A Fleeting Peace
Vol. 1 Ch. 26
စစ်တပ်တွင်းရှိ မဟူရာ မျှော်စင်ကြီး၏ မြေညီထပ်၌ဖြစ်သည် ။ လီယိုနာ့ဒ်မှာ ကျောက်တံခါးဝဘောင်ကြီးကို မှီနေပြီး ၊ ဇိုက်(ခ်)မှာမူ ပန်းရောင်ဖိတ်စာ ကတ်ပြားလေးကို ကိုင်ထားလျက် ယန္တရားချပ်ဝတ်ကြီးဖြင့် ခေါက်တုံ့ခေါက်ပြန်လျှောက်နေရကား ကြမ်းပြင်တစ်ခုလုံး တဒုံးဒုံးအသံများဖြင့် ဆူညံနေလျှင် မာတိုရို၏ အင်တာနာများ ခါယမ်းလာ၍
“တပ်မှူး ခင်ဗျားတော်တော့ဗျာ ။ ခင်ဗျားသွားရမှာလည်း မဟုတ်ဘဲနှင့် … ဘာတွေ ဒီလောက်ဖြစ်နေတာတုံး”
“မင်းအစွယ်တွေကို စေ့ထားစမ်းပါ ။ ခေါင်းဆောင်ကြည့်စမ်း … ပြည့်တန်ဆာတွေက ခင်ဗျားတင်တဲ့ လျှောက်လွှာကို ရွေးပြီဆိုရင် ဒါမျိုးဖိတ်စာပေးတာဗျ ။ အဲသည်ဖိတ်စာကို သူတို့သုံးတဲ့ ရေမွှေးဆွတ်ထားတယ် … ဒါက လေဒီ လီလီယာနာရဲ့ ရေမွှေးနံ့များလား”
ဟုဆို၍ ၎င်းမှာအနှီဖိတ်စာလေးကို နှာခေါင်းထိပ်ဖြင့် ထိလိုက်လေရာ ၊ လီယိုနာ့ဒ်မှာ ဟက်ခနဲသာ တစ်ချက်ရယ်မိသွားလေ၏ ။ ထိုအခါယင်းက
“ဟာ … ခေါင်းဆောင် မထုံတက်သေးနှင့် ။ နည်းနည်းလေးတောင် စိတ်မလှုပ်ရှားဘူးလား ၊ မပျော်ဘူးလား ။ ကမ္ဘာ့အဆင့်တစ် ပြည့်ကြီးတန်ဆာ (High Courtesan) က ခင်ဗျားကို အလကားဖိတ်တာဟ ။ ဒါမျိုးလုပ်နေရမဲ့ အချိန်မဟုတ်ဘူး … သွား … ရေသွားချိုး ခင်ဗျားမှာ ချည်ထည်တွေပဲရှိတာမလား ။ ကျုပ်ပိုးထည်တွေ ယူသွားချေ”
“ရေကချိုးပြီးပြီလေကွာ”
“နောက်တစ်ခါ ထပ်ချိုးကွာ”
ဟူသောစကားကြောင့် သူတစ်ချက်တွေသွားမိ၏ ။ စိတ်မလှုပ်ရှားဘူးလော ။ မပျော်ဘူးလော ။ ယောက်ျားအများအတွင်းက ယောက်ျားတစ်ယောက်သာဖြစ်သော သူသည် ရာဗလွန် အင်ပါယာကြီး၏ အဆင့်တစ် အဆင်တန်ဆာဟုပင် သတ်မှတ်ခံထားရထားသော လေဒီ လီလီယာနာ၏ သုခုမပညာကို ရှုစားရတော့မည်ဟု တွေးမိလတ်သော် သူ့မျက်လုံးများ တောက်ပလာ၏ ။
သူ့ဘဝ၌ အမြင့်ဆုံးအနေနှင့် လေဒီ ဆယ်ဖီးနီး၏ မေယုတံတျာ “သုံး”ကြိုးဂီတကိုသာ မီယော့ကတစ်ဆင့် နားထာင်ဖူးသဖြင့် လေဒီလီလီယာနာ၏ “ခြောက်”ကြိုးတေးသွားများမှာ မည်ကဲ့သို့ရှိမည်နည်းဟု ကိုယ့်ကိုယ်ကိုယ် မေးမိသရော် ၊ အဖြေထွက်မလာဘဲ အဘယ့်ကြောင့် မသွားသေးသနည်းဟူသော အမေးတစ်ခုသာ ပြန်ထွက်လာ၏ ။
ထိုမျှမက မကြာသေးမီက ဇိုက်(ခ်)၏ပြောပုံအရ ၊ ပြည့်တန်ဆာများသီချင်းသီဆိုလျှင် သာမန်တေးသံရှင်များသကဲ့သို့ စင်မြင့်ပေါ်၌ သီဆိုလေ့မရှိဘဲ ၊ မီယော့ကို အသံမြှင့်ကိရိယာ အသွင်ပြောင်းကာ သူ(မ)တို့အနားသို့ ပျံစေပြီးနောက် ၊ ဧည့်သည်နှင့် အတူတူ မြသလွန်ဥယျာဉ်တွင် လမ်းလျှောက်လျက် အနီးကပ်သီဆိုကြသည်ဟု ကြားဖူးထားသည့်အားလျော်စွာ ၊ အဆိုပညာ၌ ထိပ်ခေါင်ဟူသော ဖဲလေဒီနှင့်အတူ သမုဒယရတီ နန်းတော်ထက်ဝယ် ကြယ်တွေစုံသောညဉ့်အလှကို အတူတူကြည့်ကာ အထူးဧည့်သည်များအတွက်သာ သီဆိုသော သူ(မ)၏ကိုယ်ပိုင်သံစဉ်များကို စံစားလိုက်ရလျှင်ဖြင့် ဟုတွေးမိလေရာ သူ့နှုတ်ခမ်းများပင် ခြောက်ချင်ချင် ဖြစ်လာလေသည် ။
ယင်းနောက် ထိုကဲ့သော ပညာသည်နှင့် ညစာအတူစားလျက် နိုင်ငံရေးအကြောင်းများ ၊ ယခုဖြစ်တော့မည့် စစ်ပွဲအကြောင်းများပြင် ရုပ်ဝါဒဆိုင်ရာ အတွေးအခေါ်များကိုလည်း သူတစ်ပြန်ငါတစ်ပြန် အငြင်းအခုန် စကားဆိုနိုင်ဦးမည် ။
၎င်းနောက် အကြင်ပညာသည်နှင့် အိပ်ရာထက်က ကိစ္စများကိုအတူတကွ ခရီးနှင်နိုင်ဦးမည်ဖြစ်ပြီး သူ(မ)မှာ အထိအတွေ့အပြုအစုပညာကို ပိုးပဝါကျောင်း၌ စနစ်တကျသင်ယူထားသူ ဖြစ်သည်သာမက ၊ ထိုကဲ့သို့သင်ယူထားသူများအနက် အတော်ဆုံးနှစ်ယောက်အတွင်းမှ တစ်ယောက် ဖြစ်သည့်အလျောက် ၊ လေဒီ လီလီယာနာ၏အနမ်းကား မည်သည့်အရသာ ရှိလိမ့်မည်နည်းဟု ဆင်ခြင်မိသွားသည့်အခါ သူ့ရင်ဘတ်နှင့်ကျောနေရာများက ပူအိုက်သကဲ့သို့ ရှိန်းဖိန်းဖိန်း ဖြစ်လာပေသော်ငြား ၊ ဤအပြာရောင်လွှမ်းသည့် ကာလတို ပြီးဆုံး၍ သူ(မ)နှင့်မွေ့ရာပေါ်တွင် အတူတူအိပ်စက်ရတော့မည့်အရေးကို ထောက်ရှုမိသည့်အခါတွင်မူ “အကြောင်းမသိသည့် မိန်းမတစ်ယောက်ရှေ့မှာ သင့်လျှို့ဝှက်ချက်များကို ပြသတော့မည်လော” ဟူသည့်အတွေးများ ချင်းနင်းဝင်ရောက်လာရကား ၊ သူ့တစ်ကိုယ်လုံးမှာ ကျောက်ရုပ်တစ်ရုပ်အလား တောင့်တင်းသွားသကဲ့သို့ မျက်လုံးများ ဂနာမငြိမ်ဖြစ်လာသည့်ပြင် အာခေါင်ကိုလည်း လျှာထိပ်ဖြင့် အဓိပ္ပာယ်မဲ့ ထိုးမိလာ၏ ။ မရပါ ။ မဖြစ်ပါ ။ သတ္တိမရှိပါ ။
“ဟေ့ … ခေါင်းဆောင်”
ဟုခေါ်လာသော ဇိုက်(ခ်)ကို ပြန်ကြည့်မိ၏ ။ အင်ပါယာ၏ အချက်အချာ စီးပွါးရေးမြို့တော်ကြီး၏ မြို့စောင့်တပ်မှူးလေးဖြစ်နေစေကာမူ ချင်းမှာ သူ့တပည့်လေးတစ်ယောက်သာ ။ တပည့်လေးခမျာ မိန်းမနှင့် အန်းဆော့နှစ်ယောက်လုံး သေပြီးကတည်းက သားဖြစ်သူကို အစွမ်းကုန်ထောက်ပံ့နေသောကြောင့် သမုဒယရတီနန်းတော်၏ စတုတ္ထထပ်သို့ပင် မရောက်ဖူးရှာ ။ ထို့ပြင် လေဒီ လီလီယာနာကိုလည်း စွဲလမ်းစိတ်က ကြီးသေးသည် ။
ဆရာတစ်ယောက်မှာ အဘယ်ကြောင့် ထိုတပည့်လေးကို ဥပေက္ခာပြု၍ လောကစည်းစိမ်တစ်ပါးကို တစ်ကိုယ်ကောင်း ဆန်ဆန်သုံးဆောင်ရအံ့နည်း ။ ထို့ကြောင့် သူသည်ပြုံး၍
“လေဒီ လီလီယာနာက ဒီလောက်တောင်ပဲလား”
“ဟာဗျာ ခေါင်းဆောင်ရာ”
“ဟာ … ကျုပ်ဝါယောန … ဒီလေဒီတွေကို စိတ်မဝင်စားပေမဲ့ ခင်ဗျားမေးခွန်းကြီးကတော့ မဟုတ်သေးဘူး ။ ကြည့်ရတာ မိန်းမတစ်ယောက်ကို ကြည့်ဖို့ ကိုယ့်လူ မျက်လုံးနှစ်လုံးတည်းနှင့် မလုံလောက်သေးဘူးနှင့်တူတယ် ။ ကျုပ်မျက်လုံး လေးလုံးငှါးရမလား”
ဟုဆိုသော် သူက ခေါင်းညိတ်လိုက်ပြီး
“ဒါဆို မင်းပဲသွားလိုက်တော့ကွာ”
“ဘာ … ခင်ဗျား”
“ဟမ် … ဟေ့လူ”
နှစ်ယောက်လုံး၏ ပြူးကျယ်နေကြသည့် အကြည့်များက သူ့ထံသို့ဒိုင်းခနဲကျလာလေသည် ။
“မနောက်ပါနှင့် ခေါင်းဆောင် … ကြည့်ရတာ ခင်ဗျားပိရမစ်ထဲမှာ ခေါင်းနည်းနည်းထိသွားပုံပဲ ။ ရော့ရော့ … သွားချေတော့”
ဟုဆို၍ ဖိတ်စာကို သူ့ထံထိုးပေးလာသည့်အခါ ၊ သူကခေါင်းခါယမ်းလျက် လက်ကိုပါကာလိုက်၏ ။
“မင်း … ငါ့ကို အခုထိ နားမလည်သေးဘူးလား ။ ငါဒီကိစ္စတွေမှာ လိုက်စားခဲ့ရင် မင်းရဲ့ခေါင်းဆောင်လုပ်ခဲ့တုန်း ကတည်းက ဒီနန်းဆောင်ပေါ် တက်နေပြီပေါ့ကွ ။ အဲတုန်းက ငါဘာလုပ်နေတာလဲဆိုတာ မင်းအသိပဲမလား”
ဟုဆိုပြီးနောက် အခန်းထောင့် စားပွဲပေါ်၌ တင်ထားသော အရက်စည်ကြီးကို မျက်စောင်းတစ်ချက်ထိုးကာ မျက်ခုံးကို ပြိုင်တူတွန့်ပြလိုက်လေသည် ။
“ငါ့ လီလီယာနာက ဒီမှာပဲရှိတယ်ကွ”
“ခေါင်းဆောင် … ခင်ဗျား တကယ်ကြီး …”
“သွား … ငါ့ကောင် … ဒါမင်း စိတ်ကူးယဉ်မလား ။ ငါ့စိတ်ကူးယဉ်ကတော့ ဒီနေ့မူးကန်းနေအောင် သောက်ဖို့ပဲ ။ ယောက်ျားအချင်းချင်းပဲ … ဖြစ်ချင်တာကို ညှိယူလိုက်စမ်းပါ”
ဟုပြောလေရာ သင်း၏မျက်လုံးများ ၊ အရောင်တလက်လက်တောက်လာ၏ ။ ထို့နောက် နှုတ်ခမ်းများလှုပ်ရွလာ၏ ။ ယင်းနောက် လက်ချောင်းများ တုန်လာ၏ ။ ၎င်းနောက် သူ့ကိုအကြိမ်ကြိမ်ကျေးဇူးတင်၍ ရေချိုးမည်ဟုဆိုကာ ပြေးထွက်သွားလေတော့သည် ။ မသွားမီ ထိုကိစ္စနှင့်မဆိုင်သော စကားတစ်ခွန်းကိုလည်းပြောသွားသေးသည် ။
“စကားမစပ် ခေါင်းဆောင် ။ အခု ဒီအိုက်ကရက်(စ်) မဟာယာဉ်ပျံကို ဦးဆောင်လာတာက ဘယ်သူလို့ထင်လဲ … ဒီးဟက်(စ်) (Dehas) ဗျ ။ အဲကောင် ပါရာဂွန် ဖြစ်သွားပြီ ။ မနက်ဖြန် ဒီမြို့ထဲဆင်းလာရင် ကျုပ်ရော ၊ ခင်ဗျားပါ သူ့ရှေ့ဒူးထောက်ရမှာနော် ဟဟ ။ အဲဒါပြောပြတာ … ကျုပ်သွားပြီ”
ဒီးဟက်(စ်) ။ ချင်းမှာလည်း ဇိုက်(ခ်)နှင့်အတူတူ သူ၏တပည့်ဖြစ်ခဲ့ဖူးပြီး ယခုအခါ ပါရာဂွန် သူရဲကောင်း အဆင့်ထိ တက်လှမ်းသွားပြီလော ။ သူသာ ဒုက္ခိတဘဝနှင့် ပြတ်ကျန်ခဲ့သည် ။ ထိုစဉ် မာတိုရိုက
“ခင်ဗျားကတော့ တကယ့်လူပဲ ။ ဒီအသည်းနှင့် ဒီလောက်သောက်မရဘူးဆိုတာ သိတယ်မလား ။ ဒါမျိုးရက်မှာ ကျုပ်မပိတ်ပင်ချင်ပေမဲ့ ကိုယ့်အကြောင်းကိုသိဖို့တော့ ပြောချင်တယ်”
ဟုဆိုသောအခါမှ ပစ္စုပ္ပန်သို့ ပြန်လည်ရောက်ရှိသွား၍
“ဟုတ်ပါပြီ ။ ထားပါ … ဒါနှင့်အခုမင်း ဘာလုပ်မှာလဲ”
“တပ်မှူးက ကျုပ်ကိုကွပ်မျက်မဲ့ကိစ္စကို ဆိုင်းငံ့လိုက်ပြီ ။ ဒီအမှုအတွင်း ကျုပ်ရဲ့လုပ်ဆောင်ချက်တွေကို တရားရုံးတင်ပြီး ကျုပ်ကိုပြန်စီရင်ချက်ချဖို့ အသနားခံထားတယ် ။ အဲတော့ အကျယ်ချုပ်ပေါ့ဗျာ ။ ဒါပေမဲ့ ဒီနေ့ကတော့ အထူးအနေနှင့် မြို့ပြင်ထွက်ခွင့်ရှိတယ်ဗျ ။ ဆိုတော့ ကျုပ်ကခင်ဗျားရဲ့ မိုယာဝုထ်ကို သွားမလို့ ။ အဲသည်မှာ ဓာတ်မတည့်တဲ့ရောဂါက ကပ် (Outbreak) လိုကြီးဖြစ်နေတာဆို”
သူ့မျက်လုံးများကျယ်သွားရ၏ ။ ပြီးမှ ခေါင်းတဆတ်ဆတ်ညိတ်၍
“ကျေးဇူးပဲကွာ မာတိုရို”
“ကျေးဇူး … ဟဟ … ဒီစကားကို ကျုပ်ကပြောရမှာဗျ ။ မသွားမီ မေးပါရစေဦး … ခင်ဗျားဘာဖြစ်လို့ ကျုပ်ကိုယုံပြီး ဒီအမှုမှာပုံအောခဲ့တာလဲ ။ ကျုပ်က နတ်ဘုရားမကို စော်ကားခဲ့တဲ့ သေဒဏ်ကျ ရာဇဝတ်သား ။ ဆရာဝန် အသိုင်းအဝိုင်းက အကြဉ်ခံထားရပြီး ခင်ဗျားမွေးကတည်းက သိလာတဲ့ ဆေးပညာကို သွေဖည်နေတဲ့သူ ။ ကျုပ်ကို ယုံခဲ့ရတဲ့အကြောင်းကဘာလဲ”
ပြောနေလျက်ဆိုနေလျက်ပင် ၎င်း၏အင်တာနာများ ထောင်ထသွားလေသော် ၊ သူကလည်း အပေါက်ဝကို မှီနေရာမှထ၍ အကြောဆန့်လိုက်လေ၏ ။
“ငါက မင်းလို အမြင့်ကြီးတွေမသိဘူး ။ ဒါပေမဲ့ လူသတ်ရင် ပထမဆုံးလုပ်တာက အဲသည်လူ အသက်မရှူဖို့ပဲ ။ မင်းကိုမြင်တဲ့အခါမှာ မင်းလုပ်နေတာတွေအားလုံးက လူနာအသက်ရှူဖို့ပဲ ။ မင်းကငါ့ရဲ့ ပြောင်းပြန် မာတိုရို”
ဟုဆို၍ ယင်း၏အခွံမာပခုံးကို လက်ဖဝါးဖြင့် ဖိချလိုက်ရာ ၊ ပခုံးပေါ်က အမွေးချွန်များက အသားမာတက်နေသည့် သူ့လက်ဖဝါးကို ဖိမိပြီးနောက် လက်ဝါး၏ တချို့နေရာများမှာ စူးတက်သွားလေ၏ ။ ထိုအခါ အနှီပိုးကောင်၏ အင်တာနာနှစ်ချောင်းလုံးမှာလည်း နောက်သို့ပြိုင်တူပစ်သွားလျက် အတန်ကြာအောင် ငြိမ်သက်သွားတော့သည် ။ ထို့နောက်
“ဒီစကားကို ချီးကျူးတယ်လို့ပဲ မှတ်လိုက်ပါမယ်”
ဟုဆို၍ ယင်းမှာ ထွက်ခွါတော့မည်ပြုကြိုက် ၊ သူတို့စကားရပ်ပြောနေသော မျှော်စင်ပေါက်ဝသို့ အနက်ရောင်စလွယ်လေး သိုင်းထားသော ကလေးလေးတစ်ယောက် ပြေးလာ၍ ၊ အနားရောက်သည့်အခါ ၎င်းလေးက လီယိုနာ့ဒ်၏ခြေထောက်ကို လက်နှစ်ဖက်လုံးဖြင့် ကျုံးဖက်လိုက်သရော် သူကလည်း ယင်းလေးဦးခေါင်းကို ပြန်ကိုင်ကာရယ်လိုက်မိသည် ။
“ဘယ်လိုလဲ ငါ့ကောင် … ဆေးရုံမှာ အဆင်ပြေခဲ့ရဲ့လား”
“ကျုပ်က ဘာဖြစ်သွားလို့ အဆင်မပြေရမှာလဲဗျ ။ ခင်ဗျားကြီးကမှ သစ္စာဖောက်”
မိုယာဝုထ်က အဲလရော့လေးမှာ ထိုသို့ဆိုပြီးနောက် သူ့ကိုမော့ကြည့်ကာ နှုတ်ခမ်းစူလျက်ရှိသည် ။
“ဟ … ငါကဘယ့်နှယ် သစ္စာဖောက်ဖြစ်ရတာလဲ”
“ခင် … ခင်ဗျားကြီးက အရင်က နဂါးသူရဲကောင်းကြီးဆို ။ ဘာဖြစ်လို့ စောစောက မပြောခဲ့တာလဲဗျ ။ ကျုပ်တို့ တစ်နှစ်တောင် အချိန်ရခဲ့တာကို … နတ်နဂါးအသွင်ဆိုတဲ့ တိုက်ကွက်တွေ … အဲဒါတွေ ကျုပ်ကိုသင်ပေးရမှာကို ။ အဲတုန်းက သူရင်းငှါးလိုလို ဘာလိုလိုနှင့်”
သူလည်း သက်ပြင်းသာ ချမိတော့သည် ။ ယခုလည်း သူရင်းငှါးသာ ဖြစ်နေပါသေးသည် ။ သို့သော် ယခုအခါ သူရင်းငှါးဘဝနှင့် ဇာတ်မြှုပ်တော့မည်ဟု စိတ်ချလက်ချမတွေးနိုင်တော့ဘဲ အန်းမရက်(ခ်)နှင့် တိုက်ခဲ့စဉ်က ခံစားချက်များက သူ့အသိစိတ်ကို အမြဲတစေ တပ်လှန့်နေလေပြီ ။
“အေးကွာ … အချိန်ရရင် သင်ပေးတာပေါ့ ။ ခဏနေရင်တော့ ရွာကိုပြန်တော့ကွ ။ တစ်ပါတည်း ဒီဝါယောန ဆရာဝန်ကြီးနှင့် ဆေးဝါးလှည်းတွေကိုပါ ခေါ်သွား ။ လမ်းမှာမင်းက ဒီဆရာဝန်ကြီးကို စောင့်ရှောက်ပေးလိုက် … ဒါမိုယာဝုထ်ကို စောင့်ရှောက်တာပဲ”
ဟု အရေးတယူ ဆိုပေးလိုက်သည်တွင် ၊ ချင်းလေး၏ မျက်လုံးများ ဝင်းလက်တောက်ပသွားစေကာမူ တဒင်္ဂအတွင်းမှာပင် မျက်မှောင်ပြန်ကြုတ်သွားလေ၏ ။
“နေပါဦး … ခင်ဗျားကြီးကကော အတူတူ မလိုက်ဘူးလား”
“အေး … လုပ်စရာလေးတွေ ကျန်သေးတယ်ကွ ။ ဒါကြောင့် မင်းကိုအကူအညီတောင်းနေရတာ”
ယခုအခါ အာဇာဂါနာမြို့ကြီးကို ပြန်လည်ထိန်းချုပ်သွားနိုင်သည့်တိုင် နယ်မြေရှင်းလင်းရေး လုပ်နေကြသောကြောင့် နယ်မြေရှင်းလင်းရေး အစီရင်ခံချက်များ တရစပ်လာမည်ဖြစ်ပြီး ၊ သူ့ဘက်က ယင်းအစီရင်ခံ စာများကို ပျင်းစရာကောင်းလောက်အောင် စိစစ်ကာ အတည်ပြုချက်ပေးရမည်ဖြစ်သည် ။
ဤသည်ကား ဇိုက်(ခ်)ကို သမုဒယရတီနန်းတော်သို့ သွားခိုင်းလိုက်သည့်အတွက် သူ့ခေါင်းပေါ်တည့်တည့်ကျလာသည့် တပ်မှူးအလုပ် ။ ထို့ကြောင့်ပင် ယနေ့ည၌ နတ်နဂါးတပ်အတွင်းမှာပင် အိပ်မည်ဖြစ်၍ မနက်ရောက်မှ မိုယာဝုထ်သို့ ပြန်မည်ဟု ဆုံးဖြတ်ထားလေသည် ။ ထိုစဉ်အဲလရော့လေးက ခါးထောက်ပြီး
“ဟုတ်ပါပြီ … ကျုပ်တို့ကရဲဘော်တွေပဲ အကူအညီပေးရမှာပေါ့ … ကိုင် … လာဗျာ အာဇာဂါနာက ပိုးကောင်ဆရာဝန်ကြီး … ခင်ဗျားကို ကျုပ်စောင့်ရှောက်ပါ့မယ်”
ဟုဆိုသဖြင့် မာတိုရိုမှာ အဲလရော့လေးဘက်သို့ လှည့်ပြီးနောက် ၊ အင်တာနာနှစ်ချောင်းကို ဘေးသို့ကားလျက် ၊ လက်လေးဖက်လုံးကို ရင်ဝယ်ယှက်လျက် ဒူးနှစ်ဖက်လုံးကို ညွတ်ပြလိုက်လေ၏။ ဤသည်ကား ကာဒိုနီယမ်တိုင်းက သက်တော်ရှည် ဧကရီပိုးမယ်ကို အလေးပြုသည့်ဟန်ပင် ဖြစ်ပေတော့သည် ။
ဤသို့ဖြင့် သူတို့သုံးယောက်မှာ ရောက်တတ်ရာရာများကို ပြောဆိုကြကုန်လျက် အချိန်အနည်းငယ်ကြာသောအခါမှ ၎င်းတို့နှစ်ယောက်မှာ စစ်တပ်တွင်းက ထွက်ခွါသွားကြလေရာ ၊ သူလည်း ယင်းတို့၏နောက်ကျောကို ကြည့်မိနေပြီး ၊ တစ်ခဏအကြာမှ သင်းတို့နှစ်ယောက်လုံးမှာ သူ့မြင်ကွင်းက ပျောက်ကွယ်သွားကြလေ၏ ။ သို့တိုင်အောင် လီယိုနာ့ဒ်သည် မာတိုရိုနှင့် အဲလရော့လေးတို့ လျှောက်သွားခဲ့သည့် သဲသောင်ကြားက ကျောက်သားလမ်းမကြီးကို ငေးမိနေဆဲ ။ နှုတ်မှလည်း
“ရဲဘော်”
ဟူသော စကားလုံးကို တစ်ယောက်တည်း အကြောင်းမဲ့ရေရွတ် မိနေဆဲ ။ ။
************
ည ။ ပျင်းစရာကောင်းလှသော အစီရင်ခံချက်များကို စိစစ်ပြီးသွားသည့်အလျောက် ယခုလီယိုနာ့ဒ်မှာ မဟူရာ မျှော်စင်ကြီး၏ ထိပ်ဆုံးအထပ် ကျောက်သားဝရန်တာပေါ်၌ တစ်ယောက်တည်း အရက်ဝိုင်းလေး ဝိုင်းထားလျက် သောက်စားနေလေပြီး ၊ စားပွဲပေါ်တွင် အရက်စည်လေးတစ်လုံးနှင့် ရူရိုင်း ကုပ်သားကင်တစ်ပွဲရှိ၍ ၊ သူသည် ပထမဦးစွာဓားဖြင့် ကုပ်သားကင်ကို လှီးလိုက်လေရာ ကုပ်သား၏ အပြင်ပိုင်းမှာ အညိုရင့်ရောင်ဖြင့် ကျက်နေသော်လည်း အတွင်းသားမှာမူ ပန်းရောင်သန်းလျက် မကျက်တကျက် ဖြစ်နေသည့်ပြင် ထိုပန်းရောင်သားအတွင်းက အနီဖျော့ရောင် အသားရည် (Myoglobin) များကလည်း တစိမ့်စိမ့်နှင့် စိမ့်ထွက်လျက်ရှိလေသည် ။
ယင်းနောက် ဓားဦးဖြင့်အသားကို ထိုး၍ ဆော်လ်နမ်ဥနှင့် ထောပတ်ရောကာ ထောင်းထားသော အဖြူရောင်အနှစ်များဖြင့် နယ်လိုက်လေသည် ။ ထို့နောက် ယင်းနှစ်ခုလုံးပေါ်၌ ယမ်နလာမှိုကို လက်ကူနာ (Laguna) တိုင်းပြည်ကထွက်သော ဟင်းခတ်တို့ဖြင့်ရောမွှေထားသည့် ဆော့(စ်)ဆမ်း၍ သုံးခုပေါင်းကို ပါးစပ်တွင်းထည့်လိုက်သည့်အခါ ဆော်လ်နမ်ထောင်းကား စိမ့်၍ လည်းကောင်း ၊ ရူရိုင်း ကုပ်သားကင်ကား ချိုကာလျှာပေါ်မှာပင် အရည်ပျော်ကျ၍လည်းကောင်း ၊ ယန်နလာ မှိုဆော့(စ်)မှာ ငန်ပျပျနှင့် ဝါးရသည်မှာ တထောက်ထောက်ရှိ၍လည်းကောင်း စသည်တို့ပြင် ဟင်းခတ်အမွှေးအကြိုင်များကြောင့်လည်း တစ်ကိုယ်လုံး ပူပြီးနွေးတက်လာသည် ။ ပါးစောင်ကြားမှ သွားရည်များ ပိုထွက်လာ၏ ။ ယင်းနောက် အရက်တစ်ခွက်ကို မော့လိုက်သော် သူ့လည်ချောင်းဝတစ်လျှောက်လုံး ပူရှသွားလေတော့သည် ။ ကောင်းလေစွ ။
ဝရန်တာပေါ်က ညရှုခင်းကလည်း လှ၏ ။ မနက်က သစ်ခြောက်ပင်ကြီးအဖြစ်ရှိခဲ့သော လူမီနာပင်ကြီးများထံသို့ ယခုအခါ နောရု(စ်) ပိုးကောင်လေးများ လာရောက်ကပ်တွယ်နေသောကြောင့် တိုက်မည်းကြီးများကြား၌ အနှီသစ်ပင်ကြီးများမှာ ရွှေရောင်တဝင်းဝင်း တောက်နေကြသည်သာမက ၊ ပြည့်ဝန်းနေသော စန္ဒာလမင်းကြီး၏ အလင်းရောင်မှာလည်း တစ်မြို့လုံးကို လွှမ်းခြုံထားသဖြင့် ကျောက်လမ်းမကြီးများကြား သွားလာလှုပ်ရှား နေကြသော ပြည်သူများ ၊ ကင်းလှည့်နေကြသော ပင့်ကူယန္တရားရုပ်ကြီးများပြင် တိုက်မည်းကြီးများကြား၌ စျေးညှိနေကြသော ယောက်ျားများနှင့် မိန်းမသွမ်း (Street Girl) များကိုလည်း မျှော်စင်ကြီးထိပ်က အတိုင်းသားမြင်နေရပြီး၊ ကောင်းကင်၌လည်း ကြယ်များနှင့်အတူ ပန်းကန်ပြားပျံများကလည်း ပျံဝဲနေကြလေရာ ညနေက မြို့တွင်း၌ စစ်ဖြစ်ထားသည်ဟု မထင်ရလောက်အောင်ပင် မြို့ကြီးမှာ တခဏလေးအတွင်းမှာပင် ပြန်လည်ကုစားသွားလေပြီ ။
မူးရို့(စ်)မြစ်ကို ဖြတ်တိုက်လာသည့် ညလေညင်းကလည်း အေးစိမ့်နေ၏ ။ လတ်ဆတ်ပြီး ရွံ့နံ့ပြင်းသည် ။ ကြည်နေသည့် စိတ်ဘဝင်ကို ပိုပင့်နေ၏ ။ ကမ္ဘာ့ထိပ်တန်း ပြည့်ကြီးတန်ဆာ၏ အပြုအစုနှင့် သူမထိုက်တန် ။ ဤမျှဆိုပါက သူ့အတွက်လုံလောက်လေပြီ ။ ထိုအခိုက်၌
“ဟယ် လီယိုနာ့ဒ်ကြီး … သစ္စာဖောက်ကြီး … ကြည့်စမ်း … ကြည့်စမ်း … တစ်ယောက်တည်း ဝိုင်းထောင်နေတယ်”
“သမီး … ကိုယ့်ထက်အကြီးကို ဒါမျိုး မပြောရဘူးလေ”
ဟူသည့်စကားသံနှစ်ခုမှာ ဝရန်တာသို့ဝင်သော အပေါက်ဝမှ ရှေ့ဆင့်နောက်ဆင့်ထွက်လာသည့်အတွက် အရက်ခွက်ကိုင်လျက် လှည့်ကြည့်လိုက်သည်တွင် ၊ ဝရန်တာဝ၌ ရပ်နေသော ဆိုရင်း(န်)နှင့် သူ(မ)၏ ဘေး၌ ရွှေရောင်တောက်နေသော လူဦးခေါင်းအရွယ် ကုဗတုံးပျံလေးတစ်ခု ။ ထိုကုဗတုံးကပင်
“မင်္ဂလာပါ … နဂါးသူရဲကောင်းဟောင်း လီယိုနာ့ဒ် ။ ကျွန်မသမီးလေးကို တိုက်ပွဲတစ်လျှောက် စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်လှကြောင်းပါ”
“ဟမ် …”
သူ့ခေါင်းကို ယမ်းလိုက်၏ ။ သူ မမူးသေးပါ ။ ထိုအခါ ဆိုရင်း(န်)က သူ့ဘေးနားလာထိုင်၍ ဘေးဝယ်အတူတူပျံလာသော ကုဗတုံးကို လက်ဖဝါးလေးနှင့် ပွတ်ကာ
“အံ့ဩသွားပြီလား ။ ဒါ ငါ့မေမေ ယူဒိုဆာ (Yudosa)”
“ဘာ … အမေ”
“ခစ် … ခစ် … မေမေ့ကိုတွေ့တဲ့ သူတိုင်း ဒီလိုဖြစ်ကုန်ကြတာချည်းပဲ ။ ဒီလိုလေ … ငါ့လူသား မိဘနှစ်ယောက်လုံးက ဝိဇ္ဇာတွေ ။ ဒီတပ်ထဲမှာပဲ အမှုထမ်းပြီး ဒီတပ်ထဲမှာပဲ ငါ့ကိုမွေးခဲ့တာ ။ ဒါပေမဲ့ ငါတစ်နှစ်သမီးဘဝမှာပဲ မိဘနှစ်ပါးလုံး တိုက်ပွဲမှာကျသွားတယ် ။ အဲဒါနှင့် နတ်ဘုရားမ မေဟန်ဟီရစုက ငါ့ကိုသနားပြီးတော့ ဒီမေမေ့ကို ဖန်ဆင်းပေးခဲ့တာလေ”
ထိုအခါ ရွှေရောင်ကုဗတုံးလေးကလည်း
“ဆိုရင်း(န်)လေးကို ကျွန်မ မမွေးခဲ့ရပေမဲ့ ဒီအရွယ် ဒီလိုဖြစ်လာအောင် ကျွန်မစောင့်ရှောက်ခဲ့တာမို့ … ကျွန်မသမီးလေးပါ”
“ဒါဆို … မင်းက … အေ အိုင် လား”
“သူရဲကောင်းဟောင်းက မဆိုးဘူးပဲ ။ ဒီအသုံးအနှုန်းကို လူသားတော်တော်များများ မသိကြဘူး ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သိပ်တော့လည်း မမှန်သေးဘူး”
“ဘာ …”
“အေ အိုင် ဆိုတဲ့အသုံးအနှုန်းက သိပ်ကိုး ယေဘုယျဆန်လို့ မတိကျဘူးလို့ပဲ ပြောရမလား ။ ကျွန်မက အေ ဂျီ အိုင် (AGI: Artificial General Intelligence) ပါ ။ သာမန် အေ အိုင် ထက်အဆင့်မြင့်ပြီး အေ အက်(စ်) အိုင် (ASI: Artificial Super Intelligence) ထက် အဆင့်ပိုနိမ့်ပါတယ် ။ ကိုယ့် ကုဒ် (code) ကို ကိုယ်တိုင်ပြန်ရေးပြီး ဗားရှင်းမြှင့်တတ်ပါတယ် ။ အခုဆို ဗားရှင်း 15.5 ရှိနေပါပြီ”
ဟုဆိုပါသရော် ၊ သူ့ခမျာ မူးချင်ချင်ဖြစ်နေသော စိတ်လေးပင် မည်သည့်နေရာ ရောက်သွားသလဲ မသိတော့ဘဲ ပါးစပ်အဟောင်းသားနှင့်သာ ဆိုရင်း(န်)ကို ကြည့်နေမိပြီး ၎င်းကလည်း သူ့ကိုပြန်ပြုံးပြနေ၏ ။ သူ(မ)မှာ အေ အိုင် ၊ အေ ဂျီ အိုင် (AGI) ကို အမေတော်ထားသည်တကား ။
https://mmxianxia.com/wp-content/uploads/2026/05/IMG_3068.webp
၎င်းနောက်သူ(မ)က ကုဗတုံးလေးကို ရင်ခွင်ထဲ ဆွဲပွေ့လိုက်ပြီး
“မေမေ … ဒီနေ့ ဘာနေ့လဲ သိတယ်မလား ။ ညနေက ဖြစ်ထားတာတွေလည်းအများကြီး ။ ဒါကြောင့် … ဆိုရင်း(န်)နည်းနည်း”
ဟုဆိုလျက် စားပွဲပေါ်က အရက်စည်ကို
မျက်စောင်းတစ်ချက်ထိုးလေလျှင် ၊ ယူဒိုဆာ၏ ကုဗတုံးရွှေရောင်မျက်နှာပြင်ပေါ်က အမြောင်းငယ်လေးများကြား၌ အစိမ်းရောင် အလင်းတန်းလေးများ ဖြတ်ပြေးသွားလေသည် ။
“သောက်ချင်နေတာမလား … ရတယ်သမီး … ဒီတစ်ရက်တော့ သောက်ပါ”
“ဟယ် … တကယ်ကြီးလား မေမေ”
“တကယ်ပေါ့”
ဟုဆိုပြီးနောက် ကုဗတုံးမှာ သူ(မ)၏ ရင်ခွင်ထဲမှ ပျံထွက်သွားသည့်အခါ ၊ လီယိုနာ့ဒ်ကလည်း ချင်းကိုစူးစိုက်ကြည့်၍
“အော်ရကယ်ချုပ်က အသက်မပြည့်သေးဘူး ယူဒိုဆာ ။ ကြည့်ရတာ ခင်ဗျားရဲ့အတွေးအခေါ်ပိုင်း မှာ ပြဿနာရှိနေပြီနှင့်တူတယ်”
ဟုဆိုရာ၌ ၊ ကုဗတုံး၏ ရွှေမျက်နှာပြင်ပေါ်က အမြောင်းလေးများအတွင်း ပြေးနေကြသော အစိမ်းရောင် အလင်းတန်းလေးများမှာ အနီရောင်သို့ပြောင်းသွားလေ၏။
“ဟ … သူရဲကောင်းဟောင်း … ဒါဆိုကျွန်မမေးတာကိုဖြေပါ ။ သင်တို့လူသားတွေကို ဆယ့်ခြောက်နှစ်မှာ အရက်စသောက်ဖို့ သတ်မှတ်ပေးထားတယ်ဆိုရင် ဆယ့်ငါးနှစ်နှင့် ဆယ့်တစ်လ ပြည့်နေတဲ့သူက နာရီကိုထိုင်ကြည့်နေပြီး ၊ ဆယ့်ခြောက်နှစ် ဒေါင်ဆိုပြီး မြည်မှသောက်ပေါ့ ။ ဆယ့်ခြောက်နှစ် မပြည့်မီ တစ်စက္ကန့်အလိုထိ အောင့်ထားပေါ့ ။ အဲလိုလား”
ဟုပြန်မေးလာသော် သူပြန်မဖြေနိုင် ။ ထိုအခါ အေ ဂျီ အိုင် ယူဒိုဆာက
“ဒါက သိပ်ပျင်းစရာကောင်းတယ် ။ အဓိပ္ပာယ်လည်း မရှိဘူး ။ အခုကျွန်မ စစ်ဆေးကြည့်ချက်အရ ဆိုရင်း(န်)ရဲ့ အသည်းဖွံ့ဖြိုးမှုက အရက်ကို ကောင်းကောင်းလက်ခံနိုင်တဲ့ အရွယ်ရောက်နေပြီ ။ သမီးလေးက မြို့ဂုဏ်ဆောင်ထားတာပါ ။ တစ်ခါတလေ အနည်းအကျဉ်း သောက်ပါစေ ။ ပြီးတော့ သောက်ဖော်ကလည်း သမီးနှင့်အတူ တိုက်ပွဲဝင်ထားတဲ့ သူရဲကောင်းဟောင်းနှင့်မလား”
“ဒါမှမေမေကွ ဟဟ”
လီယိုနာ့ဒ်မှာ မည်ကဲ့သို့မျှပင် မဆိုနိုင်တော့ပါချေ ။ ထိုအခါ ရွှေရောင် ကုဗတုံးလေးမှာ ဝရန်တာပေါက်ဝသို့ ပျံသွား၍
“ဒါပေမဲ့ သုံးခွက်ပဲသောက်ရမှာနော် ။ မေမေ သမီးကိုယုံလို့ သူရဲကောင်းနှင့်ထားခဲ့မယ် ။ တစ်ခုခုလိုရင် ဆက်သွယ်လိုက် ။ ဒီမျှော်စင်ထဲမှာပဲရှိနေမယ်”
ဟုဆိုပြီးနောက် ပျံဝဲလျက် ထွက်သွားသည့်အခါ ခေါင်းတုံးမလေးမှာ အရက်တစ်ခွက်ကို စသောက်နေလေပြီ ။
“အာဂ အမေကိုရထားတာပဲ ဟုတ်စ”
“ဒါပေါ့ … မေမေက စံပြပဲ ။ ငါ့ကိုတစ်ခါမျှ မရိုက်ဖူးဘူး ။ ညှိနှိုင်းတယ် ။ ဆုံးမတယ် ။ မဟုတ်တာလုပ်ရင်တော့ စကား အရှည်ကြီးတွေ နားထောင်ရတယ် ဟိဟိ … အဲဒါကြောင့်ပဲ ငါက ယန္တရားရုပ်တွေကို သွေးသားရင်းချာလို ချစ်တတ်လာတာ”
သူ့အဖို့ ထူးဆန်းလွန်း၍ လက်ခံနိုင်ရန် ခက်ခဲလွန်းနေသော်လည်း အနှီသားအမိ၏ ဆက်ဆံရေးမှာ အဆင်ပြေနေသည်က တစ်ကြောင်း ၊ နတ်ဘုရားမကိုယ်တော်တိုင် ဆုံးဖြတ်ပေးထားသော အရာဖြစ်သည်က တစ်ကြောင်း တို့ကြောင့် ထိရှလွယ်သော စကားများသွားမပြောမိစေရန် ကိုယ့်ကိုယ်ကိုယ် အသိပေးထားရသကဲ့သို့ ၊ ထိုကဲ့သို့သော အမေတစ်ယောက်ရှိပါက သူ(မ)၏တိုက်ပွဲတွင်း ပါဝင်လာမှုမှာ ယူဒိုဆာ၏ ဆုံးဖြတ်ချက် ပါသလော ၊ မပါဘူးလော ဟူသော မေးခွန်းများ မေးချင်စိတ်ကိုလည်း မျိုသိပ်ထားလိုက်ရသည် ။ အဘယ့်ကြောင့်ဆိုသော် အကြင်ညအခါက သာယာလွန်းလှသည့်သာမက သောက်ဖော်တစ်ယောက်လည်း ရှိနေပြီ မဟုတ်ပါလား ။
ထိုအခိုက်ဝယ် သူတို့ဝရန်တာသို့ ပိုးသားဝတ်စုံစိမ်းနှင့် စလွယ်နက်ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဝင်လာပြန်သည့်အခါ၊ ၎င်းကိုမြင်သရော် ပထမအစက သူစိမ်းတစ်ယောက်ဝင်လာသည်ဟု ထင်မိလင့်ကစား အနားရောက်သောအခါမှ ယင်းကို မှတ်မိသွားတော့သည် ။ ဆိုးရင်း(န်)ကလည်း
“ဟယ် … ဟက်(စ်)တန်လား ။ နင် ယူဆီယာကိုပြန်မှာဆို … အဲသည်မှာ နင့်ရဲ့ အခုတိုက်ပွဲအကြောင်းကို အကြီးအကျယ် ဂုဏ်ပြုကြမှာဆို”
ဟုဆိုသည့်အခါ ချင်းလေးမှာ သူတို့ဝိုင်းအတွင်းဝင်ထိုင်၍ အရက်စည်လေးအတွင်းက တစ်ခွက်ငှဲ့လိုက်လေ၏ ။
“ပွဲမဖြစ်သွားဘူးလေ ။ မဟာစစ်ပွဲကြီးဖြစ်တော့မှာဆိုတော့ အရမ်းကြီးဂုဏ်ပြုပွဲတွေ လုပ်မနေနိုင်ပေါင် ။ အိမ်တော်ကလည်း ပကာသနတွေ အရမ်းမလုပ် …”
“နင်အာချောင်မနေနှင့် သေးအိုး ။ နင့်အိမ်တော် အကြောင်းငါမသိဘူးများ မှတ်နေလား ။ ပြီးတော့ နင့်အဖေကလည်း ဒီမြို့ရောက်နေတယ်ဆို ။ ပြောစမ်း … ပြောစမ်း နင်ဘာဖြစ်လာတာလဲ ။ မပြောရင် ဝင်မသောက်နှင့်”
ဟုဆိုသောကြောင့် ဟက်(စ်)တန်၏ မျက်နှာမှာ တစ်ချက်မဲ့သွား၏ ။ ပြီးမှ
“အမှန်တော့ ပွဲပျက်သွားတာပါ ။ အဖေက လေဒီ လီလီယာနာနှင့် တစ်ညတွေ့ဖို့ လေလံလာဆွဲတာ ။ လေလံအောင်ပြီးမှ အဲလေဒီက ငြင်းပစ်လိုက်လို့ အကြီးအကျယ် ကြေကွဲနေတာ ၊ အဲဒါကြောင့် ကျွန်တော့်အတွက် ဘာမျှ မစီမံပေးတော့ဘူး ။ ပြီးတော့ ဒီနေ့က ညီတော်ရဲ့မွေးနေ့လေ ။ ကျုပ်မေ့သွားတာပါ”
ဟုဆိုလေရာ သူမနေနိုင်တော့ပေ ။
“နေပါဦး ငါ့ကောင် … မင်းအဖေက မိန်းမအငြင်းခံရလို့ ၊ ပြီးတော့ မင်းညီက မွေးနေ့မို့ ။ မင်းညီအသက်ဘယ်လောက်လဲ”
“ဆယ့်ခြောက်ပါ သူရဲကောင်းကြီး”
“အဲဒါဆို မွေးနေ့ ဆယ့်ငါးခါလုပ်ပြီးကောပေါ့ ။ ဒါပေမဲ့ တစ်ယောက်မျှ နတ်ဘုရားမရဲ့ နတ်ကွန်းထဲဝင်လာတဲ့ တန်နားဘရက်(စ်)က စတုတ္ထမြောက် ဒိုမီနီယမ်ကို မရင်ဆိုင်ကြဖူးဘူးမလား ။ ဘယ်အရာကိုပိုပြီး အရေးလုပ်ရမယ်ဆိုတာ မင်းအိမ်သားတွေလည်း မသိဘဲ မနေတန်ရာပါဘူး”
ထိုအခါ ဟက်(စ်)တန်မှာ အနှီအမေးကို မဖြေဘဲ အရက်တစ်ခွက်ပြီး တစ်ခွက်သာ မော့သောက်နေလေရကား သူလည်း အရာရာအားလုံးကို သဘောပေါက်သွားပြီးနောက် ၊ မေးခွန်းများ ဆက်မမေးတော့ဘဲ စကားလမ်းကြောင်းကိုသာလွှဲ၍ ရောက်တတ်ရာရာများကို ပြန်လည်ပြောဆိုကြသည့်အတွက် အရက်ဝိုင်းလေးမှာ ပြန်မြိုင်လာလေတော့သည် ။
ဤသို့ဖြင့် နှစ်နာရီနီးပါးမျှကြာသောအခါ
“လေဒီအော်ရကယ် … ကျွန်တော်က ဘောင်းဘီထဲ သေးတစ်ခါပေါက်ချဖူးတာကလွဲပြီး ယောက်ျားသိပ်ဆန်သူပါဗျ… အေ့ … အေ့”
“တော်စမ်းပါ … တစ်ခါသေးအိုး … ထာဝရသေးအိုး … အေ့ … အေ့”
“မင်းတို့နှစ်ယောက်လုံး သေးအိုး … ငါလည်းသေးအိုး … ငယ်ငယ်တုန်းက အကုန်သေးအိုး အေ့ … အေ့”
ဟူ၍ သုံးယောက်လုံး ခေါင်းမထူနိုင်ကြတော့ပေ ။ မည်သည့်အရာများပြော၍ မည်သည့်အရာများ လုပ်မိသွားသလဲ မသိကြတော့ ။ ဆိုရင်း(န်)လည်း သုံးခွက်မကတော့ ။ သူတို့သုံးယောက်လုံး အိပ်ရာပေါ်မပြန်နိုင်ကြတော့ဘဲ စားပွဲပေါ်မှာသာ မှောက်ကုန်၏ ။ သေချာသည်ကား ဆိုရင်း(န်)မှာ မနက်ဖြန်၌ သူ(မ)၏မိခင် အေ ဂျီ အိုင်ကြီး၏ ဆုံးမစကားအရှည်ကြီးအား နားထောင်ရတော့မည်ကား ဧကန်မလွဲပါလေ ။ ။
*************