အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း ၃၅ - လူလိမ်တွေ.. အားလုံးဟာ လူလိမ်တွေပဲ..
အဆောင်အတွင်း၌ တင်ယွီချင်သည် အိပ်ပျော်ရန် ကြိုးစားနေ၏။
သူမ နိုးလာချိန်တွင် ဝမ်ထောင် ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်တွေ့လိုသောကြောင့် ဖြစ်သည်။ သို့သော် ဝမ်ထောင် မရှိသဖြင့် စိတ်မလုံခြုံမှုကို ပြင်းထန်စွာ ခံစားနေရပြီး အိပ်စက်၍ မရနိုင်တော့ပေ။
ထို့ကြောင့် သူမသည် ဝရန်တာ၌ ရပ်ကာ ဝမ်ထောင်ကို စောင့်ကြည့်နေမိလေသည်။
အမြင်အာရုံ အကန့်အသတ်ကြောင့် ဝမ်ထောင်သည် အဆောင် (၄) မှ မည်သို့ထွက်ခွာသွားသည်၊ ဇွန်ဘီများကို မည်သို့ ရှောင်ကွင်းသွားသည်ကို သူမ မမြင်ရသော်လည်း၊ သူသည် ခြံစည်းရိုးကို အလွယ်တကူ ကျော်တက်ကာ ဇွန်ဘီများကို တိမ်းရှောင်သွားသည်ကိုမူ မြင်လိုက်ရ၏။
ထိုမြင်ကွင်းက တင်ယွီချင်ကို စိတ်လှုပ်ရှားသွားစေသည်။
"ဝမ်ထောင်က သိပ်သန်မာတာပဲ.. သူ သေချာပေါက် အဆင်ပြေမှာပါ.."
ဝမ်ထောင်သည် တံတိုင်းကို ကျော်သွားပြီးနောက် ဘာဖြစ်သည်ကို သူမ မမြင်ရတော့ဘဲ လမ်းမကြီး၏ တစ်စိတ်တစ်ပိုင်းကိုသာ မြင်ရတော့သည်။ သို့သော် သူမသည် ဝရန်တာ၌ပင် ဆက်ရှိနေပြီး အနက်ရောင် နှာခေါင်းစည်းကို ချုပ်လုပ်ရင်း လူနေရပ်ကွက်၏ အဝင်ဝကို ခဏခဏ လှမ်းကြည့်နေမိ၏။
သူမချုပ်နေသညထမှာ အဖြူရောင် ဦးခေါင်းရိုးပါးစပ်ပုံစံ ပါရှိသော အလွှာနှစ်ထပ် နှာခေါင်းစည်း ဖြစ်သည်။ ဝမ်ထောင်သည် ယခင်က ဦးခေါင်းခွံပုံ ပါသော ရှပ်အင်္ကျီတစ်ထည်ကို မြင်ဖူးပြီး ၎င်းကို ညှပ်၍ နှာခေါင်းစည်းတွင် ချုပ်လိုက်ပါက အလွန်မိုက်လိမ့်မည်ဟု ပြောဖူးခဲ့သည်။
သို့သော် ဝမ်ထောင်မှာ ထိုသို့သော အလှအပများအတွက် အချိန်မရှိပေ။ တိုက်ခိုက်ရေးစွမ်းရည် မတိုးတက်စေသော အရာများထက် လေ့ကျင့်ခန်း လုပ်ရန်သာ သူ ပိုစိတ်အားထက်သန်သည်။
ထို့အပြင် သူ၏ လက်မှုပညာမှာလည်း အလွန်ပင် ညံ့ဖျင်းလှ၏။ တင်ယွီချင်ကမူ သူ၏ စကားကို မှတ်သားထားခဲ့သည်။ သူမမှာ အိမ်တွင် လုပ်စရာ မရှိသဖြင့် ဝမ်ထောင်အတွက် ခပ်မိုက်မိုက် နှာခေါင်းစည်းသစ်တစ်ခုကို ကူညီချုပ်ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
နှာခေါင်းစည်း ချုပ်ပြီးသွားချိန်တွင် အောက်ဘက်ရှိ ဇွန်ဘီများမှာ ရုတ်တရက် ရူးသွပ်လာကြပြီး အဝေးမှ အင်ဂျင်သံသဲ့သဲ့ကို ကြားလိုက်ရသည်။
ဘာဖြစ်နေမှန်း သူမ မသိသော်လည်း ပြင်ပရှိ သောင်းကျန်းနေသော ဇွန်ဘီများကို ကြည့်ကာ သူမ ရင်တထိတ်ထိတ် ဖြစ်လာရ၏။
"ဝမ်ထောင်.. မင်း ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်.."
အပြင်ဘက်မှ ဆူညံသံများ ပိုကျယ်လာပြီး ဇွန်ဘီများလည်း ပို၍ ကြမ်းတမ်းလာသဖြင့် တင်ယွီချင်သည် ပို၍ပင် စိုးရိမ်တကြီး ဖြစ်လာလေသည်။
"ဒါက လေယာဉ်ပျံသံနဲ့ တူတယ်.."
သူမသည် သယ်ယူပို့ဆောင်ရေး လေယာဉ်ကို မမြင်ရသော်လည်း လေယာဉ် စီးဖူးသဖြင့် ထိုအသံမှာ လေယာဉ်သံနှင့် ဆင်တူကြောင်း သိရှိသည်။ လေယာဉ်တစ်စင်း ဖြတ်ပျံသွားသည်ဟု သူမ ခန့်မှန်းလိုက်၏။
သူမ၏ စိုးရိမ်မှုမှာ ဝမ်ထောင်အတွက် ဖြစ်သော်လည်း အစိုးရ၏ ကယ်ဆယ်ရေး ရောက်လာနိုင်သည်ဟူသော အတွေးကြောင့် စိတ်လှုပ်ရှားမှုကိုလည်း ခံစားရသည်။ သို့သော် ဤကပ်ဘေးကာလကို ဖြတ်သန်းပြီးနောက် ကယ်ဆယ်ရေး အယူအဆအပေါ် သူမ လုံးဝ မျှော်လင့်ချက် ကုန်ဆုံးနေပြီ ဖြစ်သည်။
လေယာဉ်သံ ကြားရသော်လည်း သူမ အလွန်အမင်း မျှော်လင့်ချက် မထားဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် မျှော်လင့်ချက် ကြီးလေ မဖြစ်လာချိန်တွင် စိတ်ပျက်ရမှု ပြင်းထန်လေ ဖြစ်သောကြောင့်ပင်။ ယခုအခါ သူမသည် မျှော်လင့်ချက် အားလုံးကို ဝမ်ထောင် အပေါ်တွင်သာ ပုံအောထားသည်။ ဝမ်ထောင်က သူမကို စွန့်ပစ်မည် မဟုတ်ဟု ကတိပေးထားခဲ့သည် မဟုတ်ပါလား။
တင်ယွီချင်သည် ဝမ်ထောင် အမြန်ပြန်လာရန် ဆုတောင်းနေစဉ် ရုတ်တရက် ဟိန်းသံတစ်ခုကို ထပ်မံ ကြားလိုက်ရပြန်သည်။ ဤတစ်ကြိမ်တွင် အသံမှာ ကောင်းကင်ထက်၌ မဟုတ်ဘဲ လူနေရပ်ကွက် အဝင်ဝတွင် ဖြစ်သည်။
သူမ အမြန် လှမ်းကြည့်လိုက်သောအခါ အဖြူရောင် ပစ်ကပ်ကား တစ်စင်းသည် လမ်းကြားလေးထဲမှ နောက်ပြန်ထွက်လာပြီး အရှိန်ပြင်းပြင်းဖြင့် လှည့်ကာ ဟက်ပီးနက်စ် လူနေရပ်ကွက်ဘက်သို့ ဦးတည်လာသည်ကို မြင်လိုက်ရ၏။
"ဒါ.. ဒါ ဝမ်ထောင်ပဲ.."
တင်ယွီချင်သည် စိတ်လှုပ်ရှားစွာဖြင့် လက်ထဲမှ နှာခေါင်းစည်းကို တင်းတင်းဆုပ်ထားမိသည်။ အကွာအဝေး ဝေးသဖြင့် မောင်းနှင်သူ၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း ဝမ်ထောင်၏ ကိုယ်လုံးကိုယ်ပေါက်နှင့် သူ၏ အနက်ရောင် ဝတ်စုံကိုမူ သူမ ကောင်းစွာ မှတ်မိနေသည်။
"သူ ကားကို ရပ်ကွက်ထဲ မောင်းဝင်လာတော့မှာလား.. သူ ရိက္ခာတွေ အများကြီး ရခဲ့တာ နေမှာပဲ.. သိပ်ကောင်းတာပဲ.."
တင်ယွီချင်၏ တစ်ယောက်တည်း ရေရွတ်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။
ဝမ်ထောင်သည် ကားကို ရပ်ကွက်ထဲသို့ မောင်းမဝင်လာဘဲ အခြားလမ်းမတစ်ခုသို့ တိုက်ရိုက် မောင်းထွက်သွားသည်ကို သူမ မြင်လိုက်ရသောကြောင့် ဖြစ်၏။ မျက်တောင်တစ်ခတ်အတွင်း အဖြူရောင် ပစ်ကပ်ကား၏ နောက်မီးနီနှစ်လုံးကိုသာ သူမ မြင်ရတော့သည်။
"သူ.. ထွက်သွားပြီလား.."
တင်ယွီချင်၏ မျက်နှာမှာ မှိုင်တွေ သွားပြီး သက်မဲ့ရုပ်တုတစ်ခုလို ကြက်သေသေသွား၏။
"ဒေါက်.."
သူမ ချုပ်ပြီးခါစ နှာခေါင်းစည်းလေးသည် လည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"သူ အင်အားရှိရင် ငါ့ကို စွန့်ပစ်မှာ မဟုတ်ဘူးလို့ ကတိပေးခဲ့တာလေ.. အခု သူက အင်အားတွေ ရှိနေသေးတာပဲကို.."
"လူလိမ်.."
"အားလုံးဟာ လူလိမ်တွေပဲ.."
"ဟီး.. အီး.. ဟီး.."
---
လွန်ခဲ့သော ဆယ်မိနစ်ခန့်က..
ဝမ်ထောင်သည် ခေတ္တ တွေဝေပြီးနောက် လေထီးဖြင့်ချပေးသော ထောက်ပံ့ရေးပစ္စည်းကို သွားယူရန် ဆုံးဖြတ်လိုက်သည်။
အခွင့်အရေး ဆိုသည်မှာ ပြင်ဆင်ထားသူများအတွက်သာ ဖြစ်၏။ ထိုပစ္စည်းမှာ သူနှင့် သိပ်မဝေးလှပေ။ အကယ်၍ ယခု အခွင့်အရေးကို လက်လွှတ်လိုက်ပါက နောက်တစ်ကြိမ် မည်သည့်အချိန်တွင် ရဦးမည်ကို သူ မသိနိုင်ပေ။
ထို့အပြင် ဝမ်ထောင်သည် ရိက္ခာအတွက်သာမက ပြင်ပကမ္ဘာနှင့် အစိုးရ၏ အခြေအနေကို သိလိုသဖြင့် ထိုပစ္စည်းကို လိုချင်ခြင်း ဖြစ်သည်။
အခြေအနေများကို ပြန်လည် ထိန်းချုပ်နိုင်ဦးမည်လား၊ အစိုးရက ဤကပ်ဘေးအကြောင်း ဘာတွေ သိထားသလဲ ဆိုသည်ကို သူ သိလိုသည်။ အစိုးရသည် ထိုအချက်အလက်များကို ပစ္စည်းထုပ်ထဲတွင် ထည့်ထားလိမ့်မည်ဟု သူ ယုံကြည်နေ၏။
ထို့ကြောင့် ဤသည်မှာ အခွင့်အရေး တစ်ခုပင်။
အပြင်ဘက်တွင် ဆီအပြည့်ပါသော ပစ်ကပ်ကားတစ်စင်း ရှိနေသည်၊ ပစ္စည်းကျသည့် နေရာမှာ လူသူနည်းပါးသည်၊ လမ်းမများပေါ်တွင်လည်း ကားရှင်းနေ၏..။
ပို၍ အရေးကြီးသည်မှာ သူ့တွင် ဇွန်ဘီများ၏ အမြင်မှ ကွယ်ဝှက်ပေးနိုင်သော ကိုယ်ပျောက်ဆေးရည် နှစ်ပုလင်း ရှိနေခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ ယုံကြည်မှု အရင်းအမြစ်ပင် ဖြစ်လေသည်။
ဝမ်ထောင်သည် စွန့်စားရသည်ကို မနှစ်သက်သော်လည်း ယခုကဲ့သို့ အခွင့်သာနေသော အခြေအနေတွင်မူ ဤစွန့်စားမှုမှာ ထိုက်တန်သည်ဟု ခံစားရသည်။ ထို့ကြောင့် ဝမ်ထောင်သည် ကားသော့ကို ယူကာ ပစ်ကပ်ကား တံခါးကို ဖွင့်ပြီး သူစုဆောင်းထားသော ရိက္ခာအားလုံးကို ကားပေါ်သို့ တင်လိုက်၏။
ထို့နောက် အဝေးမှ ဇွန်ဘီများ မတုံ့ပြန်နိုင်ခင်မှာပင် နောက်ပြန်လှည့်ကာ လီဗာကို အစွမ်းကုန် နင်းလိုက်လေတော့သည်။
"ဝူး...ဝူး.."
အဖြူရောင် ပစ်ကပ်ကားသည် လမ်းဘေးရှိ ဇွန်ဘီအချို့ကို မီးခိုးများ တိုက်ကျွေးကာ အရှိန်ဖြင့် ထွက်ခွာသွား၏။
ကားထဲတွင် ဝမ်ထောင်သည် နားစည်ကို တိုးဝှေ့နေသော လေတိုးသံနှင့် လျင်မြန်စွာ ကျန်ရစ်ခဲ့သော အဆောက်အအုံများကို ကြည့်ကာ ဂုဏ်ယူမှုကို ခံစားနေရသည်။
ကပ်ဘေးကာလမှာ အိမ်ထဲမှာပဲ ပုန်းနေရမယ်လို့ ဘယ်သူပြောလဲ..။
အပြင်မှာ ဒီလိုမျိုး ပျော်ပျော်ပါးပါး သွားလာလို့ မရဘူးလား..။
လမ်းပေါ်ရှိ ဇွန်ဘီအချို့ကို ကြည့်ကာ ဝမ်ထောင်သည် လက်ခလယ် ထောင်ပြပြီး နိုင်ငံတကာသုံး မိတ်ဆွေဖွဲ့ သင်္ကေတဖြင့် ၎င်းတို့၏ မိသားစုဝင်များ ကျန်းမာပါစေကြောင်း နှုတ်ဆက်လိုက်သေးသည်။
မကြာမီ ကားသည် လူနေရပ်ကွက်အတွင်းရှိ ရင်ပြင်တစ်ခုကို ဖြတ်ရတော့မည် ဖြစ်သည်။
စွန့်ပစ်ထားသော ကားအချို့က ရင်ပြင်အဝင်ကို ပိတ်ဆို့ထား၏။ ထိုရင်ပြင်တွင် ဇွန်ဘီများစွာ ရှိသည်ကို ဝမ်ထောင် မှတ်မိနေသဖြင့် သူသည် အရှိန်ကို လျှော့ချလိုက်ပြီး အသံတိတ် လမ်းရှာရန် ကြိုးစားလိုက်သည်။ ရင်ပြင်အဝင်တွင် ပိန်လှီသော အမျိုးသမီး ဇွန်ဘီတစ်ကောင်မှာ ခေါင်းငုံ့ကာ ရပ်နေ၏။
ပစ်ကပ်ကား နီးကပ်လာသောအခါ သူမသည် ခေါင်းကို ဖြည်းဖြည်းချင်း မော့လာသည်။ သူမ၏ ပါးစပ်မှာ နားရွက်အထိ ပြဲအာနေပြီး ပို၍ ပို၍ ကျယ်လာလေသည်။ ထို့နောက်..
"ကျီ..."
"ဂရား.."
မှန်ကို ခြစ်လိုက်သကဲ့သို့ စူးရှသော အော်ဟစ်သံသည် သူမ၏ ပါးစပ်မှ ထွက်ပေါ်လာသည်။ ကားထဲရှိ ဝမ်ထောင်မှာ လန့်သွားရ၏။
"ဘာလဲဟ.."
အသံလာရာသို့ ကြည့်လိုက်ရာ ပါးစပ်ပြဲနှင့် အမျိုးသမီး ဇွန်ဘီကို မြင်လိုက်ရသည်။
"ဟင်.. သူမရဲ့ သွေးပမာဏက ၂၀၀/၂၀၀ ပဲ ရှိတာလား.."
ဝမ်ထောင် အံ့သြနေစဉ်မှာပင် ထိုအော်သံကြောင့် ရင်ပြင်အတွင်းရှိ ဇွန်ဘီအုပ်ကြီး နိုးကြားလာသည်ကို မြင်လိုက်ရသည်။ ၎င်းတို့သည် တစ်ကောင်ပြီးတစ်ကောင် ခေါင်းလှည့်လာကာ ပစ်ကပ်ကားဆီသို့ လမ်းလျှောက်လာကြပြီး အချို့မှာမူ ဝမ်ထောင်ဆီသို့ ပြေးဝင်လာကြလေပြီ။
"သွားပြီ.."
ဇွန်ဘီ ရာကျော်ခန့် ပြေးဝင်လာသည်ကို မြင်သောအခါ ဝမ်ထောင်သည် လမ်းရှာမနေတော့ဘဲ စတီယာရင်ကို လှည့်ကာ ထိုအော်ဟစ်တတ်သော ဇွန်ဘီကို တိုက်လိုက်လေသည်။
"အော်ဦးဟ.."
"ဘုန်း..."
【-၃၄】
【-၁၆၆】
【၀/၂၀၀】
အော်ဟစ်တတ်သော ဇွန်ဘီမှာ လွင့်ထွက်သွားပြီးနောက် ကားဘီးဖြင့် အကြိတ်ခံလိုက်ရကာ ချက်ချင်းပင် သေဆုံးသွား၏။
ဝမ်ထောင်သည် ကားပြတင်းပေါက်မှ လက်တစ်ဖက်ကို ထုတ်လိုက်ပြီး စိတ်ဖြင့် အာရုံပြုကာ ထိုဇွန်ဘီထံမှ ကျန်ရစ်သော ပစ္စည်းထုပ်ကို သိမ်းဆည်းလိုက်သည်။ ဇွန်ဘီနှင့် သုံးမီတာအတွင်း ရှိနေပါက ထိုပစ္စည်းထုပ်များကို စုပ်ယူနိုင်ကြောင်း သူ စမ်းသပ်ထားပြီးသား ဖြစ်သည်။
သူမမှာ ဘာပစ္စည်း ကျန်ခဲ့သလဲဆိုသည်ကို ကြည့်ရန် အချိန်မရှိပေ။ သူသည် လီဗာကို အကုန်နင်းလိုက်ပြီး ပစ်ကပ်ကားသည် အရှိန်ဖြင့် ရှေ့ရှိ စွန့်ပစ်ထားသော ကားတစ်စင်း၏ နောက်ပိုင်းကို ဝင်တိုက်လိုက်သည်။
"ဂျိမ်း.."
ပြင်းထန်သော တိုက်မိမှုနှင့်အတူ ရှေ့မှကားမှာ ဘေးသို့ လွင့်ထွက်သွားသည်။
ပစ်ကပ်ကားမှာလည်း ပြင်းထန်စွာ တုန်ခါသွားပြီး ထိန်းချုပ်မှု ကင်းမဲ့လုနီးပါး ဖြစ်သွား၏။ ဝမ်ထောင်သည် စတီယာရင်ကို အမြန်ထိန်းကျောင်းကာ ကားကို တည်ငြိမ်အောင် လုပ်လိုက်ရသည်။
နောက်ကြည့်မှန်မှတစ်ဆင့် ရာနှင့်ချီသော ရုပ်ဆိုးလှသည့် ဇွန်ဘီကြီးများ လိုက်လာသည်ကို မြင်သဖြင့် ဝမ်ထောင်သည် လီဗာကို ထပ်မံ နင်းလိုက်ပြန်သည်။
"တောက်.. ငါ နောက်တစ်ခါ ဘယ်တော့မှ မောက်မာမနေတော့ဘူး.."
............
အခန်း ၃၆ - ရေစက်ရုံ
အိမ်၌ ဆယ်ရက်ကျော် နေထိုင်ခဲ့စဉ်အတွင်း အပြင်ဘက်၌ ကားမောင်းသံ သို့မဟုတ် မည်သည့်အသံကိုမျှ အဘယ်ကြောင့် မကြားရသနည်း ဆိုသည်ကို ဝမ်ထောင် နောက်ဆုံး၌ နားလည်သွားလေ၏။
အပြင်ဘက်၌ အသက်ရှင်ကျန်ရစ်သူ နည်းပါးခြင်းမှာ အကြောင်းရင်းတစ်ခု ဖြစ်သော်လည်း ကားသံက ဇွန်ဘီများကို ဆွဲဆောင်နိုင်စွမ်းမှာ အမှန်တကယ်ပင် အားကောင်းလွန်းလှသောကြောင့်ပင်။
ယခုလည်း ကားနောက်သို့ ဇွန်ဘီအုပ်ကြီး လိုက်ပါလာသဖြင့် သူသည် ကားကို မရပ်ဝံ့ပါ။
သို့သော် ကားကို မြန်မြန်မောင်းလေလေ အသံမှာ ပိုကျယ်လာလေဖြစ်ရာ ဇွန်ဘီများကို ပို၍သာ ဆွဲဆောင်သကဲ့သို့ ဖြစ်နေလေသည် .. ၎င်းမှာ လုံးဝကို ဆိုးဝါးသော သံသရာဖြစ်နေ၏။
အကယ်၍ လမ်းများ ရှင်းလင်းနေပါက ဇွန်ဘီများသည် ကားတစ်စီးကို အမှီလိုက်နိုင်မည် မဟုတ်ပေ။ သို့သော် လမ်းပေါ်၌ အတားအဆီးများစွာ ရှိနေသဖြင့် ကားမောင်းနှင်မှုကို အနှောင့်အယှက် ဖြစ်စေ၏။
အထူးသဖြင့် လမ်းပိတ်ဆို့မှုများကို ကားဖြင့် တိုက်၍ ဖြတ်ကျော်ရသောအခါ ကားရှိန်ကို နှေးကွေးစေရုံသာမက အသံများစွာကိုလည်း ထွက်ပေါ်စေလေသည် .. ကားသည် ဇွန်ဘီအုပ်နှင့် ဝေးအောင် မမောင်းနိုင်တော့ဘဲ နောက်မှ လိုက်လာသော ဇွန်ဘီအရေအတွက်မှာလည်း ပို၍ တိုးပွားလာသည်ကို မြင်သောအခါ ဝမ်ထောင်သည် သူကိုယ်တိုင် အနည်းငယ် အဆင်ခြင်မဲ့သွားကြောင်း သတိထားမိလိုက်၏။
ယခုကဲ့သို့ အချိန်မျိုး၌ လူသူနည်းသော နေရာသို့ ကားမောင်းသွားခြင်းမှာပင် အလွန် အန္တရာယ်များလှလေသည်။
သို့သော် အခြေအနေမှာ ပို၍ အန္တရာယ်များလာလေလေ ဝမ်ထောင်သည် ပို၍ တည်ငြိမ်လာလေလေပင်။
"ငါ ဒါကိုပဲ စမ်းကြည့်ရတော့မယ် .."
လမ်းကြားလေးတစ်ခုသို့ ရောက်သောအခါ သူသည် ဘရိတ်ကို အားဖြင့် နင်းလိုက်လေသည်။
ထို့နောက် သူ၏လက်နက်ကို ဆွဲကိုင်ကာ ကားပေါ်မှ ဆင်းလိုက်ပြီး ကားတံခါးကို တစ်ဆက်တည်း ပိတ်လိုက်၏။
သူ့နောက်မှ လိုက်လာသော ဇွန်ဘီအုပ်ကြီးကို တစိချက်ကြည့်ကာ လမ်းကြားငယ်လေးတစ်ခုထဲသို့ ချက်ချင်း တိုးဝင်သွားလေသည်။
ဇွန်ဘီများ၏ ပစ်မှတ်မှာ ရှင်းလင်းလှ၏။ ၎င်းတို့သည် ဝမ်ထောင် လမ်းကြားထဲသို့ ဝင်သွားသည်ကို မြင်သောအခါ နောက်မှ အတင်း လိုက်လာကြတော့သည်။
လမ်းကြားထဲ၌ ဝမ်ထောင်သည် ဟိုဘက်ဒီဘက် ကွေ့ပတ်ပြေးနေ၏။
မိနစ်ဝက်ခန့် ပြေးပြီးနောက် အဆောက်အဦးများ ကွယ်နေသဖြင့် ဇွန်ဘီများကို မမြင်ရတော့သော်လည်း ပတ်ဝန်းကျင်၌ လှုပ်ရှားသံများကို ကြားနေရဆဲ ဖြစ်လေသည်။
ဝမ်ထောင်၏ လက်ျာလက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးထိုးပြွန်တစ်ခု လက်ဖဝါးပေါ်၌ ပေါ်လာလေ၏။
ကိုယ်ပျောက်ဆေးရည် (အလတ်စား) -
ဆေးထိုးပြီးနောက် မိမိ၏ ရှိနေမှုကို ဖုံးကွယ်ထားနိုင်သဖြင့် ဇွန်ဘီများ ရှာဖွေတွေ့ရှိရန် ခက်ခဲစေမည်။
ကြာချိန် - ၁ နာရီ။
ဆေးအနားယူချိန်- ၁၂ နာရီ။
အကြံပြုချက် - နေ့ဘက်တွင် သုံးပါက အကောင်းဆုံး ရလဒ် ရနိုင်သည်။
သူသည် မဆိုင်းမတွပင် အင်္ကျီလက်ကို မတင်ကာ လက်မောင်းကို ချိန်ရွယ်၍ ဆေးထိုးလိုက်လေသည်။
" .."
အနည်းငယ် စူးရှသော နာကျင်မှုကို ခံစားရသော်လည်း ဝမ်ထောင်မှာ မျက်တောင်တစ်ချက် မခတ်ပေ။
သူ၏ သွေးတန်းအောက်၌ ကိုယ်ပျောက်ခြင်း (အလတ်စား) အခြေအနေ ပေါ်လာသည်ကို မြင်လိုက်ရ၏။
ထို့နောက် စာတန်းနှစ်ကြောင်း ပေါ်လာလေသည် ..
ကျန်ရှိချိန် - ၅၉:၅၉
ဆေးအနားယူချိန် - ၁၁:၅၉:၅၉ (အနားယူချိန်အတွင်း တူညီသော ဆေးရည်ကို သုံးပါက အာနိသင် ရှိမည်မဟုတ်ပါ)
မကြာမီ ဝမ်ထောင်သည် သူ၏ ခန္ဓာကိုယ် ပို၍ အေးစက်လာပြီး အသက်ရှုသံ နှေးကွေးသွားကာ ခြေလက်များ လေးလံလာသည်ကို ခံစားလိုက်ရ၏။
"ဒီအရာက အဆိပ်တော့ မဟုတ်ဘူးမလား .."
ခန္ဓာကိုယ်၏ အပြောင်းအလဲကို ခံစားနေရသဖြင့် ဝမ်ထောင်မှာ အနည်းငယ် စိုးရိမ်နေမိလေ၏။
ကံကောင်းသည်မှာ သုံးစက္ကန့်မှ ငါးစက္ကန့်ခန့် ကြာပြီးနောက် ခန္ဓာကိုယ် အပူချိန် ကျဆင်းမှု ရပ်တန့်သွားကာ အသက်ရှုသံ တည်ငြိမ်သွားလေသည်။ ခြေလက်များမှာ အနည်းငယ် ထုံကျဉ်နေသော်လည်း လှုပ်ရှားမှုကို များစွာ ထိခိုက်ခြင်း မရှိပေ။
အကြီးမားဆုံး အပြောင်းအလဲမှာ ဝမ်ထောင်၏ ကိုယ်ပေါ်မှ ပုပ်စော်နံသော အနံ့တစ်ခု ထွက်ပေါ်လာခြင်းပင် ။ ၎င်းမှာ ဇွန်ဘီများ၏ အနံ့နှင့် တစ်ထပ်တည်း တူညီလှလေသည်။
"ငါ့ရဲ့ အငွေ့အသက်ကို ဇွန်ဘီလို ပြောင်းလိုက်တာလား။ ငါ့ကို ဇွန်ဘီလို့ အထင်မှားအောင် လုပ်တာ ဖြစ်မယ် .. ဒါကလည်း ဖြစ်နိုင်တာပဲ .."
ဆေးထိုးပြီးနောက် ဇွန်ဘီစစ်တပ်သည် ပစ်မှတ် ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်သွားလေ၏။ ပတ်ဝန်းကျင်မှ အသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားကာ မကြာမီ မည်သည့်အသံမျှ မကြားရတော့ပေ။
ဝမ်ထောင်သည် သတ္တိမွေးကာ နောက်သို့ ပြန်သွားကြည့်လေသည်။
ဇွန်ဘီအုပ်ကြီးသည် လမ်းကြားထဲ၌ ဘာလုပ်ရမှန်း မသိဘဲ ရပ်နေသည်ကို သူ မြင်လိုက်ရ၏။
ဝမ်ထောင်က သူတို့ အနားသို့ အနည်းငယ် တိုးသွားသော်လည်း ဇွန်ဘီများက မတုံ့ပြန်ပေ။
သူသည် နောက်ထပ် အနည်းငယ် ထပ်တိုးသွားသော်လည်း ဇွန်ဘီများက ငြိမ်သက်နေဆဲ ဖြစ်လေသည်။
ရှေ့ဆုံးမှ ဇွန်ဘီနှင့် သုံးမီတာခန့် အကွာသို့ ရောက်သောအခါမှသာ ထိုဇွန်ဘီသည် ခေါင်းလှည့်လာပြီး သူ၏ မှုန်ဝါးသော မျက်လုံးများဖြင့် စိုက်ကြည့်လေ၏။
ဝမ်ထောင်သည် အချိန်မရွေး ပြေးရန် ပြင်ဆင်ထားသော်လည်း ဇွန်ဘီမှာ သူ့ကို ကြည့်ရုံသာ ကြည့်နေပြီး လှုပ်ရှားမှု မရှိပေ။
နှစ်မီတာ အကွာသို့ ရောက်သောအခါ ဇွန်ဘီသည် လှုပ်ရှားလာ၏။ သို့သော် တိုက်ခိုက်ခြင်း မဟုတ်ဘဲ ဝမ်ထောင်ထံသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာခြင်း ဖြစ်လေသည်။
၎င်းမှာ လူသားကို တွေ့ရှိသော ပုံစံမျိုး မဟုတ်ဘဲ တစ်စုံတစ်ခုကို သတိပြုမိသဖြင့် အနားသို့ လာကြည့်သော ပုံစံမျိုးသာ ဖြစ်၏။
လမ်းကြားထဲ၌ ဇွန်ဘီ တစ်ရာကျော် ရှိနေသဖြင့် ဝမ်ထောင်သည် ထပ်မံ၍ စမ်းသပ်ခြင်း မပြုဝံ့တော့ပေ။
သူသည် အသံအနည်းငယ် ထွက်အောင် ခြေလှမ်းကျဲကျဲဖြင့် ထွက်ပြေးလိုက်လေသည်။
လမ်းလျှောက်သံကို ကြားသောအခါ ဇွန်ဘီအချို့က ဝမ်ထောင် ပြေးသွားသော ဘက်သို့ ကြည့်ကြသော်လည်း အနည်းငယ်သာ နောက်မှ လိုက်လာပြီး ကျန်သော ဇွန်ဘီများမှာ မလှုပ်ရှားကြတော့ပေ။
"ဇွန်ဘီတွေက အာရုံခံစားမှု တစ်ခုတည်းကို သုံးတာ မဟုတ်ဘဲ အာရုံပေါင်းစုံကို သုံးပြီး ရှာဖွေတာ ဖြစ်မယ် .. အခု ငါ့ဆီက လူနံ့ ပျောက်သွားပြီ ဆိုတော့ ငါ အသံ အကျယ်ကြီး မထွက်သရွေ့ သူတို့ ငါ့ကို စိတ်ဝင်စားမှာ မဟုတ်တော့ဘူး .."
သူသည် အခြားလမ်းကြားတစ်ခုမှ ထွက်လာပြီး ကားရှိရာသို့ ပြန်လာခဲ့လေ၏။
ကားအနီး၌ ဇွန်ဘီ တစ်ကောင်မျှ မရှိတော့ပေ။ ဇွန်ဘီများမှာ အဝေးသို့ ရောက်ကုန်ကြပြီ ဖြစ်လေသည်။ ဝမ်ထောင်သည် ကားပေါ်တက်ကာ စက်နှိုးလိုက်၏။
"ဝုန်း .."
ကားသည် အသံအနိမ့်ဖြင့် မြည်ဟည်းသွားလေသည်။
ယခုတစ်ကြိမ်တွင် သူသည် အလွန်အမင်း မြန်မြန်မောင်းရန် မဝံ့တော့ပေ။ ဤကားမှာ အသစ်ဖြစ်သဖြင့် အရှိန်နည်းလျှင် အသံမကျယ်လှပေ။ သူ၏ ကိုယ်ပေါ်၌ လူနံ့လည်း မရှိတော့သဖြင့် ဇွန်ဘီများ သတိမထားမိနိုင်ဟု သူ ယူဆလိုက်လေသည် ..
ကားကို ဖြည်းဖြည်းမောင်းသောအခါ အမှန်တကယ်ပင် ပို၍ ဘေးကင်းသွားလေ၏။
ဇွန်ဘီအချို့သည် ကားဖြတ်သွားသည်ကို မြင်သော်လည်း အနည်းငယ် လိုက်ပြီးနောက် စိတ်မဝင်စားတော့ဘဲ ရပ်ကျန်ခဲ့လေသည်။ ၎င်းတို့၏ အမြင်တွင် ဇွန်ဘီတစ်ကောင်က ကားမောင်းသွားသည်ဟု ထင်မြင်နေကြသလား မသိပေ။
အချိန်များစွာ ကုန်ဆုံးသွားသဖြင့် လေထီးဖြင့်ချပေးသောရိက္ခာမှာ မြေပြင်သို့ ကျရောက်သွားပြီ ဖြစ်လေသည်။
ကံကောင်းသည်မှာ ရိက္ခာထုပ် ကျရောက်ပြီးနောက် အနီရောင် မီးခိုးများ ထွက်ပေါ်လာခြင်းပင်။
ပတ်ဝန်းကျင်၌ အထပ်မြင့် အဆောက်အဦးများ မရှိသဖြင့် ထိုမီးခိုးများကို ရှင်းလင်းစွာ မြင်နေရလေသည်။
"အဲဒါ မြောက်ဘက်မှာပဲ .. ငါ အပြင်ပတ်လမ်းမကနေ သွားလို့ရတယ် .."
အနီရောင် မီးခိုးကို ကြည့်ကာ ဝမ်ထောင်သည် အပြင်ပတ်လမ်းဘက်သို့ ကားကို မောင်းသွားလေသည်။
အပြင်ပတ်လမ်းမပေါ်၌ စွန့်ပစ်ထားသော ကားများ နည်းပါးသဖြင့် ဇွန်ဘီများလည်း နည်းပါးလှ၏။
ဝမ်ထောင်သည် ကားရှိန်ကို အနည်းငယ် မြှင့်လိုက်ပြီး ဇွန်ဘီနှစ်ကောင်ကို တမင်တိုက်လိုက်လေသည်။
ထက်ရှသောဓား ၁ ခု ရရှိသည်။
ထက်ရှသောဓား - ပစ္စည်းပြုလုပ်ရန် ကုန်ကြမ်း။
သံဗူး ၁ ခု ရရှိသည်။
သံဗူး - ပစ္စည်းပြုလုပ်ရန် ကုန်ကြမ်း။
ကုန်ကြမ်းအသစ် နှစ်ခု ရရှိပြီး သွေး ၁၀ တိုးလာလေသည်။
ဘေးကင်းသော နေရာသို့ ရောက်သောအခါ ဝမ်ထောင်သည် စောစောက သူ တိုက်ခဲ့သော အော်ဟစ်ဇွန်ဘီထံမှ ရရှိသော ပစ္စည်းကို စစ်ဆေးလိုက်လေ၏။
အော်ဟစ်ခြင်းဆေးရည် (အသေးစား) ။
သောက်သုံးပြီးနောက် ၁၀ မိနစ်အတွင်း စူးရှပြီး ကြာရှည်သော အော်ဟစ်သံကို ထုတ်ပေးနိုင်သည်။
ဆေးအနားယူချိန် - ၁၂ နာရီ။
အကြံပြုချက် ။ အော်ဟစ်ခြင်းသည် အသံအိုးကို ပျက်စီးစေနိုင်သဖြင့် တစ်ရက်ခန့် စကားမပြောရန် အကြံပြုသည်။
"ဒါ တကယ့် ပစ္စည်းကောင်းပဲ .. ဇွန်ဘီတွေက အသံကို အာရုံခံနိုင်တော့ အရေးကြီးတဲ့ အချိန်မှာ သူတို့ကို အဝေးကို ဆွဲထုတ်ဖို့ သုံးလို့ရမယ် .. ဘေးထွက်ဆိုးကျိုး ရှိပေမယ့် ဒါက ပြောပလောက်တာ မဟုတ်ပါဘူး .."
ဝမ်ထောင်သည် ထိုဆေးရည်ကို သုံးနိုင်မည့် အခြေအနေများစွာကို ချက်ချင်းပင် စဉ်းစားလိုက်၏။
ထောင်ချောက်ဆင်ပြီး ဇွန်ဘီများကို ဆွဲဆောင်ကာ တစ်ကောင်ချင်း သတ်ရန်လည်း သုံးနိုင်လေသည် .. သို့သော် ယခုမှာ စိတ်ကူးယဉ်နေရမည့် အချိန်မဟုတ်သဖြင့် သူသည် မီးခိုးထွက်နေသော နေရာကို အမြန် စစ်ဆေးလိုက်၏။
"ဟိုမှာပဲ .. ဒါ ရေစက်ရုံ ရှိတဲ့နေရာ ဖြစ်ရမယ် .. ရှေ့က လမ်းဆုံကနေ ကွေ့သွားလို့ ရတယ် .."
"ဟင် .."
သို့သော် လမ်းဘေးသို့ ကွေ့ဝင်လိုက်သောအခါ ဝမ်ထောင်သည် လမ်းတစ်ဖက်ရှိ တောအုပ်ထဲမှ တစ်ရှူးရှူး အသံများကို ရုတ်တရက် ကြားလိုက်ရ၏။
သူ ဘေးသို့ ကြည့်လိုက်သောအခါ မျက်လုံးများမှာ ပြူးကျယ်သွားလေတော့သည်။
တောအုပ်ထဲ၌ သုံးမီတာကျော် မြင့်သော ကြီးမားသော အရိပ်မည်းကြီး တစ်ခုကို သူ မြင်လိုက်ရ၏။
၎င်း၏ ပုံသဏ္ဍာန်ကို ရှင်းလင်းစွာ မမြင်ရသော်လည်း နီရဲသော မျက်လုံးများနှင့် ..
[ ၁၀၀၀၀/၁၀၀၀၀]
သွေးအား တစ်သောင်းကြီးလား .. ။
.....