အခန်း (၁၈၇၉-၁၈၈၀)
Vol. 188 Ch. 1879-1880
အခန်း (၁၈၇၉) - ဘွဲ့နှင်းသဘင်
နဂါးသူတော်စင်၏ နည်းစနစ်များသည် ဖန့်ချန်အတွက်မူ လုံးဝ ခုခံနိုင်စွမ်းမရှိသော အရာပင် ဖြစ်သည်။
သူသည် ပတ်ဝန်းကျင် ရှုခင်းများမှာ မျက်တောင်တစ်ခပ်အတွင်း ပြောင်းလဲသွားသည်ဟုသာ ခံစားလိုက်ရပြီး၊ ခဏချင်းမှာပင် တိမ်တိုက်များ ဝန်းရံနေသည့် မြင့်မားသော စင်မြင့်တစ်ခုထက်သို့ ရောက်ရှိသွားတော့သည်။
ဤနေရာတွင် လူရိပ်လူယောင်များဖြင့် စည်ကားနေပြီး၊ ပုံရိပ်တစ်ခုချင်းစီမှာ နက်နဲဆန်းကြယ်သော စွမ်းပကားများ ပိုင်ဆိုင်ထားသည့်အလား ငြိမ်သက်စွာဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။
ဖန့်ချန်သည် ရှေးဦး နတ်ဘုရားမျက်လုံး ကို ဖွင့်လိုက်ပြီး၊ မီးခိုးရောင် မျက်ဝန်းများဖြင့် ထိုနေရာရှိ သက်ရှိအပေါင်းကို တစ်ချက် ဝေ့ကြည့်ကာ ပတ်ဝန်းကျင် အခြေအနေကို သတိကြီးစွာဖြင့် အကဲခတ်လိုက်သည်။
ဖန့်လဲ့နှင့် ဝမ်တောက်သူတော်စင်တို့ပါ ရှိနေသည်ကို မြင်လိုက်ရမှ ဖန့်ချန်သည် စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်နိုင်တော့သည်။
"ဖန့်ချန်... နဂါးသူတော်စင်ကို ဂါရဝမပြုသေးဘူးလား"
ဖန့်လဲ့က ပြုံး၍ ဆိုလိုက်သည်။
နဂါးသူတော်စင်
ဖန့်ချန်၏ စိတ်မှာ လှုပ်ရှားသွားပြီး၊ ဦးခေါင်းထက်တွင် နီရဲသော ဦးချိုများရှိသည့် နဂါးသူတော်စင်ကို ချက်ချင်းပင် ဦးညွတ် အလေးပြုလိုက်သည်။
နဂါးသူတော်စင်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ရှိနေသည်။
"မင်း နတ်ဘုရားမျိုးနွယ်က တန်ခိုးရှင်နဲ့ ရင်ဆိုင်တုန်းက အစွမ်းကုန် ထုတ်မသုံးခဲ့ဘူးလို့ ငါ မြင်နေရတယ်"
"နဂါးသူတော်စင် ပြောတာ မှန်တယ်ဟေ့... ကောင်လေး၊ မင်း တကယ်ပဲ အစွမ်းကုန် မသုံးခဲ့တာပဲ။ အဲဒီ နတ်ဘုရားမျိုးနွယ် တန်ခိုးရှင် တိုက်ချုံယွင်က မင်းနဲ့ယှဉ်ရင် အဝေးကြီး လိုပါသေးတယ်"
"အားနည်းတဲ့ မျိုးနွယ်စုလေးထဲကနေ မင်းလို ဘုရင် တစ်ပါး ပေါ်ထွက်လာတာဟာ တကယ့်ကို မနာလိုစရာ ကောင်းတဲ့ ကံတရားပဲ။ မင်းတို့မျိုးနွယ်က သူတော်စင်တွေအနေနဲ့ နောက်ဆို သူ့ကို သေချာ စောင့်ရှောက်ထားကြဦး၊ လမ်းခုလတ်မှာ ကြွေလွင့်မသွားစေနဲ့"
သူတော်စင်များစွာမှာလည်း ဤပြဿနာကို အတော်လေး စိတ်ဝင်စားနေကြသည်။ နဂါးသူတော်စင်ကဲ့သို့ပင် သူတို့သည်လည်း ဖန့်ချန်မှာ အစကတည်းက အစွမ်းကုန် မသုံးခဲ့ကြောင်း မြင်နေရသဖြင့်၊ ဖန့်ချန်၏ အစွမ်းအစမှာ မည်သည့် အတိုင်းအတာအထိ ရှိမည်နည်းဟု သိချင်စိတ် ဖြစ်နေကြခြင်း ဖြစ်သည်။
သို့သော် သိချင်ရုံသက်သက်သာ ဖြစ်ပြီး၊ သူတို့၏ စိတ်ရင်းထဲတွင် အားနည်းသော မျိုးနွယ်စုမှ ပေါ်ထွက်လာသည့် ဘုရင် တစ်ပါးကို တကယ်တမ်း အရေးတယူ လုပ်နေခြင်းမျိုး မဟုတ်ပေ။
ဤကဲ့သို့သော တည်ရှိမှုမျိုးမှာ မည်မျှပင် ထူးချွန်နေပါစေ၊ ခဏတာ ပွင့်လန်းသည့် ပန်းကဲ့သို့သာ ဖြစ်တတ်သည်။ နဂါးသူတော်စင်ကိုယ်တိုင်က ဤလူငယ်လေးအပေါ် စိတ်ဝင်စားမှု ရှိနေသဖြင့် သူတို့ကလည်း ချီးကျူးစကား ပြောရန် ဝန်မလေးကြခြင်းသာ ဖြစ်သည်။
"ကျွန်တော်မျိုး တကယ်ပဲ အစွမ်းကုန် ကြိုးစားခဲ့တာပါ။ အကယ်၍ တိုက်အစ်ကိုက ဒီထက် ပိုပြီး အစွမ်းထက်မယ်ဆိုရင်၊ ကျွန်တော်မျိုးအနေနဲ့ သက်တမ်းကို ရင်းပြီး နတ်ဘုရားစွမ်းအားကို နှိုးဆွရမှာ ဖြစ်ပါတယ်။ အဲဒါကတော့ ရင်းရတာနဲ့ မထိုက်တန်ဘူးလို့ ထင်ပါတယ်"
ဖန့်ချန်က လက်အုပ်ချီ၍ လိမ္မာပါးနပ်စွာ ပြန်ပြောလိုက်သည်။
နဂါးသူတော်စင်က ပြုံးလိုက်ပြီး ဤအကြောင်းအရာကို ဆက်မပြောတော့ဘဲ၊ ကျန်ရှိနေသော တိုက်ပွဲများကို သူတော်စင်များနှင့်အတူ ဆက်လက် ကြည့်ရှုနေသည်။
ဖန့်ချန်သည် ဖန့်လဲ့၏ ဘေးသို့ သဘာဝကျကျပင် လျှောက်လှမ်းသွားပြီး ရပ်လိုက်ရာ၊ ဝမ်တောက်သူတော်စင်နှင့် အခြားသူများထံမှ ကျေနပ်အားရသော အကြည့်များကို ရရှိခဲ့သည်။
ထိုအချိန်တွင် ဖန့်ချန်၏ နားထဲ၌ အသံတစ်သံ ပေါ်လာသည်။
"ညီလေး... သူငယ်ချင်း လုပ်ကြမလား"
ဖန့်ချန်၏ မျက်လုံးများ လှုပ်ရှားသွားပြီး ဘေးဘီကို ဝေ့ကြည့်လိုက်ရာ၊ နောက်ဆုံးတွင် လန်တောက်ချွန်း ထံ၌ အကြည့် ရပ်တန့်သွားသည်။
ယခု မြင်နေရသူမှာ အသားအရေ အရောင်ကလွဲလျှင် နယ်မြေကိုးခု ခေတ်က သူနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။ ထို ဝိုင်းစက်နေသော မျက်နှာထက်တွင် အမြဲတမ်းပင် လူကြည့်မကောင်းသော သို့မဟုတ် ရယ်ချင်စရာကောင်းသော အပြုံးတစ်ခုက ရှိနေတတ်သည်။
"ကောင်းတာပေါ့"
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
လန်တောက်ချွန်းက ထိုသို့မြင်သောအခါ ချက်ချင်းပင် ဝိညာဉ်အသံလွှင့်ကာ ပြောလိုက်သည်။
"မျှော်စင်တိုက်ပွဲ ပြီးရင် ငါ မင်းတို့ လူသားမျိုးနွယ်ဆီ လာလည်မယ်၊ အဲဒီကျရင် မင်း ငါ့ကို ဧည့်ခံရမယ်နော်"
"ကောင်းပါပြီ... ကျွန်တော့်ရဲ့ တခြားသူငယ်ချင်း တစ်ယောက်ကိုပါ ခေါ်ပြီး မင်းကို အတူတူ ဧည့်ခံခိုင်းလိုက်မယ်"
ဖန့်ချန်က ပြန်လည် အသံလွှင့်လိုက်သည်။
"ဒါဆို သဘောတူပြီနော်"
ဆက်လက်ပြီး တိုက်ပွဲများမှာ တစ်ခုပြီးတစ်ခု ပြီးဆုံးသွားခဲ့သည်။
အဆင့်တူ နံပါတ် (၁) ရရှိသူများကို နဂါးသူတော်စင်က ဤနေရာသို့ တစ်ဦးပြီးတစ်ဦး ခေါ်ဆောင်လာသည်။
အခြေခံအဆင့် သုံးဆင့်မှစ၍ အဆင့် ၉ နှင့် ကန့်သတ်ချက်ကျော်လွန်သည့် အဆင့်သုံးဆင့်အထိ စုစုပေါင်း အဆင့်တူ နံပါတ် (၁) ၁၅ ဦး ပေါ်ထွက်လာခဲ့သည်။
ဖန့်ချန်မှလွဲ၍ ကျန်ရှိသူများမှာ အားလုံး နတ်ဘုရားမျိုးနွယ်ဝင် တန်ခိုးရှင်များသာ ဖြစ်ကြသည်။
တောင်ပိုင်းနတ်ဘုရားမျိုးနွယ် သူတော်စင်က မနေနိုင်ဘဲ ရယ်မောလိုက်သည်။
"နည်းနည်းလေးပဲ လိုတော့တာ၊ နည်းနည်းလေးပဲ လိုတော့တာ... ခင်ဗျားတို့ အကုန်လုံး သိမ်းကျုံးယူဖို့ နည်းနည်းလေး လိုသွားတယ်။ ကံဆိုးတာက ဒီတစ်ကြိမ် ရမယ့် ဆုလာဘ်တွေက ခင်ဗျား ငါ့ကို ရှုံးထားတဲ့ ကျေးကျွန်စစ်သည်တွေရဲ့ တန်ဖိုးကိုတောင် ကာမိမှာ မဟုတ်ဘူး"
နတ်ဘုရားမျိုးနွယ် သူတော်စင်က တည်ငြိမ်စွာ ဆိုသည်။
"ကျေးကျွန်စစ်သည်ဆိုတာ အသေးအဖွဲပါ။ ခင်ဗျားကို ဘယ်လောက်ပဲ ရှုံးရှုံး၊ ငါတို့ နတ်ဘုရားမျိုးနွယ်က အချိန်မရွေး ပြန်ရှာနိုင်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် မျှော်စင်တိုက်ပွဲမှာ အားနည်းတဲ့ မျိုးနွယ်စုထဲကနေ အစွမ်းထက်သူ ပေါ်လာတာဟာ ငါတို့ နတ်ဘုရားနယ်မြေအတွက် တကယ့်ကို ဝမ်းမြောက်စရာ ကိစ္စပဲ။
ဒီလို ပါရမီရှင်တွေ များများပေါ်လာလေ ငါတို့ နတ်ဘုရားနယ်မြေက ပိုပြီး စည်ပင်ဝပြောလေပဲ။ ဒါဟာ တကယ့် မင်္ဂလာကိစ္စဖြစ်လို့... နတ်ဘုရားမျိုးနွယ်ရဲ့ အရှုံးလေးလောက်က ဘာများ အရေးပါလို့လဲ "
"နတ်ဘုရားမျိုးနွယ်က တကယ့်ကို စိတ်ထားကြီးမားတာပဲ"
နတ်ဘုရားမျိုးနွယ်နှင့် ရင်းနှီးသော သူတော်စင်များစွာက ဝိုင်း၍ ချီးကျူးလိုက်ကြသည်။
ထိုစကားတစ်ခွန်းတည်းဖြင့်ပင် နတ်ဘုရားမျိုးနွယ်သည် နတ်ဘုရားနယ်မြေရှိ မျိုးနွယ်စုအားလုံးအပေါ် ထားရှိသည့် သဘောထားကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။ သူတို့သည် မျိုးနွယ်တစ်ခုတည်း၏ အကျိုးထက် နတ်ဘုရားနယ်မြေ တစ်ခုလုံး၏ ကံကြမ္မာကို ပိုမို အလေးထားသည့် အမြင့်ဆုံးသော အဆင့်အတန်းတွင် ရှိနေကြောင်း ပြသလိုက်ခြင်းပင်။
တောင်ပိုင်းနတ်ဘုရားမျိုးနွယ် သူတော်စင်မှာ ပြုံးနေဆဲ ဖြစ်သော်လည်း ထိုစကားကို ပြန်လည် မချေပတော့ပေ။ ဤအချိန်တွင် သူ ဘာပြောပြော အခြေအနေ မဟန်နိုင်သဖြင့် နှုတ်ဆိတ်နေခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
"နဂါးသူတော်စင်... ကျန်တဲ့ မျှော်စင်တိုက်ပွဲ ကိုးခုကရော ပြီးသွားပြီလားခင်ဗျာ "
နတ်ဘုရားမျိုးနွယ် သူတော်စင်က နဂါးသူတော်စင်ကို ဦးညွတ်၍ မေးလိုက်သည်။
ဖန့်ချန်သည် ဖန့်လဲ့၏ ဘေးတွင် အေးဆေးစွာ ရပ်နေဆဲဖြစ်သော်လည်း၊ ခုနကတည်းက သူသည် ဤသူတော်စင်များ၏ ခွန်အား ကွာဟချက်ကို ခွဲခြားနိုင်ရန် ကြိုးစားနေသည်။
ကံဆိုးသည်မှာ သူ၏ ကျင့်စဉ်အဆင့်က နိမ့်လွန်းနေခြင်း ဖြစ်သည်။ သူ၏ အမြင်တွင် ဤနေရာရှိ သူတော်စင်များ၏ အရှိန်အဝါမှာ ပေပေါင်းသောင်းချီ နက်ရှိုင်းသော ချောက်ကမ္ဘာကြီးများကဲ့သို့ ဖြစ်နေသဖြင့် မည်သူကမျှ အကဲခတ်၍ မရနိုင်ချေ။
"နတ်ဘုရားမျိုးနွယ် သူတော်စင်တောင် နဂါးသူတော်စင်ရှေ့မှာ ဒီလောက် ရိုသေနေတာဆိုတော့... ဒါဟာ အဆင့်အတန်း ကွာခြားရုံတင် မဟုတ်ဘဲ ကျင့်စဉ်အဆင့်မှာပါ ကွာခြားချက် ရှိနေလို့ ဖြစ်ရမယ်"
ဖန့်ချန်က စိတ်ထဲမှ တွေးတောနေမိသည်။
"ငါ ကြည့်လိုက်ဦးမယ်"
နဂါးသူတော်စင်က ပြန်ဖြေလိုက်ပြီးနောက်၊ သူ၏ မျက်ဝန်းအစုံထဲတွင် တောက်ပသော အလင်းတန်းများ ခဏတာ ဖြတ်ပြေးသွားသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူက ခေါင်းညိတ်ပြလိုက်သည်။
"ကျန်တဲ့ မျှော်စင်တိုက်ပွဲ ကိုးခုစလုံးလည်း ပြီးသွားပါပြီ။ အဲဒီထဲက သုံးခုမှာတော့ ခင်ဗျားတို့ နတ်ဘုရားမျိုးနွယ်က အကုန်လုံး သိမ်းကျုံးနိုင်ခဲ့တယ်"
"ပွဲစဉ် သုံးခုလုံး သိမ်းကျုံးနိုင်တယ်"
သူတော်စင်များမှာ အံ့အားသင့်သွားကြပြီး၊ နတ်ဘုရားမျိုးနွယ်နှင့် ရင်းနှီးသော မျိုးနွယ်စုများမှ သူတော်စင်များက ဝိုင်း၍ ဂုဏ်ပြုလိုက်ကြသည်။
ကျန်ရှိသော သူတော်စင်များမှာမူ ဖန့်ချန်၏ အမြင်အရ ပြုံးပြုံးရွှင်ရွှင် ဂုဏ်ပြုနေကြသော်လည်း၊ စိတ်ထဲတွင်တော့ တစ်မျိုးတစ်ဖုံ မကျေမနပ် ဖြစ်နေကြပုံရသည်။
"အခုတော့ ဘွဲ့နှင်းသဘင် အချိန် ရောက်ပြီ။ ငါ့ဆီမှာ ရတနာတွေ အများကြီး ရှိပါတယ်။ မင်းတို့ ၁၅ ယောက်အတွက် ဆုလာဘ်တွေအပြင်၊ စည်းမျဉ်းအရ မင်းတို့ရဲ့ နောက်ကွယ်က မျိုးနွယ်စုတွေလည်း ဆုလာဘ် ရရှိကြပါလိမ့်မယ်"
နဂါးသူတော်စင်က ပြုံး၍ ဆိုလိုက်သည်။
လူသားမျိုးနွယ် သူတော်စင်များမှာ ခေတ္တမျှ ကြောင်သွားကြပြီး မျက်လုံးထဲတွင် အံ့ဩဝမ်းသာသော အရိပ်အယောင်များ ပေါ်လာသည်။
နတ်ဘုရားမျိုးနွယ် သူတော်စင်က ခပ်ပြုံးပြုံးဖြင့် ဆိုသည်။
"ခင်ဗျားတို့ လူသားမျိုးနွယ်က အရင်က နံပါတ် (၁) တစ်ခါမှ မရဖူးတော့ ဒီအကြောင်းတွေကို မသိတာ မဆန်းပါဘူး။ မျှော်စင်တိုက်ပွဲရဲ့ နံပါတ် (၁) ဆိုတာ ခင်ဗျားတို့ မျိုးနွယ်စုအတွက်ပါ တကယ့် ကံကောင်းခြင်း လက်ဆောင်တစ်ခုပဲ"
ဝမ်တောက်သူတော်စင်နှင့် အခြားသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သိချင်စိတ်နှင့် ဝမ်းသာအားရမှုများ ပြည့်နှက်နေသည်။
အမှန်ပင် မျှော်စင်တိုက်ပွဲမှာ နှစ်ပေါင်းများစွာ ရှိခဲ့သော်လည်း အရင်က လူသားမျိုးနွယ်မှ မည်သူက နံပါတ် (၁) ရဖူးသနည်း အဆင့် တစ်သိန်းအတွင်း ဝင်နိုင်လျှင်ပင် တော်တော်လေး ဟန်ကျနေပြီ ဖြစ်သည်။
ပုံမှန်အားဖြင့် မျှော်စင်တိုက်ပွဲ ပြီးဆုံးလျှင် သူတို့သည် မိမိတို့ အလုပ်နှင့် မိမိတို့ အမြန်ပြန်သွားကြရသဖြင့်၊ ယခုကဲ့သို့ အင်အားကြီးမျိုးနွယ်စုမှ သူတော်စင်များနှင့် တွေ့ဆုံခွင့် မရနိုင်ကြချေ။
ထို့ကြောင့်လည်း မျှော်စင်တိုက်ပွဲ နံပါတ် (၁) ရလျှင် တိုက်ခိုက်သူသာမက မျိုးနွယ်စုပါ အပိုဆုလာဘ် ရရှိသည်ကို သူတို့ မသိရှိခဲ့ကြခြင်း ဖြစ်သည်။
နဂါးသူတော်စင်က စကားအဆုံးတွင် လက်အင်္ကျီကို အသာအယာ ဝှေ့ယမ်းလိုက်ရာ၊ မရေမတွက်နိုင်သော ရတနာပစ္စည်းများသည် သူ၏ လက်အင်္ကျီထဲမှ လွင့်ပျံထွက်လာပြီး၊ ဖောက်ထွင်းမြင်ရသော လေပူဖောင်းများဖြင့် ဖုံးအုပ်လျက် လူတိုင်း၏ ခေါင်းပေါ်တွင် လွင့်မျောနေကြသည်။
ဤအရာများသည် တိုက်ခိုက်သူများအတွက် ဆုလာဘ်များ ဖြစ်ကြသည်။ သူတော်စင်များအတွက်မူ ဤပစ္စည်းများသည် အလွန်တန်ဖိုးကြီးသည်ဟု မဆိုနိုင်သော်လည်း၊ လူကြီးတစ်ဦးက မိမိ သိပ်အရေးမထားသော ပစ္စည်းတစ်ခုကို လူငယ်များအား လက်ဆောင်ပေးသည့်အလားပင် ဖြစ်သည်။
"မင်းတို့ စိတ်ကြိုက် ရွေးချယ်ကြ၊ တစ်ယောက်ကို တစ်ခုစီပဲ"
နဂါးသူတော်စင်က ပြုံး၍ ဆိုလိုက်သည်။
ဖန့်ချန်၏ အကြည့်မှာ သွေးသား နဂါးဂျင်ဆင်း ပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။ သူက ရှေ့သို့တိုးပြီး ယူရန် ပြင်လိုက်စဉ်မှာပင်၊ အခြားတစ်ဦးမှာလည်း သူနှင့် အရှိန်အဝါ တူညီစွာဖြင့် ထိုနဂါးဂျင်ဆင်းကိုပင် လှမ်းယူလိုက်သည်။
"ဖယ်စမ်း"
ထိုသူက ဖန့်ချန်ကို အေးစက်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
သူသည် အဆင့် ၅ နံပါတ် (၁) ရရှိထားသော နတ်ဘုရားမျိုးနွယ်ဝင် ဖြစ်သည်။
သူ၏ ကျင့်စဉ်အဆင့်မှာ ဖန့်ချန်ထက် နိမ့်သော်လည်း၊ ဖန့်ချန်ကို ကြည့်နေသည့် သူ၏ အကြည့်မှာ နတ်ဘုရားတစ်ပါးက ပုရွက်ဆိတ်ကို ကြည့်နေသကဲ့သို့ပင်။ သူ၏ မျက်လုံးထဲရှိ အထင်အမြင်သေးမှုနှင့် မထီမဲ့မြင်ပြုမှုများမှာ အတိုင်းအဆမရှိ ပေါ်လွင်နေတော့လေသည်။
"လုမနေကြပါနဲ့။ နဂါးသူတော်စင် ချီးမြှင့်တဲ့ ဒီပစ္စည်းတွေက တစ်ခုတည်း ရှိတာ မဟုတ်ဘူး။ ခင်ဗျားတို့ နှစ်ယောက်လုံး နဂါးဂျင်ဆင်းကို လိုချင်တယ်ဆိုရင် နဂါးသူတော်စင်ကို နောက်ထပ် တစ်ခု ထပ်ထုတ်ပေးဖို့ တောင်းဆိုလိုက်ရင် ရပါတယ်"
နတ်ဘုရားမျိုးနွယ် သူတော်စင်က ပြုံး၍ ဝင်ပြောလိုက်တော့လေသည်။
(ဖန်ဆင်းရှင်မျိုးနွယ်ကို နတ်ဘုရားမျိုးနွယ် ပြောင်းမယ်နော် သိပ်မကြိုက်လို့ )
အခန်း (၁၈၈၀) - သန်မာသူသာ စိုးမိုးရာကမ္ဘာ
"ဒီ သွေးသား နဂါးဂျင်ဆင်းက... တစ်ခုတည်းပဲ ကျန်တော့ပုံရတယ်"
နဂါးသူတော်စင်က ဆိုလိုက်သည်။
တစ်ခုတည်းပဲ ကျန်တော့တာလား
နတ်ဘုရားမျိုးနွယ် သူတော်စင်သည် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် မည်သည့်စကားမျှ ထပ်မံမဆိုတော့ပေ။ သူသည် ဤကိစ္စကို ဝင်ရောက်ဖြေရှင်းပေးရန် ဆန္ဒမရှိကြောင်း ထင်ရှားလှသည်။
သူ ဝင်မပါသော်လည်း အခြားသော သူတော်စင်များကတော့ ပါလာကြသည်။
သူတော်စင်တစ်ဦးက ဖန့်ချန်ကို ကြည့်ကာ ပြုံးလျက် ဆိုသည်။
"တခြား ဆုလာဘ်တစ်ခု ပြောင်းရွေးလိုက်ပါကွာ။ ကိုယ့်ထက် ငယ်တဲ့သူနဲ့ ဒီပစ္စည်းအတွက် လုနေဖို့ မလိုပါဘူး။ နဂါးသူတော်စင် ပေးတဲ့ ဆုလာဘ်တွေထဲမှာ သွေးသား နဂါးဂျင်ဆင်းထက် ပိုကောင်းတာတွေ အများကြီး ရှိပါသေးတယ်"
"စီနီယာကတော့ နောက်နေပြန်ပြီ။ ကျွန်တော် ဒီပွဲကို လာပြိုင်တာက ဒီ သွေးသား နဂါးဂျင်ဆင်းကို လိုချင်လို့ပဲ။ နံပါတ် (၁) ရပြီးမှတော့ ဒီလို ရတနာမျိုးကို ဘယ်လိုလုပ် လက်လွတ်ခံနိုင်ပါ့မလဲ"
ဖန့်ချန်က အေးဆေးစွာ ပြုံး၍ ပြန်ပြောလိုက်ပြီး သွေးသား နဂါးဂျင်ဆင်း ရှေ့မှ တစ်ဖဝါးမျှ မခွာဘဲ ရပ်နေခဲ့သည်။
ထိုသို့ ဝင်ပြောလိုက်သော သူတော်စင်မှာ ရှေ့ကလူငယ်လေးက ဤမျှအထိ လူမှုရေး နားမလည်ဘဲ ခေါင်းမာလိမ့်မည်ဟု မထင်ထားသဖြင့် သူ၏ မျက်နှာထက်မှ အပြုံးများမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။
"မင်းမှာ ငါနဲ့ ဒီပစ္စည်းကို လုဖို့ ဘာအရည်အချင်း ရှိလို့လဲ မင်းရဲ့ မျိုးရိုးနောက်ခံအရ ဆိုရင် မင်းက နောက်ဆုံးမှ ရွေးရမှာ"
ထို အဆင့် ၅ နတ်ဘုရားမျိုးနွယ် တန်ခိုးရှင်က အေးစက်စွာ ဆိုလိုက်သည်။
ထိုစဉ်မှာပင် မိမိ၏ ဆုလာဘ်ကို ရွေးချယ်ပြီးသွားသော လန်တောက်ချွန်းက လျှောက်လာရင်း ဝင်ပြောလိုက်သည်။
"တိုက်ချုံလုံ... မင်းပြောတာကတော့ မဟုတ်သေးဘူးနော်။ ဆုလာဘ် ရွေးချယ်မှုက ကျင့်စဉ်အဆင့် အမြင့်ဆုံးကနေ အနိမ့်ဆုံးအတိုင်း စဉ်လာတာပဲ။ အရင်ဆုံး ကန့်သတ်ချက်ကျော်လွန်သူတွေ၊ ပြီးရင် အဆင့် ၉... နောက်ဆုံးမှ အဆင့် ၆၊ အဆင့် ၅၊ အဆင့် ၄ ဆိုပြီး သွားတာ။ မင်းက အဆင့် ၅ ပဲ ရှိသေးတာ၊ ဘာလို့ ဖန့်ချန်နဲ့ ဒီ နဂါးဂျင်ဆင်းကို လုနေရတာလဲ"
"ဒါ မင်းနဲ့ မဆိုင်ဘူး"
တိုက်ချုံလုံသည် လန်တောက်ချွန်းကို တစ်ချက် ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် စိုးရိမ်ထိတ်လန့်မှု တစ်ခု ဖြတ်ပြေးသွားပြီး၊ စောစောက ရှိနေသော မထီမဲ့မြင်ပြုမှုများမှာလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။
"တရားမျှတမှုကို ပြောတာပဲကွာ၊ ဘယ်သူမဆို ပြောလို့ရတာပဲ။ ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ မျက်နှာကို မညှိုးနွမ်းစေပါနဲ့"
လန်တောက်ချွန်းက ရယ်မောလျက်
"အမြန် နောက်ဆုတ်လိုက်ပါတော့။ မင်းရဲ့ အစ်ကိုက ဖန့်ချန်ရဲ့ လက်ထဲမှာ ရှုံးသွားလို့ မင်းက အခွင့်အရေးရှာပြီး ပြဿနာရှာနေတာမျိုးတော့ မဖြစ်စေနဲ့ဦး"
လန်တောက်ချွန်း၏ သတိပေးစကားကြောင့် ဖန့်ချန်မှာ အခြေအနေကို ချက်ချင်း သဘောပေါက်သွားတော့သည်။
တိုက်ချုံလုံ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားပြီးနောက် နတ်ဘုရားမျိုးနွယ် သူတော်စင်ဘက်သို့ လှည့်ကြည့်ကာ
"သူတော်စင် အရှင်မင်းကြီး... ကျွန်တော့်ရဲ့ မိသားစုထဲက လူငယ်တစ်ယောက်က ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားနေရလို့ ဒီ သွေးသား နဂါးဂျင်ဆင်းကို ဆေးဖော်စပ်ဖို့ လိုအပ်နေလို့ပါ"
"ဪ... ဒါကြောင့်ကိုး။ မိသားစုထဲက လူငယ်က ရောဂါသည် ဖြစ်နေတယ်ဆိုရင်တော့ ဒါက ကျိုးကြောင်းဆီလျော်ပါတယ်"
နတ်ဘုရားမျိုးနွယ် သူတော်စင်က အသံတိုးတိုးဖြင့် ရေရွတ်လိုက်ပြီး ဖန့်ချန်ကို အေးစက်စွာ တစ်ချက် ဝေ့ကြည့်လိုက်သည်။
"ဖန့်ချန်... မင်း ဒီပစ္စည်းကို သူ့ကိုပဲ ပေးလိုက်ပါတော့။ ပြီးရင် တခြား ဆုလာဘ်တစ်ခု ထပ်ရွေးလိုက်ပေါ့"
သူတော်စင်က ရုတ်တရက် ဝင်ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး... လူငယ်တွေကြားက ကိစ္စပဲ၊ လူငယ်တွေဘာသာ ရှင်းကြပါစေ"
နတ်ဘုရားမျိုးနွယ် သူတော်စင်က ပြုံး၍ လက်ဝှေ့ယမ်းကာ တားလိုက်သည်။
"ဒါလည်း ဟုတ်တာပါပဲ"
ကရင်ယန် သူတော်စင်က အပြုံးဖြင့် ခေါင်းညိတ်ထောက်ခံလိုက်သော်လည်း ထိုအပြုံးထဲတွင် ဖားယားလိုသည့် အရိပ်အယောင်များ ပါဝင်နေသည်။
အခြေအနေအရ သူတော်စင်များက ဝင်ရောက်မစွက်ဖက်တော့ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သဖြင့် တိုက်ချုံလုံသည် ဖန့်ချန်ကို ကြည့်ကာ အေးစက်စွာ ဆိုလိုက်သည်။
"သွေးသား နဂါးဂျင်ဆင်းကို ငါ အပိုင်ယူမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းကိုတော့ မပေးနိုင်ဘူး"
သူ၏ စကားအဆုံးမှာပင် ဖန့်ချန်၏ လက်ဝါးမှာ လေထဲသို့ ပျံတက်သွားပြီး ထိုသူ၏ ပါးပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားတော့သည်။
ဖြောင်း
အားနည်းသော မျိုးနွယ်စုမှ ပုရွက်ဆိတ်တစ်ကောင်က နတ်ဘုရားမျိုးနွယ် သူတော်စင်၏ ရှေ့မှောက်တွင် မိမိကို ရဲရဲတင်းတင်း တိုက်ခိုက်လိမ့်မည်ဟု ထိုသူက လုံးဝ မထင်ထားခဲ့သဖြင့် အကာအကွယ် မရှိဘဲ အဝေးကြီးသို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ဒိုင်းခနဲ ပြုတ်ကျသွားတော့သည်။
ဖန့်ချန်ကမူ အေးဆေးစွာပင် လေပူဖောင်းကို ဖောက်လိုက်ပြီး သွေးသား နဂါးဂျင်ဆင်းကို ယူဆောင်ကာ ဖန့်လဲ့၏ ဘေးသို့ ပြန်လည် လျှောက်လှမ်းသွားသည်။
စင်မြင့်ထက်ရှိ လေထုမှာ ခဏချင်းအတွင်း တင်းမာသွားပြီး သူတော်စင်အတော်များများ၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတန်းများ လှုပ်ရှားသွားကြသည်။ အထူးသဖြင့် အခြားသော အင်အားကြီးမျိုးနွယ် ၁၂ ခုမှ သူတော်စင်များမှာမူ ဖုံးကွယ်ထားခြင်း မရှိသော အောင်နိုင်သူ အပြုံးများကို ပြသနေကြသည်။
"ကောင်လေး... နတ်ဘုရားမျိုးနွယ်က ငါတို့ လူသားမျိုးနွယ်ကို စစ်မက်ပြုလာမှာကို မင်းမကြောက်ဘူးလား "
ကျန်းရန် သူတော်စင်က မျက်နှာသေဖြင့် ဝိညာဉ်အသံလွှင့်ကာ မေးလိုက်သည်။
"ကျန်းရန် စီနီယာ... အကယ်၍ နတ်ဘုရားမျိုးနွယ်က သူတော်စင် ရှိတဲ့ မျိုးနွယ်စုတွေကို စိတ်တိုင်းကျ တိုက်ခိုက်လို့ ရနေမယ်ဆိုရင် ဒီလောကကြီးမှာ မျိုးနွယ်စုပေါင်းစုံ စည်ပင်နေတဲ့ မြင်ကွင်းမျိုး ရှိလာပါ့မလား"
ဖန့်ချန်က ပြန်လည် အသံလွှင့်လိုက်သည်။
ကျန်းရန် သူတော်စင်မှာ စိတ်ထဲမှ လှုပ်ရှားသွားပြီး အခြေအနေကို ဆက်လက် စောင့်ကြည့်နေတော့သည်။
ထိုအချိန်တွင် တိုက်ချုံလုံမှာ သတိပြန်ဝင်လာပြီး အရှက်ရမှုနှင့် ဒေါသတို့ ပေါင်းစပ်ကာ ဖန့်ချန်ကို ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် နတ်ဘုရားမျိုးနွယ် သူတော်စင်က အမိန့်ပေးလိုက်သည်။
"တော်စမ်း... အရှက်ကွဲရတာ မဝသေးဘူးလား ဒီလောကမှာ အားကြီးသူက အားနည်းသူကို အမြဲ အနိုင်ယူတာပဲ။ သန်မာသူသာ စိုးမိုးတာပဲ။ မင်းမှာ သူ့လက်ထဲကနေ နဂါးဂျင်ဆင်းကို လုယူနိုင်တဲ့ အရည်အချင်း မရှိဘူးဆိုရင်လည်း ဒီမှာ လာပြီး ကလေးကလား မလုပ်နဲ့တော့"
" ဟုတ်ကဲ့ပါ"
တိုက်ချုံလုံမှာ စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ ခေါင်းငုံ့ကာ ဆုလာဘ်တစ်ခုကို ကောက်ယူပြီး နတ်ဘုရားမျိုးနွယ် သူတော်စင်၏ နောက်တွင် ငြိမ်သက်စွာ ရပ်နေတော့သည်။ သို့သော် သူသည် ဖန့်ချန်ကို ခိုးကြည့်လိုက်တိုင်း သူ၏ မျက်လုံးထဲတွင် ဖုံးကွယ်မရသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
"ဟန်ချက်ညီမှု...ဟင်းလင်ပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ ရဲ့ အုပ်ချုပ်မှုအောက်မှာ ဒီနတ်ဘုရားနယ်မြေကို နတ်ဘုရားမျိုးနွယ်ကပဲ စကားပြောခွင့် ရှိတယ်ဆိုပေမဲ့၊ ပုံမှန်မဟုတ်တဲ့ ဟန်ချက်ညီမှု တစ်ခုတော့ ရှိနေပုံရတယ်"
ဖန့်ချန်၏ မျက်လုံးထဲတွင် လေးနက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ခုနက သူ၏ လုပ်ရပ်ကို ကြည့်ခြင်းအားဖြင့်၊ အကယ်၍ နတ်ဘုရားမျိုးနွယ်ကသာ နတ်ဘုရားနယ်မြေကို အကြွင်းမဲ့ ထိန်းချုပ်ထားနိုင်သည်ဆိုပါက၊ ဤနတ်ဘုရားမျိုးနွယ် သူတော်စင်သည် မိမိဘာသာ မတိုက်ခိုက်လျှင်ပင် မျိုးနွယ်စုကို အသာတကြည် လွှတ်ပေးထားလိမ့်မည် မဟုတ်ချေ။
ဒါက ဖန့်ချန် နှစ်ပေါင်းများစွာ တွက်ချက်ခဲ့သည့် နတ်ဘုရားနယ်မြေ၏ အခြေအနေနှင့် ကိုက်ညီနေသည်။ နတ်ဘုရားနယ်မြေတွင် ဤကဲ့သို့သော ဟန်ချက်ညီမှု ရှိနေစေရန်ဆိုပါက နဂါးသူတော်စင်၏ နောက်ကွယ်မှ ဟင်းလင်ပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ ၏ အစွမ်းအစမှာ မည်မျှအထိ ကြီးမားနေမည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
"ခြပုရွက်ဆိတ် အသိုက်အယူအဆက ဒီနတ်ဘုရားနယ်မြေမှာလည်း အကျုံးဝင်နေပုံရတယ်..."
တစ်ချိန်တည်းမှာပင် လူသားမျိုးနွယ် သူတော်စင်များမှာ အပြင်ပန်းတွင် တည်ငြိမ်နေကြသော်လည်း စိတ်ထဲတွင်မူ လှိုင်းတံပိုးများ ထနေကြသည်။ သူတို့သည်လည်း နှစ်ပေါင်းများစွာ နတ်ဘုရားနယ်မြေ၏ အခြေအနေကို ခန့်မှန်းခဲ့ကြသော်လည်း လက်တွေ့ စမ်းသပ်ရန် အခွင့်အရေး မရှိခဲ့ကြချေ။ ယနေ့ ဖန့်ချန်၏ ပါးရိုက်ချက်က သူတို့၏ ခန့်မှန်းချက်များကို လက်တွေ့ သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
"နောက်တစ်ခုကတော့... မျိုးနွယ်စုအလိုက် နံပါတ် (၁) အတွက် ဆုလာဘ်တွေပဲ"
နဂါးသူတော်စင်က ပြုံး၍ ဆိုလိုက်ရာ၊ သူ၏ လက်အင်္ကျီထဲမှ နောက်ထပ် လေပူဖောင်း ၁၅ ခု ထပ်မံ ထွက်ပေါ်လာသည်။ ပူဖောင်းတစ်ခုချင်းစီ၏ အတွင်း၌ သွေးကဲ့သို့ နီရဲနေသော ဗောဓိသီး တစ်လုံးစီ ပါရှိသည်။
"သူတော်စင်သွေး ဗောဓိ လား"
ဖန့်လဲ့၏ မျက်လုံးများ လှုပ်ရှားသွားပြီး ဝမ်တောက်သူတော်စင်နှင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ၊ သူတို့၏ မျက်လုံးထဲတွင် အံ့ဩမှုနှင့် နားလည်သွားမှုများ ပြည့်နှက်နေသည်။
ဤအဆင့်တွင် ဆုလာဘ်အဖြစ် သူတော်စင်သွေး ဗောဓိ ကို အသုံးပြုနေကြခြင်း ဖြစ်သည်။ နှစ်ပေါင်း ၅၀၀ လျှင် တစ်ကြိမ်ဆိုပါက ဟင်းလင်ပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ သည် သူတော်စင်သွေး ဗောဓိ ပေါင်း မည်မျှအထိ ထုတ်ပေးနေရသနည်း။
မျှော်စင်တိုက်ပွဲ တိုင်းတွင် နတ်ဘုရားမျိုးနွယ်ဝင်များကသာ အမြဲတမ်း ရှေ့ဆုံးမှ ဦးဆောင်နေကြသဖြင့် သူတော်စင်သွေး ဗောဓိ ၉၀ ရာခိုင်နှုန်းကျော်မှာ သူတို့လက်ထဲသို့သာ ရောက်ရှိသွားကြသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် နတ်ဘုရားမျိုးနွယ်၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း ထင်ရှားလှသည်။
သူတော်စင်သွေး ဗောဓိ ၁၄ လုံးကို နတ်ဘုရားမျိုးနွယ် သူတော်စင်က သိမ်းဆည်းလိုက်ပြီးနောက် လူသားမျိုးနွယ်ဘက်သို့ ရောက်သောအခါ နဂါးသူတော်စင်က ပြုံး၍ မေးလိုက်သည်။
"ဒီ သူတော်စင်သွေး ဗောဓိကို ခင်ဗျားတို့ထဲက ဘယ်သူ သိမ်းမလဲ "
"ဖန့်ချန်က ဖန့်လဲ့ရဲ့ တိုက်ရိုက်သွေးမျိုးဆက် ဖြစ်တာကြောင့် သူပဲ သိမ်းသင့်ပါတယ်"
ဝမ်တောက်သူတော်စင်က ရှေ့ဆုံးမှ ဦးဆောင်၍ ပြောလိုက်သည်။
ကျန်းရန် သူတော်စင်နှင့် လော့ရွှယ် သူတော်စင်တို့မှာမူ မမျှော်လင့်ဘဲ ကန့်ကွက်လိုသော အမူအရာများ ပြသလာကြသည်။ ကျန်ရှိသော လူသားမျိုးနွယ် သူတော်စင်များမှာမူ နှုတ်ဆိတ်နေကြသည်။
ဤ သူတော်စင်သွေး ဗောဓိ တစ်လုံးသည် သူတို့အတွက်လည်း အလွန်ကြီးမားသော အထောက်အကူ ဖြစ်စေသည်မှာ ထင်ရှားလှသည်။ သူတို့၏ တပည့်တပန်းများထဲတွင် တစ်ပိုင်းသူတော်စင် အဆင့်မှာတင် တစ်ဆို့နေသူ မည်မျှ ရှိနေသနည်း။
"ဒီ သူတော်စင်သွေး ဗောဓိက လူသားမျိုးနွယ် တစ်ခုလုံးနဲ့ ဆိုင်ပါတယ်။ ဘယ်သူ့ကို ပေးမလဲ၊ ဘယ်လို သုံးမလဲ ဆိုတာကိုတော့ နောက်မှပဲ မဲခွဲ ဆုံးဖြတ်ကြတာပေါ့"
ဖန့်လဲ့က ပြောပြီးနောက် နဂါးသူတော်စင်၏ လက်ထဲမှ ထိုဗောဓိသီးကို တိုက်ရိုက် သိမ်းဆည်းလိုက်သည်။
ကျန်းရန် သူတော်စင်၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသော်လည်း ယခုအချိန်တွင် ဝင်ရောက်လုယူရန် သတ္တိမရှိချေ။ နေရာဒေသ မသင့်တော်သည့်အပြင် ဖန့်လဲ့၏ ဓားနတ်ဘုရားစွမ်းအားကိုလည်း သူ ကောင်းကောင်း မယှဉ်နိုင်ကြောင်း သိထားသောကြောင့် ဖြစ်သည်။
"ဒါဆိုရင်တော့ ဒီတစ်ကြိမ် မျှော်စင်တိုက်ပွဲက ပြီးဆုံးသွားပါပြီ။ အားလုံးပဲ... နောက်ထပ် နှစ်ပေါင်း ၅၀၀ ကျရင် ပြန်ဆုံကြတာပေါ့"
နဂါးသူတော်စင်က ပြုံးလျက် လက်အုပ်ချီ၍ နှုတ်ဆက်လိုက်သည်။
သူတော်စင်များ အားလုံးကလည်း ချက်ချင်းပင် ပြန်လည် အလေးပြုကြသည်။
သူတို့သည် မိမိတို့၏ အတွင်းနယ်မြေများကို ဖွင့်လှစ်၍ ဤနေရာမှ ထွက်ခွာရန် ပြင်လိုက်ကြစဉ်မှာပင်...
ကြီးကျယ်ခမ်းနားလှသော အတွင်းနယ်မြေတစ်ခုသည် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး လူတိုင်း၏ ရှေ့မှောက်တွင် ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့လေတော့သည်။
ထွက်ခွာရန် ပြင်နေသော သူတော်စင်များ အားလုံးမှာ ခြေလှမ်းများ ရပ်တန့်သွားကြပြီး ဤမြင်ကွင်းကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေကြမိတော့သည်။