← Chapters

အခန်း (၅၉-၆၀)

Vol. 3 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 3 Ch. 59-60

အခန်း (၅၉) အရိုးထဲထိစိမ့်ဝင်သွားသော ဓားချက်များ

"ယဲ့ဇီ ငါ့ကို သွေးဖြည့်ပေးဖို့ ပြင်ထား ဒီကောင်က မျက်တောင်မခတ်ဘဲ လူသတ်ရဲတဲ့ အရူးပဲ ဖြစ်ရမယ်"

ဘုရင်မသည် ဆုရှောင်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားလိုက်ရပြီးနောက် ရုတ်တရက် နောင်တရသွားသည်။ သူတို့သုံးယောက် ဒီလူကို မရန်စခဲ့သင့်ပေ။ သို့သော် ဆုရှောင်သည် တစ်ကိုယ်တည်း အဖွဲ့တစ်ခုဖြစ်နေသဖြင့် သူ့ကို သတ်လိုက်ပါက ရရှိမည့် အကျိုးအမြတ်မှာ အလွန်ကြီးမားလွန်းလှသည်။ ဘုရင်မသည် Lv.6 စာချုပ်ချုပ်ဆိုသူတစ်ဦးဖြစ်ပြီး Lv.3 ကမ္ဘာသို့ ဝင်ရောက်လာသူဖြစ်ရာ လုပ်ရပ်များတွင် အနည်းငယ် ပေါ့ဆမိသည်မှာ သဘာဝပင်ဖြစ်သည်။ ဆုရှောင်သည် ခြေအောက်ရှိ မြေပြင်ကို အားကုန်ကန်ထွက်လိုက်ရာ ပြောင်းဝမှ ထွက်ခွာသွားသော အမြောက်ဆန်ကဲ့သို့ ဘုရင်မထံသို့ အရှိန်ပြင်းစွာ ပြေးဝင်သွားသည်။ ဘုရင်မသည် လက်ထဲရှိ ဒိုင်းကို မြှောက်ကာ ရှေ့တွင် ကာထားလိုက်သည်။

ဆုရှောင်သည် ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်လိုက်သည်။ သူသည် ခုတ်ပိုင်းခြင်းကို မရွေးချယ်ဘဲ ဘယ်ဘက်လက်ဖြင့် ဓားရိုးအဆုံးကို ထောက်ကာ ဒိုင်းဆီသို့ အားကုန် ထိုးစိုက်လိုက်သည်။ 'ဂျွတ်' နဂါးသတ်ဓား၏ ဓားသွားသည် ဒိုင်းထဲသို့ နစ်ဝင်သွားပြီးနောက် ညပ်သွားလေသည်။ နဂါးသတ်ဓားသည် အဖြူရောင်အဆင့် ထိပ်တန်း လက်နက်ဖြစ်သော်လည်း အဖြူရောင်အဆင့် လက်နက်ကိရိယာသာ ဖြစ်နေဆဲပင်။ ဘုရင်မ၏ လက်ထဲရှိ ဒိုင်းမှာ အမှတ်(၂၆) ရှိသော အစိမ်းရောင်အဆင့် ဒိုင်းဖြစ်သည်။ ဆုရှောင်၏ တိုက်ခိုက်မှုစွမ်းအားသာ မမြင့်မားခဲ့လျှင် ဒိုင်းကို ဖောက်ထွင်းနိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

ဒိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသော ဓားသွားကို ကြည့်ရင်း ဒိုင်းပျက်စီးသွားသဖြင့် ဘုရင်မ၏ ရင်ထဲတွင် နှမြောလွန်း၍ သွေးထွက်မတတ် ခံစားလိုက်ရသည်။ ဤအစိမ်းရောင်အဆင့် ဒိုင်းကို ပြုပြင်ရမည့် ကုန်ကျစရိတ်မှာ သူမ ဘဝကိုပင် သံသယဝင်သွားစေလောက်အောင် ဈေးကြီးပေလိမ့်မည်။ မှော်ဆရာများကို ပြန်လည်ဝင်စားခြင်းသုခဘုံတွင် တန်ဖိုးထားရပါက ခံစစ်သမားများ (Tank) သည် ရှားပါးသော ရတနာများကဲ့သို့ပင် ဖြစ်သည်။ အစောပိုင်း သွေဖီသွားသောကမ္ဘာများတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှု (Stamina) စွမ်းရည်ဘက်သို့ အာရုံစိုက် ကျင့်ကြံသော စာချုပ်ချုပ်ဆိုသူ အလွန် ရှားပါးလှသည်။ ရှေ့ဆုံးမှ မားမားမတ်မတ်ရပ်ကာ အရိုက်ခံရခြင်းကို သာမန်လူများ ခံနိုင်ရည်မရှိကြပေ။ အရိုက်ခံရခြင်းက မည်မျှ နာကျင်သည်ကို အသာထား အရိုက်ခံနေရလျက် ပြန်မချနိုင်ဘဲ ဒိုင်းကိုသာ မြှောက်ထားရခြင်းကပင် စာချုပ်ချုပ်ဆိုသူ အများစုကို လက်လျှော့သွားစေသည်။ ထိုအရာက အလွန် မွန်းကျပ်စရာကောင်းလှသည်။ ထို့ကြောင့် ခံစစ်သမားများကို သီးသန့်လေ့ကျင့်ပျိုးထောင်ပေးရသည်။ ဥပမာအားဖြင့် တည်ငြိမ်သော စွန့်စားသူအဖွဲ့များသည် ခံစစ်ပါရမီရှိသော စာချုပ်ချုပ်ဆိုသူ အနည်းငယ်ကို အထူးလေ့ကျင့်ပေးလေ့ရှိသည်။ ကံကောင်းသည်မှာ ခံစစ်သမား အများအပြား မလိုအပ်ခြင်းပင်ဖြစ်သည်။ လူဆယ်ယောက်ပါဝင်သော အဖွဲ့တစ်ဖွဲ့တွင် အဓိကခံစစ်သမား တစ်ယောက်နှင့် အရန်ခံစစ်သမား တစ်ယောက်ရှိလျှင် လုံလောက်ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ သွေဖီသွားသောကမ္ဘာ အတွင်း၌ သတ်ဖြတ်တိုက်ခိုက်ရာတွင် ရန်သူကို သတ်ဖြတ်ခြင်းက အဓိက ပန်းတိုင်ပင် ဖြစ်သည်။

နဂါးသတ်ဓားသည် ဒိုင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီးနောက် ဆုရှောင်သည် ဒိုင်း၏ မျက်နှာစာကို ခြေထောက်ဖြင့် အားကုန် ကန်ချလိုက်သည်။ 'ဘုန်း' ခနဲ မြည်သံနှင့်အတူ ဘုရင်မသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ ဆုရှောင်၏ ဤဓားချက်မှာ ရန်သူ၏ ခံစစ်စွမ်းအားကို စမ်းသပ်ခြင်းဖြစ်သည်။ ရန်သူ၏ ခံစစ်စွမ်းအားမှာ သူမျှော်လင့်ထားသည်ထက် များစွာ သာလွန်နေသဖြင့် ဉာဏ်သုံးကာ တိုက်ခိုက်ရန် လိုအပ်ပေသည်။ အမြင့်ပိုင်းရှိ စနိုက်ပါသမားထံမှ လှုပ်ရှားမှုမရှိသည်မှာ အတန်ကြာပြီဖြစ်ရာ ဆူဇူယာဂျူးဇိုးသည် ရန်သူကို ရှာတွေ့သွားပြီဖြစ်ကြောင်း ထင်ရှားသည်။ အချိန်အတော်ကြာသည့်တိုင် ပစ်ကူမရရှိသဖြင့် ဘုရင်မသည်လည်း ပုံမှန်မဟုတ်သည်ကို ရိပ်မိသွားသည်။

"ဟေးပိုင် ဟေးပိုင်"

ဘုရင်မသည် ဟေးပိုင်ကို ဆက်သွယ်ရန် ကြိုးစားလိုက်ရာ သူမ၏ နားကြပ်ထဲမှ ပြင်းထန်သော အသက်ရှူသံများကို ကြားလိုက်ရသည်။

"ဘုရင်မ ငါ လောလောဆယ် နင့်ကို ပစ်ကူမပေးနိုင်သေးဘူး ရန်သူတစ်ယောက် ငါ့ကို တွေ့သွားပြီ"

"ဘယ်သူလဲ"

"ဇာတ်ကောင် ဆူဇူယာဂျူးဇိုးပဲ"

ဘုရင်မ၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ ဟေးပိုင်၏ စနိုက်ပါပစ်ကူ မပါဘဲ သူတို့သည် ဆုရှောင်ကို မည်သို့မျှ မယှဉ်နိုင်ပေ။

"ငါ့ကို ငါးမိနစ် အချိန်ပေး"

ဟေးပိုင်သည် အလွန် ယုံကြည်မှုရှိနေပြီး ဘုရင်မသည်လည်း ဟေးပိုင်ကို အလွန် ယုံကြည်ပုံရသည်။

"ငါးမိနစ်ရအောင် ငါ အစွမ်းကုန် ကြိုးစားကြည့်မယ်"

ဘုရင်မသည် ဆေးပုလင်းတစ်ပုလင်းကို ထုတ်ကာ ပါးစပ်ဖြင့် ကိုက်ထားလိုက်သည်။ ယဲ့ဇီသည် သူမကို အချိန်မရွေး ကုသပေးနိုင်သော်လည်း ဆုရှောင်၏ ဓားတစ်ချက်တည်းနှင့် ဒိုင်းကို ဖောက်ထွင်းနိုင်သော တိုက်ခိုက်မှုစွမ်းအားကိုမူ သူမ အလွန် ထိတ်လန့်နေမိသည်။

ဘုရင်မနှင့် ဟေးပိုင်တို့ စကားပြောနေစဉ်အတွင်း ဆုရှောင်သည် ရှေ့သို့ ထပ်မံ ပြေးဝင်လာခဲ့ပြီဖြစ်သည်။ ဘုရင်မသည် ချက်ချင်းပင် တန်ပြန်တိုက်ခိုက်လိုက်သည်။ လက်ထဲရှိ ဒိုင်းကို ရှေ့သို့ ဝှေ့ယမ်းလိုက်ရာ ဒိုင်းမျက်နှာပြင်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

"မြင့်မြတ်သော ဒိုင်း ဝင်တိုက်ခြင်း"

ဘုရင်မသည် အော်ဟစ်လိုက်ပြီး ဒိုင်းကို ကိုင်ဆောင်လျက် ခေါင်းငုံ့ကာ ဆုရှောင်ထံသို့ ပြေးဝင်သွားသည်။ ဤတိုက်ခိုက်မှုမှာ အလွန် အင်အားပြင်းထန်လှပြီး ဒိုင်းသည် လေတိုးသံများနှင့်အတူ ဆုရှောင်ဆီသို့ ရိုက်ချလာသည်။ ဆုရှောင်သည် ဤတိုက်ခိုက်မှု၏ ထူးခြားချက်ကို လျင်မြန်စွာ ရိပ်မိလိုက်သည်။ ဤအရာသည် စွမ်းရည် (Skill) တစ်ခု ဖြစ်နိုင်သည်။ ရွှေရောင်အလင်းတန်းများ တောက်ပနေသော ဒိုင်းသည် မျက်စိတစ်မှိတ်အတွင်း ဆုရှောင်၏ ရှေ့မှောက်သို့ ရောက်ရှိလာသော်လည်း ဆုရှောင်သည် အထိတ်တလန့်မရှိဘဲ ရင်ဆိုင်လိုက်သည်။ ဒိုင်းက ဆုရှောင်ကို ရိုက်မိလုနီးပါး အချိန်လေးတွင် သူသည် သွက်လက်စွာ ခုန်တက်လိုက်ပြီး ဒိုင်းပေါ်သို့ ခြေတစ်ဖက်ဖြင့် နင်းလိုက်သည်။ ထို့နောက် ဒိုင်း၏ အရှိန်ကို အသုံးချကာ လေထဲတွင် နောက်ပြန်ဂျွမ်းပစ်လိုက်လေသည်။ မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ကျဆင်းလာပြီးနောက် ဘုရင်မ၏ စွမ်းရည်လည်း အဆုံးသတ်သွားလေသည်။ ဒိုင်းအနောက်မှ ဘုရင်မသည် ဆုရှောင်ကို မယုံကြည်နိုင်စွာ ကြည့်နေပြီး သူမ ယုံကြည်ထားသမျှ အရာအားလုံး ပြိုလဲသွားသည့်အလား အမူအရာဖြစ်နေသည်။

"စွမ်းရည်ကို ဘယ်လိုလုပ် ရှောင်တိမ်းသွားနိုင်ရတာလဲ"

ဘုရင်မ၏ 'မြင့်မြတ်သော ဒိုင်း ဝင်တိုက်ခြင်း' စွမ်းရည်တွင် ဤအရာသည် သေချာပေါက်ထိမှန်မည့် စွမ်းရည်ဟု မှတ်သားထားသည်။ ဆုရှောင်သည် စကားပြန်မပြောဘဲ ဘုရင်မထံသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။ ဤစာချုပ်ချုပ်ဆိုသူသည် စွမ်းရည်များအပေါ် အလွန် မှီခိုလွန်းနေသည်။ စွမ်းရည်ဆိုသည်မှာ တိုက်ခိုက်ရာတွင် အထောက်အကူပြုရန်သာ ဖြစ်သည်ကို သူမ မသိလေရော့သလား။ တိုက်ခိုက်ချိန်တွင် အခြေအနေအရ ပြောင်းလဲတုံ့ပြန်တတ်ရမည်ဖြစ်ပြီး ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံများကို အသုံးချကာ ရန်သူကို အနိုင်ယူရမည်ဖြစ်သည်။ ပြန်လည်ဝင်စားခြင်းသုခဘုံသည် ဂိမ်းတစ်ခု မဟုတ်ပေ။ ထိုအထဲရှိ သေချာပေါက်ထိမှန်မည့် စွမ်းရည်ဆိုသည်မှာလည်း အခြေအနေပေါ် မူတည်၍ ပြောင်းလဲနိုင်ပေသည်။ ဆုရှောင် ယခုလေးတင် ပြုလုပ်ခဲ့သော ရှောင်တိမ်းမှုသည် တိုက်ပွဲအပေါ် သူ၏ နားလည်သဘောပေါက်မှု သက်သက်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

"စွမ်းရည်ဖြစ်တော့ရော ဘာအရေးလဲ"

ဆုရှောင်သည် ခြေတစ်ဖက်ဖြင့် မြေကြီးကို ဆောင့်နင်းလိုက်ပြီး လေထဲသို့ ခုန်တက်ကာ ဘုရင်မ၏ ဒိုင်းကို အားကုန် ကန်ချလိုက်သည်။ ဘုရင်မ၏ ကိုယ်ပေါ်တွင် ခွန်အားတိုးပွားစေသော အလင်းရောင်များ ရှိနေသော်လည်း ဆုရှောင်၏ ကန်ချက်ကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရပြီး ဟန်ချက်ပျက်သွားသည်။ ထိုအခွင့်အရေးကို အသုံးချကာ ဆုရှောင်၏ အရိပ်သည် လျှပ်တစ်ပြက် လှုပ်ရှားသွားသည်။ (၁၃) မှတ်အထိ မြင့်မားသော အမြန်နှုန်းကြောင့် သူသည် ဘုရင်မ၏ အနောက်ဘက်သို့ ချက်ချင်း ရောက်ရှိသွားသည်။ ဓားကို လက်တစ်ဖက်တည်း ကိုင်ထားရာမှ လက်နှစ်ဖက်ဖြင့် ပြောင်းကိုင်လိုက်ပြီး ဆုရှောင်သည် ဘုရင်မ၏ ကျောပြင်ကို အစွမ်းကုန် ခုတ်ပိုင်းချလိုက်သည်။

'ရွှပ်' ခနဲ အသံနှင့်အတူ နဂါးသတ်ဓားသည် ဘုရင်မ၏ သံချပ်ကာကို ဖောက်ထွင်းသွားပြီး ရှည်လျားသော ဓားသွားသည် အသားထဲသို့ စိုက်ဝင်သွားသည်။ သံမဏိပြာအရိပ်၏ ထူးခြားသော စွမ်းအင်များသည် ဘုရင်မ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားလေသည်။ ဘုရင်မ၏ ခေါင်းပေါ်ရှိ သွေးတန်းသည် မျက်စိတစ်မှိတ်အတွင်း (၂၇) ရာခိုင်နှုန်း လျော့ကျသွားသည်။ ဤဓားချက်မှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသည်။ လက်နက်၏ မူလထက်မြက်မှု၊ ဆုရှောင်၏ ခွန်အားနှင့် သံမဏိပြာအရိပ်၏ အစစ်အမှန် ထိခိုက်မှုတို့ ပေါင်းစပ်သွားခြင်း ဖြစ်သည်။ သံမဏိပြာအရိပ်က မှော်စွမ်းအင်များကို လောင်ကျွမ်းစေသော နာကျင်မှုကြောင့် ဘုရင်မသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ရှေ့သို့ ယိုင်နဲ့နဲ့ ဖြစ်သွားသည်။ ဤကဲ့သို့သော အခွင့်အရေးကောင်းကို ဆုရှောင်သည် လုံးဝ လက်လွတ်ခံမည် မဟုတ်ပေ။ ဘုရင်မ၏ ဂုတ်ပိုးကို ချိန်ရွယ်ကာ နောက်ထပ် ဓားတစ်ချက် ခုတ်ချလိုက်ပြန်သည်။ သံမဏိပြာအရိပ်သည် ဘုရင်မ၏ မှော်စွမ်းအင် (၁၀) မှတ်ကို ထပ်မံ လောင်ကျွမ်းစေပြီး အစစ်အမှန် ထိခိုက်မှု (၁၀) မှတ်ကိုပါ ဖြစ်ပေါ်စေသည်။ ယခင်က သံမဏိပြာအရိပ်ကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် နာကျင်မှုများ မပျောက်ကွယ်သေးမီ အသစ်ထပ်မံ ဖြစ်ပေါ်လာသော နာကျင်မှုက ဝင်ရောက်လာပြန်သည်။ ပြင်းထန်သော နာကျင်မှု နှစ်ခု ပေါင်းစပ်သွားသောအခါ ဘုရင်မ၏ မျက်နှာမှာ သွေးဆုတ်သွားသကဲ့သို့ ဖြူရော်သွားသည်။ လွန်ကဲသော နာကျင်မှုက သူမကို ထူးဆန်းသော သာယာမှုတစ်မျိုးကိုပင် ဖြစ်ပေါ်စေခဲ့သည်။ ဤဓားချက်ကြောင့် ဘုရင်မ၏ အသက်စွမ်းအင် (၃၁) ရာခိုင်နှုန်း လျော့ကျသွားသည်။ လက်ရှိ အခြေအနေအတိုင်းသာ ဆက်သွားပါက ဓားလေးချက် အတွင်း ဘုရင်မသည် သေချာပေါက် သေဆုံးရမည် ဖြစ်သည်။

ဘုရင်မသည် ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုကို အသားမကျသေးမီမှာပင် ဆုရှောင်၏ တတိယမြောက် ဓားချက်က ရောက်ရှိလာခဲ့ပြီဖြစ်သည်။ နဂါးသတ်ဓားသည် လေထုကို ခွင်းလျက် ကြောက်မက်ဖွယ်ကောင်းသော လေခွင်းသံများကို ထွက်ပေါ်စေသည်။ ဘုရင်မသည် ထိုအသံကို ကြားလိုက်ရပြီးနောက် အစွမ်းကုန် ကြိုးစားကာ ပါးစပ်ထဲရှိ ဆေးပုလင်းကို ကိုက်ခွဲလိုက်ပြီး ဖန်ကွဲစများနှင့်အတူ ဆေးရည်များကို မျိုချလိုက်လေသည်။

'ရွှပ်'

သွေးများ ပန်းထွက်လာသည်။ ဤဓားချက်မှာ ပိုမို ပြင်းထန်လှပြီး ဘုရင်မ၏ အသက်စွမ်းအင်ကို (၃၄) ရာခိုင်နှုန်းအထိ လျော့ကျသွားစေသည်။ ဓားသုံးချက် ဆက်တိုက် အခုတ်ခံလိုက်ရသဖြင့် ဘုရင်မသည် သူမ၏ ခန္ဓာကိုယ် ပျက်စီးသွားတော့မည်ဟု ခံစားလိုက်ရသည်။ သူမ ပြင်းထန်သော ဒဏ်ရာများ ရရှိသွား၍ မဟုတ်ဘဲ ခန္ဓာကိုယ်တွင်းသို့ ပျံ့နှံ့လာသော ပြင်းထန်သည့် နာကျင်မှုများက သူမကို ရူးသွပ်သွားစေမတတ် ဖြစ်နေသောကြောင့်တည်း။ သံမဏိပြာအရိပ်၏ ကြောက်မက်ဖွယ်ကောင်းမှုက ထင်ရှားလာသည်။ ဆုရှောင်၏ ပထမဆုံး ဓားချက် အခုတ်ခံရသည်နှင့် တပြိုင်နက် သံမဏိပြာအရိပ်၏ မှော်စွမ်းအင် လောင်ကျွမ်းမှု နာကျင်မှုကို မခံနိုင်ပါက ပြန်လည် တုံ့ပြန်တိုက်ခိုက်ရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။ ဘုရင်မ၏ မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းများရှေ့တွင် ဆုရှောင်၏ စတုတ္ထမြောက် ဓားချက်က ရောက်ရှိလာသည်။ သူမ၏ မြင့်မားသော သံချပ်ကာစွမ်းအားများသည် ဆုရှောင်၏ ရှေ့တွင် စက္ကူစများကဲ့သို့ ဖြစ်နေသည်။ ဤသည်မှာ သံမဏိပြာအရိပ်၏ အစစ်အမှန် ထိခိုက်မှု စွမ်းအားပင် ဖြစ်သည်။

ဓားသုံးချက် ဆက်တိုက် ခုတ်ပိုင်းခဲ့သော်လည်း ရန်သူကို မသတ်ဖြတ်နိုင်ခဲ့သဖြင့် ဆုရှောင်လည်း အနည်းငယ် အံ့သြသွားသည်။ ဤ ဒိုင်းခံစစ်သမားသည် အလွန်တရာ အကြမ်းခံလွန်းလှသည်။ ယခင်က ယာမိုရီပင်လျှင် သူ၏ ဓားသုံးချက်ကို မခံနိုင်ခဲ့ပေ။

'ရွှပ်'

သွယ်လျသော လက်တစ်ဖက် လေထဲသို့ လွင့်စင်သွားသည်။ ထိုလက်ပေါ်တွင် ကြီးမားသော ဒိုင်းကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။ ဘုရင်မ၏ ဒိုင်းကိုင်ထားသော လက်ကို သူ ခုတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ ဤဓားချက်သည် ခန္ဓာကိုယ် အလယ်ပိုင်းကို ခုတ်ပိုင်းခြင်း မဟုတ်သဖြင့် ဘုရင်မ၏ အသက်စွမ်းအင် (၁၆) ရာခိုင်နှုန်းကိုသာ လျော့ကျစေခဲ့သည်။ အကယ်၍ ဘုရင်မသာ စောစောက ဆေးမသောက်ခဲ့ပါက ယခုအချိန်တွင် သေချာပေါက် သေဆုံးနေလောက်ပြီ။ သို့တိုင်အောင် ဘုရင်မ၏ အသက်စွမ်းအင်မှာ (၁၉) ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။ ဆုရှောင်သည် ပဉ္စမမြောက် ဓားချက်ကို ခုတ်ချရန် ပြင်လိုက်စဉ် အဝေးမှ အစိမ်းရောင် အလင်းလုံးတစ်ခု လွင့်ပျံလာပြီး ဘုရင်မ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။ ဘုရင်မ၏ အသက်စွမ်းအင်များသည် လျင်မြန်စွာ ပြန်လည် ပြည့်ဝလာသည်။ မူလက (၁၉) ရာခိုင်နှုန်းသာ ရှိရာမှ (၃၄) ရာခိုင်နှုန်းအထိ ပြန်လည် ပြည့်ဝလာပြီး ဆက်လက်၍ မြင့်တက်နေဆဲ ဖြစ်သည်။

"နောက်ဆုံးတော့ ပေါ်လာပြီပေါ့ မင်းရဲ့ ဒုတိယမြောက် အဖွဲ့သား"

ဆုရှောင်သည် ဘုရင်မထံသို့ ဓားဖြင့် ခုတ်ချလိုက်သော်လည်း ဘုရင်မသည် စောစောက အစိမ်းရောင် အလင်းလုံးကြောင့် ပြင်းထန်သော နာကျင်မှုများမှ ပြန်လည် သက်သာလာခဲ့ပြီဖြစ်သည်။ ဘုရင်မသည် မြေကြီးပေါ်တွင် လှိမ့်ကာ ဆုရှောင်၏ ဓားချက်ကို သီသီလေး ရှောင်တိမ်းသွားလေသည်။

"နင် နင်က တကယ့် အရူးပဲ"

ဘုရင်မသည် ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ အသက်ကို ပြင်းပြင်းရှူနေရသည်။ လက်တစ်ဖက်ဖြင့် မြေကြီးကို ထောက်ထားပြီး သွေးများသည် လမ်းမပေါ်သို့ တောက်တောက်ကျနေသည်။ စောစောက သူမသည် ငါးမိနစ် တောင့်ခံထားမည်ဟု ပြောခဲ့သော်လည်း ယခုအခါ စက္ကန့် ၃၀ သာ ကြာမြင့်သေးချိန်မှာပင် ဆုရှောင်၏ ဓားအောက်တွင် သေလုနီးပါး ဖြစ်ခဲ့ရသည်။ အကယ်၍ ယဲ့ဇီသာ မရှိခဲ့လျှင် သူမသည် အလောင်းတစ်လောင်း ဖြစ်နေလောက်ပြီ။

[မှတ်ချက်။ ဤအခန်းတွင် ဖော်ပြထားသော ဆူဇူယာဂျူးဇိုး ( Suzuya Juuzou) နှင့် ယာမိုရီ (Yamori / Jason) တို့သည် နာမည်ကြီး ဂျပန်အန်နီမေးရှင်း ဇာတ်လမ်းတွဲ 'Tokyo Ghoul' (တိုကျိုဂိုလ်း) မှ ဇာတ်ကောင်များဖြစ်ကြပါသည်။ ဂျူးဇိုးမှာ Ghoul Investigator တစ်ဦးဖြစ်ပြီး၊ ယာမိုရီမှာ ရက်စက်ကြမ်းကြုတ်မှုဖြင့် နာမည်ကြီးသော S-အဆင့် Ghoul တစ်ဦးဖြစ်ပါသည်။]

အခန်း (၆၀) အရိုင်းဆန်သော

မှိန်ဖျော့ဖျော့ လမ်းမီးတိုင်အောက်တွင် ပိုးကောင်ငယ်လေးများ အုံဖွဲ့နေကြသည်။ သန်းခေါင်ယံ လမ်းမထက်၌ သေနတ်သံတစ်ချက်က ညဉ့်ယံ၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ဆုရှောင်သည် သေနတ်သံထွက်ပေါ်ရာဆီသို့ လှမ်းကြည့်လိုက်သည်။ ဆူဇူယာဂျူးဇိုးသည် ရန်သူ စာချုပ်ချုပ်ဆိုသူနှင့် ထိပ်တိုက်တွေ့နေပြီ ဖြစ်လောက်သည်။ သူသည် နားတွင်တပ်ထားသော ဘလူးတုသ် နားကြပ်ကို နှိပ်လိုက်သည်။

"ဂျူးဇိုး"

မည်သူမျှ ပြန်မဖြေပေ။ ဆူဇူယာဂျူးဇိုးသည် တိုက်ခိုက်နေစဉ်အတွင်း ဘလူးတုသ် နားကြပ်ကို မတော်တဆ ပြုတ်ကျသွားခြင်း ဖြစ်နိုင်သည်။ ထိုစနိုက်ပါသမား၏ စွမ်းရည်ကို ဆုရှောင် မသိရှိသော်လည်း ဆူဇူယာဂျူးဇိုး အနေဖြင့် သူ့ကို အချိန်ဆွဲထားရန် ပြဿနာမရှိလောက်ပေ။ ယခု အရေးအကြီးဆုံးမှာ မျက်စိရှေ့ရှိ ဒိုင်းခံစစ်သမားမကို ရှင်းလင်းရန်ပင် ဖြစ်သည်။ ယဲ့ဇီ၏ ကုသပေးမှုကြောင့် ဘုရင်မ၏ သွေးပမာဏမှာ (၆၇) ရာခိုင်နှုန်းအထိ ပြန်လည် ပြည့်ဝလာသည်။ ယဲ့ဇီဟုခေါ်သော အစိမ်းရောင်ဝတ် မိန်းမပျိုလေး၏ ကုသခြင်းစွမ်းရည်မှာ အလွန် အစွမ်းထက်လှသည်ဟု ဆိုရပေမည်။ ဘုရင်မသည် ဆုရှောင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေသည်။ သူမသည် ဘေးနားရှိ ဒိုင်းကို ပြန်ကောက်ထားပြီး ဖြစ်သော်လည်း ဆုရှောင်၏ ခုတ်ဖြတ်မှုကြောင့် ညာဘက်လက် ပြတ်တောက်သွားသဖြင့် ဒိုင်းကိုင်ထားရသော ဟန်ပန်မှာ အနည်းငယ် အနေရခက်နေသည်။

"စွမ်းရည် သုံးမျိုးလုံးကို ညီမျှအောင် မြှင့်တင်ထားရင်တောင် ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုစွမ်းအားမျိုး မဖြစ်နိုင်ဘူး ပြီးတော့ ပြင်းထန်တဲ့ နာကျင်မှုကို ဖြစ်ပေါ်စေတဲ့ အဲဒီ အပြာရောင် အလင်းတန်း မမှားနိုင်ဘူး နင့်ဆီမှာ အထူးပြု အမွေအနှစ် စွမ်းရည် ရှိနေပြီပဲ"

ဘုရင်မသည် သွေဖီသွားသောကမ္ဘာ သုံးခုကို ဖြတ်သန်းခဲ့ဖူးသဖြင့် သူမ၏ ဗဟုသုတသည် သာမန် စာချုပ်ချုပ်ဆိုသူများထက် များစွာ သာလွန်လှသည်။

"ဘယ်သူ သိမှာလဲ"

ဆုရှောင် ယခု အလုပ်ချင်ဆုံးအရာမှာ အမှောင်ထဲရှိ အထောက်အကူပြု စာချုပ်ချုပ်ဆိုသူကို ရှင်းလင်းပစ်ရန် ဖြစ်သည်။ သို့သော် 'ငွေရောင်သံကြိုး' ၏ ချည်နှောင်မှုကြောင့် သူသည် ဤဒိုင်းခံစစ်သမားမ၏ မီတာ (၃၀) အကွာအဝေးထက် ပို၍ မထွက်ခွာနိုင်ပေ။ ဤသည်မှာ အလွန် စိတ်ပျက်စရာကောင်းသော စွမ်းရည်တစ်ခုပင် ဖြစ်သည်။ ဤဒိုင်းခံစစ်သမားမသည် အလွန် အကြမ်းခံလွန်းလှပြီး အမှောင်ထဲတွင် ပုန်းကွယ်နေသော အထောက်အကူပြု စာချုပ်ချုပ်ဆိုသူနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် သူမကို ချက်ချင်း သတ်ဖြတ်နိုင်မည် မဟုတ်ပေ။ ဆူဇူယာဂျူးဇိုး ဘက်မှ အခြေအနေကို မသိရှိရသေးသဖြင့် တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ခြင်းက ပို၍ စိတ်ချရပေမည်။ ဆုရှောင်သည် ခြေလှမ်းအနည်းငယ်ဖြင့် ဘုရင်မရှေ့သို့ ပြေးဝင်သွားပြီး လက်ထဲရှိ ရှည်လျားသော ဓားကို ပြောင်းပြန်လှည့်ကာ ဓားရိုးဖြင့် ဒိုင်းကို အားကုန် ထုချလိုက်သည်။

'ဘုန်း'

တုံးတိတိအသံတစ်သံ ထွက်ပေါ်လာပြီး ဘုရင်မ၏ ဒိုင်းကိုင်ထားသော လက်ပေါ်သို့ ကြီးမားသော ဖိအား သက်ရောက်သွားသည်။ ဒိုင်းကိုင်ဆောင်ထားသော ရန်သူကို ရင်ဆိုင်ရာတွင် တုံးတိတိ လက်နက်များဖြင့် ရိုက်နှက်ခြင်းက ဓားဖြင့် ခုတ်ပိုင်းခြင်းထက် များစွာ ပိုမို ထိရောက်လှသည်။ ဘုရင်မသည် သွားကို တင်းတင်းကြိတ်ကာ ဒိုင်းကို ဆုရှောင်ဆီသို့ အားကုန် ရိုက်ချလိုက်သည်။ ဤတိုက်ခိုက်မှုသည် သေချာပေါက် သေလုမျောပါး ရုန်းကန်ခြင်း သဘောသက်ရောက်နေသည်။

ဆုရှောင်သည် အတင်းအကြပ် မခုခံတော့ပေ။ တိုက်ပွဲ စတင်ချိန်မှစ၍ သူလည်း ဒဏ်ရာအနည်းငယ် ရရှိထားပြီးဖြစ်သည်။ စောစောက ဒိုင်းဖြင့် သေနတ်ကျည်ဆန်ကို ကာကွယ်လိုက်ရသဖြင့် သူသည် ပြင်းထန်စွာ တုန်ခါသွားပြီး သွေးပမာဏမှာ (၈၅) ရာခိုင်နှုန်းခန့်သို့ လျော့ကျသွားခဲ့သည်။ သွက်လက်စွာ ဘေးသို့ ယိမ်းကာ ဒိုင်းရိုက်ချက်ကို ရှောင်တိမ်းလိုက်ပြီးနောက် ဆုရှောင်သည် လက်ကို ရစ်ပတ်ကာ ဘယ်ဘက်လက်ဖြင့် ဒိုင်း၏ အနားသတ်ကို ဆုပ်ကိုင်လိုက်သည်။ ဘုရင်မ၏ ရင်ထဲတွင် 'နောက်တစ်ခါ လာပြန်ပြီ' ဟု အော်ဟစ်ညည်းတွားလိုက်မိသည်။ ဘုရင်မ၏ ဒိုင်း အနားသတ်ကို ဆုပ်ကိုင်ထားလျက် ဆုရှောင်သည် မျက်လုံးများကို အောက်သို့ စိုက်ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဒိုင်းခံစစ်သမား တစ်ယောက် ဖြစ်နေပြီး ဒိုင်းကိုတောင် သေချာ မကိုင်နိုင်ဘူးဆိုရင် သေလိုက်တာကမှ ကောင်းဦးမယ်"

ဆုရှောင်သည် ဘယ်ဘက်လက်ဖြင့် နောက်သို့ ဆွဲငင်လိုက်ပြီး ညာဘက်လက်ရှိ နဂါးသတ်ဓားကို ရှေ့သို့ ထိုးစိုက်လိုက်သည်။ ဘုရင်မတွင် ယခု ရွေးချယ်စရာ နှစ်ခုသာ ရှိတော့သည်။ ပထမတစ်ခုမှာ ဒိုင်းကို စွန့်လွှတ်ရန်ဖြစ်ပြီး ဒုတိယတစ်ခုမှာ ဆုရှောင်၏ ထိုးစိုက်မှုကို ခံယူရန် ဖြစ်သည်။ အကယ်၍ သူမသည် ဒိုင်းကို စွန့်လွှတ်လိုက်ပါက ဆုရှောင်၏ ရှေ့မှောက်တွင် လုံးဝ အကာအကွယ်မဲ့ ဖြစ်သွားမည်ဖြစ်ပြီး ဆုရှောင်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုစွမ်းအားက ဘုရင်မကို မျှော်လင့်ချက်မဲ့စေသည်။ သို့သော် ဒိုင်းကို မစွန့်လွှတ်ပါက ဆုရှောင်၏ ဓားဖြင့် ထိုးစိုက်ခြင်းကို ခံရမည်ဖြစ်ပြီး ယခင်က ခံစားခဲ့ရသော ရင်ကွဲမတတ် နာကျင်မှုကို ဘုရင်မသည် တစ်သက်တာ မေ့ပျောက်နိုင်မည် မဟုတ်ပေ။

နောက်ဆုံးတွင် ဘုရင်မသည် ဒိုင်းကို စွန့်လွှတ်ရန် ရွေးချယ်လိုက်ပြီး ဆုရှောင်၏ ရှည်လျားသော ဓားကို ရှောင်တိမ်းရန် နောက်သို့ ဆုတ်သွားလေသည်။ ဘုရင်မ၏ ဒိုင်းကို လုယူပြီးနောက် ဆုရှောင်သည် ဒိုင်းကို အဝေးသို့ အားကုန် ပစ်ပေါက်လိုက်သည်။ 'ခလွမ်း' ခနဲ အသံနှင့်အတူ တံခါးရွက်ခန့်ရှိသော သတ္တုဒိုင်းသည် လမ်းဘေးရှိ ဆိုင်ခန်းတစ်ခုထဲသို့ ဝင်ရောက်သွားပြီး ဆိုင်ခန်းတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားလေသည်။ ထိုဒိုင်းသည် ကုန်ပစ္စည်းစင်တစ်ခုပေါ်တွင် စောင်းလျက် စိုက်ဝင်သွားပြီး ခေါင်းလျှော်ရည်ပုလင်း အချို့သည် ဒိုင်းပေါ်သို့ လိမ့်ကျလာသည်။ ဘုရင်မသည် နေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက် စကားစပြောလိုက်သည်။

"ဒီနေ့ ငါတို့က နင့်ကို အရင် စတင် တိုက်ခိုက်ခဲ့တာပါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာကြေး အနေနဲ့ ငါ သုခဒင်္ဂါး ၁၀,၀၀၀ ပေးပါ့မယ် စစ်ရပ်ကြရအောင် ဒီအတိုင်း ဆက်သွားရင် ငါတို့ နှစ်ဖက်စလုံး အထိနာလိမ့်မယ်"

ဆုရှောင်သည် အလွယ်တကူ ရင်ဆိုင်နိုင်သူ မဟုတ်ကြောင်း သိရှိသွားပြီးနောက် ဘုရင်မသည် သင့်တော်သော ဆုတ်ခွာမှုကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

"အရင် ပိုက်ဆံပေး"

ဆုရှောင်သည် အချောင်နှိုက်ရန် စဉ်းစားလိုက်သည်။

"ရတယ်"

ပြန်လည်ဝင်စားခြင်းသုခဘုံ၏ အသိပေးချက်သည် ဆုရှောင်၏ ရှေ့တွင် ပေါ်လာသည်။ [အမှတ်စဉ် စာချုပ်ချုပ်ဆိုသူသည် သင့်အား ယာယီစာချုပ် ချုပ်ဆိုရန် အဆိုပြုထားပါသည်။] [ဤ သွေဖီသွားသောကမ္ဘာ အတွင်း၌ သင်သည် အမှတ်စဉ် အဖွဲ့ဝင်များကို တိုက်ခိုက်ခြင်း ပြုလုပ်ခွင့်မရှိသလို သင့်ကို ထိခိုက်စေမည့် လုပ်ရပ်များကိုလည်း ပြုလုပ်ခွင့် မရှိပါ...] [ဤစာချုပ်ကို ချုပ်ဆိုပြီးနောက် အမှတ်စဉ် စာချုပ်ချုပ်ဆိုသူသည် သုခဒင်္ဂါး ၁၀,၀၀၀ ကို စာချုပ်ချုပ်ဆိုခြင်း ဆုကြေးအဖြစ် ပေးချေမည် ဖြစ်သည်။] [အသိပေးချက်။ ဤစာချုပ်သည် ပြန်လည်ဝင်စားခြင်းသုခဘုံ၏ အသိအမှတ်ပြုမှုကို ရရှိထားပြီး မည်သူမျှ ဖောက်ဖျက်ခွင့် မရှိပါ။] [အသိပေးချက်။ စာချုပ်ကို စတင်ပြုလုပ်သူမှ ရေးသားထားခြင်း ဖြစ်သည်။ အမဲလိုက်သူသည် သေချာစွာ ဖတ်ရှုပါ။ စာချုပ်ကို ချုပ်ဆိုပြီးနောက် စာချုပ်ပါ အချက်အလက်များကို ဖောက်ဖျက်ပါက ပြန်လည်ဝင်စားခြင်းသုခဘုံမှ ပြစ်ဒဏ်ပေးမည် ဖြစ်သည်။] [စာချုပ်ဖောက်ဖျက်ခြင်း ပြစ်ဒဏ်။ သုခဒင်္ဂါး ၃၀၀,၀၀၀ ဖြတ်တောက်မည်။] [စာချုပ်ချုပ်ဆိုရန် သဘောတူ / မတူ ။]

ဆုရှောင်သည် စာချုပ်ကို ဖတ်ရှုပြီးနောက် အံ့သြတကြီး တက်ခေါက်လိုက်မိသည်။ ပြန်လည်ဝင်စားခြင်းသုခဘုံတွင် ဤကဲ့သို့သော လုပ်ဆောင်ချက်မျိုး ရှိနေသေးသည်ကိုး။ မေးမြန်းကြည့်ပြီးနောက် သူကိုယ်တိုင်လည်း စာချုပ် ရေးသားနိုင်ကြောင်း သိလိုက်ရသော်လည်း သုခဒင်္ဂါး (၅၀) ကုန်ကျမည် ဖြစ်သည်။ ဘုရင်မ ပေးပို့လာသော စာချုပ်ကို ဆုရှောင်သည် သေချာပေါက် ငြင်းပယ်လိုက်သည်။ သူက မူလကတည်းက အချောင်နှိုက်ရန် ကြံရွယ်ထားခြင်း ဖြစ်သော်လည်း ပြန်လည်ဝင်စားခြင်းသုခဘုံတွင် စာချုပ် လုပ်ဆောင်ချက် ရှိနေမည်ဟု မထင်မှတ်ထားခဲ့ပေ။ ဆုရှောင် ငြင်းပယ်လိုက်သည်ကို တွေ့ရှိသွားပြီးနောက် ဘုရင်မ၏ မျက်နှာ ပြောင်းလဲသွားသည်။

"နင် ဘာသဘောလဲ"

"ဘာသဘောရမှာလဲ နင့်ကို သတ်ဖို့ သဘောပေါ့"

ဆုရှောင်သည် ဆားနယ်ထားသော ထမင်းဆုပ် တစ်ခုကို ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်ပြီး မျိုချလိုက်သည်။ ဆားနယ်ထားသော ထမင်းဆုပ်သည် အသက်စွမ်းအင် (၁၀) ရာခိုင်နှုန်းကို ပြန်လည် ပြည့်ဝစေနိုင်ပြီး အလွန်ကောင်းမွန်သော အထောက်အကူပြု ပစ္စည်းတစ်ခု ဖြစ်သည်။

"နင် ငါ့ကို အကျပ်မကိုင်နဲ့"

ဘုရင်မ၏ အသံသည် အနည်းငယ် အေးစက်နေသည်။

"ဟက် ဟားဟားဟား"

ချွန်ထက်သော ဓားကို ကိုင်ဆောင်ထားသည့် ဆုရှောင်သည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ငါ လာမယ့် လမ်းမှာ ဗုံးထောင်ထားပြီးတော့ အခုကျမှ အကျပ်မကိုင်နဲ့လို့ ပြောနေတာလား ဒီနေ့ နင့်ခေါင်းကို မဖြတ်ရသရွေ့ တိုက်ပွဲက အဆုံးသတ်မှာ မဟုတ်ဘူး"

ဆုရှောင်၏ အကြည့်များ ရွေ့လျားသွားပြီး လမ်းဘေးရှိ လမ်းသွယ်လေးတစ်ခုဆီသို့ ကြည့်လိုက်သည်။

"နင် အဲဒီမှာ သေချာ ပုန်းနေ သူ့ကို ခုတ်ပိုင်းပြီးသွားရင် နောက်တစ်ယောက်က နင်ပဲ"

ယခုအချိန်တွင် ဆုရှောင်သည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသဖြင့် လမ်းသွယ်လေးထဲတွင် ပုန်းနေသော ယဲ့ဇီမှာ ကြောက်လန့်တကြား လည်ပင်းကို ကျုံ့ထားလိုက်မိသည်။ အထောက်အကူပြု တစ်ဦးဖြစ်သော ယဲ့ဇီသည် တိုက်ပွဲများတွင် ပါဝင်လေ့ အလွန်နည်းပါးသဖြင့် သတ္တိနည်းလှသည်။ ဘုရင်မသည်လည်း မိမိဘက်က မှားယွင်းနေကြောင်း သိရှိသဖြင့် စကားဆက်မပြောတော့ဘဲ သူမ၏ လက်ထဲတွင် ဖန်ပြွန်လေး တစ်ခုနှင့် ဓားတစ်လက် ထွက်ပေါ်လာသည်။ ဖန်ပြွန်လေးထဲတွင် အနီရဲရဲ အရည်တစ်မျိုး ရှိနေပြီး ထိုအရည်မှာ အနည်းငယ် ပျစ်ချွဲနေသည်။

"ယဲ့ဇီ ငါ့ရဲ့ သွေးပမာဏကို အချိန်ပြည့် စောင့်ကြည့်ထားပေး"

ဘုရင်မသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ခေါင်းမော့ကာ ထိုဆေးရည်ကို သောက်ချလိုက်လေသည်။

"ထွီ ဆိုးလိုက်တဲ့အရသာ"

အမည်မသိ အရည်ကို သောက်ချပြီးနောက် ဘုရင်မ၏ မျက်နှာပေါ်တွင် ပါးသိုင်းမွေးကဲ့သို့သော အရာများ ပေါ်လာပြီး ခန္ဓာကိုယ် ပေါ်တွင် အနီရင့်ရောင် စွမ်းအင်များ ထွက်ပေါ်လာသည်။

"ခွန်အားတွေ တဟုန်ထိုး ထွက်ပေါ်လာနေပြီ"

စက္ကန့်အနည်းငယ် ကြာပြီးနောက် ဘုရင်မ၏ ကြီးမားနက်မှောင်သော မျက်လုံးများသည် သွေးရောင်လွှမ်းနေသော သားရဲမျက်လုံးများ အဖြစ်သို့ ပြောင်းလဲသွားလေသည်။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်တစ်ခု ပေါ်ထွက်လာသဖြင့် ဆုရှောင်သည် ချက်ချင်း ပြေးမဝင်တော့ဘဲ [အခြေခံ စူးစမ်းထောက်လှမ်းခြင်း] ကို အသုံးပြုလိုက်သည်။

[မှော်စွမ်းအင် (၁၀) မှတ် အသုံးပြုပြီးပါပြီ။ အခြေခံ စူးစမ်းထောက်လှမ်းခြင်းကို ဖွင့်လှစ်ပြီး အောက်ပါ အချက်အလက်များကို ရရှိပါသည်။]

စာချုပ်ချုပ်ဆိုသူ ။ ။ အမှတ်စဉ် ၁၁၇၄၀။ (ရူးသွပ်ခြင်း အခြေအနေ)။

ခွန်အား ။ ။ ၆+၁၀။

အမြန်နှုန်း ။ ။ ၅+၁၀။

ခန္ဓာကိုယ်ကြံ့ခိုင်မှု ။ ။ ။

ဉာဏ်ရည် ။ ။ ၅။

ဆွဲဆောင်မှု ။ ။ ၆။

စွမ်းရည် (၁) - ရူးသွပ်ခြင်း အခြေအနေ (ယာယီ passive) ။ တစ်စက္ကန့်လျှင် အသက်စွမ်းအင် (၃) ရာခိုင်နှုန်း ဆုံးရှုံးမည်။ အသက်စွမ်းအင် (၅) ရာခိုင်နှုန်းထက် နည်းသွားပါက ရူးသွပ်ခြင်း အခြေအနေကို အလိုအလျောက် ရုပ်သိမ်းမည်။

စွမ်းရည် (၂) - ဒုတိယအဆင့် မိစ္ဆာမြေခွေး သွေးကြော (ယာယီ passive) ။ ခွန်အား၊ အမြန်နှုန်း၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု စွမ်းရည်များ +၁၀။

စွမ်းရည် (၃) - သွေး (ယာယီ) ။ (၁၀) စက္ကန့်တိုင်း ကျပန်း စွမ်းရည်တစ်ခုကို စစ်ဆေးမည်။ အကယ်၍ စစ်ဆေးမှု မအောင်မြင်ပါက ကယောက်ကယက် အခြေအနေသို့ ရောက်ရှိမည်။ (ကျပန်း စွမ်းရည် စစ်ဆေးခြင်း ။ ။ စွမ်းရည် ငါးမျိုးထဲမှ တစ်ခုကို ကျပန်း ရွေးချယ်၍ စစ်ဆေးခြင်း ဖြစ်သည်။)

စွမ်းရည် (၄) ။ ။

စွမ်းရည် (၅) ။ ။

စွမ်းရည် (၆) ။ ။

ဆုရှောင်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ ဤမိန်းမ ဘာတွေ သောက်လိုက်သနည်း။ ခွန်အား၊ အမြန်နှုန်း၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု +၁၀ ဖြစ်စေသော ယာယီ passive စွမ်းရည်များပင် ထွက်ပေါ်လာသည်။ ဤမိန်းမ၏ တိုက်ခိုက်မှုစွမ်းအားများ တဟုန်ထိုး မြင့်တက်သွားသော်လည်း သူမအတွက် သက်သောင့်သက်သာတော့ မရှိလှပေ။ တစ်စက္ကန့်လျှင် အသက်စွမ်းအင် (၃) ရာခိုင်နှုန်း ဆုံးရှုံးမည် ဆိုသည်မှာ (၃၄) စက္ကန့်ကြာလျှင် သူမ သေဆုံးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သေချာသည်မှာ အဝေးမှ အထောက်အကူပြု စာချုပ်ချုပ်ဆိုသူ ရှိနေသဖြင့် ထိုအချိန်မှာ အနည်းငယ် ပိုကြာသွားနိုင်ပေသည်။

'ဂါး' သားရဲတစ်ကောင်ကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ ဘုရင်မမှာ အနည်းငယ် ကံဆိုးလှသည်။ သူမ၏ စွမ်းရည် (၃) ဖြစ်သော 'ကျပန်း စွမ်းရည် စစ်ဆေးခြင်း' ၏ ပထမအချီမှာပင် ဆွဲဆောင်မှု စွမ်းရည်ကို ကျပန်း ရွေးချယ်ခံလိုက်ရပြီး စစ်ဆေးမှု မအောင်မြင်ခဲ့ပေ။

[မှတ်ချက်။ ဤအခန်းတွင် ဖော်ပြထားသော ဆူဇူယာဂျူးဇိုး ( Suzuya Juuzou) အမည်သည် နာမည်ကြီး ဂျပန်အန်နီမေးရှင်း ဇာတ်လမ်းတွဲ 'Tokyo Ghoul' (တိုကျိုဂိုလ်း) မှ Ghoul Investigator ဇာတ်ကောင်ဖြစ်ပါသည်။]

All Chapters