← Chapters

အခန်း ၃၇၆

Vol. 38 Ch. 376

အခန်း ၃၇၆

Vol. 38 Ch. 376

အခန်း (၃၇၆) ရှီရွှမ်း၏ ဦးခေါင်းထက်မှ စိမ်းဖန့်ဖန့်အရောင်

ကျင့်ကြံခြင်းလောကတွင် ရက်များလများကိုမည်သူမှ သတိမမူမိကြပေ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်လတာ အချိန်ကာလ ကုန်ဆုံးသွား၏။

မြောင်တောင်ပေါ်တွင် ရှီးရွှမ်းသည် ဆရာ့ထံမှ မည်သည့်ကျင့်စဉ်ကိုမျှ မရရှိသေးပေ။ သူသည် နေ့စဉ်နေ့တိုင်း ရိုးရှင်းမှုတွင်ပျော်မွေ့ခြင်း ဟူသော စာအုပ်တစ်အုပ်ကို ကိုင်ကာ ကျင့်ကြံသူအိုကြီးတစ်ဦးကဲ့သို့ လေ့လာဆည်းပူးနေခဲ့လေ၏။

ဤစာအုပ်မှာ ချူဖုန်း သူ့ကို ဖတ်ရှုရန် ပေါ့ပေါ့ပါးပါး ပေးထားခဲ့ခြင်း ဖြစ်သော်လည်း ရှီးရွှမ်အတွက်မူ အလွန်ပင် နက်နဲလှသည်ဟု ခံစားရသည်။ နေ့စဉ်နေ့တိုင်း သူသည် စာအုပ်ထဲမှ ခက်ခဲသော အပိုဒ်များကို မေးမြန်းရန် ဆရာ့ထံ သွားလေ့ရှိသည်။

ထိုနေ့ မွန်းတည့်ချိန်တွင် ရှီးရွှမ်သည် ထုံးစံအတိုင်း စာအုပ်ထဲမှ သိလိုသည်များကို ဆွေးနွေးတိုင်ပင်ရန် ဆရာ့နေအိမ်သို့ ဦးတည်လာခဲ့သည်။

ဌာနမှူးနေအိမ် တံခါးဝသို့ ရောက်ရှိချိန်မှာပင် ရင်းနှီးနေသော အသံတစ်ခုကြောင့် သူ့ခြေလှမ်းများ ရပ်တန့်သွားလေ၏။

“ညီငယ်ရှီး၊ မင်းဆီကို စာတစ်စောင် ရောက်နေတယ်”

ထိုစကားကို ကြားသောအခါ ရှီးရွှမ် လှည့်ကြည့်ပြီး ဂါရဝပြုလိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုရွှီ။ တပည့်တွေကို သင်ကြားပေးလို့ ပြီးပြီလားခင်ဗျာ”

ရွှီချိုင်ချန်း ခေါင်းညိတ်ပြသည်။ “ဟုတ်တယ်။ ငါ့အလှည့် ဟောပြောပြီးပြီ။ အဲဒီကောင်လေးတွေကတော့ မင်းကို သုံးနှစ်အတွင်းမှာ စီနီယာအစ်ကိုလို့ ခေါ်နိုင်ဖို့ အားတင်းပြီး ကြိုးစားနေကြတာပဲ”

ထို့နောက် သူ အတော်လေး ထူထဲသော စာတစ်စောင်ကို ရှီးရွှမ်ထံ ကမ်းပေးလိုက်၏။

ရှီးရွှမ်က လက်ခံလိုက်ပြီး စာအိတ်မျက်နှာဖုံးပေါ်မှ စာလုံးကြီးလေးလုံးကို မြင်လိုက်ရသည်။

“ရှီးရွှမ် ကိုယ်တိုင် ဖတ်ရန်”

ထိုစာအိတ်ပေါ်တွင် ရှီးမိသားစု၏ သီးသန့်တံဆိပ်ခတ်နှိပ်မှုလည်း ပါနေသည်။

သူသည် စာကို ချက်ချင်းမဖွင့်သေးဘဲ လက်ထဲတွင် ကိုင်ကာ ရွှီချိုက်ချန်နှင့်အတူ နေအိမ်အတွင်းသို့ ဝင်လာခဲ့သည်။

“ဆရာ၊ ဆရာကတော်”

သူတို့နှစ်ဦး ဝင်လာပြီး ချူဖုန်းနှင့် ပင်းယန်ကို ဂါရဝပြုလိုက်ကြသည်။

“အင်း”

ချူဖုန်း အသာအယာ တုံ့ပြန်လိုက်ပြီး ထိုင်ရန် မျက်ရိပ်ပြလိုက်၏။

ထိုင်ပြီးနောက် ရှီးရွှမ်က ပြောလိုက်သည်။

“ဆရာ၊ ကျွန်တော့်မိသားစုဆီက စာတစ်စောင် ရောက်လာပါတယ်။ သူတို့ စုံစမ်းစစ်ဆေးမှုတွေ ပြီးသွားပြီ ထင်တယ်”

“အော်...”

ချူဖုန်း စိတ်ဝင်စားသွားသည်။

“ဒါဆို အကြောင်းအရာကို အရင်ဖတ်ကြည့်ပြီး ငါတို့ကို ပြောပြဦး”

“ဟုတ်ကဲ့ပါ”

ရှီးရွှမ်က စာကို ထုတ်ယူကာ တံဆိပ်ကို ဖျက်လိုက်သည်။ သေချာစွာ ခေါက်ထားသော စာရွက်များကို ဆွဲထုတ်ပြီး လူတိုင်းရှေ့တွင် ဖြန့်ကြည့်လိုက်၏။

ရှိနေသူအားလုံးမှာ ကျင့်ကြံသူများဖြစ်ကြရာ တစ်ချက်ကြည့်ရုံဖြင့် အကြောင်းအရာကို ဖတ်ပြီးသား ဖြစ်သွားသည်။

မြင်လိုက်ရသော အရာများက သူတို့ကို အံ့အားသင့်သွားစေခဲ့သည်။

စေ့စပ်ထားသူ ကိုးဦးအနက် ရှစ်ဦးမှာ အခြားအမျိုးသားများနှင့် ပတ်သက်နေကြပြီဖြစ်ပြီး ရှီးမိသားစု၏ အရင်းအမြစ်များကိုပင် အသုံးပြုကာ ထိုအမျိုးသားများကို ထောက်ပံ့ပေးနေကြသည်။

အမျိုးသားတစ်ဦးဆိုလျှင် သူ့စေ့စပ်ထားသူ သုံးဦးနှင့် ပတ်သက်နေပြီး မြောက်ပိုင်းချောက်နက်နယ်မြေ တွင် နာမည်ကျော် ပါရမီရှင်တစ်ဦး ဖြစ်နေပြီဖြစ်သည်။

ကျန်ရှိသော စေ့စပ်ထားသူ တစ်ဦးမှာ ယခင်စေ့စပ်ထားသူနှင့် စေ့စပ်မှုကို ဖျက်သိမ်းပြီးမှ ရှီးမိသားစုဟူသော သစ်ပင်ကြီးကို မှီခိုရန် ကပ်ပါလာခြင်း ဖြစ်သည်။

စာကို ဖတ်ပြီးနောက် လူတိုင်းက ရှီးရွှမ်ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။ သူ့ရှည်လျားသော ဆံပင်နက်များမှာ နေရောင်အောက်တွင် စိမ်းဖန့်ဖန့် အရောင်အနည်းငယ် ထွက်နေသကဲ့သို့ပင်။

ရှီးရွှမ် ယခင်က အရှင်လတ်လတ် ထုတ်ယူခဲ့သော နတ်ဘုရားအရိုးပိုင်ရှင် လူငယ်မှာလည်း မြောက်ပိုင်းချောက်နက်မှ မြင့်မြတ်မင်းဆက်၏ တာအိုနန်းတော်သို့ ဝင်ရောက်သွားပြီး ယခုအခါ မဟာပဏ္ဍိတတစ်ဦး၏ သင်ကြားမှုကို ခံယူနေသည်။

လူအားလုံးထဲတွင် ချူဖုန်းတစ်ဦးတည်းသာ တည်ငြိမ်နေသည်။ အရာအားလုံးမှာ သူ၏ မျှော်လင့်ချက်အတိုင်းသာ။

ဖတ်ပြီးနောက် ရှီးရွှမ် အေးစက်စွာ သက်ပြင်းချလိုက်သည်။

“ဆရာ... ဆရာပြောခဲ့သမျှ အကုန်မှန်နေတယ်။ တပည့် ဘာဆက်လုပ်သင့်လဲ”

ချူဖုန်း ပြုံးလိုက်သည်။

“မင်း ဘာလုပ်ချင်လဲ”

ရှီရွှမ်းက မျက်မှောင်ကြုတ်လိုက်ရာ သူ၏ ကိုယ်ပေါ်မှ ရက်စက်သော အငွေ့အသက်များ ထွက်ပေါ်လာ၏။

သို့သော် ၎င်းမှာ မသင့်တော်ကြောင်း ချက်ချင်းသတိရပြီး ပြန်လည်ထိန်းချုပ်လိုက်သည်။

“ဆရာ... တပည့်အနေနဲ့ အဲဒီ ကံကြမ္မာသားတော်တွေကို နှိမ်နင်းပစ်ချင်ပါတယ်”

“ကောင်းပြီ”

ချူဖုန်း ကျေနပ်သလို ကြည့်လိုက်သည်။ ရွှမ်ထျန်းတိုက်ကြီးသို့ ရောက်ရှိလာပြီးကတည်းက သူသည် ကံကြမ္မာမှသတ်မှန်ထားသောဗီလိန် တစ်ဦးကို မမွေးမြူရသေးပေ။

“မင်း သူတို့ကို နှိမ်နင်းဖို့ ရည်ရွယ်ထားတယ်ဆိုရင် သွားပြီး လုပ်ဆောင်တော့။ မင်းရဲ့ဆရာအနေနဲ့ ငါက မင်းကို အမြင့်မြတ်ဆုံးသော နတ်ဘုရားပညာရပ်တွေကို သင်ကြားပေးမယ်”

ထိုစကားကို ကြားသောအခါ ရှီးရွှမ် စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။

“တပည့် ဆရာ့ကို ကျေးဇူးတင်ပါတယ်”

“ကျေးဇူးတင်စရာ မလိုဘူး”

ချူဖုန်းက လက်ကို အနည်းငယ် မြှောက်လိုက်၏။ ရှီးရွှမ်က ပြန်လည်၍ မတ်တပ်ရပ်လာသည်။

“မင်း မှတ်ထားရမှာက အခုအချိန်ကစပြီး မင်း နောက်ကွယ်မှာ ရှိနေတာက ရှီးမိသားစုလည်း မဟုတ်သလို မြောက်ပိုင်းချောက်နက် မြင့်မြတ်မင်းဆက်လည်း မဟုတ်ဘူး။ ငါပဲ ရှိတယ်။ ငါရှိနေသရွေ့ ဘယ်သူမှ မင်းရဲ့ ကံကြမ္မာကို ဝါးမျိုလို့ မရသလို မင်းကိုလည်း အနိုင်မယူနိုင်စေရဘူး”

သူ့လေသံမှာ တည်ငြိမ်သော်လည်း ထိုစကားလုံးများက ရှီးရွှမ်၏ နားထဲတွင် အင်အားကြီးမားစွာ ရိုက်ခတ်သွားလေ၏။

ဆရာကဲ့သို့ ပြိုင်ဘက်ကင်းသော မဟာပဏ္ဍိတ တစ်ဦးသာ ခန့်ညားထည်ဝါသော စကားများကို အေးအေးဆေးဆေး ပြောနိုင်ပေလိမ့်မည်။

“တပည့်အနေနဲ့ ကျွန်တော့်ပိုင်ဆိုင်သမျှ အရာအားလုံးကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်”

“ကောင်းပြီ။ မင်းရဲ့ စိတ်ကို အရင်ဆုံး တည်ငြိမ်အောင် လုပ်ထား။ နောက် ခုနစ်ရက်ကြာရင် ကျင့်စဉ် လာယူတော့”

ချူဖုန်းသည် ရှီးရွှမ်ထံတွင် ကျန်ရှိနေသေးသော ရန်လိုသည့် စိတ်များကို ခံစားမိသဖြင့် သူရရှိခဲ့သော ဒဏ်ရာမှာ ပြင်းထန်ကြောင်း သိရှိသည်။

မည်သို့ပင်ဆိုစေကာမူ မြင့်မြတ်သော ပါရမီရှင်တစ်ဦးအနေဖြင့် အခြားသူများက မိမိ၏ ဦးခေါင်းပေါ်တွင် ဦးထုပ်စိမ်းဆောင်းပေးခြင်းကို မည်သို့ သည်းခံနိုင်ပါမည်နည်း။

“ဟုတ်ကဲ့ပါ”

ရှီးရွှမ်က ပြန်လည်ဖြေကြားပြီး စာကို ကိုင်ကာ ထွက်ခွာသွားခဲ့သည်။

သူ၏ ကျောပြင်ကို ကြည့်ရင်း ရွှီချိုက်ချန် မေးလိုက်သည်။

“ဆရာ ဂျူနီယာညီလေး အဆင်ပြေပါ့မလား”

ချူဖုန်း ပြုံးလိုက်သည်။

“စိတ်မပူပါနဲ့။ ရှောင်ရွှမ်က ဒီလောက် အခက်အခဲလေးနဲ့ ရှုံးနိမ့်သွားမဲ့သူ မဟုတ်ဘူး”

“ဒါပေမဲ့ သူ နောင်မှာ ကံကြမ္မာ သားတော်တွေ အများကြီးနဲ့ ရင်ဆိုင်ရဦးမယ်။ မလွယ်ကူမှာကို စိုးရိမ်မိတယ်”

စကားပြောရန် ခဲယဉ်းသော ချင်းချင်း ရုတ်တရက် ဝင်ပြောလိုက်သည်။

သူမသည် ကမ္ဘာပျက်မျက်ဝန်းကို တတ်မြောက်ပြီးကတည်းက ကံကြမ္မာနှင့် ပတ်သက်၍ အချို့ကို နားလည်လာခဲ့၏။

ဂျူနီယာမောင်လေး၏ အစွမ်းထက်သော ကံကြမ္မာအရ သူ့ပြိုင်ဘက်များသည်လည်း သူနှင့် မတိမ်းမယိမ်း ကံကြမ္မာများကို ပိုင်ဆိုင်ထားကြလိမ့်မည်။

ဆိုလိုသည်မှာ သူသည် စီနီယာအစ်ကိုများကဲ့သို့ သန်မာသော ကံကြမ္မာ သားတော် အများအပြားကို မလွဲမသွေ ဆန့်ကျင်ရလိမ့်မည် ဖြစ်၏။

“ ဘာဖြစ်လို့လဲ။ မင်းတို့က ကံကြမ္မာသားတော်တွေကို အမဲလိုက်ဖို့ စဉ်းစားနေကြပြီလား”

ချူဖုန်း ပေါ့ပေါ့ပါးပါး နောက်ပြောင်လိုက်သည်။

ဟန်ပင်းနှင့် ဖုန်းမူတို့၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး သူတို့မျက်နှာတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။

ချင်းချင်း တုံ့ဆိုင်းသွားပြီးမှ မေးလိုက်သည်။

“ဆရာ... ဆရာပြောချင်တာက ဒါက ကျွန်မတို့အတွက် အခွင့်အရေး တစ်ခုပဲလား”

“မှန်တယ်”

ချူဖုန်းက စားပွဲပေါ်မှ ဝိုင်ခွက်ကို မြှောက်ကာ တစ်ငုံသောက်လိုက်ပြီး ပြောလိုက်သည်။

“ကံကြမ္မာသားတော်လို့ ခေါ်တဲ့သူတွေက မင်းတို့ စီနီယာအစ်ကိုရဲ့ နယ်ပယ်နဲ့ အမြင့်ကို ချက်ချင်း ရောက်လာကြတာ မဟုတ်ဘူး။ လမ်းခရီးမှာ သူတို့ အခွင့်အရေးတွေ အများကြီး ရကြလိမ့်မယ်။ ငါတို့ လုပ်ရမှာက သူတို့ကို စောင့်ကြည့်ပြီး သူတို့အခွင့်အရေးတွေကို တစ်ခုပြီးတစ်ခု လုယူလိုက်ဖို့ပဲ။ အဲဒီအခါ သူတို့ရဲ့ ကံကြမ္မာက မှေးမှိန်သွားပြီး အချိန်တန်ရင် ဖုန်မှုန့်တွေကြားထဲ ကျရှုံးသွားလိမ့်မယ်။ အဲဒီအချိန်ကျမှ သူများ အသတ်ခံရမဲ့ အခြေအနေ ရောက်သွားမှာ”

ဟန်ပင်း၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသည်။ ဝမ်တောက်ကျောင်းတော်သို့ မဝင်ရောက်မီက သူအကြိုက်ဆုံး အလုပ်မှာ အခြားသူများ၏ အခွင့်အရေးကို လုယူခြင်း ဖြစ်သည်။

“ဒါဆို ဆရာ... ပထမနဲ့ ဒုတိယ စီနီယာအစ်ကိုတို့ကို ပြန်ခေါ်ရမလား”

ရွှီချိုက်ချန် မေးလိုက်သည်။

ချူဖုန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။

“အချိန်မတန်သေးဘူး။ ကံကြမ္မာ သားတော်တွေကို ခဏလောက် ပျော်ပါစေဦး”

ခုနစ်ရက်တာ အချိန်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ခြံဝင်းအတွင်း စိတ်တည်ငြိမ်အောင် လုပ်ဆောင်နေခဲ့သော ရှီးရွှမ်သည် နောက်ဆုံးတွင် တံခါးပြင်ပသို့ ခြေချလိုက်လေ၏။

ယခင်ရက်များကနှင့် နှိုင်းယှဉ်ပါက သူ့ကိုယ်ပေါ်မှ နူးညံ့သိမ်မွေ့မှုများ လျော့နည်းသွားပြီး အေးစက်မှုများ အစားထိုးဝင်ရောက်လာသည်။

ရှီးရွှမ်က ဌာနမှူးနေအိမ်သို့ ရောက်ရှိချိန်တွင် ဆရာဖြစ်သူမှာ စီနီယာအစ်ကို၊ အစ်မများနှင့်အတူ စောင့်ဆိုင်းနေသည်။

သူ ချက်ချင်းပင် ဦးညွှတ်လိုက်၏။

“တပည့် ရှီရွှမ်း ဆရာ့ကို ဂါရဝပြုပါတယ်”

“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”

ချူဖုန်း မိမိတပည့်၏ ပြောင်းလဲမှုကို ရှင်းလင်းစွာ မြင်နိုင်သည်။

မည်သို့ပင်ဆိုစေ လူတစ်ယောက်သည် ကြီးပြင်းလာရန် စမ်းသပ်မှုများကို ဖြတ်ကျော်ရပေမည်။

သူ သိုလှောင်လက်စွပ်အတွင်းမှ ကျောက်စိမ်းပြား တစ်ခုကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။

“ဒါက ငါ မင်းကို သင်ပေးမဲ့ နတ်ဘုရားပညာရပ်ပဲ။ စားသောက်ပြီးရင် ပြန်သွားပြီး လေ့ကျင့်တော့”

“ကျေးဇူးတင်ပါတယ် ဆရာ”

ရှီးရွှမ်သည် စားပွဲပေါ်မှ ကျောက်စိမ်းပြားကို စိုက်ကြည့်ကာ လှမ်းယူပြီး သူ၏ လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်သည်။ သူ စိတ်ထဲတွင် ကျိန်ဆိုလိုက်သည်။

‘ငါ့ရဲ့ ကံကြမ္မာကို ခိုးယူသွားကြတဲ့ သူခိုးတွေ... စောင့်နေကြစမ်း၊ တစ်နေ့ကျရင် ငါ မင်းတို့ကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်မယ်’

All Chapters