← Chapters

မိုးသံလေသံ

Vol. 13 Ch. 135

မိုးသံလေသံ

Vol. 13 Ch. 135

“ဟာ... ငါက ဘာမှတောင် မလုပ်ရသေးဘူး မင်းတို့က အရင်စတိုက်တယ်ပေါ့လေ”

ချူကျန့်၏ ရင်ထဲတွင် တိုင်းတစ်ပါး လူမျိုးစုများအပေါ် မုန်းတီးရွံရှာမှုများက နက်ရှိုင်းစွာ အမြစ်တွယ်နေပြီးသား ဖြစ်၏။ အထူးသဖြင့် သာမန်ပြည်သူများကို လုယက်သတ်ဖြတ်တတ်သည့် သူတို့၏ လုပ်ရပ်များကို ပို၍ပင် ရွံရှာလှသည်။ ထို့ကြောင့် သူသည် မြင်းကို ဒရောသောပါး စိုင်းနှင်ကာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ထိုအခိုက် ဓားပြများထံမှ မြားများက လေကိုခွင်းလျက် တဝီဝီ ပြေးဝင်လာသည်။ ချူကျန့်သည် သူ၏ မိစ္ဆာနှိမ်နင်းရေး သန့်စင်သော ဓားတို ကို ဖြတ်ခနဲ ဆွဲထုတ်လိုက်ပြီး ကျလာသော မြားတံများကို အတိအကျ ခုတ်ပိုင်း ကာကွယ်လိုက်သည်။

ဓားပြမှာ အံ့အားသင့်သွားပြီး နောက်ထပ် မြားတစ်စင်းကို ထပ်မံ ပစ်ခတ်လိုက်ပြန်၏။

ချူကျန့်သည် သူ၏ ဓားဖြင့် မြားများကို ဆက်တိုက် ကာကွယ်နေခဲ့သည်။ သူတို့ကြား အကွာအဝေး (၁၀) ပေ အောက်သို့ ရောက်ရှိသွားချိန်တွင်မူ ချူကျန့်က ဘယ်ဘက်လက်မှ မြင်းဇက်ကြိုးကို လွှတ်ချလိုက်ပြီး အဆိပ်လူး လက်နက်ပျံ သုံးခုကို လျင်မြန်စွာ ဆွဲထုတ်လိုက်၏။ ပထမတစ်ခုကို အရင် ပစ်လွှတ်လိုက်ရာ ဓားပြက ရှောင်တိမ်းရန် ကြိုးစားသော်လည်း ချူကျန့်၏ ပစ်ခတ်မှု နည်းစနစ်က သူ၏ လှုပ်ရှားမှုကို ကြိုတင် တွက်ချက်ပြီးသား ဖြစ်နေချေပြီ။ ကျန်ရှိနေသော လက်နက်ပျံ နှစ်ခုကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်ရာ ဓားပြ၏ လက်မောင်းသို့ စိုက်ဝင်သွားတော့သည်။

ချန်လင်းစု အထူး ဖော်စပ်ထားသော အဆိပ်မှာ ကြောက်မခန်းလိလိ ပြင်းထန်လွန်းလှသဖြင့် ဓားပြ၏ မျက်နှာမှာ ချက်ချင်း မည်းနက်သွားပြီး မြင်းပေါ်မှ ဝုန်းခနဲ ပြုတ်ကျကာ ပွဲချင်းပြီး သေဆုံးသွားသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်ရှိနေသည့် ဓားပြများမှာ သူတို့အား တားဆီးရန် အုပ်စုခွဲလိုက်ကြ၏။ ချူကျန့်သည် ညာဘက်လက်မှ ဓားဖြင့် မြားများကို ကာကွယ်ရင်း ဘယ်ဘက်လက်မှ လျှို့ဝှက်လက်နက်များကို ဆက်တိုက် ပစ်လွှတ်ကာ ဓားပြများကို မျက်တောင်တစ်ခတ်အတွင်း အပြတ်ရှင်းလင်းပစ်လိုက်သည်။

သို့သော် ဤတိုင်းတစ်ပါး ဓားပြများမှာ အလွန် ရဲရင့်ကြမ်းကြုတ်လှသည်။ သူတို့၏ အင်အား သုံးပုံတစ်ပုံခန့် လဲကျသေဆုံးသွားသည့်တိုင်အောင် အနည်းငယ်မျှ ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိကြပေ။ သူတို့သည် ဓားများကို ဝှေ့ယမ်းကာ “အူရာ... အူရာ...” ဟု ရူးသွပ်နေသူများအလား သွေးဆာစွာ အော်ဟစ်ရင်း တဟုန်ထိုး ပြေးဝင်လာကြသည်။

ကံကောင်းထောက်မစွာဖြင့် နှစ်ဖက် အကွာအဝေးမှာ (၁၀) ပေ ခန့်သာ ကွာဝေးတော့သဖြင့် သူတို့၏ ပြေးဝင်တိုက်ခိုက်မှု အရှိန်မှာ သိပ်မထိရောက်တော့ချေ။ ချူကျန့်မှာ အလွန် ကျွမ်းကျင်သော မြင်းစီးသူရဲ တစ်ဦးဖြစ်ရာ မြင်းကို ခြေထောက်ဖြင့် မြဲမြံစွာ ညှပ်ထားလိုက်ပြီး မီးတောက်ပြာ လောင်ကျွမ်းဓား ကို လက်ပြန် ဆွဲထုတ်လိုက်၏။ ဘယ်လက်ရှိ ဓားရှည်နှင့် ညာလက်ရှိ ဓားတိုကို ပေါင်းစပ်အသုံးပြုကာ ဓားပြ နှစ်ဦးကို မျက်တောင်တစ်ခတ်အတွင်း အသေသတ်လိုက်သည်။

ထိုအခိုက် လေကိုခွင်းကာ ဝင်ရောက်လာသော ဓားသုံးလက်က တဝီဝီ မြည်ဟိန်းလာ၏။ အနောက်ဘက်ရှိ ယွင်ကျုံးဟယ် ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် ချူကျန့်သည် သူ၏ လက်မောင်းများကို အသုံးပြုကာ ဓားရှည်နှင့် ဓားတိုကို ထိုဓားသုံးလက်နှင့် တစ်ပြိုင်နက်တည်း ထိပ်တိုက် ရိုက်ခတ်စေလိုက်တော့သည်။

သတ္တုချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာပြီး ဓားသုံးလက်မှာ ချက်ချင်းပင် ကျိုးပဲ့သွားတော့၏။ ချူကျန့်၏ ဓားရှည်နှင့် ဓားတိုမှာမူ အနည်းငယ်မျှ အရှိန်လျော့မသွားဘဲ ဆက်လက် ခုတ်ပိုင်းသွားရာ ဘေးမှ ဖြတ်သွားမည့် ဓားပြများကို နှစ်ပိုင်းပိုင်းပစ်လိုက်သည်။ ထို့နောက် ဓားရှည်နှင့် ဓားတိုကို အဟုန်ပြင်းစွာ ပစ်လွှတ်လိုက်ရာ ခြေလှမ်းအနည်းငယ်အကွာရှိ ဓားပြ နှစ်ဦး၏ ကိုယ်ကို ဖောက်ထွင်းသွားတော့သည်။

ချူကျန့် လက်နက်မဲ့သွားသည်ကို မြင်လိုက်ရသောအခါ ကျန်ရှိနေသေးသည့် ဓားပြ ခုနစ်ယောက် ရှစ်ယောက်ခန့်မှာ ချက်ချင်းပင် အုံလိုက်ကျင်းလိုက် ပြေးဝင်လာကြ၏။ ချူကျန့်က မထီမဲ့မြင် လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီး လျင်မြန်သော လှုပ်ရှားမှုဖြင့် လက်နှစ်ဖက်စလုံးကို လျှို့ဝှက်လက်နက်များ အပြည့် ဆုပ်ကိုင်ကာ မိုးပေါက်များအလား သဲသဲမဲမဲ ပစ်လွှတ်လိုက်သည်။

ဓားပြ ခုနစ်ယောက် ရှစ်ယောက်နှင့် သူတို့၏ မြင်းများပါမကျန် လျှို့ဝှက်လက်နက်များ ထိမှန်ကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျကုန်ကြတော့သည်။

ဤအခွင့်အရေးကို အသုံးချကာ သခင်မလေး လီ သည်လည်း သူမ၏ ကြယ်ပျံသံတူရွင်းမှ အထူးသိုင်းကွက် တစ်ခုကို အသုံးပြုပြီး သူမကို တိုက်ခိုက်နေသော ဓားပြ နှစ်ဦးကို မြင်းပေါ်မှ ရိုက်ချလိုက်သည်။

ချူကျန့်သည် ဤတိုင်းတစ်ပါး လူမျိုးစုများကို အရိုးထဲအထိ မုန်းတီးနေသူ ဖြစ်၏။ သူသည် မြင်းပေါ်မှ ခုန်ဆင်းကာ ဓားကို ပြန်ကောက်ယူလိုက်ပြီး အသက်ရှူနေသေးသော ဓားပြဟူသမျှကို လိုက်လံ သတ်ဖြတ်လိုက်သည်။ ခဏအကြာတွင် တစ်ကွင်းလုံး ငြိမ်သက်သွားတော့သည်။

သခင်မလေး လီ က နဖူးမှ ချွေးများကို သုတ်လိုက်ပြီး မြင်းပေါ်မှ ဆင်းကာ အနီးသို့ ချဉ်းကပ်လာ၏။

“ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူရဲကောင်းကြီး”

ချူကျန့်က သူမကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး ထိုအမျိုးသမီးများထံသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ သူ၏ ဓားရောင် တစ်ချက် ဝင်းလက်သွားပြီး သူတို့ကို တုပ်နှောင်ထားသော ကြိုးများကို မျက်တောင်တစ်ခတ်အတွင်း ဖြတ်တောက်ပေးလိုက်၏။ ထို့နောက် သူ၏ သိုလှောင်အိတ်ထဲမှ မလိုအပ်တော့သည့် အဝတ်ဟောင်း ဒါဇင်နှင့်ချီကာ ထုတ်ယူပြီး အမျိုးသမီးများထံသို့ ပစ်ပေးလိုက်သည်။

ထိုအမျိုးသမီးများမှာ အဝတ်များကို လှမ်းမယူကြဘဲ မြေပြင်ပေါ်တွင် လဲကျနေသော ဓားပြများကိုသာ ငိုင်၍ ကြည့်နေကြ၏။

သူတို့၏ ခံစားချက်မဲ့နေသော မျက်နှာများကို ကြည့်ခြင်းအားဖြင့် လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားခဲ့ရပြီး စိတ်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြပြီဖြစ်ကြောင်း ချူကျန့် သိလိုက်သည်။ သူ သက်ပြင်းတစ်ချက် ချလိုက်ပြီး မြင်းပေါ်သို့ ပြန်တက်ကာ ထွက်ခွာရန် ပြင်လိုက်၏။

ထိုအခိုက် သခင်မလေး လီ သည် သူ၏ မြင်းနှင့် ယွင်ကျုံးဟယ်ကို မှတ်မိသွားတော့သည်။ သူမ၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွား၏။ ချူကျန့်ကို သေချာစွာ ကြည့်လိုက်သောအခါ ရုပ်သွင်မှာ ကွာခြားနေသော်လည်း၊ သူ၏ ကိုယ်ဟန်အနေအထားမှာ လွန်ခဲ့သော နှစ်ရက်က တွေ့ခဲ့ရသည့် ရူးကြောင်ကြောင်နိုင်လှသော လူနှင့် အလွန် တူညီနေကြောင်း သတိပြုမိသွားသည်။ သူမ လွှတ်ခနဲ အော်လိုက်မိသည်။

“ရှင်လား”

ချူကျန့်က ခြေလှမ်းကို တုံ့ခနဲ ရပ်တန့်လိုက်ပြီး ဒဏ်ရာကျက်ဆေး တစ်ပုလင်းကို ထုတ်ကာ သူမထံသို့ ပစ်ပေးလိုက်သည်။

“မင်း အသက်ကို ပဓာနမထားဘဲ ဟန်လူမျိုးတွေကို ကယ်တင်ပေးခဲ့တဲ့အတွက်... ရော့ ဒီဒဏ်ရာကျက်ဆေးကို ယူလိုက်”

သခင်မလေး လီ က အလိုအလျောက် လှမ်းဖမ်းလိုက်မိသော်လည်း သူမ၏ ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာရထားပြီး သွေးထွက်လွန်နေခဲ့ချေပြီ။ ယခုအချိန်အထိ စိတ်စွမ်းအား သက်သက်ဖြင့်သာ တောင့်ခံထားခဲ့ခြင်း ဖြစ်ပြီး ဓားပြများကို သတ်ဖြတ်ပြီးသွားသောအခါ သူမ၏ ခန္ဓာကိုယ်မှာ မူးဝေ အားနည်းလာတော့သည်။ ဤသို့ ရုတ်တရက် လှုပ်ရှားလိုက်မှုကြောင့် သူမမှာ မူးမိုက်သွားပြီး သတိလစ်ကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားတော့၏။

ချူကျန့်က သွေးများ စီးကျနေဆဲဖြစ်သော သူမ၏ ပေါင်ပေါ်မှ နက်ရှိုင်းလှသည့် ဒဏ်ရာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် နောက်ဆုံးတွင် မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ သူ အနီးသို့ သွားကာ သူမကို အသာလှုပ်ကြည့်လိုက်ရာ တကယ်ပင် သတိလစ်နေပြီး သွေးထွက်လွန်မှုကြောင့် နှုတ်ခမ်းများမှာ ဖြူဖျော့နေကြောင်း တွေ့လိုက်ရ၏။ အချိန်မီ ဆေးကုသမှု မပေးပါက မကြာမီ သေဆုံးသွားနိုင်ချေ ရှိ၏။

‘ဟန်လူမျိုး အများကြီးကို ကယ်တင်ပေးခဲ့တဲ့အတွက် ဒီတစ်ခါတော့ မင်းကို ငါ ကယ်ပေးလိုက်မယ်’

ချူကျန့်သည် သွေးတိတ်စေရန် သူမ၏ သွေးကြောဆုံမှတ်များကို လျင်မြန်စွာ နှိပ်ပေးလိုက်ပြီး သူမ၏ ကိုယ်ပေါ်ရှိ ဓားရာ ကြီးငယ် ခြောက်ချက်ကို ဆေးထည့်ကာ ပတ်တီးစည်းပေးလိုက်သည်။ ခေတ္တမျှ တွေဝေသွားပြီးနောက် ပန်းကိုးပွင့် ကျောက်စိမ်းနှင်းရည် ဆေးလုံး တစ်လုံးကို ထုတ်ယူကာ သူမ၏ ပါးစပ်အတွင်းသို့ ခွံ့ပေးလိုက်၏။

ဤအလုပ်များ အားလုံး ပြီးစီးရန် အမွှေးတိုင် တစ်တိုင်စာခန့် အချိန်ယူလိုက်ရသည်။

ချူကျန့်မှာ ခရီးဆက်ရန် အလောတကြီး ဖြစ်နေသဖြင့် မိန်းကလေး သတိရလာမည့် အချိန်အထိ စောင့်ဆိုင်းနေရန် အချိန်မရချေ။ သူ နေရာမှ ထရပ်လိုက်ပြီး ငိုင်နေဆဲဖြစ်သော အမျိုးသမီးများထံသို့ ချဉ်းကပ်သွားလိုက်၏။ ဤသတိလစ်နေသော မိန်းကလေးကို ရွာသို့ ပြန်ခေါ်သွားပြီး ပြုစုပေးရန် ပြောမည်အလုပ် ရုတ်တရက် တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အမျိုးသမီး တစ်ဦးက ရုန်းကန်ထရပ်လိုက်ပြီး လဲကျနေသော ဓားကို ကောက်ယူကာ ဓားပြ၏ အလောင်းကို အသေအလဲ ရမ်းခုတ်တော့သည်။ ကျန်ရှိနေသော အမျိုးသမီးများလည်း အိပ်မက်မှ နိုးထလာသည့်အလား သူတို့၏ မျက်ဝန်းများထဲတွင် မုန်းတီးမှုများ တောက်လောင်လာကြ၏။ သူတို့က အော်ဟစ်ငိုယိုကာ ဓားများကို ကောက်ယူပြီး သေဆုံးပြီးသား ဓားပြများကို ရူးသွပ်နေသူများအလား ဝင်ရောက် ခုတ်ထစ်ကြတော့သည်။

ခဏအကြာတွင် သွေးများဖြင့် ရွှဲနစ်နေသော ထိုအမျိုးသမီးများမှာ ငြိမ်သက်သွားကြ၏။ ဦးဆောင်လာသော အမျိုးသမီးက ချူကျန့်၏ ရှေ့တွင် ဒူးထောက်ချလိုက်ပြီး ငိုယိုကာ ပြောလိုက်သည်။

“ကျွန်မတို့ရဲ့ ခင်ပွန်းတွေ ကလေးတွေနဲ့ ရွာသူရွာသားတွေအတွက် ကလဲ့စားချေပေးတဲ့ ကျေးဇူးရှင်ကြီးကို ကျေးဇူးတင်ပါတယ်ရှင် နောင်ဘဝဆိုတာ ရှိခဲ့ရင် ကျေးဇူးရှင်ကြီးအတွက် အသက်ပေးပြီး ကျေးဇူးဆပ်ပါ့မယ်”

အခြားသော အမျိုးသမီးများကလည်း သူမနောက်မှ လိုက်၍ ဦးချ ကန်တော့ကြသည်။

သူတို့၏ ကြေကွဲ ဝမ်းနည်းမှုများနှင့် မျှော်လင့်ချက်မဲ့နေသော မျက်နှာများကို ကြည့်ခြင်းအားဖြင့် သူတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ရည်ရွယ်နေကြောင်း ချူကျန့် သိလိုက်၏။ သူ သက်ပြင်းတစ်ချက် ချလိုက်သော်လည်း သူတို့ကို မတားခဲ့ပေ။

ဤသို့ ပရမ်းပတာ ဖြစ်နေသော ခေတ်ကာလကြီးတွင် လူ့အသက်သည် မြက်ပင်တစ်ပင်လောက်ပင် တန်ဖိုးမရှိချေ။ သူတို့၏ စကားများအရ ဤအားနွဲ့သော အမျိုးသမီးများ၏ မိသားစုဝင် အများစုမှာ ဓားပြများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီဖြစ်ကြောင်း သူ သိလိုက်သည်။ ဓားပြများ သောင်းကျန်းနေသော ဤဆွေ့ကျိုးနယ်အတွင်း၌ ဆက်လက် အသက်ရှင်နေရခြင်းက သေရသည်ထက်ပင် ပို၍ ဆိုးရွားနိုင်၏။

အမျိုးသမီးများသည် သုံးကြိမ်တိုင်တိုင် ဦးချကန်တော့ပြီးနောက် တုန်ယင်နေသော လက်များဖြင့် ဓားရိုးများကို ပြောင်းကိုင်ကာ ဓားသွားများကို သူမတို့၏ ခန္ဓာကိုယ်အတွင်းသို့ အားကုန် ထိုးသွင်းလိုက်ကြပြီး လျင်မြန်စွာပင် အသက်ထွက်သွားကြတော့သည်။

ချူကျန့်သည် ခေါင်းခါယမ်းလိုက်ပြီး ဂေါ်ပြားတစ်လက်ကို ထုတ်ယူကာ တွင်းကြီးတစ်တွင်း တူးလိုက်၏။ ထို့နောက် အလွန် ကြမ္မာဆိုးလှသော ထိုအမျိုးသမီးများကို မြေမြှုပ် သင်္ဂြိုဟ်ပေးလိုက်သည်။ ဓားပြများ၏ အလောင်းများကိုမူ တောရိုင်းတိရစ္ဆာန်များ စားသောက်နိုင်ရန် တောကန္တာရထဲတွင် ပုပ်ပွစေရန် ပစ်ထားခဲ့လိုက်တော့၏။

အရာအားလုံး ပြီးစီးသွားသောအခါ ချူကျန့်က မြေပြင်တွင် သတိလစ်နေဆဲဖြစ်သော မိန်းကလေးကို ကြည့်ကာ အခြားရွေးချယ်စရာ မရှိတော့သဖြင့် ပွေ့ချီလိုက်ရသည်။ ထို့နောက် ယွင်ကျုံးဟယ်အား မြင်းဖြူလေးကို စီးကာ ကောရှန်းကို ရှာဖွေရန် ရှေ့မှ လမ်းပြစေလိုက်ပြီး သူက ထိုမိန်းကလေးကို ပွေ့ချီလျက် သူ၏ မူလမြင်းပေါ်မှ လိုက်ခဲ့သည်။

မူလက မိန်းကလေးကို မြင်းဖြူလေးပေါ် တင်ကာ ဆွဲခေါ်သွားရန် စဉ်းစားခဲ့သော်လည်း တောင်ပေါ်လမ်းမှာ အလွန် ကြမ်းတမ်းလှသဖြင့် မြင်းစီးရသော ဒဏ်တစ်ခုတည်းနှင့်ပင် ဓားရာ အချက်ပေါင်းများစွာ ရရှိထားပြီး သွေးထွက်လွန်နေသော ဤမိန်းကလေးမှာ သေဆုံးသွားနိုင်၏။

ကူညီမည်ဟု ဆုံးဖြတ်ပြီးမှတော့ ချူကျန့် အနေဖြင့် သူမကို ရင်ခွင်ထဲတွင် အလျားလိုက် ပွေ့ချီကာ လှုပ်ခတ်မှု ဒဏ်များကို သူ၏ လက်များဖြင့် ထိန်းပေးထားရန်သာ တတ်နိုင်တော့သည်။

ကံကောင်းထောက်မစွာဖြင့် ချူကျန့်မှာ သာမန်လူထက် များစွာ သာလွန်သော ခွန်အားကို ပိုင်ဆိုင်ထားပြီး၊ နတ်ဘုရား အလင်းဖြာ ကျင့်စဉ် နှင့် နှလုံးသားဖြတ် အတွင်းအား ကျင့်စဉ် တို့ကလည်း သူ၏ ခွန်အားကို ပိုမို တိုးပွားစေသဖြင့် ပေါင် (၁၀၀) ပင် မပြည့်သော ဤမိန်းကလေးကို ပွေ့ချီထားရသည်မှာ သူ၏အတွက် အပန်းမကြီးလှချေ။

...

လီဝမ်ရှို့ မှာ အိပ်မက်မက်နေသလို ခံစားနေရ၏။ တစ်ခဏမျှ စုဖူ ၏ အရိပ်အယောင်ကို မြင်လိုက်ရသလို တစ်ခဏမျှ အဘိုးအိုကျီ ၏ မျက်နှာ၊ ထို့နောက် သူမ၏ ဆရာဖြစ်သူ ဝါလာချီ ၏ မျက်နှာတို့ကို မြင်ယောင်နေမိသည်။ သူမ၏ တစ်ကိုယ်လုံးမှာ နာကျင်ကိုက်ခဲနေပြီး ခွန်အား တစ်စက်မျှ မရှိတော့ဘဲ တိမ်တိုက်များကြားတွင် လွင့်မျောနေရသကဲ့သို့ ခံစားနေရသည်။

မည်မျှ အချိန်ကြာသွားသည်ကို မသိနိုင်ဘဲ နောက်ဆုံးတွင် သူမ အသိစိတ် အနည်းငယ် ပြန်လည် ဝင်ရောက်လာတော့သည်။

‘ငါ ကောင်းကင်ဘုံကို ရောက်နေတာလား’

‘အဘိုးကျီ က ပြောဖူးတယ် လူတွေ ဒီလောကကြီးက ထွက်ခွာသွားတဲ့အခါ ကောင်းကင်ပေါ်က ကြယ်လေးတွေ ဖြစ်သွားကြတယ်တဲ့ အခု ငါ ကောင်းကင်ဘုံကို ရောက်နေပြီလား’

ကောင်းကင်ကြီး ဘယ်လိုပုံစံ ရှိသလဲဆိုတာကို ကြည့်ရန် သူမ မျက်လုံးများကို ဖွင့်ကြည့်ဖို့ ကြိုးစားလိုက်သော်လည်း အနည်းငယ်မျှသာ ဖွင့်နိုင်တော့၏။ သူမ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ ရိုးရှင်းသော ရုပ်သွင်ရှိသည့် လူငယ်တစ်ဦး၏ မျက်နှာဖြစ်ပြီး အနည်းငယ် ရင်းနှီးနေသလို ခံစားရသော်လည်း သူမ၏ ထိုင်းမှိုင်းနေသော ဦးနှောက်က ထိုသူကို မမှတ်မိနိုင်တော့ချေ။

အလွန်အမင်း ပင်ပန်းနွမ်းနယ်နေမှုကြောင့် သူမ၏ လေးလံနေသော မျက်ခွံများမှာ ပြန်လည် ပိတ်ကျသွားတော့သည်။

မိုးရွာနေပုံရ၏ အေးစက်သော လေနှင့် မိုးရေစက်များက သူမ၏ ကိုယ်ပေါ်သို့ ရိုက်ခတ်လာသော်လည်း တစ်စုံတစ်ခု၏ ကာကွယ်ပေးမှုကြောင့် လျင်မြန်စွာပင် ပျောက်ကွယ်သွားသည်။

လီဝမ်ရှို့ မှာ နွေးထွေးပြီး လုံခြုံခိုင်ခံ့လှသော ဆိပ်ကမ်းလေးတစ်ခုတွင် ခိုအောင်းနေရသကဲ့သို့ ခံစားလိုက်ရပြီး ပြင်းထန်သော နှလုံးခုန်သံ တစ်ခုကိုလည်း ကြားနေရ၏။

တဖွဲဖွဲ ကျဆင်းနေသော မိုးသံနှင့် တဒိတ်ဒိတ် နှလုံးခုန်သံလေးများမှာ သူမ မသိလိုက်ခင်မှာပင် လီဝမ်ရှို့ ၏ အိပ်မက်များထဲ၌ အနွေးထွေးဆုံးသော စည်းချက်တစ်ခု ဖြစ်လာတော့သည်။

...

‘ဒါကတော့ တကယ့်ကို စိတ်အနှောင့်အယှက် အဖြစ်ရဆုံး အသံပဲ’

တဖွဲဖွဲ ကျဆင်းလာသော မိုးသံများက ချူကျန့်၏ နားထဲသို့ ဝင်ရောက်လာပြီး မိုးရေစက်များကို ကြည့်ရင်း သူ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ သူသည် ချန်လန် ရှောင်ယောင် ဝတ်ရုံ ကို ဝတ်ဆင်ထားသဖြင့် မိုးမစိုသော်လည်း မိန်းကလေး၏ ဒဏ်ရာများ မိုးရေမစိုစေရန်အတွက် သူမကို အလျားလိုက် ပွေ့ချီထားသည့် ပုံစံမှ သူ၏ ပေါင်ပေါ်တွင် ထိုင်လျက် ပွေ့ဖက်ထားသည့် ပုံစံသို့ ပြောင်းလဲလိုက်ရ၏။ ထို့နောက် သူတို့ နှစ်ဦးစလုံးကို ချန်လန် ရှောင်ယောင် ဝတ်ရုံ ဖြင့် ဖုံးအုပ်ထားလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ဤဝတ်ရုံကြီးမှာ မိုးကာအင်္ကျီတစ်ထည်ပမာ အလွန် ကျယ်ဝန်းနေသဖြင့် ချူကျန့် အလွန် ရွံရှာသော တိုင်းတစ်ပါး ဝတ်စုံကိုပါ ဖုံးကွယ်ပေးထားနိုင်သည်။

သို့သော် မိုးရေနှင့် ရွှံ့ဗွက်များကြောင့် မြင်း၏ အရှိန်မှာ နှေးကွေးသွားပြီး ယွင်ကျုံးဟယ် မှာ အရှုံးပေးချင်နေသော်လည်း ချူကျန့်၏ ကြမ်းတမ်းလှသော အကြည့်များအောက်တွင် မဖြစ်မနေ ခရီးဆက်နေရတော့၏။

ရုတ်တရက် ယွင်ကျုံးဟယ် က အဝေးမှ မှုန်ဝါးဝါး မြင်နေရသော မြို့တစ်မြို့ဆီသို့ လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်သည်။

“သူရဲကောင်းကြီး... ခင်ဗျား လိုက်ရှာနေတဲ့လူက အဲ့ဒီမြို့ထဲမှာ ရှိနေဖို့ အရမ်းသေချာတယ်”

All Chapters