အမဲလိုက်ခွေးကို ဖမ်းဆီးခြင်း
Vol. 13 Ch. 132
ချူကျန့်သည် မူလက ဝင်ပါရန် အကြံအစည် လုံးဝမရှိခဲ့ပေ။ သူ၏ မွေးရာပါ အခြားသူများကိစ္စ ဝင်မစွက်ဖက်လိုသော စရိုက်အပြင် အခြား အရေးကြီးသော အကြောင်းရင်းတစ်ခုလည်း ရှိနေသေး၏။ ထိုအရာမှာ သူသည် တိုင်းတစ်ပါး လူမျိုးစုများကို အမြဲတစေ မုန်းတီးရွံရှာခဲ့ခြင်းပင် ဖြစ်၏။
လျှို့ဝှက် သိုင်းလောကတွင် ရှိနေစဉ်က နယ်စပ်ရှိ ခြေသလုံးအိမ်တိုင် လူမျိုးစုများသည် ဆောင်းဦးနှင့် ဆောင်းရာသီရောက်တိုင်း ဝင်ရောက်ကျူးကျော်တတ်ကြပြီး မီးရှို့၊ သတ်ဖြတ်၊ လုယက်ကာ ဆိုးရွားလှသော ဒုက္ခသုက္ခများကို ပေးစွမ်းခဲ့ကြသည်။
ထိုရက်စက်သော လူမျိုးစုများ၏ ဖိအားပေးမှုကြောင့်သာ မဟုတ်လျှင် သူ၏ မိဘများသည် အလယ်ပိုင်းလွင်ပြင်သို့ ပြောင်းရွှေ့လာမည် မဟုတ်သလို သူသည်လည်း ငယ်စဉ်ကတည်းက ရေတွက်၍မရနိုင်သော အထင်အမြင်သေးသည့် အကြည့်များကို ခံစားခဲ့ရမည် မဟုတ်ပေ။ မည်သူကမျှ မိမိအား အထင်အမြင်မသေးဝံ့စေရန် အောင်မြင်မှုရရှိအောင် ကြိုးပမ်းမည်ဟု သစ္စာဆိုခဲ့၏။ ဤအချက်သည်ပင် သူ သိုင်းပညာလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းရန် သိုင်းလောကအတွင်းသို့ ဝင်ရောက်ရန်နှင့် သူ၏ ပထမဆုံး ဆရာနှင့် တွေ့ဆုံပြီးနောက် အမှောင်ထုဖုံးလွှမ်းသော ဘဝခရီးလမ်းကို စတင်ရန် တွန်းအားတစ်ရပ် ဖြစ်ခဲ့သည်။
ထို လီ ဟု အမည်ရသော မိန်းမပျိုလေးမှာ မျိုးရိုးနာမည်အရ ဟန်လူမျိုး ဖြစ်ဟန်တူသော်လည်း သူမ ဝတ်ဆင်ထားသော တိုင်းတစ်ပါး ဝတ်စုံကပင် ချူကျန့်အား ငြင်းဆန်လိုစိတ် ဖြစ်ပေါ်လာစေရန် လုံလောက်နေချေပြီ။
သို့သော်လည်း ယွင်ကျုံးဟယ်၏ စကားများက ချူကျန့်၏ စိတ်ကူးကို ချက်ချင်း ပြောင်းလဲသွားစေတော့၏။
နာမည်ဆိုးဖြင့် ကျော်ကြားလှသော ပန်းခူးသမားများ ကြားတွင် တကယ်ကို ထူးခြားဆန်းပြားသော စွမ်းရည်ရှိသူများ ရှိကြ၏။ လျှို့ဝှက် သိုင်းလောကတွင် ရှိစဉ်က မျက်စိဖြင့် ကြည့်ရန်ပင် မလိုဘဲ မီတာ (၁၀၀) အတွင်းရှိ လှပသော မိန်းမပျိုများ၏ တည်ရှိမှုကို အနံ့ခံသိရှိနိုင်ပြီး (၉၉) ရာခိုင်နှုန်းထက်ပို၍ တိကျသော ပန်းခူးသမား တစ်ယောက်နှင့် ချူကျန့် ဆုံတွေ့ခဲ့ဖူးသည်။
ယခု ယွင်ကျုံးဟယ်ဆိုသော ကောင်မှာလည်း ထူးခြားထက်မြက်လွန်းသည့် အနံ့ခံအာရုံ ရှိနေကြောင်း သိသာလှ၏။
ချူကျန့်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားသည်။
‘မည်သို့ပင်ဖြစ်စေ... ဒီကောင်ကို ဖမ်းမိရင် ငါ့ဘေးမှာ အမဲလိုက်ခွေး တစ်ကောင် ရလိုက်သလိုပဲ ကောရှန်ကို ရှာရတာ ပိုလွယ်သွားမှာပေါ့’
နောင်တစ်ချိန် ပြဿနာမဖြစ်စေရန် ထိုကောင်၏ ယောက်ျားမာနကိုမူ ဖြတ်တောက်ရှင်းလင်းပစ်ရမည် ဖြစ်သည်။
ချူကျန့်သည် တစ္ဆေတစ်ကောင်ပမာ တိတ်ဆိတ်စွာ ချဉ်းကပ်သွားလိုက်သည်။ ရန်သူ ရိပ်မိမည်ကို စိုးရိမ်သဖြင့် လေအောက်ဘက်မှနေ၍ ကွေ့ပတ်ကာ ချဉ်းကပ်သွား၏။
တောအုပ်အတွင်းမှ ပြင်းထန်သော တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲပင်။ မိန်းမပျိုလေး စီးနင်းထားသော မြင်းဖြူလေးမှာ အတော်ပင် အိုမင်းနေပုံရပြီး အလွန်အမင်း မမြန်ဆန်လှပေ။ ယွင်ကျုံးဟယ်က သူ၏ ထူးခြားလှသော ကိုယ်ဖော့ပညာဖြင့် လွယ်လွယ်ကူကူပင် မီလာသည်။ မိန်းမပျိုလေးမှာ ပြေးလွှားနေရင်းမှ နီးကပ်လာသော ယွင်ကျုံးဟယ်အား ကြယ်ပျံသံတူရွင်းဖြင့် ကာကွယ်နေရတော့သည်။
သို့သော် အလွန်လေးလံသော ကြယ်ပျံသံတူရွင်းကို သိုင်းကွက်ပေါင်း (၁၀၀) နီးပါးခန့် ဝှေ့ယမ်းပြီးနောက်တွင်မူ သူမ၏ အသက်ရှူသံများ ကမောက်ကမ ဖြစ်လာပြီး နဖူးပြင်ထက်တွင် ချွေးသီးချွေးပေါက်များ ပေါ်လာလေပြီ ဒါက ခန္ဓာကိုယ် ခွန်အားများ ကျဆင်းလာပြီဖြစ်ကြောင်း ပြသနေခြင်းပင်။
ယွင်ကျုံးဟယ်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
“အလှလေး... အသာတကြည်သာ အညံ့ခံလိုက်စမ်းပါ”
သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် မိန်းကလေး၏ ကြယ်ပျံသံတူရွင်း သိုင်းကွက်များကြားမှ ဟာကွက်တစ်ခုကို အမိအရ ဆုပ်ကိုင်လိုက်၏။ သူသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားပြီး ကြယ်ပျံသံတူရွင်း၏ တိုက်ခိုက်နိုင်သော အကွာအဝေးကို ကျော်လွန်ကာ မိန်းကလေးနှင့် နှစ်ပေခန့် အကွာအဝေးအထိ ကပ်သွားတော့သည်။
မိန်းကလေးမှာ အလွန်အမင်း ထိတ်လန့်သွား၏။ ပျာယာခတ်သွားသော အခြေအနေတွင် သူမသည် ကြယ်ပျံသံတူရွင်းကို လွှတ်ချလိုက်ပြီး ခါးမှ ဓားကိုဆွဲထုတ်ကာ ယွင်ကျုံးဟယ်အား ခုတ်ပိုင်းလိုက်တော့သည်။
သို့သော် သူမ၏ ဓားသိုင်းစွမ်းရည်မှာ ကြယ်ပျံသံတူရွင်း သိုင်းလောက် မကျွမ်းကျင်ချေ။ ဤဓားချက်က သူမအား ဟာကွက်ကြီး တစ်ခု ဖြစ်ပေါ်သွားစေသည်။ ယွင်ကျုံးဟယ်က ကောက်ကျစ်စွာ ရယ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို လေထဲတွင် အံ့မခန်း လှည့်ပတ်ယိမ်းနွဲ့လိုက်၏။ ဝင်ရောက်လာသော ဓားချက်ကို ရှောင်တိမ်းလိုက်ရုံသာမက မိန်းကလေး၏ ပခုံးပေါ်ရှိ သွေးကြောဆုံမှတ်ဆီသို့ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။
ဤအကွက်သာ မိသွားပါက မိန်းကလေးမှာ ကျိန်းသေပေါက် အဖမ်းခံရမည် ဖြစ်သည်။
သို့သော် ထိုအချိန်၌ပင် အထက်ရှိ သစ်ကိုင်းများ ရုတ်တရက် လှုပ်ခတ်သွားပြီး အရိပ်တစ်ခု ဖြတ်ခနဲ ဆင်းသက်လာ၏။ ကြယ်တံခွန်တစ်ခုပမာ တောက်ပနေသော လိမ္မော်ဝါရောင် ဓားအလင်းတန်းတစ်ခုက ဆန့်ထုတ်ထားသော ယွင်ကျုံးဟယ်၏ လက်မောင်းဆီသို့ ခုတ်ပိုင်းကျလာတော့သည်။
လူယုတ်မာလေးယောက်ထဲမှ တစ်ယောက်ဟူသော ဂုဏ်ပုဒ်နှင့် အညီပင် ယွင်ကျုံးဟယ်သည် ဤအသက်အန္တရာယ်ရှိသော အခိုက်အတန့်၌ ထူးဆန်းလှသော သံမဏိစွယ် လက်သည်းတုတ်ကောက်ကို ရုတ်တရက် ထုတ်ယူလိုက်၏။ ကျယ်လောင်သော သတ္တုချင်း ရိုက်ခတ်သံကြီးနှင့်အတူ မိစ္ဆာနှိမ်နင်းရေး သန့်စင်သော ဓားတို ၏ တိုက်ခိုက်မှုကို သူ တကယ်ပင် ကာကွယ်လိုက်နိုင်သည်။
သို့သော် ထို သံမဏိစွယ် လက်သည်းတုတ်ကောက်မှာ ခရမ်းရောင်အဆင့် လက်နက်တစ်ခုသာ ဖြစ်ပြီး လိမ္မော်ရောင်အဆင့် ရှိသော မိစ္ဆာနှိမ်နင်းရေး သန့်စင်သော ဓားတို နှင့် ယှဉ်လျှင် အလွန် ကွာခြားလှသည်။ တုတ်ကောက်ပေါ်တွင် နက်ရှိုင်းသော ဓားရာကြီးတစ်ခု ထင်ကျန်သွားပြီး အကယ်၍ ထိုတုတ်ကောက်သာ ကလေးတစ်ယောက်၏ လက်မောင်းလောက် မတုတ်ခိုင်ပါက နှစ်ပိုင်း ပြတ်သွားမည်မှာ သေချာလှ၏။
ချူကျန့်သည် ချောင်းမြောင်းတိုက်ခိုက်မှု မအောင်မြင်သည်နှင့် ချက်ချင်း နည်းဗျူဟာ ပြောင်းလိုက်၏။ ယွင်ကျုံးဟယ်၏ လက်နက် ပျက်စီးသွားမှုနှင့် စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်သွားမှုကို အခွင့်ကောင်းယူကာ ဆက်တိုက်ဆိုသလို ခြေကန်ချက်များကို ပစ်လွှတ်လိုက်ရာ ရန်သူမှာ လေထဲသို့ လွင့်ထွက်သွားတော့သည်။
ဤခြေကန်ချက် နှစ်ချက်မှာ ပြိုင်ဘက်ကင်း နတ်သိုင်းငါးပါး မှ မျိုးတုံးသတ်ဖြတ်ခြင်း သိုင်းကွက်ပင် ဖြစ်၏။ နတ်အဆင့် သိုင်းပညာ၏ စွမ်းအားမှာ အလွန် ကြောက်မခန်းလိလိပင်။
ယွင်ကျုံးဟယ်သည် ပေအတော်များများ လွင့်ထွက်သွားပြီးနောက် အနီးဆုံးရှိ သစ်ပင်ကြီးတစ်ပင်နှင့် ဝင်တိုက်မိကာ အတွင်းဒဏ်ရာရသွားပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။
ယွင်ကျုံးဟယ်က မျက်ထောင့်မှ သွေးများကို သုတ်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
“ကောင်းပြီ... သေရမှာမကြောက်ဘဲ သူရဲကောင်း လာလုပ်ချင်တဲ့ ငနဲတစ်ကောင် ထပ်ရောက်လာပြန်ပြီပေါ့”
သူက လက်ထဲရှိ ယန္တရားတစ်ခုကို နှိပ်လိုက်ရာ သံမဏိစွယ် လက်သည်းတုတ်ကောက်မှာ အနည်းငယ် တိုဝင်သွားပြီး နက်ရှိုင်းစွာ ပြတ်ရှသွားသော အပိုင်းမှာ လက်တံအတွင်းသို့ ဝင်သွားကာ ဆက်လက်အသုံးပြုရန် အဟန့်အတား မဖြစ်စေတော့ပေ။
ချူကျန့်က ထို တိုင်းတစ်ပါး ဝတ်စုံနှင့် မိန်းကလေးကို တစ်ချက်မျှပင် လှည့်မကြည့်သလို လှသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဂရုမစိုက်ပေ။ သူက ညာသံပေးကာ ရှေ့သို့ ခုန်တက်လိုက်ပြီး ဘယ်လက်တွင် မီးတောက်ပြာ လောင်ကျွမ်းဓား နှင့် ညာလက်တွင် မိစ္ဆာနှိမ်နင်းရေး သန့်စင်သော ဓားတို ကို ကိုင်ဆောင်ကာ ယွင်ကျုံးဟယ်အား တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်တော့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က အနက်ရောင် ဝတ်စုံဝတ် အုပ်စုကြီး၊ ဖုန်းဖိန် နှင့် ဟွာဝူချွဲ တို့အား အနိုင်ယူပြီးနောက်တွင် သူ၏ သိုင်းပညာ အဆင့်သတ်မှတ်ချက်မှာ အမှတ် (၄၀၀) သို့ တက်လာခဲ့ရာ ယွင်ကျုံးဟယ်နှင့် သိပ်မကွာတော့ချေ။
သေချာသည်မှာ ဤကမ္ဘာအတွင်းရှိ သိုင်းပညာ အဆင့်သတ်မှတ်ချက်သည် မျိုးတူစု စွမ်းရည် (၅) မျိုး၊ ကျင့်စဉ်များနှင့် တိုက်ပွဲမှတ်တမ်းများကို ပေါင်းစပ်တွက်ချက်ထားခြင်း ဖြစ်၏။ ၎င်းက အတိကျဆုံးသော တိုက်ခိုက်ရေးစွမ်းအားကို မဖော်ပြနိုင်ပေ။ အနည်းဆုံး ယခုအချိန်တွင် ချူကျန့်သည် ဓားရှည်နှင့် ဓားတိုကို ပူးတွဲအသုံးပြုကာ ရတနာအဆင့် သိုင်းပညာ နှစ်ခုနှင့် လှည့်စားမှု ကိုယ်ဖော့ပညာ ကို ပေါင်းစပ်လိုက်သောအခါ ယွင်ကျုံးဟယ်အား သရေကျသည်အထိ တိုက်ခိုက်နိုင်စွမ်း ရှိနေလေပြီ။ ထို့အပြင် ယွင်ကျုံးဟယ်၏ အနံ့ခံအာရုံ ထိခိုက်မည်ကို စိုးရိမ်သဖြင့် အဆိပ်မသုံးဘဲ အသက်ရှင်လျက် ဖမ်းရန် ကြိုးစားမနေပါက သူ့ကို သတ်ဖြတ်ရန်မှာ သိပ်ခက်ခဲမည် မဟုတ်ပေ။
၎င်းအပြင် သူ၏ လက်နက်များက ပို၍ ထက်မြက်လွန်းလှသဖြင့် ယွင်ကျုံးဟယ်မှာ သူ၏ သံမဏိစွယ်နှင့် တုတ်ကောက်ကို ချူကျန့်၏ ဓားများနှင့် တိုက်ရိုက် မထိခိုက်မိစေရန် ထိန်းချုပ်နေရကာ တိုက်ခိုက်ရာတွင် တွေဝေနှောင့်နှေးနေရတော့သည်။
အခြားတစ်ဖက်တွင်မူ တိုက်ပွဲ ကြာလာသည်နှင့်အမျှ ယွင်ကျုံးဟယ်မှာ ပို၍ တုန်လှုပ်လာသည်။
ဤ ကုန်သည်ပုံပေါက်နေသော လူလတ်ပိုင်း ယောက်ျားက ဘယ်သူနည်း။ သူသည် အစွမ်းကုန် ထုတ်သုံးနေသော်လည်း အသာစီး မရသည့်အပြင် တဖြည်းဖြည်း နောက်ကောက်ကျလာသည်ကို ခံစားနေရ၏။
ခပ်လှမ်းလှမ်းတွင် ဓားကိုကိုင်ကာ အသက်ရှူမှန်အောင် ထိန်းနေသော မိန်းကလေးကို သူ အမြန်လှမ်းကြည့်လိုက်ပြီးနောက် သူ၏ ဂုဏ်ယူရဆုံး သိုင်းကွက်ဖြစ်သည့် ကြိုးကြာနှင့် မြွေ တိုက်ခိုက်မှု ရှစ်ကွက် ကို ရုတ်တရက် ထုတ်သုံးလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ သံမဏိစွယ်နှင့် တုတ်ကောက်သည် အေးစက်သော အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး၊ ကြိုးကြာငှက် ထိုးဆိတ်သကဲ့သို့၊ မြွေတစ်ကောင် ပေါက်ချသကဲ့သို့ ခန့်မှန်းရခက်ကာ မျက်စိကျိန်းမတတ် မြန်ဆန်လွန်းလှ၏။
ထို့အပြင် အလွန် ကောက်ကျစ်သော နောက်ဆက်တွဲ သိုင်းကွက်များစွာလည်း ပါဝင်နေသေးသည်။ ချူကျန့်မှာ ဓားဖြင့် ကာကွယ်ရန် ဖိအားပေးခံလိုက်ရပြီး ထိုအခွင့်အရေးကို ဆုပ်ကိုင်ကာ ယွင်ကျုံးဟယ်သည် သူ၏ အကောင်းဆုံး ကိုယ်ဖော့ပညာကို သုံး၍ နောက်ဆုတ်ကာ ထွက်ပြေးရန် ပြင်တော့၏။
ချူကျန့်က လိုက်လံတိုက်ခိုက်ရန် ပေအနည်းငယ်မျှ ရှေ့သို့ တက်လိုက်ချိန်တွင် ယွင်ကျုံးဟယ်သည် ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် အသုံးပြုလိုက်ပြီး ထွက်ပြေးနေသည့် သူ၏ ခန္ဓာကိုယ်ကို လမ်းကြောင်းပြောင်းကာ မိန်းကလေးဆီသို့ ခုန်အုပ်လိုက်သည်။ သူ၏ သံမဏိစွယ်နှင့် တုတ်ကောက်က လျင်မြန်စွာ ထွက်ပေါ်လာပြီး မိန်းကလေး၏ လည်ချောင်းကို ရွယ်ထားလိုက်၏။
“မလှုပ်နဲ့”
သူ၏ တိုက်ခိုက်မှုက အလွန် ရုတ်တရက်ဆန်လွန်းလှပြီး တိုက်ပွဲအတွေ့အကြုံ နုနယ်သော မိန်းကလေးမှာ မျှော်လင့်မထားသဖြင့် ယွင်ကျုံးဟယ်၏ ဖမ်းဆီးခြင်းကို ချက်ချင်း ခံလိုက်ရတော့သည်။
ယွင်ကျုံးဟယ်က နောက်သို့လှည့်ကာ ချူကျန့်အား ကောက်ကျစ်စွာ လှောင်ပြုံးပြုံးလိုက်၏။
“လက်နက်ချလိုက်စမ်း... မဟုတ်ရင် ဒီအလှလေးကို ငါ သတ်ပစ်မယ်”
သူ၏ စကားပင် မဆုံးလိုက် ဓားရှည်နှင့် ဓားတို၏ အလင်းတန်းများက တဟုန်ထိုး ဝင်ရောက်လာ၏။ ချူကျန့်သည် မိန်းကလေး၏ အသက်ရှင်ခြင်း သေခြင်းကို လုံးဝ ဂရုစိုက်ပုံမရချေ။
ယွင်ကျုံးဟယ်မှာ အလွန်အမင်း ထိတ်လန့်သွားတော့သည်။ ဤသူရဲကောင်းဆိုသူက အလှလေးကို ကယ်တင်ရန် လုံးဝ ငြင်းဆန်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။ ‘ဤအသက်အန္တရာယ်ရှိသော အခိုက်အတန့်တွင် မိန်းကလေးကို သတ်ရန် အချိန်မရတော့ဘဲ သူ၏ သံမဏိစွယ်နှင့် တုတ်ကောက်ကို အသည်းအသန် ဝှေ့ယမ်းကာ ကာကွယ်လိုက်ရတော့၏။
ဤတစ်ကြိမ်တွင်မူ လက်နက် သုံးခုမှာ ပြင်းထန်စွာ ထိပ်တိုက် ရိုက်ခတ်မိသွားလေပြီ။ ခရမ်းရောင်အဆင့် သံမဏိစွယ်နှင့် တုတ်ကောက်သည် လိမ္မော်ရောင်အဆင့် လက်နက်နှစ်ခု၏ အစွမ်းကုန် ရိုက်ခတ်မှုကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။ ပြတ်သားသော ကျိုးပဲ့သံ နှစ်ချက်နှင့်အတူ ၎င်းတို့သည် သုံးပိုင်းပြတ်သွားပြီး ယွင်ကျုံးဟယ်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးသံရဲရဲ ဓားရာနှစ်ချက် ထင်ကျန်သွားတော့သည်။ သူသာ လျင်မြန်စွာ မရှောင်တိမ်းနိုင်ခဲ့ပါက ပြင်းထန်စွာ ဒဏ်ရာရသွားမည်မှာ သေချာလှ၏။
သူ ဘာမျှ မတုံ့ပြန်နိုင်မီမှာပင် မျောက်တစ်ကောင်ပမာ ပေါ့ပါးသွက်လက်လှသော ချူကျန့်သည် လေထဲတွင် တစ်ပတ်လည်ကာ သူ၏ ကျောဘက်သို့ ဆင်းသက်လာပြီး လက်ချောင်းများဖြင့် လျင်မြန်စွာ ထိုးနှက်ကာ အရေးကြီးသော သွေးကြောဆုံမှတ်များကို ပိတ်ဆို့လိုက်သည်။ ယွင်ကျုံးဟယ်၏ တစ်ကိုယ်လုံး ထုံကျင်သွားပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားတော့သည်။
ချူကျန့်က လက်မလျှော့ပေ။ သူ၏ ဓားရောင်တစ်ချက် ဝင်းလက်သွားပြီး ယွင်ကျုံးဟယ်၏ အရွတ်များနှင့် သွေးကြောများ အားလုံးကို ဖြတ်တောက်လိုက်သည်။ ထို့နောက် ယွင်ကျုံးဟယ်၏ ဒန်တျန်ကို ခြေဖြင့် ကန်လိုက်ရာ သူ၏ သိုင်းပညာများအားလုံး ပျက်စီးသွားတော့သည်။ ထိုအချိန်ရောက်မှသာ လက်နက်များကို ပြန်သိမ်းကာ ရန်သူ့ထံမှ တွေ့သမျှ ပစ္စည်းများကို စတင် လုယူတော့သည်။
ယွင်ကျုံးဟယ်မှာ သွေးများဖြင့် ရွှဲနစ်နေပြီး ထိတ်လန့်ခြင်း ဒေါသထွက်ခြင်းများဖြင့် ပြည့်နှက်နေ၏။ ချူကျန့်သည် သူ့အား စကားပြောရန် အခွင့်အရေး မပေးဘဲ အသံထွက်သည့် သွေးကြောဆုံမှတ်ကို ချက်ချင်း ပိတ်ဆို့လိုက်ကာ သူ့ကို ကောက်မလိုက်သည်။ ဘေးတွင် အံ့အားသင့်ကာ ငိုင်နေသော မိန်းကလေးကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး ကိုယ်ဖော့ပညာကို သုံးကာ တောအုပ်ထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
မိန်းကလေး မမြင်နိုင်သည့် နေရာသို့ ရောက်သောအခါ ယခင်က သူဝတ်ဆင်ခဲ့သော အနက်ရောင် ဝတ်ရုံကြီးကို ထုတ်ယူဝတ်ဆင်လိုက်ပြီး မျက်နှာကို ဖုံးကွယ်လိုက်၏။ ထို့နောက် ကိုယ်ဖော့ပညာကို ထပ်မံအသုံးပြုကာ ယဲ့လင်နှင့် အခြားလူငယ်များ လဲကျနေသည့် နေရာသို့ ပြန်သွားသည်။ သူတို့အား သတိလစ်သွားအောင် ထပ်မံရိုက်နှက်ကာ သိုင်းပညာများကို ဖျက်ဆီးပစ်လိုက်၏။ ထို့နောက် သူတို့၏ အဖိုးတန် ပစ္စည်းများကို စတင် လုယူတော့သည်။
ဤသို့ ရှာဖွေနေစဉ်အတွင်း ယဲ့လင်၏ ကိုယ်ပေါ်မှ အရာတစ်ခုကို ချူကျန့် မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိလိုက်ရ၏။