← Chapters

Interlude : Looming Twilight

Vol. 1 Ch. 25

Interlude : Looming Twilight

Vol. 1 Ch. 25

အဆိုပါဖြစ်ရပ်များ ဖြစ်ပွါးပြီးနောက် လီယိုနာ့ဒ်တို့မှာ မြို့တွင်းက နတ်နဂါးတပ်မ အတွင်းသို့ပြန်၍ တစ်ကိုယ်ရေ သန့်ရှင်းခြင်းများ ၊ ဒဏ်ရာကို ဆေးထည့်ခြင်းများ ပြုလုပ်ရသည် ။ ဆိုရင်း(န်)မှာ အော်ရကယ် မျှော်စင်သို့ ထွက်ခွါသွား၍ ဟက်(စ်)တန်မှာမူ ၎င်း၏မိဘများက ယခုစွမ်းဆောင်မှုများကို အားရလှသည့်အတွက် ဂုဏ်ပြုပါတီပွဲကြီး ကျင်းပပေးမည်ဟု ဆက်သွယ်လာသောကြောင့် ယူဆီယာတိုင်းပြည်သို့ နေ့ချင်းပြန်သွားလေ၏ ။ မာတိုရိုကမူ သူ့ဒဏ်ရာများကို ကြည့်ပြီးနောက်

“ကိုယ့်လူ တကယ့်ငရဲကို ကံအကောင်းဆုံး ဒဏ်ရာတွေနှင့် ကျော်လာနိုင်ခဲ့တာပဲ ။ ဗိုက်က လက်သည်းချက်တွေကလည်း အောက်ကကြွက်သားကို ထိမသွားဘူး ။ ချုပ်တော့ချုပ်ရလိမ့်မယ် ။ မီးလောင် ဒဏ်ရာကလည်း First Degree Burn မို့ အရေပြားရဲ့ Epidermis ကိုပဲ ထိသွားတယ် ။ ဒါပေမဲ့ ခင်ဗျားက အဲသည်အနာပေါ်မှာ ရေခဲတွေရော သူများသွေးတွေရော ပေလူးလာတော့ ပိုးသတ်ဆေး ဆန်းဂွင်းနဲလာ (Senguinella) တော့ သောက်ရလိမ့်မယ်”

ဟူသော စကားထူးထူးဆန်းဆန်းများ ပြောနေလျက်ပင် ဒဏ်ရာကို ပြန်ချုပ်၍ လိုအပ်သော သောက်ဆေး ၊ လိမ်းဆေးများ စီမံပေးရာ၌ ၊ ၎င်းသည် သူ့ဝမ်းဗိုက်ကို အပ်ဖြင့် အစိမ်းချုပ်သည့်ပြင် ၊ ချုပ်ပြီးသည့်အခါတွင်လည်း အပ်ချည်ကိုပါ ဆောင့်ဆွဲရကား နာလွန်းလှသဖြင့် လီယိုနာ့ဒ်မှာ ထိုင်ခုံလက်ရန်းကို လက်ဖဝါးများ အောင့်လာသည်အထိ ကိုင်ဆုပ်လျက် အံကို တင်းတင်းကြိတ်ခံရလေ၏ ။ ဘေးက ဇိုက်(ခ်)မှာလည်း သူ့ဒဏ်ရာများကို ကြည့်နေကာ

“တန်နားဘရက်(စ်)ရဲ့ စတုတ္ထမြောက် ဒိုမီနီယမ် အန်းမရက်(ခ်) ဟုတ်လား ။ ပြီးတော့ အဲကောင်က ခင်ဗျားနှင့် တစ်ပုံစံတည်း … ခေါင်းဆောင် ခင်ဗျား ဒီနေ့စွမ်းဆောင်ခဲ့တာတွေက ကြီးလွန်းလို့ ကျုပ်ဘာလုပ်ပေးရမှန်းတောင် မသိတော့ဘူး ။ အထက်ကိုတော့ ခင်ဗျားနာမည်နှင့်တကွ အားလုံးတင်ပြထားတယ် ။ အခုဆို ဒီသတင်းတွေ နတ်ပြည်ရောက်လောက်ကောပေါ့”

“မလိုပါဘူးကွာ … ငါ့ရွာကိုပဲ ကြည့်ပေးစမ်းပါ”

“ဒါကို စိတ်မပူစမ်းပါနှင့် ။ ကဲ … ခင်ဗျားပြီးပြီလား ။ ပြီးရင် သမုဒယရတီ နန်းတော်ကို သွားကြစို့ ။ လေဒီ ဆယ်ဖီးနီးကို ပြန်ပို့ပေးရလိမ့်မယ် ။ ဟူး … မြိုင်ချုပ်အဘွားကြီးကတော့ ဒီပုံစံကို ကြိုက်မယ်မထင်ဘူး”

ဇိုက်(ခ်)မှာ သာမဂ္ဂီပြည့်ကြီးတန်ဆာကို ကြည့်ကာ ပြောလိုက်ခြင်းဖြစ်၏။ ယခုအခါ လေဒီ ဆယ်ဖီးနီးမှာ သူ့ဘေး၌ ယှဉ်ထိုင်နေလျက် ၊ သူ၏ မသန်တော့သည့် ဘယ်လက်ကို သူ(မ)၏လက်နှစ်ဖက်လုံးဖြင့် ဆွဲကိုင်ထားလျက်ရှိပြီး ၊ သူလှည့်ကြည့်သည့်အခါတွင်လည်း သူ(မ)မှာ မျက်လုံးများ မှိတ်သွားသည်အထိ အေးချမ်း၍ အပြစ်ကင်းလှသော အပြုံးကြီးတစ်ခုကို ပြုံးပြပြန်သဖြင့် သူသိထားသော ဆယ်ဖီးနီး ၊ ငယ်စဉ်ကတည်းက ပိုးပဝါကျောင်းက ထွက်ပြေးရန် ကြိုးစားခဲ့သည့် ဆယ်ဖီးနီး ၊ ဧည့်သည်အချိုးမပြေပါက ဧည့်ခံနေစဉ်မှာပင် မောင်းထုတ်ပစ်သော ဆယ်ဖီးနီး ၊ သူ(မ)၏ အလုပ်သင်လေးများကိုလည်း စနစ်တကျ နှိပ်စက်တတ်သေးသော ဆယ်ဖီးနီးနှင့် အနှီပုံစံကား လားလားမျှပင် မအပ်စပ်လှပါချေ ။

သို့ပေသော်ငြား မျက်နှာချင်း ကြာကြာမဆိုင်ရဲ ။ မပူးကပ်ရုံတမျှနီးကပ်နေသောကြောင့် သူ(မ)၏ မာယာရှင်ကိုယ်သင်းနံ့ကို ရှူရှိုက်မိပါက သူ့နှလုံးသား လှိုက်ဖိုသွားနိုင်သည် မဟုတ်ပါလား ။ တုန်ယင် မိန်းမောသွားနိုင်သည် ဟုတ်ပေတကား ။ သို့ဖြစ်သည့်အလျောက် သူလည်း သက်ပြင်းတစ်ချက်သာချ၍ မာတိုရိုဘက်သို့ လှည့်လိုက်လေ၏ ။

“မင်းတကယ်ပဲ မရတော့ဘူးလား”

“ကိုယ့်လူ ဒီမေးခွန်းကို မေးနေတာ ဘယ်နှခါရှိနေပြီလဲ ။ အခု ဖဲလေဒီကို ကုမယ်ဆိုရင် ပထမဆုံး အရှင်လတ်လတ် ဦးခေါင်းခွံကို ဖွင့်ရမယ် ။ ပြီးရင် သူ့ခေါင်းထဲက မီဇိုဗာကပ်ပါးကောင်ကို ထုတ်ယူရမယ် ။ အဲသည်မှာ ပြဿနာကစတာ … မီဇိုဗာ အဆင့်ရောက်ရင် အဲကပ်ပါးကောင်က ဟို့(စ်) (Host) ရဲ့ဦးနှောက်ကို ဘယ်လောက်ထိ တွယ်ထားတာလဲ ဆိုတာ ခင်ဗျားမှတ်မိတယ်မလား”

ထိုစကားကြောင့် ဆေးရုံက ယာယီတဲငယ်အတွင်း၌ မီဇိုဗာကပ်ပါးကောင်ကို ဆွဲဖယ်ရာမှ လူသေ၏ ဦးနှောက်ရှေ့ပိုင်းတစ်ခြမ်းလုံး ဖွာလန်ကြဲသွားသည်ကို ပြန်လည်မြင်ယောင်လာ၏ ။

“လူအရှင်ကို ခေါင်းဖွင့်တာထိက ကျုပ်လုပ်နိုင်တယ် ။ ဒါပေမဲ့ ဒီမီဇိုဗာကပ်ပါးကောင်ကို ဦးနှောက်မထိဘဲ ထုတ်ဖို့နှင့် ၊ ထုတ်ပြီးတဲ့အခါမှာ ပုံမှန်အသိစိတ်ပြန်ရအောင် လုပ်ပေးဖို့က ကျုပ်ပညာရဲ့အလွန်ဖြစ်သွားပြီ ။ နတ်ပြည်တက်ကုမှပဲရမယ် ။ စိတ်မကောင်းပါဘူးကိုယ့်လူ … ကျုပ်ဒီရောဂါကို မကုတတ်ဘူး”

“မကုတတ်တာများ ရှည်ရှည်ဝေးဝေးပြောလို့ကွာ”

ဟု ဇိုက်(ခ်)က ဝင်ဆို၏ ။ လီယိုနာ့ဒ်ကမူ ချင်းကို လက်ကာပြလိုက်၍

“ဒါဆို သူ့အတွက် ဘာကအကောင်းဆုံး ဖြစ်မယ်ထင်လဲ”

ဟုမေးသည့်အခါ မာတိုရိုက လက်လေးဖက်လုံးကို ပြိုင်တူပိုက်လျက် သူ(မ)ကိုငုံ့ကြည့်လေသည် ။

“လက်ရှိမှာတော့ ဒီတိုင်းပဲထားလိုက်တာ အကောင်းဆုံးပဲ ။ အခုဆိုရင် သူ့ဘာသာ သွားနိုင်တယ်လာနိုင်တယ် ။ စကားလုံးဝမပြောပေမဲ့ ပိရမစ်ထဲမှာ သီချင်းတောင် ဆိုသွားသေးတယ်ဆို ။ ဒါဆို အသံပိုင်းလည်း အဆင်ပြေနေတာပဲ ။ GCS 3 ကြီးနှင့် ကိုမာ ဝင်နေတာထက်စာလျှင်တော့ အခုက အခြေအနေအများကြီး ပိုကောင်းတယ်လေ ။ ပြီးတော့ သူ့ကိုထိန်းတဲ့ ကိရိယာက ခင်ဗျားဆီမှာပဲ ရှိနေတာမလား ။ ခင်ဗျားဘာမျှမလုပ်ရင် ခေါင်းထဲက ကပ်ပါးကောင်ကလည်း ဘာမျှလုပ်မှာမဟုတ်ဘူး ။ ကုလိုက်မှ ပိုဆိုးသွားလိမ့်မယ်”

အနှီစကားကြောင့် လီယိုနာ့ဒ်မှာ သူ့လက်ထဲက ကြိမ်နှုန်းနိမ့် အာထရာဆောင်း (Low Frequency Ultrasonic Wave) ထုတ်လွှတ်သော ဘဲဥသဏ္ဌာန် အနက်ရောင်ကိရိယာလေးကို ငုံ့ကြည့်၍ ဘောင်းဘီအိတ်ထောင်တွင်းသို့ ထည့်ပြီးနောက် အင်္ကျီနှင့်စလွယ်တို့ကို ပြန်လည်ဝတ်ဆင်လိုက်လေသည် ။

“ကဲပါ … အခုတော့ လေဒီ ဆယ်ဖီးနီးကို အိမ်ပြန်ပို့လိုက်ကြတာပေါ့”

ဟုဆို၍ သူ(မ)ကိုလည်း ထရန် အချက်ပြလေပြီးနောက် ၊ သူတို့သည် ပိုးပဝါ ၊ မြသလွန်နှင့် သမုဒယရတီ နန်းတော်ကြီးဆီသို့ ထွက်လာကြလေသည် ။ ။

***************

သမုဒယရတီနန်းတော်၏ ဒုတိယမြောက် ထိပ်ဆုံးအလွှာသို့ ရောက်သည်နှင့် ၊ လေဒီ ဆယ်ဖီးနီးမှာ ဂါဝန်နီနီကို အသာမလျက် လှဣန္ဒြေတို့ဝေစည်အပ်သော ဆင်မယဉ်သာ ခြေလှမ်းကျဲလေးများဖြင့် ကျောက်သားကြမ်းပြင်ကို ထိရုံမျှသာ ဖွဖွလေးနင်းကာ ကျောက်ရုပ်ကြီးအတွင်းက အခန်းအတွင်းသို့ ဝင်သွားသောကြောင့် ၊ ဤသည်ကိုကြည့်လျက် လီယိုနာ့ဒ်မှာ “အလျင်လိုနေလင့်ကစား တင့်အောင်လျှောက်တတ်သောဣိတ္ထိယ” ဟု မှတ်ချက်ပေးမိသွားပြီး ၊ မာတိုရိုတို့နှင့်အတူ သူ(မ)နောက်မှလိုက်၍ ဘေးက အလုပ်သင်လေးများအား မီဇိုဗာကပ်ပါးကောင်နှင့် ပတ်သက်သော အကြောင်းအရာများကို ထိန်းချန်ကာ ဖြစ်ခဲ့သမျှကို နားလည်လွယ်သော စကားတို့ဖြင့်သာ ရှင်းပြလိုက်လေသည် ။

“ရှင် … ဒါ … ဒါဆို မမလေး … မမလေးက တန်နားဘရက်(စ်)က သေနင်္ဂပါလ နတ်ယုတ်ရဲ့ အပြင်းထန်ဆုံးကျိန်စာကို မိပြီး ဒါမျိုးဖြစ်သွားတာလား”

“မမလေး စိတ်ဖောက်ပြန်နေတာလားဟင်”

အခန်းတွင်းရောက်လျှင် လေဒီ ဆယ်ဖီးနီးမှာကား သူ(မ)၏ အဆင့်ဆင့်ထုံးဖွဲ့ထားသော ဆံထုံးကြီးအား ဖြေချလိုက်သဖြင့် မင်ရောင်အလား နက်မှောင်နေသော ဆံနွယ်တို့မှာ ဖနောင့်ထိပင် ပြိုကျသွားလေတော့သည် ။

ယင်းနောက် စာအုပ်စင်ဘေးတွင် ထောင်ထားသော မိုယာအနှစ်သား ခေါက်စားပွဲနှင့် ခေါက်ထိုင်ခုံများကို ဖြန့်၍ တစ်ယောက်တည်း နေရာချနေသည့်အတွက် သူတို့လည်း သူ(မ)ကို ကူညီပေးလိုက်ရပြီး ၊ ပြင်ဆင်ပြီးလေသရော် သူ(မ)သည် ထိုင်ခုံပေါ်၌ထိုင်ကာ စားပွဲပေါ်က စာရွက်တစ်ရွက်နှင့် ခဲတံကိုသုံးလျက် ပုံတစ်ပုံစဆွဲတော့သည် ။

ယောက်ျားတစ်ယောက်၏ပုံကို ရေးဆွဲနေခြင်းဖြစ်ပြီး ၊ ထိုပုံ၌ မျက်နှာကို အကြမ်းဖျင်းသာ ဆွဲထားလင့်ကစား အောက်ပိုင်းအင်္ကျီနှင့် ဘောင်းဘီကို ရေးခြစ်နေပုံမှာမူ အသေးစိတ် ကျနလှ၍ ၊ ရေးခြစ်နေလျက်ပင် ထိုအဝတ်အစားမှာ ပီပီပြင်ပြင် ပုံပေါ်လာတော့သည် ။ သူ(မ)ဆွဲနေသော အဝတ်အစားမှာ ယန္တရားချပ်ဝတ်အောက်၌ ခံဝတ်ရသော အဝတ်အစားဒီဇိုင်း ။ ထိုအခါ လီယိုနာ့ဒ်က အလုပ်သင်လေးများထံလှည့်ပြီး

“နေပါဦး … လေဒီ ဆယ်ဖီးနီးက ဘယ်လိုဖြစ်ပြီး အဝတ်အစားဒီဇိုင်း ပညာကို ဒီလောက်တတ်နေရတာလဲ ။ မင်းတို့ ပိုးပဝါကျောင်းမှာ အဝတ်ချုပ်တာနှင့် ပတ်သက်တာတော့ မသင်ဘူးမလား”

ဟုမေးလိုက်သည့်အခါ ၎င်းတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကုန်ကြလေပြီး တခဏမျှကြာမှ တစ်ယောက်ကခေါင်းညိတ်၍

“ဟုတ်ပါတယ် … အဝတ်ချုပ်တာက ပြည့်တန်ဆာ အတတ်မဟုတ်ပါဘူး ။ ဒီကိစ္စက သမုဒယရတီနန်းတော်တွင်းက လျှို့ဝှက်ချက်ဆိုပေမဲ့ မမလေးရဲ့ အသက်သခင် သူရဲကောင်းကိုတော့ ပြောပြပါ့မယ် ။ တကယ်တော့ မမလေးက “ဆန်ဒရာ” (Sandra) အင်္ကျီအမှတ်တံဆိပ်ရဲ့ ပိုင်ရှင်ပါ”

“ဟမ် …”

“ဘာ …”

သူနှင့်ဇိုက်(ခ်) တို့နှစ်ယောက်လုံးထံမှ အာမေဍိတ်သံ အသီးသီးထွက်သွားကြသည် ။ ဆန်ဒရာ အမှတ်တံဆိပ် အထည်များမှာ လက်တွေ့ကျသော ဒီဇိုင်းနှင့် ၊ ချုပ်သားသပ်ရပ်မှုတို့ကြောင့် သူအကြိုက်ဆုံးအမှတ်တံဆိပ်ဖြစ်၍ အာဇာဂါနာမြို့တော်သို့ရောက်ကြိုက် အဲလရော့ ဝင်ဝယ်နေစဉ်၌ အပိုမဖြုန်းတတ်သောသူပင် တစ်ထည်ဝယ်သွားရန် ဆုံးဖြတ်ခဲ့ဖူးသည် မဟုတ်ပါလား ။ ဣိတ္ထိယဆန်သော အမည်ကြောင့် အင်္ကျီဒီဇိုင်နာမှာ မိန်းမတစ်ဦးဖြစ်ရပေအံ့ဟု တွေးထင်ဖူးလင့်ကစား ကမ္ဘာ့ထိပ်တန်းပြည့်တန်ဆာ တစ်ဦးဖြစ်နေသည်ကိုမူ တွေးမထားခဲ့ပါချေ ။ ဇိုက်(ခ်)ကလည်း လေဒီ ဆယ်ဖီးနီးကို ကြည့်နေလျက်

“ဒါ … အခုမှ တော်တော်​လေး ရေပန်းစားလာတဲ့ တံဆိပ်မလား ။ ပေါ်ခါစတုန်းက လက်လုပ်လက်စားတွေကိုပဲ ပစ်မှတ်ထားပြီးချုပ်တာ ။ အရင်ငါးလလောက်ကမှ ကာဒီုနီယမ်တိုင်းပြည်ထွက် ပိုးထည်တွေစချုပ်ပြီး အထက်တန်းလွှာထဲ ဝင်လာတာ ။ အဲသည် ဒီဇိုင်းတွေအားလုံး လေဒီဆယ်ဖီးနီး ဆွဲတာပေါ့”

“ဟုတ်ပါတယ် … မမလေးက ဘယ်လိုပုံနှင့် အင်္ကျီပညာကို တတ်လာမှန်း ကျွန်မတို့မသိပါဘူး ။ အခု လျှို့ဝှက်ချက်ကို ပြောပါ့မယ် ။ သူရဲကောင်းတို့ စိတ်ထဲမှာပဲ သိမ်းထားကြပါ ။ မမလေးက ကမ္ဘာမှာ နှစ်ယောက်ပဲရှိတဲ့ ပြည့်ကြီးတန်ဆာဆိုတဲ့ဘဝကို မပျော်ပိုက်လို့ အင်္ကျီလုပ်ငန်းလုပ်ပြီး သူ့ကိုယ်သူ ပြန်ဝယ်ဖို့ကြိုးစားနေတာပါ ။

ဒါတွေကြောင့်ပဲ မမလေးက တစ်ပတ်မှာ တစ်ရက်ပဲ ပြည့်တန်ဆာအလုပ်လုပ်ပြီး ကျန်တဲ့ရက်တွေမှာလည်း ပွဲမတက်တော့တာပါ ။ မြိုင်ချုပ်ကြီးနှင့် အင်္ကျီလုပ်ငန်းကို အကြီးအကျယ် လုပ်နေတာ ။ ဟိုကလည်း စုပေါင်းစပ်ပေါင်းကနေ ပိုက်ဆံတွေတအားရတော့ မမလေးစည်းကမ်းဖောက်တာတွေထိပါ လွှတ်ပေးထားတယ်လေ ။ သူရဲကောင်းတို့ ကြားနေတဲ့ ကောလာဟလ တွေထဲကလို မမလေးက နာတာရှည်ရောဂါ ဖြစ်နေတာ မဟုတ်ပါဘူး”

ပြည့်တန်ဆာကိုဝယ်ယူခြင်း ဟူသည်မှာ ရိုဒီးနီးယား၌ ထူးဆန်းလှသော ကိစ္စမဟုတ်ဘဲ ၊ ပြည့်တန်ဆာ တစ်ဦး အသက်သုံးဆယ်နား ရောက်လာပြီဆိုပါက သမုဒယရတီနန်းတော်ဝယ် ပြည့်တန်ဆာ ရောင်းထုတ်ပွဲကျင်းပပြီး ၊ သူကြားဖူးသလောက် ဝယ်နည်းမှာနှစ်မျိုးသာရှိ၍ ပထမတစ်မျိုးမှာ ငွေကြေး အလွန်ကြွယ်ဝသူများက ပြည့်တန်ဆာကို ငွေပုံပေးကာ ဝယ်ကြခြင်းဖြစ်သည် ။

ဒုတိယတစ်မျိုးမှာမူ ယောက်ျားဘက်က ကျိကျိတက်မချမ်းသာသော်လည်း ပြည့်တန်ဆာနှင့် ရည်ငံနေပါက ၊ အကြင်သူနှင့် ပြည့်တန်ဆာ နှစ်ဦးစလုံးက ပိုက်ဆံစုထားကြပြီး ထိုပိုက်ဆံဖြင့် သမုဒယရတီနန်းတော်မှ ထွက်ခွါခွင့် ၊ လွတ်လပ်ခွင့်ကို ဝယ်ယူ၍ ပေါင်းသင်းကြခြင်းဖြစ်သည် ။

သို့သော် ပိုက်ဆံရှိသူဌေး အကူအညီမပါ ၊ ရည်ငံသူမရှိဘဲ ကိုယ့်ထူးကိုယ်ချွန်၍ ကိုယ့်ကိုယ်ကိုယ် ပြန်ဝယ်သောပြည့်တန်ဆာကိုမူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည် ။

ထို့ပြင် သူ(မ)နှင့် ခုတင်ပေါ် မတက်ပါက ငွေပြန်အမ်းသည့်ကိစ္စများ ၊ ပြည့်တန်ဆာ အလုပ်ကို လေဒီ လီလီယာနာလောက် မလုပ်သောကိစ္စများအားလုံးကိုလည်း ဇာတ်ရည်လည်သွား၍ ၊ တစ်ချိန်တည်းမှာပင် သူ(မ)ကို “အင်္ကျီပညာတတ်မြောက်သော ထိပ်တန်းပြည့်တန်ဆာ” ဟူသော ရှုထောင့်ကမကြည့်ဘဲ ၊ “အင်္ကျီပညာရှင်တစ်ဦး ဖြစ်ပါလျက်နှင့် တစ်ပတ်လျှင်တစ်ခါ ပြည့်တန်ဆာလုပ်ရသည်” ဟူသောရှုထောင့်က ပြန်ကြည့်မိသော် ၊ ရင်တွင်းလေးလံလာလျက် ခေါင်းခါယမ်းမိသွားတော့သည် ။ သူ(မ)ကား အင်မတန်တော်ပါပေသည် ။ သို့လင့်ကစား စီးပွါးရေးသမားတစ်ဦးအောက်၌ အကြီးအကျယ် ခေါင်းပုံဖြတ်ခံနေရသည့်ဘဝ ။ ယခုတော့ ယဉ်ယဉ်လေးသာ ရူးနေရှာပြီ ။ ထို့ကြောင့် သူလည်း စားပွဲပေါ်၌ ဒီဇိုင်းဆွဲနေသော သူ(မ)ကိုငုံ့ကြည့်ကာ

“ကိုယ့်ကို ဝယ်ဖို့ကသိပ်တော့ လွယ်မယ်မထင်ဘူး”

“လွယ်ပါရိုးလား သူရဲကောင်း ။ အသက်သုံးဆယ် ပြည့်တန်ဆာ တစ်ယောက်ကိုတောင် ငွေလှည်းတိုက်ပြီးဝယ်ရတာ ။ မမလေးက အသက်နှစ်ဆယ့် တစ်နှစ်ပဲရှိသေးတယ် ။ ပြီးတော့ သာမဂ္ဂီအကကို ဖန်တီးထားတဲ့သူ ၊ ရိုဒီးနီးယားမှာ နှစ်ယောက်ပဲရှိတဲ့ထဲက တစ်ယောက်လေ ။ မြိုင်ချုပ်ကြီး ဘယ်လောက်တောင်းလဲ ကျွန်မတို့မသိဘူး ။ သေချာတာကတော့ မမလေးလုံးဝ မပေးနိုင်တဲ့ စျေးကိုတောင်းထားမှာပဲ ။ မြို့တစ်မြို့တည် နိုင်လောက်တဲ့ စျေးမျိုး”

ထိုအခါ ဘေးနားက အလုပ်သင်လေးတစ်ယောက်ကလည်း

“ဒါကြောင့်မမလေးက မြိုင်ချုပ်ကြီးနှင့် ပြဿနာတက်လာပြီး စိတ်တအားဆိုးလာရင် ကျွန်မတို့ကို ဆုံးမတာပါ ။ ပြည့်တန်ဆာ ဖြစ်ချင်ဦး … ပြည့်တန်ဆာ လုပ်ချင်ဦး လို့ပြောပြီး နည်းနည်းပါးပါး ရိုက်တာပါ … အဲဒါကိုလည်း နှိပ်စက်တယ်လို့ ခေါင်းစဉ်တပ်လို့တပ်နှင့်”

ဟုဆိုနေစဉ် ဘေးက ဒီဇိုင်းဆွဲနေသော လေဒီ ဆယ်ဖီးနီးမှာ ထလာသဖြင့် “သူ(မ)ရှေ့၌ သူ(မ)၏ အတင်းကိုအားပါးတရ တုတ်နေကြသော သူတို့ကို မည်ကဲ့သို့ဆိုတော့မည်နည်း” ဟု တွေးမိသွားလင့်ကစား ၊ သူ(မ)မှာ မည်သည့်စကားမျှမဆိုဘဲ သူ့အနားသို့သာ တိုးကပ်လာ၍ ပေကြိုးလေးနှင့် သူ့လည်ပင်းကိုလည်းကောင်း ၊ ပခုံးကိုလည်းကောင်း ၊ လက်မောင်းကိုလည်းကောင်း စသည်ဖြင့် တစ်ကိုယ်လုံးလှည့်ပတ်တိုင်းထွာနေလေရာ ၊ လီယိုနာ့ဒ်မှာလည်း အလိုက်သင့် ခြေမြှောက်လက်မြှောက်လုပ်ပေးနေရပြီး ၊ အနှီအခြင်းအရာကို ကြည့်လျက် သူ(မ)၏ အလုပ်သင်လေးများကလည်း ပါးစပ်အဟောင်းသား ။

တိုင်းထွာပြီးစီးသွားသည့်အခါ ဆွဲထားသော ပုံ၏တချို့နေရာများကို ခဲဖျက်လေးဖြင့် ပြန်ဖျက်၍ အသစ်တစ်မျိုး ပြန်ဆွဲနေပြန်၏ ။ သူတို့စကားများကို ဂရုစိုက်ဟန်ပင်မပေါ် ။ သူ(မ)လုပ်ချင်သည်ကို လုပ်နေလျက် အစွမ်းကုန် လွတ်လပ်ရေးရနေသူလေး ပမာပင် ။ ထို့ကြောင့်သူလည်း သက်ပြင်းဖွဖွတစ်ချက်ကို ခိုးချလိုက်ပြီး သိလိုသည်များကို ဆက်မေးကြည့်လိုက်၏ ။

“ဖဲလေဒီက မင်းတို့ကို ရိုက်တာတွေ ၊ ရေခဲရေထဲ ဒူးထောက်ခိုင်းတာတွေထိ လုပ်ထားတာကိုတောင် ဗွေမယူဘူးပေါ့”

“မယူပါဘူး သူရဲကောင်း ။ မမလေးက ပညာလုံးဝ မလျှိုဘူးလေ ။ ကျန်တဲ့ပြည့်တန်ဆာတွေအားလုံး သူတို့ အလုပ်သင်တွေကို ပညာကုန်သင်မပေးကြဘူး ။ နောင်အခါ အပြိုင်ပုံစံပြန်ဖြစ်မှာဆိုတော့ တစ်ကွက်နှစ်ကွက်လျှိုကြတယ် ။

မမလေးကတော့ သူကဒီကနေ ထွက်သွားမှာဆိုတော့ သူ့ပညာကို အမွေပေးတဲ့ပုံစံနှင့်ကို အိတ်သွန်ဖာမှောက်သင်ပေးတာ ။ သူ့ကိုယ်ပိုင်တေးတွေရော ၊ သာမဂ္ဂီအကတွေထိ အားလုံးသင်ပေးတယ် ။ ပြီးတော့ … ပြီးတော့ …”

ဟုဆို၍ အနှီအလုပ်သင်လေးမှာ စကားကို ဆက်မပြောတော့ဘဲ ကျန်အလုပ်သင်များကို လှည့်ကြည့်သည့်အခါ ၊ ကျန်မိန်းကလေးများကလည်း ခေါင်းညိတ်ပြလေလျှင် ၊ သူ(မ)မှာ လီယိုနာ့ဒ်တို့ဘက်သို့ ပြန်လှည့်လာလေသည် ။

“ပြောလက်စနှင့် အကုန်ပြောပြပါမယ် ။ မမလေးက ကျွန်မတို့ကို ဧည့်သည်နှင့်ပါ မအိပ်ခိုင်းပါဘူး ။ လွန်ခဲ့တဲ့ သုံးလက ကျွန်မတို့အပျိုရည်ပျက်ခ ဆိုပြီး မြိုင်ချုပ်ကို သွားအပ်ခဲ့တဲ့ ပိုက်ဆံတွေက မမလေးစုထားတဲ့ ပိုက်ဆံတွေပါ ။ ဒါကြောင့် စိတ်အခန့်မသင့်လို့ တစ်ခါတလေ ထရိုက်တာလောက်ကတော့ ကျွန်မတို့က သည်းခံနိုင်ပါတယ်”

ဟုဆိုပြီးနောက် အနှီအလုပ်သင်လေးမှာ မျက်နှာငယ်လေးဖြင့် ရှေ့တိုးလာ၍

“ဒါကြောင့် သူရဲကောင်း … မမလေးကို ကယ်မပေးနိုင်တော့ဘူးလားဟင် ။ ဒီကျိန်စာကို တစ်ယောက်မျှ မဖြေနိုင်ကြတော့ဘူးလား ။ အသက် နှစ်ဆယ့်တစ်နှစ်ဆိုတာ ပြည့်တန်ဆာတစ်ယောက်ရဲ့ အတောက်ပဆုံး (Prime) အချိန်ပါ ။ မမလေးက ဒါမျိုးကံကြမ္မာကြီးနှင့် မထိုက်တန်ပါဘူး”

ထိုအခိုက် အခန်းတံခါးမှာ ဝုန်းခနဲပွင့်သွားပြီးနောက် မြိုင်ချုပ်အဘွားကြီးမှာ ယင်း၏ ငါးခန္ဓာကိုယ်ကြီးနှင့် လျှောတိုက်ဝင်လာ၍ ဆယ်ဖီးနီးကို မြင်သရော်

“ဆယ်ဖီး … ဆယ်ဖီး … နင် ကျိန်စာမိသွားတာဆို ။ ဘယ်လိုဖြစ်တာလဲ သက်သာရဲ့လား … ငါ့ကိုပြောပါဦး … အောက်မှာ ညည်းသတင်းတွေ ထိန်းမရအောင်ပျံ့နေပြီ ။ သူတို့ပြောနေသလို ရူးသွားတာမဟုတ်ဘူးမလား ။ ဟမ် … ဟမ် … ဟုတ်တယ်မလား … မရူးဘူးမလားလို့ ။ ဟဲ့ … ငါ့ကို စကားလေးတစ်ခွန်းဖြစ်ဖြစ် ပြန်ပြောစမ်းပါဦး”

ပြောနေလျက် အဘွားကြီးမှာ သူ(မ)၏ပခုံးကို ကိုင်လှုပ်နေသည်တွင် ၊ သူ(မ)၏မျက်နှာမှာ တင်းမာလာ၍ ခဲတံကို သာမန်အတိုင်း ကိုင်ထားရာမှ ဓားမြှောင်တစ်ချောင်းကို ကိုင်သည့်နှယ် လက်ငါးချောင်းလုံးဖြင့် ပြောင်းကိုင်လိုက်သောကြောင့် မြိုင်ချုပ်အဘွားကြီးမှာ “ဟယ်” ဟုအော်ကာ နောက်ပြန်ဆုတ်သွားပြီးနောက် ငါးမြီးကြီးလည်းခွေသွားလေ၏ ။ ထိုအခါ လေဒီ ဆယ်ဖီးနီးမှာ ဒီဇိုင်းပြန်ဆွဲနေပြန်၏ ။ အဘွားကြီးကား ထအော်လေပြီ ။

“တကယ်ကြီး ရူးသွားတာပဲ … တကယ်ကြီးရူးသွားတာ … နတ်ဘုရားမ နီရင် ကယ်ပါဦး … မနက်ဖြန် အော်ဒါမှာထားတဲ့ အထည်ဒီဇိုင်း အသစ်တွေ ဘယ်လိုလုပ်တော့မှာတုံး ။ အဲဒါ ညည်း မင်းညီမင်းသားတွေကို အရမ်းငြင်းလို့ ဒါမျိုးကျိန်စာမိတာဟဲ့ ။ မယ်ရီဂရက်က မင်းသားတစ်ပါးဆို ညည်းငြင်းပစ်လိုက်တုန်းကဆို အဲမင်းသားက ငါတို့ကိုပါ ကျိန်ဆဲသွားခဲ့တာ”

၎င်းနောက် သူတို့ဘက်လှည့်လာပြီး

“သူရဲကောင်း … သူရဲကောင်း … လုပ်ပါဦး ။ သူရဲကောင်းတို့က စစ်နတ်ဘုရားနှင့် အနီးစပ်ဆုံးသူတွေမလား ။ ကျွန်မသမီးလေးကို တန်ခိုးတော်နှင့်ကုသပေးဖို့ အသနားခံပေးပါဦး ။ သူရဲကောင်းတို့သာ ကူညီပေးမယ်ဆိုရင် သူရဲကောင်းတို့ လျှောက်လွှာတင်တိုင်း ၊ သူ့ကို မငြင်းခိုင်းပါဘူး ။ ပထမတစ်ခါလည်း အခမဲ့ဖြစ်စေရပါမယ် ။ လုပ်ပါဦး … နော် … နော်”

ဟုဆိုကာ သူ့လက်ကို လာဆွဲနေသောကြောင့် သူသည် အော်ဂလီဆန်ဖွယ်ကောင်းလှသော ရေသူမကြီးကို စကားဆက်မပြောလိုတော့ဘဲ ထွက်သွားရန် ပြင်ပေသော်ငြား ခေါင်းတွင်း အကြံတစ်ခုပေါ်လာသည့်အလျောက် ပြုံး၍ ခေါင်းညိတ်လိုက်လေသည် ။

“ဒါပေါ့ … ဒါပေါ့ ။ တစ်လောကလုံးမှာမှ နှစ်ယောက်ပဲရှိတဲ့ ထိပ်တန်းပြည့်ကြီးတန်ဆာပဲ ။ ဒါမျိုး သုခုမပညာသည် တစ်ယောက်ကို ဘယ်အဆုံးရှုံးခံလို့ ဖြစ်ပါ့မလဲ ။ ဒါကြောင့် ဒီမလာခင်ကတည်းက လေဒီ ဆယ်ဖီးနီးရဲ့ အကြောင်းကို နတ်ပြည်ဆီ သတင်းပို့ထားပြီးပြီ”

“ဟယ် …”

“တကယ်ကြီးလား …”

“ဟေ့လူ”

“ခေါင်းဆောင်”

အခန်းတွင်းက သူများအားလုံး၏ အကြည့်တို့မှာ သူ့ထံသို့ကျရောက်လာ၏။ သို့သော် သူကမူ အပြုံးမပျက်ဘဲ

“နတ်ဘုရား အက်(စ်)မန်းဒက်(စ်) ကိုယ်တော်တိုင်က လေဒီ ဆယ်ဖီးနီးကိုကြည့်ပြီးသွားပြီ”

“ဘာတဲ့လဲ … သူရဲကောင်း … နတ်ဘုရားက ဘာတဲ့လဲ ။ ကျုပ်ကိုပြောပါတော့ … သမီးလေးကို သနားလွန်းလို့ အကြေးခွံတွေတောင် ဖြူကုန်တော့မယ်”

“နတ်မျက်စိနှင့် ကြည့်လိုက်တော့ လေဒီ ဆယ်ဖီးနီးရဲ့ ဘေးပတ်ပတ်လည်မှာ နတ်ယုတ် ရေ့(ဇ်)ရဲ့ ကျိန်စာသံကြိုးတွေ အထပ်ထပ်ရစ်ပတ်နေတယ်တဲ့ ။ အဲသည်ကျိန်စာက ဖဲလေဒီရဲ့ အတွေးတွေကနေ တစ်ဆင့် ထပ်ဆင့်ပွါးနေတယ်လို့ပါ ဆိုတယ် ။ ကုချင်ရင် နတ်တွေရဲ့ သွေးနှင့်သွန်းလုပ်ထားတဲ့ နတ်ဓားတစ်လက်ကို ဖန်ဆင်းပြီးမှ အဲဓားနှင့် ကျိန်စာကြိုးတွေကို ခုတ်ဖြတ်ပစ်ရမယ်လို့ ဆိုတယ်”

ထိုအခါ မာတိုရိုထံမှ ဟက်ခနဲ အသံထွက်လာပြီးနောက် ရယ်သံယောင်ယောင် ချောင်းဆိုးသံယောင်ယောင်ဖြင့် ရောချသွားလေ၏ ။

“အခုဟာက ခင်ဗျားလည်းသိတဲ့ အတိုင်းပဲ ။ နတ်ပြည်မှာလည်း အခြေအနေတွေ ရှုပ်ထွေးနေပြီး စစ်ခင်းကြတော့မယ် ။ စစ်မီးက လူ့ပြည်ကိုပါ ကူးနေပြီ ။ နတ်ဘုရားက ဝန်တွေပိနေတဲ့ အထဲကနေ သည်ဓားမြတ်ကို သွန်းလုပ်ရမှာ ။ အဲတော့ အချိန်တစ်ခုတော့ ကြာလိမ့်မယ်”

“ရ … ရပါတယ် နဂါးသူရဲကောင်းရယ် ။ သမီးလေးကို ပြန်ကယ်နိုင်မယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ …”

“နေဦး ကျုပ်စကားမပြီးသေးဘူး ။ ကျိန်စာကြိုးတွေက သူ့အတွေးတွေကတစ်ဆင့် ပွါးနေတာဆိုတော့ ။ နောက်ထပ် အရမ်းများလာရင် နတ်ဓားနှင့်တောင် အားလုံးပြတ်အောင် မဖြတ်နိုင်ရင် ခက်ရော့မယ် ။ အဲတော့ နတ်ဘုရားက သူဓားသွန်းလုပ်မပြီးမီမှာ ရှောင်ရမဲ့အရာ နှစ်ချက်ကို မိန့်မူလိုက်တယ် ။ ပထမအချက်က သူ့ကို စိတ်ချမ်းသာအောင်ထားရမယ် ။ မလုပ်လိုတာတွေ ဘာတစ်ခုမျှ မခိုင်းရဘူး”

“သိ … သိပါပြီ … သူရဲကောင်း ။ နောက်တစ်ချက်ကကော”

“ဒုတိယအချက်က သန်ချဆေးမသောက်ရဘူး ။ အထူးသဖြင့် မီဖာလာ အမြစ်ကိုသွေးတိုက်တာ ရှောင်ရမယ်”

ထိုအခါ ရေသူမကြီး၏ ပါးဟက်များ စုကျဉ်းသွား၍

“ဒါကကော ဘာအဓိပ္ပာယ်လဲ”

“ဒါကတော့ ကျုပ်လည်း ဘယ်သိမလဲ ။ ကျုပ်က နတ်ဘုရား ကိုယ်တော်တိုင် မိန့်မူတာကို ပြန်ပြောရုံပဲ ။ ခိုင်းထားတာ မလုပ်ထားလို့ နတ်ဓားနှင့်တောင်ကုမရရင် ခင်ဗျားတို့ထိုက်နှင့် ခင်ဗျားတို့ကံပေါ့”

“အဲ … အဲသည်လို မဖြစ်စေရပါဘူး သူရဲကောင်းကြီးရယ် ။ ခိုင်းသမျှအားလုံးပြင်ဆင်ထားပါ့မယ် ။ ဒါပေမဲ့ … ဓားကဘယ်တော့မှ ဖန်ဆင်းလို့ ပြီးမှာလဲဟင်”

“ခင်ဗျားက စစ်နတ်ဘုရားရဲ့ တန်ခိုးတော်ကို မေးခွန်းထုတ်နေတာလား ။ ပြီးသင့်တဲ့အချိန်မှာ ပြီးမယ် ။ ပြီးတဲ့အချိန် ကျုပ်ကိုယ်တိုင်ယူလာမယ် ။ အဲဒါမတိုင်မီ ခင်ဗျားတို့ဘက်က လုပ်သင့်တာလုပ်ထား ။ အခုကျုပ်ပြောနိုင်တာ ဒီလောက်ပဲ”

ဟုဆိုပြီးနောက် လေဒီ ဆယ်ဖီးနီးကို ကြည့်လိုက်သည့်အခါ ၊ ခဲတံလေးကိုကိုင်ထားသော သူ(မ)ကလည်း သူ့ကိုပြန်ကြည့်လျက် ပိရမစ်အတွင်းကအတိုင်း အပြုံးကြီးပြုံးပြနေပြန်သောကြောင့် ယခုအခါတွင် သူကလည်း ပြန်ပြုံးပြလိုက်ပါသည် ။

ပြည့်တန်ဆာခမောက် ဆောင်းမထားလင့်ကစား ကျစ်ဆံမြီးငယ်လေးများဖြင့်ရစ်ပတ်ထားသည့် ကေသာသွင်ပြင်နှင့်သူ(မ)ကား လှအဉ္ဇလီတင့်ပါပေသည် ။ ဖြန့်ချထားသော ဆံသားများအား ပန်းခက်သဏ္ဌာန်ဖော်ထားသော ရွှေမျှင်တန်ဆာလေးများဖြင့် အုပ်ထားသည်မှာလည်း ရင်ဖိုတိမ်းညွတ်ဖွယ် ။

ပိရမစ်ပျံကြီးပေါ်၌ သေကောင်ပေါင်းလဲ ပြေးလွှားခဲ့ရသည့်အလျောက် သူ(မ)၏ ပါးပြင်လေးမှာ ဆီချေးစတို့နှင့် ပေလူးနေလင့်ကစား ၊ နဖူးပြင်က မိတ်ကပ်တို့ ပျက်စပြုနေပေသော်ငြား ၊ ရူပါရုံ၏ ကျော့ရှင်းမှုတို့မှာ စိုးစဉ်းလေးမျှပင် ကျဆင်းမသွားဘဲ ၊ ဤပျိုမေ၏ မျက်နှာထက်ဝယ် ကပိုကရိုပန်းလေးတစ်ပွင့်သာ ထပ်လောင်းတိုးဆင့် ပွင့်လန်းနေလေသည် ။

ပိရမစ်ကြီးအတွင်း၌ သူသည် သူ(မ)ခေါင်းဖြတ်ခံရတော့မည့် အရေးမှ ကယ်တင်ခဲ့သကဲ့သို့ ၊ သူ(မ)ကလည်း Mysterios Luthos ကြီးကို ရင်ဆိုင်နိုင်သည့် ဒိုင်းရှာပေးခဲ့သည့်ပြင် ၊ နောက်ဆုံးသေရေးရှင်ရေး အချိန်၌လည်း ကူညီခဲ့ကြသည့်အားလျော်စွာ သူတို့အချင်းချင်းကြား အသက်ကျေးဇူးများ အပြန်အလှန်ရှိကြလေသည် ။ ထို့ပြင် သူ(မ)မှာ သူ၏အနှစ်သက်ဆုံး မီယော့ဂီတပညာရှင်လည်း ဖြစ်နေသေးသည် ။ ယင်းသာမက သူဝတ်ဆင်နေသော အင်္ကျီများကို ချုပ်လုပ်သူလည်းဖြစ်သည် ။

သူသည် မြို့ကြီးတစ်မြို့တည်နိုင်သည့် ဓနအားဖြင့် သူ(မ)ကို ဝယ်ယူနိုင်ခြင်းငြာမစွမ်းသာ ။ ထို့ကြောင့် သူလုပ်ပေးနိုင်သည်မှာ ဤမျှသာ ။ သူတို့အားလုံး လေဒီ ဆယ်ဖီးနီး၏ အခန်းတွင်းက ထွက်လာလျှင် မာတိုရိုက

“အကြားအာရုံ မချို့တဲ့ဘူး ၊ အသံလည်း ပျက်မသွားဘူး ။ ပညာရပ်တွေလည်း တစ်ခုမျှ မေ့မသွားဘူး ။ ဒါပေမဲ့ ဘာမျှဂရုမစိုက်တော့ဘူး ။ ဦးနှောက်ရှေ့ခြမ်း (Frontal Cortex) ကိုဘယ်လိုမျိုးထိသွားလို့ ဒါမျိုးပုံစံနှင့် ရူးသွားပါလိမ့်”

ဟုတစ်ယောက်တည်း ရေရွတ်နေ၏။ ဇိုက်(ခ်)ကမူ

“ခေါင်းဆောင် … ခင်ဗျားကကော ဘယ်တုန်းက မိန်းမတစ်ယောက်အတွက်နှင့် နတ်ဘုရားရဲ့ဂုဏ်တော်ကို အလွဲသုံးစား လုပ်တတ်သွားတာလဲ”

ဟုမေးလေသရော် သူလည်း ပြုံးသာပြုံးနေလိုက်ပါ၏ ။ “မင်းလိုအလကား မွှန်နေတာထက်တော့ တန်တယ်ကွာ” ဟူသည့် အပြုံး ။ ယင်းသို့ဖြင့် သူတို့သည် နန်းတော်ကြီးအောက်သို့ ပြန်ဆင်းလာကြလေသည် ။ ။

***************

သမုဒယရတီ နန်းတော်ကြီးမှ တစ်ထပ်ပြီးတစ်ထပ် ဆင်းလာရာ၌ ၊ ယခင်က အပ်ကျသံ မကြားရလောက်အောင်ထိ သဒ္ဒါရုံအား ကွယ်လျှိုခဲ့ကြသော အထပ်များပင် ယခုအခါ မငြိမ်သက်တော့ဘဲ ပြည့်တန်ဆာများမှာ တစ်ယောက်နှင့်တစ်ယောက် ဘုံခန်းမဆောင်ကြီးများ၌ တွေ့ဆုံကြ၍လည်းကောင်း ၊ တစ်ခန်းမှ တစ်ခန်းသို့ ကူးလူးကြ၍လည်းကောင်း အတင်းအဖျင်းများ ပြောဆိုနေသည့်အတွက် ၊ ချင်းတို့၏ စကားများကို တကူးတက နားမထောင်ပါလျက်နှင့် အတိုင်းသားကြားနေရလေသည် ။

“ဆယ်ဖီးနီး ရူးသွားပြီဆို … အဲဒါသာ တကယ်ကြီးဆိုရင်တော့ လီလီယာနာ အသက်ရှူချောင်ပြီပေါ့ ။ သူ့မှာ တစ်လောကလုံးရဲ့ အဆင့်တစ် ပြည့်ကြီးတန်ဆာဆိုတဲ့ ဘွဲ့ခံယူမယ်ကြံတိုင်း ၊ သူ့လက်ရည်တူကြီးက ဒုတိယထပ်မှာ ငုတ်တုတ်ကြီး ထိုင်နေတာလေ ။ အပေါ်ထပ်ကို မီးလှမ်းမြှိုက်နေတာ … အခုတော့ အဲဘဝက ကျွတ်ကောပေါ့”

“ပညာပိုင်းမှာ ယှဉ်စရာမကျန်တော့ရင် အလှပိုင်းမှာ ဆယ်ဖီးနီးက သာတာ ။ ပိုးပဝါကျောင်းတုန်းက အပျိုပေါက်တဲ့ အရွယ်ကစပြီး ခန္ဓာကိုယ် အချိုးအစား စာမေးပွဲတိုင်းမှာ သူချည်းပထမဆွဲလာတာ ။ ဆိုက်ရူရီယာ တိုင်းသူဖြစ်နေတာကလည်း တစ်ပန်းသာသေး ။ လီလီယာနာက ငါ့လိုပဲ နည်းနည်းသွယ်သလားလို့”

“အိုဘာပဲပြောပြော ငါကတော့ အမှန်တရားပေါ်သွားတာပဲ ကျေနပ်တယ် ။ ငါပြောပါတယ် … ဆယ်ဖီးနီးက ဝါယောဓာတ်များတဲ့ နာတာရှည်ရောဂါ ဖြစ်နေတာပါဆို ။ အဲဒါကို မြိုင်ချုပ်က အသေအကြေဖုံးဖိထားပြီး တစ်ပတ်မှာတစ်ရက်ပဲ အလုပ်လုပ်ခိုင်းတာ … ဟုတ်ရင်ကျော် ပုပ်ရင်ပေါ်တာပဲမလား ။ အခုတော့ မဖုံးနိုင်မဖိနိုင် အလဲလဲအကွဲကွဲပဲ”

“နင်တို့တွေ ဘာဖြစ်လို့ သူများဒုက္ခရောက်တာကို ဒီလောက်ကြီး မြိန်ရေရှက်ရေ ပြောနေကြတာလဲဟင် ။ ငါတို့ပြည့်တန်ဆာတွေဆိုတာ အရင်တုန်းက အနုပညာသည်လို့ သတ်မှတ်ခံရပေမဲ့ သူတို့နှစ်ယောက် ပေါ်လာမှ နန်းတွင်းပညာရှင်တွေကပါ ငါတို့ကိုလေးလေးစားစား ဆက်ဆံလာတာလေ ။ အဲသည်နှစ်ယောက်ထဲက တစ်ယောက် မရှိတော့တာက ငါတို့နန်းဆောင်ရဲ့ ဂုဏ်တစ်ဝက်ကျတာလို့ မမြင်ကြဘူးလား ။ ဆယ်ဖီး နေရာက ငါတို့အောက်ကလို တစ်ယောက်လျော့ တစ်ယောက်အစားထိုးလို့ ရတာမျိုးမဟုတ်ဘူး ။ ဆယ်ဖီးနှင့် ပိုးပဝါမှာ အတန်းတူခဲ့တဲ့ ငါတို့ထိပ်တန်း ရှစ်ယောက်တောင် သူ့နေရာမှာ ဝင်မရဘူး”

“တော်ပါ … တော်ပါ … ရွိုင်လန်း (Roilan) ရယ် ။ နင်က ဆယ်ဖီးနီးနှင့် အမြဲတမ်းပူးတွဲသီချင်းဆိုပြီး အသံသွင်းနေကျဆိုတော့ ဒီလိုပဲကာပြောမှာပေါ့ ။ ဒါနှင့် စကားမစပ် … ဆယ်ဖီးနီး ရူးပြီဆိုတော့ သာမဂ္ဂီအကပါ တိမ်ကောပြီဆိုတဲ့သဘောလား ။ အဲသည်အက က နောက်နှစ်နှစ်ဆိုရင် ပိုးပဝါကျောင်းရဲ့ သင်ရိုးထဲတောင် ပြဋ္ဌာန်းတော့မှာကို … အဲဒါကတော့ နှမြောစရာ”

“သူ့အလုပ်သင်လေးတွေတော့ ပညာနည်းနည်းရလိမ့်မယ်နှင့်တူတယ်”

“ရစရာလား ။ ဆယ်ဖီးနီးလား သူ့ရဲ့အဓိကပညာကို သင်ပေးမှာ ။ ငါတို့တောင် အချင်းချင်း လျှိုကြသေးတာ ၊ သူကဘာလို့ မလျှိုရမှာလဲ”

ဟူသည့်စကားများကား သောသောညံနေလေပြီ ။ ဤသို့ဖြင့် လီယိုနာ့ဒ်တို့မှာ သမုဒယရတီရဲတိုက်ကြီး အတွင်းမှ မြသလွန်သို့ ဆင်းလာကြပြီးနောက် ဥယျာဉ်ကြီးအတွင်း၌ လျှောက်လှမ်းလာကြစဉ် ၊ ပန်းပေါင်းစုံဖူးပွင့်နေသော အန်သရယ်ပင်ကြီးများ စက်ဝိုင်းသဏ္ဌာန်ပေါက်နေသည့်နေရာသို့ ရောက်ရှိလာသောအခါ ၊ ထိုအပင်စက်ဝိုင်းကြီးအတွင်းဝယ် ဥယျာဉ်ပျိုများမှာလည်း စက်ဝိုင်းသဏ္ဌာန်သကဲ့သို့ ညီညီညာညာ ဝိုင်းကာရပ်နေကြသောကြောင့် အပင်စက်ဝိုင်းနှင့် လူစက်ဝိုင်း နှစ်ထပ်ဖြစ်နေလေရာ ၊ ဤသည်ကိုကြည့်ကာ “၎င်းတို့၏အလယ်၌ မည်သည့်အရာရှိနေသဖြင့် ယင်းကဲ့သို့အထပ်ထပ် ဝန်းရံနေကြပါသနည်း” ဟု စိတ်တွင်း အောက်မေ့နေမိကြိုက် ၊ ဥယျာဉ်ပျိုတချို့မှာ သူတို့ကိုမြင်သည်နှင့် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြရကား ၎င်းတို့၏ နားဝယ်ပန်ဆင်ထားကြသော ချူသံလေးများမှာလည်း သာယာညံစည်လာလေလျှင် ၊ ယင်းတို့ကြားမှ အလုပ်သင်ပြည့်တန်ဆာ တစ်ယောက်ထွက်လာ၍ သူ(မ)နှင့်လိုက်ခဲ့ပါ ဟုဆိုလေသရော် ဇိုက်(ခ်)ကလည်း လိုက်မည်အပြု ၊ အလုပ်သင်လေးက လီယိုနာ့ဒ်ကိုသာလိုက်ခဲ့ပါရန် ထပ်လောင်းဆိုနေသည့်အတွက် သူတစ်ယောက်သာ သူ(မ)နောက်မှ လိုက်ပါလျက် အပင်စက်ဝိုင်းကြီးနှင့် ဥယျာဉ်ပျိုစက်ဝိုင်းကြီး နှစ်ထပ်ကို ကျော်ဖြတ်လတ်သော် ၊ စက်ဝိုင်းနှစ်ခု၏ အလယ်ဗဟို၌ ခရမ်းရောင်ဂါဝန် ၊ ရွှေသားဇာရုံလွှာနှင့် ခရမ်းသားခမောက်ဆောင်းထားသော လေဒီ လီလီယာနာသည် ပုစွန်ဆီရောင်တောက်နေသော ညနေဆည်းဆာ အလှအား ရှုစားနေသည်ကို တွေ့လိုက်ရပြီး ၊ မြက်ခင်းပြင်စိမ်းစိမ်းပေါ်၌ နီသော၊ ဝါသော၊ ပြာသော ၊ ဖြူသော အန်သရယ် ပန်းပွင့်ဖတ်များက ကော်ဇောကြီးတစ်ချပ် ခင်းထားသဖွယ် ကြွေလွင့်နေသည်မှာလည်း သူ(မ)၏လှဂုဏ်ရည်ကို အသေခံပံ့ပိုးထားသည့်အလားပင် ။

https://mmxianxia.com/wp-content/uploads/2026/05/IMG_6976.webp

အနားကပ်သွားသည်တွင် သူ(မ)က ပခုံးပေါ်လက်တင် နှုတ်ဆက်လေ၏ ။ ယင်းနောက် တျာနီမြန်းနေသည့် နှုတ်ခမ်းထူထူလေးကို ပြုံးရုံမျှသာပြုံး၍

“အာဇာဂါနာ မြို့ထဲမှာ လောင်မီးတွေ ဟုန်းဟုန်းတောက်နေသလို ၊ သမုဒယရတီ နန်းတော်ထဲမှာလည်း မောဟမီးတွေ အလျှံညီးနေတယ် ။ ဆည်းဆာယံက တိမ်လွှာတွေကြောင့်သာ နှမစိတ်တွေ ပြန်အေးချမ်းရလေရဲ့”

ဟုဆိုသရော် သူကလည်း ခေါင်ကိုသာ တစ်ချက်ညိတ်ပြလိုက်သည် ။ ထိုအခိုက်၌ လေတစ်ချက်ဝှေ့လာသည့်အခါ ၊ သူ(မ)၏ ကိုယ်သင်းနံ့နှင့် အန်သရယ်ပန်းနံ့ ပေါင်းစည်းထားသည့် ရနံ့ချိုချို ရှရှလေးမှာလည်း သူ့နှာဝကို ဆော့ကစားလာသောကြောင့် အသက်ကို အောင့်လိုက်ရ၏ ။ အလွန်အကြူးရှူမိပြီး စိတ်မထိန်းနိုင်လာပါက ခက်ရော့မည် ။

“တကယ်ကြီး ဘေးရန်မထိမခဘဲ ပြန်လာနိုင်ခဲ့တာပဲ အစွယ်တစ်ဖက်ကျိုးနေတဲ့နဂါး ။ တိုက်ပွဲတွင်းမှာ နှမမှာခဲ့တဲ့ အသိစိတ်တို့ကို ရင်ဝယ်အောက်မေ့ထားခဲ့ရဲ့လား ။ ဒါမှမဟုတ် လောကဒဏ်ရဲ့ စမ်းသပ်မှုအောက်မှာ ကျိုးပျက်ခဲ့ပြီလား”

ထိုစကားကြောင့် အန်းမရက်(ခ်)နှင့် တိုက်ခိုက်ခဲ့စဉ်က သူ့စိတ်များ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ခဲ့သည်ကို ပြန်သတိရ၍ ၊ မျက်နှာတစ်ချက်ပျက်သွားလေ၏ ။

“အခြေအနေအရ လှုပ်ရှားခဲ့ရပါတယ် မလေဒီ”

ဟုဆိုလေရာ ၊ သူ(မ)ကလည်း ခေါင်းတစ်ချက်ညိတ်ပြီး ကောင်းကင်ကိုမော့ကြည့်ပြန်သဖြင့် သူကလည်းအတူတူ ကြည့်လေရာ၌ ဆည်းဆာယံက နေမင်းနီကြီးမှာ အိုက်ကရက်(စ်)မဟာယာဉ်ကြီး နောက်ကွယ်သို့ စတင်ပုန်းကွယ်နေလေပြီ ။ ထိုကြိုက်

“အစက နှမဟာ ဒီအခြေအနေကို မီဖာလာစေ့ခပ်ထားတဲ့ ရေနွေးကြမ်းတစ်ခုလို ရှုမြင်ခဲ့တယ် ။ ဒါပေမဲ့ တကယ်တမ်းကျတော့ သည်နဂါးက ဓားဆွဲရှင်းခဲ့ရတာပဲ ။ နှမနှင့် သည်နဂါးရဲ့ ပထမဆုံးတွေ့ဆုံမှုဟာလည်း တယ်ပြီးမချောမွေ့ခဲ့ဘူး ။ နှမဘက်က လိုအပ်ချက်တွေရှိခဲ့တယ်”

ဟုဆို၍ သူ့ဘက် ပြန်လှည့်လာလေ၏ ။ ဘဲဥသဏ္ဌာန် ရှည်မျောမျာမျက်နှာ ၊ ထိုအတွင်းက မိုးစက်ပမာ ကြည်လဲ့နေသောမျက်ဝန်းများနှင့် ပန်းရွက်လေးအလား စိုရဲနေသော နှုတ်ခမ်းထူစုစု နှစ်လွှာတို့ ပေါင်းစပ်မှုကား မဟာဆန်ဆန်နှင့် ညှို့ဓာတ်ပြင်းဖွယ် ။

https://mmxianxia.com/wp-content/uploads/2026/05/IMG_2298.webp

၎င်းနောက် သူ(မ)၏ နှုတ်ခမ်းသားတို့မှာ ပွင့်လှစ်လာလေပြီး

“ဒါကြောင့် … ဒီအမှားကိုပြန်ပြီး ပြင်ဆင်ချင်ပါတယ် ။ သည်နဂါးကို သည်ညမှာ နှမဧည့်ခံချင်ပါတယ်”

ထိုစကားကြောင့် သူ့ရင်တွင်းထိတ်သွားရပြီး တစ်ကိုယ်လုံးပူနွေးလာလေသည် ။ ဤအခိုက်၌ပင် လေဒီ လီလီယာနာ၏ အလုပ်သင်လေးတစ်ယောက်မှာ အမွှေးလိမ်းကျံထားသော ပန်းရောင်ကတ်ထူပြားလေးကို လာပေးလေသည် ။

“ဘယ်လို … ဒါဆို … မလေဒီကို ဒီနေ့လေလံအောင်ထားတဲ့သူက”

ထိုအခါ သူ(မ)ထံမှ တိုးတိုးညင်းညင်း ရယ်သံလေးထွက်လာ၏ ။

“ဒါတွေတွေးမပူပါနှင့် ၊ ညဉ့်ဦးယံ ရှစ်နာရီမှာ သမုဒယရတီနန်းတော်ရဲ့ အပေါ်ဆုံးထပ်ကို တက်ခဲ့ပါ ။ နှမ မြှော်နေပါမယ် ။ အခုတော့ … ညီမလေးက သည်နဂါးကို လိုက်ပို့ပေးလိုက်ပါဦး”

လေဒီ လီလီယာနာမှာ နှင်နေပြီဖြစ်သောကြောင့် သူလည်း အလုပ်သင်ပြည့်တန်ဆာလေး၏ နောက်သို့ပြန်လည်လိုက်ပါရာဝယ် ၊ အနားက ဥယျာဉ်ပျိုတို့၏ တွတ်ထိုးသံများကိုလည်း ကြားဖြစ်အောင်ကြားလိုက်ပါသေးသည် ။

“အလိုဟေ့ … လေဒီ လီလီယာနာက ဒီနေ့သူ့ကို လေလံအောင်ထားတဲ့ ယူဆီယာရဲ့ မီလန်းအိမ်တော်က သူဌေးကြီးကို ငြင်းလိုက်တာပေါ့ ။ အဲဒါဆို လေလံအောင်ထားတဲ့ ဖရီယာတွေ အကုန်ပြန်လျော်ပြီး ဒီလက်ကျိုးကြီးကို အလကားဧည့်ခံမှာလား ။ ငါ့အထင် တကယ်စိတ်ဖောက်ပြန်တာက လေဒီ ဆယ်ဖီးနီးမဟုတ်လောက်ဘူး … လေဒီ လီလီယာနာဖြစ်မယ်နှင့်တူတယ်”

“ဟယ် … အဲသည်လို မပြောပါနှင့် ။ ကြည့်ကောင်းပါတယ်”

“ကြည့်ကောင်းတယ် ဟုတ်လား … ဒီလောက် ညှဉ်းသိုးသိုးရုပ်ကြီးကို ။ မုတ်ဆိတ်မွေး ပါးသိုင်းမွေးတွေနှင့် သူ့မျက်နှာကြီးကြည့်ရတာ ဒါမီယာ နွယ်အုံကြီး ကြည့်နေရတဲ့အတိုင်းပဲ ။ ငါသာ သူနှင့်အိပ်ရမယ်ဆိုရင် မျက်နှာကို ဟိုဘက်လှည့်ထားမှာ ။ လုံးဝပြန်မနမ်းဘူး”

“ဟာ သွားစမ်းပါ ။ ဘာကို ဂရုစိုက်နေရမှာလဲ ။ ဒါသူတို့ အထက်တန်းစားတွေအလုပ် ။ ငါတို့ဥယျာဉ်ပျိုတွေနှင့် အဝေးကြီးပဲ ။ ဘာပဲပြောပြော ငါကတော့ ဒီနေ့ပျော်တယ် … ခုနက မြို့ထဲမှာ မြို့စောင့်တပ်တွေအချင်းချင်း ပစ်ခတ်ကုန်တာ စစ်ထဖြစ်လုကြီးပဲ ။ မြို့ခံတွေလည်း အများကြီးသေကြတယ်ကြားတယ်”

“ဟဲ့ကောင်မ … အဲဒါပျော်စရာလား”

“ပျော်စရာပေါ့ဟဲ့ … လူတွေအများကြီး သေကုန်ပြီလေ ။ ယောက်ျားတွေအများကြီး သေကုန်ပြီ ။ သင်္ချိုင်းမှာ စည်ကားရင် ဆောင်ကြာမြိုင်မှာ လူပါးပြီ … ဒါဆို ငါတို့လည်း ဒီနေ့အနားရပြီ ။ ပြီးတော့ ရမထာသိင်္ဂီ နတ်ဘုရားမရဲ့ နတ်ကွန်းကြီးကိုလည်း ဖူးလိုက်ရသေး ။ ငါတို့မကိုးကွယ်ပေမဲ့ နတ်ဘုရားမတန်ခိုးတော်ကတော့ ထွားချက်ပဲ”

ဟူသည့်အသံများနှင့်အတူ ဥယျာဉ်ပျိုတို့၏နားက ချူသံများမှာလည်း သူ၏စိတ်အလား အဟုန်ပြင်းစွာ ၊ အပူကင်းစွာနှင့် ဝေယံထက်သို့ ပျံ့လွင့်လျက်သာ ရှိနေလေသည့်အလျောက် သူ့မျက်နှာသည်လည်း ပြုံးယောင်တစ်ချက်သာသန်းလာလျက် အကြင်စကားတို့ကို မကြားဟန်ပြုကာ ပိုးပဝါ ၊ မြသလွန်နှင့် သမုဒယရတီ နန်းတော်ကြီးမှ ထွက်ခွါလာလေတော့သတည်း ။ ။

*************

All Chapters