အခန်း ၃၇၇
Vol. 38 Ch. 377
အခန်း (၃၇၇) မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့
ညဉ့်နက်နေပြီ ဖြစ်သည်။
မြောင်တောင်ပေါ်ရှိ ဝင်းတစ်ခုတွင် မီးရောင်များ လင်းထိန်နေဆဲပင်။
ထိုမီးရောင်အောက်တွင် လူရိပ်တစ်ရိပ်သည် တင်ပျဉ်ခွေထိုင်ကာ တိတ်ဆိတ်စွာ ကျင့်ကြံနေ၏။
အခန်းထဲတွင် ရှီးရွှမ်သည် ဆရာ့ထံမှ ချီးမြှင့်ခြင်းခံရသော ကျင့်စဉ်ကို ရရှိပြီးနောက် စိတ်အားထက်သန်စွာဖြင့် ချက်ချင်းပင် စတင်လေ့လာနေသည်။
ဤကျင့်စဉ်ကို လျှို့ဝှက်ချက်ကိုးပါး ဟု ခေါ်ပြီး ‘လင်၊ ပင်း၊ ဒို့၊ ကျဲ့၊ ကျန့်၊ ရှု၊ ကျူ၊ ချန်၊ ရှင်း’ ဟူသော ကိုးလုံးပါ မန္တန်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
စာလုံးတစ်လုံးစီတိုင်းသည် အထွတ်အထိပ် နတ်ဘုရားပညာရပ် တစ်ခုစီကို ကိုယ်စားပြုနေ၏။
လျှို့ဝှက်ချက်ကိုးပါး၏ အဖွင့်အမှာစာကို ဖတ်ရှုပြီးနောက် ရှီးရွှမ် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး တိုးတိုးလေး ရေရွတ်မိလိုက်သည်။
“ဆရာက အရာအားလုံးကို ကြိုတင်မြော်လင့်ပြီးသား ဖြစ်နေတာပဲ”
ယခင်က ဆရာပေးခဲ့သော ရိုးရှင်းမှုတွင် ပျော်မွေ့ခြင်း စာအုပ်ထဲတွင် လျှို့ဝှက်ချက်ကိုးပါးနှင့် ပတ်သက်သည့် မှတ်တမ်းများ ပါဝင်နေခဲ့သည်။
ပထမတွင် ရှီးရွှမ်သည် ထိုလျှို့ဝှက်ကျမ်းစာကို နားလည်ရန် ခက်ခဲနေခဲ့သော်လည်း ယခုမှသာ ဆရာက သူ့ကို အဘယ်ကြောင့် ထိုကျမ်းစာကို လေ့လာစေလိုသည်ကို နားလည်သွားတော့လေ၏။
အကယ်၍ သူသည် ရိုးရှင်းမှုတွင် ပျော်မွေ့ခြင်း ထဲမှ သွန်သင်ချက်များကို နားလည်သဘောပေါက်ခဲ့လျှင် လျှို့ဝှက်ချက်ကိုးပါး၏ နတ်ဘုရားပညာရပ်များကို တတ်မြောက်ရန်မှာ လွယ်ကူသွားပေလိမ့်မည်။
ထို့နောက် ရှီးရွှမ်သည် လျှို့ဝှက်ချက်ကိုးပါးကို ခဏဘေးဖယ်ထားပြီး ရိုးရှင်းမှုတွင် ပျော်မွေ့ခြင်းကို ဆက်လက်ဖတ်ရှုနေတော့လေ၏။
နောက်ပိုင်းရက်များတွင် မြောင်တောင်ပေါ်၌ ရှီးရွှမ်၏ ကျမ်းစာရွတ်ဆိုသံများ မကြာခဏ ပဲ့တင်ထပ်နေတတ်သည်။
သူ၏ စီနီယာအစ်ကို၊ အစ်မများက သူသည် ကျင့်ကြံခြင်း မပြုဘဲ နေ့စဉ် တာအိုကျမ်းစာများကိုသာ ဖတ်ရှုနေသည်ကို ဇဝေဇဝါ ဖြစ်နေကြသော်လည်း မည်သူမှ ထပ်မံမမေးမြန်းကြချေ။
သောင်းပြောင်းပညာရပ်ဌာနတွင် လူတိုင်း၏ ကျင့်ကြံခြင်းလမ်းစဉ်သည် မတူညီကြပေ။
အနှစ်သာရ အစစ်အမှန်ကို ဆုပ်ကိုင်မိမှသာ ရှေ့တွင် မည်သည့်လမ်းရှိသည်ကို သိနိုင်မည် ဖြစ်သည်။
ချူဖုန်းမှာမူ ရှီးရွှမ်၏ ရွတ်ဖတ်သံကို နေ့စဉ်နားထောင်ရင်း ဤတပည့်ငယ်လေးအပေါ် အလွန်ကျေနပ်နေမိလေ၏။
ရှီးရွှမ်မှာ မိမိကိုယ်ကိုယ် ကံကြမ္မာသတ်မှတ်ထားသော ဗီလိန်တစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည့်တိုင် စိတ်မလောသလို ပေါ့ပျက်ပျက်လည်း မလုပ်ပေ။ ကျင့်ကြံခြင်း၌ စိတ်ကို တည်ငြိမ်အောင် ထားနိုင်ခြင်းမှာပင် သာမန်ပါရမီရှင်များ မယှဉ်နိုင်သော အချက် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာ၌။
လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက် ဖြစ်သော အရိပ်နှစ်ရိပ်သည် တောင်တန်းများအတွင်းရှိ လေလွင့်ကျင့်ကြံသူ အုပ်စုတစ်စုကို နှိမ်နင်းနေကြသည်။
တဖြောက်ဖြောက် မြည်ဟည်းသွားသော မိုးကြိုးသံများနှင့်အတူ လေလွင့်ကျင့်ကြံသူ အားလုံးသည် သက်မဲ့ခန္ဓာကိုယ်များအဖြစ် မြေပြင်ပေါ်သို့ လဲကျသွားကြလေ၏။
အသက် ဆယ့်နှစ်၊ ဆယ့်သုံးနှစ်အရွယ် မိန်းကလေးက ဘေးရှိ အမျိုးသမီးကို လှည့်ကြည့်ကာ မေးလိုက်သည်။
“စီနီယာအစ်မကျင်း၊ ညီမလေးရဲ့ မိုးကြိုးငါးသွယ်က တကယ်ကို အစွမ်းထက်တယ် မဟုတ်လား”
အဝါနုရောင် ဝတ်စုံဝတ်ထားသော စီနီယာအစ်မက ပြောလိုက်သည်။
“ညီမလေး ပိုင်ကျင်း၊ နင့်ရဲ့ မိုးကြိုးပညာက ပိုပြီးတော့တောင် ပြောင်မြောက်လာပြီပဲ”
ထိုနှစ်ယောက်မှာ အခြားသူများမဟုတ်ဘဲ ချန်ကျင်းကျင်း နှင့် ပိုင်ကျင်းတို့ပင်။
သူတို့ ထွက်ခွာတော့မည့် အချိန်တွင် ကယ်တင်ခြင်းခံလိုက်ရသော ကုန်သည်အဖွဲ့မှ အကြီးအကဲတစ်ဦး ရှေ့သို့တက်လာပြီး လက်သီးဆုပ်ကာ ရိုသေစွာ ပြောလိုက်သည်။
“နတ်သမီးလေးနှစ်ပါးရဲ့ အကူအညီအတွက် ကျေးဇူးအထူးတင်ရှိပါတယ်”
ချန်ကျင်းကျင်း ပြုံးလိုက်၏။
“ကျွန်မတို့က နတ်သမီးတွေ မဟုတ်ပါဘူး။ တကယ်လို့ ကျေးဇူးတင်ချင်တယ်ဆိုရင် ကျွန်မတို့ကို သူရဲကောင်းမလေးတွေလို့ပဲ ခေါ်ပါ”
ပိုင်ကျင်းကလည်း ထိုဘွဲ့အမည်ကို သဘောကျသဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
မြောင်တောင်ပေါ်တွင် ရှိစဉ်က ဤမိန်းကလေးနှစ်ယောက်သည် တရားမျှတမှုကို ဖော်ဆောင်သော သူရဲကောင်းမလေးများအကြောင်း ဆရာပြောပြသည့် ပုံပြင်များကို မကြာခဏ နားထောင်ခဲ့ကြဖူး၏။
ထိုအချိန်က သူတို့သည် တစ်နေ့တွင် ကမ္ဘာတစ်လွှား ကျော်ကြားသော သူရဲကောင်း အမျိုးသမီးများ ဖြစ်လာစေရမည်ဟု တိတ်တဆိတ် သစ္စာဆိုခဲ့ကြသည်။
လေ့ကျင့်ရန်အတွက် တောင်ပေါ်မှ ဆင်းခွင့်ကို ဆရာက ပေးလိုက်ပြီးနောက် သူတို့နှစ်ဦး တောင်ဘက်သို့ အတူတူ ခရီးထွက်လာခဲ့ကြသည်။
ယခုအခါ သူတို့သည် တောင်ပိုင်းလူရိုင်းဒေသ၏ နယ်စပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လူသတ်လုယက်နေသော ကျင့်ကြံသူများကို မြင်မြင်ချင်း သူတို့ ချက်ချင်း လက်တုံ့ပြန်ခဲ့ကြခြင်းပင်။
အကြီးအကဲဖြစ်သူ ဝေခွဲမရဖြစ်သွားပြီးနောက် ရိုသေစွာ ထပ်မံပြောကြားလိုက်၏။
“ကျေးဇူးတင်ပါတယ် သူရဲကောင်းမလေးတို့။ ခရီးက ဘယ်ကို ဦးတည်နေတာလဲဆိုတာ သိခွင့်ရှိမလားခင်ဗျာ”
“ကျွန်မတို့ တောင်ပိုင်းလူရိုင်းနယ်မြေတွေကို စူးစမ်းဖို့ စီစဉ်ထားတာပါ”
ချန်ကျင်းကျင်း မဆိုင်းမတွ ပြန်ဖြေလိုက်၏။
၎င်းကို ကြားလိုက်ရတော့ အကြီးအကဲ၏ စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားသည်။
“ကံကောင်းလိုက်တာ ကျွန်တော်တို့လည်း တောင်ပိုင်းလူရိုင်းနယ်မြေက သားရဲရာချီမြို့တော်ကို သွားမှာပါ။ သူရဲကောင်းမလေးတို့အနေနဲ့ စိတ်မရှိဘူးဆိုရင် ကျွန်တော်တို့နဲ့အတူ လိုက်ပါဖို့ ဖိတ်ခေါ်ချင်ပါတယ်”
“ကောင်းပြီလေ”
ချန်ကျင်းကျင်းသည်လည်း အဖော်ဟောင်းတစ်ယောက်ကို သွားတွေ့ရန် သားရဲရာချီမြို့တော်သို့ သွားရန် စီစဉ်ထားပြီးသား ဖြစ်နေ၏။ လမ်းပြမည့်သူ ရှိနေသဖြင့် သူမအနေဖြင့် ငြင်းဆန်ရန် အကြောင်းမရှိပေ။
“ကြွပါ သူရဲကောင်းမလေးတို့”
အကြီးအကဲဖြစ်သူမှာ အလွန်တက်ကြွစွာ ထိုနှစ်ယောက်ကို ကုန်သည်အဖွဲ့ထံသို့ ခေါ်ဆောင်သွားတော့လေတော့သည်။
စောစောက ဓားပြအဖွဲ့ထဲတွင် စစ်မှန်ကံကြမ္မာအဆင့်၏ အထွတ်အထိပ်အဆင့် ကျင့်ကြံသူပင် ပါဝင်သော်လည်း ဤသူရဲကောင်းမလေး နှစ်ယောက်က အေးအေးဆေးဆေးပင် နှိမ်နင်းနိုင်ခဲ့သည်။ သူတို့သည် ကောင်းကင်ဇာစ်မြစ်အဆင့်မှ အစွမ်းထက် ကျင့်ကြံသူများ ဖြစ်ရမည်မှာ သေချာနေ၏။
သားရဲရာချီမြို့တော်မှာပင် ထိုကဲ့သို့ အစွမ်းမျိုးသည် ထိပ်တန်းအဆင့်တွင် ရှိနေမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သားရဲရာချီမြို့တော်၏ မြို့တော်ဝန် ကိုယ်တိုင်က စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်သားရဲကျင့်ကြံသူမျှသာ ဖြစ်သောကြောင့်ပင်။
မကြာမီ မိန်းကလေးနှစ်ယောက်သည် ကုန်သည်အဖွဲ့၏ ရထားလုံးပေါ်သို့ တက်လိုက်ပြီး တောင်ဘက်သို့ ခရီးဆက်ခဲ့ကြသည်။
လမ်းခရီးမှာ အေးဆေးချောမွေ့ခဲ့ပြီး ရက်သတ္တပတ် နှစ်ပတ်အကြာတွင် ဟိန်းထွက်လာသော အသံတစ်ခု ထွက်ပေါ်လာလေ၏။
“သခင်ကြီးပါး၊ ကျွန်တော်တို့ သားရဲရာချီမြို့တော်နားကို ရောက်တော့မယ်”
ကျင့်ကြံနေကြသော သူနှစ်ယောက်သည် မျက်လုံးများကို ချက်ချင်းဖွင့်လိုက်ကာ ရထားလုံး လိုက်ကာကို မပြီး အပြင်သို့ လှမ်းကြည့်လိုက်ကြသည်။
တောင်တန်းများအကြားတွင် ခမ်းနားစွာ တည်ရှိနေသော မြို့ကြီးတစ်မြို့ကို သူတို့ မြင်တွေ့လိုက်ရလေ၏။
သခင်ကြီးပါးသည် ရထားလုံးဘေးသို့ မြင်းစီးလာပြီး ရိုသေစွာ ဆိုလိုက်သည်။
“သူရဲကောင်းမလေးတို့၊ မြို့ထဲမှာ တည်းခိုမဲ့နေရာ ရှိလား။ မရှိသေးဘူးဆိုရင် ကျွန်တော်တို့ မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့ ကနေ တည်းခိုဖို့ စီစဉ်ပေးနိုင်ပါတယ်”
“မလိုပါဘူး”
ချန်ကျင်းကျင်း စဉ်းစားမနေဘဲ ငြင်းပယ်လိုက်သည်။
ဆရာက သူတို့ကို မကြာခဏ သွန်သင်ဖူးသည်မှာ သူတစ်ပါးကျွေးတာ စားထားလျှင် လွတ်လွတ်လပ်လပ် စကားမပြောနိုင်တော့ပေ။ သူတစ်ပါးလက်ဆောင် ယူထားလျှင်လည်း လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်တော့ပေ ဟု၍ပင်။
သူတို့သည် ကုန်သွယ်ရေးအဖွဲ့ကို ကယ်တင်ခဲ့ဖူးသော်လည်း ထိုကျေးဇူးသည် သူတို့အပေါ် အလွန်အကျွံ ပြုစုယုယ ခံရလောက်သည်အထိ မဟုတ်ပေ။
အကယ်၍ သူတို့၏ အမိုးအောက်တွင် နေထိုင်ခဲ့လျှင် ထိုအဖွဲ့ပြဿနာတက်တိုင်း သူတို့က ကြားဝင်ဖြေရှင်းပေးနေရပေလိမ့်မည်။
ချန်ကျင်းကျင်းသည် သားရဲရာချီမြို့တော်ရှိ ကျင့်ကြံသူများကို မကြောက်သော်လည်း နေ့စဉ် ပြဿနာများကြားတွင် မပတ်သက်လိုခြင်းသာ။
“ဒါဆိုရင်လည်း ကျွန်တော် သူရဲကောင်းမလေးတို့ကို မနှောင့်ယှက်တော့ပါဘူး”
သခင်ကြီးပါးမှာ နှမျောတသ ဖြစ်သွားသော်လည်း သူတို့ကို အဖွဲ့သို့ ခေါ်သွားရန် အတင်းအကျပ် မတိုက်တွန်းရဲချေ။
ကုန်သည်အဖွဲ့သည် မကြာမီ မြို့ထဲသို့ ဝင်ရောက်သွားလေ၏။
ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့သည် မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့မှ လူများကို နှုတ်ဆက်လိုက်ကြသည်။
သခင်ကြီးပါးမှာ သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိလေ၏။
“အင်း... နှမျောစရာပဲ”
သူ့နောက်မှ လိုက်ပါလာသော အဆင့်နိမ့်ကျင့်ကြံသူတစ်ဦးက ပြောသည်။
“သခင်ကြီးပါး၊ အဲ့ဒီနတ်သမီးလေး နှစ်ယောက်ကို ကျွန်တော်တို့ အဖွဲ့မှာ နေဖို့အတွက် ဘာလို့ ဆုလာဘ်တွေ အများကြီး ပေးပြီး မဖိတ်ခေါ်ခဲ့တာလဲ။ သူတို့ကိုသာ ဆွဲဆောင်နိုင်ရင် အဖွဲ့က အကြီးအကဲတွေလည်း အကျိုးအမြတ် နည်းနည်းပါးပါး ပေးရတာကို တွန့်တိုနေမှာ မဟုတ်ပါဘူး”
သခင်ကြီးပါး ခေါင်းခါလိုက်သည်။
“ဒါက ထင်သလောက် မလွယ်ဘူး။ ငါတို့က အဖွဲ့မှာ အာဏာအများကြီး မရှိဘူး။ အကယ်၍ ငါတို့က ကတိတွေပေးလိုက်လို့ အကြီးအကဲတွေက သဘောမတူရင် အဲ့ဒီနတ်သမီးလေး နှစ်ယောက်ကို စော်ကားသလို ဖြစ်သွားမယ်”
“နောက်တစ်ချက်က အကြီးအကဲတွေက သဘောတူရင်တောင် သူတို့ကို ငါတို့အဖွဲ့အစည်းထဲ ခေါ်ထားတာက အိမ်ထဲကို ဝံပုလွေ ဖိတ်ခေါ်သလို ဖြစ်သွားနိုင်တယ်”
ထိုကျင့်ကြံသူက တိုးတိုးလေး ပြောသည်။
“အဲ့လိုတော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော် ကြည့်ရသလောက်တော့ အဲ့ဒီနတ်သမီးလေးတွေက မြင့်မြတ်တဲ့ မျိုးရိုးက လာတာဖြစ်မှာပါ။ ကျွန်တော်တို့ အဖွဲ့ကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး”
“အရင်ကဆိုရင်တော့ စိတ်ဝင်စားမှာ မဟုတ်ပေမဲ့ အခုတော့ ဘယ်သူ သိနိုင်မလဲ”
သခင်ကြီးပါး စကားပြောနေစဉ် မျက်မှောင်များ အလိုလို ကြုံ့သွားခဲ့သည်။ အမှန်တကယ်ပင် ယခုကာလသည် အေးချမ်းလှသည်တော့ မဟုတ်ပေ။
အဆင့်နိမ့်ကျင့်ကြံသူ တိုးတိုးလေး မေးလိုက်ပြန်သည်။
“သခင်ကြီးပါး၊ အပြင်က ကောလာဟလတွေက တကယ်ပဲလား။ ကျွန်တော်တို့ အဖွဲ့မှာ တကယ်ပဲ ထူးခြားတဲ့ ရတနာတစ်ခု ရှိနေတာလား”
သခင်ကြီးပါးက ခေါင်းခါပြသည်။
“မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အရေးမကြီးပါဘူး။ အခု အဲ့ဒီပစ္စည်းကို ထုတ်ပြလိုက်ရင်တောင် အပြင်လူတွေက ယုံမှာမဟုတ်ဘူး။ အဖွဲ့ကိုပဲ ပြန်ကြရအောင်။ မိုးပြိုရင်လည်း အထက်က အကြီးအကဲတွေပဲ ခံရမှာပါ”
“ဟုတ်ကဲ့”
တစ်ချိန်တည်းမှာပင် ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့သည် မြေခွေးနတ်ဆိုး တစ်ဦး ဖွင့်ထားသော တည်းခိုခန်းတစ်ခုတွင် တည်းခိုလိုက်ကြ၏။
သူတို့နှစ်ဦးသည် အခန်းထဲသို့ ချက်ချင်းမဝင်သေးဘဲ ပထမထပ်ခန်းမတွင် ထိုင်ကာ မျိုးနွယ်စုအသီးသီးမှ ကျင့်ကြံသူများ၏ စကားဝိုင်းများကို နားထောင်နေခဲ့သည်။
အမည်နှင့် လိုက်ဖက်စွာပင် သားရဲရာချီမြို့တော်မှာ မျိုးနွယ်စု တစ်ရာကျော်၏ နေအိမ်ဟုဆိုရပေမည်။
မျိုးနွယ်တစ်ရာဟု ဆိုရာတွင် အဓိကအားဖြင့် နတ်ဆိုးမျိုးနွယ်များကို ရည်ညွှန်းသော်လည်း လူသားကျင့်ကြံသူများလည်း အများအပြား ရှိနေခဲ့၏။
ဤမြို့သည် လူသားနှင့် နတ်ဆိုးများကြား အပြန်အလှန် ညှိနှိုင်းမှုမှ ပေါ်ပေါက်လာသော ကြားနေမြို့တစ်မြို့ပင်။
၎င်းသည် မျိုးနွယ်နှစ်ခုကြား ကုန်သွယ်မှု၏ ဗဟိုချက် ဖြစ်သဖြင့် မြို့ထဲတွင် ကုန်သွယ်ရေးအဖွဲ့များဖြင့် ပြည့်နှက်နေသလို လေလွင့်ကျင့်ကြံသူများ စုဝေးရာ နေရာလည်း ဖြစ်သည်။
ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့ကဲ့သို့ လူသားတစ်ဦးနှင့် နတ်ဆိုးတစ်ဦး တွဲနေသည်ကို မြင်ရခြင်းမှာ ဤမြို့တွင် ထူးဆန်းသော မြင်ကွင်း မဟုတ်ပေ။
ဝိုင်အနည်းငယ် သောက်ပြီးနောက် ချန်ကျင်းကျင်းသည် အာရုံစိုက်ကာ နားစွင့်လိုက်၏။
“အားလုံးပဲ၊ ဒီရက်ပိုင်း မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့အကြောင်း သတင်းများ ကြားမိကြသေးလား”
“ခင်ဗျား မေးတာ လူမှန်သွားပြီ။ ကြားရတာတော့ မြို့ထဲက အုပ်စုတွေက အဲ့ဒီအဖွဲ့ကို ရာဇသံ ပေးလိုက်ပြီတဲ့။ ခုနစ်ရက်အတွင်း ရတနာကို လွှဲမပေးရင် အဖွဲ့တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်မယ်လို့ ပြောနေကြတာ”
“မြို့တော်ဝန်ရဲ့ အိမ်တော်က လူတွေတောင် လှုပ်ရှားလာကြပြီတဲ့”
“ဒါဆိုရင်တော့ သားရဲရာချီမြို့တော်က ပြန်ပြီးတော့ ဆူဆူပူပူ ဖြစ်တော့မှာပေါ့”
“….”
၎င်းကို ကြားလိုက်ရတော့ ချန်ကျင်းကျင်း စိတ်ထဲမှ တွေးလိုက်မိသည်။
‘မိုင်ထောင်ချီကုန်သွယ်ရေးအဖွဲ့က နောက်တစ်ခါ ပြန်ပါလာပြန်ပြီပဲ။ မြို့ပြင်မှာ သူတို့ တိုက်ခိုက်ခံရတာက မတော်တဆ မဟုတ်တာတော့ သေချာသွားပြီ’
ဘေးရှိ ပိုင်ကျင်းက တိုးတိုးလေး ပြောသည်။
“စီနီယာအစ်မ၊ မိုင်ထောင်ချီ ကုန်သွယ်ရေးအဖွဲ့မှာ ရတနာရှိမှန်း သိရင် သူတို့ဖိတ်တာကို လက်ခံလိုက်ရမှာ”
ချန်ကျင်းကျင်း ပြုံးလိုက်သည်။
“လက်မခံခဲ့ရင်တောင်မှ ညီမလေးက အဲ့ဒီရတနာကို မြင်ချင်တယ်ဆိုရင် အချိန်တန်တဲ့အခါ သွားကြည့်လို့ ရတာပဲ မဟုတ်လား”
ပိုင်ကျင်း၏ မျက်လုံးများ လင်းလက်သွားလေ၏။
“အဲ့ဒါက တကယ်ပဲ ရတနာလို့ ခေါ်ထိုက်မဲ့ ပစ္စည်း ဖြစ်မလား သိချင်မိတယ်”
“ရုန်းရင်းဆန်ခတ်တွေ စပြီဆိုတာနဲ့ ငါတို့ သိရမှာပါ”
ချန်ကျင်းကျင်းကတော့ ဘာကိုမှ ဂရုမစိုက်ပေ။ သူတို့နှစ်ဦးစလုံးသည် မဟာပဏ္ဍိတတစ်ဦး၏ တိုက်ရိုက်တပည့်များ ဖြစ်ကြသည်။ မည်သည့်ရတနာမျိုးကို သူတို့ မမြင်ဖူးဘဲ နေမည်နည်း။ သူတို့အတွက်မူ သေးငယ်သော အဖွဲ့အစည်းတစ်ခုမှ ရတနာဟု ခေါ်ဆိုနေကြသော အရာများသည် ရတနာဟုပင် မသတ်မှတ်နိုင်ချေ။
“ဟုတ်ကဲ့ပါ၊ ဒါနဲ့ စီနီယာအစ်မ... အစ်မရဲ့ မောင်လေးတွေကို ဘယ်မှာ ရှာရမလဲ သိလား”
ပိုင်ကျင်းကလည်း ထိုကိစ္စကို ဂရုမစိုက်တော့ဘဲ အကြောင်းအရာ ပြောင်းလိုက်သည်။
“မသိဘူး။ ဒါပေမဲ့ ငယ်ငယ်တုန်းက ငါတို့မှာ လျှို့ဝှက်အချက်ပြချက် တစ်ခု ရှိတယ်။ ဒီည ငါ ကျောက်စိမ်းသစ်ရွက်ပုလွေမှုတ်သံကို မှုတ်လိုက်ရင် သူတို့ အသက်ရှင်နေသရွေ့ ငါ့ဆီကို သေချာပေါက် လာတွေ့ကြလိမ့်မယ်”
“ဒါဆိုရင်တော့ အများကြီး ပိုလွယ်သွားတာပေါ့။ အရင်ဆုံး စားကြရအောင်”