Abyssal Awakening
Vol. 1 Ch. 27
လီယိုနာ့ဒ်သည် ပြေးနေသည် ။ သို့သော်မမော ။ ဝေဝါးနေသော မျက်လုံးအစုံကို လက်ခုံနှင့်သပ်၍ အခြေအနေကို ကြည့်သောအခါမှ သူသည်ပြေးနေခြင်းမဟုတ် ။ ငါးနှစ်အရွယ် ကလေးမလေးက သူ့အား လက်ဆွဲပြေးရာနောက်သို့ လိုက်နေခြင်းသာတည်း ။ ထို့ကြောင့် သူ့ကိုယ်သူ ငုံ့ကြည့်လိုက်လေရာ ၊ ကိုယ်တိုင်ကလည်း ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်နေ၏ ။
ဘေးဘီကို အကဲခတ်လတ်သော် ဝိုးတဝါးဖြစ်နေသော အနီရောင် တိုက်အိမ်ကြီးများက ဟီးထနေ၍ ၊ သူ့လက်ကို ဆွဲထားလျက် ရှေ့ကဦးဆောင်ပြေးနေသော ကလေးမလေးမှာလည်း ဆံပင်နီကုပ်ဝဲလေးနှင့်ဖြစ်ပြီး နောက်ကျောပေးထားသဖြင့် သူ(မ)၏ မျက်နှာကိုမမြင်ရ ၊ သူတို့နှစ်ယောက်မှာ တိုက်အိမ်နီကြီးများကြား၌ မောပန်းခြင်းကင်းစွာနှင့်သာ ရှေ့ဆင့်နောက်ဆင့် ပြေးနေကြလေသည့်အခိုက်ဝယ် ၊ တဒင်္ဂမျှကြလေသောအခါ သူ့မျက်စိရှေ့မှာပင် ကလေးမလေး၏ အရပ်မှာရှည်ထွက်လာသည့်ပြင် ခန္ဓာကိုယ်မှာလည်း ဣတ္ထိယတို့၏ သဘာဝ အဆင်တန်ဆာများဖြစ်ကြသော ရှိုက်ဖိုကြီးငယ်အသွယ်သွယ်တို့ဖြင့် ပနံတင့်လာရုံမျှမက ဆံပင်နီများမှာလည်း ကျောလယ်ထိ ဖြန့်လူးလာသည့်အားလျော်စွာ လေတိုက်ရာမှ လွင့်မျောလာသော သူ(မ)၏ ဆံပင်ထိပ်စများမှ ရှတတ ၊ ရှိန်းတိန်းတိန်း အနံ့လေးတစ်ခုမှာလည်း သူ့နှာထိပ်သို့ တိုးဝှေ့ကျီစယ်လာလေသည် ။ သူ(မ)မှာ မျက်စိရှေ့မှာပင် အသက်နှစ်ဆယ်သို့ရောက်ရှိသွားပြီး နောက်ကလိုက်နေသည့် သူကလည်း အသက်ကြီးလာပါပြီ ။
ဤသို့ဖြင့် အတူတူဆက်ပြေးလာကြသဖြင့် ဝိုးတဝါးမြို့ကြီးမှ မှုန်မွှားမွှား မြက်ခင်းပြင်ကျယ်ကြီးသို့ ရောက်ရှိလာသည်တွင် ၊ သူ(မ)မှာ အတန်ငယ်ဝလာ၍ ၊ ဆံနီနီ ရှည်ရှည်တို့မှာလည်း ထုံးဖွဲ့ပြီးဖြစ်သွားလေ၏ ။
ထို့နောက် ပြေးနေရာမှရပ်၍ သူ့ဘက်သို့ လှည့်လာရာ၌ နှာတံပေါ်ပေါ် ၊ မျက်လုံးဝိုင်းဝိုင်း ၊ မထူမပါးရှိသော နှုတ်ခမ်းရဲနှစ်လွှာကို ပိုင်ဆိုင်ထားသော အသက်သုံးဆယ်အရွယ် မိန်းမတစ်ဦး၏ မျက်နှာမှာ လှစ်ခနဲပေါ်လာပြီး သူ(မ)၏မျက်နှာလေးက ဖောအစ်အစ် ၊ ခန္ဓာကိုယ်မှာ ဝကစ်ကစ် ၊ ညာနှုတ်ခမ်းအောက်က မှဲ့ကလေးမှာလည်း စူးနက်နက်နှင့်ဖြစ်သည့်အတွက် သူ(မ)ကိုကြည့်ရသည်မှာ ပျိုမျစ်နုနယ်မှုများကုန်ဆုံးသွား၍ လှဂုဏ်အားလုံးကို စွန့်လွှတ်လိုက်ရသော နန်းကျဘုရင်မလေးအလား ဖြစ်နေစေကာမူ ၊ ညီမလေးအား ချစ်သည့် သူ၏မြတ်နိုးစိတ်တို့မှာကား စိုးစဉ်းမျှပင် လျော့မသွားပါလေ ။
“လင်ဒြာ … မင်းဘာဖြစ်လို့ ဒီလောက်ထိပြေးနေရတာလဲ”
ထိုအခါ သူ(မ)က မဖြေဘဲ အရည်လဲ့နေသော မျက်ဝန်းကြီးများနှင့်သာ မော့ကြည့်ကာ ပြုံးပြနေပြီး ၊ စာအုပ်အသစ်များကို လှန်လိုက်ရာမှထွက်သော အနံ့ထူထူလေးမှာလည်း သူ(မ)ထံမှ ထပ်လောင်းပျံ့လွင့်နေပြန်၏ ။
“လင်ဒြာ … မင်းအခု ဘယ်ရောက်နေတာလဲ”
မဖြေ ။ ဆက်သာပြုံးနေ၏ ။ သို့သော် ကြည့်နေခိုက်မှာပင် သူ(မ)၏မျက်လုံးများ မှိုင်းညို့လာလျှင် သူ့မျက်လုံးများလည်း ပုတ်ခတ် ၊ ပုတ်ခတ်ဖြစ်လာပြီး
“လင်ဒြာ … မင်းအဆင်ပြေရဲ့လား … အကိုမေးနေတာကို ကြားရဲ့လား”
ထိုအခါ သူတို့ဘေးပတ်ပတ်လည်က မြက်ခင်းပြင်ကြီးမှာ မီးများစတင်စွဲလာ၍ ကောင်းကင်မှ ဧရာမယာဉ်ပျံနက်ကြီးတစ်ခု ပျံတက်လာသည်နှင့်အတူ သူ(မ)၏ မျက်လုံးမှ မျက်ရည်ဥကြီးများလည်း လိမ့်ဆင်းလာလေ၏ ။ သို့သော် ဤသည်ကား မျက်ရည်များမဟုတ် ။ သွေးများ ။ ပါးပြင်ပေါ်၌ သွေးကြောင်းကြီး နှစ်ကြောင်း ။ သူ့ရင်တွင်း ဗလောင်ဆူကာ လက်ဖျံက မွေးညင်းများလည်း ထောင်ထလာ၍
“မကြောက်နှင့် … အကိုတစ်ယောက်လုံးရှိတယ် ။ ဒီကနေထွက်ကြမယ် … လာ”
ဟုဆိုကာ သူ(မ)၏လက်ကိုဆွဲပြီး ဤနေရာမှ ပြေးထွက်ရန် ကြံလင့်ကစား သူ(မ)မှာ လိုက်မလာဘဲ သွေးမျက်ရည်များ ကျလျက်သာ ပြုံးနေရကား ၊ လီယိုနာ့ဒ်မှာ သူ(မ)၏ လက်မောင်အိုးနှစ်ဖက်လုံးကို ဖျစ်ကိုင်လိုက်လေသည် ။
“မင်းဘာဖြစ်နေတာလဲ … လာ … အချိန်မရှိဘူး … လင်ဒြာ”
ဟုဆိုကာ ခန္ဓာကိုယ်လေးကို ခါယမ်းမိရာ၌ ၊ သူ(မ)၏ ဦးခေါင်းမှာ ပြတ်ကျသွားပြီးနောက် ခေါင်းပြတ်မှာ မီးလောင်နေသော မြက်ခင်းပြင် ကြားထဲသို့ လိမ့်သွားသည့်ပြင် ၊ လည်ပင်းပြတ်မှလည်း သွေးများစတင်ထောင်ပန်းလာလေရာ ၊ သူ့ရင်တစ်ခွင်လုံး အပ်ပေါင်းတစ်သိန်းနှင့် ထိုးစိုက်ခံလိုက်ရသည့်အလား ပေါက်ပွင့်လုမတတ် စူးနစ်လာ၍ ၊ ပါစပ်မှလည်း အားခနဲ ကျုံးအော်မိသွားလေ၏။ ယင်းနောက် သူ(မ)၏ ခေါင်းပြတ်ခန္ဓာကိုယ်ကို သိမ်းဖက်လိုက်သည့်အခါ ၊ လည်ပင်းပြတ်က ထောင်ပန်းနေသော သွေးများမှာ သူ့မျက်နှာအနှံ့ကို ပိုက်နှင့်ထိုးနေသကဲ့သို့ ပြုံဝင်လာ၏ ။
နှာခေါင်းထဲသို့သွေးများ ပန်းဝင်နေ၍ အသက်မရှူနိုင်တော့ဘဲ မွန်းကျပ်လာ၏ ။ ပါးစပ်ထဲ ဒလဟော ဝင်နေသောကြောင့်လည်း အာခေါင်တစ်ခုလုံး ငံပြပြ ၊ သတ္တုအရသာကြီး လွှမ်းလာ၏ ။ မျက်လုံးဆီသို့ ထောင်ပန်းနေသဖြင့် မျက်ခွံများ စေးကပ်လာပြီး ဖွင့်မရတော့ ။ မျက်နှာတစ်ခုလုံး ပူနွေး ၊ စေးပျစ် ၊ ညှီဟောင်လာ ပေသော်ငြား သူသည် သူ(မ)၏ခေါင်းပြတ်ခန္ဓာကိုယ်ကို ကျစ်ကျစ်ပါအောင် ဖက်တွယ်ထားဆဲ ။
“လင်ဒြာ … မသွားပါနှင့် … ငါ့ကိုထားမသွားပါနှင့် … လင်ဒြာ … လင်ဒြာ … LYNDRALIFAE (လင်ဒြာလီဖေး)”
ဟု လည်ပင်းကြောများ အပြိုင်းပြိုင်းထောင်လာသည်အထိ အော်မိလိုက်သည် ။ ဘေးကမီးလျှံများက သူတို့ကို ဝါးမျိုလာသည် ။ ကောင်းကင်က ယာဉ်ပျံနက်ကြီးမှာလည်း သူတို့နှစ်ဦးကို ဖုံးလွှမ်းလာကြိုက် ၊ သူ့တစ်ကိုယ်လုံး ဟာခနဲဖြစ်သွား၍ ငုံကြည့်သည့်အခါ အောက်တွင်ကား ကြမ်းပြင်မရှိတော့ဘဲ ၊ သူသည် အသူတစ်ရာအမှောင်ထု (Abyss) ထဲသို့ဆင်းသက်နေပြီး ၎င်းနှင့်အတူ အရာရာအားလုံးမှာလည်း အမှောင်အတိကျသွားလေတော့သည် ။ ။
****************
“လင်ဒြာလီဖေး”
လီယိုနာ့ဒ် ဝုန်းခနဲ ထထိုင်လိုက်သည် ။ တစ်ကိုယ်လုံးချွေးစေးများနှင့် ရွှဲနစ်နေ၍ နားထင်နှစ်ဖက်လုံးမှာလည်း ထိုးကိုက်နေ၏ ။ အာခေါင်တစ်ခုလုံး ထူပိတ်ကာ ခြောက်ကပ်နေသဖြင့် တံတွေးများပင် လည်ချောင်းတွင်း တစ်ဆို့နေသည် ။ ထရန်ကြိုးစားလိုက်သည့်အခါ ဗိုက်ဒဏ်ရာများက စူးအောင့်လာ၏ ။ ပခုံးထက်က လည်း ကြိတ်ခြေထားသည့်နှယ် ကိုက်ခဲနေပြန်၏ ။ မီးလောင်ထားသော ညာလက်ဖျံက ဆေးအဟုန်ကြောင့် တင်းကျပ်ကာ ယားယံနေပြီး မသန်တော့သော ဘယ်လက်ထိပ်မှာမူ ထုံကျဉ်လျက် တဆစ်ဆစ်နာနေ၏ ။ အိပ်မက်ဆိုးများ ၊ အရက်နာကျခြင်းများ ၊ တိုက်ပွဲဒဏ်ရာများနှင့် မာယာဝေဒနာ (Phantom Pain) များ ။ သို့ပေသော်ငြား ဤသည်မှာ သူ့ဘဝ၏ သာမန်ညတစ်ည ။
ဘေးဘီကို စူးစမ်းလေသောအခါ သူသည် မျှော်စင်ကြီး၏ ထိပ်ဆုံး အခန်းတစ်ခန်းတွင်းက ခုတင်ကြီးပေါ်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယခုနေရာက လှမ်းကြည့်လျှင်ပင် ဝရန်တာပေါ်က သူတို့အရက်သောက်ခဲ့သော အရက်ဝိုင်းလေးကို ပြတင်းပေါက်မှတစ်ဆင့် လှမ်းမြင်နေရ၍ ၊ အရက်ဝိုင်း၌ မည်သူမျှမရှိတော့သည့်အတွက် ခေါင်းကိုငဲ့လျက် အနားတစ်ဝိုက် အကဲခတ်လိုက်သည်တွင် ၊ သူ့ဘေး၌ ဖြူစွတ်နေသော အိပ်ရာခင်းကိုသာ တွေ့လိုက်ရသောကြောင့် သူ့စိတ် သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ချသရော် ၊ နှာခေါင်းတစ်လျှောက်၌ ချဉ်စုတ်စုတ်အရက်နံ့က စူးတက်လာ၏ ။
သူသည် ယခင်က လူပေါင်းများစွာကို သတ်ခဲ့သည့်ပြင်၊ ဆိုးရွားလွန်းလှသော အတိတ်များကလည်း တစ်ခု ၊ နှစ်ခုမဟုတ်သည့်အလျောက် ယင်းအတိတ်တို့မှာ အိပ်မက်ဆိုးများအနေနှင့် နှိပ်စက်နေသည်ကား ကြာခဲ့သည့်အားလျော်စွာ ညတိုင်းလည်း အိပ်မပျော် ၊ အိပ်မပျော်သဖြင့် အရက်ဖိသောက်ရာမှ အရက်လည်းစွဲ ၊ အရက်စွဲရာမှ အသည်းပါထိသည့်အဆင့်သို့ ရောက်နေလေပြီ ။
ဤအိပ်မက်ဆိုးများကြောင့် ညစဉ်ညတိုင်း လန့်နိုးသည့်အချိန်များမှာ သူ့ဘဝ၏ အကြီးမားဆုံးသော အားနည်ချက်။ အထွတ်ထိပ်ဆုံးသော စိတ်မလုံခြုံမှု။ နှလုံးတံခါး၏ ဟာကွက်။ နဂါးအကြေးခွံ၏ ပျော့ကွက်။ စိတ်အစဉ်၏ သေကွင်းသေကွက် ။
ထို့ကြောင့် အိပ်မက်ဆိုးများဖြင့် လန့်နိုးလာစဉ် သူ့ဘေး၌ သူစိမ်းမိန်းမတစ်ယောက် အင်္ကျီမပါဘဲ အိပ်နေသည်ကို မြင်မိပါက ကြောက်လွန်း၍ ရူးသွားနိုင်လောက်သည် ။ စိတ်မလုံခြုံလွန်း၍ လွတ်သွားနိုင်လောက်သည် ။ ဤသည်ကား လေဒီ လီလီယာနာ ကဲ့သို့သော ကမ္ဘာ့ထိပ်တန်း ပြည့်ကြီးတန်ဆာ တစ်ယောက်၏ ဖိတ်ခေါ်မှုကိုပင် မသွားခဲ့သည့် သူ့အကြောင်းပေတည်း ။
ခုတင်ဘေးက ရေချိုင့်အတွင်းက ရေတစ်ခွက်ငှဲ့သောက်လိုက်သောအခါမှ ရင်တွင်းအေးသွား၏။ နာရီကိုကြည့်လိုက်ရာ ညတစ်နာရီသာ ရှိသေးသောကြောင့် ပြန်အိပ်တော့မည်ကြံကြိုက် ၊ အခန်းဝက ကျောက်သားတံခါးကြီးမှာ တကျွီကျွီမြည်လျက် ပွင့်သွားပြီးနောက် ဟက်(စ်)တန်နှင့် ဆိုရင်းနှစ်ယောက်လုံးမှာ သူ၏ခုတင်ရှိရာသို့ ခြေလှမ်းကျဲများဖြင့် ပြေးလာကြလေရာ အခန်းတွင်း၌ပင် ၎င်းတို့၏ဝတ်ရုံကြီးများ နောက်သို့လွင့်နေကြလေသည်။ ထိုသရော် သူလည်း ဦးခေါင်းကိုယမ်း၍
“မင်းတို့ ဘာဖြစ်လာတာလဲ ။ သွားမအိပ်ကြသေးဘူးလား”
“ဘယ်လိုအိပ်ရမှာလဲ … သူရဲကောင်းကြီး … ပြ … ပြဿနာအကြီးကြီးတက်နေပြီဗျ”
“ဘာပြဿနာလဲ”
ဟက်(စ်)တန်မှာ သူ့အမေးကို ပြန်မဖြေနိုင်ဘဲ ၊ ခါးကိုကိုင်း၍ ဒူးပေါ်လက်နှစ်ဖက်လုံးထောက်ကာ ကျောကုန်းမှာ ကြွတက်လာလိုက် ၊ နိမ့်ကျသွားလိုက် ဖြစ်နေရကား ဆိုရင်း(န်)ကပင်
“လီယိုနာ့ဒ်ကြီး စိတ်ခိုင်ခိုင်ထားနော် … ဇိုက်(ခ်)ကြီး … ဇိုက်(ခ်) …”
သူ(မ)၏ နှုတ်ခမ်းများ လှုပ်ရွနေလင့်ကစား အသံဆက်ထွက်မလာတော့သဖြင့် သူ့ရင်များ တဒိတ်ဒိတ်နှင့် အခုန်မြန်လာရလေသည် ။
“ဇိုက်(ခ်)ဘာဖြစ်တာလဲ”
“ဇိုက်(ခ်)ကြီး … ကျ … ကျဆုံးသွားပြီ … အ … အသတ်ခံလိုက်ရတာ”
ယင်းစကားကြားသည်နှင့် သူ့မျက်လုံးများ ပြူးထွက်သွား၏ ။ ခြေဖျားလက်ဖျားများလည်း အေးစက်လာ၏ ။ တစ်ခုခုပြောရန် ပါးစပ်ဟသော်လည်း စကားလုံးမှန်သမျှ လည်ချောင်းတွင်းမှာ ဆို့နေ၏ ။ ယင်းနောက် အခုန်မြန်နေသော နှလုံးလည်း ရုတ်တရက် ရပ်သွားသဖွယ် ၊ တစ်ကိုယ်လုံးက စီးဆင်းနေသော သွေးများအားလုံး တန့်ကုန်သည့်နှယ် ။ နောက်ဆုံး အိပ်ရာပေါ်ကထပြီးနောက် အင်္ကျီပင်မဝတ်နိုင်ဘဲ ၊ ဘောင်းဘီရှည်တစ်ထည်နှင့်သာ ကမူးရှူးထိုးပြေးထွက်လာတော့သည် ။ ဘာဖြစ်ခဲ့သနည်း ။ မည်ကဲ့သို့နည်း ။ အဘယ့်ကြောင့်ပါသနည်း ။ ။
*************
ဤနေရာကား တိုက်မည်းကြီးများကြားက ကျောက်သားလမ်းသွယ်လေးတစ်ခုတွင် ဖြစ်သည် ။
လီယိုနာ့ဒ်ရောက်သွားသည့်အခါ အနှီလမ်းသွယ်လေး၌ မန်းဒရိတ်(ခ်)နှင့် ဝိုက်ဗန်အမ်းများ စုရုံးလျက်ရှိ၍၊ သူသည် ယင်းတို့ကို တွန်းဖယ်ကာ အခင်းဖြစ်ရာသို့ ဝင်ရောက်လာလေပြီး၊ အားလုံးကို ကျော်တက်လိုက်သည်နှင့် သူ့ကို စောင့်ကြိုနေသည့် မြင်ကွင်းမှာကား ၊ ပိုးသားအဖြူရောင် အင်္ကျီရှည် ၊ ဘောင်းဘီရှည်နှင့် ရွှေအိုရောင်စလွယ်ကို ဆင်ယင်ထားသည့် ဇိုက်(ခ်)မှာ သူ့ရှေ့တည့်တည့် သွေးအိုင်အတွင်း၌ ဒူးထောက်နေ၏ ။
ငါးပေမျှရှည်သော နှစ်ဖက်သွားဓားရှည်တစ်လက်က ၎င်း၏ ကျောမှရင်ဝသို့ တိုးလျှိုပေါက် စိုက်ဝင်နေ၍ ဓားဦးနှင့်ရင်ဝက သွေးများမှာ အသွင်သွင်စီးကျလျက်ရှိကာ ယင်း၏ဒူးအောက်ဝယ် အိုင်ထွန်းနေသည်။ ဤသွေးအိုင်ရှေ့တွင်မူ သွေးနှင့် စာတစ်ကြောင်းရေးထားလေသည် ။
“Second Law of Thermodynamics”
သူ့ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး နံရံဘက်များကို ကြည့်လိုက်ရာ ညာဘက်တိုက်နံရံကြီး၌
“Entropy”
ဟူသည့်စာတန်းကို သွေးဖြင့်ရေးထား၍ ဘယ်ဘက်နံရံတွင်မူ
“Chaos”
ဟူသောစာတန်းကို သွေးဖြင့်ရေးထားလေသည် ။ မရပ်နိုင်တော့ပါ ။ ယင်းစာသုံးကြောင်းအား ကြည့်နေလျက်မှာပင် မမြင်ရသော အင်အားတစ်ခုက သူ့ကို အောက်က လှမ်းဆွဲသည့်အလား ဒူးများစတင် ကွေးညွတ်လာရပြီးနောက် ၊ ဒူးညွတ်လာသည့်အခါတွင်လည်း မတွေ့ရသော စွမ်းအင်တစ်ခုက သူ့ဒူးအား အပေါ်က နင်းချနေသည့်အလား စိတ်အသွင်တို့ ဖိညှပ်လာကာ နောက်ဆုံးဝယ် သူဒူးထောက်သွားရပါပြီ ။
ယင်းနောက် တုန်ယင်နေသော လက်တို့နှင့် ၎င်း၏မျက်နှာကို ထိလိုက်ရာဝယ် ၊ တောင့်တင်းပြီး အေးစက်နေသော အတွေ့တို့သာ သူ့လက်ဖဝါးတွင်းသို့ စိမ့်ဝင်လာ၏ ။ ယင်း၏နှုတ်ခမ်းထောင့်က သွေးစေးများက သူ့လက်ကြား၌ ကပ်ပါလာ၏ ။ ဓားဒဏ်ရာကြောင့် ပွင့်ထွက်နေသည့် အကြင်သူ၏ရင်ဝမှ ရေမွှေးနံ့ထင်းထင်းနှင့် သွေးညှီနံ့ပြင်းပြင်းတို့ကလည်း သူ၏ မနောဓာတ်တစ်ခွင်လုံးကို ဆွဲခါလာ၏ ။
“ဇိုက်(ခ်) … ဇိုက်(ခ်) … ဟေ့ကောင် … ဟေ့ကောင်”
ချင်းထံမှ မည်သည့်ပြန်ထူးသံမျှ မကြားရဘဲ သူ့နားတွင်းတွင် အတိတ်က အသံများဖြင့်သာ ပြန်လည်ဆူညံလာလေသည် ။
“ဒီစကားတွေက မင်းလိုကောင်အတွက် သိပ်မြင့်သွားလား ။ ဒါဆိုမင်းနားလည်အောင်ပြောမယ် ။ ငါ့အကြံ အောင်ခါနီး ၈၇% မှာ ဖျက်ဆီးပစ်တဲ့မင်းဟာ မသေသင့်သေးဘူး ။ အဲဒါအစား မင်းချစ်တဲ့သူတွေ မင်းမျက်စိရှေ့မှာ သေတာကို တစိမ့်စိမ့်ကြည့်ရမယ် ။ မင်းဘဝမှာ တန်ဖိုးထားရတဲ့သူ မှန်သမျှ တစ်ယောက်ပြီးတစ်ယောက် ငါဆွဲခေါ်မယ် ။ သေရတာထက် အရှင်လတ်လတ် ရူးရတာဟာ ဘယ်လောက်ထိ အရသာရှိကြောင်းပြပေးမယ်”
ဟူသည့် အန်းမရက်(ခ်)၏ စကားများက ပဲ့တင်သံများအလား ။ ယင်းကား သူ့ကို ကတိပေးသွားသည့်အတိုင်း စတင်လှုပ်ရှားလာပါပြီ ။ အရှင်းဆုံးပြောရလျှင် ၊ ပိရမစ်အတွင်း၌ အန်းမရက်(ခ်)က သူ့ကို အသက်ချမ်းသာပေးခဲ့သည်မှာ တန်ဖိုးတစ်ခုနှင့်ဖြစ်၍ ယခုအခါ ဤတန်ဖိုးကို ပြန်လည်ပေးဆပ်ရလေပြီ ။
ထိုအခိုက် ဆိုရင်း(န်)နှင့် ဟက်(စ်)တန်တို့မှာလည်း ပြေးလာကြပြီးနောက် ၊ သူ့ဘေး တစ်ဖက်တစ်ချက်ဆီသို့ ရောက်လာကြသဖြင့် လီယိုနာ့ဒ်က ၎င်းတို့ဘက်လှည့်ကာ ဗလုံးဗထွေးသံနှင့်
“ဘယ်လိုဖြစ်တာလဲ … ဘယ်လိုဖြစ်ရတာလဲ … ဇိုက်(ခ်) … သူကအခုအချိန်မှာ သမုဒယရတီနန်းတော်ရဲ့ ထိပ်ဆုံးမှာ ရှိနေရမှာမလား ။ ကမ္ဘာ့အဆင့်တစ် ပြည့်ကြီးတန်ဆာနှင့် တွေ့နေရမှာ မဟုတ်ဘူးလား”
“လေဒီ လီလီယာနာက တပ်မှူးကိုလည်း ငြင်းလိုက်တယ် သူရဲကောင်းကြီး ။ အဲသည်မှာ တပ်မှူးလည်း မြသလွန်မှာ အရက်သောက်ပြီးတော့ မူးမူးနှင့်ပြန်လာနေတုန်း …”
ဟက်(စ်)တန်၏ စကားများ တိမ်ဝင်သွားသည်နှင့် ၊ လီယိုနာ့ဒ်မှာလည်း ခေါင်းငိုက်စိုက်ကျသွားသောကြောင့် ဇိုက်(ခ်)၏ရင်ဝကို ဖောက်ထွက်နေသော သွေးများပေရေနေသည့် ဓားသွားနှင့် သူ့နဖူးထိမိသွား၍ ၊ ထိုအနေအထားနှင့်ပင် သွေးအိုင်ကို ငုံ့ကြည့်နေမိသည့်အခါ ၊ မျက်လုံးတွင်းဝယ် သူလက်အောက်၌ ပညာသင်ယူခဲ့သော ဇိုက်(ခ်)ကိုလည်းကောင်း ၊ မင်္ဂလာဆောင်၌ သတို့သမီး၏ ပခုံးကိုဖက်လျက် ရယ်မောနေသော ရောင်းရင်းကောင်းကိုလည်းကောင်း ၊ အာဇာဂါနာမြို့တွင် သူ့ကိုအကျပ်ကိုင်ကာ အမှုလိုက်ခိုင်းသည့် ရဲဘော်ဟောင်းကိုလည်းကောင်း ၊ သစ်မြစ်ကြီးကို တူးဆွနေစဉ်က ဆရာ့အပေါ် လွန်ခဲ့သမျှကို ဝန်ခံခဲ့သည့် တပည့်လေးကိုလည်းကောင် ပြန်လည်မြင်ယောင်လာတော့သည် ။
၎င်းနောက် ဦးခေါင်းကို အနည်းငယ်ကြွလိုက်သော် သူ့ရှေ့၌ “Second Law of Thermodynamics” ဆိုသည့်သွေးနှင့်ရေးထားသော စာကြောင်းကိုမြင်လျှင် အန်းမရက်(ခ်)၏ မျက်နှာမှာ သူ့မျက်လုံးတွင်းထင်းခနဲပေါ်လာ၏ ။
ယင်း၏မျက်နှာမှာ သူ့မျက်နှာသာဖြစ်သည် ။ ထို့ရကား သူ့မျက်နှာသူပြန်ကြည့်ကာ သွေးများ ဆူဝေလာတော့သည် ။
“မင်း … မင်း … မင်းတပည့်ကို မင်းပြန်သတ်တာ … သေစမ်း … သေ”
ဟုထအော်၍ စာတန်းကြီးကို လက်သီးဖြင့် ဆောင့်ထိုးချလေရာ ၊ သူ့လက်တစ်ခုလုံး ပူတက် ၊ ကျဉ်ထွက်သွားပြီး လက်ထိပ်မှ သွေးများလည်း ဖြာခနဲ ။ ကိစ္စမရှိ ။ တပည့်က သေနေပြီ ။ ကိုယ့်တပည့်ကို ပြန်သတ်သော ဆရာမှာ ကောင်းသောလက်တစ်ဖက်မျှ မရှိစေရ ။ နှစ်ဖက်လုံး ဒုက္ခိတသာ ဖြစ်သွားသင့်သည်ဟု မှတ်ယူလျက် လက်သီးကို ထပ်မြှောက်လိုက်စဉ် ၊ သူ့ကို ဆိုရင်းနှင့် ဟက်(စ်)တန်တို့က ဝိုင်းဆွဲကြလေသည် ။
“လီယိုနာ့ဒ်ကြီး … စိတ်ထိန်း … စိတ်ထိန်း … ဒါမျိုးလုပ်လို့ဘာရမှာလဲ …”
“ဖယ်စမ်း … ဖယ်ကြ … ငါ့တပည့်ကို ငါပြန်သတ်တာ … ငါ့တပည့်ကို ငါပြန်သတ်တာ … ငါအပြစ်ခံမယ် … ဖယ် … ကြ … စမ်း …”
ဟုအသံများဝင်သည်အထိ ဟစ်အော်ကာ ရုန်းပစ်လိုက်ရကား ၊ ယင်းတို့နှစ်ယောက်လုံး နောက်ပြန်လန်ကျကုန် လေရာ ၊ သူလည်း ကျောက်သားလမ်းကို လက်သီးဖြင့် အားကုန်ထိုးချလိုက်တော့သည် ။ သို့သော်
“ဖျတ်”
ဟူသည့် သတ္တုပြားနှစ်ခု ပွတ်သံတစ်ခု သူ့နောက်က ထွက်လာပြီးနောက် သူ့လက်မှာလှုပ်မရတော့ ။ မည်မျှပင်ရုန်းလင့်ကစား သူ့လက်မှာ ပြုတ်တူဖြင့် ညှပ်ခံထားရသည့်အလား ရုန်းမထွက်တော့ ။ ထိုအခါ ဒေါသမှာ ငယ်ထိပ်ထိဆောင့်တက်လာ၍
“မင်းမေ*** … လွှတ်စမ်း … လွှတ်”
ဟု အော်ပစ်လိုက်သည့်အခါ သူ့ဘေးပတ်ပတ်လည်က မန်းဒရိတ်(ခ်)များ ၊ ဝိုက်ဗန်အမ်းများသာမက တခြားနဂါးသူရဲကောင်းများကပါ သူ့ကိုဝန်းရံလျက် ဒူးများထောက်ကုန်ကြလေသည် ။ သူကဲ့သို့ ရာထူးရာခံမရှိသော သူရင်းငှါးကို ဒူးထောက်သည်ကား မဖြစ်နိုင် ။ ထိုကြိုက် သူ့လက်ကို ဖမ်းဆုပ်ထားသူထံမှ စကားတစ်သံထွက်ပေါ်လာသည် ။
“ခေါင်းဆောင် လီယို … ခင်ဗျားရဲ့ တည်ငြိမ်မှုတွေနှင့် သွေးအေးရက်စက်မှုတွေ ဘယ်ရောက်သွားပြီလဲ”
အနှီစကားသံကား ပြတ်သည် ။ မာသည် ။ တစ်ချိန်တည်းမှာပင် ဂရုဏာဒေါသောသံ စွက်သည် ။ ယင်းစကားသံကြောင့်ပင် လီယိုနာ့ဒ်၏ မျက်ခုံးအစုံမှာ မြင့်တက်သွားပြီးနောက် ၊ နောက်သို့လှည့်ကြည့်လိုက်ရာ၌ ၊ သူ့ညာဘက်လက်ဖျံကို ကိုင်ဆုပ်ထားသူမှာ ရွှေရောင်တဖိန့်ဖိန့်တောက်ပနေသော ယန္တရားချပ်ဝတ်ကို ဝတ်ဆင်ထားသည် ။
၎င်း၏ခါးအောက်ပိုင်းက ခွေလိပ်နေသော ငါးခန္ဓာကိုယ်ကြီးကိုလည်း နဂါးအကြေးခွံနှင့်တူသော ရွှေသားချပ်ဝတ်များဖြင့် အထပ်လိုက် ကာရံထားသည့်ပြင် တစ်ကိုယ်လုံးက ချပ်ဝတ်များပေါ်၌ နဂါးတစ်ကောင်နှင့် ဇာမဏီတစ်ကောင် ကခုန်နေသည့် ကနုတ်ပန်းများလည်း သွန်းလုပ်ခြယ်မှုန်းထားသေးသည် ။
ပခုံးနှစ်ဖက်ပေါ်တွင်လည်း နဂါးပါးစပ်ဟနေဟန် ရွှေရောင်အမြောက်ကြီးနှစ်လက် တပ်ထားဆင်သည်သာမက ၊ ထိုနဂါးပါးစပ်အမြောက်များမှ အပြာရောင်မီးစွယ်များလည်း လျှံကျနေပြီး ၊ သူကြည့်နေစဉ်မှာပင် သင်း၏နောက်က ဓားချောင်းများနှင့် တည်ဆောက်ထားသော ရွှေရောင်ယန္တရားအတောင်ပံကြီးနှစ်ဖက်မှာ သူ့တစ်ကိုယ်လုံးကို အုပ်မိုးပြန့်ကားလာ၏ ။
ဇာမဏီငှက်၏ ဦးခေါင်းနှင့်တူသော ယန္တရားခမောက်ကို ဆွဲချွတ်လိုက်သည့်အခါ အကြင်သူ၏ မျက်နှာပေါ်လာလေပြီး ချင်းမှာ ညိုသောအသားကို ပိုင်ဆိုင်ထားသည် ။ ခေါင်းတုံးစတောက်ဆံပင်နှင့်ဖြစ်ပြီး နှုတ်ခမ်းမွေးနှင့်ပါးသိုင်းမွေးများကို ပေါ်ရုံမျှသာ ရိတ်ထား၏ ။ ယင်း၏ အပြာရောင်အလင်းတန်းများ ဖြာထွက်နေသည့် မျက်လုံးနှင့် အကြည့်ချင်းဆိုင်မိသွားသော် ၎င်း၏လည်ပင်းက ပါးဟက်များက ပြန့်ကားလာသည်နှင့်အတူ ညာနှုတ်ခမ်းထောင့်မှာလည်း ကော့ရုံမျှသာကော့သွား၏ ။
“လမ်းမကို လက်သီးနှင့်ထိုးမယ်ဆိုရင်တော့ လက်ပဲ ကျိုးသွားလိမ့်မယ် ။ ဒါပေမဲ့ ဒီလက်သီးနေရာမှာ ဓားတစ်လက်ကို ဆုပ်ကိုင်ပြီး ဒီကြမ်းပြင်ကို ထိုးတဲ့အားနှင့်ပဲ လက်ကိုယမ်းမယ်ဆိုရင်တော့ ရန်သူတစ်ယောက် ခေါင်းပြတ်မယ် ။ လက်သီးနေရာမှာ ခေါင်းကိုသုံးပြီး ထိုးတဲ့ကာယအားအစား ဉာဏအားနှင့် ဗျူဟာဆွဲမယ်ဆိုရင်တော့ စစ်ပွဲတစ်ပွဲကိုတောင် အနိုင်ရလိမ့်မယ် ။ ခေါင်းဆောင်လီယို … ခင်ဗျားသင်ပေးခဲ့တဲ့ စကားတွေနှင့် ခင်ဗျားကို ပြန်ဆုံးမရတာမျိုး ထပ်မဖြစ်ပါစေနှင့်”
စကားဆုံးသည်နှင့် ချင်းဘေးက မှော်ဝိဇ္ဇာဝတ်စုံအပြည့် ဝတ်ဆင်ထားသော အာပေါဿရေသူမ ဝိဇ္ဇာလေးယောက်ကပါ သူ့အနားသို့ ဝန်းရံလာ၏ ။ ယင်းသည်ကား အိုက်ကရက်(စ်) မဟာယာဉ်ပျံကို ဦးဆောင်လာသူ ၊ ရာဗလွန်အင်ပါယာ၏ နတ်ဦးသျှောင် ဇီရိုးမက်(စ်) (Zeromus, The Arch Divine of Ravalon) ၏ တန်ခိုးတော်ကိုတိုက်ရိုက်ခံယူထားသူ ၊ အာပေါဿလူမျိုး ပါရာဂွန်သူရဲကောင်း ဒီးဟက်(စ်) (Dehas, The Paragon Knight) ပေတည်း ။ ။
https://mmxianxia.com/wp-content/uploads/2026/05/IMG_8003.webp
သင်္ချိုင်း၌ဖြစ်သည် ။ ဇိုက်(ခ်)ကို ညတွင်းချင်းပင် သင်္ဂြိုဟ်ရန် ဆုံးဖြတ်လိုက်ကြပြီးနောက် အာဇာဂါနာမြို့တော်မှထွက်၍ မဟာသစ်ပင်ကြီး ဂီဟာဒြန်းဆဲလ်၏ ခြေရင်းသို့ ရောက်လာကြခြင်းဖြစ်သည် ။
လီယိုနာ့ဒ်၏ မျက်နှာချင်းဆိုင်ဝယ် လူ့အရပ်နှစ်ပြန်စာနီးပါးမြင့်သော ချုံကြီးရှိပြီး ယင်းချုံကြီးအတွင်း၌ အရွက်စိမ်းမပါ ၊ စူးချွန်များသာ ထောင်ထနေသော အညိုရောင် နွယ်ပင်ကြီးများမှာ တစ်ချောင်းနှင့်တစ်ချောင်း တစ်ရစ်ပြီးတစ်ရစ် ၊ တစ်ထပ်ပြီးတစ်ထပ် ၊ တစ်လိမ်ပြီးတစ်လိမ် ရစ်ပတ်ခွေလိမ်နေကြ၍ ၊ အနှီနွယ်ပင်တို့မှာ သူတို့ရောက်လာသည်နှင့်တစ်ပြိုင်နက် မြွေကြီးများ တစ်ကောင်နှင့်တစ်ကောင် ပတ်တွယ် နေကြသည့်အလား လူးလွန့်လျားကာ လှုပ်ရှားလာကြသည်တွင် ၊ ၎င်းတို့ကြားက အရိုးခေါင်းဖြူဖွေးဖွေးများနှင့် သွေးစွန်းနေသော အဝတ်အစားအပိုင်းအစများကလည်း ဘေးကလူမီနာပင်ကြီးနှစ်ပင်၏ ရွှေရောင်အလင်းအောက်တွင် ရှင်းရှင်းပြတ်ပြတ် ထင်ပေါ်လာကြသည်သာမက ၊ ထိုကဲ့သို့ နွယ်ပင်များ တစ်မျှင်နှင့်တစ်မျှင် ဆွဲညှစ်ကြသည်နှင့်အမျှ တဖြောက်ဖြောက်မြည်သံကြီးများမှာလည်း သန်းခေါင်ယံကို အစွမ်းကုန် ခြယ်လှယ်လာတော့သည် ။
၎င်းတို့ကို ဆန်းဂွင်းနဲလာ (Senguinella) ဟုခေါ်သည်။ ရိုဒီးနီးယားတွင် လူသေပါက များသောအားဖြင့် မြေမမြှုပ်ကြသကဲ့သို့ မီးလည်းမင်္သဂြိုဟ်ကြ။ ရုက္ခပါလနတ်ဘုရားမ နီရင် ဖန်ဆင်းပေးထားသော ထိုအသားစား သစ်ချုံပင်ကြီးကိုသာ အစာကျွေးကြသည် ။ ဂီဟာဒြန်းဆဲလ်ကြီး၏ ခြေရင်းပတ်ပတ်လည်ကို ဝန်းရံပေါက်ရောက်နေသော ဤဆန်းဂွင်းနဲလာချုံကြီးမှာ ရှရတိုင်းတစ်ခုလုံးက အလောင်းများအားလုံးကို စားသောက်နိုင်၍ ၊ ယခုအခါတွင်လည်း ယင်းတို့မှာ ဇိုက်(ခ်)ကို ဝါးမျိုရန် အသင့်ဖြစ်နေကြလေပြီ ။
ဒီးဟက်(စ်)က ခေါင်းညိတ်ပြလိုက်သည့်အခါ ၊ တပ်သားနှစ်ယောက်က အဝတ်မပါသော ဇိုက်၏အလောင်းကို နွယ်ပင်ကြီးများထံသို့ ပစ်ပေးလိုက်ရာ၌ ၊ ထိုနွယ်ပင်ကြီးများက ဇိုက်(ခ်)၏ ခန္ဓာကိုယ်ကို အထပ်ထပ်ရစ်တွယ်လျက် ချုံကြီးအတွင်းသို့ ဆွဲနှစ်ပစ်လိုက်ပြီးနောက် ချုံအတွင်းမှ အရိုးကျိုးသံများ ၊ အသားများ စုတ်ပြဲသံများ မြည်ဟီးလာသည်နှင့်အတူ နွယ်ပင်ကြီးများထံမှလည်း ချဉ်စူးစူး စိမ်းရွှေရွှေနံ့ပြင်းသော အစိမ်းရောင် အစာခြေရည် အကျိအချွဲများ စီးကျလာလေသည် ။
လီယိုနာ့ဒ်မှာ ထိုဖြစ်စဉ်ကို ငေးကြည့်နေကာ သူ့စိတ်ကိုသူပြန်လည်ဆန်းစစ်လျက်ရှိ၏ ။ သူသည် နှမဖြစ်သူ လင်ဒြာလီဖေး သေဆုံးပြီးချိန် ၊ သူဒုက္ခိတ ဖြစ်ပြီးချိန်၌ အားလုံးတားနေသည့်ကြားမှ နဂါးသူရဲကောင်းဘဝက ထွက်၍ မိုယာဝုထ်၌ ဇာတ်မြှုပ်ခဲ့သည် ။ ဖြစ်ခဲ့သည့်အကြောင်းများအာလုံးကို သူကိုယ်တိုင်ကလည်း မေ့နိုင်မည်ဟု တွေးထားခဲ့သကဲ့သို့ ရန်သူဟောင်းများကလည်း သူ့နောက်လိုက်မလာနိုင်ဟု ထင်ထားခဲ့စေကာမူ ၊ ယခုအခါ မေ့နိုင်မည်ဟူသော အတိတ်တို့မှာ အန်းမရက်(ခ်)ကို တွေ့သော် အနည်ထိုင်နေသော ရေကိုတုတ်ဖြင့်ပြန်မွှေ သကဲ့သို့ ၊ လျော့ရိလျော့ရဲ ချုပ်ထားသော ဓားဒဏ်ရာတစ်ခုက အားအစိုက်မှာ ပြန်ပွင့်ထွက်သကဲ့သို့ ၊ တင်းရင်းနေအောင် ဆွဲထားသော သားရေကွင်းလေးပေါ်၌ ထက်မြနေသော ဓားသွားတင်လိုက်သကဲ့သို့ ငြိုးမာန်ဖွဲ့လောင်မီးများမှာလည်း စည်းမဲ့ ၊ ကမ်းမဲ့ လွတ်ထွက်ရုံလာနေပြီ။ ထိုမျှမက ချင်းကလည်း သူတန်ဖိုးထားရသူများကို ကတိပေးသွားသည့်အတိုင်း လိုက်သတ်နေလေပြီ ။
ကမာကောင်ကို ဆွဲလှန်လိုက်မှ နှစ်ရှည်လများ ကိန်းအောင်းနေသော ပုလဲလုံးအစိုင်အခဲကြီးကို တွေ့ရသကဲ့သို့ ၊ သူ့နှလုံးတံခါးကို ဇိုက်(ခ်)၏ သေဆုံးမှုဖြင့် ကန်ဖွင့်လိုက်သောအခါမှ လင်ဒြာလီဖေးကိုမဏ္ဍိုင်ပြုကာ ကိန်းအောင်းနေသော အာဃာတအစိုင်အခဲကြီးမှာ ပုလဲလုံးကြီး တစ်လုံးအလား အဟုန်ပြင်းစွာ တောက်ပနေသည်ကို နားလည်လိုက်ရလေပြီ ။
သူခေါင်းညိတ်လိုက်သည် ။ သူသည် လူသတ်သမားဖြစ်ခဲ့သည် ။ တစ်နှစ်မျှ ရွာတစ်ရွာ၌ သူရင်းငှါးလုပ်ရုံမျှနှင့် သာမန်လူတစ်ယောက်ပြန်မဖြစ်နိုင် ။ ကြောက်၍ ထွက်ပြေးနေရုံဖြင့် ပြဿနာများ မဖြေရှင်းနိုင် ။ လူပြန်သတ်ရပေအံ့ ။ လူသတ်သမား ဘဝကို ကျေကျေနပ်နပ်ကြီး ပြန်လည်ခံယူရလတ္တံ့ဟု တွေးလိုက်သည့်အခါ သူ့ရင်တွင်းတောက်နေသော မီးများငြိမ်းကျသွား၏ ။ သူ့တစ်ကိုယ်လုံး တည်ငြိမ်သည်ထက် ပို၍တည်ငြိမ်လာ၏ ။ မျက်လုံးများမှာလည်း အေးစက်ကာ လက်သီးကို ဆုပ်ချည်ဖြန့်ချည် လုပ်လာ၏ ။ ဤသည်ကား သွေးအေးအေးနှင့် သွေးဆာလာသည့် သူ့လက္ခဏာ ။ လူသတ်သမား တစ်ယောက်၏ အဆောင်အယောင် ။ ထိုစဉ်
“ဟေ့ လီယိုနာ့ဒ်ကြီး”
ဟုလှမ်းခေါ်သဖြင့် ဘေးကိုလှည့်ကြည့်လိုက်ရာ ၊ ဆိုရင်း(န်)နှင့် မျက်နှာချင်းဆိုင်မိသွားသရော် သူ(မ)၏ မျက်လုံးများမှာ ပြူးကျယ်သွား၍ နောက်သို့ ခြေလေးလှမ်းတိတိ ဆုတ်သွားလေသည် ။ နှုတ်မှလည်း
“ဟင် … ဒီ … ဒီကိုယ်ရောင်ကိုယ်ဝါ …”
ဟုတီတိုးရေရွတ်၍ သူ(မ)၏ခြေချောင်းလေးများအားလုံး ပြိုင်တူကုပ်သွားလေသည် ။
ယခင်က နတ်ဘုရားများအတွက် သတ်ခဲ့သည် ။ ယခုတွင်မူ နှမအတွက် သတ်မည် ။ တပည့်အတွက် သတ်မည် ။ တရားမျှတမှုမရှိသော ဤလောကကြီး၌ တရားမျှတမှုကို သူ့လက်နှင့်ပြန်ရှာမည် ။ တန်နားဘရက်(စ်)တစ်ခုလုံးကို သူ့လက်ဖြင့် ဖြိုချပစ်မည့် ၊ အန်းမရက်(ခ်)နှငိ့တကွ ကျန်သော ဒိုမီနီယမ်အားလုံးကို ရေကုန်သည်အထိ ရေခန်းသည်အထိ ပြန်သတ်မည့် သူ့ကလဲ့စားကား ဤနေရာတွင်ပင် တည်လေပြီ ။
“နတ်ဘုရား အက်(စ်)မန်းဒက်(စ်)ရဲ့ ဘုန်းတော်အောက်မှာ အနားယူပါတော့ ဇိုက်(ခ်) ။ လုပ်သင့်တာအားလုံးလုပ်ပြီးရင် ငါပါလိုက်ခဲ့မယ်”
ဟုစိတ်တွင်းကဆိုနေခိုက် ဆန်းဂွင်းနဲလာ နွယ်ပင်ကြီးများ၏ လှုပ်ရှားမှုများ ရပ်တန့်သွားလေ၏။ ယင်းနောက် ၎င်းတို့၏ စူးများပေါ်ဝယ် အနီရောင်ပန်းပွင့်လေးများ ပွင့်လာကြသဖြင့် မာတိုရိုအပါအဝင်ကျန်သူများမှာ ထိုပန်းပွင့်နီလေးများကို နှုတ်ယူကြလေပြီး ၊ ယင်းသည်ကား ဇိုက်(ခ်)၏ အလောင်းကို နွယ်ပင်ကြီးများက စားသုံးပြီးနောက် ရရှိလာသောအာဟာရဖြင့် ပွင့်လန်းလာသည့် ပန်းများဖြစ်၍ ၊ ထိုပန်းပွင့်များကို အဏုဇီဝပိုးသတ်ဆေး (Broad Spectrum Antibiotic) အနေနှင့် အသုံးပြုကြလေသည် ။
https://mmxianxia.com/wp-content/uploads/2026/05/IMG_7999.webp
ဒီးဟက်(စ်)ကလည်း ဆန်းဂွင်းနဲလာ နွယ်ပင်ကြီးက ပန်းတစ်ပွင့်ကို ဖြုတ်ယူ၍ သူ့ကိုမျက်နှာချင်းဆိုင်ကြည့်ကာ
“ဟုတ်တယ် ။ ဒါမှကျုပ်သိခဲ့တဲ့ ကျုပ်ရဲ့ခေါင်းဆောင် ။ ဇိုက်(ခ်)ပြောတုန်းက ခေါင်းဆောင်မှာ မာန်တွေမရှိတော့ဘူးတဲ့ … အခု သူ့ရဲ့ကျဆုံးမှုကနေ ခင်ဗျားဆုံးရှုံးသွားတာကို ပြန်ရှာတွေ့ပြီလား”
ဟုဆို၍ ပန်းတစ်ပွင့်ကို ပေးလေသော် ၊ သူလည်းစကားပိုကိုမဆိုဘဲ ဇိုက်(ခ်)၏ အသွေးအသားမှ ဖူးပွင့်လာသော ပန်းပွင့်ကို လှမ်းယူလိုက်လေသည် ။
“ခေါင်းဆောင် … ခင်ဗျားရဲ့ စွမ်းဆောင်မှုဟာ နတ်ပြည်ထိရောက်ပြီး အန္တလိက္ခ နတ်မိမယ် လူနာလက်(စ်)ကာ (Lunalasca, The Goddess of Sky) ရဲ့ ရွှေနားတော်ထိ ပေါက်သွားပြီ ။ နာရီပိုင်းအတွင်းမှာပဲ နတ်ဘုရားမ ကိုယ်တော်တိုင် ဒီလူ့ပြည်ကို ဆင်းလာတော့မယ် ။ အိုက်ကရက်(စ်) မဟာယာဉ်ပျံပေါ်မှာ ကျုပ်တို့ဖူးမြော်တာကို ခံယူရင်း အရေးတော်အကြောင်း မိန့်တော်မူလိမ့်မယ် ။ အဲသည်အခါတော်မှာ ခင်ဗျားပါဝင်ရောက် ခစားဖို့ Her Divinity က မိန့်မူလိုက်ပြီ”
ဟုဆိုပြီးနောက် ဒီးဟက်(စ်)မှာ စကားကို ရပ်၍သူ့ကို ကျဉ်းမြောင်းလင့်ကစား တောက်ပနေသော အကြည့်တို့ဖြင့် ကြည့်လေသည် ။ ဘယ်လိုလဲ ဟူသည့်အကြည့် ။ သို့သော်သူ့ဘက်က ခွန်းတုံ့မပြန်သဖြင့်
“မနက်ဖြန်ရောက်တာနှင့် နှစ်လောကလုံးမှာ အကြီးမားဆုံး မဟာစစ်ကြီးဖြစ်တော့မယ် ။ နတ်ပြည်ရော လူ့ပြည်မှာပါ တစ်ပြိုင်နက်နွှဲမဲ့စစ်ကြီးဖြစ်လို့ ပေးဆပ်မှုတွေ ကြီးမားလိမ့်မယ် ။ ဒီထက်ပိုတဲ့ ကျဆုံးမှုတွေဖြစ်လာမယ် ။ ခင်ဗျား ထွက်ပြေးနေဦးမှာလား …”
နောက်ဆုံးစကားကိုပြောသည့် ၎င်း၏လေသံကား တင်းလှ၏ ။ အမိန့်သံဆန်၏ ။ တောင်းဆိုမှုများ ပေါ်လွင်၏ ။ ကျန်သူများမှာလည်း သူတို့နှစ်ယောက်ကို ဝိုင်းကြည့်ကြကုန်၏ ။ ထိုအခါမှသူကလည်း ခေါင်းညိတ်လိုက်ပြီး
“Her Divinity ရဲ့ ဘုန်းတော်ကို ခစားဖို့အသင့်ပါပဲ”
ဟုဆိုလိုက်လျှင် ၊ ဒီးဟက်(စ်)၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာ၍ သူ့ပခုံးကို တစ်ချက်ပုတ်ရာ၌ ၊ ကြွက်သားတုကြီးဖြင့် ပုတ်ခြင်းကြောင့် သူ့ဒူးနှစ်ဖက်လုံး ညွတ်ကျသွားလေပြီး ယခုအခါတွင်မူ သူသည် တောင့်ခံထားခြင်းမရှိဘဲ ၊ ကျေကျေနပ်နပ်ပင် ဒူးညွတ်ပေးလိုက်လေသည် ။
တန်နားဘရက်(စ်)ကို တစ်ယောက်တည်း လက်စားချေမည်ဆိုပါက ကျောက်လမ်းမကို လက်သီးဖြင့် ထိုးခြင်းနှင့်မခြား ၊ အင်အားကြီးတစ်ခုကို ဖြိုလိုပါက ကျန်အင်အားကြီးတစ်ခုနှင့် ပူးပေါင်းရမည်ဖြစ်ပြီး ထိုအခွင့်အရေးမှာလည်း သူ့ရှေ့တည့်တည့်၌ပင် ရှိနေပြီဖြစ်သည့်အလျောက် ၊ ဇိုက်(ခ်)၏ စျာပန အခမ်းအနားပြီးသည်နှင့် လီယိုနာ့ဒ်မှာ ညတွင်းချင်းပင် ဒီးဟက်(စ်)နှင့်အတူ အိုက်ကရက်(စ်)မဟာယာဉ်ပျံကြီးပေါ်သို့ လိုက်ပါရန် သင်္ချိုင်းက ထွက်လာလေသည် ။ အပေါ်မော့ကြည့်သရော် လရောင်စဉ်တို့မှာ မဟာသစ်ပင်ကြီး၏ ဧရာမသစ်ရွက်ကြီးများကြားမှ သူ့မျက်နှာပေါ်သို့ ထိုးကျနေဆဲ ။ ။
**************