← Chapters

အခန်း (၅၃-၅၄)

Vol. 3 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 3 Ch. 53-54

အခန်း (၅၃) ဂိုးလ်တို့၏ ဘဝ

ဆုရှောင်သည် သုခဒင်္ဂါး ၈၀၀ ကို ပေးချေလိုက်ပြီးနောက် သူ၏ စွမ်းရည်စာရင်းတွင် စွမ်းရည်အသစ်တစ်ခု တိုးလာခဲ့သည်။ အသစ်ပေါ်လာသော စွမ်းရည်မှာ မျက်လုံးပုံသဏ္ဍာန်ဖြစ်ပြီး အခြားစွမ်းရည်များနှင့်မတူဘဲ မီးခိုးရောင်ဖျော့ဖျော့ ဖြစ်နေသည်။ ယာယီစွမ်းရည်ဖြစ်သောကြောင့်ဟု ယူဆရသည်။

အခြေခံစူးစမ်းလေ့လာခြင်း (ယာယီ) စွမ်းရည်အဆင့် - Lv.2 အသုံးပြုရန်လိုအပ်ချက် - မန်နာ ၁၀ မှတ်။ စွမ်းရည်အာနိသင် - မည်သည့်သက်ရှိ၏ အချက်အလက်ကိုမဆို ကြည့်ရှုနိုင်သည်။ မိမိနှင့် ပစ်မှတ်၏ အင်အားကွာဟချက်အပေါ် မူတည်၍ အချက်အလက် ပြည့်စုံမှု အတိုင်းအတာ ကွဲပြားမည်။ သတိပေးချက် - တစ်ဆင့်တက်တိုင်း အချက်အလက်ပြည့်စုံမှု ၅ ရာခိုင်နှုန်း တိုးလာမည်။ သတိပေးချက် - ဤစွမ်းရည်ကို ပြန်လည်အသုံးပြုရန် ဆယ်မိနစ် ကြာမြင့်မည်။

စာသားရှင်းလင်းချက်အရ ဤ [အခြေခံစူးစမ်းလေ့လာခြင်း] ယာယီစွမ်းရည်မှာ တော်တော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။ သို့သော် မည်သို့သော အချက်အလက်များကို ထောက်လှမ်းရရှိမည်ကိုမူ မသိရသေးပေ။

"ပိုင်ယဲ့ဆရာ"

ဆူဇူယာဂျူးဇိုးသည် လမ်းကြားလေးထဲသို့ ဝင်လာပြီး ဆုရှောင်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ဆူဇူယာဂျူးဇိုးကို မြင်လိုက်ရချိန်တွင် ဆုရှောင် မျက်ခုံးပင့်သွားပြီး [အခြေခံစူးစမ်းလေ့လာခြင်း] ကို အသုံးပြုလိုက်သည်။

[မန်နာ ၁၀ မှတ် သုံးစွဲပြီးပါပြီ။ အခြေခံစူးစမ်းလေ့လာခြင်းကို ဖွင့်လှစ်လိုက်ပြီဖြစ်ရာ အောက်ပါအချက်အလက်များကို ရရှိပါသည်။]

အမည် - ဆူဇူယာဂျူးဇိုး တတိယအဆင့် ရှာဖွေရေးမှူး သက်စောင့်အား - ၁၀၀% မန်နာ - ၅၀ ခွန်အား - ၇ အမြန်နှုန်း - ၁၀ ခံစစ်စွမ်းရည် - ၆ ဉာဏ်ရည် - ၅ ဆွဲဆောင်မှု - ၄ ကံတရား - ၁

စွမ်းရည် (၁) နာကျင်မှုကို သာယာသူ (Passive) - နာကျင်မှုကို ခံစားရပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားတက်ကြွလာမည်ဖြစ်ကာ နာကျင်မှုအများစုကို လျစ်လျူရှုထားနိုင်မည်။ စွမ်းရည် (၂) သူတစ်ပါးကို ညှဉ်းပန်းလိုသူ (Passive) - ရူးသွပ်သော အသွင်အပြင်ကို ထုတ်ဖော်ပြသပြီးနောက် ရန်သူကို ထိတ်လန့်တုန်လှုပ်စေမည့် အာနိသင်ကို ဖြစ်ပေါ်စေကာ တိုက်ခိုက်မှုစွမ်းအား ၈ ရာခိုင်နှုန်း တိုးလာမည်။

ဆူဇူယာဂျူးဇိုး၏ အချက်အလက်များအားလုံး ဆုရှောင်၏ မျက်စိရှေ့တွင် ပေါ်လာသည်။ ထိုသူ၏ စွမ်းအားက သူ့ထက်အားနည်းသောကြောင့် အချက်အလက်များကို အပြည့်အစုံရရှိခြင်းဖြစ်သည်။ [အခြေခံစူးစမ်းလေ့လာခြင်း] က တော်တော်လေးကောင်းမွန်သော စွမ်းရည်ဖြစ်သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ၎င်းက ယာယီစွမ်းရည်သာဖြစ်ပြီး ဤကမ္ဘာမှ ထွက်ခွာသွားသည်နှင့် ပျောက်ကွယ်သွားမည် ဖြစ်ခြင်းပင်။

"ပိုင်ယဲ့ဆရာ ကျွန်တော်တို့ ဘယ်သွားကြမလို့လဲဟင်"

ဆူဇူယာဂျူးဇိုးသည် ဆုရှောင်ကို တစ်ပတ်ပတ်ပြေးနေပြီး တစ်ခဏလေးမျှပင် မနားချင်ပုံပေါ်သည်။

ဆုရှောင်သည် ထိုနေရာတွင်ရပ်လျက် စဉ်းစားခန်းဝင်နေသည်။ ထိုဟမ်းစတားကြွက်လေး ပေါ်လာခြင်းက ရန်သူဘက်မှ စာချုပ်ချုပ်ဆိုသူများ စတင်လှုပ်ရှားနေပြီဆိုသည်ကို သိသာစေသည်။ ဤအချက်က သူ့ကို အနည်းငယ် သံသယဝင်သွားစေသည်။

သူ၏ အဓိကတာဝန် ပြီးမြောက်မှု အရှိန်က အလွန်မြန်ဆန်နေပြီဟု သူယူဆထားသော်လည်း ဂိုးလ်အဖွဲ့မှ စာချုပ်ချုပ်ဆိုသူများက သူ့ထက် ပိုမြန်နေသလား။ ထိုသို့ဖြစ်နိုင်ခြေမှာ မရှိသလောက်ပင်။ အကယ်၍ ဂိုးလ်အဖွဲ့မှ စာချုပ်ချုပ်ဆိုသူများက ထိုမျှလောက် အစွမ်းထက်နေလျှင် ပြန်လည်ဝင်စားခြင်းသုခဘုံ၏ ချိန်ခွင်လျှာညှိပေးသည့်စနစ် ဖွင့်လှစ်လာမည် မဟုတ်ပေ။ အစောပိုင်းက ထိုဟမ်းစတားကြွက်လေးကို သူ သတိမထားမိခဲ့ခြင်းမှာလည်း ထိုအကြောင်းရင်းကြောင့်ပင်။ နောက်တစ်ချက်က သူ့ကို စောင့်ကြည့်နေသူမှာ ဂိုးလ်အဖွဲ့မှ စာချုပ်ချုပ်ဆိုသူများ လုံးဝမဟုတ်ဘဲ တခြားသူများ ဖြစ်နေသလား။ ပြန်လည်ဝင်စားခြင်းသုခဘုံတွင် အန္တရာယ်များဖြင့် ပြည့်နှက်နေရာ တွေးခေါ်စဉ်းစားပုံများကို တင်းကျပ်စွာ ပုံသေဘောင်ခတ်ထား၍မရပေ။

ယခု သူ့ကို စောင့်ကြည့်နေသော စာချုပ်ချုပ်ဆိုသူများမှာ ပေါ်လာမည့်အရိပ်အယောင် မရှိပေ။ ထို့အပြင် သူ့ကို စောင့်ကြည့်နေသော ဇာစ်မြစ်ကိုလည်း သူရှာတွေ့ခဲ့ပြီး ရှင်းလင်းလိုက်ပြီဖြစ်သည်။ ယင်းသို့ဖြစ်လင့်ကစား သူက အလင်းထဲတွင်ရှိနေပြီး ရန်သူက အမှောင်ထဲတွင် ရှိနေဆဲဖြစ်သည်။ အဓိကတာဝန် (၂) ကို သူ ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ရာ အမှောင်ထဲတွင် ပုန်းကွယ်နေ၍ မဖြစ်နိုင်ပေ။

"ဆူဇူယာဂျူးဇိုး ငါ့နောက်လိုက်ခဲ့ CCG ရုံးခွဲကို ပြန်မယ်"

ဆုရှောင်သည် CCG ရုံးခွဲသို့ ယာယီပြန်ရန် ဆုံးဖြတ်လိုက်သည်။ ဆူဇူယာဂျူးဇိုးသည် မာဒိုအာကီရာနှင့် မတူပေ။ ဤကောင်လေးက အတော်လေး တိုက်ခိုက်နိုင်စွမ်းရှိသည်။ အကယ်၍ ရန်သူ စာချုပ်ချုပ်ဆိုသူများ ပေါ်လာပါက ဆူဇူယာဂျူးဇိုးက အနည်းဆုံးတော့ အချိန်ဆွဲပေးနိုင်မည်ဖြစ်သည်။ ရန်သူ စာချုပ်ချုပ်ဆိုသူများသာ အင်အားမကြီးပါက ဆူဇူယာဂျူးဇိုးက တစ်ယောက် သို့မဟုတ် နှစ်ယောက်ခန့်ကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည်။

အဓိကတာဝန်ကို ရပ်တန့်ထား၍ မရပေ။ စာချုပ်ချုပ်ဆိုသူ တစ်ယောက်ယောက်က သူ့ကို စောင့်ကြည့်နေရုံမျှဖြင့် တာဝန်မထမ်းဆောင်ဘဲ နေမည်ဆိုလျှင် အလွန်မိုက်မဲသော ရွေးချယ်မှုပင်ဖြစ်သည်။ အန္တရာယ်ရှိလျှင် ထိုအန္တရာယ်၏ ဇာစ်မြစ်ကို ဖြေရှင်းပစ်ရမည်။ ထွက်ပြေးပုန်းရှောင်နေခြင်းသည် ဆုရှောင်၏ လုပ်ဟန် လုံးဝမဟုတ်ပေ။

......

CCG ရုံးခွဲ၏ ဧည့်ခန်းမဆောင်ကြီးထဲတွင် ဆုရှောင်၏ ရှေ့၌ ဝတ်စုံပြည့်ဝတ်ဆင်ထားသော ဂိုးလ်ရှာဖွေရေးမှူး နှစ်တန်း ရပ်နေကြသည်။

"ကိစ္စတွေကတော့ ဒီလောက်ပဲ ဒီည ကိုးနာရီကျရင် ဒီနေရာမှာပဲ ပြန်ဆုံကြမယ်"

ဆုရှောင်က ဤစကားကို ချန်ရစ်ခဲ့ပြီးနောက် ထောက်ပံ့ရေးဌာနဘက်သို့ ထွက်ခွာသွားသည်။ သူ ထွက်သွားပြီးနောက် ဧည့်ခန်းမဆောင်ထဲရှိ ဂိုးလ်ရှာဖွေရေးမှူးများမှာ တီးတိုးဆွေးနွေးလာကြသည်။ သေချာသော အစီအစဉ်အသေးစိတ်ကို ထိုရှာဖွေရေးမှူးများ မသိရှိကြပေ။ ဆုရှောင်က သူတို့ ပိတ်ဆို့ရမည့် လမ်းကြောင်းများကိုသာ ပြောပြခဲ့ခြင်းဖြစ်သည်။ CCG ရုံးခွဲထဲတွင် ဂိုးလ်တို့၏ သူလျှိုများ ရှိမရှိ မည်သူမျှ မသိနိုင်ရာ သတိထားခြင်းက အကောင်းဆုံးပင်ဖြစ်သည်။

ယခုညအတွက် အစီအစဉ်များကို စီစဉ်ပြီးနောက် ဆုရှောင်သည် CCG အထက်ထပ်ရှိ အိပ်ဆောင်သို့ ပြန်ကာ အနားယူလိုက်သည်။ ယနေ့ည လေလံရုံကို ရှင်းလင်းမည့် အစီအစဉ်တွင် မမျှော်လင့်ထားသော အပြောင်းအလဲများ ဖြစ်လာနိုင်သည်ဟု သူ ခံစားမိသည်။ ယခု အစီအစဉ်စတင်ရန် နာရီအနည်းငယ် လိုသေးရာ အချိန်ရခိုက် အနားယူထားရမည်ဖြစ်သည်။

ထိုည ကိုးနာရီအချိန်တွင် CCG ရုံးခွဲမှာ မီးရောင်များဖြင့် ထိန်လင်းနေသည်။ CCG ၏ ယာဉ်တန်းများစွာ ရုံးခွဲအပေါက်ဝတွင် စုဝေးရောက်ရှိနေပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသော CCG အဖွဲ့ဝင်များ အသင့်စောင့်ဆိုင်းနေကြသည်။ ဆုရှောင် ရုံးခွဲထဲမှ ထွက်လာချိန်တွင် မာဒိုအာကီရာက အပြေးအလွှားကြိုဆိုလိုက်သည်။

"ပထမအဆင့် ရှာဖွေရေးမှူး ပိုင်ယဲ့ လူအင်အား စုစည်းလို့ ပြီးပါပြီ အချိန်မရွေး ထွက်ခွာလို့ ရပါပြီ"

မာဒိုအာကီရာမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ ဤမျှကြီးမားသော ဂိုးလ်ရှင်းလင်းရေး စစ်ဆင်ရေးမျိုးတွင် သူမ ပထမဆုံးအကြိမ် ပါဝင်ဖူးခြင်းဖြစ်သည်။

"ထွက်မယ်"

ဆုရှောင် ကားပေါ်တက်လိုက်သည်။ ကားတံခါးပိတ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် အင်ဂျင်စက်သံများ ဟိန်းထွက်လာကာ ဆုရှောင်ဦးဆောင်သော လူတစ်ရာနီးပါးပါဝင်သည့် တပ်ဖွဲ့ကြီး ထွက်ခွာသွားလေတော့သည်။ ဆုရှောင်ကဲ့သို့ ပထမအဆင့် ရှာဖွေရေးမှူး တစ်ယောက်အနေဖြင့် ဤမျှများပြားသော လူအင်အားကို ခေါ်ယူခွင့်မရှိပေ။ ၎င်းမှာ ရှင်နိုဟာရာယုကီနိုရီ၏ အထူးခွင့်ပြုချက်ကြောင့် ဖြစ်သည်။

ရှင်နိုဟာရာယုကီနိုရီက ဘာကြောင့် အထူးခွင့်ပြုချက်ပေးသနည်းဆိုသော် ဆုရှောင်က အလွန်အစွမ်းထက်သောကြောင့် ဖြစ်သည်။ ထို့အပြင် ၁၄ ရပ်ကွက်တစ်ခုလုံးကို ရှင်းလင်းမည်ဟူသော ကိစ္စက ရှင်နိုဟာရာယုကီနိုရီအတွက် ကြီးမားသော ဆွဲဆောင်မှုတစ်ခု ဖြစ်နေသည်။

ယာဉ်တန်းသည် မိနစ်နှစ်ဆယ်ခန့်အကြာတွင် လေလံရုံအနီးသို့ ရောက်ရှိသွားသည်။ CCG အဖွဲ့ဝင်များ လျင်မြန်စွာ ကားပေါ်မှ ဆင်းလာကြပြီး ကားများကို အရင်ဖုံးကွယ်လိုက်ကာ လေလံရုံကို တဖြည်းဖြည်း ဝိုင်းရံလိုက်ကြသည်။ ဤလူများအားလုံးသည် ဂိုးလ်များကို နှိမ်နင်းရာတွင် အတွေ့အကြုံရှိသူများဖြစ်ကြရာ မှောင်မိုက်သော ညယံတွင် အသံတိတ် လှုပ်ရှားနိုင်ကြသည်။

"ပိုင်ယဲ့ဆရာ"

ဆုရှောင်၏ နားတွင်တပ်ထားသော ဘလူးတုသ်နားကြပ်မှ ဆူဇူယာဂျူးဇိုး၏ အသံ ထွက်ပေါ်လာသည်။

"ဘယ်လိုအခြေအနေလဲ"

"နေရာယူပြီးပါပြီ လောလောဆယ်တော့ ဘာထူးခြားမှုမှ မရှိသေးဘူး ကျွန်တော်တို့ အတင်းဝင်စီးရမလား"

ဆူဇူယာဂျူးဇိုး၏ ထူးဆန်းသော ရယ်သံလေးက နားကြပ်ထဲမှ ထွက်ပေါ်လာသည်။

"နေရာမှာပဲ ငြိမ်ငြိမ်လေး နေနေ"

ဆုရှောင်က လိုင်းပြောင်းလိုက်ပြီး မာဒိုအာကီရာကို ဆက်သွယ်လိုက်သည်။

"အာကီရာ အခြေအနေ တင်ပြပါ"

"ဘာထူးခြားမှုမှ မရှိပါဘူး ကျွန်မတို့ သေချာ ပုန်းကွယ်ထားပါတယ်"

ဆုရှောင်သည် အခြားသူများကို ဆက်လက် ဆက်သွယ်လိုက်သည်။ လေလံရုံ၏ ထွက်ပေါက်သုံးခုလုံးကို သူ၏လူများဖြင့် စောင့်ကြပ်ထားပြီးဖြစ်သည်။ ယခုအချိန်မှာ ညကိုးနာရီခွဲသာ ရှိသေးပြီး လေလံပွဲစတင်ရန် တစ်နာရီကျော် လိုသေးရာ လှုပ်ရှားရမည့်အချိန် မရောက်သေးပေ။

"ပထမအဆင့် ရှာဖွေရေးမှူး ပိုင်ယဲ့ ခင်ဗျားတောင်းထားတဲ့ မျက်နှာဖုံး ရပါပြီ"

အနက်ရောင် တိုက်ခိုက်ရေးဝတ်စုံ ဝတ်ဆင်ထားသော CCG အဖွဲ့ဝင်တစ်ဦးက မျက်နှာဖုံးတစ်ခု လာပေးသည်။ CCG များ အင်အားအများအပြားဖြင့် လှုပ်ရှားတိုင်း ဤသို့ပင် ဝတ်ဆင်လေ့ရှိကြသည်။ ထူထဲသော တိုက်ခိုက်ရေးဝတ်စုံက အဖွဲ့ဝင်များ၏ သေဆုံးဒဏ်ရာရမှုကို လျှော့ချပေးနိုင်သည်။

မျက်နှာဖုံးကို လှမ်းယူလိုက်ပြီးနောက် ဆုရှောင်သည် ၎င်းကို တပ်ဆင်ကာ လေလံရုံဘက်သို့ ထွက်လာခဲ့သည်။ လေလံရုံ၏ မျက်နှာစာတံခါးကြီးမှာ သော့ခတ်ထားပြီး နောက်ဖေးပေါက်သာ ပွင့်နေသည်။ ဂိုးလ်များအနေဖြင့် လူသိရှင်ကြား လေလံပွဲလုပ်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် ဤနေရာက ၁၄ ရပ်ကွက် ဖြစ်နေသည်မဟုတ်လော။

လေလံရုံ နောက်ဖေးပေါက်အနီးသို့ ရောက်သောအခါ ဆုရှောင်သည် ဖြန်းဆေးဘူးလေးတစ်ဘူးကို ထုတ်ယူကာ သူ၏ အင်္ကျီပေါ်သို့ အနည်းငယ် ဖြန်းလိုက်သည်။ ဤသည်မှာ အနံ့ဖုံးကွယ်ပေးသော ဖြန်းဆေးဖြစ်ပြီး သူ လူသားဖြစ်ကြောင်းကို ဂိုးလ်များ အနံ့ခံမသိရှိနိုင်ရန် ဖြစ်သည်။ ဂိုးလ်အများစု၏ နှာခေါင်းများမှာ ခွေးနှာခေါင်းများကဲ့သို့ အနံ့ခံကောင်းကြရာ ဆုရှောင်သာ လေလံရုံထဲသို့ တန်းဝင်သွားပါက ချက်ချင်း ဖော်ထုတ်ခံရမည်ဖြစ်သည်။

ဤလေလံရုံကို ရှင်းလင်းရန် သူ၏ အစီအစဉ်မှာ အလွန်ရိုးရှင်းပေသည်။ သူတစ်ယောက်တည်း လေလံရုံထဲသို့ အရင်ဝင်သွားမည်။ လေလံပွဲစတင်သည်နှင့် တစ်ပြိုင်နက် ထွက်ပေါက်သုံးခုစလုံးကို ပိတ်ဆို့လိုက်ပြီးနောက် ရက်စက်သော သတ်ဖြတ်ပွဲကို စတင်တော့မည်ဖြစ်သည်။

"စကားဝှက်"

ဆုရှောင် လေလံရုံနောက်ဖေးပေါက်သို့ ဝင်ရန် ပြင်လိုက်စဉ် ခန္ဓာကိုယ်ထွားကျိုင်းသော ဂိုးလ်တစ်ကောင်က သူ့ကို တားလိုက်သည်။

"လူသွေး T3.ST"

ဆုရှောင်က ဤထူးဆန်းသော စကားဝှက်ကို ပြောလိုက်ပြီးနောက် ထို ဂိုးလ်က လမ်းဖယ်ပေးလိုက်သည်။

"ပြဿနာမရှာနဲ့ မဟုတ်ရင် မင်းကို သတ်ပစ်မယ်"

ထိုဂိုးလ်၏ ခြိမ်းခြောက်မှုကို ဆုရှောင် ဂရုမစိုက်ပေ။ သူ ယနေ့လာသည်က ဂိုးလ်များကို သတ်ရန်ပင်ဖြစ်သည်။

ဂိုးလ်လေလံပွဲသို့ ဝင်ရောက်သွားချိန်တွင် နေ့ခင်းဘက် မြင်ကွင်းများနှင့် လုံးဝကွဲပြားနေပြီး ညဘက် လေလံရုံမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ လေလံပွဲ မစတင်မီ လေလံရုံထဲတွင် တုန်ဟီးနေသော သီချင်းသံများ ဖွင့်ထားပြီး မျက်နှာကြက်ထောင့်တွင် ယာယီ မီးရောင်စုံများပင် တပ်ဆင်ထားသေးသည်။ မှောင်မိုက်သော ပတ်ဝန်းကျင်၊ စူးရှသော မီးရောင်စုံများနှင့် နားကွဲမတတ် ဆူညံနေသော သီချင်းသံများ။ ဤဂိုးလ်များက တကယ် ရဲတင်းလွန်းလှသည်။ ဖော်ထုတ်ခံရမည်ကို မကြောက်ကြဘူးလား။

လေလံပွဲ မစတင်မီမှာပင် ပျော်ပါးနေကြသည်။ ရောင်စုံမီးရောင်များအောက်နှင့် ဆူညံနေသော သီချင်းသံများကြားတွင် ဂိုးလ်များစွာ သတိလက်လွတ် ကခုန်နေကြသည်။ သတိလက်လွတ်ဖြစ်ခြင်း၊ ထိန်းမနိုင်သိမ်းမရဖြစ်ခြင်း။ ဤသည်မှာ ထိုဂိုးလ်များက ဆုရှောင်အား ပေးစွမ်းသော ခံစားချက်ပင်ဖြစ်သည်။ ဤဂိုးလ်များအားလုံးမှာ ယနေ့အသက်ရှင်ပြီး မနက်ဖြန် သေချင်သေမည်ဆိုသော ဘဝမျိုးဖြင့် နေထိုင်နေကြသူများဖြစ်ရာ သူတို့ အစွမ်းကုန် ပျော်ပါးနေကြခြင်းဖြစ်သည်။

[Footnote 1 - ဤအခန်းတွင် ပါဝင်သော "ဂိုးလ်" (Ghoul) နှင့် "CCG" တို့သည် ဂျပန် နာမည်ကြီး Anime ဖြစ်သော "Tokyo Ghoul" မှ ဇာတ်ကွက်များဖြစ်ပါသည်။ "ဂိုးလ်" များသည် သာမန်လူသားများနှင့် ရုပ်သွင်တူညီသော်လည်း လူသားတို့၏ အသားကိုသာ စားသုံး၍ အသက်ရှင်နိုင်သော သတ္တဝါများဖြစ်ကြသည်။ "CCG" (Commission of Counter Ghoul) မှာ ဂိုးလ်များကို နှိမ်နင်းရန် ဖွဲ့စည်းထားသော အစိုးရအဖွဲ့အစည်းဖြစ်သည်။ ဇာတ်ကောင် "ဆူဇူယာ ဂျူးဇိုး" (Suzuya Juuzou) သည် Tokyo Ghoul မှ ထင်ရှားသော CCG ရှာဖွေရေးမှူးတစ်ဦးဖြစ်ပြီး၊ ငယ်စဉ်က ဂိုးလ်တစ်ဦး၏ ရက်စက်စွာ ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရသဖြင့် နာကျင်မှုကို မခံစားတတ်တော့ဘဲ (Masochist)၊ သူတစ်ပါးကို နာကျင်အောင်လုပ်ရသည်ကို နှစ်သက်သည့် (Sadist) ထူးခြားသော ကိုယ်ရည်ကိုယ်သွေးရှိသူအဖြစ် ဤဝတ္ထုထဲတွင် ဆုရှောင်၏ စနစ်က ဖော်ပြထားခြင်းဖြစ်သည်။

အခန်း (၅၄) သိုးအုပ်ထဲ ရောက်သွားသော ဝံပုလွေ

ဆူညံနေသော ဂီတသံများကြားမှ ညဆယ့်တစ်နာရီသို့ ရောက်ရှိလာခဲ့ပြီ။ 'ဖျတ်' ခနဲမြည်သံနှင့်အတူ လေလံရုံ၏ မီးဆိုင်းများ လင်းထိန်လာပြီး သီချင်းသံများ ရပ်တန့်သွားသည်။ ကွင်းလယ်တွင် ကခုန်နေကြသော ဂိုးလ်များ ရပ်တန့်သွားကြပြီး အချို့ဂိုးလ်များက မကျေမနပ်ဖြင့် ပွစိပွစိ ရေရွတ်လိုက်သော်လည်း မည်သည့်ဂိုးလ်ကမျှ ပြဿနာမရှာရဲချေ။

"လူကြီးမင်းများခင်ဗျာ လေလံပွဲ စတင်ပါတော့မယ် အားလုံး နေရာယူပေးကြပါခင်ဗျာ"

ထူးဆန်းသော လေယူလေသိမ်းနှင့် အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုသူမှာ လူပြက်မျက်နှာဖုံးတပ်ထားသော ဂိုးလ် အစီအစဉ်မှူးဖြစ်သည်။

"လူပြက်ကြီးရေ ဒီည ဘာအထူးအဆန်းတွေ ပါလဲ ပြီးခဲ့တဲ့အကြိမ် လေလံပွဲက ငါ့ကို သိပ်မကျေနပ်စေခဲ့ဘူးနော်"

သူဌေးကတော်ပုံစံ ဝတ်ဆင်ထားသော ဂိုးလ်တစ်ကောင်က ပြောလိုက်သည်။ ထိုနေရာရှိ ဂိုးလ်အားလုံးမှာ မျက်နှာဖုံးများ တပ်ဆင်ထားကြသည်။ ဂိုးလ်များအနေဖြင့် လူသားများကို မိမိတို့၏ မျက်နှာ အသိခံ၍မရသကဲ့သို့ ဂိုးလ်အချင်းချင်းကြားတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ အကယ်၍ ဂိုးလ်နှစ်ကောင် ရန်ငြိုးဖြစ်ပြီး တစ်ကောင်က အခြားတစ်ကောင်၏ အမည်နှင့် မျက်နှာကို သိရှိသွားပါက CCG သို့ သတင်းပေးတိုင်ကြားလိုက်လျှင် တိုင်ကြားခံရသော ဂိုးလ်မှာ သေဘေးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ဂိုးလ်အများစုမှာ ရေဆိုးမြောင်းထဲမှ ကြွက်များကဲ့သို့ အမှောင်ထဲတွင်သာ ပုန်းအောင်းနေထိုင်ကြရသည်။ သို့သော် ချွင်းချက်လည်း ရှိသေးသည်။ ဥပမာ - တာကာဆုကီဆန်း ကဲ့သို့သော သေလမ်းကို မျိုးစုံရှာတတ်သည့် မိန်းကလေးမျိုးပင်။ သူမက အာအိုဂီရိသစ်ပင် (Aogiri Tree) ၏ ခေါင်းဆောင်ဖြစ်သကဲ့သို့ နာမည်ကြီး ဝတ္ထုရေးဆရာမတစ်ဦးလည်းဖြစ်ကာ လူထုရှေ့တွင် ပေါ်ပေါ်ထင်ထင် နေထိုင်သူဖြစ်သည်။

"စကားတွေ အများကြီး မပြောတော့ပါဘူး ဒီညလေလံပစ္စည်းတွေက အားလုံးကို သေချာပေါက် ကျေနပ်စေရပါမယ် ကဲ ဒါဆိုရင်"

စင်မြင့်ပေါ်မှ အစီအစဉ်မှူးက လေလံပွဲစတင်ကြောင်း မကြေညာရသေးမီမှာပင် ဆုရှောင်က သူ၏ဘလူးတုသ်နားကြပ်ကို နှိပ်လိုက်လေပြီ။

"စတင်လှုပ်ရှားကြ"

ဆုရှောင်၏ စကားသံအဆုံးတွင် သူ့အနီးအနားရှိ ဂိုးလ်အချို့က သူ့ကို သတိထားကြည့်လာပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။

"ဟေ့လူ မင်း ခုနက ဘာပြောလိုက်တာလဲ"

"သူ ခုနက စတင်လှုပ်ရှားကြ လို့ ပြောလိုက်တာ ဒီကောင် တစ်ခုခုထူးခြားနေတယ် သူ့ကို သတ်လိုက်"

"ဂိုးလ်ရှာဖွေရေးမှူးတော့ မဟုတ်ပါဘူးနော် ငါ အရင် လစ်တော့မယ်"

ဆုရှောင်၏ 'စတင်လှုပ်ရှားကြ' ဟူသော စကားတစ်ခွန်းကြောင့် လေလံရုံ၏ တစ်စိတ်တစ်ပိုင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ဤဂိုးလ်များ ဤသို့ဖြစ်ရသည်မှာလည်း အံ့သြစရာမရှိပေ။ CCG ၏ နှစ်ရှည်လများ လိုက်လံဖမ်းဆီးမှုကြောင့် ဤဂိုးလ်များအားလုံးမှာ စိတ်ကြောက်ရောဂါ ရနေကြပြီဖြစ်သည်။ တင်းမာနေသော အခြေအနေသည် လေလံရုံတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး စင်မြင့်ပေါ်မှ ဂိုးလ်အစီအစဉ်မှူးကလည်း တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။

'ဖျတ်' လေလံရုံ၏ မီးများအားလုံး ရုတ်တရက် ငြိမ်းသွားပြီး တစ်ရုံလုံး အမှောင်အတိကျသွားသည်။ စူးစူးဝါးဝါးအော်သံများ၊ ဒေါသတကြီးအော်သံများနှင့် စားပွဲကုလားထိုင်များ လဲကျသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ဆုရှောင်၏ မျက်စိရှေ့တွင်လည်း အမှောင်အတိကျသွားသော်လည်း သူ အနည်းငယ်မျှ ထိတ်လန့်သွားခြင်းမရှိဘဲ မျက်နှာမှာ တည်ငြိမ်နေသည်။

သူ၏ လက်ထဲတွင် အဝေးကြည့်မှန်ပြောင်းကဲ့သို့သော ပစ္စည်းတစ်ခု ရုတ်တရက် ပေါ်လာပြီး သူ၏ခေါင်းတွင် အေးအေးဆေးဆေး တပ်ဆင်လိုက်ရာ သူ၏ အမြင်အာရုံများ ပြန်လည်ရရှိသွားသည်။ ညာဘက်မျက်လုံးတစ်ဖက်တည်းသာ အမြင်အာရုံရရှိပြီး အစိမ်းရောင်မြင်ကွင်းဖြစ်နေသော်လည်း အမြင်အာရုံပြန်ရသွားသည်ဟု ဆိုနိုင်သည်။ ဆုရှောင်သည် ညကြည့်မှန်ပြောင်း (Night-vision goggles) ကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီး လှုပ်ရှားမှုစတင်သည်နှင့် လေလံရုံ၏ လျှပ်စစ်မီးများကို ဖြတ်တောက်ရန် ကြိုတင်အမိန့်ပေးထားခဲ့ခြင်းဖြစ်သည်။

နဂါးသတ်ဓားသည် သူ၏လက်ထဲတွင် ပေါ်လာပြီးနောက် ဆုရှောင်သည် ဂိုးလ်တစ်ကောင်၏ အရှေ့သို့ ဖြည်းညှင်းစွာလျှောက်သွားကာ ဓားကို ထိုသူ၏လည်ပင်းတွင် တေ့ထားလိုက်သည်။ ထိုဂိုးလ်မှာ မည်သည့်သတိထားမှုမျှမရှိဘဲ လက်နှစ်ဖက်ကို အရှေ့သို့ဆန့်ထုတ်ကာ ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းလျက် လေထဲတွင် စမ်းတဝါးဝါးဖြစ်နေသည်။ ဆုရှောင်က ဂိုးလ်တို့၏ မျက်လုံးနီများတွင် ညကြည့်နိုင်စွမ်း (Night Vision) ရှိမရှိ စမ်းသပ်နေခြင်းဖြစ်သည်။ အလွန်သိသာစွာပင် ဂိုးလ်များတွင် ထိုစွမ်းရည်မျိုး မရှိပေ။

နဂါးသတ်ဓားဖြင့် ဆွဲလှီးလိုက်ရာ ဓားသွားက အသားအရေကို ဖြတ်တောက်သွားပြီး တိုးညှင်းသော အသံနှင့်အတူ သွေးများ ပန်းထွက်လာသည်။ ထိုဂိုးလ်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး လည်ချောင်းထဲမှ အသံများထွက်လာကာ စက္ကန့်အနည်းငယ်အကြာတွင် မြေကြီးပေါ်သို့ လဲကျသွားသည်။

အမှောင်အတိကျနေသော လေလံရုံထဲတွင် ညကြည့်မှန်ပြောင်းတပ်ထားသော ဆုရှောင်သည် သိုးအုပ်ထဲသို့ ဝင်ရောက်လာသော ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်နှင့် တူနေသည်။ သူသည် ဂိုးလ်များကြားထဲတွင် လျှောက်သွားနေပြီး နဂါးသတ်ဓားမှ ဓားအလင်းတန်းများ ဆက်တိုက်ထွက်ပေါ်နေသည်။

'ရွှပ်' 'ရွှပ်'

ထက်မြက်သော လက်နက်က သွေးသားများကို ဖြတ်တောက်သွားသည့် အသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ဂိုးလ်များ တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကာ သွေးများက ဆုရှောင် လျှောက်သွားရာ လမ်းတစ်လျှောက်တွင် စွန်းထင်းနေသည်။ လေလံရုံထဲမှ ဆူညံသံများက ဆုရှောင်၏ လှုပ်ရှားမှုများကို ဖုံးကွယ်ပေးထားသည်။

ဆယ်စက္ကန့်ကျော်ခန့် အချိန်တိုအတွင်းမှာပင် ဂိုးလ်အကောင်နှစ်ဆယ်ကျော်ခန့်သည် ဆုရှောင်၏ ဓားချက်အောက်တွင် အသက်ပျောက်သွားခဲ့ရသည်။ လေလံရုံမှာ တစ်ဝက်တစ်ပျက် ပိတ်လှောင်ထားသော အဆောက်အအုံဖြစ်ရာ ပြင်းထန်သော သွေးနံ့များ ပျံ့နှံ့လာချိန်တွင် အခြားဂိုးလ်များက တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သိရှိသွားကြသည်။

"ဘာဖြစ်တာလဲ သွေးနံ့တွေရနေတယ်"

"ဒါ CCG ရဲ့ ထောင်ချောက်ပဲ မြန်မြန်ပြေးကြ"

"ငါ မသေချင်ဘူး ငါ မသေချင်ဘူး"

လေလံရုံထဲတွင် ပရမ်းပတာဖြစ်သွားပြီး ဂိုးလ်အကောင်တစ်ရာကျော်ခန့် ဟိုဒီရမ်းသမ်း ပြေးလွှားနေကြသည်။ အလွန်အမင်း ဒေါသထွက်နေသော ဂိုးလ်အချို့ကမူ သူတို့၏ ကာဂုနဲများကို ထုတ်ဖော်ကာ ရမ်းသမ်းခုတ်ပိုင်းနေကြရာ သူတို့အနားသို့ ချဉ်းကပ်မိသော ဂိုးလ်များအားလုံး အမှတ်တမဲ့ အသတ်ခံလိုက်ရသည်။

ဤသို့ဖြင့် ဂိုးလ်များ၏ သေဆုံးနှုန်းမှာ ပိုမိုမြန်ဆန်လာရာ ဆုရှောင်အနေဖြင့် အချိန်သိပ်မရှိတော့ကြောင်း သိလိုက်သည်။ ဂိုးလ်များက သူ့ကို လွတ်လွတ်လပ်လပ် သတ်ဖြတ်ခွင့် ပေးထားမည်မဟုတ်ပေ။ ဆုရှောင်သည် ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် လူအုပ်ကြားထဲ တိုးဝင်သွားပြီး ဂိုးလ်များကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်နေသည်။ သွေးများက သူ၏ ပါးပြင်ပေါ်သို့ စင်လာသော်လည်း သူ လုံးဝ ဂရုမစိုက်ပေ။

ဂိုးလ်များကို သတ်ဖြတ်ခြင်းကြောင့် စိတ်ဖိစီးမှု ရှိမည်လား။ တခြားသူတွေ ရှိချင်ရှိမည်။ သို့သော် ပြန်လည်ဝင်စားခြင်းသုခဘုံတွင် ကိုယ်မသတ်လျှင် ကိုယ်သေရမည့် အခြေအနေဖြစ်ရာ သတ်ခြင်းနှင့် အသတ်ခံရခြင်းကြားတွင် ဆုရှောင်သည် သူ၏လက်ထဲမှ ဓားကို ဝှေ့ယမ်းရန်သာ ရွေးချယ်ခဲ့သည်။ သွေးများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ လွင့်စင်နေပြီး ဆုရှောင်မှာ အရူးအမူး သတ်ဖြတ်နေသဖြင့် မျက်လုံးများပင် နီရဲလာသည်။ 'ခွမ်း'

ဖန်ပုလင်းတစ်လုံး ကွဲအက်သွားသံနှင့်အတူ မီးတောက်များ ဟုန်းခနဲ တောက်လောင်လာသည်။ စင်မြင့်ပေါ်မှ ဂိုးလ်အစီအစဉ်မှူးသည် မည်သည့်နေရာမှန်းမသိသော နေရာမှ အရက်ပြင်းတစ်ပုလင်းကို စမ်းတဝါးဝါးရှာတွေ့သွားပြီး ရိုးရှင်းသော မီးလောင်ဗုံး (Molotov Cocktail) ပြုလုပ်ကာ မြေကြီးပေါ်သို့ ပစ်ချလိုက်ခြင်းဖြစ်သည်။ ၎င်းမှာ နေ့ခင်းဘက် လေလံပွဲမှ ကျန်ရစ်သော အရက်များဖြစ်ဟန်တူသည်။ ဂိုးလ်များအနေဖြင့် အရက်ကို လေလံတင်စရာ အကြောင်းမရှိပေ။ မီးရောင်က လေလံရုံတစ်ခုလုံးကို လင်းထိန်သွားစေပြီး အခန်းတွင်းမှ အမှောင်ထုကို ဖယ်ရှားပေးလိုက်သည်။

နဂါးသတ်ဓား၏ ဓားဖျားမှ သွေးများ တစ်စက်စက်ကျနေပြီး ဂိုးလ်အားလုံး၏ အကြည့်များက ဆုရှောင်ဆီသို့ ရောက်ရှိလာကြသည်။ ဆုရှောင်၏ ဘေးပတ်လည်တွင် လည်ပင်းပြတ်ရှကာ သေဆုံးနေသော ဂိုးလ်အလောင်း သုံးဆယ်ကျော်ခန့် ပြန့်ကျဲနေပြီး သွေးများက သူ့အနီးအနားရှိ မြေပြင်ကို ဖုံးလွှမ်းကာ သွေးအိုင်ငယ်လေးတစ်ခု ဖြစ်ပေါ်နေသည်။

'ဂလု'

B အဆင့် ဂိုးလ်တစ်ကောင်က တံတွေးမျိုချလိုက်ပြီး ၎င်း၏ မျက်ဝန်းများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ ဂိုးလ်အားလုံးက ဆုရှောင်ကို သတိထားမိသွားချိန်တွင် သူတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ရန်မဟုတ်ဘဲ ထွက်ပြေးရန်သာဖြစ်သည်။ သို့သော် ဤဂိုးလ်များသည် လေလံရုံ၏ ထွက်ပေါက်များအားလုံး ပိတ်ဆို့ခံထားရကြောင်း ချက်ချင်း သိရှိသွားကြသည်။

ဤသည်မှာ ဆုရှောင်၏ အမိန့်ဖြစ်သည်။ အပြင်ဘက်ရှိ လူများမှာ အရေးပေါ်အခြေအနေအတွက်သာ ပြင်ဆင်ထားခြင်းဖြစ်သည်။ သူ ယခု ရှင်းလင်းရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်နေသော်လည်း ထို CCG အဖွဲ့ဝင်များ သတ်ဖြတ်လိုက်သော ဂိုးလ်များအတွက် သူရရှိမည့် အကျိုးပြုအမှတ်မှာ အလွန်နည်းပါးလှသည်။ ထို့ကြောင့် ဆုရှောင်အနေဖြင့် အထက်တန်း ရှာဖွေရေးမှူးအဖြစ်သို့ အမြန်ဆုံး တက်လှမ်းလိုပါက ကိုယ်တိုင်ကိုယ်ကျ ရန်သူများကို သတ်ဖြတ်ရန်သာ ရှိသည်။

ထွက်ပေါက်အားလုံး ပိတ်ဆို့ခံထားရပြီး တံခါးပေါက်များကြားမှ အပြင်ဘက်တွင် ရှာဖွေရေးမှူး အများအပြား ရှိနေသည်ကို ဂိုးလ်များ မြင်လိုက်ရသောအခါ လေလံရုံထဲရှိ ဂိုးလ်များ တဖြည်းဖြည်း သတိလက်လွတ် ဖြစ်လာကြသည်။

"ဘယ်လိုလုပ်ကြမလဲ သွားပြီ ဒီနေ့တော့ သေချာပေါက် သေရတော့မယ်"

"မြန်မြန်ပြေး ဟို ဓားကိုင်ထားတဲ့ကောင် လာနေပြီ"

အခြေအနေများ ပိုမိုရှုပ်ထွေးလာပြီး ဆုရှောင်က ဂိုးလ်တစ်ကောင်၏ လည်ပင်းကို ဓားဖြင့် ထိုးဖောက်လိုက်ရာ အမှတ်များ ရရှိသွားပြီး ထိုဂိုးလ်မှာ မြေကြီးပေါ်သို့ တောင့်တင်းကာ လဲကျသွားသည်။ ဂိုးလ်အားလုံး ထွက်ပြေးနေကြသည်တော့ မဟုတ်ပေ။ ထိုနေရာတွင် S အဆင့် ဂိုးလ်နှစ်ကောင် ရှိနေသည်။ တစ်ကောင်မှာ စင်မြင့်ပေါ်မှ လူပြက်မျက်နှာဖုံးတပ်ထားသော အစီအစဉ်မှူးဖြစ်ပြီး နောက်တစ်ကောင်မှာ ဆုရှောင်၏ အရှေ့တွင် ရပ်နေသည်။

ဝက်ခေါင်းမျက်နှာဖုံးတပ်ထားပြီး အဝလွန်နေသော ခန္ဓာကိုယ်ရှိသည့် ထို S အဆင့် ဂိုးလ်မှာ ပေါင်သုံးရာကျော် အလေးချိန်ရှိမည့် လူဝဖြစ်ကာ တစ်ကိုယ်လုံး စက်လုံးတစ်လုံးကဲ့သို့ ဝိုင်းစက်နေသည်။

"မင်းက လူသားပဲ"

လူဝဂိုးလ်၏ ကာဂုနဲမှာ 'ချပ်ဝတ်ကာဂုနဲ' (Koukaku / 甲赫) ဖြစ်သည်။ ကာဂုနဲအိတ် (Kakuhou) မှာ ပခုံးနေရာတွင် ရှိပြီး ကာဂုနဲတစ်ခုလုံး ထွက်ပေါ်လာချိန်တွင် လူဝဂိုးလ်မှာ ခန္ဓာကိုယ်အထက်ပိုင်း သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသကဲ့သို့ ဖြစ်သွားသည်။ ဤကောင်က အလွန်အမင်း ခံနိုင်ရည်ရှိသည့် အမျိုးအစားဖြစ်ကြောင်း ကြည့်လိုက်သည်နှင့် သိသာသည်။ အမြန်နှုန်း မမြန်သော်လည်း အရေခွံထူပြီး အသားမာသည်။

ဆုရှောင်သည် ဓားကိုကိုင်လျက် အရှေ့သို့ ပြေးဝင်သွားရာ လူဝဂိုးလ်ကလည်း ဒေါသတကြီး အော်ဟစ်ပြီး သူ့ဆီသို့ ပြေးဝင်လာသည်။ နှစ်ဦးသား လျင်မြန်စွာ နီးကပ်သွားပြီး ဆုရှောင်၏ ခြေလှမ်းများက သွက်လက်ပေါ့ပါးနေကာ လူဝမှာမူ လေးလံသော တင့်ကားတစ်စီးကဲ့သို့ ပြေးလွှားနေသဖြင့် မြေကြီးပင် အနည်းငယ် တုန်ခါနေသည်။

"သေလိုက်စမ်း"

လူဝဂိုးလ်က ခေါင်းငုံ့ကာ ဆုရှောင်ဆီသို့ ဝင်တိုက်လာသည်။ ဆုရှောင်က ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး အာရုံကို အပြည့်အဝ စုစည်းထားလိုက်သည်။

ခြေလှမ်းအနည်းငယ် ရွှေ့လိုက်ကာ လူဝဂိုးလ်၏ ဝင်တိုက်မှုကို လွယ်ကူစွာ ရှောင်တိမ်းလိုက်ပြီး လက်ထဲမှ ဓားဖြင့် လူဝ၏ အောက်ပိုင်းကို ခုတ်ပိုင်းလိုက်သည်။ 'ရွှပ်'

အဆီများပြည့်နှက်နေသော ခြေထောက်တစ်ဖက် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ ဆုရှောင်က အားများများစားစား မသုံးလိုက်ရပေ။ လူဝဂိုးလ်၏ အရှေ့သို့ ပြေးဝင်လာသော အရှိန်ကို အသုံးချလိုက်ခြင်းသာ ဖြစ်သည်။ ဝက်တစ်ကောင် အသတ်ခံရသကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာပြီး လူဝဂိုးလ်မှာ 'ဘုန်း' ခနဲ လဲကျသွားသည်။

ဆုရှောင်က ခြေလှမ်းအနည်းငယ် လျင်မြန်စွာ လှမ်းလိုက်ပြီး လူဝဂိုးလ်၏ ကျောကုန်းပေါ်သို့ ခြေချကာ နဂါးသတ်ဓား၏ ဓားဖျားကို လူဝ၏ နောက်စေ့တွင် တေ့ထားလိုက်သည်။

"မ မလုပ်ပါနဲ့ တောင်းပန်ပါတယ်"

နောက်စေ့ပေါ်မှ အေးစက်ပြီး ထက်မြက်သော အထိအတွေ့ကြောင့် လူဝဂိုးလ်မှာ စကားပင် ကောင်းကောင်းမပြောနိုင်တော့ချေ။ 'ဖောက်'

ရှည်လျားသော ဓားက ဦးနှောက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ဆုရှောင် အနည်းငယ်မျှ တုံ့ဆိုင်းမနေခဲ့ပေ။ သူသည် လူဝဂိုးလ်၏ ခြေထောက်ကို နင်းထားရာ ၎င်း၏ ခန္ဓာကိုယ် တဆတ်ဆတ်တုန်ခါနေသည်ကို သိသိသာသာ ခံစားနေရသည်။

အစိမ်းရောင် ရတနာသေတ္တာလေးတစ်ခု လူဝဂိုးလ်၏ အလောင်းပေါ်မှ ထွက်ပေါ်လာရာ ထိုရတနာသေတ္တာကို မြင်လိုက်ရချိန်တွင် ဆုရှောင် မျက်ခုံးပင့်သွားသည်။ အလွန်ကံကောင်းလှသည်။ S အဆင့် ဂိုးလ်တစ်ကောင်ကို သတ်လိုက်ရုံဖြင့် အစိမ်းရောင် ရတနာသေတ္တာကို ရရှိခဲ့သည်မဟုတ်လော။

ရတနာသေတ္တာကို သိမ်းဆည်းလိုက်ပြီးနောက် ဆုရှောင်၏ အကြည့်က ကွင်းထဲရှိ ဒုတိယမြောက် S အဆင့် ဂိုးလ်၊ လူပြက်မျက်နှာဖုံးတပ်ထားသော အစီအစဉ်မှူးဆီသို့ ရောက်ရှိသွားသည်။ ဆုရှောင်၏ အကြည့်ကို သတိထားမိလိုက်သော လူပြက်မျက်နှာဖုံးတပ် ဂိုးလ်က အလျင်အမြန် ပြောလိုက်သည်။

"နေဦး ငါက ဆွတ်ကီယာမ မိသားစု (Tsukiyama Family) ကွ မင်း ငါ့ကို သတ်လို့မရဘူး"

[Footnote 2 - ဤအခန်းတွင် ပါဝင်လာသော "ကာဂုနဲ" (Kagune) သို့မဟုတ် တရုတ်လို "ဟဲ့ကျစ်") သည် Tokyo Ghoul ဇာတ်လမ်းထဲတွင် ဂိုးလ်များ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အမဲလိုက်ရာတွင်သုံးသည့် အဓိက လက်နက်ဖြစ်သည်။ အခန်းထဲတွင် အဝလွန်နေသော ဂိုးလ် အသုံးပြုသွားသည့် (Koukaku / ကာကုကျု) အမျိုးအစား ကာဂုနဲသည် ပခုံးရိုးအောက်မှ ထွက်ပေါ်လာပြီး သံချပ်ကာကဲ့သို့ မာကျောကာ ကာကွယ်ရေးအတွက် အလွန်ကောင်းမွန်သော အမျိုးအစားဖြစ်သည်။]

All Chapters