန့်သွားသည်။

ရန်သူအပေါ် သနားညှာတာခြင်းသည် အလွန်ဆင်ခြင်တုံတရားမဲ့သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဆုရှောင် ကောင်းစွာနားလည်ထားသည်။

ရန်သူစာရင်းထဲ ဝင်သွားသည်နှင့် သူဘယ်တော့မှ လက်မတွန့်ပေ။

တွန့်ဆုတ်တတ်သောသူများသည် တိုက်ခိုက်ရေးနှင့် မသင့်တော်သလို၊ ပြန်လည်ဝင်စားခြင်းသုခဘုံတွင် ရှင်သန်ရန် ပို၍ပင်မသင့်တော်ပေ။

[ အမဲလိုက်သူသည် အဓိကတာဝန်ဖြစ်သော 'ဂိုအာတိုင်းပြည်၏ဘုရင်ကို လုပ်ကြံခြင်း' ကို အောင်မြင်စွာ ပြီးမြောက်ပါသည် ]

[ အဓိကတာဝန် အခက်အခဲအဆင့် Lv.3၊ ကမ္ဘာ့အခက်အခဲအဆင့် Lv.6။ အမဲလိုက်သူ၏ သီးသန့်စမ်းသပ်မှု အောင်မြင်ပါသည် ]

[ အမဲလိုက်သူ၏အဆင့်အတန်းကို တရားဝင်ဖွင့်လှစ်လိုက်ပါပြီ။ အမဲလိုက်ခြင်းတာဝန်များကို စတင်လက်ခံနိုင်ပြီဖြစ်ပါသည် (နောက်ကမ္ဘာတွင် တာဝန်ထုတ်ပြန်ပါမည်) ]

[ အဓိကတာဝန် ပြီးဆုံးသွားပါပြီ။ အမဲလိုက်သူသည် စက္ကန့် ၃၀ အကြာတွင် ထိုကမ္ဘာမှထွက်ခွာပြီး ပြန်လည်ဝင်စားခြင်းသုခဘုံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။ ကြိုတင်ပြင်ဆင်ထားပါရန် ]

ပြီးဆုံးသွားပြီ။ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက် ဆုရှောင်သည် နောက်ဆုံးတွင် တာဝန်ကို ပြီးမြောက်ခဲ့ပြီဖြစ်သည်။

စက္ကန့် ၃၀ သာ ထပ်မံစောင့်ဆိုင်းလိုက်ပါက သူသည် ဝမ်းပိစ်ကမ္ဘာမှ ထွက်ခွာနိုင်မည်ဖြစ်သည်။

ပြန်လည်ဝင်စားခြင်းသုခဘုံတွင် ဘေးကင်းလုံခြုံမှုမရှိနိုင်သော်လည်း အန္တရာယ်တော့ မရှိလောက်ပေ။ ပြန်လည်ဝင်စားခြင်းသုခဘုံက သူ့အား သေစေချင်နေခြင်းမဟုတ်ပါက သူ့ကို အန္တရာယ်များထဲ အမြဲတမ်းပစ်ချထားမည်မဟုတ်ပေ။

"ဝုန်း"

အောက်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထိုအသံကြီးနှင့်အတူ ရဲတိုက်တစ်ခုလုံးသည် ဘေးသို့ တိမ်းစောင်းသွားလေသည်။

ထိုသည်မှာ ဘုရင်၏ကိုယ်ရံတော်နှင့် ခရီးဂ်တို့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်လောက်သည်။

"လူတွေက ဒီလောက်ထိ စွမ်းအားကြီးမားနိုင်မယ်လို့ မထင်ထားမိဘူး"

ဆုရှောင်သည် ထိုသူနှစ်ဦး၏စွမ်းအားကို ကြောက်ရွံ့နေခြင်းမရှိဘဲ နှုတ်ခမ်းထောင့်စွန်းများပင် ကွေးညွတ်ကာ ပြုံးလိုက်မိသည်။

ဝမ်းပိစ်ကမ္ဘာသို့ သူပြန်လာရဦးမည်ဟု ခံစားနေရသည်။ သို့သော် နောက်တစ်ကြိမ်ရောက်လာပါက ယခုကဲ့သို့ နိုင်ငံငယ်လေးတစ်ခုတွင် တာဝန်ထမ်းဆောင်ရမည်မဟုတ်တော့ပေ။

ထိပ်တန်းတိုက်ပွဲကြီးများတွင် ပါဝင်ရမည်လား။ ပင်လယ်ပြင်စိုးမိုးရေးတိုက်ပွဲများတွင် ပါဝင်ရမည်လား။

ထိုအရာအားလုံး၏အခြေခံမှာ သူ၏စွမ်းအား လုံလောက်စွာ ကြီးမားလာရန်သာဖြစ်သည်။

စက္ကန့် ၃၀ ပြည့်သွားသောအခါ ဆုရှောင်၏ ရှေ့တွင် အမှောင်ကျသွားပြီး ခေါင်းကို တူဖြင့်အထုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ တစ်ကိုယ်လုံး မူးဝေသွားသည်။

အသိစိတ်များ ဝေဝါးနေစဉ်အတွင်း ပွင့်လင်းမြင်သာသော အလွှာပါးလေးတစ်ခု၏ ဖုံးလွှမ်းမှုကို ခံထားရပြီး အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားလာနေကြောင်း ခံစားလိုက်ရသည်။ ဘေးပတ်ဝန်းကျင်တွင် မှုန်ဝါးဝါးကြယ်ရောင်များကို မြင်တွေ့နေရသည်။

"ဒေါင်"

ပို့ဆောင်နေစဉ်အတွင်း ဘေးပတ်ဝန်းကျင်မှ တုန်ခါမှုတစ်ခုကို ဆုရှောင် ခံစားလိုက်ရပြီး အသိစိတ် ပြန်လည်ဝင်ရောက်လာသည်။

"ဒါက ပြန်လည်ဝင်စားခြင်းသုခဘုံလား... နောက်နေတာလား"

ဆုရှောင်သည် ဘေးပတ်ဝန်းကျင်ကို ဝေခွဲမရစွာ ကြည့်ရှုလိုက်သည်။ ရှေ့တွင် မြင်တွေ့နေရသည်မှာ အဆုံးအစမဲ့သော အမှောင်ထုသာဖြစ်သည်။

"ရွှမ်း"

ကောင်းကင်သို့ ထိုးတက်သွားသော ဓားအလင်းတန်းတစ်ချက်သည် အမှောင်ထုကို ခွဲထုတ်လိုက်သည်။ အမှောင်ထုထဲတွင် လျှပ်စီးတန်းအများအပြား ပျံ့နှံ့လာသည်။

ထိုလျှပ်စီးတန်းများသည် အရာအားလုံးကို ဝါးမြိုပစ်နိုင်စွမ်းရှိသကဲ့သို့ ပတ်ဝန်းကျင်ရှိအမှောင်ထုကိုပင် ဝါးမြိုသွားပြီး ဆုရှောင်ဆီသို့ ဦးတည်လာကြသည်။

"လူသားတွေလား... ဟင်းလင်းပြင်ထဲကို လူသားတွေ ဘယ်လိုလုပ် ရောက်နေတာလဲ... စိတ်ဝင်စားစရာပဲ"

"ဒီ အချိန်ဟင်းလင်းပြင်စွမ်းအားက တော်တော်အစွမ်းထက်တာပဲ... ဟို အသိစိတ်... ထွက်လာခဲ့စမ်း ငါနဲ့ လာတိုက်စမ်း"

သွေးညှီနံ့များပါဝင်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဟုတ်ပေသည်။ သွေးညှီနံ့များပင်ဖြစ်သည်။

ဆုရှောင်သည် တစ်ဖက်သူ မည်ကဲ့သို့သော သက်ရှိဖြစ်ကြောင်း မမြင်ရသော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားနေရသည်။

အမှောင်ထုထဲတွင် မတ်တပ်ရပ်လိုက်ပြီး အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။

[ သတိပေးချက်။ ။ အမည်မသိ စွမ်းအားကြီးမားသော သက်ရှိတစ်ဦး၏ နှောင့်ယှက်မှုကြောင့် ပို့ဆောင်ခြင်းလုပ်ငန်းစဉ် ပြတ်တောက်သွားပါသည်။ အလွန်အန္တရာယ်များသော သက်ရှိအဖြစ် သံသယရှိရသူမှာ - ဟင်းလင်းပြင်ဓားသမားဖြစ်ပါသည်။ ပြန်လည်ပြုပြင်နေပါသည်... ]

[ ပြန်လည်ပြုပြင်နေပါသည်... ဇီ... ပြန်လည်ပြုပြင်မှု ပြီးစီးပါပြီ။ ပို့ဆောင်ခြင်းလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်နေပါသည် ]

ဆုရှောင်၏ ရှေ့တွင် နောက်တစ်ကြိမ် အမှောင်ကျသွားပြီး ယခင်ကဲ့သို့ ခံစားမှုမျိုး ပြန်လည်ရရှိသွားသည်။

ဟင်းလင်းပြင်အတွင်း၌ ဓားတစ်လက်ကို ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးသည် စူးရှသောမျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အာရုံခံကြည့်ရှုနေသည်။

"ထွက်ပြေးသွားတာလား... တကယ်ပျင်းစရာကောင်းတာပဲ။ တိုက်ပွဲလေးဘာလေး လုပ်မလို့ စိတ်ကူးထားတာ... ထားလိုက်ပါတော့လေ။ ဟို ဆိုက်ဆိုလား ဘာဆိုလား ထိပ်ပြောင်ကောင်လောက်တော့ အဆင်ပြေသားပဲ၊ သူ့ကိုပဲ သွားရှာပြီး ချလိုက်တော့မယ်"

ဟင်းလင်းပြင်အတွင်း၌ အမည်မသိအရာများနှင့် အန္တရာယ်များ ပြည့်နှက်နေသည်။ ဆုရှောင်သည် အနည်းငယ်ကံဆိုးသဖြင့် ထိုကဲ့သို့သော အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ဆုရှောင် အသိစိတ် ပြန်လည်ရရှိလာသောအခါ အခန်းတစ်ခန်းထဲသို့ ရောက်ရှိနေပြီဖြစ်သည်။

အခန်းမှာ အနည်းငယ်ထူးဆန်းနေသည်။ နံရံလေးဖက်စလုံး ပိတ်လှောင်နေပြီး ပြတင်းပေါက် သို့မဟုတ် တံခါးပေါက် မရှိပေ။ မျက်နှာကြက်မှ အလင်းရောင်ဖျော့ဖျော့လေးများ ထွက်ပေါ်နေသဖြင့် အခန်းထဲတွင် အလွန်လင်းထိန်နေသည်။ အပူချိန်မှာလည်း သင့်တင့်မျှတပြီး လေမွန်းကျပ်ခြင်း အလျဉ်းမရှိပေ။

ဆုရှောင် ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေစဉ် ပြန်လည်ဝင်စားခြင်းသုခဘုံ၏ သတိပေးချက် ထွက်ပေါ်လာသည်။

[ ပို့ဆောင်ခြင်းလုပ်ငန်းစဉ် ပြီးဆုံးပါပြီ။ အမဲလိုက်သူသည် သီးသန့်အခန်းသို့ ပြန်လည်ရောက်ရှိလာပါပြီ ]

[ သီးသန့်အခန်းသည် လုံးဝဘေးကင်းလုံခြုံသော နေရာဖြစ်ပါသည်။ အမဲလိုက်သူ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှ ဝင်ရောက်နိုင်ခြင်းမရှိပါ ]

[ အမဲလိုက်သူ ပြန်လည်ဝင်စားခြင်းသုခဘုံသို့ ပြန်လည်ရောက်ရှိလာပါပြီ။ တာဝန်ဆုလာဘ်များကို စတင်တွက်ချက်နေပါသည် ]

ဝင်ရောက်ခဲ့သော ကမ္ဘာ။ ။ ဝမ်းပိစ်ကမ္ဘာ။

အခက်အခဲအဆင့်။ ။ Lv.6 (အိပ်မက်ဆိုး)။

ရရှိသော ကမ္ဘာ့အရင်းအမြစ်။ ။ ၈.၉ ရာခိုင်နှုန်း။

ပြီးမြောက်ခဲ့သော တာဝန်အရေအတွက်။ ။ ၂ ခု (အဓိကတာဝန် - 'ဂိုအာတိုင်းပြည်' ၏ ဘုရင်ကို လုပ်ကြံခြင်း၊ ဘေးထွက်တာဝန် - လက်ဝဲဝန်ကြီး၏ စုဆောင်းထားသော ပစ္စည်းများ)။

အလုံးစုံ အကဲဖြတ်ချက်။ ။ A-။ (မှတ်ချက်။ အကဲဖြတ်ချက်များကို E- မှ S+ အထိ သတ်မှတ်ထားပါသည်။ အလုံးစုံအကဲဖြတ်ချက်ကို ရရှိသော ကမ္ဘာ့အရင်းအမြစ်စုစုပေါင်းနှင့် ပြီးမြောက်ခဲ့သော တာဝန်အရေအတွက်အပေါ် မူတည်၍ တွက်ချက်ထားခြင်းဖြစ်ပါသည်)

ကမ္ဘာ၏ အခက်အခဲအဆင့်သည် အမဲလိုက်သူ၏အဆင့်ထက် ကျော်လွန်နေပြီး Lv.5 ရှိကာ အိပ်မက်ဆိုးအဆင့်ဖြစ်သဖြင့် ဆုလာဘ်များကို နှစ်ဆတိုးမြှင့်ပေးပါမည်။

ကမ္ဘာ့အရင်းအမြစ်များကို စတင်ကောက်ခံနေပါသည်...။

ကမ္ဘာ့အရင်းအမြစ်များ ကောက်ခံမှု ပြီးစီးပါပြီ။ စတင်၍ ဆုလာဘ်များ ပေးအပ်နေပါပြီ။

ရရှိသော ဆုလာဘ်များ။ ။ စွမ်းရည်အမှတ် ၄ မှတ်၊ သုခဒင်္ဂါး ၁၀၀၀၀ ပြား။ (ထိုဆုလာဘ်များသည် နှစ်ဆတိုးမြှင့်ပြီးသော ပမာဏဖြစ်သည်။)

အလုံးစုံအကဲဖြတ်ချက်မှာ A- ဖြစ်သဖြင့် အမဲလိုက်သူ၏အဆင့်ကို +1 တိုးမြှင့်ပေးပြီး Lv.2 သို့ ရောက်ရှိသွားပါပြီ။ (အဆင့်ကို အကဲဖြတ်ချက်အပေါ် မူတည်၍ တိုးမြှင့်ပေးခြင်းဖြစ်သည်။ ထိုကမ္ဘာသည် စမ်းသပ်မှုကမ္ဘာဖြစ်သဖြင့် အများဆုံး တိုးမြှင့်နိုင်သော အဆင့်မှာ Lv.1 သာဖြစ်သည်။)

တွက်ချက်မှု ပြီးစီးပါပြီ။ ဆုလာဘ်များကို အမဲလိုက်သူ၏အမှတ်အသားထဲသို့ အလိုအလျောက် ထည့်သွင်းပေးလိုက်ပါပြီ။

ဆုရှောင်သည် အမှတ်အသားကိုဖွင့်ကာ စွမ်းရည်အမှတ်ဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း စစ်ဆေးကြည့်လိုက်သည်။

"ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒါက စွမ်းအားတွေ တိုးတက်လာဖို့ မျှော်လင့်ချက်ပဲ"

ဆုရှောင်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် စွမ်းရည်အမှတ်များသည် ကံကောင်းခြင်းစွမ်းရည်မှလွဲ၍ ကျန်သည့်စွမ်းရည်အားလုံးကို တိုးမြှင့်ပေးနိုင်သောကြောင့်ဖြစ်သည်။

ပိုမိုစွမ်းအားကြီးမားလာမည်ဆိုပါက အသက်ကိုရင်းရမည်ဆိုလျှင်ပင် ဘာအရေးနည်း။

အမှန်တကယ် စိတ်ပျက်အားငယ်စရာအကောင်းဆုံးအရာမှာ အန္တရာယ်ထဲတွင် ရောက်နေခြင်းမဟုတ်ဘဲ စွန့်စားခွင့်ပင် မရှိခြင်းဖြစ်သည်။

ဆုရှောင်သည် စွမ်းရည်အမှတ်များကို ချက်ချင်းအသုံးပြုချင်သော်လည်း ပြန်လည်ဝင်စားခြင်းသုခဘုံ၏ သတိပေးချက်အရ စွမ်းရည်မြှင့်တင်ရေးခန်းမထဲတွင်သာ အသုံးပြုနိုင်ကြောင်း သိလိုက်ရသည်။ ထိုနေရာသည် ပြန်လည်ဝင်စားခြင်းသုခဘုံအတွင်းရှိ အဆောက်အအုံတစ်ခုဖြစ်သည်။

တွက်ချက်မှုများ ပြီးဆုံးသွားပြီးနောက် ဆုရှောင်သည် ဝေခွဲမရစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။

နံရံလေးဖက်စလုံး ပိတ်လှောင်နေရာ သူ မည်သို့ထွက်ရမည်နည်း။

ထိုအချိန်မှာပင် ထူးဆန်းသော သတိပေးချက်တစ်ခု သူ၏မျက်စိရှေ့တွင် ပေါ်လာသည်။

[ ကမ္ဘာ့သစ်ပင်လက်စွပ်ကို ရောင်းချမည် / မရောင်းချပါ။ ရောင်းချမည့် ဈေးနှုန်း - သုခဒင်္ဂါး ၅၀၀၀၀ ပြား ]

'ကမ္ဘာ့သစ်ပင်လက်စွပ်' သည် ဆုရှောင်က ဘုရင်ကိုသတ်ဖြတ်ပြီးနောက် ရရှိခဲ့သော ပစ္စည်းဖြစ်သည်။ ယခုအခါ ပြန်လည်ဝင်စားခြင်းသုခဘုံက ထိုပစ္စည်းကိုရောင်းချရန် တိုက်တွန်းနေသည်။

လက်ရှိအခြေအနေအရ ကြည့်လျှင် သူသာမရောင်းချပါက ပြန်လည်ဝင်စားခြင်းသုခဘုံသည် သူ့အား အပြင်ထွက်ခွင့်ပြုမည်မဟုတ်ဘဲ သီးသန့်အခန်းထဲတွင်သာ အမြဲတမ်း ပိတ်လှောင်ထားမည်ဖြစ်သည်။

ဆုရှောင် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် 'မရောင်းချပါ' ဟု ရွေးချယ်လိုက်သည်။ သူသည် အန္တရာယ်ကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

[Footnote: ထိုအခန်းတွင်ပါဝင်သော ဂိုအာတိုင်းပြည် (Goa Kingdom) ၊ ခရီးဂ် (Krieg) ၊ မန်ကီ ဒီ လူးဖီး (Monkey D. Luffy) စသည့် အမည်နာမများနှင့် ကျေးကျွန်လည်ပတ် အစရှိသည်တို့မှာ ဂျပန်အန်နီမေးရှင်း One Piece (ဝမ်းပိစ်) ဇာတ်လမ်းထဲမှ အကြောင်းအရာများဖြစ်ပါသည်။ ခရီးဂ်မှာ ဝမ်းပိစ်ဇာတ်လမ်း၏ အစပိုင်းတွင် ပါဝင်သော ပင်လယ်ဓားပြခေါင်းဆောင်တစ်ဦးဖြစ်သည်။ ၎င်းအပြင် ဟင်းလင်းပြင်ဓားသမား (Void Swordmaster) နှင့် ထိပ်ပြောင်ကောင် ဆိုက် (Saitama) ဆိုသည့်အသုံးအနှုန်းမှာ ဂျပန်အန်နီမေးရှင်း One Punch Man ဇာတ်လမ်းမှ အကြောင်းအရာကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ ဆိုက်တာမမှာ ပြိုင်ဘက်ကင်းခွန်အားကြီးမားလွန်းသူတစ်ဦးဖြစ်သည်။]

All Chapters