← Chapters

အခန်း ၃၇၄

Vol. 38 Ch. 374

အခန်း ၃၇၄

Vol. 38 Ch. 374

အခန်း (၃၇၄)မင်းက ဗီလိန်ဖြစ်ဖို့ကံပါလာတဲ့သူပဲ

“ဒီမှာ ခဏစောင့်နေဦး။ ဆရာ့ကို ဂါရဝပြုပြီးမှ ငါပြန်လာပြောမယ်”

သောင်းပြောင်းပညာရပ်ဌာန၏ ရင်ပြင် အပြင်ဘက်တွင် ချင်းချင်း ရှီးရွှမ်ကို တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။

“နားလည်ပါပြီ။”

ရှီးရွှမ် ပြန်ထူးပြီး ခြံဝင်းတံခါးဝတွင် ငြိမ်သက်စွာ ရပ်နေလိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် လျှောက်မကြည့်မိစေရန် စိတ်ထိန်းထား၏။ သူသည် မြင့်မြတ်သောမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ရာ မြင့်မြတ်မင်းဆက်၏ နန်းတော်သို့ပင် ရောက်ဖူးသူဖြစ်သည်။

ထို့ကြောင့် သောင်းပြောင်းပညာရပ်ဌာန၏ ဗိသုကာလက်ရာနှင့် အပြင်အဆင်များမှာ သူ့အတွက်တော့ အလွန်ပင် သာမန်ကာလျှံကာဟုသာ ထင်ရပေသည်။

ခြံဝင်းအတွင်းသို့ ဝင်လိုက်သောအခါ ချင်းချင်းသည် ဟင်းပွဲအမယ်စုံဖြင့် ပြည့်နှက်နေသော စားပွဲတစ်ခုတွင် အလုပ်ရှုပ်နေသည့် ချူဖုန်းကို မြင်လိုက်ရသည်။

သူမ ချက်ချင်းပင် ဦးညွှတ်ကာ ဆိုလိုက်သည်။

“တပည့်က ဆရာနဲ့ ဆရာကတော်ကို ဂါရဝပြုပါတယ်”

“ထုံးစံတွေ လုပ်မနေပါနဲ့”

သူမတစ်ယောက်တည်း ပြန်လာသည်ကို မြင်သဖြင့် ချူဖုန်း သိလိုစွာ မေးလိုက်သည်။

“မင်းရဲ့ ဂျူနီယာ ညီလေးတွေ ညီမလေးတွေကော ဘယ်မှာလဲ”

“သူတို့က ဒီနေ့ရွေးထားတဲ့ တပည့်သစ်တွေကို အပြင်စည်းဆီ ခေါ်သွားကြပါတယ်”

“ဪ”

ချူဖုန်းက ထပ်မမေးတော့ပေ။ သူ့အလုပ်များကို အဆုံးသတ်ပြီးနောက် အဓိကထိုင်ခုံတွင် ထိုင်ကာ တပည့်များအပြန်ကို စောင့်နေလိုက်၏။

မကြာမီမှာပင် ရွှီချိုက်ချန်နှင့် အခြားသူများ အတူတူရောက်ရှိလာကြသည်။

“ကျွန်တော်တို့ ဆရာနဲ့ ဆရာကတော်ကို ဂါရဝပြုပါတယ်”

“ထကြပါ”

ချူဖုန်း လက်ကိုဝှေ့ယမ်းကာ ဆိုလိုက်သည်။

“ထိုင်ကြဦး”

အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အကြည့်များက ချင်းချင်းထံသို့ ရောက်သွားကြ၏။

ဤသိမ်မွေ့သော အမူအရာမှာ ချူဖုန်း၏ အမြင်အာရုံမှ မလွတ်မြောက်ပေ။ သူ ပြုံးလျက်မေးလိုက်သည်။

“ဘာလဲ... ငါ့ကို တစ်ခုခု ဖုံးကွယ်ထားကြတာလား”

ထိုအခါမှ ချင်းချင်းက ပြောလိုက်၏။

“ဆရာ့ကို တင်ပြရရင် ဒီနေ့ တပည့်လက်ခံပွဲမှာ တပည့် အသေးအဖွဲ ကိစ္စတစ်ခု ကြုံခဲ့ရလို့ပါ”

“ထိုင်ပြီး အေးအေးဆေးဆေး ပြောပြပါ”

ပင်းယန့် ငှဲ့ပေးသော ဝိုင်ကို လှမ်းယူရင်း ချူဖုန်းက ဆိုသည်။

တပည့်များမှာလည်း အခြားရွေးချယ်စရာမရှိဘဲ မိမိတို့နေရာတွင် ဝင်ထိုင်လိုက်ကြရ၏။

ချင်းချင်းသည် သူမ နေရာတွင် ရပ်လျက် ဖြည်းဖြည်းချင်း စပြောတော့သည်။

“ဆရာ... ဒီနေ့ တပည့်လက်ခံပွဲမှာ လူငယ်တစ်ယောက်ကို တွေ့ခဲ့ပါတယ်။ သူက ဆရာ့ရဲ့ သတ်မှတ်ချက်တွေနဲ့ တစ်ခုမှ မကိုက်ညီပေမဲ့ သူ့ရဲ့ ကံတရားကတော့ စီနီယာအစ်ကို ရှောင်ချန်းနဲ့ ယှဉ်နိုင်လောက်ပါတယ်။ ဒါပေမဲ့ သူ့ကံကြမ္မာက တပည့်အတွက်တော့ အရမ်းထူးဆန်းနေလို့ ဆရာကိုယ်တိုင် စစ်ဆေးကြည့်နိုင်အောင် သောင်းပြောင်းပညာရပ်ဌာနထဲ ခေါ်လာခဲ့ပါတယ်”

လူတိုင်း အံ့အားသင့်ကာ အသက်ရှူပင် မှားသွားကြသည်။ ပင်းယန်ပင် ရှောင်ချန်း၏ ကံတရားနှင့် ယှဉ်နိုင်မည့်သူ ရှိလိမ့်မည်ဟု မထင်ထားမိပေ။

“ဪ”

ဝိုင်တစ်ငုံ သောက်လိုက်ပြီးနောက် ချူဖုန်းက စိတ်ဝင်တစားဖြင့် ခိုင်းလိုက်သည်။

“မင်း အဲ့ဒီလိုပြောမှတော့ အဲ့ဒီလူငယ်ကို ငါ တကယ်ပဲ စိတ်ဝင်စားသွားပြီ။ အထဲကို ခေါ်လာခဲ့လိုက်”

“နားလည်ပါပြီ”

ချင်းချင်း ပြန်ထူးပြီး ရှေ့ခြံဝင်းမှ ထွက်သွားသည်။ ခဏအကြာတွင် လူငယ်တစ်ဦးနှင့်အတူ ပြန်လည်ရောက်ရှိလာ၏။

ချူဖုန်းက ဝိုင်သောက်ရင်း သူ့ရှေ့က လူငယ်ကို အကဲခတ်နေခဲ့သည်။

ခန့်ညားထည်ဝါလှ၏။ ဤသည်မှာ ချူဖုန်း၏ ပထမဆုံး အမြင်ဖြစ်သည်။ ဒုတိယအချက်မှာ ယခုအခါ တစ်ကမ္ဘာလုံးက သိထားသည့် သူ့အဆင့်အတန်းရှေ့မှောက်တွင် ဤလူငယ်သည် ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိသည်မှာ သတိပြုစရာပင်။

ထို့နောက် ချူဖုန်းသည် ထိုလူငယ်၏ ကံတရားကို ကြည့်ရန် သူ၏ ကမ္ဘာပျက်မျက်ဝန်းကို အသက်သွင်းလိုက်သည်။ ထိုလူငယ်၏ ခန္ဓာကိုယ်မှ ခရမ်းရွှေရောင် ကံတရားအလင်းတန်းများ ဖြာထွက်နေပြီး ကောင်းကင်ယံသို့ ပေတစ်ရာခန့်အထိ ထိုးတက်နေသည်ကို မြင်လိုက်ရသည်။

သို့သော် ထိုရွှေရောင်ကံတရားအတွင်း၌ အမည်းရောင် ကံကြမ္မာမျှင်များက မြွေဟောက်များသဖွယ် တွန့်လိမ်နေကြပြီး ခရမ်းရွှေရောင်ကံတရားကို တဖြည်းဖြည်း ဝါးမြိုကာ သူတို့ကိုယ်သူတို့ ပိုမိုသန်မာအောင် လုပ်နေကြသည်။

ဤအမည်းရောင်မျှင်များက ခရမ်းရွှေရောင်ကံတရားကို အကုန်အစင် ဝါးမြိုပြီးသည်နှင့် လူငယ်၏ အသက်မှာလည်း ကုန်ဆုံးတော့မည်ဖြစ်၏။

ယေဘုယျအားဖြင့် ခရမ်းရွှေရောင် ကံတရား ပိုင်ဆိုင်သူများသည် ကံကြမ္မာသားတော်များ ဖြစ်သင့်သော်လည်း ဤလူငယ်မှာ ထိုသို့မဟုတ်သည်မှာ ထင်ရှားလှသည်။

ကြီးမားသော ကံဇာတာ ရှိသော်လည်း မကြာမီ သေဘေးနှင့် ရင်ဆိုင်ရတော့မည့် အမှတ်အသားမှာ ရှင်းနေပါသည်။ သူသည် ဗီလိန်ဖြစ်ဖို့ ကံပါလာသူပင်။

‘စိတ်ဝင်စားစရာပဲ’

သူ ဤကဲ့သို့သော လူငယ်မျိုး တစ်ခါမျှ မတွေ့ဖူးသေးပေ။

ရှီးရွှမ်မှာ အဓိကထိုင်ခုံတွင် ထိုင်နေသော ဌာနမှူးချူကို စေ့စေ့ကြည့်ရန် မဝံ့ပေ။ ရှီးမိသားစု၏ ပါရမီရှင်တစ်ဦးအနေဖြင့် သူသည် စွမ်းအားပိုင်းတွင်သာမက လူမှုရေးနှင့် ယဉ်ကျေးမှုပိုင်းတွင်လည်း အလွန်ထူးချွန်သူ ဖြစ်၏။

“ဆရာ... လူငယ်လေးကို ခေါ်လာခဲ့ပါပြီ”

ချင်းချင်း ပြောပြီး ဘေးသို့ ဖယ်ပေးလိုက်သည်။

ရှီးရွှမ်က ချက်ချင်းပင် ဦးညွှတ်လိုက်၏။

“ဂျူနီယာ ရှီးရွှမ်က ဌာနမှူးချူနဲ့ အကြီးအကဲပင်းတို့ကို ဂါရဝပြုပါတယ်”

“ထပါ”

ချူဖုန်း ညှင်သာစွာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဌာနမှူးချူ”

ရှီးရွှမ်က ပြောပြီးနောက် မတ်မတ်ရပ်လိုက်သည်။

ချူဖုန်းက အေးအေးဆေးဆေးပင် မေးလိုက်၏။

“ဒီနေ့ တပည့်လက်ခံပွဲ စစ်ဆေးမှုမှာ မင်း ဘယ်လိုမေးခွန်းတွေကို ဖြေခဲ့လဲ”

“ဌာနမှူး တပည့်က...”

ရှီးရွှမ်သည် တပည့်လက်ခံရေးနေရာတွင် ဖြစ်ပျက်ခဲ့သမျှကို တစ်ခုမကျန် ပြန်လည်ပြောပြတော့၏။

“ဒါက ငါ့ အမှားပဲ။ သူတို့မေးတဲ့ မေးခွန်းတွေက မင်းနဲ့ မကိုက်ညီတာ အမှန်ပဲ”

ချူဖုန်း ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။

“ကဲ... အခု ငါ မင်းကို မေးခွန်းအချို့ မေးမယ်။ မင်းသာ အမှန်အတိုင်း ဖြေနိုင်မယ်ဆိုရင် ငါ့ရဲ့ (၁၃) ယောက်မြောက် တပည့်အရင်းခေါက်ခေါက် ဖြစ်လာနိုင်တယ်”

ထိုစကားကို ကြားလိုက်ရသည်နှင့် ရှီးရွှမ်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး ဖော်ပြမတတ်နိုင်သော ဝမ်းသာပီတိများ လှိုက်တက်လာလေ၏။

သူက မဟာပဏ္ဍိတများ၏ လမ်းညွှန်မှုကို ခံယူဖူးသော ရှီးမိသားစု၏ ပါရမီရှင် ဖြစ်သော်လည်း ထိုမဟာပဏ္ဍိတများမှာ သူ့ကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့ဖူးခြင်း မရှိပေ။

အကယ်၍ သူသည် ဤခေတ်၏ အထွတ်အထိပ် မဟာပဏ္ဍိတထံတွင် တပည့်ခံခွင့်ရမည်ဆိုပါက သူသည် သူတော်စင်တစ်ပါး မဟုတ်သေး နတ်ဘုရားဘုရင်တစ်ပါး ဖြစ်လာနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေသည်။

“ကျွန်တော့်ကိုမေးလိုရာ မေးနိုင်ပါတယ်”

ရှိနေသူအားလုံးလည်း ချူဖုန်း မည်သို့မေးခွန်းမျိုး မေးမည်နည်းဆိုသည်ကို စိတ်ဝင်စားသွားကြသည်။ သူတို့သည် စားလက်စ ဇွန်း၊ ခက်ရင်းများကို ချလိုက်ပြီး နားစွင့်လိုက်ကြ၏။

ချူဖုန်းက မေးလိုက်သည်။

“ပထမဆုံး... မင်းမှာ စေ့စပ်ထားတဲ့ မိန်းကလေး ဘယ်နှစ်ယောက် ရှိလဲ”

ရှီးရွှမ် မှင်တက်သွားပြီးတွေးလိုက်မိသည်။

“ဒါက စစ်ဆေးမှုရဲ့ အစိတ်အပိုင်းလား”

သို့သော် သူ လေးစားစွာပင် ဖြေလိုက်၏။

“ဆရာ့ကို တင်ပြရရင် တပည့်မှာ စေ့စပ်ထားသူ ကိုးယောက် ရှိပါတယ်”

“အဲ့ဒီထဲမှာ မင်းကို လက်မထပ်ချင်တဲ့သူ၊ မင်းကို မုန်းတဲ့သူ ဒါမှမဟုတ် တခြားလူနဲ့ ခိုးရာလိုက်ပြေးတဲ့သူ ရှိလား”

ဤမေးခွန်းက အားလုံးကို ဆွံ့အသွားစေသည်။

သူတို့အားလုံး၏ မျက်နှာတွင် လုံးဝ ဝေခွဲမရသည့် အမူအရာများ ပေါ်လာကြ၏။

ရှီးရွှမ် အလွန်ပင် နေရခက်သလို ခံစားလိုက်ရသော်လည်း တွေးလိုက်မိသည်။

“ဒီလို ထူးဆန်းတဲ့ မေးခွန်းတွေကို ဖြေမှ စစ်ဆေးမှု အောင်မယ်ဆိုရင်လည်း ဖြေရမှာပဲ”

“ဆရာ့ကို တင်ပြရရင် ရှိပါတယ်။ ဒါ့အပြင် တပည့်ရဲ့ စေ့စပ်ထားသူတစ်ယောက်ကို လိုက်နှောင့်ယှက်နေတဲ့ လူငယ်တစ်ယောက်ကို ဆုံးမဖို့ မိသားစုဝင်တွေကို အမိန့်ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲ့ဒီလူငယ်က ထွက်ပြေးလွတ်မြောက်သွားပြီး ကျွန်တော့်ရဲ့ မိသားစုဝင်တွေကိုပါ ဒဏ်ရာရအောင် လုပ်သွားခဲ့ပါတယ်။ တပည့်သာ ဝမ်တောက်ကျောင်းတော်ကို တပည့်ခံဖို့ လာစရာမရှိရင် သူ့ကို ဖမ်းမိတာ ကြာပါပြီ”

“ကောင်းပြီ”

ချူဖုန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားသည်။ အရာအားလုံးမှာ သူ ခန့်မှန်းထားသည့်အတိုင်းပင်။

“…..”

ရှီးရွှမ်မှာ မေးခွန်းပေါင်းများစွာနှင့် ကျန်ရစ်ခဲ့သည်။

‘ဒီဆရာကြီးက များ ထူးထူးဆန်းဆန်း ဝါသနာတွေ ရှိနေတာလား’

“မင်းရဲ့ မိသားစုဝင်တွေဆီကကော အခွင့်အရေးတွေကို လုယူခဲ့တာမျိုး ရှိလား”

ရှီးရွှမ်၏ ဇဝေဇဝါ ဖြစ်နေမှုကို ဂရုမစိုက်ဘဲ ချူဖုန်းက ဆက်မေးသည်။

ရှီးရွှမ် ခေတ္တစဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောပြလေ၏။

“ဆရာ... ကျွန်တော် မွေးဖွားပြီးတဲ့နောက်မှာ မိသားစုခွဲတစ်ခုက ကလေးတစ်ယောက်ဆီကနေ မွေးရာပါ သူတော်စင်အရိုးကို အစားထိုး ရယူခဲ့ပါတယ်။ ကျွန်တော့်ရဲ့ မွေးရာပါ သူတော်စင်နှလုံးသားနဲ့ ပေါင်းစပ်ပြီး ဘိုးဘေးတွေလို သူတော်စင်တစ်ပါး ဖြစ်လာဖို့ မိသားစုက မျှော်လင့်ထားကြပါတယ်”

ချူဖုန်းက ပြုံးလိုက်၏။

“သူတော်စင်အဆင့်ဆိုတာ မင်းအတွက် အကန့်အသတ် မဟုတ်ပါဘူး။ ဒါပေမဲ့ မင်း အဲ့ဒီနေ့အထိ အသက်ရှင်နိုင်မလားဆိုတာကတော့ မသေချာဘူး”

“ဒါက မဟာပဏ္ဍိတတွေရဲ့ ပညာပေးနည်းလမ်းလား။ အရင်နှိမ်ပြီး နောက်မှ မြှောက်ပေးတာမျိုးလား”

ရှီးရွှမ်၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။ အိမ်က မဟာပဏ္ဍိတ ဘိုးဘေးများကို တွေ့တုန်းကလည်း သူတို့က ဤကဲ့သို့ မြင့်မြတ်လှသော ပညာရှင်ကြီးများအလား ဟန်ဆောင်တတ်ကြပေသည်။

“ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး ဆရာ”

ချူဖုန်း အေးအေးဆေးဆေးပင် ပြောလိုက်သည်။

“ငါ့ရဲ့ အကဲဖြတ်ချက်က မှန်ပုံရတယ်။ မင်းရဲ့ ကံတရားက ကံကြမ္မာသားတော် တစ်ယောက်နဲ့ ယှဉ်နိုင်ပေမဲ့ မင်းကတော့ ဗီလိန်အဖြစ် သတ်မှတ်ခံထားရသူပဲ။ နောက်ဆုံးတော့ မင်းက ကံကြမ္မာရဲ့သားတော်ရဲ့ အထွတ်အထိပ် ရောက်ဖို့အတွက် နင်းခြေခံရမဲ့ လှေကားထစ် ဖြစ်သွားလိမ့်မယ်”

“ဗီလိန်အဖြစ် သတ်မှတ်ခံထားရသူ”

လူတိုင်း မသိစိတ်ဖြင့် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

ချင်းချင်း မေးလိုက်သည်။

“ဆရာ... ရှီးရွှမ်ရဲ့ ကံတရားထဲက အမည်းရောင် စွမ်းအင်တွေက အဲ့ဒီနိမိတ်လား”

“မှန်တယ်”

ချူဖုန်းက ဝိုင်တစ်ငုံ သောက်လိုက်ပြီးမှ မတ်တပ်ရပ်ကာ ဆက်ပြော၏။

“စကားပုံတစ်ခု ရှိတယ်လေ၊ ကောင်းကင်တာအိုမှာ အလင်းနဲ့ အမှောင် ရှိသလို၊ ကံတရားမှာလည်း အကောင်းနဲ့ အဆိုးဆိုတာရှိတယ်။ ကံကြမ္မာ သားတော်တိုင်း အထွတ်အထိပ်နေရာကို ရောက်ဖို့ဆိုရင် မရေမတွက်နိုင်တဲ့ အခက်အခဲတွေကို ကျော်ဖြတ်ရသလို အင်အားကြီးတဲ့ ပြိုင်ဘက်တွေကိုလည်း အနိုင်ယူရတယ်။ ဗီလိန်ဖြစ်ဖို့ ကံပါလာတဲ့သူဆိုတာကလည်း ကောင်းကင်တာအိုက ကံကြမ္မာ သားတော်အတွက် မွေးမြူပေးထားတဲ့ နင်းခြေရာ လှေကားထစ်ပဲ”

“ရှီးရွှမ်ရဲ့ ကံတရားထဲက နိမိတ်တွေအပြင် သူ ခုနက ပြောပြသွားတဲ့ အချက်တွေကလည်း ဗီလိန်တစ်ယောက်ရဲ့ အမှတ်အသားတွေချည်းပဲ”

ဘေးမှ အကြီးအကဲပင်းယန် ဇဝေဇဝါဖြင့် မေးသည်။

“ဒါဆိုရင် ဗီလိန်က အထွတ်အထိပ်အဆင့်ကို မရောက်နိုင်တော့ဘူးလား”

“ရောက်နိုင်တာပေါ့။ ကံကြမ္မာ သားတော်ကို သတ်ပြီး သူတို့ရဲ့ ကံတရားကို ဝါးမြိုလိုက်မယ်ဆိုရင် စစ်မှန်တဲ့ ကံကြမ္မာသားတော် ဖြစ်လာလိမ့်မယ်”

ချူဖုန်း ခဏရပ်ကာ ဝိုင်တစ်ငုံ ထပ်သောက်လိုက်၏။

“ဒါပေမဲ့ ကံကြမ္မာသားတော်ကို သတ်ဖို့ဆိုတာ ဘယ်တော့မှ မလွယ်ကူဘူး။ ရှီးရွှမ် မင်း ငါ့စကားကို သံသယရှိတယ်ဆိုရင်တော့ လူလွှတ်ပြီး စုံစမ်းကြည့်လို့ ရတယ်။ အဲ့ဒီနောက်မှ ငါ့ဆီမှာ တပည့်ခံမခံ ဆိုတာကို ဆုံးဖြတ်ပါ”

ဒုန်း

ဆက်၍မစဉ်းစားတော့ဘဲ ရှီးရွှမ် ဒူးထောက်လိုက်သည်။

“တပည့် ရှီးရွှမ်က ဆရာ့ကို ဂါရဝပြုပါတယ်”

“ကောင်းပြီ”

ချူဖုန်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“မင်းမှာ အကဲဖြတ်နိုင်စွမ်း ရှိတာပဲ။ ဒီနေ့ကစပြီး မင်းကို ငါ့ရဲ့တပည့်အဖြစ် လက်ခံလိုက်ပြီ”

“ကျေးဇူးတင်ပါတယ် ဆရာ”

ရှီးရွှမ်က အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။ သူ့စိတ်ထဲတွင် ရုန်းကန်လှုပ်ရှားမှုများ ဖြစ်ပေါ်နေပြီး ဆရာပြောသမျှက သူ့ကို ဆွံ့အသွားစေသော်လည်း ဆရာ့ တပည့်ဖြစ်လာပြီဆိုမှတော့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထား၏။

All Chapters