← Chapters

အခန်း (၁၈၇၅-၁၈၇၆)

Vol. 188 Ch. 1875-1876

အခန်း (၁၈၇၅-၁၈၇၆)

Vol. 188 Ch. 1875-1876

အခန်း (၁၈၇၅) - ပုံသဏ္ဌာန်တူသော်လည်း အနှစ်သာရမတူခြင်း

အရိပ်မျိုးနွယ် သူတော်စင်၏ လှောင်ပြောင်မှုကို တောင်ပိုင်းနတ်ဘုရားမျိုးနွယ် သူတော်စင်က ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေသော်လည်း၊ သူ၏မျက်လုံးများကမူ သူတော်စင်မျှော်စင်တိုက်ပွဲအတွင်းရှိ ဖန့်ချန်ထံသို့သာ စိုက်ကြည့်နေမိသည်။

ထို ဦးခေါင်းသုံးလုံး၊ လက်ခြောက်ဖက်မှာ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်နှင့် အဘယ်မျှလောက်တောင် ဆင်တူနေသနည်း။

သို့သော် တစ်ဖက်လူမှာ နတ်ဘုရားစွမ်းအားတစ်ရပ်ကို အသုံးပြုနေခြင်းသာဖြစ်ပြီး၊ မွေးကတည်းက ဦးခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ပါလာသော တောင်ပိုင်းနတ်ဘုရားမျိုးနွယ်ဝင်များကဲ့သို့ မဟုတ်သည်မှာ ထင်ရှားလှသည်။

"လောကကြီးမှာ တကယ်ပဲ ထူးဆန်းတာတွေ အများကြီးရှိတာပဲ"

နတ်ဘုရားမျိုးနွယ် သူတော်စင်က ရေရွတ်လိုက်သည်။

"အရင်ဆုံး အရိပ်ဗောဓိသတ် နည်းပရိယာယ်၊ အခုကျတော့ ဦးခေါင်းသုံးလုံး လက်ခြောက်ဖက် တဲ့။ တစ်ယောက်ယောက်က တောင်ပိုင်းနတ်ဘုရားမျိုးနွယ်ကို အတုယူပြီး ဒီလိုနတ်ဘုရားစွမ်းအားမျိုးကို တီထွင်ခဲ့တာလား၊ ဒါမှမဟုတ် ကံကြမ္မာရဲ့ အစီအမံပဲလား"

စကားအဆုံးတွင် သူက ရုတ်တရက် ခပ်ဖွဖွရယ်မောကာ တောင်ပိုင်းနတ်ဘုရားမျိုးနွယ် သူတော်စင်ကို ကြည့်၍ ဆိုလိုက်သည်။

"ဒီကောင်လေးက ပါရမီတော့ ရှိသားပဲ၊ ဦးခေါင်းသုံးလုံး လက်ခြောက်ဖက် လည်း ရှိနေတာဆိုတော့... မင်း သူ့ကို မွေးစားသားအဖြစ် လက်ခံလိုက်ပါလား။ အခု သူပြနေတဲ့ စွမ်းဆောင်ရည်အရဆိုရင် မင်းရဲ့မွေးစားသား ဖြစ်ထိုက်ပါတယ်"

"ဘာတွေ လျှောက်ပြောနေတာလဲ။ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်ဆိုတာ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်ပဲ။ အားနည်းတဲ့မျိုးနွယ်တွေ ဘယ်လောက်ပဲ အတုယူပါစေ... ပုံသဏ္ဌာန်တူပေမဲ့ အနှစ်သာရကတော့ တူမှာမဟုတ်ဘူး "

တောင်ပိုင်းနတ်ဘုရားမျိုးနွယ် သူတော်စင်က သူ၏ မျက်နှာသုံးခုလုံး ခက်ထန်နေလျက် အေးစက်စွာ ပြန်ပြောလိုက်သည်။

ထိုစဉ်မှာပင် နဂါးသူတော်စင်၏ မျက်နှာပေးမှာ အနည်းငယ် လှုပ်ရှားသွားပြီး လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

တောက်ပသော အလင်းတန်းအချို့ ပေါ်ထွက်လာပြီးနောက် ပုံရိပ်အချို့သည် သူတော်စင်များ၏ ရှေ့မှောက်သို့ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။ သူတို့ ပေါ်လာခြင်းကြောင့် သူတော်စင်များ၏ အာရုံမှာ ဖန့်ချန်ထံမှ ကွာသွားကြတော့သည်။

အမှန်စင်စစ် ဖန့်ချန်မှာ အားနည်းသောမျိုးနွယ်မှ အဆင့် ၆ တန်ခိုးရှင်လေးသာ ဖြစ်သော်လည်း၊ အခု ရောက်လာသည့် ခြောက်ဦးမှာမူ မတူညီကြပေ။ သူတို့သည် နယ်ပယ်အသီးသီး၏ နံပါတ် (၁) ဆုရှင်များ ဖြစ်ကြသည့်အပြင် အားလုံးမှာ နတ်ဘုရားမျိုးနွယ်ဝင်များ ဖြစ်ကြသည်။

နောင်တစ်ချိန်တွင် ဤခြောက်ဦးမှာ သူတို့ကဲ့သို့ သူတော်စင်များအဆင့်အထိ ရောက်ရှိလာနိုင်သူများ ဖြစ်ကြသည်။

ရုတ်တရက် ပေါ်လာသော နတ်ဘုရားမျိုးနွယ် တန်ခိုးရှင် ခြောက်ဦးမှာလည်း ကြောက်လန့်တကြား မဖြစ်ဘဲ တည်ငြိမ်အေးဆေးစွာဖြင့် နဂါးသူတော်စင်ကို တပြိုင်နက်တည်း အလေးပြုကြသည်။ ဖန့်လဲ့နှင့် အခြားသူများ၏ အကြည့်မှာလည်း ထိုခြောက်ဦးထံသို့ ကျရောက်သွားကြသည်။

သူတို့ တစ်ဦးချင်းစီ၏ အရှိန်အဝါမှာ မိမိတို့နယ်ပယ်၏ အမြင့်ဆုံး အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိနေကြပြီး၊ အဆင့်တူများကြားတွင် ထိပ်တန်းအကျဆုံး ပါရမီရှင်များ ဖြစ်ကြသည်။ အကန့်အသတ်ကျော်လွန်ခြင်း တတိယအဆင့် မှသည် အဆင့် ၇ အထိ၊ ဤခြောက်ဦးမှာ ထ်ုနယ်ပယ်ခြောက်ခု၏ နံပါတ် (၁) များကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။

အနည်းဆုံးတော့ နဂါးသူတော်စင်မြို့တော် နယ်မြေအတွင်း၌ သူတို့၏ အစွမ်းမှာ အများက လက်ခံထားပြီးသား ဖြစ်သည်။

သူတော်စင် အများအပြား၏ မျက်လုံးထဲတွင် အားကျသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားကြသည်။ သူတို့သည် အပြင်ပန်းတွင် နတ်ဘုရားမျိုးနွယ်ကို မကျေနပ်ကြဘဲ ယှဉ်ပြိုင်လိုစိတ် ပြင်းပြနေကြသော်လည်း၊ အတွင်းစိတ်ထဲတွင်မူ မိမိတို့မျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်ကြားရှိ ကွာဟချက်မှာ ထင်ထားသည်ထက် ပို၍ ကြီးမားကြောင်း ကောင်းကောင်း သိကြသည်။

ဥပမာအားဖြင့် ဤပါရမီရှင် ခြောက်ဦးမျိုးမှာ အခြားမျိုးနွယ်စုများတွင် နှစ်ပေါင်းသောင်းချီမှ တစ်ဦး ပေါ်ထွန်းရန် ခဲယဉ်းသော်လည်း၊ နတ်ဘုရားမျိုးနွယ်တွင်မူ တစ်ခါတည်းနှင့် ဤမျှအထိ ထွက်ပေါ်လာခြင်း ဖြစ်သည်။

"မင်းတို့တွေ အခုတစ်ကြိမ် မျှော်စင်တိုက်ပွဲမှာ အဆင့်တူတွေထဲ နံပါတ် (၁) ရတာ ဝမ်းသာစရာပဲ"

နဂါးသူတော်စင်က ပြုံးလျက် ဆိုသည်

"နောင်နှစ်ပေါင်း အနည်းငယ် ကြာတဲ့အခါ မင်းတို့ထဲက တစ်ယောက်ယောက်ဟာ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် သူတော်စင်တွေ ဖြစ်လာနိုင်တယ်"

နတ်ဘုရားမျိုးနွယ် တန်ခိုးရှင် ခြောက်ဦးမှာလည်း နှိမ့်ချစွာဖြင့် မဝံ့ရဲပါကြောင်း ပြန်လည် လျှောက်တင်ကြသည်။

"သိပ်ပြီး အားနာမနေပါနဲ့ဦး၊ ဒီမှာပဲ ငါတို့ လူကြီးတွေနဲ့အတူ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့။ တခြားနယ်ပယ်တွေက နံပါတ် (၁) တွေ ထွက်လာတဲ့အခါကျရင် အားလုံးကို တစ်ခါတည်း ဆုလာဘ်တွေ ပေးသနားမယ်"

နဂါးသူတော်စင်က ဆိုသည်။

ထိုခြောက်ဦးမှာ ထပ်မံ အလေးပြုလိုက်ကြပြီးနောက် နတ်ဘုရားမျိုးနွယ် သူတော်စင်၏ ဘေးသို့ သွားကာ အောက်ဘက်ရှိ မြင်ကွင်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။ ဤနေရာမှ ကြည့်လျှင် မျှော်စင်တိုက်ပွဲ တစ်ခုလုံးကို အပေါ်စီးမှ အထင်အရှား မြင်တွေ့နေရသည်။

"အဲဒီ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်က တော်တော် အစွမ်းထက်တာပဲ၊ အဆင့်တူတွေ ဒီလောက်အများကြီးကို ဖိနှိပ်ထားနိုင်တာလား"

လောင်တောက်ချန်း က တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုစကားကြောင့် နတ်ဘုရားမျိုးနွယ် သူတော်စင်မှာ တဟားဟား ရယ်မောတော့သည်။ လောင်တောက်ချန်းမှာ ဘာဖြစ်သွားမှန်း မသိဘဲ ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။

"ဦးလေးသုံး... ဘာဖြစ်လို့လဲ"

နတ်ဘုရားမျိုးနွယ် သူတော်စင်က တောင်ပိုင်းနတ်ဘုရားမျိုးနွယ် သူတော်စင်၏ ခက်ထန်နေသော မျက်နှာသုံးခုကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံး၍ ဖြေလိုက်သည်။

"မင်း အကြည့်မှားနေပြီ၊ အဲဒီလူက တောင်ပိုင်းနတ်ဘုရားမျိုးနွယ် မဟုတ်ဘူး၊ လူသားမျိုးနွယ် ကွ"

"လူသားမျိုးနွယ် အဲဒါ ဘာမျိုးနွယ်လဲ"

လောင်တောက်ချန်းက အံ့ဩသွားသည်။

ကျန်ရှိသော နံပါတ် (၁) ဆုရှင်များမှာလည်း စူးစမ်းလိုစိတ်ဖြင့် အောက်သို့ ငုံ့ကြည့်ကြပြန်သည်။ အမှန်ပင် အနုစိတ် စစ်ဆေးကြည့်သောအခါ ထူးခြားချက်အချို့ကို တွေ့ရှိသွားကြသည်။

သူတို့သည် အခြားသော စစ်မြေပြင်များကိုလည်း ကြည့်လိုက်ကြရာ နေရာတိုင်းတွင် နတ်ဘုရားမျိုးနွယ် တန်ခိုးရှင်များကသာ အပြတ်အသတ် စိုးမိုးထားကြသော်လည်း၊ ထို ဦးခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိနေသော အဆင့် ၆ စစ်မြေပြင်တွင်မူ နတ်ဘုရားမျိုးနွယ်ဝင် အချို့ပင် ဖိနှိပ်ခံထားရသည်ကို တွေ့လိုက်ရသည်။

ဤအချက်က သူတို့ကို မျက်နှာပျက်သွားစေကာ တိုက်ချုံယွင် ထံသို့ အလိုအလျောက် အကြည့်များ ရောက်သွားကြသည်။

"တိုက်ချုံယွင်က ဘာလို့ ဝင်မတိုက်တာလဲ"

နံပါတ် (၁) ဆုရှင် တစ်ဦးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"တိုက်ချုံယွင်က မွေးကတည်းက မာနကြီးတယ်၊ တခြားလူတွေနဲ့ ပေါင်းပြီး ဝိုင်းတိုက်ရတာကို သူ ဝါသနာပါမှာ မဟုတ်ဘူး"

အဆင့် ၇ နံပါတ် (၁) ရရှိထားသော နတ်ဘုရားမျိုးနွယ် တန်ခိုးရှင်က တိုးတိုးလေး ဆိုသည်။

"ဦးလေးသုံး... ကျွန်တော့်ကို ပြောပြပါဦး၊ လူသားမျိုးနွယ်ဆိုတာ ဘယ်လိုမျိုးနွယ်လဲ ကျွန်တော် တစ်ခါမှ မကြားဖူးပါလား။ အင်အားကြီးမျိုးနွယ် ၁၀၀ ထဲမှာတောင် မပါဘူး မဟုတ်လား ဘယ်လိုလုပ် အခုထိ ကျန်နေနိုင်ရတာလဲ "

လောင်တောက်ချန်းက နတ်ဘုရားမျိုးနွယ် သူတော်စင်အနား ကပ်ကာ ဖော်ဖော်ရွေရွေ မေးလိုက်သည်။

"ဒီတစ်ကြိမ်မတိုင်ခင်အထိ ငါလည်း လူသားမျိုးနွယ်အကြောင်း မကြားဖူးဘူး"

နတ်ဘုရားမျိုးနွယ် သူတော်စင်က ပြုံးလျက် ဆိုသည်။

"ဒါပေမဲ့ ဒီကောင်လေး အခုလို အောင်မြင်မှု ရတာက သူ ဘယ်မျိုးနွယ်လဲဆိုတာနဲ့ မဆိုင်ပါဘူး။ ဘယ်လောက်ပဲ အားနည်းတဲ့ မျိုးနွယ်ဖြစ်ဖြစ် ဘုရင် တစ်ပါးတော့ ထွက်ပေါ်လာနိုင်တာပဲ။ ဒါပေမဲ့ အဲဒါက ဘာမှတော့ ပြောင်းလဲမသွားပါဘူး၊ အလွန်ဆုံးရှိလှ သူ အာဏာရှိနေတဲ့ အချိန်မှာ သူ့မျိုးနွယ်စု ခဏတဖြုတ် အင်အားရှိလာတာလောက်ပဲ ဖြစ်မှာပါ"

"အော်... ဒီလိုလား..."

လောင်တောက်ချန်းက ခေါင်းညိတ်လိုက်သည်။

သူသည်လည်း ထိုသဘောတရားကို နားလည်ပါသည်။ နတ်ဘုရားမျိုးနွယ်သာ မျှော်စင်တိုက်ပွဲမှာ မပါဝင်တော့လျှင် သို့မဟုတ် ရလဒ်မကောင်းလျှင်တောင်မှ နတ်ဘုရားမျိုးနွယ်သည် နတ်ဘုရားမျိုးနွယ်ပင် ဖြစ်သည်။ နတ်ဘုရားမျိုးနွယ်၏ နက်ရှိုင်းလှသော အခြေခံအုတ်မြစ်ကို မည်သည့်မျိုးနွယ်စုကမျှ အစားမထိုးနိုင်ချေ။

"အဲဒီကောင်လေး တောင့်မခံနိုင်တော့ဘူး။ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ အဆင့်တူ တန်ခိုးရှင် ဆယ်ဂဏန်းလောက်ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခုခံဖို့ဆိုတာ မလွယ်ဘူး။ အထူးသဖြင့် အဲဒီလူတွေက အင်အားကြီး ၁၂ မျိုးနွယ်က တန်ခိုးရှင်တွေ ဖြစ်နေတာကိုး"

ရွှေသားအနှစ်မျိုးနွယ် သူတော်စင်က ရုတ်တရက် ရယ်မောကာ ဆိုလိုက်သည်။

သူတော်စင်အားလုံး၏ အာရုံမှာ ဖန့်ချန်ထံသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားကြသည်။

ဖန့်ချန်သည် ဦးခေါင်းသုံးလုံး လက်ခြောက်ဖက် စွမ်းအားကို အသုံးပြု၍ တန်ခိုးရှင်များ သတိမထားမိခင်မှာပင် အလစ်အငိုက် ဖမ်းကာ တိုက်ခိုက်ခဲ့သည်။

သူသည် အဆင့်တူ တန်ခိုးရှင် အချို့ကို ဆက်တိုက် သတ်ဖြတ်နိုင်ခဲ့သော်လည်း၊ ကျန်ရှိနေသော တန်ခိုးရှင်များ သတိဝင်လာပြီးနောက်တွင်မူ အားလုံးက ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။

ဤတန်ခိုးရှင်များသည် နယ်မြေကိုးခု၌သာ ဆိုပါက အဆင့် ၇ များကိုပင် ကျော်လွန်တိုက်ခိုက်နိုင်သော ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။ ယခုအခါ ထိုသူများက ပူးပေါင်းတိုက်ခိုက်လာသည့်အပြင် ဖန့်ချန်ကိုယ်တိုင်ကလည်း မျက်နှာချင်းဆိုင် တိုက်ခိုက်ရန် ရွေးချယ်ခဲ့သဖြင့် ဖိအားအနည်းငယ်ကို ခံစားလာရသည်။

သို့သော် ယခုအထိ သူသည် ဓားကို ထုတ်မသုံးသေးချေ။

ဤအခြေအနေကို ပြောင်းလဲပစ်ရန်မှာ ရှစ်မျက်နှာအရပ် ဓားကျမ်း ၏ သတ္တမမြောက် ဓားကွက်ကို အသုံးပြုမှသာ ဖြစ်နိုင်မည် ဖြစ်သည်။ သို့သော် ထိုဓားကွက်သည် သက်တမ်းကို စတေးရသဖြင့် ဖန့်ချန်၏ အမြင်၌ ဤနေရာတွင် သုံးရန် မလိုအပ်ဟု ယူဆထားသည်။

တဖြည်းဖြည်းနှင့် ဖန့်ချန်၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များမှာ ကုန်ခမ်းလုနီးပါး ဖြစ်လာသည်။

လူတိုင်းက သူ ရှုံးနိမ့်တော့မည်ဟု ထင်နေကြစဉ်မှာပင် ဖန့်ချန်၏ ဝိညာဉ်စွမ်းအင်များမှာ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြန်လည် ပြည့်ဝလာခဲ့ပြန်သည်။

ဤမြင်ကွင်းမှာ သူ ရှုံးနိမ့်တော့မည်ဟု ထင်မှတ်နေကြသော သူတော်စင်များကို အံ့အားသင့်သွားစေသည်။

မျိုးနွယ်အသီးသီးမှ တန်ခိုးရှင်များ တစ်ဦးပြီးတစ်ဦး သေဆုံးနေသည်ကို မြင်သောအခါ သူတော်စင်များမှာ နှမြောတသ ဖြစ်လာကြသည်။ တန်ခိုးရှင် တစ်ဦး သေဆုံးတိုင်း ဝိညာဉ်မျိုးနွယ် အတွက် ပါရမီရှင်တစ်ဦး တိုးပွားသွားခြင်းပင် ဖြစ်သည်။

မကြာမီမှာပင် သူတော်စင် တစ်ဦးက အမိန့်ပေးလိုက်သည်။

ဖန့်ချန်ကို ဝိုင်းတိုက်နေသော တန်ခိုးရှင်များမှာ ချက်ချင်းပင် လက်နက်ချ ရပ်တန့်လိုက်ကြသည်။

"ဒီလို ဆက်တိုက်နေလို့လည်း အဓိပ္ပာယ် မရှိဘူး။ မင်းက အဆင့် ၆ နံပါတ် (၁) ကို တကယ် လိုချင်နေပုံရတယ်၊ ကောင်းပြီလေ... ငါတို့ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။

မင်း ဘေးမှာ ခဏ စောင့်ကြည့်နေလိုက်။ ငါတို့ကြားမှာ အနိုင်အရှုံး ပေါ်သွားတဲ့အခါကျမှ မင်း ထွက်လာပြီး နံပါတ် (၁) အတွက် လာတိုက်တော့"

မြွေနဂါးမျိုးနွယ် တန်ခိုးရှင် တစ်ဦးက ဖန့်ချန်ကို လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

"ဒါဆိုရင်လည်း အားမနာတော့ဘူးနော်"

ဖန့်ချန်က ပြုံးလျက် ဆိုကာ ပေအနည်းငယ် အကွာအဝေးသို့ ဆုတ်ခွာပေးလိုက်သည်။

မျိုးနွယ်အသီးသီးမှ တန်ခိုးရှင်များမှာ စိတ်ထဲ၌ မတတ်သာဘဲ ဖြစ်နေကြသည်။ အားနည်းသော မျိုးနွယ်စုမှ တန်ခိုးရှင်တစ်ဦးက သူတို့ကို ဤမျှအထိ အကျပ်ရိုက်စေလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ကြချေ။

"ကဲ... အခုကျန်တဲ့သူတွေကတော့ ကိုယ့်လူတွေချည်းပဲဆိုတော့၊ အသေအလဲ တိုက်မနေကြတော့နဲ့။ နတ်ဘုရားစွမ်းအားတွေပဲ ယှဉ်ပြိုင်ကြမယ်၊ ဘယ်သူက ပိုတော်လဲဆိုတာ ကြည့်ပြီး ရှုံးတဲ့သူက သူ့ဘာသာ အရှုံးပေးပြီး ထွက်သွားကြစို့။ ဘယ်သူ့မှာ ဘာပြဿနာ ရှိသေးလဲ "

"ဒီလိုပဲ လုပ်ကြတာပေါ့"

ထိုတန်ခိုးရှင်များမှာ လျင်မြန်စွာပင် သဘောတူညီချက် ရရှိသွားကြသည်။

ထို့နောက် သူတို့၏ တိုက်ပွဲမှာ အလွန် ယဉ်ကျေးသိမ်မွေ့သွားတော့သည်။ အသေအလဲ တိုက်ခိုက်ခြင်း၊ အသက်အန္တရာယ် ပေးခြင်းမျိုး မရှိတော့ဘဲ၊ ရှုံးနိမ့်သူက ဘေးသို့ ဆုတ်ခွာပေးကာ အချိန်စေ့လျှင် အရှုံးပေး ထွက်ခွာရန် စောင့်ဆိုင်းနေကြတော့သည်။

အခန်း (၁၈၇၆) - ဤမျှအထိ ကလေးကစားစရာ လုပ်၍ရပါ့မလား

နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ မျိုးနွယ်စုအသီးသီးမှ တန်ခိုးရှင်များသည် ၎င်းတို့အချင်းချင်း အနိုင်အရှုံးကို ကိုယ်တိုင်ဆုံးဖြတ်ပြီး အဆင့်သတ်မှတ်ချက် တစ်ခုကို သတ်မှတ်လိုက်ကြပြီ ဖြစ်သည်။

ယခုအခါတွင် တိုက်ချုံယွင်က ဖန့်ချန်ကို အနိုင်ယူလိုက်လျှင် သူသည် နံပါတ် (၁) ဖြစ်လာမည်ဖြစ်ပြီး ဖန့်ချန်မှာ ဒုတိယအဆင့်တွင် ရှိနေမည် ဖြစ်သည်။

"နတ်ဘုရားမျိုးနွယ်က... တိုက်ချုံယွင်ပါ"

တိုက်ချုံယွင်က ဖန့်ချန်ကို အဝေးမှနေ၍ လှမ်းကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

"လူသားမျိုးနွယ်က... ဖန့်ချန်ပါ"

ဖန့်ချန်ကလည်း လက်အုပ်ချီ၍ ပြန်လည်အလေးပြုလိုက်သည်။

"ခင်ဗျားနဲ့ တိုက်ခိုက်ရမှာဖြစ်တဲ့အတွက် ကျွန်တော် အစွမ်းကုန် ကြိုးစားရလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်တို့နှစ်ယောက်ကြားမှာ ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် အသက်အန္တရာယ် ဖြစ်တာမျိုး ရှိလာနိုင်တယ်၊ အဲဒါအတွက် ကြိုတင်တောင်းပန်ပါတယ်"

တိုက်ချုံယွင်က ပြုံးလျက် ဆိုလိုက်သည်။

"ကျွန်တော်တို့ တိုက်ခိုက်ဖို့ အလျင်မလိုသေးပါဘူး"

ဖန့်ချန်က ခေါင်းကို အနည်းငယ် ခါလိုက်သည်။

တိုက်ချုံယွင်မှာ ခေတ္တမျှ ကြောင်အမ်းသွားပြီး အနီးနားရှိ တန်ခိုးရှင်များမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ထိုအထဲတွင် တောင်ပိုင်းနတ်ဘုရားမျိုးနွယ် တန်ခိုးရှင်တစ်ဦးက ရယ်မောကာ ပြောလိုက်သည်။

"အခု လောလောဆယ် မယှဉ်ပြိုင်ဘဲ နှစ်ယောက်လုံး ပူးတွဲနံပါတ် (၁) ယူမလို့လား သူတော်စင်မျှော်စင်တိုက်ပွဲမှာ အဲဒီလို စည်းမျဉ်းမရှိဘူးဗျ။ ခင်ဗျားတို့ အမြန်ဆုံး တိုက်ခိုက်ပြီး နံပါတ် (၁) ကို အပြတ်အသတ် ဆုံးဖြတ်လိုက်တာ ပိုကောင်းပါလိမ့်မယ်"

သူက စကားကို ခေတ္တရပ်လိုက်ပြီးနောက်

"မိတ်ဆွေ... ခင်ဗျားရဲ့ ဦးခေါင်းသုံးလုံး လက်ခြောက်ဖက် နည်းပရိယာယ်က တကယ်ကို ထူးခြားဆန်းပြားပါတယ်။ ဒီစွမ်းအားကို သုံးပြီး တိုက်ချုံယွင်ကို အနိုင်ယူလိုက်တာဟာ ကျွန်တော်တို့ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်နဲ့ မိတ်ကောင်းဆွေကောင်း ဖြစ်သွားစေမယ့် ကိစ္စပဲဗျ"

"ကျွန်တော်ကြည့်ရတာ သူက ခင်ဗျားတို့ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်ဝင်ပဲ ဖြစ်မှာပါ။ အားနည်းတဲ့ မျိုးနွယ်စုလို ဟန်ဆောင်ပြီး မျှော်စင်တိုက်ပွဲထဲ ဝင်လာတာ၊ ခင်ဗျားတို့ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်မှာ ဘာအကြံအစည်တွေ ရှိနေတာလဲ "

တန်ခိုးရှင်တစ်ဦးက ရုတ်တရက် သံသယဖြင့် ထုတ်ဖော်မေးမြန်းလိုက်သည်။

"ခုနက သူ့ကို ဝိုင်းတိုက်တုန်းကလည်း ခင်ဗျားတို့ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်က ဝင်မပါဘူး၊ အစွမ်းတစ်စက်တောင် ထုတ်မသုံးဘူး။ ဒါဟာ ခင်ဗျားတို့ တစ်ဖွဲ့တည်းဆိုတာ ထင်ရှားနေတာပဲ"

ဤစကားကြောင့် လူတိုင်း၏ စိတ်ထဲတွင် သံသယရိပ်များ ယှက်သန်းသွားကြသည်။

သို့သော် တောင်ပိုင်းနတ်ဘုရားမျိုးနွယ် တန်ခိုးရှင်က ရယ်မောကာ ပြန်ပြောလိုက်သည်။

"အဲဒါက ကျွန်တော်တို့ရဲ့ သူတော်စင်နဲ့ နတ်ဘုရားမျိုးနွယ် သူတော်စင်တို့ကြားမှာ လောင်းကြေးရှိနေလို့ပါ။ သူဟာ နံပါတ် (၁) ရနိုင်တဲ့ အစွမ်းရှိတာကြောင့် ကျွန်တော်တို့က ဝင်မတိုက်တာ ဖြစ်တယ်။ သူသာ နံပါတ် (၁) ရသွားရင် အဲဒီလောင်းကြေးကို ကျွန်တော်တို့ နိုင်ပြီလေ"

လူတိုင်းမှာ ထိုစကားကို ကြားသောအခါ နှုတ်ဆိတ်သွားကြတော့သည်။ တိုက်ချုံယွင်ကလည်း ဖန့်ချန်ကို ကြည့်ကာ ပြုံးလျက် ဆိုသည်။

"ခင်ဗျား စိတ်ထဲမှာ ဘာမှ စိုးရိမ်မနေပါနဲ့။ ကျွန်တော်တို့ အခုပဲ အနိုင်အရှုံးကို အပြတ်အသတ် ဆုံးဖြတ်ကြရအောင်"

"မလောပါနဲ့ဦး"

ဖန့်ချန်က ပြုံးလျက်ပင် ငြင်းပယ်လိုက်ပြီး တိုက်ခိုက်ရန် မပြင်သေးပေ။ သူသည် မျိုးနွယ်အသီးသီးမှ တန်ခိုးရှင်များကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး

"သူတို့တွေ အဆင့်သတ်မှတ်ချက် ရနေကြပြီပဲ။ အချိန်စေ့တဲ့အခါ တစ်ယောက်ပြီးတစ်ယောက် အရှုံးပေးပြီး ထွက်သွားကြလိမ့်မယ်။ သူတို့အားလုံး ထွက်သွားပြီးမှ ကျွန်တော်တို့ အနိုင်အရှုံးကို ဆုံးဖြတ်တာပေါ့"

"ဟား... ကောင်လေး။ မင်းက အားနည်းတဲ့ မျိုးနွယ်ဆိုတော့ ငါတို့က ကတိမတည်ဘဲ အချိန်စေ့တဲ့အခါ အရှုံးမပေးဘဲ နေမှာကို ကြောက်နေတာလား "

"လူကြီးလူကောင်းတွေကို အောက်တန်းကျတဲ့ စိတ်နဲ့ တိုင်းတာနေတာပဲ၊ တကယ့် ရယ်စရာကြီး"

မျိုးနွယ်စုအသီးသီးမှ တန်ခိုးရှင်များမှာ ဒေါသထွက်ထွက်ဖြင့် ရယ်မောလိုက်ကြသည်။

တိုက်ချုံယွင်က မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သော်လည်း နောက်ဆုံးတွင် ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။

"ဒီလိုဆိုတော့လည်း ကောင်းတာပါပဲ။ သူတော်စင်မျှော်စင်တိုက်ပွဲဆိုတာ ကလေးကစားစရာ မဟုတ်ဘူး။ အဆင့်တူတွေထဲ နံပါတ် (၁) ရရင် ရရှိမယ့် ဆုလာဘ်တွေကလည်း မနည်းဘူးလေ။ ခင်ဗျား အခုလို ဂရုစိုက်တာက မှန်ကန်ပါတယ်။ လူသားမျိုးနွယ်ထဲမှာ ခင်ဗျားလောက်အထိ ရောက်လာတဲ့သူ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ခင်ဗျားဟာ မိမိကိုယ်တိုင်အတွက် တိုက်နေတာ မဟုတ်ဘဲ ခင်ဗျားရဲ့ နောက်ကွယ်က မျိုးနွယ်စုတစ်ခုလုံးအတွက် ကိုယ်စားပြု တိုက်ခိုက်နေတာပဲ"

လူသားမျိုးနွယ်၏ အတွင်းနယ်မြေ အသီးသီးတွင်မူ လူတိုင်းမှာ အခြေအနေကို နားလည်သွားကြသော်လည်း အချို့ကမူ ဖန့်ချန်မှာ အလွန်အကျွံ ဂရုစိုက်လွန်းသည်ဟု ယူဆနေကြသည်။

"သူ ဒီလောက်အထိ လုပ်ဖို့ မလိုပါဘူး။ အင်အားကြီးမျိုးနွယ် ၁၂ ခုဆိုတာ ဘယ်လိုအဆင့်အတန်းမျိုးလဲ၊ သူတို့က သိက္ခာကို တန်ဖိုးထားတဲ့သူတွေပဲ။ ကတိပျက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါ"

လူသားမျိုးနွယ် တန်ခိုးရှင်တစ်ဦးက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် ကတိဖျက်ခြင်းမှာ သူတစ်ပါး အပြောအဆို ခံရမည့်အပြင် ရယ်စရာလည်း ဖြစ်သွားမည် မဟုတ်ပါလား။

"ခင်ဗျား ပြောတာက ယုတ္တိမရှိလိုက်တာ။ ဒါကို အရင်ဆုံး စနစ်တကျ လုပ်ဆောင်ပြီးမှ ယုံကြည်မှု တည်ဆောက်ခြင်း လို့ ခေါ်တယ်။ အဖိုးကြီးဖန့်က ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပဲ၊ အဆင့်သတ်မှတ်ပြီးသားလူတွေ အချိန်စေ့လို့ အရှုံးပေး ထွက်သွားရင် ပြီးတာပဲ မဟုတ်လား ဒါက အဖိုးကြီးဖန့်နဲ့ နတ်ဘုရားမျိုးနွယ် တစ်ဦးချင်း တိုက်ပွဲကိုလည်း မထိခိုက်စေဘူးလေ"

ဝမ်ချုံစန်းက မျက်လုံးလှန်ကာ ပြန်ပြောလိုက်သည်။ ထိုဝမ်တောက်မဟာမိတ်မှ တန်ခိုးရှင်မှာ ရှက်ကိုးရှက်ကန်း ရယ်မောကာ ဆက်မပြောတော့သော်လည်း မျက်နှာပေးအရမူ သိပ်သဘောမကျသေးပုံရသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

မည်မျှ ကြာသွားသည်မသိ၊ အကာအကွယ် အလင်းတန်းများ ထပ်မံ ကျုံ့သွားသည့်အချိန်တွင် အရှုံးပေး ထွက်ခွာရမည့် အချိန်သို့ ရောက်ရှိလာသည်။

အစပိုင်းတွင် မျိုးနွယ်အသီးသီးမှ တန်ခိုးရှင်များသည် သူတို့ သတ်မှတ်ထားသော အဆင့်အတိုင်း ကတိတည်စွာဖြင့် တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြသည်။

သို့သော် တောင်ပိုင်းနတ်ဘုရားမျိုးနွယ်မှ တန်ခိုးရှင်များ အလှည့်သို့ ရောက်သောအခါတွင်မူ အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။

"ခင်ဗျားတို့ ဘာလို့ မထွက်သွားတာလဲ"

"တိုက်ချုံယွင် ပြောခဲ့သလိုပဲပေါ့... သူတော်စင်မျှော်စင်တိုက်ပွဲက အရေးကြီးတဲ့ ကိစ္စပဲ။ ကျွန်တော်တို့က ဒါကို ဒီလောက်အထိ ကလေးကစားစရာ လုပ်လို့ ရပါ့မလား "

တောင်ပိုင်းနတ်ဘုရားမျိုးနွယ် တန်ခိုးရှင်တစ်ဦးက ပြုံးလျက် ပြောလိုက်သည်။

ကျန်ရှိနေသော တန်ခိုးရှင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ အံ့ဩသွားကြသည်။ တိုက်ချုံယွင် ကိုယ်တိုင်ပင် မျက်နှာပျက်သွားရသည်။

နောက်ဆုံးတွင် တန်ခိုးရှင်တစ်ဦးက အဖြစ်မှန်ကို ရိပ်မိသွားသည်။

"ခင်ဗျားတို့က အစကတည်းက ထွက်သွားဖို့ အစီအစဉ် မရှိခဲ့တာပဲ တခြားလူတွေ ထွက်သွားတာကို စောင့်နေပြီးမှ လက်ကျန်လူတွေထဲကနေ အမြတ်ထုတ်မလို့လား ခင်ဗျားတို့က အားနည်းတဲ့မျိုးနွယ် တန်ခိုးရှင်နဲ့ တိုက်ချုံယွင်ကို နံပါတ် (၁) အတွက် ယှဉ်ပြိုင်ခွင့်ပေးဖို့ အကြံမရှိဘဲ... ခင်ဗျားတို့ကိုယ်တိုင် နံပါတ် (၁) ယူချင်တာလား "

"ဘာကို အခြေခံပြီးလဲ ခင်ဗျားတို့ တောင်ပိုင်းနတ်ဘုရားမျိုးနွယ် သုံးယောက်က ငါတို့အားလုံးကို လူအတွေလို လုပ်ပြီး အမြတ်ထုတ်မယ် ဟုတ်လား "

"အင်အားကြီးမျိုးနွယ်ရဲ့ သိက္ခာကို မကျဆင်းစေပါနဲ့။ အမြန်ဆုံး ကတိအတိုင်း ထွက်သွားကြစမ်း "

သူတို့ထက် အဆင့်မြင့်သည့် နေရာတွင် ရှိနေသော တန်ခိုးရှင်များက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

ကျန့်လင် တစ်ပိုင်းသူတော်စင်၏ အတွင်းနယ်မြေထဲတွင်မူ၊ စောစောက ဖန့်ချန်ကို အလွန်အကျွံ ဂရုစိုက်လွန်းသည်ဟု ပြောခဲ့သော ဝမ်တောက်မဟာမိတ် တန်ခိုးရှင်မှာ ခါးသက်သက် ပြုံးလိုက်ရတော့သည်။

"ဒီတောင်ပိုင်းနတ်ဘုရားမျိုးနွယ်က အင်အားကြီး ၁၂ မျိုးနွယ်ထဲက တစ်ခု ဖြစ်နေပြီးတော့ သိက္ခာကို လုံးဝ မငဲ့တော့တာပဲ"

"ဟုတ်ပါရဲ့... ဘယ်သူက ထင်မှာလဲ..."

"ဟဲဟဲ... မထင်ထားဘူး ဟုတ်လား အဲဒါကြောင့် သူတို့က အင်အားကြီး ၁၂ မျိုးနွယ် ဖြစ်နေတာပေါ့"

ဝမ်ချုံစန်းက အေးစက်စွာ ရယ်မောလိုက်သည်

"နတ်ဘုရားနယ်မြေထဲမှာ ဒီလောက်အထိ မြင့်မားတဲ့ အဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုတာ... ခင်ဗျားတို့ ထင်သလို သူတို့မှာ လူသားဆန်တဲ့ သီလတွေ၊ ယဉ်ကျေးသိမ်မွေ့မှုတွေ ရှိနေမယ်လို့ တကယ်ပဲ ထင်နေတာလား "

လူအတော်များများမှာ ဝမ်ချုံစုန်း၏ စကားကြောင့် ပြန်မပြောနိုင်ဘဲ ဖြစ်သွားကြပြီး၊ အင်အားကြီး ၁၂ မျိုးနွယ်အပေါ် ထားရှိသည့် သူတို့၏ အမြင်မှာလည်း ဤအချိန်တွင် စတင် ပြောင်းလဲလာခဲ့လေပြီ။

တိုက်ချုံယွင်၏ အကြည့်မှာ တောင်ပိုင်းနတ်ဘုရားမျိုးနွယ် တန်ခိုးရှင် တစ်ဦးထံသို့ ကျရောက်သွားသည်။

"ဝုန့်ယူ .. မင်းက တောင်ပိုင်းနတ်ဘုရားမျိုးနွယ်မှာ အဆင့်အတန်း မနိမ့်ဘူး၊ သူတော်စင် သွေးမျိုးဆက်လည်း ပါဝင်တယ်။ ကျန်တဲ့လူတွေကလည်း မင်းကို ခေါင်းဆောင်အဖြစ် သတ်မှတ်ထားတာပဲ။ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်ရဲ့ သိက္ခာကို မင်းလက်နဲ့ မဖျက်ဆီးပါနဲ့"

တန်ခိုးရှင် အချို့မှာ အရှုံးပေး ထွက်သွားကြပြီဖြစ်သဖြင့် ယခုအခါ ဤနေရာတွင် တန်ခိုးရှင် ၃၀ ကျော်သာ ကျန်ရှိတော့သည်။ သူတို့အားလုံးမှာ ဝုန့်ယူကို မတူညီသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

"တောင်ပိုင်းနတ်ဘုရားမျိုးနွယ်ရဲ့ သိက္ခာကို ဖျက်ဆီးတယ် ဘာအဓိပ္ပာယ်လဲ "

ဝုန့်ယူက ရယ်မောကာ ခေါင်းခါလိုက်သည်

"ငါတို့ ရောက်နေတာက သူတော်စင်မျှော်စင်တိုက်ပွဲထဲမှာ၊ ကိုယ့်အိမ်နောက်ဖေးမှာ စကားစမြည် ပြောနေကြတာ မဟုတ်ဘူး။ ငါတို့ ယှဉ်ပြိုင်နေတာက မျှော်စင်ရဲ့ နံပါတ် (၁) နေရာပဲ၊ နားလည်လား။

စောစောက အနိုင်အရှုံး သတ်မှတ်တာက ကလေးကစားစရာပဲ။ မျှော်စင်တိုက်ပွဲဆိုတာ သေကြေပျက်စီးမှုတွေ ရှိကိုရှိရမယ်။ တိုက်ပွဲစကတည်းက အခုအထိ တန်ခိုးရှင်တွေ ဘယ်လောက်တောင် သေကုန်ပြီလဲ အခုမှ နံပါတ် (၁) နေရာကို လုတဲ့အခါကျမှ ဒီလိုမျိုး အဆုံးမသတ်ဘဲ ပေါ့ပေါ့တန်တန် လုပ်ရမှာလား "

"ဟားဟားဟား မင်းပြောတာတွေကို ဘယ်သူက နားမလည်ဘဲ နေမလဲ မင်း နံပါတ် (၁) လိုချင်ရင် နံပါတ် (၁) ဖြစ်လောက်တဲ့ အစွမ်းရှိရမယ်။ အခုတော့ မင်းက အကြောင်းပြချက်မရှိဘဲ အားနည်းတဲ့ မျိုးနွယ်ဝင် တစ်ယောက်ရဲ့ ရှေ့မှာ ငါတို့ကို ရယ်စရာဖြစ်အောင် လုပ်နေတာပဲ။ မင်း တကယ်ကို အရှက်မရှိတာပဲ "

မြွေနဂါးမျိုးနွယ် တန်ခိုးရှင် တစ်ဦးက လှောင်ပြောင် ရယ်မောလိုက်သည်။

မထင်မှတ်ထားသည်မှာ ဝုန့်ယူက သူ့ကို တစ်ချက်သာ ကြည့်လိုက်သည်။ ထိုမြွေနဂါးမျိုးနွယ် တန်ခိုးရှင်မှာ ချက်ချင်းပင် ရယ်မောသံများ ရပ်တန့်သွားပြီး၊ ကြောင်တောင်တောင်ဖြင့် ဝိညာဉ်စွမ်းအင် ဓားတစ်လက်ကို ဖန်တီးကာ မိမိ၏ လည်ပင်းကို မိမိဘာသာ လှီးဖြတ်လိုက်တော့သည်။

ရှီး...

သူ၏ ကြီးမားသော ခေါင်းကြီးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး၊ လည်ပင်းပြတ်မှ သွေးများမှာ ပန်းထွက်လာတော့သည်။

လူတိုင်းမှာ ထိတ်လန့် အံ့အားသင့်သွားကြသည်။ တိုက်ချုံယွင်၏ အကြည့်မှာလည်း အလွန် လေးနက်သွားသည်။

"စိတ်ကို ထိန်းချုပ်တာလား ဒါက မင်းရဲ့ ဝှက်ဖဲ နတ်ဘုရားစွမ်းအားလား"

ဝုန့်ယူက တိုက်ချုံယွင်ကို အနည်းငယ် နှိမ်ချသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"အခုမှ ရိပ်မိတာလား နောက်ကျသွားပြီ။ ခင်ဗျားတို့ အခု ချက်ချင်း အရှုံးမပေးဘူးဆိုရင် သူ့လိုပဲ အဆုံးသတ်ရလိမ့်မယ်"

သူ၏ ဦးခေါင်းသုံးလုံးနှင့် မျက်လုံး ခြောက်လုံးမှာ ကျန်ရှိသော တန်ခိုးရှင်များထံသို့ အပြန်အပြန်အလှန်လှန် စူးစိုက်ကြည့်နေသဖြင့် သူတို့အားလုံး ကြက်သီးမွေးညင်း ထသွားကြရသည်။

ထိုအခါမှသာ လူတိုင်း နားလည်သွားကြတော့သည်။ တောင်ပိုင်းနတ်ဘုရားမျိုးနွယ်ဝင်များသည် အဘယ်ကြောင့် ယခုမှ ပြဿနာရှာရသနည်းဆိုသည်မှာ... သူတို့သည် အစကတည်းက နံပါတ် (၁) ကို ရယူနိုင်သည့် အစွမ်းရှိသော်လည်း ပိုမို စိတ်ချရစေရန်အတွက် လူအချို့ကို အရင်ဆုံး လှည့်စားကာ အရှုံးပေး ထွက်ခွာခိုင်းလိုက်ခြင်းသာ ဖြစ်လေတော့သည်။

All Chapters