← Chapters

အခန်း (၃၉-၄၀)

Vol. 2 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 2 Ch. 39-40

အခန်း (၃၉) နေလိုမီးလို

အအိုဂီရိသစ်ပင်အဖွဲ့ဝင်များ အားလုံး ဆုတ်ခွာသွားပြီးနောက် တိုက်ပွဲလည်း ငြိမ်သက်သွားသည်။ ဆုရှောင်သည် [နဂါးသတ်ဓား] ကို ဓားအိမ်ထဲ ပြန်သွင်းလိုက်ပြီး မြေပြင်ပေါ်ကျနေသော အပေါ်ဝတ်အင်္ကျီကို ကောက်ယူကာ ပခုံးပေါ် တင်လိုက်သည်။ စောစောက ကောင်းကွေ့ချွမ်နှင့် တိုက်ခိုက်ခဲ့ရာတွင် သူ၏ သက်လုံ ၁၂ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားခဲ့သည်။ ဝမ်းဗိုက်မှ သွေးများ ဆက်လက် စီးကျနေဆဲဖြစ်ရာ သက်လုံမှာလည်း ဖြည်းဖြည်းချင်း ကျဆင်းနေသေးသည်။ ဆုရှောင်သည် ကောင်းကွေ့ချွမ်၏ သက်လုံအခြေအနေကိုလည်း သတိပြုမိလိုက်သည်။ သူ၏ ဓားချက်နှစ်ချက်ကြောင့် ကောင်းကွေ့ချွမ်မှာလည်း သက်လုံ ၁၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးသွားမည်မှာ သေချာလှသည်။ ဂိုးလ်များ၏ သက်လုံနှင့် အသက်ရှင်သန်နိုင်စွမ်းမှာ အမှန်တကယ်ပင် အံ့မခန်းဖြစ်ကြောင်း ဝန်ခံရမည်ဖြစ်သည်။ ကာကူဂျာ အသွင်ပြောင်းထားသော ကောင်းကွေ့ချွမ်၏ ခံနိုင်ရည်စွမ်းအားမှာ အနည်းဆုံး အမှတ် ၁၅ နှင့်အထက်တွင် ရှိနေမည်ဖြစ်သည်။ အကယ်၍ စွမ်းရည်အမှတ်များကိုသာ နှိုင်းယှဉ်မည်ဆိုပါက ကောင်းကွေ့ချွမ်က ဆုရှောင်ထက် သေချာပေါက် သာလွန်နေမည်ဖြစ်သည်။ သို့သော် တိုက်ခိုက်နိုင်စွမ်းကို နှိုင်းယှဉ်ပါကမူ သူတို့နှစ်ဦးကို ခွဲခြားရန် အနည်းငယ် ခက်ခဲလှသည်။

ဆုရှောင်၏ အမြင်တွင် ကောင်းကွေ့ချွမ်၌ တိုက်ပွဲအတွေ့အကြုံ အတော်အသင့် ရှိသော်လည်း တိုက်ခိုက်ရေး နည်းစနစ်များမှာမူ စိတ်ပျက်စရာကောင်းလှပြီး အကြမ်းပတမ်း ခွန်အားကိုသာ အဓိက အားပြုထားကြောင်း တွေ့ရသည်။ ဤအချက်သည်ပင် သူက အက်စ် အဆင့် ဂိုးလ်များကို အသာလေး အနိုင်ယူနိုင်ရခြင်း၏ အကြောင်းရင်း ဖြစ်သည်။ ဂိုးလ်များသည် တိုက်ပွဲဝင်ရာတွင် စနစ်တကျမရှိဘဲ ရှေ့သို့ ပြေးဝင်ကာ အကြမ်းပတမ်း ခွန်အားဖြင့်သာ ရန်သူကို အနိုင်ယူလေ့ ရှိကြသည်။ သို့မဟုတ်ပါက စီစီဂျီမှ စုံစမ်းထောက်လှမ်းရေး အရာရှိများသည် ဂိုးလ်များ၏ ပြိုင်ဘက် လုံးဝ ဖြစ်လာမည် မဟုတ်ပေ။ စီစီဂျီမှ စုံစမ်းထောက်လှမ်းရေး အရာရှိများသည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကောင်းမွန်သော သာမန်လူများသာ ဖြစ်ကြပြီး တိုက်ခိုက်ရေး နည်းစနစ်များနှင့် ဉာဏ်ပညာကို အသုံးပြုကာ ဂိုးလ်များကို တိုက်ခိုက်ကြခြင်း ဖြစ်သည်။ သေချာပေါက် ချွင်းချက်များလည်း ရှိနိုင်ပါသည်။ ယာမန်ကန်ထိုက်လန် ပေါ်လာခြင်းသည် ဤနေရာကို စီစီဂျီ မှ လူများ ဝိုင်းရံထားပြီဖြစ်ကြောင်း ဖော်ပြနေသည်။ ၎င်းမှာ စီစီဂျီ သို့ ဝင်ရောက်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။ ဆုရှောင်သည် [နဂါးသတ်ဓား] ကို ဓားအိမ်ထဲ ပြန်သွင်းလိုက်ပြီးနောက် ယာမန်ကန်ထိုက်လန် ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

"ရပ်လိုက်စမ်း”

ယာမန်ကန်ထိုက်လန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်ဆွဲသေတ္တာ လက်ကိုင်ပေါ်ရှိ ခလုတ်ကို နှိပ်လိုက်သည်။ လက်ဆွဲသေတ္တာသည် အသွင်သဏ္ဌာန် ပြောင်းလဲသွားပြီး အတွင်းမှ တစ်စုံတစ်ခုမှာ လျင်မြန်စွာ ကြီးထွားလာသည်။ လက်ဆွဲသေတ္တာသည် မြေပြင်ပေါ်သို့ ကျသွားပြီး ယာမန်ကန်ထိုက်လန်၏ လက်ထဲတွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် လက်နက်တစ်ခု ပေါ်လာသည်။ ၎င်းမှာ သတ္တုတုတ်ရှည်တစ်ခုဖြစ်ပြီး တုတ်ရှည်၏ အပေါ်ပိုင်းတွင် ကာဂူနဲ တစ်ပတ် ရစ်ပတ်ထားသည်။ ၎င်းမှာ ယာမန်ကန်ထိုက်လန် ၏ ကွင်ကေး ပင်ဖြစ်သည်။ ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ကွင်ကေးကြောင့် ဆုရှောင်ပင် အံ့ဩကာ စုတ်သပ်လိုက်မိသည်။ 'ဒီလက်နက်နဲ့ တကယ် တိုက်ခိုက်လို့ ရပါ့မလား။'

"မင်းက ဘယ်သူလဲ၊ ဂိုးလ်လား၊ ဒါမှမဟုတ် လူသားလား”

ယာမန်ကန်ထိုက်လန်သည် ကွင်ကေးကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဆုရှောင်ကို သတိကြီးစွာဖြင့် ကြည့်လိုက်သည်။ ဆုရှောင်က ဒဏ္ဍာရီလာ မျက်လုံးတစ်ဖက်ပိုင်ရှင် ကောင်းကွေ့ချွမ်ကို လိုက်လံ သတ်ဖြတ်နေသည့် မြင်ကွင်းက ဤ ပထမအဆင့် စုံစမ်းထောက်လှမ်းရေးအရာရှိကို အတော်လေး တုန်လှုပ်သွားစေခဲ့သည်။

"ဓားသုံးပြီး တိုက်ခိုက်တဲ့ ဂိုးလ်မျိုး မင်း မြင်ဖူးလို့လား”

ဆုရှောင်သည် ခါးကြားရှိ ဓားရိုးကို လက်တစ်ဖက်ဖြင့် ဖိထားရင်း ယာမန်ကန်ထိုက်လန်ဆီသို့ ဆက်လက် လျှောက်သွားလိုက်သည်။ ယာမန်ကန်ထိုက်လန် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဆုရှောင်က ကြိုတင်၍ ပြောလိုက်သည်။

"စိတ်မလှုပ်ရှားပါနဲ့၊ ငါ မင်းကို သတ်ချင်ရင် မင်း သေနေတာ ကြာပြီ”

အဖြူရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြတ်သန်းသွားပြီး [နဂါးသတ်ဓား] သည် ဓားအိမ်ထဲမှ ထွက်ပေါ်လာကာ ယာမန်ကန်ထိုက်လန်၏ လည်ပင်းပေါ်သို့ ရောက်ရှိသွားသည်။

"ဂလု..."

ယာမန်ကန်ထိုက်လန် တံတွေးမြိုချလိုက်မိပြီး အလွန် အံ့အားသင့်သွားသည်။ ဆုရှောင်၏ ဓားထုတ်သည့် အမြန်နှုန်းမှာ အမှန်တကယ်ပင် မြန်ဆန်လွန်းလှသည်။

"ဒါကြောင့် စိတ်မလှုပ်ရှားပါနဲ့လို့ ပြောတာပေါ့”

[နဂါးသတ်ဓား] ကို ပြန်သိမ်းလိုက်ပြီးနောက် ဆုရှောင်သည် ယာမန်ကန်ထိုက်လန်၏ ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်သည်။ ယာမန်ကန်ထိုက်လန်၏ ရင်ထဲတွင် ကြီးမားသော စိတ်ပျက်အားငယ်မှုများ ပေါ်ထွက်လာသည်။ အကယ်၍ ထိုသူသာ ဂိုးလ်ဖြစ်နေပါက သူ၏ ခေါင်းပြတ်ကျသွားမည်မှာ သေချာလှသည်။

"ဟေး”

"ဘာလဲ”

ယာမန်ကန်ထိုက်လန်သည် ဆုရှောင်ကို သံသယဖြင့် ကြည့်လိုက်သည်။

"မင်းတို့ စီစီဂျီမှာ လူလိုသေးလား။ ဟိုဘက်မှာ လဲနေတဲ့ ဂိုးလ်ကို စီစီဂျီဝင်ဖို့ လက်ဆောင်အဖြစ် သဘောထားလိုက်လေ”

ထိုအခါမှသာ ယာမန်ကန်ထိုက်လန်သည် ပီဟူ၏ ခေါင်းပြတ် အလောင်းကို သတိပြုမိသွားသည်။

"ဒါက... အက်စ် အဆင့်ရှိတဲ့ ဂိုးလ် ဂျေဆန်လား”

ယာမန်ကန်ထိုက်လန်သည် ကွင်ကေးကို ကိုင်လျက် ပီဟူ၏ အလောင်းဆီသို့ အမြန် ပြေးသွားလိုက်သည်။ ပီဟူကို စီစီဂျီ၏ မှတ်တမ်းများတွင် ဂျေဆန် ဟု အမည်ပေးထားသည်။

"မင်း ငါ့မေးခွန်းကို မဖြေရသေးဘူးနော်”

ဆုရှောင်သည် သိုလှောင်အိတ်ထဲမှ ဆေးဘက်သုံး ပတ်တီးအချို့ကို ထုတ်ယူလိုက်ပြီး ဝမ်းဗိုက်မှ သွေးများကို သုတ်သင်ကာ ဒဏ်ရာကို ဖြစ်သလို ပတ်တီးစည်းထားလိုက်သည်။ ယာမန်ကန်ထိုက်လန်သည် အနည်းငယ် တွန့်ဆုတ်သွားသော်လည်း ဤသည်မှာ အခွင့်အရေးကောင်း တစ်ခုဖြစ်ကြောင်း ရင်ထဲတွင် သိနေသည်။ ဆုရှောင်သည် မျက်လုံးတစ်ဖက်ပိုင်ရှင် ကောင်းကွေ့ချွမ်ကိုပင် လိုက်လံ သတ်ဖြတ်နိုင်စွမ်း ရှိရာ သူ၏ စွမ်းအားမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ စီစီဂျီတွင် ဤကဲ့သို့ စွမ်းဆောင်နိုင်သူမှာ နှစ်ဦးထက် မပိုနိုင်ပေ။

"စီစီဂျီကို ဝင်ဖို့ဆိုရင် တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လိုအပ်တယ်၊ ဒါပေမဲ့ ခင်ဗျား အခြေအနေကတော့ နည်းနည်း ထူးခြားတယ်။ ဂိုးလ်မဟုတ်ဘူးလို့ သက်သေပြနိုင်ရင် စီစီဂျီဝင်ဖို့ ပြဿနာ မရှိလောက်ဘူးဗျ"

တိကျသော အဖြေကို ရရှိလိုက်သဖြင့် ဆုရှောင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ အကြောက်ဆုံးကိစ္စမှာ စီစီဂျီသို့ ဝင်ရောက်ရာတွင် အလွန် ရှုပ်ထွေးခက်ခဲမည်ကို ဖြစ်သည်။ သူ၏ ပင်မ တာဝန်အတွက် အချိန်က သိပ်မရှိလှပေ။

"ဒေါက်၊ ဒေါက်၊ ဒေါက်..."

အလျင်စလို ခြေသံများ ထွက်ပေါ်လာပြီး ပခုံးထိရှည်သော ဆံပင်ဖြူများဖြင့် လက်ဆွဲသေတ္တာ တစ်လုံးကို ကိုင်ဆောင်ထားသော အဘိုးအို တစ်ဦး အခန်းထဲသို့ ပြေးဝင်လာသည်။ ထိုအဘိုးအိုသည် ဆံပင်များ ဖြူဖွေးနေရုံသာမက မျက်လုံးများမှာလည်း တစ်ဖက်ကြီး၊ တစ်ဖက်သေး ဖြစ်နေပြီး လှုပ်ရှားမှုများမှာ အနည်းငယ် စိတ်လွတ်နေပုံရကာ ဖျားနာနေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

"ဘယ်မှာလဲ၊ သေချာပေါက် ရှိရမယ်၊ ခေါင်းဆောင်"

လာသူမှာ ယာမန်ကန်ထိုက်လန်၏ အထက်လူကြီး၊ အထက်တန်း စုံစမ်းထောက်လှမ်းရေး အရာရှိ မာဒိုကူရီယိုပင် ဖြစ်သည်။ မာဒိုကူရီယိုသည် မူလက တရားမျှတမှုကို မြတ်နိုးသော ဂိုးလ်စုံစမ်းထောက်လှမ်းရေး အရာရှိ တစ်ဦး ဖြစ်ပြီး ဖော်ရွေစွာ ဆက်ဆံတတ်သူ ဖြစ်သည်။ သို့သော် သူ၏ ဇနီးသည် ဂိုးလ်များ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး ဇနီး၏ မျက်နှာကို ဂိုးလ်များက စားသောက်နေသည်ကို ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။ ထိုအချိန်မှစ၍ မာဒိုကူရီယို၏ စိတ်နေသဘောထား အကြီးအကျယ် ပြောင်းလဲသွားပြီး ဂိုးလ်များကို အလွန်အမင်း မုန်းတီးကာ ကွင်ကေးများ ပြုလုပ်ရန် အရူးအမူး ဖြစ်လာခဲ့သည်။ သို့သော် ထိုသို့ဖြစ်လင့်ကစား မာဒိုကူရီယိုသည် သူ၏ လုပ်ဖော်ကိုင်ဖက် စုံစမ်းထောက်လှမ်းရေး အရာရှိများအပေါ်တွင်မူ အတော်လေး ကောင်းမွန်စွာ ဆက်ဆံတတ်သည်။ ယာမန်ကန်ထိုက်လန်ကို သေချာ သင်ကြားပြသပေးခဲ့သည့် အချက်ကို ကြည့်ခြင်းအားဖြင့် သိသာလှသည်။

"ဆရာ မာဒို၊ ရောက်လာပြီလား”

ယာမန်ကန်ထိုက်လန်သည် ရှေ့သို့ ဆီးကြိုသွားပြီး မာဒိုကူရီယိုနှင့် တိုးတိုးတိတ်တိတ် စကားအချို့ ပြောဆိုလိုက်သည်။ ခဏအကြာတွင် မာဒိုကူရီယို၏ တစ်ဖက်ကြီး၊ တစ်ဖက်သေး ဖြစ်နေသော မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားပြီး ဆုရှောင်ကို မယုံနိုင်စွာ စိုက်ကြည့်လိုက်သည်။ မာဒိုကူရီယိုသည် ခြေလှမ်းကျဲကြီးများဖြင့် ဆုရှောင်၏ ရှေ့သို့ ရောက်ရှိလာသည်။ လှုပ်ရှားမှုများမှာ အလွန် လျင်မြန်ဖျတ်လတ်ပြီးနောက် ခွေးတစ်ကောင်ကဲ့သို့ ဆုရှောင်၏ ဘေးတွင် အနံ့ခံနေလေသည်။

"လူသားပဲ၊ လုံးဝ မမှားဘူး၊ အဲဒီ တိရစ္ဆာန်တွေရဲ့ အနံ့ကို ငါ သေတဲ့အထိ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးကွ”

ဆုရှောင်သည် လူသားဖြစ်ကြောင်း အတည်ပြုပြီးနောက် မာဒိုကူရီယိုသည် အလွန် ဖော်ရွေလာသည်။

"မင်္ဂလာပါ၊ ငါက မာဒိုကူရီယိုပါ။ မင်း တကယ်ပဲ မျက်လုံးတစ်ဖက်ပိုင်ရှင် ခေါင်းဆောင်နဲ့ တိုက်ခိုက်ခဲ့တာလား”

မာဒိုကူရီယို၏ မျက်လုံးများထဲတွင် မီးတောက်များ တောက်လောင်နေသကဲ့သို့ မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ မာဒိုကူရီယို၏ အကြည့်ကို မြင်လိုက်ရသောအခါ ဆုရှောင် သက်ပြင်းချလိုက်မိသည်။ ဤသည်မှာ မည်မျှ ရင်းနှီးနေသော အကြည့်မျိုးနည်း။ ယခင်က သူလည်း ဤကဲ့သို့သော အကြည့်မျိုး ရှိခဲ့ဖူးသည်။ အမုန်းတရား၊ အရာအားလုံးကို ဖျက်ဆီးပစ်လိုသော အမုန်းတရားပင် ဖြစ်သည်။

"အင်း၊ တိုက်ခိုက်ခဲ့တယ်၊ မြေပြင်အနေအထား နည်းနည်း အဆင်မပြေလို့ အဲဒီကောင် ထွက်ပြေးလွတ်မြောက်သွားတယ်၊ နှမြောစရာပဲ”

"ဟား ဟား ဟား..."

ဖျားနာနေသလို စိတ်လွတ်နေသော ရယ်မောသံကြီး ထွက်ပေါ်လာသည်။

"မင်း စီစီဂျီကို ဝင်ချင်တာလား၊ ငါ့နောက် လိုက်ခဲ့၊ ငါ မင်းအတွက် အာမခံပေးမယ်ကွ”

ယခုအချိန်တွင် မာဒိုကူရီယိုသည် ဆုရှောင်၏ ဇာစ်မြစ် သို့မဟုတ် ကိုယ်ရေးရာဇဝင်ကို ဂရုမစိုက်တော့ပေ။ မျက်လုံးတစ်ဖက်ပိုင်ရှင် ခေါင်းဆောင်ကို သတ်ဖြတ်နိုင်မည်ဆိုပါက သူ၏ အသက်အပါအဝင် အရာအားလုံးကို စတေးရန် ဝန်မလေးပေ။

"ဆရာ မာဒို၊ နည်းနည်း စိတ်အေးအေး ထားပါဗျာ”

ယာမန်ကန်ထိုက်လန်သည် မာဒိုကူရီယို၏ ပခုံးပေါ်သို့ လက်တင်လိုက်ရာ မာဒိုကူရီယိုသည် အသက်ရှူမှန်အောင် ခေတ္တမျှ ထိန်းချုပ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ခင်ဗျားရဲ့ နာမည်က ဘယ်သူလဲဗျ”

ယာမန်ကန်ထိုက်လန်က ပြောပြီးနောက် ဆုရှောင်ကို ပြုံးပြလိုက်သည်။

"ပိုင်ယဲ့”

"ဇာစ်မြစ်ကရော”

ဆုရှောင်၏ တိတ်ဆိတ်သွားမှုက ယာမန်ကန်ထိုက်လန်ကို အနည်းငယ် နေရခက်သွားစေသည်။

"ဒီလိုလုပ်ပါဗျာ မစ္စတာ ပိုင်ယဲ့၊ ခင်ဗျား စောစောက တိုက်ပွဲမှာလည်း ဒဏ်ရာရထားတယ်၊ ပြီးတော့ ဂိုးလ်နဲ့ တိုက်ခိုက်ထားတာဆိုတော့လေ၊ အောက်မှာ ကျွန်တော်တို့ရဲ့ ဆေးဘက်ဆိုင်ရာ ကား ရှိတယ်။ စီစီဂျီဝင်မယ့် ကိစ္စကိုတော့ ၂၀ ရပ်ကွက် ရုံးခွဲရောက်မှ အသေးစိတ် ဆွေးနွေးကြတာပေါ့”

ဆုရှောင် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ ယာမန်ကန်ထိုက်လန်၏ နောက်မှ လိုက်၍ အောက်ထပ်သို့ ဆင်းသွားလေသည်။ မာဒိုကူရီယိုသည် ပီဟူ၏ အလောင်းကို စောစောကတည်းက တွေ့ရှိထားပြီးဖြစ်ရာ ပီဟူ၏ အလောင်းကို ပခုံးပေါ် ထမ်းတင်ကာ သူတို့နှစ်ဦးနှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဤအချိန်တွင် အဆောက်အအုံ အောက်ဘက်၌ ကားဆယ်စီးကျော် ရပ်နားထားပြီး ရဲကား ဥသြသံများ ဆူညံနေကာ အနီနှင့် အပြာရောင် ရဲကားမီးများ တဖျတ်ဖျတ် လင်းလက်နေသည်။ စီစီဂျီသည် ဤနေရာတွင် ဂိုးလ်များ ရှိနေကြောင်း ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုကို ရရှိထားသဖြင့် ဂိုးလ်စုံစမ်းထောက်လှမ်းရေး အရာရှိ နှစ်ဦးကို စေလွှတ်ခဲ့ခြင်း ဖြစ်လောက်သည်။ ထိုနေရာရှိ ရဲအရာရှိများမှာမူ အနီးအနားရှိ အရပ်သားများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန်သာ တာဝန်ယူရသည်။ ဆေးဘက်ဆိုင်ရာ ကားတစ်စီး၏ အနောက်ဘက်တွင် ဆုရှောင်သည် အပေါ်ပိုင်း ဗလာကျင်းဖြင့် ရိုးရှင်းသော လူနာကုတင် တစ်ခုပေါ်တွင် ထိုင်နေပြီး လှပသော သူနာပြုဆရာမလေး တစ်ဦးက သူ၏ ဒဏ်ရာများကို အာရုံစိုက်ကာ ကုသပေးနေသည်။

"ဟိုလေ..."

သူနာပြုဆရာမလေး၏ ကြောက်ကြောက်ရွံ့ရွံ့ အသံလေး ထွက်ပေါ်လာရာ ဆုရှောင် လှည့်ကြည့်လိုက်သည်။

"ဒဏ်ရာက အရမ်း နက်တယ်၊ မေ့ဆေး နည်းနည်းလောက် သုံးလိုက်ပါလားရှင်၊ မဟုတ်ရင်..."

"မလိုဘူး၊ မေ့ဆေးက ငါ့ရဲ့ အာရုံကြော တုံ့ပြန်မှုကို ထိခိုက်စေနိုင်တယ်၊ ဒီအတိုင်း သာ ချုပ်လိုက်”

သူနာပြုဆရာမလေးသည် အနည်းငယ် တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ ဤသူနာပြုဆရာမလေးသည် ပန်းပွင့်လေးပမာ လှပပြီး အသံလေးမှာလည်း ကြောက်ရွံ့နေကာ အလွယ်တကူ အနိုင်ကျင့်ခံရမည့် ပုံစံမျိုး ရှိသော်လည်း သူမ၏ လက်ရာမှာမူ အလွန် ကြမ်းတမ်းလှသည်။ ဆုရှောင်၏ ရံဖန်ရံခါ ရှုံ့မဲ့သွားသော မျက်နှာကို ကြည့်ခြင်းအားဖြင့် သိသာလှသည်။

(FOOTNOTE။ ။ ဤအခန်းပါ ဇာတ်ကွက်များသည် 'တိုကျိုဂိုးလ်' အန်နီမေးရှင်းဇာတ်လမ်းမှ ဖြစ်ပါသည်။ ယာမန်ကန်ထိုက်လန် နှင့် မာဒိုကူရီယို - စီစီဂျီ (Commission of Counter Ghoul) ဟုခေါ်သော အဖွဲ့အစည်းမှ ဂိုးလ်စုံစမ်းထောက်လှမ်းရေး အရာရှိများ ဖြစ်ကြသည်။ သူတို့သည် ဂိုးလ်များ၏ ကာဂူနဲအိတ်ကို အသုံးပြု၍ ဖန်တီးထားသော 'ကွင်ကေး' အမည်ရှိ လက်နက်များကို ကိုင်ဆောင်ကာ ဂိုးလ်များကို တိုက်ခိုက်နှိမ်နင်းကြသည်။)

အခန်း (၄၀) မသိနိုင်သော အစီအစဉ်များ

ဒဏ်ရာကို ပတ်တီးစည်းပြီးနောက်တွင် ဆုရှောင်၏ မျက်နှာတစ်ခုလုံး ချွေးစေးများ ပြန်နေပြီဖြစ်သည်။ ပန်းပွင့်လေးပမာ လှပသော သူနာပြုဆရာမလေးသည် ဆုရှောင်ကို ကြောက်ကြောက်ရွံ့ရွံ့ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် အနာကျက်ဆေး အချို့ကိုပါ ယူပေးလိုက်သေးသည်။ ဒဏ်ရာ ပတ်တီးစည်းခြင်း ဖြစ်စေ၊ ဆေးဝါးများ ဖြစ်စေ အားလုံး အခမဲ့ ဖြစ်သည်။ သူနာပြုဆရာမလေးက ဆုရှောင်ကို စိတ်ဝင်စားနေ၍ မဟုတ်ဘဲ ဤသည်မှာ စီစီဂျီ၏ အထူးအခွင့်အရေး ဖြစ်သည်။ အထက်တန်း စုံစမ်းထောက်လှမ်းရေး အရာရှိများသည် ပြည်သူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် ရဲတပ်ဖွဲ့ကိုပင် အမိန့်ပေး ညွှန်ကြားနိုင်စွမ်း ရှိသည်။

"မစ္စတာ ပိုင်ယဲ့၊ သွားကြစို့။ အနီးအနားက ရုံးခွဲကို သွားပြီး ခင်ဗျား စီစီဂျီဝင်မယ့် ကိစ္စကို ဆွေးနွေးကြတာပေါ့”

"ရပါတယ်”

မာဒိုကူရီယိုနှင့်အတူ သူတို့သုံးဦးသည် ကားမောင်းကာ ၂၀ ရပ်ကွက် စီစီဂျီ ရုံးခွဲသို့ ထွက်ခွာသွားကြသည်။ နာရီဝက်ခန့် ကြာပြီးနောက် ဆုရှောင်သည် ခမ်းနားထည်ဝါသော အဆောက်အအုံကြီး တစ်ခု၏ ရှေ့သို့ ရောက်ရှိလာသည်။ ဤသည်မှာ စီစီဂျီ၏ ရုံးခွဲတစ်ခုသာ ဖြစ်သော်လည်း နေရီမ ရပ်ကွက်တွင် ကြီးမားသော နေရာတစ်ခုကို ယူထားသည်။ ဂိုးလ်ကမ္ဘာတွင် ဂိုးလ်များကို ဆန့်ကျင်တိုက်ခိုက်သော အင်အားစုမှာ စီစီဂျီပင် ဖြစ်ရာ စီစီဂျီ၏ အဆင့်အတန်းမှာ မည်မျှ ကြီးမားကြောင်း သိသာလှသည်။ သာမန်ပြည်သူများ၏ စိတ်ထဲတွင် စီစီဂျီသည် အကာအကွယ်ပေးသော နတ်ဘုရားများကဲ့သို့ တည်ရှိနေသည်။

အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်သည်။ အကယ်၍ စီစီဂျီကသာ ဂိုးလ်အမြောက်အမြားကို ရှင်းလင်းပေးခြင်း မရှိခဲ့ပါက နှစ်တစ်ရာမပြည့်မီ လူသားမျိုးနွယ်မှာ မျိုးသုဉ်းပျောက်ကွယ်သွားမည် ဖြစ်သည်။ ဂိုးလ်ဆိုသည်မှာ သဘာဝ ရန်သူ မရှိသော စွမ်းအားကြီးမားသည့် သတ္တဝါများ ဖြစ်ပြီး လူသားများသည် ဂိုးလ်များ၏ တစ်ခုတည်းသော အစားအစာ ဖြစ်ရာ ဂိုးလ်အရေအတွက် အလွန်အမင်း တိုးပွားလာပါက လူသားများ မျိုးသုဉ်းသွားမည်မှာ သဘာဝကျလှသည်။ အကယ်၍ ဂိုးလ်အရေအတွက်သည် လူသားအရေအတွက်၏ ထက်ဝက်ခန့် ရှိနေပါက လူသားများသည် တစ်လမပြည့်မီ မျိုးသုဉ်းသွားမည် ဖြစ်သည်။ သို့သော် ယခု ၂၀ ရပ်ကွက်၏ အခြေအနေမှာမူ ပြောင်းပြန် ဖြစ်နေသည်။ လူသားများသည် နေရောင်အောက်တွင် နေထိုင်သော သတ္တဝါများ ဖြစ်ပြီး ဂိုးလ်များသည် နေရာအနှံ့ ပုန်းအောင်းနေကြရကာ မိမိတို့၏ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို မဖော်ပြဝံ့ကြပေ။ ဤကိစ္စတွင် စီစီဂျီ၏ အခန်းကဏ္ဍမှာ အလွန် ကြီးမားလှသည်။ သို့သော် စီစီဂျီ၏ အတွင်းပိုင်းတွင်လည်း ကြီးမားသော အားနည်းချက်များ ရှိနေသည်။ ထိုအရာများကို ဆုရှောင် ဂရုမစိုက်ပေ။ သူ စီစီဂျီသို့ ဝင်ရောက်ရခြင်းမှာ အစီအစဉ်များကို အဆင်ပြေပြေ အကောင်အထည်ဖော်နိုင်ရန်အတွက်သာ ဖြစ်သည်။ ယခုအချိန်မှာ မိုးလင်းယံ အချိန် ဖြစ်သော်လည်း စီစီဂျီ ရုံးခွဲတွင်မူ မီးများ ထိန်လင်းနေသည်။

စီစီဂျီ ရုံးခွဲထဲသို့ ဝင်ရောက်လိုက်သည်နှင့် ကြီးမားသော လုံခြုံရေး စစ်ဆေးရေးဂိတ်ကြီး တစ်ခုကို မြင်တွေ့လိုက်ရသည်။ စီစီဂျီ ရုံးခွဲထဲသို့ ဝင်ရောက်လိုပါက ထိုလုံခြုံရေးဂိတ်ကို ဖြတ်သန်းသွားရမည် ဖြစ်သည်။ ဤအရာသည် တကယ်တော့ လုံခြုံရေး စစ်ဆေးရေးဂိတ် မဟုတ်ဘဲ အာစီ ဆဲလ် စစ်ဆေးရေးဂိတ် ပင် ဖြစ်သည်။ ဂိုးလ်များ၏ ခန္ဓာကိုယ်အတွင်းရှိ အာစီ ဆဲလ် ပမာဏသည် သာမန်လူများထက် အဆဆယ်ဂဏန်းမှ ရာဂဏန်းအထိ ရှိသဖြင့် ဤစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွား၍ မရနိုင်ပေ။ သေချာပေါက် အလွန် အစွမ်းထက်သော ဂိုးလ်အချို့မှာမူ ချွင်းချက် ဖြစ်သည်။ သူတို့သည် ခန္ဓာကိုယ်အတွင်းရှိ အာစီ ဆဲလ်များကို ထိန်းချုပ်နိုင်စွမ်း ရှိပြီး အထူးနည်းလမ်းများကို အသုံးပြုကာ အာစီ ဆဲလ် စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းနိုင်ကြသည်။ ဆုရှောင်သည် ပုံမှန်အတိုင်းပင် အာစီ ဆဲလ် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလိုက်သည်။

"တီ..."

အစိမ်းရောင်မီး လင်းသွားပြီးနောက် အနောက်မှ ယာမန်ကန်ထိုက်လန် သက်ပြင်းချလိုက်မိသည်။ မကြာမီ ဆုရှောင်သည် ယာမန်ကန်ထိုက်လန်၏ ခေါ်ဆောင်မှုဖြင့် အစည်းအဝေးခန်းမ တစ်ခုထဲသို့ ရောက်ရှိသွားသည်။

"မစ္စတာ ပိုင်ယဲ့၊ ခဏစောင့်ပါဗျ”

ပြောပြီးနောက် ယာမန်ကန်ထိုက်လန်သည် အစည်းအဝေးခန်းမထဲမှ ထွက်ခွာသွားသည်။ ယာမန်ကန်ထိုက်လန် အစည်းအဝေးခန်းမထဲသို့ ပြန်လည် ဝင်ရောက်လာသောအခါ လက်ထဲတွင် လက်ပ်တော့ကွန်ပျူတာ တစ်လုံး ပါလာသည်။ ကွန်ပျူတာတွင် ဗီဒီယိုခေါ်ဆိုမှု ဖွင့်ထားပြီး မျက်နှာပြင်ပေါ်တွင် အိပ်ချင်မူးတူး ဖြစ်နေသော မျက်နှာတစ်ခု ပေါ်နေသည်။ ယာမန်ကန်ထိုက်လန်သည် ကွန်ပျူတာကို ဆုရှောင်၏ ရှေ့တွင် ချထားလိုက်ရာ ဗီဒီယိုထဲမှ လူက စတင် စကားပြောလေသည်။

"ဒီလူက မျက်လုံးတစ်ဖက်ပိုင်ရှင် ခေါင်းဆောင်ကို တစ်ယောက်တည်း တိုက်ထုတ်ခဲ့တဲ့ လူကြမ်းလား"

ဗီဒီယိုထဲမှ လူကို မြင်လိုက်ရသောအခါ ဆုရှောင်က ထိုသူမှာ စီစီဂျီ၏ အထူးတန်း စုံစမ်းထောက်လှမ်းရေး အရာရှိ ခုနစ်ဦးထဲမှ တစ်ဦးဖြစ်သူ မာရူဒဲစိုင်း ဖြစ်ကြောင်း မှတ်မိသွားသည်။ ယာမန်ကန်ထိုက်လန်သည် စီစီဂျီ၏ အထက်ပိုင်း အရာရှိများကို ဆက်သွယ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ သာမန်လူတစ်ယောက် စီစီဂျီသို့ ဝင်ရောက်မည်ဆိုပါက ဤကဲ့သို့သော အခွင့်အရေးမျိုး လုံးဝ ရရှိမည် မဟုတ်ပေ။ သို့သော် ဆုရှောင်က ကောင်းကွေ့ချွမ်ကို တစ်ယောက်တည်း တိုက်ထုတ်နိုင်ခဲ့သည့် စွမ်းဆောင်ရည်မှာ အလွန် ကြမ်းတမ်းလွန်းသဖြင့် စီစီဂျီအနေဖြင့် အလေးမထားဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။

"ကျွန်တော်ပါ"

နှစ်ဖက်စလုံး တိတ်ဆိတ်သွားကြသည်။

"မင်း စီစီဂျီကို ဝင်မယ့် ကိစ္စအတွက် ငါတို့ စစ်ဆေးမှုလေးတွေ လုပ်ဖို့ လိုအပ်တယ်"

ဆုရှောင် မျက်မှောင်ကြုတ်သွားသည်။ သူ၏ သဘောထားကို ရိပ်မိသွားသကဲ့သို့ မာရူဒဲစိုင်းက ဆက်ပြောသည်။

"မင်းရဲ့ ကိုယ်ရေးရာဇဝင်ကို ငါတို့ သေချာ မသိရသေးဘူး။ အခု ဌာနချုပ်က ညတွင်းချင်း မင်းရဲ့ အချက်အလက်တွေကို စုဆောင်းနေတယ်။ ထူးခြားမှု မရှိဘူးဆိုရင် တိုက်ခိုက်ရေး စွမ်းရည် စစ်ဆေးပြီးတာနဲ့ ငါ မင်းကို စီစီဂျီဝင်ဖို့ ချွင်းချက်အနေနဲ့ ခွင့်ပြုပေးမယ်။ ဒီညတော့ ၂၀ ရပ်ကွက် ရုံးခွဲမှာပဲ ခဏ တည်းခိုလိုက်ပါ၊ စားစရာ၊ နေစရာ အားလုံး စီစဉ်ပေးပါ့မယ်"

ဆုရှောင် အနည်းငယ် ခေါင်းကိုက်သွားသည်။ သူက [ပြန်လည်ဝင်စားခြင်းသုခဘုံ] မှ ဂိုးလ်ကမ္ဘာသို့ ပို့ဆောင်ခံခဲ့ရခြင်း ဖြစ်ရာ ထူးခြားမှု မရှိပါက သူ့တွင် တရားဝင် ကိုယ်ရေးရာဇဝင် ရှိမည် မဟုတ်ပေ။ ဤအချက်က သူ့ကို အနည်းငယ် သံသယဖြစ်သွားစေသည်။ အကယ်၍ တရားဝင် ကိုယ်ရေးရာဇဝင် အရင် ရရှိရန် လိုအပ်မည်ဆိုပါက ပင်မ တာဝန်၏ အခက်အခဲမှာ အရမ်း မြင့်မားလွန်းနေမည်ဖြစ်သည်။ သွေဖီသွားသောကမ္ဘာ စတင်သည်နှင့် သူသည် ရှန်းတိုက်လစ်ရှီးနှင့် တွေ့ဆုံခဲ့ပြီး ယင်းနောက် ချက်ချင်းပင် စီစီဂျီမှ လူများ ပေါ်လာခဲ့ရာ ကိုယ်ရေးရာဇဝင် အတု ဖန်တီးရန် အချိန် လုံးဝ မရလိုက်ပေ။ [ပြန်လည်ဝင်စားခြင်းသုခဘုံ] အနေဖြင့် ပြီးမြောက်အောင် မလုပ်နိုင်သော တာဝန်များကို ပေးအပ်မည် မဟုတ်ရာ ဤကိစ္စတွင် သေချာပေါက် ဖြတ်လမ်း ရှိရမည်ဖြစ်သည်။

"သုခဘုံ၊ ကိုယ်ရေးရာဇဝင် အတု ဖန်တီးလို့ ရလား"

ဆုရှောင် စိတ်ထဲမှ တိတ်တဆိတ် မေးလိုက်သည်။ ထင်မှတ်မထားစွာပင် [ပြန်လည်ဝင်စားခြင်းသုခဘုံ] က ရွေးချယ်စရာ နည်းလမ်း အချို့ကို ချက်ချင်း ပြသလာသည်။

[ ကိုယ်ရေးရာဇဝင် - ဒေသတစ်ခုမှ ကိုယ်ခံပညာ နည်းပြ ၊ ကုန်ကျစရိတ် - သုခဒင်္ဂါး ၅၀ ] [ ကိုယ်ရေးရာဇဝင် - ဂိုးလ် ၊ ကုန်ကျစရိတ် - သုခဒင်္ဂါး ၁၀၀ ] [ ကိုယ်ရေးရာဇဝင် - ဂိုးလ်စုံစမ်းထောက်လှမ်းရေး အရာရှိ (ကျဆုံးပြီး) ၏ မိသားစုဝင် ၊ ကုန်ကျစရိတ် - သုခဒင်္ဂါး ၁၀၀ ]

ဤရွေးချယ်စရာ သုံးခု၏ အောက်ဘက်တွင် နောက်ထပ် ရွေးချယ်စရာ အများအပြား ရှိနေသေးပြီး ကုန်ကျစရိတ် သုခဒင်္ဂါး ပမာဏမှာလည်း အနိမ့်အမြင့် ကွာခြားလှသည်။ ဤသည်မှာ အဖွဲ့အစည်း တစ်ခုခုသို့ ဝင်ရောက်ရန်အတွက် ကြိုတင် လိုအပ်ချက်များ ဖြစ်လောက်သည်။ စီစီဂျီသို့ ဝင်ရောက်ရန် အခက်အခဲကို မပြောလိုတော့ပေ၊ စာချုပ်ချုပ်ဆိုသူ အများစုမှာ လူသားများ ဖြစ်ကြရာ ဂိုးလ်များ၏ အဖွဲ့အစည်းသို့ ဝင်ရောက်ရန်မှာ မိုးပေါ်ပျံရသည်ထက်ပင် ခက်ခဲလှပေမည်။

သို့သော် [ပြန်လည်ဝင်စားခြင်းသုခဘုံ] ၏ အသွင်ယူမှု စနစ် ပါရှိလာသဖြင့် ကိစ္စရပ်များမှာ ရိုးရှင်းသွားပြီဖြစ်သည်။ အဖွဲ့အစည်း တစ်ခုခုသို့ ဝင်ရောက်ခြင်းသည် အခြေခံ ပင်မ တာဝန်သာ ဖြစ်ပြီး မည်သည့် ဆုကြေးမျှ မရရှိသဖြင့် အခက်အခဲမှာလည်း ကြီးမားမည် မဟုတ်ပေ။ ဆုရှောင်သည် 'ဂိုးလ်စုံစမ်းထောက်လှမ်းရေး အရာရှိ (ကျဆုံးပြီး) ၏ မိသားစုဝင်' ကို ပြတ်သားစွာ ရွေးချယ်လိုက်သည်။ ဤကိုယ်ရေးရာဇဝင်သည် စီစီဂျီသို့ ဝင်ရောက်ရန်အတွက် ပြင်ဆင်ထားခြင်းပင် ဖြစ်သည်။

[ အမဲလိုက်သူ ရွေးချယ်မှု ပြီးဆုံးပါပြီ၊ သုခဒင်္ဂါးများကို အလိုအလျောက် ဖြတ်တောက်သွားပါမည်။ ]

တရားဝင် ကိုယ်ရေးရာဇဝင် ရှိသွားပြီ ဖြစ်သလို ဆုရှောင်၏ စွမ်းအားကြီးမားသော တိုက်ခိုက်ရေး စွမ်းရည်လည်း ရှိနေသဖြင့် စီစီဂျီသို့ ဝင်ရောက်ရန် မည်သည့် ပြဿနာမျှ မရှိတော့ပေ။

"ကောင်းပြီလေ၊ ခင်ဗျားတို့ရဲ့ အဖြေကို ကျွန်တော် စောင့်နေပါ့မယ်။ ဒါပေမဲ့ မြန်မြန်တော့ လုပ်ပါ"

မာရူဒဲစိုင်းက ခေါင်းညိတ်လိုက်သည်။ မျက်နှာတစ်ခုလုံး ပင်ပန်းနေပုံ ပေါက်နေသော်လည်း အားယူကာ ပြုံးပြလိုက်သည်။ ဤလူ၏ အပြုံးမှာ အနည်းငယ် လူရမ်းကားဆန်ပြီး တင်းကျပ်သော လူစားမျိုး မဟုတ်ကြောင်း သိသာလှသည်။ ဗီဒီယို ပိတ်သွားပြီးနောက် ယာမန်ကန်ထိုက်လန်သည် ဆုရှောင်အပေါ် သတိထားခြင်း မရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ ဤနေရာသည် စီစီဂျီ၏ ရုံးခွဲတစ်ခု ဖြစ်သည် မဟုတ်ပါလော။ ဆုရှောင် ရင်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ကိုယ်ပိုင် စွမ်းအားကသာ အရေးအကြီးဆုံး ဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။ သူ ဝမ်းပိစ် ကမ္ဘာတွင် သက်တော်စောင့်တပ်ဖွဲ့သို့ ဝင်ရောက်စဉ်က ရရှိခဲ့သော ဆက်ဆံရေးနှင့် ယခု အခြေအနေကို နှိုင်းယှဉ်ကြည့်ပါက ကောင်းကင်နှင့် မြေကြီးလောက် ကွာခြားလှပေသည်။

"မစ္စတာ ပိုင်ယဲ့၊ လာ အတူတူ ထမင်းသွားစားရအောင်။ ထူးခြားမှု မရှိဘူးဆိုရင် နောက်ဆို ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာတော့မှာပါ”

ဆုရှောင်လည်း အနည်းငယ် ဗိုက်ဆာလာပြီ ဖြစ်သည်။ စောစောက အအိုဂီရိသစ်ပင်အဖွဲ့နှင့် တိုက်ခိုက်ခဲ့ရာတွင် ခွန်အား အများအပြား ကုန်ဆုံးသွားခဲ့သည်။ သူသည် ယာမန်ကန်ထိုက်လန်၏ ဖိတ်ခေါ်မှုကို လက်ခံလိုက်ပြီးနောက် သူတို့နှစ်ဦးသည် စားသောက်ခန်းမ ရှိရာဘက်သို့ လျှောက်သွားကြလေသည်။

၂၀ ရပ်ကွက် မြို့ပြင်တစ်နေရာတွင် မြက်ခြောက်များပေါ်၌ အရိပ်မည်းတစ်ခု လျင်မြန်စွာ ဖြတ်သန်းသွားပြီးနောက် ဘေးပတ်ဝန်းကျင်တွင် လူသူကင်းမဲ့နေကြောင်း သေချာသွားမှ ထိုအရိပ်မည်းသည် နေရာတွင် ရပ်တန့်သွားသည်။ အနီရောင် အလင်းတန်းများ လင်းလက်သွားပြီး ပတ်တီးစများ လေထဲတွင် လွင့်ပျံသွားသည်။ ကာကူဂျာ အသွင်မှ ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် ကောင်းကွေ့ချွမ်သည် သိသိသာသာ အားနည်းသွားပုံရကာ မြေပြင်ပေါ်သို့ မှောက်လျက် လဲကျသွားသည်။

"အဲဒီကောင်က... ဘယ်လို လူစားမျိုးလဲ၊ တိုက်ပွဲ အတွေ့အကြုံက အရမ်း များလွန်းတယ်”

ကောင်းကွေ့ချွမ်တွင် စိမ်းပြာရောင် ဆံကေသာရှည်များ ရှိပြီး ထိုဆံကေသာများသည် နူးညံ့ပျော့ပျောင်းကာ ပခုံးပေါ်တွင် ဖြန့်ကျနေသည်။ သူမ၏ မျက်လုံးတစ်ဖက်ရှိ အနီရောင် မျက်ဝန်းသည် ထူးခြားသော အလှတရား တစ်မျိုးကို ဖန်တီးပေးနေသည်။

"သူ့ကို အကြောင်းကြားလိုက်ရမလား၊ ရုတ်တရက် ပေါ်လာတဲ့ ဒီလူသားက အစီအစဉ်တွေကို ဖျက်ဆီးပစ်နိုင်တယ်။ ၁၃ နှစ်တောင် ကြိုတင် ပြင်ဆင်ထားတာ၊ အခု အချိန်မှ အပျက်ခံလို့ မဖြစ်ဘူး”

ငါးမိနစ်ခန့် ကြာပြီးနောက် ကောင်းကွေ့ချွမ်သည် ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ရာ တစ်ကိုယ်လုံး ပတ်တီးများ ပတ်ထားသော မိန်းကလေးငယ် အိုက်ထဲ့ အဖြစ်သို့ ပြောင်းလဲသွားလေသည်။ တိတ်ဆိတ်ငြိမ်သက်နေသော အိပ်ခန်းထဲတွင် ဆုရှောင်သည် ကုတင်ပေါ်၌ တင်ပျဉ်ခွေ ထိုင်လျက် တရားထိုင်နေသည်။ ဤသည်မှာ သူ၏ အလေ့အထ တစ်ခုလို ဖြစ်လာခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တရားထိုင်နေချိန်တွင် သူသည် အလွန်တရာ ငြိမ်းချမ်းမှုကို ခံစားရသောကြောင့် ဖြစ်သည်။ ယနေ့ တိုက်ပွဲသည် ဆုရှောင်ကို ကြီးမားသော အကျိုးအမြတ်များ ရရှိစေခဲ့သည်။ အစိမ်းရောင် ရတနာသေတ္တာ တစ်လုံး ရရှိခဲ့ရုံသာမက 'နိယာမဖျက်ဆီးသူ၏အရိပ်' ၏ စွမ်းရည်များကိုလည်း ရှင်းလင်းစွာ သိရှိသွားခဲ့သည်။

နိယာမဖျက်ဆီးသူ၏အရိပ်သည် အမည်အားဖြင့် မှော်ဆရာများကို နှိမ်နင်းရန် ဖြစ်သော်လည်း ဆုရှောင် တွေ့ရှိခဲ့ရသည်မှာ နိယာမဖျက်ဆီးသူ၏အရိပ်သည် ဤမျှ ရိုးရှင်းမည် မဟုတ်ကြောင်းပင် ဖြစ်သည်။ သံမဏိပြာအရိပ်သည် အာစီ ဆဲလ်များကို လောင်ကျွမ်းစေနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဤအမွေအနှစ်သည် သူ ထင်ထားသည်ထက် ပို၍ အလားအလာ ကောင်းမွန်ကြောင်း သိသာလှသည်။ မှော်ဆရာများနှင့် တိုက်ခိုက်ရာတွင်သာမက အခြားရန်သူများနှင့် တိုက်ခိုက်ရာတွင်လည်း စွမ်းအင်များ လောင်ကျွမ်းခံရသည့် နာကျင်မှုက ရန်သူကို သေချာပေါက် သက်ရောက်မှု ရှိစေမည် ဖြစ်သည်။ ထို့အပြင် သံမဏိပြာအရိပ်၏ အစစ်အမှန် တိုက်ခိုက်မှု စွမ်းအားမှာလည်း အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

အကယ်၍ သံမဏိပြာအရိပ်က ကောင်းကွေ့ချွမ်ကို ကြီးမားသော နာကျင်မှုများ မပေးနိုင်ခဲ့ပါက သူ ဤမျှ လွယ်ကူစွာ အသာစီး ရရှိနိုင်မည် မဟုတ်ပေ။ လက်ရှိ သံမဏိပြာအရိပ်မှာ အဆင့်တစ်သာ ရှိသေးသည်။ အကယ်၍ နောင်တွင် စွမ်းရည်အဆင့်များ မြင့်တက်လာပါက သူ၏ ဓားတစ်ချက်သည် ရန်သူကို အလွန် နာကျင်စေမည်မှာ သေချာလှသည်။ တချိန်တည်းမှာပင် ဆုရှောင်သည် နိယာမဖျက်ဆီးသူ၏အရိပ်၏ အခြားသော စွမ်းရည်များကိုလည်း စိတ်ဝင်စားလာခဲ့သည်။ တရားထိုင်ရာမှ နိုးထလာပြီးနောက် ဆုရှောင်သည် ပီဟူထံမှ ရရှိခဲ့သော အစိမ်းရောင် ရတနာသေတ္တာကို ထုတ်ယူလိုက်ရာ ရင်ထဲတွင် မျှော်လင့်ချက်များ ဖြစ်ပေါ်လာမိသည်။

All Chapters