← Chapters

အခန်း ၃၇၃

Vol. 38 Ch. 373

အခန်း ၃၇၃

Vol. 38 Ch. 373

အခန်း (၃၇၃) တပည့်လက်ခံပွဲအတွင်း ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်တစ်ခု

ဝမ်တောက်ကျောင်းတော်၏ သုံးနှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သော တပည့်သစ်လက်ခံပွဲ အခမ်းအနားမှာ သတ်မှတ်ထားသည့်အတိုင်းပင် စတင်ခဲ့သည်။

ကျောင်းတော်၏ ရင်ပြင်တော်တွင် ယခင်နှစ်များနည်းတူ လှုပ်လှုပ်ရှားရှားနှင့် စည်ကားနေ၏။

သို့သော် ယခင်နှင့်မတူသည်မှာ ဤတစ်ကြိမ်တွင် သောင်းပြောင်းပညာရပ်ဌာန လူသစ်စုဆောင်းရေးနေရာသည် ထောင့်တစ်နေရာတွင် မဟုတ်ပေ။ အထင်ရှားဆုံးနေရာ၌ တည်ရှိနေ၏။

မိုးမလင်းမီတည်းက သောင်းပြောင်းပညာရပ်ဌာန၏ တပည့်လက်ခံရေးနေရာတွင် လူတန်းရှည်ကြီး ဖြစ်ပေါ်နေသည်။

တန်းစီနေသူအများစုမှာ မဟာပဏ္ဍိတမိုးမြေ၏ တပည့်ဖြစ်လာပြီးနောက် ပိုင်ဆိုင်ရမည့် အနာဂတ်ဘဝကို စိတ်ကူးယဉ် အိပ်မက်မက်နေကြလေ၏။

နေလုံးကြီးပေါ်ထွက်လာသည်နှင့် လူရိပ်ပေါင်း ဒါဇင်နှင့်ချီ၍ ကောင်းကင်ယံသို့ ဖြတ်သန်းပျံသန်းလာကြသည်။

ထိုလူရိပ်များ မြေပြင်သို့ မသက်ဆင်းမီ ဆူညံနေသော ရင်ပြင်တော်ကြီးတွင် သေလုမတတ် တိတ်ဆိတ်သွားတော့၏။

မြင့်မြတ်သောမျိုးရိုးမှ ဆင်းသက်လာသည့် ကျင့်ကြံသူများပင် ယခုလိုအချိန်မျိုးတွင် ကျောင်းတော်၏ အကြီးအကဲများအပေါ် အထင်အမြင်သေးစရာ အပြုအမူမျိုး မပြသလိုကြပေ။

ဝမ်တောက်ကျောင်းတော်မှ အဖွဲ့ဝင်များ မြေပြင်သို့ သက်ဆင်းပြီးနောက် ဟိန်းထွက်နေသောအသံတစ်ခုက ကြေညာလိုက်သည်။

“ဝမ်တောက်ကျောင်းတော် တပည့်သစ်လက်ခံပွဲ အခမ်းအနားကို တရားဝင် စတင်လိုက်ပြီ။ ဌာနအသီးသီးက လျှောက်ထားသူတွေ စတင်စစ်ဆေးနိုင်ပြီ ဖြစ်ပါတယ်”

ထိုသို့ကြေညာလိုက်သည်နှင့် ဌာနတစ်ခုချင်းစီသည် စနစ်တကျဖြင့် တပည့်သစ်များကို စတင်ရွေးချယ်ကြလေတော့၏။

သောင်းပြောင်းပညာရပ်ဌာန၏ တပည့်လက်ခံရေးနေရာတွင် ချင်းချင်းသည် အနောက်ဘက်၌ ထိုင်နေပြီး ကမ္ဘာပျက်မျက်ဝန်းကို ဖြည်းညှင်းစွာ အသက်သွင်းထားသည်။

ချူချိုက်ယီ ရှေ့ဆုံးတွင်ထိုင်ကာ တပည့်အဖြစ် လျှောက်ထားလာသူ ကျင့်ကြံသူတစ်ဦးချင်းစီ၏ အချက်အလက်များကို မေးမြန်းနေ၏။

“နာမည်”

“ဇာတိ”

“ကံကြမ္မာအခွင့်အလမ်းတွေ”

“…”

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ပထမနေ့တွင် သောင်းပြောင်းပညာရပ်ဌာနသည် တပည့်နှစ်ဦးသာ လက်ခံခဲ့ပြီး ထိုသူများမှာလည်း စစ်ဆေးမှုကို လက်မတင်လေးဖြတ်ကျော်နိုင်ခဲ့သူများသာ။

ချင်းချင်းသည် သူမဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေသော ဖုန်းမူဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“မောင်လေးဖုန်း... ဒီတပည့်တွေကို အပြင်စည်းကို ပြန်ခေါ်သွားပေးပါဦး။ သူတို့အတွက် နေဖို့ထိုင်ဖို့နေရာတွေ စီစဉ်ပေးလိုက်ပါ”

“နားလည်ပါပြီ”

ဖုန်းမူသည် မဆိုင်းမတွပင် ထိုတပည့်နှစ်ဦးကို အပြင်စည်းတည်ရှိရာ တောင်တန်းဆီသို့ ဦးဆောင်ခေါ်သွားလေတော့၏။

ထိုစကားကို ကြားသောအခါ တပည့်နှစ်ဦး မသိစိတ်ဖြင့် မေးလိုက်မိသည်။

“စီနီယာအစ်ကိုတို့ အစ်မတို့... ကျွန်တော်တို့ ဆရာနဲ့ သွားမတွေ့ရဘူးလားဟင်”

ရွှီချိုက်ချန် ပြုံးလိုက်၏။

“ဒီနေရာမှာ ငါတို့ကို စီနီယာအစ်ကို၊ အစ်မလို့ ခေါ်လို့မရဘူး။ ဝမ်တောက်ကျောင်းတော်မှာဆိုရင် ငါ့လိုမျိုး စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူတွေကို ကြီးကြပ်သူလို့ပဲ ခေါ်ရမယ်။ ဆရာနဲ့တွေ့ဖို့ဆိုရင်တော့ မင်းတို့က အပြင်စည်းစစ်ဆေးမှုကိုတောင် မအောင်သေးဘူးလေ၊၊ ဒါကြောင့် ဆရာနဲ့တွေ့ဖို့ အရည်အချင်း မပြည့်မီသေးဘူး”

ထိုစကားကို ကြားလိုက်ရသဖြင့် နှစ်ယောက်သား မှင်တက်သွားပြီး မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများမှာလည်း ပျောက်ကွယ်သွားတော့၏။

ကျောက်ယီအမည်ရှိသော တပည့်တစ်ဦး တိုးတိုးလေး ရေရွတ်လိုက်သည်။

“ကျွန်တော် ဒီကိုမလာခင် ကြားခဲ့ရတာတွေနဲ့ မတူပါလား”

ရွှီချိုက်ချန် စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြ‌လိုက်၏။

“ဘာလို့လဲဆိုတော့ ဆရာက တပည့်လက်ခံဖို့ စိတ်မကူးထားလို့။ အခုက လုပ်ထုံးလုပ်နည်းအရပဲ လုပ်နေတာ။ ဒါပေမဲ့ မင်းတို့အနေနဲ့ သောင်းပြောင်းပညာရပ်ဌာနထဲမှာ ထူးချွန်တဲ့ပါရမီကို ပြသနိုင်မယ်ဆိုရင်တော့ ဆရာ့တပည့် ဖြစ်လာနိုင်ပါတယ်”

ထိုစကားကို ကြားလိုက်ရသောအခါ သူတို့၏ စိတ်ဓာတ်များ ချက်ချင်း ပြန်လည်တက်ကြွလာသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ပြောလိုက်ကြ၏။

“ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်”

ရွှီချိုက်ချန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားသည်။

“ကောင်းပြီ။ မင်းတို့ အတွင်းစည်းကို ရောက်လာမဲ့နေ့ကို စောင့်ကြိုနေပါ့မယ်”

တစ်ဖက်တွင်လည်း ချင်းချင်းနှင့် အခြားသူများသည် သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်ရောက်လာကြပြီဖြစ်သည်။

ချူဖုန်းက သူတို့ကို မြင်သောအခါ ပြုံးလိုက်၏။

“ဒီနေ့ သင့်တော်တဲ့ တပည့်တွေ တွေ့ခဲ့လား”

ချင်းချင်းက အရင်ဆုံး ပြောသည်။

“ဆရာ့ ဒီနေ့တော့ မဆိုးရုံတစ်မယ်ရှိတဲ့ တပည့်နှစ်ယောက်ပဲ ရွေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကံကြမ္မာဇာတာက ကျွန်မတို့ ညီအစ်ကို မောင်နှမတွေနဲ့ ယှဉ်ရင်တော့ အများကြီး နိမ့်ပါးနေပါသေးတယ်”

သူမ၏ ကမ္ဘာပျက်မျက်လုံးမှာ ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ လျှောက်ထားသူအားလုံး၏ ကံကြမ္မာကို မြင်နိုင်စွမ်း ရှိ၏။

“ဒါကတော့ သဘာဝပဲပေါ့။ ဒီလောကမှာ မင်းတို့ရဲ့ ကံကြမ္မာမျိုးနဲ့ ယှဉ်နိုင်တဲ့သူက အလွန်ရှားပါတယ်။ နောင်တစ်ချိန်မှာ ငါတို့ သောင်းပြောင်းပညာရပ်ဌာနက လှောင်ပြောင်စရာ မဖြစ်ရအောင် နီဗားနားရှင်သန်ခြင်းအဆင့် ပါရမီရှိတဲ့သူတွေကိုပဲ ရွေးချယ်လိုက်ပါ”

ချူဖုန်းက ထိုမျှဖြင့် စကားဝိုင်းကို အဆုံးသတ်လိုက်သည်။

“နားလည်ပါပြီ”

ချင်းချင်းက လေးစားစွာ ပြန်ဖြေလိုက်သည်။

တပည့်သစ်လက်ခံပွဲမှာ ဆက်လက်ကျင်းပနေ၏။ ဒုတိယနေ့တွင် ချင်းချင်း၏အဖွဲ့သည် တပည့်သုံးဦး ထပ်မံရွေးချယ်ခဲ့သည်။

ကျောင်းတော်၏ ယခင်နှစ်များတွင် မည်သည့်ဌာနမှ သုံးဦးထက်ပို၍ မရွေးချယ်ခဲ့ဖူးသည်ကို ထောက်ဆလျှင် ဤရလဒ်မှာ အားလုံးအတွက် ကျေနပ်စရာပင်။

မကြာမီ တပည့်လက်ခံပွဲ၏ နောက်ဆုံးနေ့သို့ ရောက်ရှိလာသည်။ တပည့်သုံးဦး ရွေးချယ်ပြီးနောက် ချင်းချင်းတို့အဖွဲ့ သိမ်းဆည်းရန် ပြင်ဆင်နေစဉ် လူအုပ်ကြီးထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်လာလေ၏။

“မြောက်ပိုင်းချောက်နက်က ရှီးမိသားစုဝင်တစ်ယောက် ဘာလို့ ရောက်လာတာလဲ”

“မြောက်ပိုင်းချောက်နက်က ကျင့်ကြံသူတွေက မြင့်မြတ်မင်းဆက်ရဲ့ တာအိုနန်းတော်တွေမှာ ကျင့်ကြံရမှာ မဟုတ်ဘူးလား”

“ရှီးမိသားစုက အရင်က သူတော်စင်တစ်ပါး ထွက်ပေါ်ခဲ့ဖူးတယ်။ အခုအချိန်မှာ သူတော်စင်မရှိတော့ပေမဲ့ မဟာပဏ္ဍိတ အများအပြား ရှိနေသေးတော့ မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက်မှာ ထိပ်သီးမိသားစုပဲပေါ့”

“…”

သောင်းပြောင်းပညာရပ်ဌာနမှ အဖွဲ့ဝင်များကမူ ထိုရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို ဂရုမစိုက်ကြပေ။

သူတို့အတွက်မူ ဤ ဆူညံမှုများမှာ စိတ်ဝင်စားစရာ မရှိလှ။ သူတို့ တပည့်လက်ခံပွဲကို အမြန်အဆုံးသတ်ပြီး မြောင်တောင်သို့ ပြန်၍ ကျင့်ကြံချင်ရုံသာ။

သို့သော် မကြာမီမှာပင် မြောက်ပိုင်းချောက်နက်မှ ကျင့်ကြံသူများ သူတို့ထံသို့ လျှောက်လှမ်းလာသည်ကို ဖုန်းမူ သတိပြုမိလိုက်၏။

ပညာရှင်များစွာ ခြံရံလျက် ခန့်ညားထည်ဝါပြီး ရုပ်ရည်ချောမောလှသော လူငယ်တစ်ဦးသည် သောင်းပြောင်းပညာရပ်ဌာန အဖွဲ့ဝင်များ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။

ဘေးမှ ကြည့်နေသူများမှာ ချက်ချင်းပင် သဘောပေါက်သွားကြ၏။

မြောက်ပိုင်းချောက်နက် ရှီးမိသားစု၏ ပါရမီရှင်သည် သောင်းပြောင်းပညာရပ်ဌာနသို့ ဝင်ရောက်ပြီး မဟာပဏ္ဍိတမိုးမြေ၏ တပည့်ဖြစ်လိုနေခြင်းပင်။

ရှီးမိသားစုအဖွဲ့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် စစ်ဆေးမှုခံယူနေသော လူငယ်များက လမ်းဖယ်ပေးကြသည်။

ဝမ်တောက်ကျောင်းတော်သို့ ဝင်ရောက်ပြီးသား သူများထဲတွင်ပင် မြောက်ပိုင်းချောက်နက် ရှီးမိသားစုမှ ဤပါရမီရှင်နှင့် အဆင့်အတန်း ယှဉ်နိုင်သူ မရှိသလောက်ပင်။

သောင်းပြောင်းပညာရပ်ဌာနမှ အဖွဲ့ဝင်များက လုံးဝ တည်ငြိမ်နေကြပြီး ရှီးမိသားစုအဖွဲ့ထဲတွင် မြို့စားအဆင့် ကျင့်ကြံသူတစ်ဦး ပါဝင်နေသော်လည်း ဂရုမစိုက်ကြပေ။

ထိုမြို့စားကြီး၏ အကြည့်မှာ လူအုပ်၏ အနောက်ဘက်တွင် ရှိနေသော ချင်းချင်းထံ ကျရောက်သွားသည်။

ချင်းချင်းသည် သူ့အကြည့်ကို ခံစားမိလိုက်သဖြင့် မသိစိတ်ဖြင့်ပင် ကမ္ဘာပျက်မျက်ဝန်းကို အသက်သွင်းကာ သူ့ကို လှမ်းကြည့်လိုက်သည်။

ထိုတစ်ချက်ကြည့်လိုက်ရုံနှင့်ပင် မြို့စားကြီးမှာ သူ့ကျောပြင်ပေါ်သို့ အပ်များဖြင့် အထိုးခံရသကဲ့သို့ ခံစားလိုက်ရပြီး ကိုယ်ခန္ဓာမှာလည်း မသိမသာ တုန်ယင်သွားကာ စိတ်ထဲမှ တွေးလိုက်မိလေ၏။

‘ဒီသောင်းပြောင်းပညာရပ်ဌာနက တကယ့်ကို နာမည်နဲ့လိုက်ဖက်အောင် ကျားတွေ နဂါးတွေ ကိန်းအောင်းတဲ့ နေရာပါလား’

ဝမ်တောက်ကျောင်းတော်၏ မြင့်မြတ်သားတော် နှစ်ဦးစလုံး မရှိသည့်တိုင် ဝတ်ရုံဖြူဇီသာနတ်ဆိုး တစ်ဦးတည်းနှင့်ပင် ပြိုင်ဘက်အားလုံးကို နှိပ်ကွပ်ထားနိုင်၏။

ကံကောင်းထောက်မစွာပင် သူသည် သခင်လေးကို ဟိတ်ဟန်မထုတ်ရန် ကြိုတင်သတိပေးခဲ့မိလေ၏။

လူအုပ်ကြီးထဲတွင် ရှီးရွှမ်သည် သောင်းပြောင်းပညာရပ်ဌာန၏ တပည့်လက်ခံရေးနေရာနှင့် ဆယ်လှမ်းခန့် အကွာတွင် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူသည် လက်မြှောက်ကာ အားလုံးကို ရပ်ရန် အချက်ပြပြီးနောက် ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားသည်။

ခုနစ်လှမ်းမြောက်တွင် သူ ရှိနေသူများကို ဦးညွှတ်ကာ ဆိုလိုက်သည်။

“မြောက်ပိုင်းချောက်နက်မှ ရှီးရွှမ်က စီနီယာ အစ်ကို၊ အစ်မများကို ဂါရဝပြုပါတယ်”

“နာမည်”

ဖုန်းမူက သူ့နှုတ်ဆက်စကားကို အသိအမှတ်မပြုဘဲ အေးစက်စွာ မေးလိုက်၏။

ဤသည်မှာ ရှီးရွှမ်ကို တစ်ခဏ မှင်တက်သွားစေသည်။

“ငါ ခုနကပဲ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီးပြီ မဟုတ်ဘူးလား”

သူ သောင်းပြောင်းပညာရပ်ဌာနသို့ လာရခြင်းမှာ သူ့မိသားစုရှိ အကြီးအကဲတစ်ဦးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်မှ အကြီးအကဲတစ်ဦးနှင့် ရင်းနှီးသောကြောင့်ဖြစ်၏။

ထိုအကြီးအကဲက သူ့ကံဇာတာကို အထူးတွက်ချက်ပေးခဲ့သည်။

ထိုတွက်ချက်မှုအရ ဝမ်တောက်ကျောင်းတော်သို့ လာမှသာလျှင် သူသည် အထွတ်အထိပ်လမ်းစဉ်ကို လျှောက်လှမ်းနိုင်မည်ဟု သိခဲ့ရသည်။

ဘေးပတ်ဝန်းကျင်မှ လူများမှာမူ သောင်းပြောင်းပညာရပ်ဌာနမှ အဖွဲ့ဝင်များကို လက်မ ထောင်ပြလိုက်ကြသည်။

ဤသည်မှာ သူတို့ စိတ်ကူးထားသည့် သောင်းပြောင်းပညာရပ်ဌာန၏ ဂုဏ်သိက္ခာပင်။ မည်သူပင်လာလာ စည်းကမ်းကို လိုက်နာရမည်။

အထူးသဖြင့် ဌာနသို့ အသစ်ဝင်ရောက်ထားသော လူငယ်သုံးဦးမှာ ချက်ချင်းပင် ကျောပြင်များ မတ်သွားကြ၏။

ရှီးရွှမ်သည် စိတ်တိုသွားသော်လည်း လေးနက်စွာပင် ပြန်ဖြေလိုက်သည်။

“ရှီးရွှမ် ပါ”

ဖုန်းမူ ဆက်မေးသည်။

“ကံကြမ္မာအခွင့်အလမ်းတွေ ရခဲ့တာမျိုး ရှိလား”

ရှီးရွှမ်က စဉ်းစားပြီးနောက် ခေါင်းခါပြသည်။

“မရှိပါဘူး”

ရှီးမိသားစုမှာ မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက်တွင် ဧကရာဇ်မျိုးနွယ်စုပြီးလျှင် ဒုတိယမြောက် မိသားစုဖြစ်၏။ သူသည် ထူးခြားသော အခွင့်အလမ်းများကို ရှာဖွေနေစရာ မလိုပေ။ မိသားစု၏ အရင်းအမြစ်များကတင် သူ့ကို အသက်ဆယ့်ရှစ်နှစ်၌ ပါရမီရှင်တစ်ဦး ဖြစ်စေခဲ့သည်။

ဖုန်းမူ မေးခွန်းအချို့ ဆက်မေးသော်လည်း ရှီးရွှမ်၏ အဖြေများမှာ မရှိပါ သို့မဟုတ် သာမန်ကာလျှံကာအဖြေများသာ ဖြစ်နေခဲ့သည်။

ဖုန်းမူ စကားပြောရန် ပြင်နေစဉ်မှာပင် လူအုပ်ထဲမှ ချင်းချင်းက ရုတ်တရက် ဆိုလိုက်၏။

“နင် ငါတို့ သောင်းပြောင်းပညာရပ်ဌာနကို ဝင်လို့ရတယ်။ ဆရာ့ရဲ့တပည့် ဖြစ်မဖြစ်ဆိုတာကတော့ ဆရာနဲ့တွေ့မှ ဆုံးဖြတ်ရမှာပဲ၊ ဒါပေမဲ့ ဒီအကြီးအကဲက တပည့်အဖြစ် လက်ခံပေးမယ်လို့ အာမခံတယ်။ နင် သဘောတူလား”

ရှီးရွှမ်၏ နှလုံးသားမှာ ဝမ်းသာအားရ ခုန်ပေါက်သွားသည်။ ရွှမ်ထျန်းတိုက်ကြီး၏ ထိပ်တန်းမဟာပဏ္ဍိတနှင့် တွေ့ရမည်ဆိုလျှင် သူသည် တပည့်အဖြစ် သေချာပေါက် ရွေးချယ်ခံရမည်ဟု ယုံကြည်ချက်ရှိနေ၏။

“ဒီတပည့် သဘောတူပါတယ်”

လူအုပ်ကြီ အံ့ဩတုန်လှုပ်သွားကြသည်။ ရွေးချယ်မခံရသော ပါရမီရှင်အချို့မှာ အလွန်ပင် မကျေမနပ် ဖြစ်သွားကြ၏။

ဓားလွယ်ထားသော ကျင့်ကြံသူတစ်ဦးက လူအုပ်ထဲမှ ရှေ့သို့ထွက်လာပြီး ကျယ်လောင်စွာ ကန့်ကွက်လေတော့သည်။

“ဒါက မတရားဘူး။ ကျွန်တော့်ရဲ့ အဖြေတွေကလည်း သူနဲ့ အတူတူပဲကို ဘာလို့ သူ့ကျတော့ လက်ခံတာလဲ။ သူက ဘာမို့လို့ ဌာနထဲဝင်ပြီး မဟာပဏ္ဍိတမိုးမြေနဲ့ တွေ့ခွင့်ရတာလဲ”

အခြားသော ဆူပူလိုသူတစ်ဦးကလည်း ချက်ချင်းပင် ထောက်ခံလိုက်သည်။

“ဟုတ်တယ် သူက မြင့်မြတ်တဲ့မျိုးရိုးဖြစ်နေလို့ အထူးအခွင့်အရေး ရနေတာလား”

“ကျွန်တော်တို့ ကန့်ကွက်တယ်။ မဟာပဏ္ဍိတမိုးမြေနဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုပါတယ်”

“…”

“တိတ်စမ်း”

ချင်းချင်း ပြတ်သားစွာ အမိန့်ပေးလိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အရှိန်အဝါကြီးတစ်ခုဖြင့် လွှမ်းခြုံလိုက်၏။

သူမ၏ တာအိုအနှစ်သာရမှာ ကောင်းကင်ယံတွင် လွင့်မျောနေသော ကြောက်မက်ဖွယ်ကောင်းသည့် သူငယ်အိမ်နှစ်ခု မျက်ဝန်းတစ်စုံ အဖြစ် ပေါ်ပေါက်လာခဲ့သည်။

“အနှစ်သာရ ရုပ်လုံးပေါ်ခြင်း၊ အနှစ်သာရ ပြီးပြည့်စုံခြင်း အဆင့်”

ရှီးမိသားစုမှ မြို့စားကြီးသည် ကောင်းကင်မှ မျက်လုံးများကို စိုက်ကြည့်ရင်း မျက်နှာ ပျက်သွားသည်။

သူကိုယ်တိုင်ပင် အနှစ်သာရကို ပြီးပြည့်စုံသော အဆင့်သို့ ရောက်အောင် မကျင့်ကြံနိုင်သေးပေ။

ရှီးရွှမ်မှာ တည်ငြိမ်နေပုံပေါ်သော်လည်း သူ့နှလုံးသားမှာ အနည်းငယ် တုန်ယင်သွားသည်။

မြင့်မြတ်မင်းဆက်တွင် သူသည် ဧကရာဇ်မျိုးနွယ်မှ ပါရမီရှင်များကို မြင်ဖူးသော်လည်း တာအိုပေါင်းစည်းခြင်းအဆင့်တွင် အနှစ်သာရကို ဤအဆင့်အထိ ကျင့်ကြံနိုင်သူ တစ်ဦးမျှ မတွေ့ခဲ့ဖူးချေ။

အကြီးအကဲ တစ်ဦးတည်းနှင့်တင် ကြောက်စရာကောင်းနေလျှင် သတင်းကျော်ကြားလှသော မြင့်မြတ်သားတော်နှစ်ဦးမှာ မည်မျှပင် စွမ်းအားကြီးမားလိမ့်မည်နည်း။

“တော်လောက်ပြီ။ ဒီအကြီးအကဲက မင်းတို့လို လူငယ်လေးတွေနဲ့ ငြင်းခုံမနေချင်ဘူး။ ဒီနေ့အတွက် တပည့်လက်ခံပွဲကို ဒီမှာပဲ အဆုံးသတ်မယ်”

ပြောပြီးနောက် ချင်းချင်းသည် ဖိအားများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရှီးရွှမ်ဘက်သို့ လှည့်လိုက်၏။

“ဒီအကြီးအကဲနဲ့အတူ တောင်ပေါ်ကို လိုက်ခဲ့တော့”

“နားလည်ပါပြီ”

ရှီးရွှမ် စကားပြောမဆုံးမီမှာပင် အကြီးအကဲမှာ လှည့်ထွက်ကာ ပျံသန်းသွားလေ၏။ သူသည်လည်း မဆိုင်းမတွပင် အမြန်လိုက်သွားတော့သည်။

ရှီးမိသားစုဝင်များမှာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ကြပြီး သူတို့အားလုံး စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိနေသည်။

“သခင်လေးရွှမ်... ကျွန်တော်တို့ ဒီမှာ ကျန်နေသေးတယ်လေ”

အတန်ကြာမှ တစ်ယောက်က မေးလိုက်သည်။

“မြို့စားမင်း... ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ”

မြို့စားဖုန်းရှန်းက ဆိုသည်။

“ဝမ်တောက်မြို့ကို ပြန်ပြီး သတင်းစောင့်ကြတာပေါ့”

“နားလည်ပါပြီ”

သောင်းပြောင်းပညာရပ်ဌာန အဖွဲ့ဝင်များလည်း ထွက်ခွာသွားကြပြီး မှင်တက်နေသော ပရိသတ်အုပ်ကြီးသာ ကျန်ရစ်ခဲ့လေတော့၏။

All Chapters