တိုက်မယ်
Vol. 13 Ch. 137
ခုံးကျုံး နှင့် ရွှီဇီလင်း လား။
ချူကျန့်က ဤနာမည်နှစ်ခုကို တစ်နေရာရာတွင် ကြားဖူးသလို ခံစားလိုက်ရသည်။ ကံကောင်းစွာဖြင့် သူ၏ မှတ်ဉာဏ်မှာ သာမန်ထက် များစွာ သာလွန်ကောင်းမွန်လှပြီး သူ မြင်ဖူးသမျှ ကြားဖူးသမျှ အရာအားလုံးကို ပြန်လည် မှတ်မိနိုင်စွမ်း ရှိသဖြင့် မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ ပြန်လည် သတိရသွားတော့သည်။
ချင်ရူယွင် က သူ့အား 'ခုံးကျုံး' နှင့် 'ရွှီဇီလင်း' ကဲ့သို့သော နာမည်များကို ကြားဖူးသလား ဟု မေးခဲ့ဖူးပြီး ၎င်းတို့မှာ အလွန် နာမည်ကြီးသော သိုင်းဝတ္ထုအချို့မှ ဇာတ်ကောင်များ ဖြစ်နိုင်ကြောင်း သိရှိခဲ့ရသည်။
သူ၏ အရှေ့ရှိ လူငယ်နှစ်ဦးကို သေချာစွာ အကဲခတ် မကြည့်ဘဲ မနေနိုင်တော့ချေ။ သူတို့၏ မျက်ဝန်းများမှ တောက်ပသော အလင်းရောင်နှင့် သူတို့၏ ဟန်ပန်အမူအရာများကို ကြည့်ခြင်းအားဖြင့် သူတို့၏ လက်ရှိ ခွန်အားမှာ မြောင်ရန်ဖုန်း နှင့် သိပ်မကွာလောက်ဘဲ ဟွာဝူချွဲ ထက် အနည်းငယ်မျှသာ နိမ့်ကျနိုင်၏။ သို့သော်လည်း မျိုးဆက်သစ် လူငယ်များကြားတွင်မူ အကောင်းဆုံးဟု သတ်မှတ်၍ ရနေပြီဖြစ်ကြောင်း ချူကျန့် ခန့်မှန်းမိလိုက်၏။
ထို့အပြင် သူ၏ အလွန် ကြွယ်ဝလှသော တိုက်ပွဲ အတွေ့အကြုံများမှ ဖြစ်တည်လာသော အလိုအလျောက် သိမြင်နိုင်စွမ်းအရ ဤလူငယ်နှစ်ဦးမှာ ပိုမို အစွမ်းထက်သော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရပါက ပို၍ အစွမ်းထက်လာတတ်သည့် ကြောက်မခန်းလိလိ ဇာတ်ကောင်များ ဖြစ်နိုင်ကြောင်းနှင့် အရေးကြီးသော အခြေအနေများတွင် သူတို့၏ ပုံမှန် ခွန်အားထက် ကျော်လွန်သော အဆင့်များကိုပင် ထုတ်သုံးနိုင်စွမ်း ရှိသူများဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။
အတိုချုပ် ပြောရလျှင် ဤလူငယ်နှစ်ဦးမှာ ရန်စ၍ ရသူများ မဟုတ်ပေ။ သူတို့နှင့် မိတ်ဆွေဖွဲ့နိုင်မည် ဆိုပါက မည်သည့်အခါမျှ ရန်သူ မဖြစ်စေရန် သတိထားရမည် ဖြစ်၏။
ထို့ကြောင့် ချူကျန့်သည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ နှုတ်ဆက်လိုက်သည်။
“နာမည်ကျော် သခင်လေးခုံး နဲ့ သခင်လေးရွှီ တို့ကိုး ခင်ဗျားတို့ရဲ့ နာမည်ကို ကြားနေရတာ ကြာပါပြီ”
ခုံးကျုံးက ပြုံးလိုက်ပြီး ပြန်လည် နှုတ်ဆက်သည်။
“သိုင်းဆရာကြီးချူ ကမှ လတ်တလော သိုင်းလောကမှာ အများဆုံး ပြောဆိုနေကြတဲ့ သူရဲကောင်းကြီးပါ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဟွာဆန်းဂိုဏ်းကို အနက်ရောင်ဝတ် အုပ်စုတွေရဲ့ အန္တရာယ်ကနေ ကယ်တင်ခဲ့တယ်ဆို ဒီကိစ္စက သိုင်းလောက တစ်ခွင်မှာ သတင်းကြီးနေပါပြီ”
ခုံးကျုံး၏ အပြုံးမှာ အလွန် ပွင့်လင်းပြီး တောက်ပနေကာ အခြားသူများ၏ ခင်မင်မှုကို အလွယ်တကူ ရရှိစေနိုင်စွမ်း ရှိ၏။ ခုံးကျုံး၏ စရိုက်လက္ခဏာကို အကြမ်းဖျင်း သိရှိသွားသော ချူကျန့်သည် ဖုန်လျန် အဖွဲ့ဝင်များ သေရည်အိုး တစ်အိုးဖြင့် ပြန်လည် ရောက်ရှိလာသည်ကို အချိန်ကိုက် မြင်လိုက်ရသဖြင့် ပြုံးကာ ပြောလိုက်သည်။
“သေရည် ရောက်လာပြီပဲ ကျွန်တော်တို့ အချင်းချင်း မြှောက်ပင့်နေတာတွေကို ခဏရပ်ပြီး သေရည် အရင်ဆုံး တစ်ခွက်လောက် သောက်လိုက်ကြရင် မကောင်းဘူးလား”
ခုံးကျုံးမှာ အံ့အားသင့်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
“ဟားဟားဟား… အစ်ကိုချူက တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ ခင်ဗျားကို မိတ်ဆွေဖွဲ့ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပြီ ရှောင်လင်း... ခွက်တချို့ မြန်မြန်သွားယူ အစ်ကိုချူ နဲ့ အရင်ဆုံး သောက်လိုက်ဦးမယ်”
ချန်ကျားဖုန်းက ခွက်များ ယူရန်နှင့် သေရည် ငဲ့ပေးရန် ကပျာကယာ ရှေ့သို့ တိုးလာပြီး မျက်နှာချိုသွေးကာ ပြောလိုက်၏။
“သခင်လေးရွှီ က ဒီလို အသေးအမွှား ကိစ္စလေးတွေကို လုပ်စရာ မလိုပါဘူး ကျွန်တော် သခင်လေးတို့ သုံးယောက်လုံးအတွက် သေရည် ငဲ့ပေးပါ့မယ်”
ခုံးကျုံးက ရယ်ကာ လှမ်းအော်လိုက်သည်။
“မင်း ခုနက ပြောတဲ့ ဟင်းလျာတွေ သွားပြင်ခိုင်းချေ ဒီနေရာမှာ မင်း သေရည်လာငဲ့ပေးနေဖို့ မလိုဘူး”
ချန်ကျားဖုန်းက လိုလိုလားလားပင် သဘောတူလိုက်ပြီး ရိုသေစွာ ပြောလိုက်သည်။
“ချက်ချင်း သွားပြင်ခိုင်းလိုက်ပါ့မယ် သခင်လေးတို့ ခဏလောက် စောင့်ပေးကြပါဦး”
ထို့နောက် သူက ခုံးကျုံးနှင့် ဤမျှ ရင်းရင်းနှီးနှီး စကားပြောဆိုခွင့် ရလိုက်သဖြင့် အလွန်အမင်း ဝမ်းသာပျော်ရွှင်ကာ ဂုဏ်ယူနေသည့် အသွင်ဖြင့် ခပ်သုတ်သုတ် ထွက်ခွာသွားတော့၏။
ချူကျန့်သည် ခုံးကျုံး၏ ထူးခြားလှသော ကိုယ်ပိုင် ဆွဲဆောင်မှုကို ထပ်မံ ခံစားလိုက်ရပြန်သည်။ သူသည် မွေးရာပါ ခေါင်းဆောင် တစ်ယောက် ဖြစ်ပြီး လူတန်းစား အလွှာပေါင်းစုံမှ လူများကို သူ၏ အလိုကျ လိုလိုလားလား အစေခံစေနိုင်စွမ်း ရှိ၏။
သူ၏ ဘေးတွင် ရပ်နေသော ရွှီဇီလင်း က ပြုံးလိုက်ပြီး သေရည်ငဲ့ရန် ခွက်တစ်ခွက်ကို ယူလိုက်၏။
“ကြည့်ရတာ သခင်လေးကျုံး အတွက် ကျွန်တော်ကပဲ သေရည် ငဲ့ပေးရဦးမယ့် ပုံပဲ”
ခုံးကျုံးက ချက်ချင်း ထောက်ခံလိုက်သည်။
“ဒါပေါ့ကွ အစ်ကိုချူ က ရေဘေးသင့် ပြည်သူတွေအတွက် ငွေတုံး တစ်သန်းတိတိ လှူဒါန်းခဲ့တာလေ ဒီ သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်လေး တစ်ခုတည်းနဲ့တင် ကျွန်တော်တို့ သူ့ကို ဂုဏ်ပြုဖို့ ထိုက်တန်နေပါပြီ အစ်ကိုချူ... လေးစားမှု အထိမ်းအမှတ် အနေနဲ့ ကျွန်တော် အရင် သောက်လိုက်မယ်”
ထို့နောက် သူက အပြည့်ငဲ့ထားသော သေရည်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ရွှီဇီလင်းကလည်း လေးနက်သော အမူအရာဖြင့် ပြောလာ၏။
“ရေဘေးသင့် ပြည်သူတွေကို ကိုယ်စားပြုပြီး အစ်ကိုချူကို ကျွန်တော် ရွှီဇီလင်း လည်း ဂုဏ်ပြုပါရစေ”
သူလည်း တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည်။
ချူကျန့်က ကပျာကယာပင် သေရည်တစ်ခွက်ဖြင့် တုံ့ပြန် ဂုဏ်ပြုလိုက်ပြီး ငွေတုံး တစ်သန်း လှူဒါန်းခဲ့ရသည့် ကိစ္စကို ရှင်းပြကာ ဟုန်နျန်ဇီ ထံသို့သာ ဂုဏ်သတင်းကို လွှဲပြောင်းပေးလိုက်သည်။
ခုံးကျုံးနှင့် ရွှီဇီလင်းတို့မှာ အံ့အားသင့်သွားကြပြီး ချူကျန့်၏ ရိုးသားမှုအပေါ် လေးစားမှုများလည်း ဖြစ်ပေါ်လာကြတော့သည်။ ရွှီဇီလင်းက ခေါင်းခါယမ်းကာ ပြောလိုက်၏။
“ပြည်သူတွေအပေါ်ထားတဲ့ အစ်ကိုချူရဲ့ စေတနာသာ မရှိခဲ့ရင် ဟုန်နျန်ဇီ လည်း ခင်ဗျားကို ကူညီဖို့ စိတ်ကူးမိမှာ မဟုတ်ဘူးလေ သူ လှူတာနဲ့ ခင်ဗျား လှူတာ ဘာများ ကွာခြားသွားလို့လဲ”
ခုံးကျုံးက ချူကျန့်အား ဤနေရာသို့ အဘယ်ကြောင့် ရောက်လာရသနည်းဟု မေးလိုက်သည်။
ထိုအခါ ချူကျန့်မှာ စိတ်ဝင်စားသွားပြီး ပြောလိုက်၏။
“ခင်ဗျားတို့ နှစ်ယောက်ကို အကူအညီ တောင်းမလို့ စဉ်းစားနေတာဗျ”
ထို့နောက် သူက ဂိုဏ်းတူအစ်မ ကောရှန်ကို ရှာဖွေနေသည့် အကြောင်းကို ရှင်းပြလိုက်၏။
ရွှီဇီလင်းက ဘေးတွင် မျက်စိမှိတ်ကာ တိတ်ဆိတ်စွာ ထိုင်နေသော ယွင်ကျုံးဟယ်ကို အံ့အားသင့်စွာ လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒါဆို ဒီလူက လူယုတ်မာလေးယောက် ထဲက တစ်ယောက်ဖြစ်တဲ့ ယွင်ကျုံးဟယ် ပေါ့ အစ်ကိုချူ က သိုင်းလောကအတွက် အန္တရာယ်ကောင် တစ်ကောင်ကို ရှင်းလင်းပေးလိုက်တာပဲ”
ထို့နောက် ခုံးကျုံးက တံခါးဝရှိ ဖုန်လျန် အဖွဲ့ဝင်များထံ လက်ယမ်းပြကာ မီးဖိုချောင်သို့ သွား၍ ချန်ကျားဖုန်းကို ခေါ်လာရန် အမိန့်ပေးလိုက်သည်။
ချန်ကျားဖုန်း လျင်မြန်စွာ ရောက်ရှိလာသောအခါ၊ ခုံးကျုံးက ပြောလိုက်၏။
“အစ်ကိုချန်... ခင်ဗျား အကူအညီ နည်းနည်းလောက် လိုနေတယ်”
ထို့နောက် သူက ကောရှန်၏ အခြေအနေကို အကျဉ်းချုံး ရှင်းပြလိုက်သည်။
ချန်ကျားဖုန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဒီရက်ပိုင်း မြို့ထဲက ထွက်သွားတဲ့သူတွေ အများကြီး ရှိပေမယ့် ဝင်လာတဲ့သူကတော့ ခပ်ရှားရှားရယ်ပါ လျန်တူမြို့ တစ်မြို့လုံးမှာ အခုဆို လူတစ်ထောင်တောင် မပြည့်တော့ဘူးဆိုတော့ သူ့ကို ရှာရတာ သိပ်ခက်မှာ မဟုတ်ပါဘူး သခင်မလေး ကော သာ မြို့ထဲမှာ ရှိနေသေးတယ်ဆိုရင် ကျွန်တော်တို့ သေချာပေါက် ရှာတွေ့မှာပါ သိုင်းဆရာကြီးချူ... ကျွန်တော့် သတင်းကိုသာ စောင့်နေလိုက်ပါ”
ထို့နောက် သူက ချက်ချင်းပင် လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးလိုက်ပြီး မြို့တစ်ခုလုံးကို ရှာဖွေရန် အလုပ်များစွာဖြင့် ထွက်ခွာသွားတော့သည်။
ချူကျန့်မှာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ဤ နယ်ခံ ကျွမ်းကျင်သူများ၏ အကူအညီဖြင့် အရာရာမှာ ပိုမို လွယ်ကူသွားချေပြီ။ ထိုသို့မဟုတ်ပါက ယွင်ကျုံးဟယ် ၏ လမ်းညွှန်မှုအပေါ်သာ မှီခိုကာ နေရာအနှံ့ လိုက်လံရှာဖွေနေရမည်ဆိုလျှင် ဤကျယ်ပြောလှသော မြို့ကြီးအတွင်း၌ သူမကို ရှာတွေ့ရန် မည်မျှ ကြာမည်ကို မည်သူကမျှ သိနိုင်မည် မဟုတ်ပေ။
ချူကျန့်က ခုံးကျုံးအား ထပ်မံ ကျေးဇူးတင်စကား ဆိုလိုက်ရာ ခုံးကျုံးက ပြုံးကာ ပြန်ပြောလိုက်သည်။
“ကျွန်တော်တို့ တွေ့ဆုံရတာ ရေစက်ပါပဲ ပြီးတော့ အစ်ကိုချူနဲ့က မြင်မြင်ချင်းကို သဘောကျသွားတာဆိုတော့ ဒီလောက်ကြီး အားနာနေစရာ မလိုပါဘူး”
ချူကျန့်မှာ အတော်လေး စိတ်သက်သာရာ ရသွားတော့သည်။ ခုံးကျုံးနှင့် ရွှီဇီလင်းတို့၏ စရိုက်လက္ခဏာများမှာ စည်းစိမ်ချမ်းသာ စံအိမ်တော် မှ ဝမ်တုံးတို့နှင့် ကွာခြားသော်လည်း သူတို့၏ ပွင့်လင်းမှုနှင့် ရဲရင့်မှုများက ချူကျန့်၏ အကြိုက်နှင့် အလွန် ကိုက်ညီလှ၏။
ထိုအချိန်တွင် ဂိုဏ်းသားအချို့က ချက်ပြုတ်ပြီးသော အစားအစာများကို လာချပေးကြရာ သူတို့ သုံးယောက်မှာ စားသောက်ရင်း စကားပြောရင်းဖြင့် သဟဇာတဖြစ်သော လေထုတစ်ခုကို ဖန်တီးလိုက်ကြသည်။
ချူကျန့်က ခုံးကျုံးနှင့် ရွှီဇီလင်းတို့အား လျန်တူမြို့သို့ အဘယ်ကြောင့် ရောက်ရှိနေသနည်းဟု မေးလိုက်သည်။ ခုံးကျုံးက ပြန်ဖြေလိုက်၏။
“ကျွန်တော်တို့က အစ်ကိုချူထက် နေ့တစ်ဝက်လောက် အရင် ရောက်နေတာ ဟားဟား... အစကတော့ ဒီအတိုင်း ဖြတ်သွားရုံပဲလို့ စိတ်ကူးထားတာ အခုတော့ ဒီမှာ ခဏလောက် နေဖို့ ဆုံးဖြတ်လိုက်ပြီ”
ရွှီဇီလင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ငါတို့ အစီအစဉ်တွေ ပြောင်းသွားပြီလား”
ခုံးကျုံးက သေရည်တစ်ငုံ သောက်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“ယွီဝန်ဟွာကူ.. ဒီ လျန်တူမြို့ကို လာနိုင်တယ်လို့ ငါ သတင်းရထားတယ်”
“ဘာ”
ရွှီဇီလင်းမှာ နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။
“သူ တကယ်လာမှာလား”
“ယွီဝန်ဟွာကူ ရဲ့ လူတွေကတော့ လာနိုင်တယ်။ ဒါပေမဲ့ ယွီဝန်ဟွာကူ ကိုယ်တိုင် သေတွင်းထဲကို လာမလာ ဆိုတာကတော့ ပြောရခက်တယ်”
ရွှီဇီလင်း၏ မျက်နှာမှာ သုန်မှုန်သွားပြီး မျက်ဝန်းများထဲတွင် လူသတ်ချင်သော အရိပ်အယောင်များ ပြည့်နှက်သွားတော့သည်။ သူက အေးစက်စွာ ပြောလိုက်၏။
“တကယ်လို့များ ဖြစ်နိုင်မယ်ဆိုရင် ဒီနေရာမှာ (၁၀) ရက်၊ လဝက်လောက် စောင့်ရလည်း ငါ ဂရုမစိုက်ဘူး”
“အဲ့ဒါမှ ငါ့ကောင်ကွ”
ခုံးကျုံးက အားပါးတရ အော်ရယ်လိုက်ပြီးနောက် ရုတ်တရက် သူ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာသည်။ သူက သေရည်ကို မြေပြင်ပေါ်သို့ သွန်ချလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။
“ကောင်းကင်ဘုံက အမေ့ရဲ့ ဝိညာဉ်ကို ကျွန်တော် သေရည်တစ်ခွက်နဲ့ ဂုဏ်ပြုပါတယ် အမေ ကျွန်တော်တို့ကို ကောင်းချီးပေးပြီး ယွီဝန်ဟွာကူ ကို လျန်တူမြို့မှာ လာသေအောင် လုပ်ပေးပါလို့ ဆုတောင်းပါတယ်”
ဤစကားများကို ကြားလိုက်ရသဖြင့် ချူကျန့် သဘောပေါက်သွားတော့သည်။
ယွီဝန်ဟွာကူ သည် ဤလူငယ်နှစ်ဦးနှင့် အလွန် နက်ရှိုင်းသော ရန်ငြိုးရန်စ ရှိနေပုံရ၏။
ခုံးကျုံးက ရုတ်တရက် ထ ရယ်လိုက်ပြန်သည်။
“ဟဲဟဲ... ကျွန်တော်တို့ လုပ်ရပ်တွေကြောင့် ရယ်စရာ ဖြစ်သွားရင် တောင်းပန်ပါတယ် အစ်ကိုချူ”
“သခင်လေးကျုံး က စိတ်ရင်းမှန်တဲ့ သူတစ်ယောက်ပဲ ဒီလို ဟန်ဆောင်မှုတွေ များတဲ့ လောကကြီးမှာ ခင်ဗျားလို စရိုက်မျိုးရှိတဲ့သူကို တွေ့ရဖို့ဆိုတာ တကယ်ကို ရှားပါတယ် ခင်ဗျားအတွက် ကျွန်တော် သေရည်တစ်ခွက် ဂုဏ်ပြုပါရစေ”
ချူကျန့်က ရိုးသားစွာပင် ခုံးကျုံး၏ ခွက်နှင့် သူ၏ ခွက်ကို ..ထိတိုက်လိုက်သည်။
ရုတ်တရက် မြို့တံခါးဆီမှ မြင်းခွာသံများ ဒုန်းစိုင်း ပြေးလာသံကို ကြားလိုက်ရ၏။ ခဏအကြာတွင် ချန်ကျားဖုန်းက လေးနက်သော အမူအရာဖြင့် ဝင်ရောက်လာပြီး ပြောလိုက်သည်။
“ကင်းထောက်တွေ သတင်းပို့ချက်အရ အရှေ့ပင်လယ် မဟာမိတ်အဖွဲ့ က ခီတန် လူရိုင်းတွေ ချဉ်းကပ်လာနေပြီတဲ့။ သူတို့ဆီမှာ မြင်းစီးသူရဲ (၄၀၀)၊ (၅၀၀) လောက် ပါလာပြီး နောက်ထပ် နာရီဝက်လောက်ဆို မြို့တံခါးဝကို ရောက်လာတော့မယ်”
သူ ခေတ္တမျှ ရပ်တန့်လိုက်ပြီး ရုတ်တရက် သူတို့သုံးယောက်အား နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။
“ကျွန်တော်တို့ ဖုန်လျန် အဖွဲ့က ဒီလူရိုင်းတွေနဲ့ အသေအလဲ ရန်ငြိုးရှိပါတယ် တကယ်လို့ သခင်လေးတို့ သုံးယောက်သာ ကျွန်တော်တို့ကို ကူညီပေးမယ်ဆိုရင် ကျွန်တော်တို့ ဖုန်လျန် အဖွဲ့က သခင်လေးတို့ရဲ့ အနောက်ကနေ အသက်ပေးပြီး လိုက်ပါ့မယ်”
ခုံးကျုံးက ခေါင်းခါလိုက်ပြီး ပြောလိုက်၏။
“ခင်ဗျား ကျွန်တော်တို့ကို အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား ကျွမ်းကျင်တဲ့ မြင်းစီးသူရဲ (၄၀၀)၊ (၅၀၀) ဆိုတာ အလွယ်တကူ ရင်ဆိုင်လို့ ရတဲ့ အရာမဟုတ်ဘူး ဒါက သိုင်းလောက က တိုက်ပွဲမဟုတ်ဘူး တကယ့် စစ်မြေပြင်ပဲ”
ထိုအခါ ချန်ကျားဖုန်းက တောင်းပန်လိုက်သည်။
“မြို့ထဲမှာ သာမန်ပြည်သူ ရာနဲ့ချီ ကျန်နေပါသေးတယ် ကျေးဇူးပြုပြီး... ပြည်သူတွေကို ထောက်ထားတဲ့ အနေနဲ့ သခင်လေးတို့ သုံးယောက် ကူညီပေးကြပါ”
ရွှီဇီလင်းက သေရည်တစ်ခွက် ငဲ့ကာ သူ့အား ကမ်းပေးလိုက်ပြီး မေးလိုက်၏။
“ခင်ဗျားတို့ဆီမှာ လူဘယ်နှစ်ယောက် ရှိလဲ”
“ငါးဆယ့်သုံးယောက် ပါ ဒါပေမဲ့ သခင်လေးတို့ သုံးယောက်သာ ရှေ့ကနေ ဦးဆောင်ပေးဖို့ ဆန္ဒရှိမယ်ဆိုရင်... ကျွန်တော်တို့ အားလုံး သေကုန်ရင်တောင် ဒီလူရိုင်းတွေကို အသေအလဲ တိုက်ခိုက်သွားမှာပါ”
ချူကျန့်က မေးလိုက်သည်။
“တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ ဒီလူရိုင်းတွေက ဘယ်ကနေ ရောက်လာတာလဲ”
ချန်ကျားဖုန်းက လျန်တူမြို့မှာ မဟာဗျူဟာအရ အရေးပါသော နေရာတစ်ခု ဖြစ်သော်လည်း အင်အားစု အချို့၏ အတွင်းရေး ပဋိပက္ခများကြောင့် အုပ်ချုပ်သူမဲ့ဒေသ တစ်ခု ဖြစ်လာခဲ့ကြောင်း ချက်ချင်း ရှင်းပြသည်။ ခီတန် လူရိုင်းတစ်စုက ဤအခွင့်အရေးကို မြင်ကာ အကြိမ်ကြိမ် ဝင်ရောက် လုယက်ခဲ့ကြ၏။ ဖုန်လျန် အဖွဲ့မှာ ဒေသခံ ခွန်အားကြီးသူများ အနေဖြင့် သူတို့အား အကြိမ်ကြိမ် ခုခံတိုက်ခိုက်ခဲ့သော်လည်း အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ရသည်။ လူထောင်ပေါင်းများစွာ ရှိသော အဖွဲ့ကြီးမှာ ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့ပြီး ယခုအခါ လူ (၅၃) ယောက်သာ စုစည်းနိုင်တော့ကြောင်း ရှင်းပြသည်။
ချန်ကျားဖုန်းက အံကို ကြိတ်ကာ ပြောလိုက်၏။
“သာမန်ပြည်သူတွေက သေတဲ့သူသေ ထွက်ပြေးတဲ့သူ ပြေးကုန်ကြပြီ အခုကျန်နေတဲ့ သူတွေကလည်း အိုမင်းမစွမ်းတွေ ကလေးတွေ ဖျားနာနေသူတွေ နဲ့ ဒုက္ခသည်တွေချည်းပဲ ဒီလူရိုင်းတွေသာ မြို့ထဲကို ဖောက်ဝင်လာနိုင်ခဲ့ရင်... တစ်မြို့လုံးကို ကျိန်းသေပေါက် အစုလိုက်အပြုံလိုက် သတ်ပစ်ကြမှာပဲ”
ချူကျန့်၏ မျက်ခုံးများ တွန့်ချိုးသွားတော့သည်။ သူ ကောရှန်ကို မရှာတွေ့သေးပေ။ အကယ်၍ ဤလူရိုင်းများသာ တကယ် ဝင်လာခဲ့မည်ဆိုလျှင် မြို့ထဲရှိ တစ်နေရာရာတွင် ရှိနေသေးသော ကောရှန်မှာ ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရပေမည် ။
ခုံးကျုံးက သူ့အား တစ်လှည့် ရွှီဇီလင်းအား တစ်လှည့် ကြည့်ကာ မေးလိုက်၏။
“အစ်ကိုချူ ရှောင်လင်း...ခင်ဗျားတို့ ဘယ်လို ထင်လဲ”
ရွှီဇီလင်းက ပြန်မေးလိုက်၏။
“ငါတို့မှာ ရွေးချယ်စရာ ရှိသေးလို့လား”
သူတို့နှစ်ဦးလုံး မိမိထံသို့ အကြည့်များ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ချူကျန့်သည် ယခင်က မြင်တွေ့ခဲ့ရသော တိုင်းတစ်ပါး ဓားပြများ၏ ဟန်လူမျိုးများအပေါ် ရက်စက်ယုတ်မာမှု မြင်ကွင်းများကို ပြန်လည် မြင်ယောင်လာကာ သူ၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းရောင်များ ဖြတ်ပြေးသွားတော့သည်။
“ခင်ဗျားတို့ နှစ်ယောက်ရဲ့ သဘောထားကို ကျွန်တော် ထောက်ခံတယ်... တိုက်မယ်”