← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း ၃၃ - ကိုယ်ပျောက်ဆေးရည် (အလတ်စား)

"လူငယ်လေး.. သတိထားဦးနော်.. အိမ်မှာ လှပတဲ့ ဇနီးသည်က စောင့်နေတာဆိုတော့ မင်း ဘာမှမဖြစ်စေနဲ့ဦး.."

ထိပ်ပြောင်ဦးလေးက ဝမ်ထောင်ကို အားပေးစကား ဆိုလိုက်၏။ ထိပ်ပြောင်ဦးလေးမှာ ကြောက်တတ်ပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှု မရှိသော်လည်း စိတ်ထားမှာမူ အတော်ပင် ကောင်းမွန်သည်ဟု ဆိုရပေမည်။

ဝမ်ထောင်ကလည်း အကျိုးအကြောင်း အရှည်ကြီး ရှင်းမပြတော့ပေ။

"စိတ်ချပါ ဦးလေး.. ကျွန်တော် ဘာမှမဖြစ်စေရဘူး.. ဦးလေးလည်း အပြင်ကို လုံးဝမထွက်နဲ့ဦးနော်.. အဆောင်ထဲမှာပဲ နေပါ.. အပြင်မှာက အရမ်းအန္တရာယ်များတယ်.."

"ဟားဟား.. အဲဒီကိစ္စအတွက်တော့ စိတ်ချလိုက်စမ်းပါ.. ငါက ကြောက်တတ်တဲ့သူပါ.. အပြင်မထွက်ပါဘူး.. ငါ့ရဲ့ ဇနီးနဲ့ သားလေးနဲ့ ပြန်ဆုံနိုင်အောင် အသက်ရှည်ရှည် နေရဦးမှာလေ.."

ထိပ်ပြောင်ဦးလေးသည် အင်္ကျီအိတ်ကပ်ထဲမှ မိသားစုဓာတ်ပုံလေးကို ထုတ်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်နေလေသည်။

"ဒါဆိုရင်တော့ ကျွန်တော် စိတ်အေးရတာပေါ့.."

ထိပ်ပြောင်ဦးလေးသည် ဝမ်ထောင်၏ အချိန်ကို ဆက်မဖြုန်းတော့ဘဲ စကားအနည်းငယ် ပြောပြီးနောက် ပြန်လှည့်သွား၏။

ဝမ်ထောင် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ လုံခြုံရေးတံခါး၏ မှန်မှတစ်ဆင့် ပြင်ပ၌ ဇွန်ဘီအချို့ လျှောက်သွားနေသည်ကို သူ မြင်လိုက်ရ၏။

သူသည် ခဏမျှ ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။ ဇွန်ဘီများ တံခါးနှင့် ဝေးရာသို့ ဖြည်းဖြည်းချင်း ရွေ့သွားသည်ကို မြင်မှသာ ဝမ်ထောင်သည် အသက်ကို ပြင်းပြင်းရှူပြီး လုံခြုံရေးတံခါးကို ရုတ်တရက် ဝုန်းခနဲ ဖွင့်လိုက်လေတော့သည်။

"ဂျောင်း.."

တံခါးဖွင့်သံကြောင့် ဇွန်ဘီအချို့၏ အာရုံမှာ ချက်ချင်းပင် ရောက်ရှိလာ၏။

ဝမ်ထောင်က ၎င်းတို့ကို လှည့်ပင်မကြည့်တော့ဘဲ တံခါးကို အမြန်ပြန်ပိတ်ကာ အဝေးရှိ တိုက်ခန်းဝန်း၏ တံတိုင်းဆီသို့ အရှိန်ပြင်းပြေးခြင်းဖြင့် ပြေးထွက်ခဲ့သည်။

"ဂါး...."

"ဂရား..ဂီးဂီး.."

ဘေးပတ်ပတ်လည်ရှိ သတိပြုမိသွားသော ဇွန်ဘီများသည် ၎င်းတို့၏ ကိုယ်ခန္ဓာကို ယိမ်းထိုးလျက်ကပင် ဝမ်ထောင်ဆီသို့ ယိုင်တိုင်တိုင် ပြေးဝင်လာကြသည်။

ဝမ်ထောင်သည် ပြေးနေသော်လည်း ဘေးပတ်ဝန်းကျင်ရှိ ဇွန်ဘီများကို အကဲခတ်ရန် မမေ့ပေ။ ကိုယ်ယောင်ဖျောက်ခြင်း၊ အရှိန်ပြင်းပြေးခြင်း သို့မဟုတ် အခြားစွမ်းရည်များ ရှိနေသော အထူးဇွန်ဘီများ ရှိမရှိ သူ သေချာအောင် လုပ်ရမည်။

ကံကောင်းထောက်မစွာဖြင့် လောလောဆယ်တွင် ထိုဇွန်ဘီများမှာ အလွန်အမင်း မမြန်ကြသေးပေ။ သူ ဝိုင်းရံမခံရသရွေ့ အသက်အန္တရာယ် မရှိနိုင်ပေ။

ဆယ်စက္ကန့်ခန့် ကြာပြီးနောက် ဝမ်ထောင်သည် တံတိုင်းအနားသို့ ဘေးကင်းစွာ ရောက်ရှိသွားသည်။ သူသည် တံတိုင်းကို ခြေနင်းကာ ရုတ်တရက် ခုန်ကျော်ခြင်း ပြုလုပ်လိုက်ပြီး တံတိုင်းအပေါ်စွန်းကို လက်နှစ်ဖက်ဖြင့် လှမ်းဆွဲလိုက်၏။

"ဟိတ်.."

ဝမ်ထောင်၏ လက်မောင်းကြွက်သားများမှာ ဖောင်းတက်လာသည်။ သူသည် အောက်ပိုင်းအင်အားကို သုံးကာ တစ်ကိုယ်လုံးကို အပေါ်သို့ ဆွဲတင်လိုက်၏။

ထိုအချိန်တွင် အနီးသို့ ဇွန်ဘီနှစ်ကောင် အရင်ဆုံးရောက်ရှိလာသော်လည်း ဝမ်ထောင်မှာ တံတိုင်းပေါ်တွင် ရောက်နေပြီ ဖြစ်သည်။ ၎င်းတို့သည် လက်များကို ဝေ့ယမ်းနေကြသော်လည်း သူ့ကို လုံးဝ မမှီနိုင်တော့ပေ။

ဝမ်ထောင်သည် ကျောပိုးထားသော တစ်မီတာရှည်သည့် သံပိုက်တုတ်ဖြင့် အောက်ရှိ ဇွန်ဘီများ၏ ခေါင်းကို ရိုက်နှက်လိုက်ပါက ၎င်းတို့ကို ဖြည်းဖြည်းချင်း နှိမ်နင်းနိုင်မည်ဟု ရုတ်တရက် တွေးမိလိုက်သည်။ ဇွန်ဘီများက သူ့ကို မမှီနိုင်သောကြောင့် ဖြစ်၏။

သို့သော်..

"ဒါက အကြံကောင်း ဖြစ်နိုင်ပေမဲ့ အခုက အချိန်မဟုတ်သေးဘူး.. သူတို့ကို လောလောဆယ် လွှတ်ထားလိုက်ဦးမယ်.."

ဝမ်ထောင်သည် သူ၏ ရည်မှန်းချက်ကို မေ့မထားပေ။ ဒီဇယ်ရှာဖွေရန်မှာ ပထမဦးစားပေး ဖြစ်ပြီး ဇွန်ဘီသတ်ရန်မှာ ဒုတိယသာ ဖြစ်သည်။

သူသည် တံတိုင်း၏ အခြားတစ်ဖက်ကို လှမ်းကြည့်လိုက်သည်။ လမ်းမပေါ်ရှိ အခြေအနေမှာ ခေါင်မိုးပေါ်မှ မြင်ရသည့်အတိုင်း ဇွန်ဘီ အလွန်အမင်း မများလှပေ။ အဝေး၌ အချို့ ရှိနေသော်လည်း သူ့ကို သတိမပြုမိကြသေးပေ။

"ကံကောင်းပါစေ.."

ဝမ်ထောင်သည် တံတိုင်းပေါ်မှ သာသာယာယာ ခုန်ဆင်းလိုက်သည်။

အက်ကွဲနေသော မြေပြင်နှင့် နေရာအနှံ့ရှိ သွေးမည်းများ၊ ပြန့်ကျဲနေသော သတင်းစာများ၊ အစိုးရ၏ ကြေညာချက်များ၊ အရိုးစုများသာ ကျန်တော့သည်အထိ လောင်ကျွမ်းထားသော ကားများ၊ ညစ်ပတ်နေသော နံရံများ..။

လမ်းမပေါ်ရှိ ဤကဲ့သို့သော ပျက်စီးယိုယွင်းနေသည့် ကပ်ဘေးမြင်ကွင်းများကို ကြည့်ရင်း သူ၏ စိတ်ထဲ၌ အထီးကျန်မှုတစ်ခု ရုတ်တရက် ဝင်ရောက်လာ၏။

ဝမ်ထောင်သည် အသက်ကို ပြင်းပြင်းရှူကာ ထိုရှုပ်ထွေးသော ခံစားချက်များကို မေ့ဖျောက်လိုက်ပြီး လမ်းတစ်ဖက်ရှိ "ဘစ်မောက်မိ စားသောက်ဆိုင်" ဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားလေသည်။

ဆိုင်၏ မှန်တံခါးမှာ တစ်ဝက်ခန့် ဟနေ၏။

ဆိုင်အတွင်း၌ စားပွဲ၊ ကုလားထိုင်များ ပျက်စီးကာ ဖရိုဖရဲ ဖြစ်နေပြီး နံရံနှင့် ကြမ်းပြင်များတွင် သွေးကွက်များ ခြောက်ကပ်နေသည်။

ဝမ်ထောင်သည် ထိုမြင်ကွင်းကြောင့် အံ့သြမနေပေ။ သူသည် လက်ထဲမှ တစ်မီတာရှည်သော သံမှိုရိုက်ထားသော သံပိုက်တုတ်ကို တင်းတင်းဆုပ်ကာ အတွင်းသို့ ဖြည်းဖြည်းချင်း ဝင်သွားလိုက်သည်။

ဤခရီးစဉ်အတွက် သူသည် သံပိုက်တုတ် သုံးချောင်းစလုံးကို ယူလာခဲ့သည်။ ၅၀ စင်တီမီတာ အချောင်း နှစ်ချောင်းနှင့် တစ်မီတာ အချောင်း တစ်ချောင်း ဖြစ်သည်။

ထိုလက်နက် သုံးမျိုးစလုံးကို ဝမ်ထောင်က ပြုပြင်မွမ်းမံထားခြင်း ဖြစ်၏။

၅၀ စင်တီမီတာ အချောင်း နှစ်ချောင်းအနက် တစ်ချောင်းကို လက်ကိုင်ရှည်သံတူရွင်း အဖြစ် ပြုပြင်ထားရာ ၎င်းမှာ လက်ရှိတွင် သူ၏ အသုံးအဝင်ဆုံး လက်နက် ဖြစ်သည်။

အခြားတစ်ချောင်းတွင်မူ သံကူကွန်ကရစ် သံချောင်းကို ထည့်သွင်းကာ လှံတို တစ်စင်း အဖြစ် ပြုလုပ်ထား၏။

တစ်မီတာရှည်သော သံပိုက်တုတ်ကိုမူ အပေါက်များစွာ ဖောက်ကာ သံမှိုရှည်များ ရိုက်ထားသဖြင့် သံမှိုရိုက်ထားသော သံပိုက်တုတ်ဖြစ်နေလေသည်။

ကျယ်ဝန်းသော နေရာများတွင်မူ ဤတစ်မီတာရှည်သော သံပိုက်တုတ်မှာ ပို၍ သင့်တော်လှသည်။

ဆိုင်ထဲသို့ ဝင်ပြီးနောက် သူသည် ကြမ်းပြင်ပေါ်ရှိ မှန်စများကို ဂရုတစိုက် ရှောင်ကွင်းကာ ဆိုင်မကြီးအတွင်း တစ်ချက် ဝေ့ကြည့်လိုက်သည်။ ငွေရှင်းကောင်တာ နောက်ကွယ်တွင် ဇွန်ဘီများ ပုန်းအောင်းနေခြင်း ရှိမရှိကို သူ အဓိကထား ကြည့်ရှုခြင်း ဖြစ်၏။

ယခင်က ဇွန်ဘီ၏ ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ခံခဲ့ဖူးသဖြင့် သူသည် အချိန်ရလျှင် သေချာစွာ စစ်ဆေးလေ့ ရှိသည်။

ကံကောင်းထောက်မစွာဖြင့် ငွေရှင်းကောင်တာ အောက်တွင် ဘာမှမရှိပေ။

အံဆွဲထဲရှိ အကြွေစေ့များကို မြင်သောအခါ ဝမ်ထောင်သည် လက်တစ်ဆုပ်စာ ယူကာ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

ဤခရီးစဉ်မှာ အချည်းနှီးတော့ မဖြစ်တော့ပေ။

ဝမ်ထောင်သည် သူ၏ နောက်ကွယ်မှ လမ်းမကို ပြန်ကြည့်လိုက်ရာ ဇွန်ဘီများ ချဉ်းကပ်လာခြင်း မရှိသဖြင့် သံပိုက်တုတ်ကို ကိုင်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။ မီးဖိုချောင်မှာလည်း ဖရိုဖရဲ ဖြစ်နေသော်လည်း သွေးကွက် အလွန်အမင်း မရှိပေ။

ဤစားသောက်ဆိုင်ငယ်တွင် တံခါးနှစ်ပေါက် ရှိသည်။

သူ ယခုလေးတင် ဝင်လာသော အရှေ့တံခါးနှင့် ဘေးတံခါးငယ် တစ်ခု ဖြစ်၏။ ဘေးတံခါး ဘေးတွင် အနားယူရန် အိပ်ခန်းတစ်ခု ရှိပြီး အပြင်ဘက်တွင်မူ လမ်းကြားလေး တစ်ခု ရှိသည်။

ဘေးတံခါးမှာ ပွင့်နေပြီး အပြင်ဘက်တွင် ပလတ်စတစ် အကာများပင် မခွာရသေးသော အဖြူရောင် အိမ်သုံး ပစ်ကပ်ကား တစ်စင်း ရပ်ထား၏။ ၎င်းမှာ ဆိုင်ရှင်လီ၏ ကားပင် ။

ကားထဲတွင် ဆီရှိနေမည်မှာ သေချာသည်။ ဆိုင်ရှင်လီ ဆီဖြည့်နေသည်ကို ဝမ်ထောင် မြင်ဖူးသောကြောင့် ဖြစ်၏။

သို့သော် ပြဿနာမှာ ဆိုင်ရှင်လီ၏ ကား ဤနေရာ၌ ရှိနေခြင်းမှာ သူ ထွက်မသွားရသေးဟု အဓိပ္ပာယ်ရနေခြင်းပင်..။

ဝမ်ထောင်သည် တင်းတင်းပိတ်ထားသော အိပ်ခန်းတံခါးကို လှမ်းကြည့်လိုက်သည်။

၎င်းတို့ဆိုင်မှာ မနက်စာလည်း ရသဖြင့် ဆိုင်ရှင်လီနှင့် သူ၏ ဇနီးတို့သည် မနက်ပိုင်း အဆင်ပြေစေရန် ဆိုင်ထဲ၌ပင် အိပ်လေ့ရှိကြသည်။

ဝမ်ထောင်ကမူ ၎င်းတို့သည် လမ်းလျှောက်နေသော ဇွန်ဘီများ၏ အကိုက်ခံရကာ ကူးစက်ခံရပြီး ထွက်ခွာသွားခြင်း သို့မဟုတ် ပထမဆုံးနေ့မှာတင် ဤအိပ်ခန်းထဲ၌ ကူးစက်ခံရခြင်း တစ်ခုခု ဖြစ်မည်ဟု ခန့်မှန်းလိုက်၏။

မည်သို့ပင်ဖြစ်စေ ၎င်းတို့ ကူးစက်ခံရသည်မှာ သေချာပါသည်။

အဘယ်ကြောင့်ဆိုသော် ဆီအပြည့်ပါသော ကားက ဤနေရာ၌ ရှိနေခြင်းကြောင့် ဖြစ်၏။ အကယ်၍ ၎င်းတို့ ကူးစက်မခံရပါက ဤကားကို မောင်းကာ နယ်ဘက်သို့ ထွက်ပြေးသွားကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

အိပ်ခန်းတံခါးမှာ သော့ခတ်ထားသဖြင့် ဝမ်ထောင်သည် သူ၏ပညာဖြင့်သော့ဖွင့်ရန် ပြင်ဆင်လိုက်သည်။

သူသည် ယခုခရီးစဉ်အတွက် အပြည့်အစုံ ပြင်ဆင်လာခြင်း ဖြစ်၏။ လက်နက်များ၊ သော့ဖွင့်ကိရိယာများ၊ အစားအစာ၊ မှန်ပြောင်း၊ လက်နှိပ်ဓာတ်မီး၊ ရေဒီယိုငယ်၊ ဖုန်း၊ ဝေါ်ကီတော်ကီ စသည်ဖြင့် အစုံအလင် ပါရှိသည်။

ဤခရီးစဉ်မှာ ရိက္ခာရှာဖွေရန် ဖြစ်သဖြင့် ကိရိယာ မစုံလင်၍ မဖြစ်ပေ။ သူသည် သန်မာသူ ဖြစ်သဖြင့် ဤအရာများကို သယ်ဆောင်ရန်မှာ ပြဿနာ မရှိလှပေ။

ဂျောက် .

သော့ကို ခဏမျှ ထိုးဆွပြီးနောက် အောင်မြင်စွာ ပွင့်သွားလေသည်။

ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ အတွင်းသော့ မဟုတ်ပေ။ မဟုတ်ပါက သော့ဖွင့်ကျွမ်းကျင်မှု မည်မျှရှိစေကာမူ အချည်းနှီး ဖြစ်ပေလိမ့်မည်။

ဝမ်ထောင်သည် တံခါးကို အသာအယာ တွန်းဖွင့်လိုက်ရာ အိပ်ရာပေါ်တွင် စောင်ခြုံကာ ကျောပေးအိပ်နေသော ဝဖြိုးဖြိုး လူပုံသဏ္ဍာန် တစ်ခုကို ချက်ချင်း မြင်လိုက်ရသည်။

၎င်း၏ ခေါင်းပေါ်ရှိ အနီရောင် သွေးပမာဏကို မြင်လိုက်ရသောအခါ ဝမ်ထောင်သည် ဘာမှမပြောတော့ဘဲ ပြေးဝင်ကာ သံပိုက်တုတ်ဖြင့် ၎င်း၏ ခေါင်းကို အင်ကုန်ရိုက်ချလိုက်လေတော့သည်။

ဗုန်း....

သွေးမည်းများ လွင့်စင်သွား၏။

【-၁၅၆】

【၃၉၄/၅၅၀】

"ဂီး...."

ဇွန်ဘီသည် မနှစ်မြို့ဖွယ် အသံကို ပြုလုပ်ကာ နောက်သို့လှည့်ရန် ကြိုးစားသည်။ ဝမ်ထောင်သည် စောင်ပေါ်မှနေ၍ ၎င်း၏ ခါးကို ကန်ချလိုက်ကာ အရှိန်သတ်လိုက်၏။

ထို့နောက် သူသည် သံပိုက်တုတ်ကို ပြန်ရုပ်ကာ သုံးကြိမ် ဆက်တိုက် ရိုက်လိုက်ပြန်သည်။

ဘုန်း..ဘုန်း..ဒုတ်

【-၁၄၂】

【-၁၄၃】

【-၁၀၉】

【၀/၅၅၀】

【ရရှိသည် - ကိုယ်ပျောက်ဆေးရည် (အလတ်စား) ၂ ခု】

"ကိုယ်ပျောက်ဆေးရည်တဲ့.. ဒါကလည်း ချောင်းမြောင်းတတ်တဲ့ ဇွန်ဘီမျိုးပဲလား.."

...........

` အခန်း ၃၄ - အကျိုးအမြတ်

ဝမ်ထောင် အလွန်အံ့အားသင့်သွားရ၏။

ဤကဲ့သို့ ကိုယ်ယောင်ဖျောက်နိုင်စွမ်းရှိသော ဇွန်ဘီများသည် အမှောင်ထဲတွင် ပုန်းအောင်းကာ အလစ်အငိုက် တိုက်ခိုက်တတ်သည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမူ ထိုသို့လည်း ယူဆ၍မရကြောင်း သူ သိလိုက်ရသည်။

ရှေ့မှ ဇွန်ဘီကို ကြည့်လျှင် ဝမ်ထောင် ရောက်လာသည့်တိုင် ၎င်းက အရင်ဦးအောင် မတိုက်ခိုက်ဘဲ အိပ်ရာပေါ်တွင်သာ ဆက်လက်လဲလျောင်းနေခဲ့သည်။ အကယ်၍ ဝမ်ထောင်သည် အထဲသို့ ဝင်ဝင်ချင်း ၎င်း၏ ခေါင်းပေါ်ရှိ အနီရောင် သွေးပမာဏကို မမြင်ခဲ့ပါက ဤမျှ ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

အကယ်၍ အခြားသူသာ ပြင်ဆင်မှုမရှိဘဲ လာရောက်ကြည့်ရှုပါက ပြင်းထန်သော အလစ်တိုက်ခိုက်မှုကို သေချာပေါက် ခံရပေလိမ့်မည်။

ဇွန်ဘီကို သတ်ပြီးနောက် ဝမ်ထောင်၏ သွေးပမာဏ (HP) မှာ ၂၀ တိုးလာပြီး 【၂၀၅/၂၀၅】 ဖြစ်သွား၏။

သူ့စိတ်ထဲတွင် ထင်ယောင်ထင်မှား ဖြစ်သည်လား မသိသော်လည်း သွေးပမာဏ ၂၀၀ ကို ကျော်လွန်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အနည်းငယ် ပိုမိုကောင်းမွန်လာသည်ဟု ခံစားရသည်။

သို့သော် ယခုမှာ စမ်းသပ်ရန် အချိန်မဟုတ်ပေ။ ပြန်ရောက်မှသာ သေချာစွာ လေ့လာရမည် ဖြစ်သည်။

သူသည် ဇွန်ဘီ၏ အလောင်းကို လှန်ကြည့်လိုက်၏။ မျက်နှာတစ်ခြမ်းမှာ သူ၏ ရိုက်ချက်ကြောင့် ပျက်စီးနေသော်လည်း ကျန်ရှိသော အစိတ်အပိုင်းများကို ကြည့်ကာ ဤသူမှာ ဆိုင်ရှင်ကတော် ဖြစ်ကြောင်း သူ မှတ်မိလိုက်သည်။

ဒါဆို ဆိုင်ရှင်လီက ဘယ်ရောက်သွားသနည်း..။

ဝမ်ထောင်သည် စောင်ကို ရုတ်တရက် ဆွဲဖယ်လိုက်ရာ ဆိုင်ရှင်ကတော် ဇွန်ဘီ၏ လက်မောင်းကြားတွင် သွေးအလိမ်းလိမ်းဖြင့် လူအရိုးစုပုံတစ်ခုကို မြင်လိုက်ရ၏။

"အော့.."

ဝမ်ထောင်သည် စောင်ကို အမြန်ပြန်ဖုံးလိုက်သည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို အလွန်အမင်း ကြည့်မိပါက သူ၏ သွေးပမာဏလည်း လျော့ကျနိုင်သည် မဟုတ်ပါလား။

အိပ်ခန်းအတွင်း၌ လောလောဆယ် အန္တရာယ်မရှိတော့ကြောင်း အတည်ပြုပြီးနောက် ဝမ်ထောင်သည် ဆိုင်ရှင်ကတော် ဇွန်ဘီကို သတ်၍ ရရှိလာသော ဆုလာဘ်များကို ကြည့်လိုက်၏။

【ရရှိသည် - ကိုယ်ပျောက်ဆေးရည် (အလတ်စား) ၂ ခု】

【ကိုယ်ပျောက်ဆေးရည် (အလတ်စား) - ဆေးထိုးပြီးနောက် မိမိ၏ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်သဖြင့် ဇွန်ဘီများ ရှာဖွေတွေ့ရှိရန် ခက်ခဲစေသည်။ အာနိသင်ကြာချိန် - ၁ နာရီ။ ပြန်လည်အသုံးပြုနိုင်သည့်ကြာချိန် - ၁၂ နာရီ။ အကြံပြုချက် - နေ့ဘက်တွင် အသုံးပြုပါက အကျိုးသက်ရောက်မှု အကောင်းဆုံး ဖြစ်သည်။】

"ပစ္စည်းကောင်းပဲ.. နှစ်လုံးတောင် ရတာ.."

ဝမ်ထောင်သည် ယခင်က ကိုယ်ပျောက်ဆေးရည်တွင် 'အလတ်စား' နှင့် 'အကြီးစား' ဟူ၍ ရှိနိုင်ကြောင်း၊ အချို့မှာ ဇွန်ဘီများ၏ အမြင်မှ ကွယ်ဝှက်ရန် ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ဖူးရာ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်သွားလေပြီ။

ဤအရာမှာ သူ့အတွက် အလိုအပ်ဆုံး ဖြစ်သည်။ လူများ၏ အမြင်မှ ကွယ်ဝှက်သော ဆေးရည်မှာ သူ့အတွက် လောလောဆယ် အသုံးမဝင်သော်လည်း ဇွန်ဘီများရန်မှ ရှောင်ကွင်းနိုင်သော ဤဆေးရည်မှာမူ အလွန်ပင် အဖိုးတန်လှ၏။

သူသည် ယခုပင် ဤဆေးရည်ကို ထိုးကာ ဇွန်ဘီများကို သွားရောက် စိန်ခေါ်ကြည့်ချင်စိတ် ပင် ပေါက်လာသော်လည်း ထိုကဲ့သို့သော အန္တရာယ်ရှိသော အတွေးမှာ စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ဖော်ပြချက်တွင် 'ဇွန်ဘီများ ရှာဖွေတွေ့ရှိရန် ခက်ခဲစေသည်' ဟုသာ ပါရှိပြီး 'လုံးဝ ရှာမတွေ့နိုင်' ဟု မဆိုထားသောကြောင့်ပင်။

ဤဆေးရည်၏ သဘောတရားမှာ လူသားတစ်ယောက်၏ အရှိန်အဝါကို လျှော့ချပေးခြင်း ဖြစ်မည်ဟု ဝမ်ထောင် ခန့်မှန်းလိုက်သည်။သာမန်ဆိုလျှင် ဇွန်ဘီများက သူ့ကို အဝေးမှပင် သတိပြုမိနိုင်သော်လည်း ဤဆေးထိုးပြီးပါက အနီးကပ်ရောက်မှသာ သိရှိနိုင်မည်လား..။

သူ့အထင်မှာ မှန်ကန်နိုင်လောက်ပါသည်။

ကိုယ်ပျောက်ဆေးရည်ကို သိမ်းဆည်းပြီးနောက် ဝမ်ထောင်သည် အခြားသော ပစ္စည်းများကို ဆက်လက် ရှာဖွေလေသည်။

အိပ်ခန်းမှာ မကျယ်လှပေ။

ကုတင်တစ်လုံးနှင့် အခြားပစ္စည်းများဖြင့် ပြည့်နှက်နေ၏။ ဆိုင်ရှင်လီနှင့် သူ၏ ဇနီးတို့မှာ အလွန်ပင် ချွေတာသူများ ဖြစ်ကြသဖြင့် ၎င်းတို့၏ ကိုယ်ပေါ်တွင် လက်ဝတ်ရတနာများ မရှိရာ ဝမ်ထောင်လည်း အလောင်းများကို ရှာဖွေမနေတော့ပေ။

သူသည် အိပ်ခန်းထောင့်ရှိ ၂၀ လီတာ ဆံ့သော စစ်စိမ်းရောင် ဆီပုံး သုံးပုံးကို မြင်လိုက်ရသည်။

ဝမ်ထောင် စစ်ဆေးကြည့်ရာ တစ်ပုံးမှာ အပြည့်ဖြစ်ပြီး တစ်ပုံးမှာ ဒီဇယ် တစ်ဝက်ခန့် ပါရှိကာ နောက်ဆုံးတစ်ပုံးမှာမူ အလွတ် ဖြစ်နေ၏။

သို့သော် ဤသည်မှာ ဝမ်ထောင်အတွက် လုံလောက်လှလေပြီ။ ဒီဇယ် တစ်လီတာသည် လျှပ်စစ် ၃ ယူနစ် သို့မဟုတ် ၄ ယူနစ်ခန့် ထုတ်လုပ်ပေးနိုင်သဖြင့် ဤနေရာတွင် လီတာ ၃၀ ခန့် ရှိရာ လျှပ်စစ် ယူနစ် ၁၀၀ ခန့် ရရှိနိုင်ပေမည်။

အကယ်၍ ရေခဲသေတ္တာအတွက်သာ သုံးမည်ဆိုပါက တစ်နေ့လျှင် ၁ ယူနစ်ပင် မကုန်သဖြင့် အချိန်အတော်ကြာ အသုံးခံပေလိမ့်မည်။

ဆီပုံးများကို ဘေးဖယ်ထားပြီးနောက် ဝမ်ထောင်သည် ဆက်လက် ရှာဖွေပြန်သည်။

အိပ်ခန်းအတွင်း၌ အခြား ထူးထူးခြားခြား မတွေ့ရတော့ဘဲ ပိုက်ဆံအိတ် တစ်လုံး၊ ကားသော့ တစ်ချောင်းနှင့် ဖုန်းနှစ်လုံးသာ ရရှိခဲ့၏။

ထို့နောက် ဝမ်ထောင်သည် မီးဖိုချောင်သို့ သွားလိုက်သည်။ မီးဖိုချောင်မှာ ဖရိုဖရဲ ဖြစ်နေပြီး ပစ္စည်းများ ပျောက်ဆုံးနေသော်လည်း စားစရာအချို့ ကျန်ရှိနေသေးသည်။

ဝမ်ထောင်သည် ညစ်ပတ်နေသော စားစရာများကိုမူ ဇွန်ဘီသွေးများ ပေကျံနေမည် စိုးသဖြင့် မယူဝံ့ပေ။

သေချာစွာ ရွေးချယ်ပြီးနောက် မဖောက်ရသေးသော ၂၅ ကီလိုဝင် ဆန်အိတ် တစ်အိတ်၊ ၂၅ ကီလိုဝင် ဂျုံမှုန့် တစ်အိတ်၊ ဆားနှင့် သကြား အိတ်အချို့၊ ဆန်ခေါက်ဆွဲများ၊ အအေးပုလင်း အများအပြား၊ ဘီယာ နှစ်ဖာနှင့် ၂၀ ကီလိုခန့် ရှိမည့် အသင့်စားအစားအစာများ အိတ်ကြီး တစ်အိတ်ကို ယူလိုက်၏။

"ဆိုင်ရှင်လီ.. ခင်ဗျားလို လူကြီးကလည်း အသင့်စား အစားအစာတွေ သုံးတာပဲလား.."

ဝမ်ထောင်သည် စိတ်ထဲမှ အနည်းငယ် ဝေဖန်မိသော်လည်း ဤအရာမှာ သူ့အတွက် ကောင်းမွန်သော ကိစ္စ ဖြစ်သည်။ အနည်းဆုံးတော့ ဤမဖောက်ရသေးသော အစားအစာများမှာ သန့်ရှင်းသည့်အပြင် အရသာစုံလင်ပြီး စားကောင်းသောကြောင့် ဖြစ်၏။

ပစ္စည်းများကို စုစည်းလိုက်သောအခါ အလေးချိန်မှာ ၁၅၀ ကီလိုဂရမ်ခန့် ရှိလေသည်။

"ဒါက နည်းနည်း များနေတယ်.. တစ်ခေါက်တည်းနဲ့တော့ အကုန်မသယ်နိုင်ဘူး.."

ဝမ်ထောင်မှာ ပျော်ရွှင်စရာ ပြဿနာတစ်ခုနှင့် ကြုံနေရ၏။ ကံကောင်းထောက်မစွာဖြင့် ဤနေရာမှာ လူနေတိုက်ခန်းဝန်းနှင့် နီးသဖြင့် အသွားအပြန် အနည်းငယ် ပိုလုပ်ရုံသာ ရှိသည်။

ဝမ်ထောင်သည် ပတ်ဝန်းကျင်၌ ဇွန်ဘီမရှိကြောင်း အတည်ပြုပြီး ပစ္စည်းအချို့ကို အရင်သယ်ရန် ပြင်လိုက်စဉ်မှာပင် သဲ့သဲ့မျှ ကြားရသော အသံတစ်ခု ပေါ်လာသည်။

"ဟင်.. ဒါက ဘာသံလဲ.. ပိုပိုကျယ်လာတယ်.."

ဝမ်ထောင်သည် ချက်ချင်းပင် သတိဝီရိယ ထားလိုက်၏။ သူသည် ရိက္ခာများကို ချထားခဲ့ပြီး လက်ထဲမှ သံမှိုရိုက်ထားသောသံတုတ်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ အပြင်ဘက်ရှိ ဇွန်ဘီများမှာလည်း ထိုအသံကို ကြားရဟန်ရှိပြီး ရူးသွပ်သလို ဖြစ်လာကြ၏။

ကပ်ဘေးကာလတွင် သေးငယ်သော ပြောင်းလဲမှုသည်ပင် အသက်အန္တရာယ် ဖြစ်နိုင်ပါသည်။ အခြေအနေကို သေချာမသိရမီ ဝမ်ထောင်သည် အိမ်သို့ ပြန်ရန် မစွန့်စားဝံ့ပေ။

သူသည် စားသောက်ဆိုင်အတွင်းမှ ဆက်လက် စောင့်ဆိုင်းနေပြီး တံခါးရှိ သံလိပ်တံခါးဆွဲတံကို အသင့်ကိုင်ထားလိုက်သည်။

အကယ်၍ ဇွန်ဘီများ လာပါက တံခါးကို ချက်ချင်း ဆွဲချလိုက်မည် ဖြစ်၏။ စားသောက်ဆိုင်၏ နောက်တံခါးကိုမူ ဝမ်ထောင်က အတွင်းမှ သော့ခတ်ထားပြီး ဖြစ်သည်။

"ဝူး.."

"ဝီဝီ.."

အသံမှာ အနီးသို့ ရောက်လာသဖြင့် တံခါးနားတွင် ပုန်းနေသော ဝမ်ထောင်သည် ရုတ်တရက် မော့ကြည့်လိုက်၏။

အဝေးမှ ပြာလွင်သော ကောင်းကင်ထက်၌ အမည်းစက်လေး တစ်စက် ပေါ်လာသည်။

"ဒါ.. ဒါ လေယာဉ်ပျံပဲ.."

ဝမ်ထောင်၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြီး စိတ်ထဲ၌ စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရ၏။

သူသည် အိတ်ကပ်ထဲမှ ဖုန်းကို အမြန်ထုတ်ကြည့်လိုက်သည်။

"ဒီနေ့က.. ဧပြီလ ၁၈ ရက်ပဲ.. အစိုးရရဲ့ ကြေညာချက်မှာ ထောက်ပံ့ရေးပစ္စည်း ချပေးမယ်လို့ ပြောထားတဲ့နေ့ပဲ.."

"အစိုးရက ရှိနေသေးတာပဲ.. အနည်းဆုံးတော့ သူတို့ အလုပ်လုပ်နေတုန်းပဲ.."

ဝမ်ထောင်၏ စိတ်အခြေအနေမှာ ချက်ချင်းပင် တက်ကြွသွားပြီး တဖြည်းဖြည်း ကြီးလာသော အမည်းစက်လေးကို စိုက်ကြည့်နေမိသည်။

အင်ဂျင်သံမှာ ပို၍ ကျယ်လောင်လာသောအခါ ၎င်းမှာ အစိုးရ၏ စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ် ဖြစ်ကြောင်း ဝမ်ထောင် သိလိုက်ရသည်။

တကယ်ပဲ ပစ္စည်းတွေ ချပေးတော့မှာလား..။

ဝမ်ထောင်မှာ မျှော်လင့်ချက်များ ရှိလာ၏။

"ငါတို့နားမှာသာ ချပေးရင် သိပ်ကောင်းမှာပဲ.."

"ဝေါ..ဝေါ .."

"ဂီး..ဂီး ..ဂရား."

လေယာဉ် ရောက်လာသဖြင့် အပြင်ဘက်ရှိ ဇွန်ဘီများမှာ ပို၍ ကြမ်းတမ်းလာပြီး ဟိုဟိုဒီဒီ ပြေးလွှားနေကြသည်။

ဝမ်ထောင် အနည်းငယ် စိုးရိမ်မိသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ဤနေရာ၌ ဇွန်ဘီ အလွန်အမင်း မများသဖြင့် လောလောဆယ်တွင် သူ ရှိနေသည်ကို မသိကြသေးပေ။

"သူတို့ ပစ္စည်းတွေ ချပေးနေပြီ.."

ရုတ်တရက် ဝမ်ထောင်သည် သယ်ယူပို့ဆောင်ရေးလေယာဉ်၏ နောက်ပိုင်းမှ သေတ္တာများ ထွက်ကျလာသည်ကို မြင်လိုက်ရသည်။ အချို့မှာ လေထီး ပွင့်လာသော်လည်း အချို့မှာမူ မပွင့်ကြပေ။

လေယာဉ်သည် သူ့ဆီသို့ နီးကပ်လာသဖြင့် ဝမ်ထောင်မှာ ပို၍ စိတ်လှုပ်ရှားလာသည်။

သို့သော် မကြာမီ ဝမ်ထောင်သည် စိတ်ထဲမှ ကျိန်ဆဲမိတော့၏။

အဘယ်ကြောင့်ဆိုသော် လေယာဉ်သည် သူ့အနားသို့ ရောက်ခါနီးမှ ကွေ့သွားသောကြောင့် ဖြစ်သည်။

"ထားလိုက်ပါတော့.. ဒါ ငါ့ကံပဲ.. ဟင်.."

ဝမ်ထောင်သည် သူ၏ ကံကို အပြစ်တင်ရန် ပြင်လိုက်စဉ်မှာပင် လေယာဉ်သည် ကွေ့နေရင်းဖြင့် နောက်ထပ် အေဒီ (Airdrop) တစ်ခုကို ချပေးလိုက်သည်ကို မြင်လိုက်ရ၏။

ထို အဲဒရော့ မှာ သူနှင့် အလွန်နီးကပ်လှသည်။

သေတ္တာပေါ်ရှိ စာလုံးကြီးများကိုပင် သူ မြင်နေရ၏။ ထို့ပြင် ၎င်းမှာ လေထီးဖြင့် ချပေးလိုက်ခြင်း ဖြစ်သည်။

ဝမ်ထောင်သည် ထိုခဏ၌ တွေဝေသွားရလေတော့သည်။

သွားယူရမလား.. မယူဘဲ နေရမလား..။

……….

All Chapters