အခန်း ၃၇၅
Vol. 38 Ch. 375
အခန်း (၃၇၅) အချိန်တန်ရင် အလိုလို နားလည်လာပါလိမ့်မယ်
“ထတော့”
ချူဖုန်း ခပ်အေးအေးပင် ဆိုလိုက်သည်။ ပင်းယန်၏ ကြီးကြပ်မှုအောက်တွင် ဆရာတင်ပွဲမှာ ချောမွေ့စွာ ပြီးဆုံးသွားခဲ့၏။
ရှီးရွှမ်သည် စားသောက်ပွဲ၏ အစွန်ဆုံးနေရာတွင် ထိုင်နေသည်။ အစမှ အဆုံးအထိ ချူဖုန်းမှာ ကျင့်စဉ်များနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မဟခဲ့ပေ။
စားသောက်ပွဲ ပြီးဆုံးသောအခါ ဖုန်းမူ ရှီးရွှမ်ကို သူနေထိုင်ရန် ဝင်းတစ်ခုကို ရွေးချယ်ပေးရန် ခေါ်ဆောင်သွားလေ၏။ ထို့အပြင် သူကအကယ်၍ ဆရာ့ထံမှ ကျင့်စဉ်နှင့် ပတ်သက်၍ လမ်းညွှန်မှု ခံယူလိုပါက နေမြင့်မှသာ ဌာနမှူး နေအိမ်သို့ သွားရမည်ဟုလည်း မှာကြားလိုက်သည်။
ဤမှာကြားချက်ကို ကြားသောအခါ ရှီရွှမ် မသိစိတ်ဖြင့် မေးမိသွားသည်။
“စီနီယာအစ်ကို... ဘာဖြစ်လို့ နေမြင့်မှ သွားရမှာလဲ”
“ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်မတိုင်ခင်အထိ ဆရာက မနိုးသေးလို့ပဲ။ ဝမ်တောက်ကျောင်းတော် တစ်ခုလုံးမှာ သူအိပ်နေတုန်း သွားနှောင့်ယှက်ရဲတာ ဆိုလို့ လူနှစ်ယောက်ပဲ ရှိတယ်”
ဖုန်းမူ တည်ကြည်သော မျက်နှာပေးဖြင့် ပြောလိုက်၏။
“ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”
ရှီးရွှမ် ဖုန်းမူကို လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။
“ငါတို့က ဂိုဏ်းတူညီအစ်ကိုတွေပဲ။ ယဉ်ကျေးနေဖို့ မလိုပါဘူး။ ဆရာ အလေးအနက်ထားတာက ငါတို့ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာထက် ငါတို့အချင်းချင်း ဘယ်လောက်အထိ စည်းစည်းလုံးလုံးနဲ့ ညီအစ်ကို စိတ်ဓာတ်ရှိနေလဲ ဆိုတာကိုပဲ”
ဤစကားကို ပြောရင်း ဖုန်းမူ အသာအယာ ပြုံးလိုက်မိသည်။ သောင်းပြောင်းပညာရပ်ဌာနတွင် သူက ပထမဆုံးအကြိမ်အဖြစ် အိမ်၏ နွေးထွေးမှုကို ခံစားလိုက်ရသောကြောင့်ပင်။
ရှီးရွှမ်မှာ ခေါင်းညိတ်ပြရင်း ဖုန်းမူထွက်ခွာသွားသည်ကို ကြည့်နေခဲ့၏။
နောက်တစ်နေ့ မနက် နေမထွက်ခင်မှာပင် ရှီးရွှမ်သည် စောစောထ၍ ကျင့်ကြံရန် ဝိညာဉ်စွမ်းအင် ထူထပ်သည့် နေရာကို ရှာဖွေလိုက်၏။
သူက မြောင်တောင်ပတ်လည်တွင် လှည့်လည်သွားလာရင်း ကြိုးစားပမ်းစား ကျင့်ကြံနေကြသည့် စီနီယာ အစ်ကို၊ အစ်မ အများအပြားကို မကြာခင်မှာတွေ့ရှိသွားသည်။
၎င်းတို့ တစ်ဦးချင်းစီထံမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ် အရှိန်အဝါများကို မြင်လိုက်ရသောအခါ ရှီးရွှမ် စိတ်ထဲမှ သက်ပြင်းချမိသွားလေ၏။
မြောင်တောင်မှာ ပါရမီရှင်များ စုဝေးရာနေရာဟူသော ဂုဏ်သတင်းနှင့် အမှန်တကယ် ထိုက်တန်ပေသည်။ ဤနေရာရှိ လူတိုင်းသည် မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက်တွင် ဆိုပါက မြင့်မြတ်သားတော်နေရာအတွက် ယှဉ်ပြိုင်နိုင်သည့် အရည်အချင်းရှိသူများပင်။
အထူးသဖြင့် စီနီယာအစ်မချင်း ဆိုလျှင် သူမ၏ အစွမ်းမှာ မင်းဆက်၏ မြင့်မြတ်သားတော်လောင်း အချို့ထက်ပင် သာလွန်နေသေး၏။
သူ နေရာမမှားခဲ့သည်မှာ အမှန်ပင်။
ထို့နောက် သူသည် တိတ်ဆိတ်သော နေရာတစ်ခုကို ရွေးချယ်ကာ နေမြင့်သည့်အထိ ကျင့်ကြံနေခဲ့ပြီးမှ ဌာနမှူးနေအိမ်သို့ သွားလိုက်သည်။
အတွင်းသို့ ဝင်လိုက်သောအခါ ရှီးရွှမ်သည် ဆရာဖြစ်သူ အဓိကထိုင်ခုံတွင် ထိုင်၍ လက်ဖက်ရည် သောက်နေသည်ကို တွေ့လိုက်ရ၏။
“တပည့် ရှီးရွှမ်က ဆရာ့ကို ဂါရဝပြုပါတယ်”
“တခမ်းတနားတွေ လုပ်မနေပါနဲ့”
ချူဖုန်း လက်ယပ်ခေါ်လိုက်သည်။ “လာ... ငါနဲ့အတူ လက်ဖက်ရည် သောက်ရအောင်”
“ဟုတ်ကဲ့ပါ”
မြောင်တောင်ပေါ်ရှိ အရာအားလုံးမှာ ရှီးရွှမ်အတွက် ဆန်းသစ်နေသည်။
မနေ့ညက စားသောက်ပွဲမှာ သူ့အား စစ်မှန်ကံကြမ္မာအဆင့်သို့ ချိုးဖျက် ရောက်ရှိစေလုနီးပါး ဖြစ်စေခဲ့၏။ အကယ်၍ သောင်းပြောင်းပညာရပ်ဌာန၏ ကျင့်စဉ်ကို ကျင့်ကြံခြင်းက နတ်ဘုရားခန္ဓာအား နိုးထစေနိုင်သည်ဟု မသိခဲ့လျှင် သူသည် အဆင့်တက်နှင့်ပြီးလောက်လေ၏။
လက်ဖက်ရည် တစ်ခွက်သောက်ပြီးနောက် ရှီးရွှမ်က စတင်၍ မေးလိုက်သည်။
“ဆရာ... တပည့်ကို ဘယ်လို ကျင့်စဉ်မျိုး သင်ပေးမှာလဲဗျ”
ထိုနေရာရှိ တပည့်များအားလုံး ချူဖုန်းထံသို့ စပ်စုလိုသော အကြည့်များဖြင့် လှည့်ကြည့်လိုက်ကြသည်။
သူတို့ဆရာမှာ တပည့်တစ်ဦးကို လမ်းညွှန်ပေးတိုင်း သူတို့ တစ်ခါမျှ မမြင်ဖူးသည့် နည်းလမ်းများကို ထုတ်ဖော်ပြသလေ့ရှိ၏။ လူတိုင်းသည်လည်း သူတို့၏ ဂိုဏ်းတူညီအစ်ကိုများထံမှ အများကြီး သင်ယူနိုင်ကြသည်။
ချူဖုန်းက ပြုံး၍ ဆိုသည်။
“မလောပါနဲ့ဦး။ အရင်ဆုံး ရှီးမိသားစုအကြောင်း၊ မင်းရဲ့ စေ့စပ်ထားတဲ့ မိန်းကလေးတွေအကြောင်းနဲ့ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ရှီးမျိုးနွယ်စု တပည့်တွေ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေကို တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်ဦး”
“…..”
ရှီးရွှမ်၏ ခေါင်းထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်သွားလေသည်။
မနေ့က ဆရာသည် သူ့ကို ဗီလိန်တစ်ယောက်၏ ကံတရားရှိသူဟု ပြောခဲ့သဖြင့် သူ တစ်ညလုံး ဇဝေဇဝါ ဖြစ်နေခဲ့ရသည်။
ယခုကြတော့ ထိုကဲ့သို့ကိစ္စများကို လုပ်ခိုင်းနေပြန်၏။
ကောင်လေး၏ စိတ်ထဲရှိ အတွေးများကို ချူဖုန်း မည်သို့ မသိဘဲ နေပါမည်နည်း။ သူ လက်ဖက်ရည်ကို တစ်ငုံသောက်၍ ဖြည်းညင်းစွာ ဆိုလိုက်သည်။
“လူတစ်ယောက်ဟာ ကံကြမ္မာကို မပြောင်းလဲခင်မှာ ရန်သူ့အကြောင်းကို အရင် သိထားရမယ်။ မင်း ရင်ဆိုင်ရမဲ့ ကံကြမ္မာသားတော်တွေရဲ့ အကြောင်းကိုတောင် မင်း နားမလည်ရင် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ဘယ်လို နှိမ်နင်းပြီး အထွတ်အထိပ် လမ်းစဉ်ကို လျှောက်လှမ်းနိုင်မှာလဲ”
ထိုအခါမှ ရှီးရွှမ်သည် ရုတ်တရက် သဘောပေါက်သွားတော့သည်။
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”
ချူဖုန်း ဆက်ပြောသည်။
“ခဏနေရင် ချိုက်ချန်ကို ငါ့ရဲ့ တံဆိပ်ပြားပေးပြီး မှတ်တမ်းဌာနမှာ မင်းရဲ့ အထောက်အထားတွေကို သွားလုပ်ခိုင်းလိုက်။ ပြီးရင် မင်းတို့ နှစ်ယောက် တောင်အောက်ကို အတူတူ ဆင်းပြီး ဒီကိစ္စကို သွားဖြေရှင်းလိုက်ကြ။ နောက်ဆုံးတော့ ချိုက်ချန်လည်း သူ့မိန်းမနဲ့ ပြန်ဆုံဖို့ တောင်အောက်ဆင်းဖို့ လိုနေတယ်”
ထိုစကားကို ကြားသောအခါ လူနှစ်ယောက်လုံး ချက်ချင်း မတ်တပ်ရပ်၍ ပြိုင်တူ ပြောလိုက်ကြသည်။
“ဟုတ်ကဲ့ပါ ဆရာ”
တစ်နာရီအကြာ။
ဝမ်တောက်မြို့တော်အတွင်း။
ရွှီချိုက်ချန်နှင့် ရှီးရွှမ်တို့သည် လမ်းမအတိုင်း ပခုံးချင်းယှဉ်၍ လျှောက်လာကြလေ၏။ ရှေ့ကလူမှာ ဝမ်တောက်ကျောင်းတော်၏ ကြီးကြပ်သူ ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်နေခဲ့သည်။
“ညီလေး... မင်းရဲ့ ရှီးမိသားစုဝင်တွေက ဘယ်နားမှာလဲ”
ရှီးရွှမ် ပြန်ဖြေသည်။
“ကျွန်တော့် မိသားစုဝင်တွေက နဂါးဂိတ် တည်းခိုခန်းမှာ စောင့်နေကြလိမ့်မယ် ထင်တယ်”
“ကောင်းပြီ၊ ဒါဆို ငါတို့ အရင်ဆုံး နဂါးဂိတ် တည်းခိုခန်းကို သွားကြတာပေါ့။ အဲ့ဒီနောက်မှ ငါ့မိန်းမတွေနဲ့ ဟန်လင်းကို သွားတွေ့မယ်”
ရှီးရွှမ်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“စီနီယာအစ်ကိုမှာ ကလေးတွေလည်း ရှိတာလား”
“ဟုတ်တယ်”
ရွှီချိုက်ချန်က ခေါင်းညိတ်ပြလိုက်သည်။
“ဒီကိစ္စက ပြောရရင်တော့ အရှည်ကြီးပဲ...”
ရွှီချိုက်ချန်၏ အတွေ့အကြုံများကို ကြားပြီးနောက် ရှီးရွှမ် သူ့ကို လက်မထောင်ပြလိုက်မိ၏။
“စီနီယာအစ်ကိုရွှီကတော့ တကယ့်ကို ကျွန်တော်တို့ မျိုးဆက်ရဲ့ စံပြပဲ။ သာမန် ကျောင်းတော်သားလေးဘဝကနေ ဝမ်တောက်ကျောင်းတော်ရဲ့ ပါရမီရှင် ဖြစ်လာတယ်”
ဤစကားမှာ မြှောက်ပင့်ပြောခြင်း မဟုတ်ပေ။ သူ့အတွက်ပင်လျှင် သာမန်လူသား ဘဝမှသည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်သို့ အနှစ်နှစ်ဆယ် မပြည့်မီ ရောက်ရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။
“ပထမစီနီယာအစ်ကိုနဲ့ ဒုတိယစီနီယာအစ်ကိုတို့နဲ့ ယှဉ်ရင်တော့ ငါ့အတွေ့အကြုံက ဘာမှမဟုတ်ပါဘူး။ ဟိုရှေ့မှာ နဂါးဂိတ်တည်းခိုခန်း ရောက်ပြီ”
ရွှီချိုက်ချန် ပြောရင်း တည်းခိုခန်းဆီသို့ ခပ်သွက်သွက် လျှောက်သွား၏။
သူတို့နှစ်ဦး ဝင်သွားသည်နှင့် စားပွဲထိုးက ရှေ့သို့ ပြေးလာကာ ရိုရိုသေသေ မေးလိုက်သည်။
“လေးစားရပါသော ဧည့်သည်တော်တို့... ဘယ်လို အရေးကြီးတဲ့ ကိစ္စများ ရှိလို့ပါလဲခင်ဗျာ”
ရှီးရွှမ် တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ငါ့မိသားစုကို လာရှာတာ။ မင်း လမ်းပြပေးဖို့ မလိုဘူး”
“ဟုတ်ကဲ့ပါ ဆရာ”
ဤစားပွဲထိုးသည် ဝမ်တောက်မြို့တော်တွင် အလုပ်လုပ်သည်မှာ နှစ်အတော်ကြာပြီ ဖြစ်သဖြင့် ချက်ချင်းပင် နားလည်သွား၏။
သူ့ရှေ့က လူငယ်မှာ ဝမ်တောက်ကျောင်းတော်မှ တပည့်သစ်ဖြစ်ကြောင်း သိသာလှသည်။ သူ့မျက်လုံးထဲတွင် အားကျရိပ်များ ထင်ဟပ်နေတော့သည်။
သူတို့နှစ်ဦးသည် ပင်မခန်းမကို ဖြတ်ကျော်ကာ နောက်ဘက်ရှိ သီးသန့်ဝင်းတစ်ခုသို့ ရောက်ရှိလာ၏။
သူတို့ ဝင်သွားသည်နှင့် ရှီးမျိုးနွယ်စု တပည့်များက ချက်ချင်း ရှေ့သို့ တိုးလာကြသည်။ မြို့စားဖုန်းရှန်း မေးလိုက်သည်။
“သခင်လေးရွှမ်... မင်း မဟာပဏ္ဍိတမိုးမြေရဲ့တပည့်ဖြစ်သွားပြီလား”
“ကျွန်တော် ဆရာ့ရဲ့ တပည့် ဖြစ်သွားပါပြီ။အဘိုးရှန်း ကျွန်တော့်အတွက် ကိစ္စတချို့ကို စုံစမ်းပေးဖို့ ရှီးမိသားစုကို အခုပဲ ချက်ချင်း ပြန်သွားပေးပါ။ ဒါကို လုပ်တဲ့နေရာမှာ ဘယ်သူ့ကိုမှ ရိပ်မိအောင် မလုပ်ဖို့ သတိထားပါ”
ရှီးရွှမ် ချူဖုန်း၏ တပည့် ဖြစ်သွားသော်လည်း မည်သည့် အရှိန်အဝါမှ ထုတ်မကြွားပေ။
“ကောင်းပါပြီ... ပြဿနာမရှိပါဘူး”
မြို့စားဖုန်းရှန်း စိတ်လှုပ်ရှားသွားလေ၏။
“ငါ ဒီသတင်းကောင်းကို အိမ်ကို ချက်ချင်း ယူသွားလိုက်မယ်”
“မလုပ်နဲ့ဦး”
ရှီးရွှမ် သူ့စကားကို ဖြတ်ပြောလိုက်သည်။
“ဒီသတင်းကို မျိုးနွယ်စုခေါင်းဆောင်နဲ့ အဓိကလူ တချို့ကိုပဲ ပြောပြပါ။ တခြားလူတွေကို စောစောစီးစီး မသိစေချင်သေးဘူး”
“ဘာဖြစ်လို့လဲ”
မြို့စားဖုန်းရှန်း နားမလည်နိုင်စွာ မေးလိုက်သည်။
“ငါတို့ ဖုံးကွယ်ထားချင်ရင်တောင် ဒါက ကြာကြာ ဖုံးထားလို့ရမှာ မဟုတ်ဘူးလေ”
ရှီးရွှမ်က ပြုံးလိုက်၏။
“အဘိုး အဲ့ဒီ့ကိစ္စတွေကို စုံစမ်းလို့ မပြီးမချင်း ဒီသတင်းက အပြင်မပေါက်ရင် ရပါပြီ”
“အော်...”
မြို့စားဖုန်းရှန် စပ်စုလိုဟန်ဖြင့် မေးသည်။
“ဘယ်လိုကိစ္စမို့လို့ ဒီလောက်တောင် သတိထားနေရတာလဲ သခင်လေးရွှမ်း”
ရှီရွှမ် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ သူစုံစမ်းခိုင်းလိုသည့် အချက်အလက်များကို နတ်ဘုရားအာရုံဖြင့် ရေးထွင်းပြီး ကမ်းပေးလိုက်၏။
မြို့စားဖုန်းရှန်းက ကျောက်စိမ်းပြားကို သာမန်ကာလျှံကာ လက်ခံယူရင်း မေးသည်။
“ဒါကို ငါ ကြည့်လို့ရမလား”
“ရတာပေါ့၊ ပြီးတော့ ဒါကို အဘိုးကိုယ်တိုင် စုံစမ်းရမှာ။ အသေးစိတ် တစ်ခုမှ မလွတ်စေနဲ့နော်”
ရှီးရွှမ်၏ မျက်နှာမှာ အလွန် တည်ကြည်နေသည်။
“ကောင်းပါပြီ”
မြို့စားဖုန်းရှန်းက ကျောက်စိမ်းပြားထဲသို့ နတ်ဘုရားအာရုံ ထည့်ကြည့်လိုက်သည်။ ထိုထဲမှ အကြောင်းအရာများကို မြင်လိုက်ရသောအခါ သူ ကြောင်အသွားလေ၏။
“သခင်လေးရွှမ်... မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်။ ငါ့ကို ဒီလိုအရာမျိုးတွေ စုံစမ်းခိုင်းတာလား”
ရှီးရွှမ်၏ နှုတ်ခမ်းများမှာ အသာ ကွေးညွတ်သွားလေ၏။
“စုံစမ်းသာ စုံစမ်းလိုက်ပါ။ အကြောင်းရင်းကိုတော့ အချိန်တန်ရင် အဘိုး အလိုလို နားလည်လာလိမ့်မယ်”
ထိုအခါမှ မြို့စားဖုန်းရှန်းက ခေါင်းကို အသာအယာ ညိတ်လိုက်သည်။ သူ စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွားသော်လည်း ဆက်ပြောမည့်စကားကိုသာ နားစွင့်နေလိုက်သည်။
စကား အနည်းငယ် ပြောဆိုပြီးနောက် ရှီးရွှမ်နှင့် ရွှီချိုက်ချန်တို့ အတူတူ ထွက်ခွာသွားကြလေ၏။
ထိုအခါမှ ရှီးမျိုးနွယ်စုဝင်များက မြို့စားဖုန်းရှန်းအား ဝိုင်းအုံ၍ မေးကြတော့သည်။
“အဘိုး... သခင်လေးရွှမ်က ဘာကို စုံစမ်းခိုင်းလိုက်တာလဲဟင်”
“မမေးသင့်တာကို မမေးနဲ့”
မြို့စားဖုန်းရှန်း ငေါက်လိုက်သဖြင့် လူတိုင်းမှာ ချက်ချင်းပင် ငြိမ်ကျသွားလေတော့၏။