← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း ၃၁ - မရီးကိုလည်း တစ်ပါတည်း ခေါ်သွားပါ

"သူက နေရာရွှေ့တော့မလို့လား.."

"ဒီမှာ နေရတာ သက်သောင့်သက်သာရှိနေတာပဲကို ဘာလို့ ရွှေ့ချင်ရတာလဲ.."

"သူ ငါ့ကို မနှစ်သက်လို့ ငါနဲ့ မျက်နှာချင်းဆိုင်မှာ မနေချင်တော့တာများလား.."

"ငါ အစားအများကြီး စားလို့လား.. ဒါမှမဟုတ် ငါက သူ့ကို မကူညီနိုင်လို့လား.. ဒါပေမဲ့ ငါ့လို အားနည်းတဲ့ မိန်းမတစ်ယောက်က ဒီကပ်ဘေးကာလမှာ ဝမ်ထောင်ကို ဘယ်လိုများ ကူညီနိုင်မှာမို့လို့လဲ.."

ထိုခဏ၌ တင်ယွီချင်သည် အလွန်အမင်း ထိတ်လန့်သွားရ၏။ သူမသည် ဝမ်ထောင်၏ ထောက်ပံ့မှုကြောင့်သာ အသက်ဆက်နိုင်ခြင်း ဖြစ်ရာ သူ့ကိုသာ ဆုံးရှုံးသွားပါက သေချာပေါက် သေရပေလိမ့်မည်။

သူမသည် ငယ်ရွယ်သေးသဖြင့် မသေချင်သေးပါ။

"ဟုတ်တယ်.. ရွှေ့မလို့.. အခုပဲ ရွှေ့မှာ.."

ဝမ်ထောင်က ခေါင်းငြိမ့်ပြလိုက်သည်။

ယခင်က ဝမ်ထောင်သည် ညဘက်တွင် အပြင်မထွက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အဆောင် (၄) အတွင်းရှိ ဇွန်ဘီများကို ရှင်းလင်းပြီးခြင်း မရှိသေးသဖြင့် မမျှော်လင့်ထားသော အန္တရာယ်များ ဖြစ်လာနိုင်သည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ သို့သော် ယခုမူ ဇွန်ဘီအားလုံးကို ရှင်းလင်းပြီးပြီ ဖြစ်ရာ ညဘက်တွင် အလုပ်လုပ်ရန် ပြဿနာမရှိတော့ပေ။

ဝမ်ထောင်သည် သူ၏ ရိက္ခာများကို အခန်း (၆၀၂) သို့ ရွှေ့ချင်ရုံသာမက ကြက်သွန်မြိတ်ပင်များကိုလည်း ခေါင်မိုးပေါ်သို့ ရွှေ့လို၏။ ဝရန်တာ၌ စိုက်ပျိုးခြင်းထက် ခေါင်မိုးပေါ်တွင် ထားခြင်းက ပို၍ ကောင်းမွန်သည်။

ထို့ပြင် သူသည် ပရိဘောဂအချို့ကို ဖျက်ဆီးကာ ခေါင်မိုးပေါ်ရှိ သံမဏိအဝတ်လှန်းစင်များဖြင့် ဒီဇယ်မီးစက်အတွက် တဲငယ်တစ်ခု ဆောက်ရန်လည်း စီစဉ်ထားသည်။ မီးစက်၏ အနံ့မှာ အလွန်ပြင်းသဖြင့် အိမ်ထဲ၌ ထားရန်မှာ မဖြစ်နိုင်ပေ။ နေရာရွှေ့သည်ဟု ဆိုသော်လည်း ပစ္စည်းများမှာ ထင်သလောက် မများလှပါ။ လက်တလော မလိုအပ်သော ပစ္စည်းများကို အခန်း (၅၀၁) ၌ပင် ထားခဲ့ပြီး နေ့စဉ်သုံးပစ္စည်းများ၊ လေ့ကျင့်ခန်းပစ္စည်းများ၊ မီးစက်နှင့် စားသောက်ကုန်များကိုသာ သူ ရွှေ့ပြောင်းလေသည်။

အိပ်ရာကဲ့သို့သော ပရိဘောဂများကိုမူ အခန်း (၆၀၂) ရှိ ပစ္စည်းများကိုသာ သူ သုံးမည် ဖြစ်၏။ ဝမ်ထောင်မှာ ပစ္စည်းအဟောင်း သုံးရမည်ကို ဝန်လေးသူ မဟုတ်ပေ။

ဝမ်ထောင်က ဆန်အိတ်များကို တစ်အိတ်ပြီးတစ်အိတ် အပေါ်ထပ်သို့ သယ်ယူနေသည်ကို ကြည့်ရင်း တင်ယွီချင်မှာ စွန့်ပစ်ခံရတော့မည်ဟူသော ခံစားချက်ကို ချက်ချင်းပင် ရရှိနေလေတော့သည်။

သို့သော် ဘာမှလည်းပြောမထွက်သဖြင့် မျက်ရည်များဝိုင်းကာ ငေးကြည့်နေရရှာ၏။

ထို့နောက် စိတ်ထိန်းကာ နိုင်သမျှဝင်ကူပေးလေသည်။

နှစ်နာရီခန့် ကြာပြီးနောက်..

"မရီး.. ပြန်ပြီး အိပ်တော့လေ.. ကျန်တာတွေကို ကျွန်တော်ပဲ ဆက်လုပ်လိုက်မယ်.."

ဝမ်ထောင်က မရီးဖြစ်သူ၏ လုပ်ဆောင်ချက်များကို အားမရသဖြင့် လက်ကာပြလိုက်၏။ တင်ယွီချင်မှာ အင်အားနည်းသဖြင့် အလုပ်တွင် ထိရောက်မှု မရှိပေ။ သူမသည် တစ်ခါတစ်ရံတွင် အလုပ်ကို ပို၍ ကြန့်ကြာစေသည်။

"အော်.. အင်း.."

တင်ယွီချင် ထွက်သွားပြီးနောက် ဝမ်ထောင်သည် သန်းခေါင်ယံအချိန်အထိ အလုပ်ရှုပ်နေခဲ့ပြီး နောက်ဆုံးတွင် အိမ်သစ်၌ အခြေချနိုင်ခဲ့သည်။ သူသည် အနားမယူသေးဘဲ မှန်ပြောင်းကို ယူကာ ခေါင်မိုးပေါ်သို့ တက်သွား၏။

ယနေ့ညတွင် ရာသီဥတု သာယာပြီး ကောင်းကင်၌ ကြယ်များ စုံလင်နေသည်။

"ညဘက်မှာ ဇွန်ဘီတွေက ပိုပြီး လှုပ်ရှားကြွရွနေကြတာပဲ.. သူတို့ရဲ့ အင်အားတွေ ပိုများလာတာလား မသိဘူး.."

ဝမ်ထောင်သည် ညဘက် ဇွန်ဘီများနှင့် ရင်ဆိုင်ကာ သူ၏ စွမ်းရည်ကို စမ်းသပ်ကြည့်ချင်သော စိတ်ဆန္ဒ ဖြစ်ပေါ်လာသော်လည်း ၎င်းမှာ ခဏတာ စိတ်ကူးသာ ဖြစ်သည်။ အမှန်တကယ် လုပ်ဆောင်ရန်တော့ မရဲသေးပါ ။

သူသည် အရက်စွတ်ထားသောမျက်နှာသုတ်ပုဝါကို ခေါင်မိုးအစွန်း၌ မီးညှိကာ အောက်သို့ ပစ်ချကြည့်လိုက်သည်။

မီးစွဲနေသော ပုဝါသည် လမ်းမပေါ်သို့ လွင့်ကျသွားပြီး ဇွန်ဘီအချို့ကြားသို့ ကျရောက်သွား၏။ အလင်းရောင်ကို မြင်သောအခါ ဇွန်ဘီများမှာ ချက်ချင်းပင် ပြေးလာကြသော်လည်း မီး၏ အပူရှိန်ကြောင့် ဘေးသို့ ပြန်ဆုတ်သွားကြသည်။ ဇွန်ဘီတစ်ကောင်မှာ မီးတောက်ကို ဒေါသတကြီး စိုက်ကြည့်နေပြီး ကျန်သော ဇွန်ဘီများမှာမူ ထွက်ခွာသွားကြလေသည်။

ပုဝါ မီးငြိမ်းသွားသောအခါ ထိုဇွန်ဘီမှာ လက်များကို ဝေ့ယမ်းကာ အနားသို့ ကပ်လာပြီး ပြာများကြားတွင် တစ်စုံတစ်ခုကို ရှာဖွေနေသေးသည်။ ဘာမှမရှိကြောင်း သိမှသာ ၎င်းသည်လည်း ထွက်သွားလေတော့၏။

ခေါင်မိုးပေါ်မှ ဝမ်ထောင်သည် ထိုမြင်ကွင်းအားလုံးကို မြင်တွေ့နေရသည်။

ထို့နောက် သူသည် သစ်သားချောင်းကို သုံး၍ ထပ်မံ စမ်းသပ်ပြန်သည်။ သစ်သားချောင်းကို မီးညှိကာ အဝေးသို့ ပစ်လိုက်သောအခါ အသံကြောင့် ဇွန်ဘီအချို့ ရောက်လာသော်လည်း မီးရောင်ကို သိရှိသွားချိန်တွင် ၎င်းတို့အားလုံး ပြန်လှည့်သွားကြသည်။

အဆုံးတွင် ဇွန်ဘီနှစ်ကောင်သာ ကျန်ရှိပြီး မီးတောက်ကို အဝေးမှ စိုက်ကြည့်နေကြ၏။ သစ်သားချောင်း မီးငြိမ်းသွားသောအခါ ထိုနှစ်ကောင်မှာလည်း လှည့်ထွက်သွားကြပြန်သည်။

ဤမြင်ကွင်းကို မြင်ရသောအခါ ဝမ်ထောင်သည် အကြံတစ်ခု ရရှိသွား၏။

"ငါသာ ဒီတိုက်ခန်းဝန်းကို မီးတံတိုင်းနဲ့ ဝန်းရံထားလိုက်ရင် ဇွန်ဘီတွေ လာရဲမှာ မဟုတ်ဘူး.. ဒါဆိုရင် အနည်းဆုံးတော့ ဒီနေရာက ဘေးကင်းတဲ့ အသက်ရှင်ကျန်ရစ်သူများစခန်း အသေးလေး ဖြစ်သွားမှာပဲ.."

သို့သော် ဝမ်ထောင်သည် ထိုသို့ လုပ်ဆောင်ရန် အစီအစဉ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ခန်းဝန်း၏ တည်နေရာမှာ မကောင်းသည့်အပြင် အနီးနားတွင်လည်း ကောင်းမွန်သော အရင်းအမြစ်များ မရှိသောကြောင့် ဖြစ်သည်။ သူကိုယ်တိုင်ပင် ဤနေရာ၌ ကြာရှည်နေရန် စိတ်ကူးမရှိသဖြင့် စခန်းတစ်ခု တည်ထောင်ရန်မှာ စဉ်းစားစရာ မလိုပေ။ သို့သော် ဤအဆောင်ကိုမူ ယာယီစခန်းအဖြစ် သူ အသုံးပြုနိုင်သေးသည်။

---

နောက်တစ်နေ့..

ဝမ်ထောင်သည် အခန်း (၆၀၂) ရှိ အိပ်ရာကြီးပေါ်တွင် နိုးလာ၏။ မျက်နှာသစ်ရန်ပင် အချိန်မရသေးမီမှာပင် တံခါးခေါက်သံကို ကြားလိုက်ရသည်။ တံခါးဖွင့်လိုက်သောအခါ လာနေကျအတိုင်း တင်ယွီချင် ဖြစ်နေ၏။

"ဝမ်ထောင်.. ငါ.. ငါ မင်းအတွက် မနက်စာ လာလုပ်ပေးတာ.."

ယနေ့ တင်ယွီချင်၏ ဝတ်စားဆင်ယင်မှုမှာ ယခင်နှင့် မတူဘဲ အိမ်ထောင်ရှင်မ ပုံစံလေး ပေါက်နေသည်။ သူမ၏ အနက်ရောင် ဆံနွယ်များသည် ပခုံးပေါ်တွင် ဝဲကျနေပြီး အနက်ရောင် ဖဲပြားဆံပင်ကလစ်ကို တပ်ထား၏။ သူမသည် ခရမ်းရင့်ရောင် ဂါဝန်တိုလေးကို ဝတ်ဆင်ထားရာ သူမ၏ လှပသော ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေသည်။

နိုးကာစ ဖြစ်သဖြင့် တင်ယွီချင်ကို ထိုသို့ မြင်လိုက်ရသောအခါ ဝမ်ထောင်၏ စိတ်ထဲ၌ ရှင်းပြ၍ မရသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။

သို့သော် သူ၏ စိတ်ထိန်းနိုင်စွမ်းမှာ အဆင့်အတန်း မြင့်မားလှသည်။ သူသည် တင်ယွီချင်ကို ခဏမျှ ကြည့်ရှုပြီးနောက် အထဲသို့ ဝင်ရန် လမ်းဖယ်ပေးလိုက်၏။

"အင်း.. ဝင်ခဲ့လေ မရီး.."

တင်ယွီချင်သည် ဝမ်ထောင်၏ စကားကို ကြားမှသာ သက်ပြင်းချနိုင်တော့သည်။ ဝမ်ထောင် နေရာရွှေ့သွားပြီးနောက် သူမ၏ ချက်ပြုတ်မှုကို မလိုအပ်တော့မည်ကို သူမ အလွန်စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။

"ဒါနဲ့.. ဒီနေ့ မနက်စာကို နည်းနည်း ပိုပြီး ပြည့်ပြည့်စုံစုံလေး လုပ်လိုက်ပါ.."

ဝမ်ထောင်က ရုတ်တရက် ရပ်လိုက်ရာ ခေါင်းငုံ့လာသော တင်ယွီချင်မှာ သူ့ကို ဝင်တိုက်မိသွားလေသည်။

"အား.."

သူမ၏ နူးညံ့မှုကို ခံစားလိုက်ရသဖြင့် ဝမ်ထောင်သည် လူကြီးလူကောင်းဆန်စွာပင် လမ်းဖယ်ပေးလိုက်၏။

"မရီး.. လမ်းကို ကြည့်လျှောက်ဦးလေ.."

တင်ယွီချင်သည် မျက်နှာလေး နီမြန်းသွားကာ အသံတိုးတိုးလေးဖြင့် ပြန်ပြောလိုက်သည်။ ခုနက ဝမ်ထောင် တမင် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သူမ ခံစားရသော်လည်း သက်သေတော့ မရှိပေ။

တင်ယွီချင် မီးဖိုချောင်ထဲသို့ ဝင်သွားသည်ကို ကြည့်ပြီးနောက် ဝမ်ထောင်သည် ရေချိုးခန်းသို့ သွားကာ မျက်နှာသစ်ပြီး လေ့ကျင့်ခန်း လုပ်ဆောင်လေတော့သည်။

တစ်နာရီခန့် ကြာပြီးနောက် ဟင်းလျာများဖြင့် ပြည့်နှက်နေသော စားပွဲတွင် တင်ယွီချင်က ဝမ်ထောင်ကို ထမင်းစားရန် ခေါ်လိုက်သည်။ ဝမ်ထောင်က ပြည့်စုံစွာ လုပ်ခိုင်းထားသဖြင့် သူမသည် အကောင်းဆုံး ပြင်ဆင်ထားခြင်း ဖြစ်၏။

"မရီးလည်း ထိုင်လေ.. အတူတူ စားရအောင်.."

တင်ယွီချင်မှာ နေရန် အကြောင်းပြချက် ရှာနေစဉ် ဝမ်ထောင်၏ စကားကြောင့် ဝမ်းသာသွားပြီး အမြန်ပင် ကျေးဇူးတင်လိုက်သည်။ ဝမ်ထောင်သည် သူမကို နေ့လယ်စာသာ ပေးလေ့ရှိရာ ယခု မနက်စာမှာ အပိုဆုတစ်ခု ဖြစ်နေ၏။ သို့သော် ဝမ်ထောင်၏ နောက်ထပ်စကားကြောင့် သူမ စိတ်ကူးယဉ်နေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

"ခဏနေရင် ကျွန်တော် အပြင်ခဏ သွားမလို့.. တိုက်ခန်းဝန်း အပြင်ဘက်ကို သွားမှာ.. မရီးကတော့ အိမ်ထဲမှာပဲ နေပါ.. လျှောက်မသွားနဲ့ဦး.."

"ဟင်.. မင်းက တိုက်ခန်းဝန်း အပြင်ကို ထွက်မလို့လား.."

တင်ယွီချင်မှာ လန့်သွားရ၏။

သူမသည် အခန်းပြင် ထွက်ရန်ပင် ကြောက်လန့်နေရသော်လည်း ဝမ်ထောင်က တိုက်ခန်းဝန်း အပြင်သို့ပင် သွားမည်ဟု ဆိုသည်။

အပြင်မှာ ဇွန်ဘီတွေ အများကြီး ရှိနေတာပဲကို..။ ဝမ်ထောင်က အသက်ရှင်ကျန်ရစ်သူများစခန်းကို သွားရှာတော့မှာလား..။ ဒါဆိုရင် သူက ငါ့ကို ခေါ်သွားဖို့ သဘောမတူသေးဘူးလေ..။

ဒါကြောင့်ပဲ သူက မနက်စာကို ကောင်းကောင်းကျွေးတာလား..။ ဒါက နောက်ဆုံးနှုတ်ဆက်စာ ဖြစ်နေမှာလား..။

တင်ယွီချင်သည် ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်လာပြီး ဝမ်ထောင်၏ လက်ကို လှမ်းဆွဲကာ တောင်းပန်တိုးလျှိုးသည့် မျက်နှာဖြင့် ပြောလိုက်၏။

"ဝမ်ထောင်.. ကျေးဇူးပြုပြီး.. ကျေးဇူးပြုပြီး ငါ့ကို ထားမသွားပါနဲ့.. ငါ့ကိုပါ တစ်ပါတည်း ခေါ်သွားပါ.. ငါ တောင်းပန်ပါတယ်.."

ဝမ်ထောင်မှာ ခေတ္တ ကြောင်သွားပြီးနောက် တင်ယွီချင်၏ မျက်နှာကို ကြည့်ကာ သူမ နားလည်မှု လွဲနေကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူက အေးအေးဆေးဆေးပင် ပြောလိုက်၏။

"အပြင်မှာက အရမ်း အန္တရာယ်များတယ်.. မရီးက အိမ်မှာပဲ နေပါ.. ငါ ရိက္ခာအချို့ ထားခဲ့ပေးမယ်.."

………

အခန်း ၃၂ - ကျွဲလို နွားလို အလုပ်အကျွေးပြုပြီး ကျေးဇူးဆပ်ပါရစေ

"ဟင့်အင်း.. မလိုချင်ဘူး.. မင်းပေးတဲ့ အစားအစာတွေလည်း မလိုချင်ဘူး.. အိမ်မှာ တစ်ယောက်တည်းလည်း မနေရဲဘူး.. မင်းနဲ့ပဲ လိုက်ခဲ့ချင်တယ်.. ကျေးဇူးပြုပြီး.. ဝမ်ထောင်.."

တင်ယွီချင်သည် ဝမ်ထောင်၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး မျက်ဝန်းအစုံမှာ မျက်ရည်များဖြင့် ပြည့်လျှံနေ၏။ တင်ယွီချင် ဤမျှအထိ စိတ်ဓာတ်ကျဆင်းနေသည်ကို ဝမ်ထောင် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ရာ သူပင် ခေတ္တမျှ တိတ်ဆိတ်သွားသည်။

"မရပါဘူး.. အပြင်မှာက အရမ်း အန္တရာယ်များတယ်.."

"ငါ အန္တရာယ်ကို မကြောက်ပါဘူး.. မင်းသာ ငါ့ကို ခေါ်သွားမယ်ဆိုရင် ငါ ဘာကိုမှ မကြောက်ဘူး.."

တင်ယွီချင်က လိုက်ချင်ဇောဖြင့် အလျှင်အမြန်ပင် ပြောလိုက်၏။

ဝမ်ထောင်သည် နောက်ထပ် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ..

"အမှန်အတိုင်း ပြောရရင် မရီး.. မရီးရဲ့ ကိုယ်ခံအားက အရမ်း အားနည်းလွန်းတယ်.. ကျွန်တော်နဲ့ လိုက်ခဲ့မယ်ဆိုရင် မရီးက ကျွန်ျတာ့်အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လိမ့်မယ်.."

ထိုစကားကို ကြားလိုက်ရသောအခါ တင်ယွီချင်၏ မျက်နှာမှာ ပို၍ ဖြူဖျော့သွားလေသည်။ ထို့နောက် သူမသည် တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ကြောက်ရွံ့မှု၊ မျှော်လင့်မှုတို့ ရောပြွမ်းနေသော အသံဖြင့် ပြောလိုက်၏။

"မင်းသာ ငါ့ကို ခေါ်သွားမယ်ဆိုရင်.. မင်း ခိုင်းတာမှန်သမျှ အကုန်လုပ်ပါ့မယ်.. ကျေးဇူးပြုပြီး.."

ဝမ်ထောင် ဘာမှပြန်မပြောသေးပေ။

သို့သော် သူသည် တစ်ခုခုကို စဉ်းစားနေသည့်အလား မျက်မှောင်ကြုတ်ထား၏။ သူမ၏ စကားက ထိရောက်မှု ရှိပုံရသဖြင့် တင်ယွီချင်၏ စိတ်ထဲ၌ မျှော်လင့်ချက်ကလေး တစ်စွန်းတစ်စ ဖြစ်ပေါ်လာသည်။

အသက်ရှင်ခွင့် ရနိုင်မည်ဆိုပါက မည်သူမျှ မသေချင်ကြပေ။ သို့သော် ဝမ်ထောင်၏ နောက်ထပ်စကားမှာ သူမအတွက် သေဒဏ်ပေးလိုက်သကဲ့သို့ပင် ဖြစ်သွားရ၏။

"စိတ်မကောင်းပါဘူး.. မရီး အိမ်မှာပဲ နေတာက ပိုကောင်းမယ်လို့ ကျွန်တော် ထင်တုန်းပဲ.. ကဲ.. ဒီအကြောင်းကို ဆက်မပြောကြနဲ့တော့.. စားကြရအောင်.."

ဝမ်ထောင်သည် တင်ယွီချင် ဆုပ်ကိုင်ထားသော သူ၏ လက်ကို အားမနာတမ်းပြန်ရုပ်လိုက်သည်။

ဆက်မပြောနဲ့ ဟုတ်လား.. ဘယ်လိုလုပ် ဆက်မပြောဘဲ နေနိုင်မှာလဲ..။

တင်ယွီချင်မှာ အသက်သုံးဆယ်ပင် မပြည့်သေးဘဲ လှပသော နှစ်ပေါင်းများစွာ ကျန်ရှိနေသေးသည်။ သူမ မသေချင်သေးပေ။

တင်ယွီချင်သည် အားကိုးရာမဲ့စွာဖြင့် ရှေ့ရှိ စားပွဲပေါ်မှ ဟင်းလျာများကို ကြည့်နေသော်လည်း တစ်လုပ်မျှပင် စား၍ မရနိုင်တော့ပေ။

ဝမ်ထောင်မှာ အစားအသောက် အလွန်အမင်း စားနိုင်သော်လည်း သူသည် အလွန်မြန်မြန် စားတတ်၏။

တင်ယွီချင် သတိပြန်မဝင်လာမီမှာပင် ဝမ်ထောင်က စားသောက်ပြီးသွားပြီ ဖြစ်သည်။ ထို့နောက် သူသည် ထရပ်ကာ သူ၏ ပစ္စည်းများကို ထုပ်ပိုးရန် ပြင်ဆင်လေတော့သည်။

ထိုအခိုက် ရုတ်တရက် "ဗုန်း" ခနဲ အသံတစ်သံ ကြားလိုက်ရ၏။

တင်ယွီချင်သည် ဝမ်ထောင်၏ ရှေ့၌ ရုတ်တရက် ဒူးထောက်ချလိုက်ပြီး သူ၏ ပေါင်ကို တင်းတင်းဆုပ်ကိုင်ကာ ငိုယိုရင်း ပြောလိုက်လေသည်။

"ဝမ်ထောင်.. ငါ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး.. တကယ်ပါ.. ငါ ကတိပေးပါတယ်.. အကယ်၍ မင်း မထိန်းချုပ်နိုင်တဲ့ အန္တရာယ်နဲ့ ကြုံလာရင် ငါ့ကို ထားပစ်ခဲ့လို့ ရပါတယ်.. ငါ့ကိုသာ အားရှိရင် အားရှိသလိုလေး ကာကွယ်ပေးပါလို့ပဲ မျှော်လင့်ပါတယ်.. ငါတို့ အိမ်နီးချင်း ဖြစ်ခဲ့တာကို ထောက်ထားပြီးတော့၊ မင်းရဲ့ အစ်ကိုကြီးကျောက်ကို ထောက်ထားပြီးတော့.. ကျေးဇူးပြုပြီး.. ငါ တောင်းပန်ပါတယ်.."

သူ့ရှေ့၌ ဒူးထောက်နေသော တင်ယွီချင်ကို ငုံ့ကြည့်ရင်း ဝမ်ထောင်သည် အမှန်အတိုင်း ပြောရလျှင် စိတ်ကျေနပ်မှု အနည်းငယ် ရရှိမိသည်။ သို့သော် သူသည် သူမကို ဆက်၍ မခြောက်လှန့်ချင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် တင်ယွီချင်၏ ခေါင်းပေါ်ရှိ သွေးပမာဏ (HP) မှာ ကုန်ခါနီး ဖြစ်နေသောကြောင့် ဖြစ်၏။ ထိုခဏအတွင်းမှာပင် သူမ၏ သွေးမှာ ၂၀၊ ၃၀ ခန့် လျော့ကျသွားလေပြီ။ ထပ်ပြီး ခြောက်လိုက်ပါက သူမ အသက်ထွက်သွားနိုင်ပေသည်။

ထို့ကြောင့် ဝမ်ထောင်သည် ဒူးထောက်ထိုင်ချလိုက်ပြီး တင်ယွီချင်၏ ပခုံးကို ပုတ်ပေးရန် ပြင်လိုက်၏။

သို့သော် သူမက နားလည်မှု လွဲသွားကာ ဝမ်ထောင်၏ လက်ကို အတင်းဆွဲယူပြီး သူမ၏ ပါးပြင်ပေါ်တွင် ကပ်ကာ ငိုရှိုက်ရင်း ပြောပြန်သည်။

"ဝမ်ထောင်.. မင်းသာ ငါ့ကို စွန့်မပစ်ဘူးဆိုရင်.. နောင်မှာ မင်းအတွက် ကျွဲလို၊ နွားလို အလုပ်အကျွေးပြုပြီး ကျေးဇူးဆပ်ပါ့မယ်.."

သူ့လက်ပေါ်ရှိ နူးညံ့မှုကို ခံစားလိုက်ရသဖြင့် ဝမ်ထောင်သည် တင်ယွီချင်၏ မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်၏။ သူမ၏ ကြောက်လန့်နေသော၊ အားကိုးရာမဲ့နေသော မျက်ဝန်းများကို ကြည့်ကာ ဝမ်ထောင်က ဝေခွဲမရသည့် ပုံစံဖြင့် ပြောလိုက်သည်။

"မရီး.. ငါက မရီးကို စွန့်ပစ်မယ်လို့ ဘယ်တုန်းက ပြောလို့လဲ.."

"မင်း.. မင်းက အပြင်သွားမယ်လို့ ပြောတယ်.. ငါက ဝန်ထုပ်ဝန်ပိုးမို့လို့ မခေါ်ဘူးလို့ ပြောတယ်.. ဒါဟာ ငါ့ကို စွန့်ပစ်တာ မဟုတ်လို့ ဘာလဲ.. ဟီး.. အီး.."

"ကျွန်တော်က အိမ်က ဒီဇယ်မီးစက်အတွက် ဆီသွားရှာဖို့ တိုက်ခန်းဝန်း အပြင်ဘက်ကို သွားမှာလို့ ပြောတာလေ.. အဲဒီလောက် အန္တရာယ်များတဲ့ အလုပ်ကို မရီးကို ခေါ်သွားရင် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာ မဟုတ်ဘူးလား.."

"...."

"ဒါပေမဲ့ မရီးက တကယ်ပဲ လိုက်ချင်တယ်ဆိုရင်တော့ မရီးရဲ့ ဆန္ဒကို ငါ လေးစားပါတယ်.. ကဲ ပြင်ဆင်တော့.. အခုပဲ သွားကြမယ်.."

ဝမ်ထောင်က ပြောပြီးသည်နှင့် သူ၏ ဝတ်စုံကို ဝတ်ဆင်ရန် ထရပ်လိုက်ရာ တင်ယွီချင်မှာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့၏။

ခဏကြာမှ တင်ယွီချင်သည် ကုန်းရုန်းထကာ ဝမ်ထောင်၏ ဘေးသို့ အပြေးအလွှား ရောက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် မယုံကြည်နိုင်သလို မေးလိုက်သည်။

"ဝမ်ထောင်.. မင်း.. မင်း တကယ်ပြောတာလား.. မင်း ရိက္ခာသွားရှာရုံပဲ သွားမှာပေါ့နော်.. ပြန်လာမှာ မဟုတ်လား.. ငါ့ကို ထားပစ်ခဲ့မှာ မဟုတ်ဘူးနော်.."

ဝမ်ထောင်က လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားဟန် ပေါက်သည်။

"မရီး.. ကျွန်တော့်စကားကို သံသယရှိနေတာလား.. ကျွန်တော့်ကိုတောင် မယုံဘူးပေါ့.."

"ဟင့်အင်း.. မဟုတ်ပါဘူး.. မယုံတာ မဟုတ်ပါဘူး.. မင်းကို ယုံပါတယ်.. သိပ်ယုံတာပေါ့.. ငါ.. ငါက အရမ်း စိတ်လှုပ်ရှားသွားလို့ပါ.."

တင်ယွီချင်သည် လက်အုပ်ကလေး ချီကာ ဝမ်ထောင်ကို အရိုအသေ ပေးလိုက်၏။

"ကဲ.. မရီး.. မြန်မြန်စားလိုက်တော့.. သွားကြတော့မယ်.."

"အာ.. သွားမလို့လား.. ဘယ်ကိုလဲ.."

"ဒီဇယ်သွားရှာမလို့လေ.. မရီးက လိုက်ချင်တယ်ဆို.. မြန်မြန်လုပ်.. အမြန်သွားပြီး အမြန်ပြန်လာရအောင်.."

"...."

အမှန်အတိုင်း ပြောရလျှင် ဝမ်ထောင် ပြောသည်မှာ အမှန်လား၊ ဒါမှမဟုတ် သူ ပြန်မလာတော့မှာလား ဆိုသည်ကို သူမ ဝေခွဲမရသေးပေ။

အကယ်၍ သူမ လိုက်သွားပါက သူ တကယ်ထွက်သွားလျှင်တောင် သူမ တစ်ယောက်တည်း ကျန်ရစ်ခဲ့မည် မဟုတ်ပေ။

သို့သော် ဝမ်ထောင်က လိမ်နေသည့်ပုံလည်း မပေါက်ပေ။

အထူးသဖြင့် သူသည် ယခင်ကတည်းက သူမအပေါ် ကောင်းခဲ့သူ ဖြစ်ရာ လိမ်ညာလိမ့်မည် မဟုတ်ဟု တွေးမိသည်။ သူမသာ သူ့နောက်ကို လိုက်သွားပါက အန္တရာယ်မှာ အလွန်ကြီးမားပေလိမ့်မည်။ အိမ်မှာ စောင့်နေခြင်းက ပို၍ ဘေးကင်းနိုင်ပြီး သူမ လိုက်သွားပါက သူ၏ အလုပ်များကို တကယ်ပင် နှောင့်နှေးစေနိုင်သည် မဟုတ်ပါလား။

စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက် တင်ယွီချင်သည် သူမ၏ ဂါဝန်စကို လိပ်ကာ ခေါင်းငုံ့ပြီး ရှက်ကိုးရှက်ကန်း ပြောလိုက်၏။

"ငါ.. ငါ.. ငါ အိမ်မှာပဲ စောင့်နေတာ ပိုကောင်းမယ် ထင်တယ်.."

"မရီး.. လိုက်ချင်တာလား၊ အိမ်မှာပဲ စောင့်နေမှာလား.."

"မင်း ပြန်လာတာကိုပဲ စောင့်နေပါ့မယ်.."

ဤတစ်ကြိမ်တွင် တင်ယွီချင်သည် တွေဝေမနေဘဲ ချက်ချင်းပင် ပြောလိုက်သည်။

"အေး.. ဒါဆိုလည်း ပြီးတာပဲ.. အိမ်မှာပဲ နေ.. လျှောက်မသွားနဲ့ဦး.."

"အင်း.. ငါ မင်းရဲ့ ဝတ်စုံတွေ ဝတ်ဖို့ ကူညီပေးမယ်လေ.."

တင်ယွီချင်သည် မျက်ရည်များကို သုတ်လိုက်ပြီး ပျက်စီးနေသော မိတ်ကပ်များကို ဂရုမစိုက်နိုင်ဘဲ ဝမ်ထောင်ကို ကူညီရန် အမြန် ပြေးသွားတော့သည်။

အကုန်အဆင်သင့် ဖြစ်သောအခါ ဝမ်ထောင်သည် ခေါက်ဆွဲခြောက်ထုပ် အချို့ကို ယူလာပြီး တင်ယွီချင်ကို ပေးလိုက်၏။

"ကျွန်တော် အနည်းဆုံး ညဘက်လောက်တော့ ပြန်ရောက်မယ် ထင်တယ်.. ဒါပေမဲ့ ကတိတော့ မပေးနိုင်ဘူး.. ဒီစားစရာတွေကို ယူထားလိုက်.. ကျွန်တော် နောက်ကျသွားရင်တောင် မရီး ဗိုက်မဆာတော့ဘူးပေါ့.."

"ကျေးဇူးတင်ပါတယ်.."

တင်ယွီချင်က အမြန်ပင် လှမ်းယူလိုက်သည်။

"ကဲ.. သွားပြီ.."

ဝမ်ထောင်နှင့် တင်ယွီချင်တို့ အတူတူ ထွက်လာကြသည်။ သူမ အိမ်ထဲသို့ ပြန်ဝင်သွားသည်ကို ကြည့်ပြီးနောက် ဝမ်ထောင်သည် အောက်ထပ်သို့ ဆက်ဆင်းလာခဲ့၏။

"ဝမ်ထောင်.. ဘေးကင်းဘေးကင်းနဲ့ ပြန်လာခဲ့နော်.."

သူမ၏ နောက်ကွယ်မှ တင်ယွီချင်သည် တံခါးကို အသာဟကာ စိုးရိမ်တကြီး လှမ်းပြောလိုက်သည်။ သူမသည် ဝမ်ထောင် ထိခိုက်မှာကို စိုးရိမ်နေခြင်းလား၊ သို့မဟုတ် သူ ပြန်မလာတော့မှာကို ကြောက်နေခြင်းလား ဆိုသည်မှာမူ မသေချာပေ။

"အင်းပါ.."

ဝမ်ထောင်က လက်ပြလိုက်သည်။

အောက်ထပ်သို့ ရောက်သောအခါ ဝမ်ထောင်သည် တန်းမထွက်သေးဘဲ အခန်း (၂၀၁) သို့ ဝင်ကာ ပြတင်းပေါက်တစ်ခုကို အနည်းငယ် ဟထားလိုက်၏။ ထိုနေရာတွင် သံပန်းများ မရှိပေ။ အကယ်၍ သူ ပြန်လာချိန်တွင် အဆောင်အဝင်ကို တစ်စုံတစ်ယောက်က ပိတ်ဆို့ထားပါက ဤနေရာမှတစ်ဆင့် တက်သွားနိုင်ရန် ဖြစ်သည်။

မလိုအပ်နိုင်သော်လည်း ကြိုတင်ပြင်ဆင်ထားခြင်းက ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။

အပြင်သို့ ထွက်လာသောအခါ ခေါင်းပြောင်ဦးလေး ရောက်လာသည်။ ဝမ်ထောင်၏ ဝတ်စုံပြည့်ကို မြင်သောအခါ သူ အံ့သြသွားရ၏။

"လူငယ်လေး.. မင်း.. အပြင်သွားမလို့လား.."

"ဟုတ်ကဲ့.. ရိက္ခာတွေ နည်းလာလို့ သွားရှာမလို့ပါ.."

သူ့တွင် ရိက္ခာများစွာ ရှိနေသေးသော်လည်း စားသုံးမှုမှာလည်း မြင့်မားသဖြင့် ရိက္ခာမလောက်ဟု ပြောခြင်းမှာ လိမ်ညာရာ မရောက်ပေ။

"မင်းတို့ အိမ်မှာက နှစ်ယောက်ဆိုတော့ စားသုံးမှုက များမှာပေါ့.."

ခေါင်းပြောင်ကြီး ဦးလေးသည် ဝမ်ထောင်နှင့် တင်ယွီချင်တို့ကို အတူတူ မြင်ဖူးသဖြင့် သူမကို သူ၏ ချစ်သူဟု ထင်မှတ်နေခြင်း ဖြစ်သည်။ တစ်ဆောင်တည်း နေသော်လည်း အချင်းချင်း မသိကြသည်မှာ ထူးဆန်းသော ကိစ္စမဟုတ်သဖြင့် ၎င်းမှာ အံ့သြစရာ မဟုတ်ပေ။

...........

All Chapters