မြင်းဖြူလေးနှင့် သခင်မလေး လီ
Vol. 13 Ch. 131
ယခင်က ရှန်းချန်မြို့ပြင်ရှိ မြင်ကွင်းများကို ချူကျန့် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူး၏။ မွန်ဂိုမြင်းတပ်များ အကြိမ်ကြိမ် ဝင်ရောက်မွှေနှောက်သွားခဲ့သဖြင့် ရာနှင့်ချီသော မိုင်အကွာအဝေးတိုင်အောင် လူသူကင်းမဲ့ကာ အပျက်အစီးများသာ ပြည့်နှက်နေသည်ကို မြင်တွေ့ခဲ့ရသည်။
ထို့ကြောင့် ဆွေ့ကျိုးနယ်၏ အခြေအနေမှာ မည်မျှပင် ဆိုးရွားနေပါစေ ရှန်းချန်မြို့အပြင်ဘက်လောက်တော့ မဆိုးရွားနိုင်ဟု သူ ထင်မှတ်ထားခဲ့မိ၏။
သို့သော် ဆွေ့ကျိုးနယ်အတွင်းသို့ တကယ်တမ်း ဝင်ရောက်သွားချိန်တွင်မူ သူ၏ အထင်အမြင်များ လုံးဝ မှားယွင်းနေကြောင်း ချူကျန့် သိလိုက်ရတော့သည်။
အစပိုင်း ဖြတ်သန်းခဲ့ရသော ရွာလေးအချို့တွင် သက်ဝင်လှုပ်ရှားမှု အနည်းငယ် ရှိနေသေးပြီး သေမည့်ရက်ကို ထိုင်စောင့်နေကြသည့် ခံစားချက်မဲ့နေသော အဘိုးအို၊ အဘွားအိုတချို့ကို တွေ့ခဲ့ရသေး၏။ သို့သော် မိုင်ဆယ်ဂဏန်းခန့် ခရီးဆက်ပြီးနောက်တွင်မူ... မြင်ကွင်းက တကယ့် လောကငရဲပြည်အလား ဖြစ်သွားချေပြီ။
လမ်းဘေးဝဲယာတစ်လျှောက်တွင် မြေမြှုပ်သင်္ဂြိုဟ်ပေးမည့်သူပင် မရှိဘဲ ပစ်ချထားသော အလောင်းများက ဟိုတစ်စု၊ ဒီတစ်စု ပြန့်ကျဲနေသည်။ သူ ဖြတ်သွားသော ရွာတိုင်း၌ ရက်ရက်စက်စက် အသတ်ခံထားရသည့် သွေးပျက်ဖွယ် အလောင်းများကိုသာ တွေ့ရပြီး အသက်ရှင်နေသော လူဟူ၍ တစ်ယောက်ကိုမျှ မတွေ့ရတော့ပေ။
ဤမျှ ကြောက်မခန်းလိလိ မြင်ကွင်းများနှင့် နှာခေါင်းဝသို့ ရိုက်ခတ်လာသော အလောင်းပုပ်နံ့များကြောင့် ချူကျန့်၏ မြင်းပေါ်တွင် ပုန်းခိုနေသော တုန်းဖန်းပုပိုက်မှာ အန်ချလိုက်တော့သည်။ သူမသည် အကြိုက်ဆုံး သရေစာများကိုပင် ပစ်ချထားခဲ့ကာ စာအုပ်ထဲသို့ ကပျာကယာ ပြန်ဝင်သွား၏။
အလောင်းများ တောင်လိုပုံပြီး သွေးများ ပင်လယ်လို စီးဆင်းနေသည့် တိုက်ပွဲများကို အကြိမ်ကြိမ် ဖြတ်သန်းဖူးသော ချူကျန့်ပင်လျှင် ဤမြင်ကွင်းကို ကြည့်ရင်း ခေါင်းခါယမ်းလိုက်မိသည်။
သူ ခရီးမိုင် (၃၀) ခန့် ဆက်လာရာတွင် ဓားပြများနှင့် လူဆိုးအုပ်စုများကို အနည်းဆုံး (၈) ကြိမ်ခန့် ဆုံခဲ့ရသည်။ ထိုအထဲတွင် မည်သည့်ဂိုဏ်းမှန်း မသိရသော အင်အားရာနှင့်ချီသည့် လူဆိုးဂိုဏ်းကြီးတစ်ခုပင် ပါဝင်သေး၏။ သူသာ မျက်စိရှင်ရှင်ထား၍ ကြိုတင် မရှောင်ရှားခဲ့ပါက ထောင်ချောက်ထဲ ပိတ်မိသွားမည်မှာ သေချာလှသည်။
ဤအဖြစ်အပျက်များက ချူကျန့်အား ပို၍ စိုးရိမ်ပူပန်လာစေသည်။ ကောရှန်ဆိုသည်မှာ သူ့ကဲ့သို့ သိုင်းလောက အတွေ့အကြုံ ရင့်ကျက်နေသူ မဟုတ်ဘဲ ဖန်လုံအိမ်ထဲတွင် ကြီးပြင်းလာရသည့် ပန်းကလေးတစ်ပွင့်လို ဖြစ်နေ၏။ အခြားနေရာများတွင်ဆိုလျှင် သိုင်းလောကသားများနှင့် တောကြိုတောင်ကြားမှ လူဆိုးများက ကောကျင့်နှင့် ဟွမ်ရုံတို့၏ မျက်နှာကို ထောက်ထားကောင်း ထောက်ထားနိုင်ပေမည်။ သို့သော် စစ်ပွဲများကြောင့် ပရမ်းပတာဖြစ်ကာ လူ့အသက်ကို သစ်ရွက်တစ်ရွက်လောက်မျှ တန်ဖိုးမထားသည့် ဤဆွေ့ကျိုးနယ်အတွင်း၌မူကား ထိုလူရမ်းကားများသည် မည်သူမည်ဝါ ဖြစ်ကြောင်းကို ဂရုစိုက်နေမည် မဟုတ်ချေ။
အဆိုးဆုံးမှာ ကောရှန်သည် ယန်ချီထံမှ သိုင်းလောကတွင် မည်သို့ရှင်သန်ရမည်ဆိုသည့် ပညာများကို မသင်ခဲ့ရခြင်းပင် ဖြစ်သည်။ ထိုမျှမက ဤဆွေ့ကျိုးနယ်ထဲ၌ အဘယ်ကြောင့် မိန်းမဝတ်စုံကြီးကို ဝတ်ဆင်ကာ သွားလာနေရသနည်း။
ထိုမိန်းမပျိုလေးမှာ ရုပ်ရည်ကလည်း ချောမောလှပသေး၏။ မိန်းမဝတ်စုံဖြင့် တစ်ယောက်တည်း ခရီးသွားနေခြင်းမှာ လူဆိုးများအတွက် လာစားပါဟု ဖိတ်ခေါ်နေသော အထင်ရှားဆုံး သားကောင်လေး ဖြစ်နေတော့သည်။ မည်သည့် လူယုတ်မာက ဤသို့ နုနယ်လှသော သားကောင်လေးကို အလွတ်ပေးပါမည်နည်း။
ထို့ကြောင့် ချူကျန့်မှာ အလွန်အမင်း သတိထားနေရတော့သည်။ မိန်းကလေးတစ်ယောက်၏ အကူအညီတောင်းသံဖြစ်စေ၊ တိုက်ခိုက်သံဖြစ်စေ ကြားလိုက်သည်နှင့် ကောရှန်များ အန္တရာယ် ကြုံနေရပြီလောဟူသော စိုးရိမ်စိတ်ဖြင့် မြင်းကို ဒုန်းစိုင်းနှင်တော့သည်။ ထို့ကြောင့်ပင် သူနှင့် မဆိုင်သော တိုက်ပွဲများစွာကို ဝင်နွှဲခဲ့ရပြီး လူ့အသက်ပေါင်း ဒါဇင်နှင့်ချီ၍ ထပ်မံ အဆုံးရှုံးခံလိုက်ရ၏။
ဤအခြေအနေက ချူကျန့်အား အခက်တွေ့စေ၏။ ဤနည်းဖြင့် ကောရှန်ကို ရှာတွေ့ရန် မျှော်လင့်နေသော်လည်း တကယ်လို့ သူမသာ အန္တရာယ်နှင့် ရင်ဆိုင်နေရပါက အချိန်မီ သွားမကယ်နိုင်မည်ကိုလည်း စိုးရိမ်ပူပန်နေမိပါသည်။
ပဋိပက္ခဖြစ်နေသော ခံစားချက်များနှင့် ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရသော တိုက်ပွဲများကြားတွင် ချူကျန့်သည် သူ၏ ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းကာ တောင်ကုန်းများ၊ ချိုင့်ဝှမ်းများကို ဖြတ်ကျော်လာခဲ့သည်။
ကောရှန်မှာ ခြေလျင်လျှောက်၍ ခရီးသွားမည် မဟုတ်ဟု သူ ခန့်မှန်းထားသဖြင့် မြင်းစီး၍ရမည့် လမ်းများကိုသာ ရွေးချယ်ခဲ့၏။
ဆက်တိုက် ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ အလကားတော့ မဖြစ်ခဲ့ပေ။ ဓားပြများနှင့် လူရမ်းကားများထံမှ အဖိုးတန်ပစ္စည်းများ၊ လက်နက်များနှင့် ဝတ်စုံ တော်တော်များများကို လုယူနိုင်ခဲ့သည့်အပြင် သူ၏ သိုင်းပညာစွမ်းရည် ကျွမ်းကျင်မှုများမှာလည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။
သို့သော် ကောရှန်း၏ အရိပ်အယောင်လေးမျှ မတွေ့ရခြင်းက ချူကျန့်၏ စိတ်မရှည်မှုကို ပို၍ ကြီးထွားလာစေတော့၏။
ကောင်းကင်ယံက တဖြည်းဖြည်း မှောင်မိုက်လာပြီး ညအချိန်သို့ အလျင်အမြန် ကူးပြောင်းလာချေပြီ။
တိုက်ကြီး၏ အနောက်တောင်ဘက်တွင် တည်ရှိသော ဆွေ့ကျိုးနယ်မှာ ကြက်ဥပုံသဏ္ဌာန်ရှိပြီး၊ တစ်ဖက်တွင် ကျယ်ပြောလှသော ဂိုဘီသဲကန္တာရနှင့် ထိစပ်နေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ပင်လယ်ပြင်နှင့် ဆက်စပ်နေ၏။ ဤသို့ ထူးခြားသော ပထဝီဝင်အနေအထားကြောင့် ကိုယ်ပိုင် ရာသီဥတုတစ်ခုကို ပိုင်ဆိုင်ထားသည်။
ချူကျန့်သည် ဆွေ့ကျိုးနယ်အတွင်းသို့ မြောက်ဘက်မှ ဝင်ရောက်လာခြင်းဖြစ်ကာ၊ ဂိုဘီသဲကန္တာရနှင့် မိုင် (၁၀၀) ခန့်သာ ကွာဝေးတော့သည်။ နေ့နှင့်ည အပူချိန် ကွာဟချက်မှာ အလွန်ကြီးမားလှ၏။ ညဘက်သို့ ရောက်သည်နှင့် ဆောင်းဦးပေါက်၏ အအေးဒဏ်က စူးရှခြောက်သွေ့သော ညလေပြေနှင့်အတူ ရိုက်ခတ်လာပြီး သူ၏ အသားအရေကို အလွန်အမင်း နေရခက်စေတော့သည်။
ချူကျန့်သည် ရေအနည်းငယ်ဖြင့် မျက်နှာသစ်လိုက်ပြီး ရိက္ခာခြောက် တချို့ကို ကပျာကယာ စားသောက်လိုက်သည်။ ညတွင်းချင်း ခရီးဆက်ရန် ပြင်ဆင်နေစဉ်... ရုတ်တရက် အဝေးဆီမှ အော်ဟစ်ဆဲဆိုသံများကို ကြားလိုက်ရ၏။
ချူကျန့်သည် ကပျာကယာပင် မြင်းကို ချည်နှောင်လိုက်ပြီး ချန်လင်းစု ပေးထားသော သားရဲတိရစ္ဆာန်များကို နှင်ထုတ်သည့် ဆေးမှုန့်တချို့ကို ပတ်ဝန်းကျင်၌ ဖြူးလိုက်သည်။ ထို့နောက် အသံလာရာဘက်သို့ ကိုယ်ဖော့ပညာသုံး၍ ချက်ချင်း ပြေးထွက်သွားတော့၏။
မှုန်ဝါးဝါး ညအမှောင်ထဲတွင်... သစ်ပင်များကြားရှိ ကွင်းပြင်ငယ်တစ်ခု၌ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး လူတစ်ယောက် တစ်ကိုယ်တည်း ရပ်နေသည်ကို တွေ့လိုက်ရ၏။ ထိုသူအား လူငယ်အတော်များများက ဝိုင်းရံထားကြသည်။ အဆိုပါ လူငယ်များ၏ အနောက်ဘက်တွင်မူ မြင်းဖြူလေးတစ်ကောင်ကို စီးထားသော မိန်းမပျိုလေးတစ်ယောက် ရှိနေသည်။
ချူကျန့်သည် မိန်းမပျိုလေး၏ မျက်နှာကို သူ ရှိနေသည့် နေရာမှ သေသေချာချာ မမြင်ရပေ။ သို့သော် သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာ ကောရှန်နှင့် ခပ်ဆင်ဆင် ရှိသည်။ သို့သော် သူမ ဝတ်ဆင်ထားသော အဝတ်အစားများမှာ ဟန်လူမျိုးများ၏ ဝတ်စုံနှင့် မတူဘဲ၊ တံတိုင်းကြီး၏ အပြင်ဘက်မှ လူမျိုးစုများ၏ ဝတ်စုံနှင့် ပိုတူနေ၏။ ထို့အပြင် သူမ၏ ခါးတွင် ဓားတစ်လက်ကို ချိတ်ဆွဲထားပြီး မြင်းကုန်းနှီးဘေးတွင်လည်း ကြယ်ပျံသံတူရွင်း တစ်စုံကို ချိတ်ဆွဲထားသေးသည်။
'ကြယ်ပျံသံတူရွင်းကို လက်နက်အဖြစ် သုံးတဲ့ မိန်းမပျိုလေးလား'
ချူကျန့်မှာ စိတ်ဝင်စားသွားပြီး သူ၏ အလွန်ပေါ့ပါးသော ကိုယ်ဖော့ပညာကို သုံးကာ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ အသံမမြည်စေဘဲ စွေ့ခနဲ ဆင်းသက်လိုက်၏၏။
ထိုစဉ် ဓားကို ဝှေ့ယမ်းနေသော လူငယ်တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ယွင်ကျုံးဟယ်... တခြားလူတွေက မင်းတို့ လူယုတ်မာလေးယောက်ကို ကြောက်ရင်ကြောက်မယ် ဒါပေမဲ့ ငါ ယဲ့လင် ကတော့ ဘယ်သူ့ကိုမှ မကြောက်ဘူး မင်းက သေချင်လို့ ဒီကိုလာတာပဲ မင်းအသက်ကို ဒီမှာ ထားခဲ့ပေတော့"
'လူယုတ်မာလေးယောက်လား ယွင်ကျုံးဟယ်...'
ချူကျန့် တွေကာ စဉ်းစားလိုက်၏။ ယခင်က ရှန်းချန်မြို့တွင် ရှိနေစဉ်က အလွန်အစွမ်းထက်သော လူယုတ်မာလေးယောက် ရှန်းချန်မြို့သို့ လာနေသည်ဟု ကြားခဲ့ဖူးသည်ကို သွားသတိရလိုက်သည်။
'ဒီ ကြောက်စရာကောင်းတဲ့ ရုပ်နဲ့ ပိန်ကပ်ကပ်ကောင်က အဲ့ဒီအထဲက တစ်ယောက်များလား'
ယွင်ကျုံးဟယ်က လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီး...
"ငါက ဘယ်သူများလဲလို့ ဓားဝှက်စံအိမ်တော်က သခင်လေးယဲ့ ကိုး မင်းလည်း မိန်းမတွေကို ပြန်ပေးဆွဲပြီး ပြည့်တန်ဆာ လုပ်ခိုင်းတဲ့ အလုပ်တွေ တော်တော်များများ လုပ်ခဲ့ဖူးတယ်လို့ ကြားပါလျက်နဲ့ ဘာလဲ... ဒီနေ့မှ အစီအစဉ်ပြောင်းပြီး သူရဲကောင်းလုပ်ချင်စိတ်တွေ ပေါက်လာတာလား"
သူ့စကားကြောင့် ယဲ့လင်၏ မျက်နှာက ဒေါသကြောင့် နီရဲသွားပြီး...
"ဟေ့ကောင်... လူယုတ်မာ မင်းက ငါ့ကို စွပ်စွဲရဲသေးတယ်ပေါ့လေ"
"ဟက်... ငါက စွပ်စွဲတာလား မစွပ်စွဲဘူးလားဆိုတာ ဒီမှာရှိတဲ့လူတွေ အကုန်သိပါတယ် ပြီးတော့ မင်းတို့ကောင်တွေ... သိုင်းလောကမှာ နာမည်ကြီးတဲ့ မိသားစုတွေက ဆင်းသက်လာတယ်ဆိုပေမယ့် ဘယ်ကောင်ကများ အပြစ်မဲ့တဲ့ မိန်းကလေးတွေရဲ့ သွေးနဲ့ မစွန်းထင်းဖူးလို့လဲ"
ယွင်ကျုံးဟယ်၏ မျက်နှာမှာ အေးအေးဆေးဆေးပင် ရှိနေပြီး သူ့အား ဝိုင်းရံထားသော လူငယ်များကို အရေးလုပ်ပုံ မရချေ။
ယဲ့လင်က မိန်းကလေးဘက်သို့ လှည့်ကာ...
"သခင်မလေး လီ... ဒီလူယုတ်မာပြောတဲ့ စကားတွေကို နားမယောင်ပါနဲ့ ဒီကောင်က သိုင်းလောကမှာ နာမည်ကြီး လူယုတ်မာ မိန်းကလေးပေါင်း ဒါဇင်နဲ့ချီ ရာနဲ့ချီပြီး ဖျက်ဆီးခဲ့တဲ့ ကောင်ပါ"
ကျန်သော လူငယ်များကလည်း သူ၏ စကားကို ထောက်ခံကြသည်။ မိန်းကလေးကမူ ဘာမျှပြန်မပြောဘဲ သူတို့နှင့် ခပ်ခွာခွာတွင်သာ နေနေ၏။
"ဒုတိယသခင်လေးယဲ့... မင်း ပြောဖို့တစ်ခု ကျန်ခဲ့သေးတယ် ငါက လူတွေကို သူရဲကောင်းလုပ်ပြီး အလှလေးတွေကို ကယ်တင်တာမျိုး သိပ်သဘောကျတာ ခဏနေရင် မင်းတို့အကုန်လုံးကို သတ်ပစ်မယ် ပြီးရင် ဒီအလှလေးကို ငါဘယ်လို ပျော်ပါးမလဲဆိုတာ မင်းတို့ကို ပြမယ် မင်းတို့ကို မနာလိုဖြစ်အောင်၊ မျှော်လင့်ချက်မဲ့သွားအောင် လုပ်ပြီးမှ အသေသတ်မယ်ကွ"
ယွင်ကျုံးဟယ်က ကြွက်ကို ကစားနေသော ကြောင်တစ်ကောင်ပမာ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ပြောလိုက်သည်။
လူငယ်များအားလုံး ဒေါသထွက်ပြီး တုန်လှုပ်သွားကြသည်။ ယဲ့လင်က ဟိန်းဟောက်သံပေးကာ ဓားဖြင့် ထိုးသွင်းလိုက်၏။ ကျန်သော လူငယ်များကလည်း သူတို့၏ လက်နက်များကို ဆွဲထုတ်ပြီး ယွင်ကျုံးဟယ်အား ဝင်ရောက် တိုက်ခိုက်ကြတော့သည်။
ချူကျန့်သည် ဤမြင်ကွင်းကို အေးစက်စက် ကြည့်နေပြီးနောက် ခဏကြာသော် ခေါင်းခါယမ်းလိုက်မိသည်။ ဤလူငယ်များ၏ စရိုက်ကို သူ ဘာမျှ မှတ်ချက်မပေးလိုပေ။ သို့သော် ယွင်ကျုံးဟယ်၏ ရန်စမှုကို မခံနိုင်ဘဲ ဒေါသတကြီးဖြင့် ပုံပျက်ပန်းပျက် ဝင်တိုက်သည်ကို ကြည့်ရုံဖြင့်ပင် သူတို့၏ ကံကြမ္မာ အဆုံးသတ်သွားပြီဖြစ်ကြောင်း သူ သိလိုက်၏။
အမှန်စင်စစ် ဤလူငယ်များသည် သိုင်းပညာ အတော်လေး ကောင်းမွန်ကြ၏။ အထူးသဖြင့် ဓားဝှက်စံအိမ်တော်မှ ယဲ့လင်ဆိုလျှင် အကောင်းဆုံးဟုပင် ပြော၍ရကာ သူ၏ ခွန်အားမှာ အမှတ် (၄၀၀) နီးပါးခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ထို့အပြင် ခရမ်းရောင်တောက်နေသော ဓားကောင်းတစ်လက်ကိုလည်း ကိုင်ဆောင်ထားသေး၏။
သူတို့သာ စိတ်အေးအေးထားပြီး ယွင်ကျုံးဟယ်အား အကွက်ကျကျ ဝိုင်းဝန်းတိုက်ခိုက်မည်ဆိုပါက အနိုင်ရရန် အခွင့်အရေး ရှိနိုင်၏။ အကြောင်းမူကား ယွင်ကျုံးဟယ်၏ ခွန်အားမှာ အများဆုံး အမှတ် (၄၅၀) ဝန်းကျင်ခန့်သာ ရှိပြီး၊ ရှောင်မီမီနှင့် သိပ်မကွာလှဘဲ ဟွာဝူချွဲထက် တစ်ဆင့်နိမ့်နေသောကြောင့် ဖြစ်သည်။ သူ၏ တစ်ခုတည်းသော အားသာချက်မှာ ခန့်မှန်းရခက်ပြီး လျင်မြန်သော လှုပ်ရှားမှုများနှင့် အလွန်ကောင်းမွန်သည့် ကိုယ်ဖော့ပညာသာ ရှိ၏။
သို့သော် သူတို့၏ တိုက်ခိုက်မှုများမှာ အလောတကြီးနိုင်လှပြီး တိုက်စစ်ကိုသာ အာရုံစိုက်နေကြကာ မည်သည့် အချိတ်အဆက်မျှ မရှိကြပေ။ အဖွဲ့လိုက် တိုက်ခိုက်ခြင်း၏ အားသာချက်ကို အသုံးမချနိုင်သည့်အပြင် ယွင်ကျုံးဟယ်က တမင်တကာ ရှောင်တိမ်းလိုက်သည့်အခါတိုင်း သူတို့အချင်းချင်း ပြန်လည် ထိခိုက်မိမလိုပင် ဖြစ်သွားကြသေး၏။
ဆယ့်ငါးမိနစ်ခန့် ကြာသောအခါ... အစွမ်းအထက်ဆုံးဖြစ်သည့် ယဲ့လင်သည် ယွင်ကျုံးဟယ်၏ အကွက်ကို ရုတ်တရက် မိသွားပြီး အကြောပိတ်ခံလိုက်ရသည်။ ကျန်သော လူငယ်ငါးယောက်မှာလည်း တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြတော့သည်။
သို့သော် ယွင်ကျုံးဟယ်က နောက်ဆုံးလူငယ်ကို အနိုင်ယူလိုက်သည့် အချိန်၌ပင် မြင်းဖြူလေးပေါ်မှ မိန်းကလေးက ရုတ်တရက် ဝင်တိုက်တော့သည်။ သူမက မြင်းကုန်းနှီးပေါ်မှ ကြယ်ပျံသံတူရွင်းကို ဆွဲထုတ်လိုက်ရာ တူရွင်းနှစ်လက်မှာ ကြယ်တံခွန်များပမာ အသံမြည်ဟီးရင်း ယွင်ကျုံးဟယ်၏ ကျောပြင်ဆီသို့ ပြေးဝင်သွားသည်။
ဤတိုက်ခိုက်မှုက ယဲ့လင်၏ တိုက်ခိုက်မှုထက်ပင် ပို၍ ပြင်းထန်သေး၏။ ချူကျန့်၏ အကဲဖြတ်မှုအရ ဤမိန်းကလေး၏ ခွန်အားမှာ ဟူဖေးနှင့် ရင်ပေါင်တန်းနိုင်လောက်၏။
ကံဆိုးချင်တော့ ယွင်ကျုံးဟယ်၏ လှုပ်ရှားမှုများက အလွန်မြန်ဆန်ပြီး ခန့်မှန်းရခက်လွန်းလှသည်။ သူ၏ တိုက်ပွဲအတွေ့အကြုံကလည်း ပို၍များပြား၏။ သူက မြွေတစ်ကောင်ပမာ နေရာရွှေ့လိုက်ကာ မိန်းကလေး၏ ကြယ်ပျံသံတူရွင်းကို လွယ်လွယ်ကူကူ ရှောင်တိမ်းလိုက်သည်။ ထိုမျှမက မိန်းကလေးကို ရိုင်းရိုင်းစိုင်းစိုင်း လက်ဟန်အမူအရာလေးပင် လုပ်ပြလိုက်သေး၏။
မိန်းကလေးကမူ အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေပြီး ဒေါသထွက်မသွားချေ။ သူမ၏ ကြယ်ပျံသံတူရွင်းကို ကိုယ်ပိုင်စည်းချက်ဖြင့် ဆက်လက် ဝှေ့ယမ်းနေရင်း လေထဲတွင် တဝီဝီ မြည်ဟီးနေစေသည်။
ယွင်ကျုံးဟယ်က သူ၏ မြန်ဆန်မှုနှင့် ပေါ့ပါးမှုကို အသုံးချကာ မိန်းကလေးကို ပတ်ချာလှည့်နေသည်။ မိန်းကလေးအား ဆက်တိုက် တိုက်ခိုက်စေခြင်းဖြင့် သူမ၏ အတွင်းအားများနှင့် ခွန်အားများကို ကုန်ခန်းသွားစေရန် အကွက်ချ ကြံစည်နေခြင်း ဖြစ်၏။
ဤအခြေအနေအပေါ် မိန်းကလေး၏ တုံ့ပြန်မှုကမူ တော်တော်လေး ဆိုးရွားသွားသည်။ ယွင်ကျုံးဟယ်အား အကြိမ်ပေါင်းများစွာ တိုက်ခိုက်သော်လည်း မထိသည့်အခါ သူမမှာ ပျာယာခတ်သွားပြီး မြင်းကို တောအုပ်စပ်ဆီသို့ နှင်တော့သည်။
ယွင်ကျုံးဟယ်က တဟားဟား အော် ရယ်လိုက်ပြီး...
"အလှလေး... မင်း လွတ်ကို မလွတ်နိုင်ပါဘူး ငါက မင်းရဲ့ အနံ့ကို ရသွားပြီဆိုတော့ ကမ္ဘာမြေအဆုံးထိ ပြေးရင်တောင် လိုက်ရှာတွေ့မှာပဲ အသာတကြည် အညံ့ခံလိုက်တာက မင်းအတွက် ခွန်အားသက်သာစေလိမ့်မယ်"
မိန်းကလေးအား စကားဖြင့် ခြိမ်းခြောက်နေရင်းပင် ယွင်ကျုံးဟယ်က သူ၏ ကိုယ်ဖော့ပညာကို သုံးကာ သူမနောက်သို့ လိုက်သွားသည်။ ချောင်းမြောင်းတိုက်ခိုက်ရန် အခွင့်အရေးကို စောင့်နေခြင်း ဖြစ်၏။ သို့သော် သူ ပြောလိုက်သော စကားများက သူ့ထံသို့ ကြီးမားသော ပြဿနာတစ်ခုကို ခေါ်ဆောင်လာပေးလိမ့်မည် ဆိုတာကိုတော့ ယွင်ကျုံးဟယ် မသိခဲ့ချေ။