သခင်လေးခုံး နှင့် သခင်လေးရွှီ
Vol. 13 Ch. 136
ယွင်ကျုံးဟယ် ညွှန်ပြရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သောအခါ၊ မိုင် (၃) မိုင် (၄) မိုင်ခန့် အကွာအဝေးတွင် မြင့်မားသော မြို့ရိုးကြီးများဖြင့် ကာရံထားသည့် မြို့တစ်မြို့ကို ချူကျန့် တကယ်ပင် လှမ်းမြင်လိုက်ရသည်။
ဆွေ့ကျိုးနယ် အတွင်းသို့ ဝင်ရောက်လာကတည်းက ချူကျန့်သည် တောင်တန်းများနှင့် တောအုပ်များကြားတွင်သာ လှည့်လည်သွားလာနေခဲ့ရ၏။ စွန့်ပစ်ထားသော စိုက်ခင်းများ ပြာပုံအဖြစ် ပြောင်းလဲသွားသော ရွာပျက်ကြီးများနှင့် မီးလောင်ကျွမ်းထားသည့် တောအုပ်များကိုသာ နေရာအနှံ့ တွေ့မြင်ခဲ့ရပြီး အရာအားလုံးမှာ ဟာလာဟင်းလင်းနှင့် ခြောက်ကပ်နေချေပြီ။ သူ တွေ့ဆုံခဲ့ရသော အသက်ရှင်နေသည့် လူအများစုမှာလည်း ဓားပြများ၊ တောင်ပိုင်လူဆိုးများ သို့မဟုတ် မည်သည့်အဖွဲ့အစည်းမှန်း မသိရသော လူစုလူဝေးကြီးများသာ ဖြစ်၏။ ယနေ့မှသာ ဤမျှ ကြီးမားကျယ်ပြန့်၍ အကောင်းပကတိ ရှိနေသေးသော မြို့တစ်မြို့ကို သူ ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်တော့သည်။
ဤမြို့ထဲတွင် ကောရှန်း ရှိနေနိုင်သည့် အလားအလာမှာ တောကြိုတောင်ကြားများထက် ပို၍ များပြားနေမည်မှာ ယုံမှားဖွယ် မရှိချေ။
“သွားကြစို့”
ချူကျန့်မှာ စိတ်အားထက်သန်သွားပြီး မြင်းကို မြို့ဆီသို့ ဒုန်းစိုင်းနှင်လိုက်တော့သည်။ ယွင်ကျုံးဟယ်မှာလည်း ရှုံ့မဲ့နေသော မျက်နှာဖြင့် အနောက်မှ ကပ်၍ လိုက်ပါလာခဲ့သည်။
သူတို့ အစောပိုင်းက တွေ့ခဲ့ရသော မြစ်ကြီးသည် မြို့ကို ငွေရောင်ဖဲကြိုးလေး တစ်ခုပမာ ရစ်ခွေစီးဆင်းနေပြီး မြစ်ဆိပ်ဆီသို့ ဦးတည်သွားနေသော လှေငယ်လေးများကိုပင် လှမ်းမြင်နေရဆဲ ဖြစ်၏။ ဤသည်က မြို့ထဲတွင် လူအတော်များများ ရှိနေသေးကြောင်း သက်သေပြနေပြီး တစ်စုံတစ်ရာသော အင်အားစုတစ်ခု၏ ထိန်းချုပ်မှုအောက်တွင်ပင် ရှိနေနိုင်၏။ သို့သော်လည်း ထိုအချက်များကို ချူကျန့် ဂရုမစိုက်အားတော့ဘဲ မြို့ဆီသို့သာ အရှိန်ပြင်းပြင်း ပြေးဝင်သွားသည်။
ရွှံ့ဗွက်များကြားရှိ မိုင် (၃) မိုင် (၄) မိုင်ခန့် ခရီးမှာ ဖြတ်သန်းသွားလာရန် အတော်လေး ခက်ခဲလှ၏။ မြို့ပြင်သို့ ချူကျန့်တို့ ရောက်ရှိချိန်တွင်တော့ မိုးတိတ်သွားခဲ့ချေပြီ။ လမ်းဘေးဝဲယာတွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင် အချို့ရှိနေသော်လည်း ဖောက်သည် အနည်းငယ်ခန့်သာ ရှိနေသဖြင့် အတော်လေး ခြောက်ကပ်နေသည့် အငွေ့အသက်ကို ပေးစွမ်းနေသည်။
မြင်းစီး၍ ရောက်လာသော ချူကျန့်တို့ကို လမ်းသွားလမ်းလာများက အကဲခတ်ကြည့်ရှုကြသော်လည်း ဖုန်များ၊ ရွှံ့များ ပေပွနေသည့် လူသုံးယောက်သာ ဖြစ်နေသဖြင့် စိတ်ဝင်စားမှု လျော့ကျသွားကြတော့သည်။
ချူကျန့်က ယွင်ကျုံးဟယ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ဒီနေရာဆိုတာ မင်း သေချာရဲ့လား”
ယွင်ကျုံးဟယ်က လေထဲတွင် အနံ့ခံကြည့်လိုက်ပြီးနောက် အတည်ပြုလိုက်၏။
“ဒီနေရာ ဖြစ်ဖို့ အများကြီး သေချာတယ် တကယ်လို့ မဟုတ်ခဲ့ရင်တောင် သူ အနည်းဆုံး နှစ်ရက်လောက် နေသွားပြီးမှ အခုလေးတင် ထွက်သွားတာပဲ ဖြစ်ရမယ်”
ချူကျန့်က မြို့တံခါးဆီသို့ လှမ်းကြည့်လိုက်ရာ 'လျန်တူ' ဟု ရေးထိုးထားသော ဆိုင်းဘုတ်ကို တွေ့လိုက်ရပြီး ၎င်းမှာ မြို့၏ အမည်ဖြစ်ဟန်တူသည်။ ထူးဆန်းသည်မှာ မြို့ရိုးများပေါ်တွင် အချုပ်အခြာအာဏာကို ပြသသည့် မည်သည့် အလံများမျှ မရှိသကဲ့သို့ စစ်သားများကိုလည်း အရိပ်အယောင်မျှ မတွေ့ရခြင်းပင်။
ဤအဖြစ်အပျက်မှာ အလွန် ပဟေဠိဆန်လှ၏။ ဤမျှ ကြီးမားသော မြို့တစ်မြို့ကို မည်သည့် အင်အားစုကမျှ သိမ်းပိုက်မထားခြင်းလော။
ချူကျန့်မှာ ဆက်လက် မေးမြန်းနေရန် အချိန်မရှိတော့ပေ။ ကောရှန်းကို ရှာဖွေရန်သာ စိတ်အားထက်သန်နေသဖြင့် အမိန့်ပေးလိုက်တော့သည်။
“လမ်းပြစမ်း”
ယွင်ကျုံးဟယ်က မြင်းကို မြို့ထဲသို့ အရင်ဆုံး နှင်ဝင်သွားပြီး ချူကျန့်က ထိုမိန်းကလေးကို ပွေ့ချီကာ အနောက်မှ ကပ်၍ လိုက်ပါသွားသည်။
မြို့၏ အဓိက လမ်းမကြီးများမှာ မြို့တံခါး လေးပေါက်လုံးသို့ ဖောက်လုပ်ထားသည့် ကြက်ခြေခတ်ပုံစံ ကျောက်ပြားခင်း လမ်းများ ဖြစ်ကြ၏။ လမ်းသွယ်ပေါင်း မြောက်မြားစွာ ရှိပြီး ရိုးရှင်းသပ်ရပ်သော အုတ်ကျွတ်နှင့် သစ်သားအိမ်များက လမ်းတစ်လျှောက် နေရာယူထားကြသည်။ ရှားရှားပါးပါး အနေဖြင့် မြို့အနှံ့တွင် အပင်များနှင့် သစ်ပင်များကို တွေ့ရသေးသဖြင့် နေထိုင်ရန် အတော်လေး ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်၏။ သို့သော်ငြားလည်း ချူကျန့် ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သောအခါ ဧရာမ မြို့ကြီးမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး လူသူအလွန် ကင်းမဲ့နေသည်ကို တွေ့ရသည်။ ဆိုင်ခန်း (၁၀) ခန်းလျှင် (၉) ခန်းခန့်မှာ ပိတ်ထားပြီး၊ အိမ်များနှင့် ဆိုင်များစွာတွင် ရိုက်ချိုးဖျက်ဆီး လုယက်ခံထားရသော လက္ခဏာများ ရှိနေဆဲပင်။
ရံဖန်ရံခါ အလျင်စလို ဖြတ်လျှောက်သွားသော ခရီးသွားများကို တွေ့ရတတ်ပြီး သူတို့သည် ခေါင်းငုံ့ကာ လမ်းကိုသာ အာရုံစိုက်လျှောက်နေကြ၏။ သူတို့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုများ အပြည့်ရှိနေပြီး ကြီးမားသော ကံဆိုးမိုးမှောင်ကျမှုကြီး တစ်ခု ကျရောက်လာတော့မည့်အလား ဖြစ်နေကြသည်။
ယွင်ကျုံးဟယ်သည် ခေတ္တမျှ လှည့်ပတ်ရှာဖွေပြီးနောက် တွေဝေနေသော မျက်နှာဖြင့် ပြောလာသည်။
“သူရဲကောင်းကြီး... ခင်ဗျား လိုက်ရှာနေတဲ့ မိန်းကလေးက ဒီမြို့ထဲမှာပဲ လှည့်ပတ်သွားနေခဲ့ပုံရတယ် သူ့ကို ရှာရတာ လွယ်မှာတော့ မဟုတ်ဘူး”
“ဘယ်လောက်ပဲ ခက်ခဲပါစေ ငါတို့ ရှာကို ရှာရမယ်”
ကောရှန်းက မျက်စိရှေ့တွင် ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ချူကျန့်မှာ စိုးရိမ်စိတ်နှင့် ပူပန်စိတ်များ ရောထွေးနေကာ အကြိမ်ကြိမ် အလျင်စလို တိုက်တွန်းလိုက်သည်။
ယွင်ကျုံးဟယ်မှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံရပြီး တောင်းပန်လိုက်၏။
“သူရဲကောင်းကြီး... ကျွန်တော်တို့ အချိန်အကြာကြီး ရှာရမယ့်ပုံပဲ အရင်ဆုံး ပူပူနွေးနွေးလေး တစ်ခုခုများ စားလို့ ရမလား မိုးထဲလေထဲမှာ အကြာကြီး နေခဲ့ရလို့ ကျွန်တော် အေးခဲနေပြီ”
ထို့နောက် သူက ဆက်တိုက် နှာချေလိုက်တော့သည်။
ယွင်ကျုံးဟယ် ဝတ်ဆင်ထားသည်မှာ ချူကျန့် ပေးထားသည့် သာမန် မိုးကာအင်္ကျီသာ ဖြစ်သဖြင့် ရေလုံရန်နှင့် လေဒဏ်ခံရန်အတွက် သိပ်ပြီး အသုံးမဝင်လှပေ။
ချူကျန့်မှာ အလောတကြီး ဖြစ်နေသော်လည်း ယွင်ကျုံးဟယ်မှာ တကယ်ပင် အစွမ်းကုန်နေပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် သူ၏ စိုးရိမ်ပူပန်မှုများကို မြိုသိပ်ကာ ပြောလိုက်ရသည်။
“အရင်ဆုံး တည်းခိုဖို့ တည်းခိုခန်း တစ်ခု ရှာကြတာပေါ့”
သူ ပွေ့ချီထားသော မိန်းကလေးကိုလည်း ချထားရန် လိုအပ်နေသေး၏။ တစ်နေကုန် ပွေ့ချီပြီး သွားလာနေရန်မှာ သိပ်ကောင်းသော အကြံတော့ မဟုတ်ပေ။
သူ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ရာ တည်းခိုခန်းများကို တွေ့ရသော်လည်း တံခါးများကို တင်းကျပ်စွာ ပိတ်ထားပြီး သစ်သားပြားများဖြင့် ရိုက်နှက် ပိတ်ဆို့ထားသဖြင့် ဆိုင်ရှင်များ ထွက်ပြေးသွားသည်မှာ ကြာပြီဖြစ်ကြောင်း သိသာလှ၏။
ထိုအခိုက် မြို့တံခါးဆီမှ လူ (၁၀) ယောက်ကျော် ပါဝင်သော အုပ်စုတစ်စု ဝင်ရောက်လာသည်။ အုပ်စု၏ ရှေ့ဆုံးမှ လူသန်ကြီးက တည်းခိုခန်းတံခါးကို ပိတ်ထားသည့် သစ်သားပြားများကို ဖယ်ရှားပြီး တံခါးကို တွန်းဖွင့်ရန် သူ၏ တပည့်များကို အော်ဟစ် အမိန့်ပေးလိုက်၏။ ထို့နောက် သူ၏ ဘေးတွင်ရှိသော လူငယ်နှစ်ဦးကို အလွန် ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။
“သခင်လေးခုံး သခင်လေးရွှီ... ကျေးဇူးပြုပြီး ဝင်ကြပါ အဆင်ပြေမယ့် နေရာလေးမှာ ဝင်ထိုင်ကြပါဦး အသားတွေ၊ သေရည်တွေ ပြင်ဆင်ဖို့ ကျွန်တော် လူလွှတ်ထားပါတယ် ခဏနေရင် သခင်လေးတို့အတွက် ကျွန်တော့်ရဲ့ လက်ရာ အကောင်းဆုံး ဟင်းလျာတချို့ ချက်ပေးပါ့မယ်”
'သခင်လေးခုံး' ဟု ခေါ်သော လူငယ်မှာ ခွန်အားကြီးမားကာ တောင့်တင်းခိုင်မာပြီး သူ၏ မျက်ဝန်းများက အလွန် တောက်ပနေ၏။ သူ၏ ကိုယ်ပေါ်မှ ဖော်ပြ၍မရနိုင်သော သူရဲကောင်း အငွေ့အသက်များ ဖြာထွက်နေပြီး လျှောက်လှမ်းရာတွင်လည်း ခွန်အားအပြည့်ဖြင့် ခြေလှမ်းကျဲကျဲ လျှောက်လှမ်းသည်။ သူက ဟာလာဟင်းလင်း ဖြစ်နေသော တည်းခိုခန်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ဒီလောက် စည်ကားနေတဲ့ မြို့ကြီးက ဒီလို ကံဆိုးမိုးမှောင်ကျမှုကြီးနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာ တကယ့်ကို နှမြောစရာပဲ”
'သခင်လေးရွှီ' ဟု ခေါ်သော အခြားလူငယ်မှာလည်း အသက်အရွယ် ထပ်တူခန့်ဖြစ်ပြီး အသက် (၂၀) ကျော်စ အရွယ်သာ ရှိသေး၏။ သူသည် အလွန်အမင်း ချောမောခန့်ညားသော်လည်း သူ၏ အမူအရာမှာ အတော်လေး သိမ်မွေ့ငြိမ်သက်ကာ 'သခင်လေးခုံး' နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူက သိချင်စိတ်ဖြင့် မေးလိုက်၏။
“ဒီနေရာကို ဘယ်လို ကံဆိုးမိုးမှောင်ကျမှုမျိုး ရောက်လာတော့မှာလဲ”
“အထဲကို အရင် ဝင်ကြတာပေါ့”
သခင်လေးခုံးက ခေါင်းခါလိုက်ပြီး အထဲသို့ ဝင်ရန် ပြင်လိုက်စဉ် ခပ်လှမ်းလှမ်းရှိ ချူကျန့်တို့ကို လှမ်းမြင်သွားသည်။ သူက ရုတ်တရက် လက်ယမ်းပြကာ နှုတ်ဆက်လိုက်၏။
“ဟိုဘက်က ညီအစ်ကိုတို့... ခင်ဗျားတို့လည်း လျန်တူမြို့ကို အခုမှ ရောက်လာတာလား သေရည်လေး ဘာလေး ဝင်သောက်ချင်သေးလား”
သေရည် ရှိသည်ဟု ကြားလိုက်ရသဖြင့် ယွင်ကျုံးဟယ်မှာ တံတွေးများကို ခြောက်ကပ်စွာ မြိုချလိုက်မိတော့သည်။
ချူကျန့်၏ ရင်ထဲတွင် တစ်ချက် လှုပ်ခါသွား၏။ ဤလူများက မြို့ထဲမှ နယ်မြေခံ လူမိုက်များ ဖြစ်ဟန်တူ၏။ သူတို့၏ အကူအညီဖြင့် ကောရှန်ကို ရှာဖွေမည်ဆိုပါက သူတို့နှစ်ယောက်တည်း အသေအလဲ ပြေးလွှားရှာဖွေနေရသည်ထက် အများကြီး ပို၍ အဆင်ပြေနိုင်၏။
ထို့အပြင် သူ၏ ရင်ခွင်ထဲမှ မိန်းကလေးကို ချထားရန် အခန်းတစ်ခန်း ရှာဖို့အတွက်လည်း အခွင့်အရေးကောင်း တစ်ခုပင်။
ချူကျန့်သည် လူများနှင့် စကားပြောဆိုရာတွင် အခြေအနေနှင့် လိုက်လျောညီထွေစွာ ပြုမူပြောဆိုတတ်သူ ဖြစ်သည်။ ဤ (၁၀) ယောက်ကျော်ရှိသော အုပ်စုမှာ အများအားဖြင့် နယ်ခံလူရမ်းကားများ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူ၏ ပုံမှန် ရိုးသားအေးဆေးသော အသွင်အပြင်ကို အသုံးပြု၍ မရနိုင်တော့ကြောင်း သူ သိလိုက်သည်။
သူ မြင်းပေါ်မှ ဆင်းကာ မိန်းကလေးကို ပွေ့ချီလိုက်ပြီး မြင်းဇက်ကြိုးကို ယွင်ကျုံးဟယ်ထံသို့ ပစ်ပေးလိုက်၏။ ထို့နောက် ထိုအုပ်စုထံသို့ ဖြည်းညင်းစွာ လျှောက်သွားကာ ခေါင်းညိတ်၍ ပြုံးပြလိုက်သည်။
“အဲဒီလိုဆိုမှတော့ ကျွန်တော်လည်း အားမနာတော့ဘူး”
ဘေးနားတွင် မြင်းနှစ်ကောင်ကို ဆွဲကာ လိုက်ပါလာသော ယွင်ကျုံးဟယ်မှာ စိတ်ထဲမှ အံ့သြတုန်လှုပ်သွားတော့သည်။ ချူကျန့်သည် သူ၏ အရှေ့တွင် အမြဲတစေ မကောင်းဆိုးဝါးတစ်ကောင်လို အေးစက်ခက်ထန်နေသူ ဖြစ်ကြောင်း သူ သိထားသော်လည်း ယခုအခါတွင်မူ ဖော်ရွေပြီး ဆက်ဆံရလွယ်ကူသော သိုင်းသူရဲကောင်း တစ်ဦး၏ အငွေ့အသက်များကို ထုတ်လွှင့်နေလေပြီ။
မျက်နှာနှစ်မျိုးစလုံးမှာ လုံးဝ အစစ်အမှန်အတိုင်း ဖြစ်နေ၏။ ရာဇဝတ်မှုများကို ကျွမ်းကျင်စွာ ကျူးလွန်ဖူးသော ဝါရင့်လူယုတ်မာ ယွင်ကျုံးဟယ် ပင်လျှင် အနည်းငယ်မျှ ဟာကွက်ကို မရှာတွေ့နိုင်ခဲ့ပေ။ တကယ့်ကို ယုံကြည်နိုင်စရာ မရှိအောင်ပင်။
သူ၏ အရှေ့မှ ဤလူငယ်မှာ ခန့်မှန်းရခက်လွန်းလှကြောင်း ယွင်ကျုံးဟယ် တစ်စထက်တစ်စ ပို၍ ခံစားလာရတော့သည်။
ထိုအခိုက် တစ်စုံတစ်ယောက်က မြင်းများကို လာရောက် ဆွဲယူသွားပြီး ယွင်ကျုံးဟယ်မှာ ချူကျန့်နှင့် အဝေးသို့ မခွာရဲသဖြင့် သူ၏ နောက်တွင် တပည့်တစ်ယောက်ပမာ ကပ်၍ လိုက်ပါလာခဲ့သည်။
ချူကျန့်က စကားစတင်ပြောခဲ့သော လူသန်ကြီးကို ကြည့်ကာ ပြောလိုက်၏။
“ကျွန်တော့် မိတ်ဆွေက နေမကောင်းဖြစ်နေလို့ပါ သန့်ရှင်းပြီး တိတ်ဆိတ်တဲ့ အခန်းတစ်ခန်းလောက် စီစဉ်ပေးဖို့ အကူအညီ တောင်းလို့ ရမလား”
လူသန်ကြီးမှာ လောကအတွေ့အကြုံ ရင့်ကျက်သူ တစ်ဦး ဖြစ်၏။ ချူကျန့်၏ တည်ငြိမ်သော ဟန်ပန်နှင့် သူ၏ စကားများမှာ ယဉ်ကျေးသော်လည်း လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါများ ပါဝင်နေကြောင်းကို မြင်လိုက်ရသဖြင့် သူ အထင်မသေးဝံ့တော့ချေ။ သူက လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်သည်။
“ရတာပေါ့ ကျွန်တော်က ဖုန်လျန် အဖွဲ့ရဲ့ ကျစ်ထန် ဂိုဏ်းခွဲ ခေါင်းဆောင် ချန်ကျားဖုန်း ပါ အားချွမ်... မင်း သွားစီစဉ်ပေးလိုက်”
ထို့နောက် သူ နောက်သို့ လှည့်ကာ သမားတော် တစ်ဦးနှင့် ကူညီပေးရန် အစေခံမိန်းကလေး နှစ်ဦးကို ခေါ်ဆောင်လာရန် အမိန့်ပေးလိုက်တော့သည်။
ချူကျန့်က ပြုံးပြကာ ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် တံခါးဝဆီသို့ အော်ခေါ်လိုက်သည်။
“တုန်းဖန်းပုပိုက်... လာကူပေးဦး”
တုန်းဖန်းပုပိုက်သည် မြို့ထဲသို့ ဝင်လာကတည်းက သူ၏ အနောက်မှ လိုက်ပါလာခဲ့ခြင်း ဖြစ်၏။ သူမက ကိုယ်ပျောက်စနစ် ကို ပိတ်လိုက်ပြီး မျက်နှာချင်းဆိုင် ခေါင်မိုးပေါ်မှနေ၍ ချူကျန့်၏ ဘေးသို့ အသံမမြည်စေဘဲ ကျက်သရေရှိစွာ ခုန်ဆင်းလာသည်။ သူမက လိမ္မာကျိုးနွံစွာ ရောက်ရှိလာသော်လည်း မျက်နှာထားမှာမူ သိပ်ပြီး ကြည့်ကောင်းမနေချေ။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ခရီးသွားရန်သာ အာရုံစိုက်နေခဲ့သဖြင့် သူမကို ပုံမှန် မုန့်ကျွေးရုံမှလွဲ၍ ကလေးမလေးကို ချော့မော့ရန် ပုံပြင်ပြောပြဖို့ အချိန်မရခဲ့သလို စိတ်ကူးလည်း မရှိခဲ့ကြောင်း ချူကျန့် ကောင်းစွာ သိနေ၏။ ထို့ကြောင့် သူမ စိတ်ဆိုးနေခြင်း ဖြစ်သည်။ ချူကျန့်သည် သူမအား စိတ်ချင်း ဆက်သွယ်ခြင်း မှတစ်ဆင့် အကျိုးခံစားခွင့် အများအပြား ပေးမည်ဟု အကြိမ်ကြိမ် ကတိပေးကာ ချော့မော့လိုက်ရသည်။ ထိုအခါမှသာ တုန်းဖန်းပုပိုက်သည် ခံစားချက်မဲ့သော မျက်နှာထားကို ပြန်လည် ထိန်းသိမ်းလိုက်ပြီး ချူကျန့်၏ ရင်ခွင်ထဲမှ မိန်းကလေးကို လွှဲပြောင်း ယူလိုက်တော့၏။
“ဒီအစ်ကိုနောက်ကို လိုက်သွား ဒီအစ်မကို နေရာချထားပေးလိုက် ပြီးရင် အဲ့ဒီမှာပဲ နေပြီး သူ့ကို စောင့်ရှောက်ပေးထား”
“နားလည်ပါပြီ... သခင်လေး”
တုန်းဖန်းပုပိုက်သည် သူမ၏ စိတ်မရှည်မှုများကို မြိုသိပ်ကာ ချူကျန့် အကြိမ်ကြိမ် မှာကြားထားသည့်အတိုင်း စကားအဆုံးတွင် 'သခင်လေး' ဟူသော အသုံးအနှုန်းကို ထည့်သွင်းလိုက်သည်။
တုန်းဖန်းပုပိုက် ပေါ်လာသည့် အခိုက်အတန့်တွင် သူမ ပြသလိုက်သော ကိုယ်ဖော့ပညာနှင့် နတ်သမီးလေးပမာ လှပမှုတို့က ထိုနေရာရှိ လူအားလုံးကို ချက်ချင်းပင် ဆွံ့အသွားစေတော့သည်။ နောက်ဆုံးပြောလိုက်သော 'သခင်လေး' ဟူသည့် စကားကလည်း လူတိုင်းကို ချူကျန့်အပေါ် အမြင်ပြောင်းသွားစေ၏။
နတ်သမီးလေးတစ်ပါးပမာ လှပပြီး အစွမ်းထက်လှသော သိုင်းပညာရှင်လေးကို အစေခံအဖြစ် အလိုအလျောက် ခစားစေနိုင်သည့် ဤသာမန်ရုပ်သွင်နှင့် လူငယ်မှာ မည်သူနည်း။
ချန်ကျားဖုန်းနှင့် အခြားသူများမှာ ချူကျန့်အပေါ် ပို၍ပင် လေးစားသမှု ပြလာကြတော့သည်။ အခန်းစီစဉ်ပေးရန် တာဝန်ယူထားသော အားချွမ် ပင်လျှင် တုန်းဖန်းပုပိုက်ကို အလွန်အမင်း ရိုသေပြနေပြီး ခါးကို အနည်းငယ် ကိုင်းညွတ်ကာ ပြောလိုက်၏။
“သခင်မလေး... ဒီဘက်ကို ကြွပါ”
ဤသည်မှာ ချူကျန့် အတိအကျ လိုချင်ခဲ့သော အကျိုးသက်ရောက်မှုပင် ဖြစ်သည်။ အကယ်၍ အခြားသူများကို မိမိအတွက် အလုပ်လုပ်ပေးစေချင်ပါက လိုက်လျောညီထွေရှိသော အဆင့်အတန်းနှင့် အင်အားကို ပြသရမည် ဖြစ်၏။ ထိုသို့မဟုတ်ပါက ဤလူရမ်းကားများနှင့် လူမိုက်များက မိမိအား အစအနမကျန်အောင် ဝါးမျိုသွားကြပေလိမ့်မည်။
ချန်ကျားဖုန်းက သတိထားကာ မေးမြန်းလာသည်။
“လူကြီးမင်းရဲ့ နာမည်နဲ့ ဘယ်နယ်၊ ဘယ်ဒေသက လာတယ်ဆိုတာလေး သိခွင့်ရမလား”
ချူကျန့်က လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးလိုက်ပြီး...
“ကျွန်တော့်နာမည် ချူလော့ကျွင်း လို့ ခေါ်ပါတယ်”
ချန်ကျားဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကပျာကယာ ပြောလိုက်တော့၏။
“ကျွန်တော် တကယ်ကို ရိုင်းစိုင်းမိသွားပါတယ် နာမည်ကျော် သိုင်းဆရာကြီးချူ ဖြစ်နေတာကိုး”
ထို့နောက် သူက ချူကျန့်အား အခြားသော ခန့်ညားလှသည့် လူငယ်နှစ်ဦးနှင့် မိတ်ဆက်ပေးလိုက်သည်။
“ဒီနှစ်ယောက်ကလည်း နာမည်ကျော် သူရဲကောင်းတွေပါပဲ ဘယ်ဘက်က သခင်လေးခုံးကျုံး ဖြစ်ပြီး ညာဘက်ကတော့ သခင်လေးရွှီဇီလင်း ဖြစ်ပါတယ်”