အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း ၃၇ - ကြောက်မက်ဖွယ်ရာ အရိပ်မည်းကြီး
သူ၏ ခန္ဓာကိုယ်မှာ ကြောက်လန့်မှုကြောင့် သုံးစက္ကန့်ခန့် တောင့်တင်းနေပြီးမှ.
ဝူး..
ပစ်ကပ်ကား အင်ဂျင်သံသည် အလောတကြီးဟိန်းဟောက်သွားကာ အပြင်ပတ်လမ်းမပေါ်မှ အမြန်မောင်းထွက်ခဲ့လေ၏။
ဝမ်ထောင်သည် နောက်ကြည့်မှန်ထဲတွင် သစ်တောကို မမြင်ရတော့သည်အထိ ကားကို မရပ်ရဲဘဲ ဆင်တိုက်မောင်းခဲ့ပြီး နောက်ဆုံးတွင် အထပ်နိမ့် အဆောက်အအုံတစ်ခု၏ နောက်သို့ရောက်မှ ရပ်တန့်လိုက်သည် ။
"ဟူး.. ဟူး.."
ဝမ်ထောင်သည် အသက်ကို ပြင်းပြင်းရှူနေရပြီး ကျောပြင်တစ်ခုလုံးတွင်လည်း ချွေးအေးများ စိုရွှဲနေလေ၏။
"တော်သေးတာပေါ့.. အဲဒီကောင် လိုက်မလာလို့.. ဒါက ဘာကောင်ကြီးလဲ.."
ထိုအရာနှင့် မျက်လုံးချင်း ဆုံလိုက်သည့် ခဏ၌ ဝမ်ထောင်သည် တစ်ကိုယ်လုံးရှိ သွေးများ ခဲသွားသကဲ့သို့ ခံစားလိုက်ရသည် ။
သူ ထွက်ပြေးချင်သော်လည်း လုံးဝ မလှုပ်ရှားနိုင်ခဲ့ပေ ..
အကယ်၍ သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် လီဗာကို အတင်းနင်းခဲ့သည့် ခြေထောက်သာ မရှိလျှင် မနက်ဖြန်၏ နေရောင်ခြည်ကို သူ မြင်တွေ့ရတော့မည် မဟုတ်ပေ ။
"ဒါက သေချာပေါက် ဇွန်ဘီ မဟုတ်ဘူး.. ဇွန်ဘီတွေမှာ ဒီလောက် အသိဉာဏ်ရှိတဲ့ မျက်လုံးမျိုး မရှိဘူး.. ပြီးတော့ ငါ့ရဲ့ ကိုယ်ပျောက်ခြင်း အစွမ်းကလည်း သူ့အပေါ်မှာ အသုံးမဝင်ဘူး.. သူ့ပုံစံက ခြေလေးချောင်းသတ္တဝါနဲ့ တူတယ်.. အရေးကြီးဆုံးကတော့ သူ့ရဲ့ သွေးဘားတန်းက တစ်သောင်းတောင် ရှိနေတာပဲ.."
"မြို့ထဲမှာ နေလို့မရဘူးလို့ ပြောကြပေမဲ့ အခုတော့ တောရိုင်းထဲမှာလည်း မလုံခြုံတော့ဘူးပဲ.. တောက်.."
ဝမ်ထောင်၏ မျက်နှာသည် တင်းမာခက်ထန်နေလေသည် ။
သူသည် ထိုကဲ့သို့ အမည်မသိ ဘီလူးနှင့် ရင်ဆိုင်ရသည်ထက် ဇွန်ဘီများကိုသာ ရင်ဆိုင်လို၏ ။
အနည်းဆုံးတော့ ဇွန်ဘီကို သူ သတ်နိုင်သည် မဟုတ်ပါလား ..
သို့သော် ထိုဘီလူးနှင့် ရင်ဆိုင်ရမည်ကိုမူ..
ခုနက အကြည့်ခံလိုက်ရသည့် ခံစားချက်ကို ပြန်တွေးမိရုံနှင့်ပင် တိုက်ခိုက်လိုစိတ် လုံးဝ ပျောက်ဆုံးသွားရလေ၏ ။
"ရိက္ခာထုပ်ကို မြန်မြန်သွားယူရမယ်.. အသက်အန္တရာယ်နဲ့ မကြုံသရွေ့တော့ ဒီနေရာကို ငါ ဘယ်တော့မှ ပြန်မလာတော့ဘူး.."
ဝမ်ထောင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ခဏနားကာ ရေစက်ရုံဆီသို့ မောင်းထွက်ခဲ့သည် ။
ဤလမ်းမှာ ဗိုင်းရပ်စ် မပြန့်ပွားခင်က ပြုပြင်ထိန်းသိမ်းမှု လုပ်နေသည့် လမ်းဖြစ်သဖြင့် ကားများ ရှင်းလင်းနေလေ၏ ။ သို့သော် ဝမ်ထောင်သည် အသံကျယ်သွားမည်ကို စိုးရိမ်သဖြင့် ကားကို အရှိန်ပြင်းပြင်း မမောင်းရဲပေ ။
သူသည် သတိထား၍ မောင်းနှင်လာခဲ့ရာ ဆယ်မိနစ်အကြာတွင် ရေစက်ရုံ အပြင်ဘက်သို့ ရောက်ရှိလာခဲ့လေသည် ။
ရေစက်ရုံသည် လူသူဝေးသော နေရာတွင် ရှိပြီး ဝင်ခွင့်လက်မှတ် ရှိမှသာ ဝင်၍ရသည် ။ ထို့ပြင် စက်ရုံမှာ အလိုအလျောက် စနစ်များဖြင့် လည်ပတ်နေသဖြင့် အလုပ်သမား နှစ်ဆယ်ခန့်သာ ရှိသည်ဟု သူ ကြားဖူး၏ ။
ထို့ကြောင့် အတွင်း၌ ဇွန်ဘီ အများကြီး ရှိနိုင်မည် မဟုတ်ပေ ။
"ဘယ်သူမှ ယူမသွားသေးဖို့ မျှော်လင့်ရတာပဲ.."
ဝမ်ထောင်သည် တစ်ကိုယ်တည်း ရေရွတ်ရင်း ရေစက်ရုံ အဝင်ဝရှိ မြေကွက်လပ်တွင် ကားကို ရပ်လိုက်သည် ။ ထိုနေရာမှာ ကားများ သို့မဟုတ် ဇွန်ဘီများ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေ၏ ။
သူသည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး ဘာပြဿနာမှ မရှိသည်ကို သေချာမှ လက်နက်ကို ကိုင်ကာ ကားပေါ်မှ ဆင်းပြီး ကင်းတဲဆီသို့ လျှောက်သွားလိုက်သည် ။
"ဂီး..ရှုးရှုး.."
လုံခြုံရေး ဝတ်စုံဝတ်ထားသည့် အရိပ်တစ်ခုသည် ကင်းတဲထဲတွင် မှိုင်နေလေ၏ ။
ဝမ်ထောင်၏ ခြေသံကို ကြားရသောအခါ ထိုအရာသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လာသည် ။
ဝမ်ထောင်သည် ဘာမှမပြောဘဲ သူ၏ သံဆူးတုတ်ဖြင့် လွှဲရိုက်လိုက်လေသည် ။
ဖုန်း..
သွေးအမည်းများ စင်ထွက်သွား၏ ။
[-231]
[179/500]
ဇွန်ဘီသည် မတ်တပ်ရပ်ရုံ ရှိသေးသော်လည်း ရိုက်ချက်ကြောင့် နောက်သို့ လွင့်ထွက်သွားသည် ။
ဝမ်ထောင်သည် ရှေ့သို့ တိုးကာ နောက်ထပ် နှစ်ချက် ဆက်တိုက် ရိုက်လိုက်ပြန်၏ ။
[-245]
[-24]
[0/500]
ဇွန်ဘီ၏ ခေါင်းမှာ ပေါက်ထွက်သွားလေတော့သည် ။
တစ်ယောက်ချင်းစီ ရင်ဆိုင်ရချိန်တွင် ဝမ်ထောင်အတွက် သာမန်ဇွန်ဘီတစ်ကောင်ကို သတ်ရသည်မှာ အလွန်လွယ်ကူသော အလုပ်ပင် ဖြစ်သည် ။
ထို့ပြင် သူ၏ သွေးဘားတန်း ၂၀၀ ပြည့်သွားချိန်တွင် ခံစားရသည့် ခွန်အားကြီးမားလာမှုမှာ ထင်ယောင်ထင်မှား မဟုတ်ပေ .. သူ၏ ကြံ့ခိုင်မှုသည် တကယ်ပင် တိုးတက်လာခဲ့သည် .. ။
ယခင်က ဇွန်ဘီ၏ ဦးခေါင်းကို ရိုက်လျှင် ထိခိုက်မှု ၁၀၀ ခန့်သာ ရှိသော်လည်း အခုမူ တစ်ချက်တည်းနှင့် ၂၀၀ ကျော် ထိခိုက်သွားလေသည် ။
သူ၏ သွေးပမာဏသည်လည်း ၅ မှတ် ထပ်တိုးလာပြီး [240/240] သို့ ရောက်ရှိသွား၏ ။
[ရရှိသည် ။ ။ တိပ်ခွေ ၁ ခု ]
[တိပ်ခွေ ။ ။ ပစ္စည်းပြုလုပ်ရန် ကုန်ကြမ်း]
၎င်းမှာ သူ တစ်ခါမှ မမြင်ဖူးသေးသည့် ကုန်ကြမ်းတစ်ခု ဖြစ်သဖြင့် ဝမ်ထောင်သည် သေချာ သိမ်းဆည်းလိုက်သည် ။
ဝမ်ထောင်သည် ဇွန်ဘီနှင့် ကင်းတဲအတွင်းကို ရှာဖွေရာ အားကုန်နေသည့် စကားပြောစက် တစ်လုံး.. သော့ချိတ်တစ်ခုနှင့် ရော်ဘာတုတ်တစ်ချောင်းကို တွေ့ရ၏ ။
သူ့တွင် သော့ရှိနေသဖြင့် သံတံခါးကို အတင်းဖွင့်နေစရာ မလိုတော့ပေ ။
ဂျောက်..
သူသည် သံတံခါးကို ဖြည်းညှင်းစွာ ဆွဲဖွင့်လိုက်သည် ။ ဇွန်ဘီများ လာမနေသည်ကို အတည်ပြုပြီးနောက် သူ၏ ပစ်ကပ်ကားကို အတွင်းသို့ မောင်းဝင်ခဲ့လေ၏ ။
ရေစက်ရုံသည် အလွန်ကျယ်ဝန်းပြီး ရေကန်ကြီးများဖြင့် ပြည့်နှက်နေသည် ။ ကန်ထဲရှိ ရေများသည် ကြည်လင်နေဆဲဖြစ်ပြီး ညစ်ညမ်းနေပုံ မရပေ ။
ဝမ်ထောင်သည် ပတ်ဝန်းကျင်ရှိ တံတိုင်းများကို ကြည့်ရင်း ဤနေရာသည် အသက်ရှင်ကျန်ရစ်သူများစခန်း တည်ဆောက်ရန် သင့်တော်မည်ဟု ခံစားလိုက်ရသည် ။
သို့သော် နေရာက ကျယ်လွန်းလှ၏ ။ စောင့်ရှောက်မည့်သူ အလုံအလောက် မရှိလျှင်တော့ ဖြစ်နိုင်မည် မဟုတ်ပေ ။
"ဟိုမှာပဲ.."
စက်ရုံအတွင်း ခဏပတ်မောင်းပြီးနောက် ဝမ်ထောင်သည် ရိက္ခာထုပ်ကို တွေ့လိုက်ရသည် ။
၎င်းသည် သံဇကာဖြင့် ကာရံထားသည့် ဝန်းတစ်ခုအတွင်း၌ ရှိနေ၏ ။
ထိုဝန်းထဲတွင် သူ မသိသည့် စက်ပစ္စည်းအချို့နှင့် တံခါးပိတ်ထားသော အခန်းတစ်ခန်း ရှိသည် ။
တံခါးတွင် "အန္တရာယ်ရှိ လျှပ်စစ်ဧရိယာ.. မဝင်ရ" ဟူသော ဆိုင်းဘုတ် ချိတ်ထားသဖြင့် လျှပ်စစ်ဖြန့်ဖြူးရေးအခန်း ဖြစ်ဟန်တူလေသည် ။
မီးခိုးမထွက်တော့သော ရိက္ခာသေတ္တာသည် လျှပ်စစ်ဖြန့်ဖြူးရေးအခန်း၏ အဝင်ဝတွင် တည့်တည့်ကျနေ၏ ။၄င်းအနီးတွင် အလုပ်သမား ဝတ်စုံနှင့် လုပ်ငန်းခွင်သုံးဦးထုပ်မာများ ဆောင်းထားသည့် ဇွန်ဘီ နှစ်ကောင် ရှိနေသည် ။
"ဟူး.. နောက်ဆုံးတော့ တွေ့ပြီ.."
ဝမ်ထောင်သည် အလွန် စိတ်လှုပ်ရှားနေမိသည် ။
ဤရိက္ခာထုပ်မှာ မည်သူမှ ဖွင့်ရသေးခြင်း မရှိသဖြင့် အတွင်း၌ ဘာတွေ ရှိမလဲဆိုသည်ကို သူ အလွန်သိချင်နေလေပြီ ။
သို့သော် ထိုသို့မလုပ်ခင် ဝန်းအတွင်းရှိ ဇွန်ဘီနှစ်ကောင်ကို အရင် ရှင်းထုတ်ရပေမည် ။
ဝမ်ထောင်သည် သူ၏ အခြေအနေကို စစ်ဆေးလိုက်ရာ ကိုယ်ပျောက်ခြင်း အစွမ်းမှာ စက္ကန့် ၃၀ ခန့်သာ ကျန်တော့သည်ကို တွေ့ရ၏ ။ သူသည် အစွမ်းကုန်ဆုံးသွားသည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်သည် ။
အဘယ်ကြောင့်ဆိုသော် ကိုယ်ပျောက်ခြင်း အစွမ်းကို သုံးနေချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းနေပြီး လှုပ်ရှားမှုများကို ထိခိုက်စေသကဲ့သို့ ခွန်အားလည်း အနည်းငယ် လျော့နည်းနေသောကြောင့် ဖြစ်၏ ။
ကိုယ်ပျောက်နေသော်လည်း ဇွန်ဘီနှင့် အလွန်နီးကပ်သွားလျှင် သူ အမိခံရနိုင်သည် ။ ထို့ကြောင့် အကောင်းဆုံး အခြေအနေဖြင့် ရင်ဆိုင်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်လေသည် ။
ထို့ပြင် ဤဇွန်ဘီနှစ်ကောင်မှာ သွေးအား ၆၀၀ စီ ရှိကြသည် ။ ၎င်းမှာ သူ အရင်က တွေ့ဖူးသမျှ ဇွန်ဘီများထက် ပိုများနေ၏ ။
မိနစ်ပိုင်းမျှ အချိန်သည် မြန်မြန် ကုန်ဆုံးသွားသည် ။
ခန္ဓာကိုယ်ထဲမှ ထုံထိုင်းသည့် ခံစားချက်မှာ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ် အပူချိန်မှာလည်း ပုံမှန် ပြန်ဖြစ်လာခဲ့၏ ။ နှလုံးခုန်သံမှာ ပုံမှန် ပြန်ဖြစ်လာကာ ပုပ်စော်နံသည့် အနံ့ဆိုးမှာလည်း ပျောက်ကွယ်သွားလေသည် ။
ဒုတ်.. ဒုတ်..
မိမိ၏ နှလုံးခုန်သံနှင့် လက်ထဲမှ ခွန်အားကို ခံစားရင်း ဝမ်ထောင်သည် ဆူးတုတ်ကို ကိုင်ကာ ကားပေါ်မှ ဆင်းလိုက်သည် ။
ဝန်းတံခါးရှိ သော့မှာ ပွင့်နေသဖြင့် သူ့အတွက် အလုပ်ရှုပ်စရာ မလိုတော့ပေ ။ သူသည် တံခါးကို တွန်းဖွင့်ကာ ဝန်းထဲသို့ လှမ်းဝင်လိုက်သည် ။
"ဂီး.. .."
"ဂရား.."
ဝန်းထဲရှိ ဇွန်ဘီနှစ်ကောင်သည် အသံကြားသည်နှင့် ဝမ်ထောင်ရှိရာသို့ ချက်ချင်း လာကြလေ၏ ။
ကိုယ်ပျောက်ဆေး၏ အာနိသင် မရှိတော့သဖြင့် ထိုဇွန်ဘီများ၏ အာရုံခံနိုင်စွမ်းမှာ အလွန် မြင့်တက်နေသည် ။
ဇွန်ဘီတစ်ကောင်မှာ သူ၏ တိုက်ကွက်အတွင်းသို့ ရောက်လာသည်ကို မြင်သောအခါ ဝမ်ထောင်သည် ဆူးတုတ်ကို လွှဲကာ ၎င်း၏ နားထင်ကို ပစ်မှတ်ထား၍ ရိုက်လိုက်လေသည် ။
ဖုန်း..
[-36]
[564/600]
ဦးထုပ်မာမှာ ကွဲအက်သွားသော်လည်း ဇွန်ဘီမှာ သွေးအား သုံးဆယ်ခန့်သာ လျော့သွား၏ ။
"ဒီဦးထုပ်က တကယ်ကို မာတာပဲ.."
ဝမ်ထောင်သည် စိတ်ထဲမှ မြည်တွမ်းရင်း နောက်ထပ် တစ်ချက် ထပ်ရိုက်လိုက်ပြန်သည် ။
[-165]
[399/600]
"မဟုတ်ဘူး.. သူ့ရဲ့ ခုခံအားက သာမန်ဇွန်ဘီထက် အများကြီး ပိုမြင့်နေတာပဲ.."
အဝင်ဝတွင် သူသည် သာမန်ဇွန်ဘီများကို ထိခိုက်မှု ၂၀၀ ကျော်အထိ ပေးနိုင်သော်လည်း အခုမူ ၁၀၀ ကျော်သာ ရတော့သည် ။
ဇွန်ဘီသည် ထိုဒဏ်ချက်ကြောင့် နောက်သို့ ယိုင်သွားသော်လည်း သူ အဆုံးသတ်ရန် မပြင်ရသေးခင်မှာပင် အခြားဇွန်ဘီတစ်ကောင်က လက်များကို ဆန့်တန်း၍ သူ့ဆီသို့ ပြေးဝင်လာလေ၏ ။
ဝမ်ထောင်သည် ပစ်မှတ်ကို အမြန်ပြောင်းလိုက်သည် ။
[-33]
သူသည် ဒုတိယဇွန်ဘီ၏ ဦးထုပ်မာကို အရင် ရိုက်ခွဲလိုက်ပြီးနောက် သူ၏ လက်မောင်းရှိ စာအုပ်ဖြင့် လုပ်ထားသည့် အကာအကွယ်ဖြင့် ၎င်း၏ တိုက်ခိုက်မှုကို ခုခံလိုက်သည် ။
ဇွန်ဘီက သူ၏ လက်မောင်းကို ဖမ်းဆွဲထားစဉ် ဝမ်ထောင်သည် ၎င်း၏ ဗိုက်ကို အားပြင်းပြင်းဖြင့် ကန်လိုက်၏ ။
[-3]
ထိခိုက်မှုမှာ နည်းပါးသော်လည်း ဇွန်ဘီမှာ နောက်သို့ လွင့်သွားလေသည် ။
ထိုအခိုက် ပထမဇွန်ဘီက သူ့ထံ ထပ်မံ ပြေးဝင်လာသဖြင့် ဝမ်ထောင်သည် နောက်လှည့်မကြည့်အားတော့ပေ ။
[-171]
[-153]
ဤအလုပ်သမား ဇွန်ဘီများမှာ ကြံ့ခိုင်သော်လည်း ဝမ်ထောင်၏ တိုက်ခိုက်မှု အရှိန်မှာ မြန်ဆန်ပြီး ခွန်အားမှာလည်း ကြီးမားလှသည် ။ နှစ်ချက် ဆက်တိုက် ရိုက်ပြီးနောက်တွင် ၎င်း၏ သွေးပမာဏမှာ အနည်းငယ်သာ ကျန်တော့၏ ။
ဇွန်ဘီသည် မူးဝေနေသည့် အခြေအနေသို့ ရောက်သွားသည်ကို မြင်သောအခါ ဝမ်ထောင်သည် ခါးမှ ကိုယ်တိုင်လုပ်လှံတိုကို ဆွဲထုတ်လိုက်ပြီး ၎င်း၏ နဖူးတည့်တည့်သို့ ထိုးစိုက်လိုက်လေသည် ။
ဒုတ်.
[-75]
[0/600]
သူသည် ရရှိသည့် ပစ္စည်းများကို ကောက်ယူကာ ကျန်ရှိနေသည့် ဇွန်ဘီကိုလည်း ခဏအတွင်းမှာပင် အဆုံးသတ်လိုက်လေ၏ ။
ဤအလုပ်သမား ဇွန်ဘီများသည် အသွေးအသား ပိုများပြီး ခုခံအားလည်း မြင့်ကာ သာမန်ဇွန်ဘီများထက် ပို၍ ခွန်အားကြီးသည်ဟု ဝမ်ထောင် ခံစားရသည် .. ။
အနိုင်ရခဲ့သော်လည်း သူ၏ ရင်ဘတ်ကို နှစ်ချက် အတိုက်ခံလိုက်ရသဖြင့် သွေးပမာဏ ၁၀ မှတ် လျော့သွား၏ ။
သို့သော် ဤဇွန်ဘီနှစ်ကောင်ကြောင့် သူ၏ သွေးအား ကန့်သတ်ချက်မှာ ၁၀ မှတ်စီ တိုးလာပြီး [250/260] သို့ ရောက်ရှိသွားလေသည် ။
ရရှိသည့် ပစ္စည်းများကို သေချာ မကြည့်ဘဲ ကောက်သိမ်းလိုက်ပြီး အစိမ်းရောင် ရိက္ခာသေတ္တာဆီသို့ ချက်ချင်း သွားလိုက်သည် ။ ကြီးမားသည့် သေတ္တာကြီးကို ကြည့်ရင်း သူ၏ မျက်လုံးများမှာ တောက်ပနေ၏ ။
"အတွင်းမှာ ဘယ်လို ကောင်းတဲ့ပစ္စည်းတွေ ပါမလဲဆိုတာ ကြည့်ရအောင်.."
ဒုန်း.. ဒုန်း..
"ဟင်.. ဒါက ဘာအသံလဲ.."
ဝမ်ထောင်သည် သေတ္တာကို ဖွင့်ရန် ပြင်လိုက်စဉ်မှာပင် မြေပြင် တုန်ခါသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည် ။
ဂျိမ်း..
သူ့နောက်ကွယ်ရှိ လျှပ်စစ်ဖြန့်ဖြူးရေးအခန်း၏ သံတံခါးကြီးသည် ရုတ်တရက် ပွင့်ထွက်လာပြီး သူ့ထံသို့ ပြင်းထန်စွာ လွင့်စင်လာခဲ့လေသည် ။
ဝမ်ထောင်သည် သတိလက်လွတ်ဖြင့် သူ၏ လက်မောင်းများဖြင့် ကာလိုက်မိ၏ ။
ဖုန်း..
ဝုန်း..
သူ၏ ခန္ဓာကိုယ်သည် သံဇကာ တံတိုင်းနှင့် အားပြင်းပြင်း ဆောင့်မိသွားလေသည် ။
အလုပ်သမား ဝတ်စုံ ဝတ်ထားသည့် အရပ်ရှည်ရှည် ဗလတောင့်တောင့် ပုံရိပ်ကြီးတစ်ခုသည် သံကူကွန်ကရစ်တူကြီးကို ကိုင်ဆောင်ကာ လျှပ်စစ်ဖြန့်ဖြူးရေးအခန်းထဲမှ ထွက်ပေါ်လာခဲ့လေတော့သည် ။
```
.........
အခန်း ၃၈ - တူကိုင်ဇွန်ဘီ
နာလိုက်တာ..။
စူးရှပြင်းထန်သော နာကျင်မှုပင်..။
သို့သော် နာကျင်နေသည့်ကြားမှ ဝမ်ထောင်သည် မြေပြင်ပေါ်မှ လူးလဲထရန် ကြိုးစားနေရသည် ။ သူ၏ လက်မောင်းနှစ်ဖက်မှာ ဘာခံစားချက်မှ မရှိတော့ဘဲ ထုံကျဉ်နေကာ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း အောင့်တက်ပြီး နာကျင်နေလေ၏ ။
[-80]
[170/260]
သူသည် သွေးဘားတန်းကို တစ်ချက် ကြည့်လိုက်ရာ ထိုတိုက်ကွက် တစ်ချက်တည်းဖြင့်ပင် သွေး ၈၀ လျော့သွားသည်ကို တွေ့လိုက်ရသည် ။
ဒုန်း.. ဒုန်း..
" ဂါး.."
၎င်းမှာ အနည်းဆုံး ၂ .၂ မီတာ သို့မဟုတ် ၂.၃ မီတာခန့် မြင့်သော ဇွန်ဘီကြီး တစ်ကောင် ဖြစ်သည် ။
ရောင်ပြန်ကြိုးများ ပါသော လိမ္မော်ရောင် အလုပ်သမား ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင်မူ သံကူကွန်ကရစ်တူကြီးကို ဆွဲလျက် ဝမ်ထောင်ထံသို့ တစ်လှမ်းချင်း လျှောက်လာနေ၏ ။
သံချောင်းကြီးမှာ မြေပြင်နှင့် ပွတ်တိုက်မိပြီး မီးပွင့်များပင် ထွက်နေလေသည် ။
"ဒါက ဘာကောင်ကြီးလဲ.."
ရန်သူ၏ ခေါင်းပေါ်ရှိ [1000/1000] ဆိုသော သွေးဘားတန်းကို ကြည့်ရင်း ဝမ်ထောင်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရ၏ ။
တူကိုင်ဇွန်ဘီသည် အဆောက်အအုံထဲမှ နေရောင်အောက်သို့ ထွက်လာသောအခါ ရုတ်တရက် သူ၏ လက်ဖြင့် မျက်လုံးများကို ကာလိုက်သည် ။
ထိုအချက်သည် ဝမ်ထောင်အတွက် လွတ်မြောက်ရန် အခွင့်အရေး ဖြစ်သွားသဖြင့် သူ၏ လက်နက်ကို အမြန်သွားကောက်လိုက်သည် ။
သို့သော် မိမိလက်ထဲရှိ သွားကြားထိုးတံလောက်သာ ရှိသော တုတ်နှင့် ရန်သူ့လက်ထဲရှိ အလွန်ကြီးမားသော တူကြီးကို ယှဉ်ကြည့်ရင်း ဝမ်ထောင်၏ မျက်နှာမှာ ပျက်သွားရ၏ ။
ဒါကို သူ ဘယ်လို တိုက်ရမည်နည်း ..။
ဒုန်း.. ဒုန်း..
" ဂရား...."
တူကိုင်ဇွန်ဘီက ဒေါသတကြီးအော်ဟစ်ကာ ဝမ်ထောင်ထံသို့ ထပ်မံ ချဉ်းကပ်လာပြန်သည် ။
ဝမ်ထောင်သည် ဘေးမှတံခါးကို တစ်ချက်ကြည့်လိုက်ပြီး တူကိုင်ဇွန်ဘီ၏ နောက်ကွယ်ရှိ ရိက္ခာထုပ်ကို တစ်ချက် ကြည့်လိုက်သည် ။
ထို့နောက် သူသည် သွားကို တင်းတင်းကြိတ်ကာ ဆုတ်ခွာရန် ချက်ချင်း ပြင်လိုက်လေ၏ ။
ရိက္ခာသေတ္တာက အဖိုးတန်သည်မှာ မှန်သော်လည်း ၎င်းကို ယူရန်အတွက် သူ အသက်ရှင်နေဖို့ လိုအပ်သည် မဟုတ်ပါလား ..။
ထိုစဉ် ဝမ်ထောင်နှင့် သုံးမီတာကျော်ခန့် အကွာအဝေးသို့ ရောက်သောအခါ တူကိုင်ဇွန်ဘီသည် ရုတ်တရက် တူကြီးကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ အားကုန် လွှဲရိုက်လိုက်လေသည် ။
"သူ့ရဲ့ လှုပ်ရှားမှုတွေက နှေးတယ်.."
ဝမ်ထောင်သည် ရှောင်တိမ်းရင်း အကဲခတ်နေ၏ ။
ရန်သူ၏ အရှိန်သာ နှေးနေလျှင် သူ့အတွက် အခွင့်အရေး ရှိနိုင်သေးသည် ။
သို့သော် ဝမ်ထောင် မထင်မှတ်ထားသည်မှာ သူသည် တူကိုင်ဇွန်ဘီ၏ တိုက်ကွက်ကို သေချာ ရှောင်လိုက်နိုင်သော်လည်း တူကြီး မြေပြင်ကို ရိုက်မိသွားချိန်တွင် မျက်စိဖြင့် မြင်နိုင်သော တုန်ခါမှုလှိုင်း တစ်ခု ထွက်ပေါ်လာခြင်းပင် ။
ဒုန်း..
ဖုန်း..
ဝုန်း..
ဝမ်ထောင်သည် တုန်ခါမှုလှိုင်းနှင့် တည့်တည့် တိုးသွားကာ သံဇကာတံတိုင်းနှင့် အားပြင်းပြင်း ဆောင့်မိသွားပြန်၏ ။
သူ၏ အမြင်အာရုံများပင် ဝေဝါးသွားပြီး အတွင်းကလီစာများပင် နေရာလွဲသွားသကဲ့သို့ ခံစားရကာ ပါးစပ်ထဲတွင်လည်း သွေးနံ့များ ရလာသည် ။
[-102]
[-23]
[45/260]
သူ့တွင် သွေးအား ၂၀ ရာခိုင်နှုန်းပင် မကျန်တော့ပေ ..။
ဒုန်း.. ဒုန်း..
"ဂယား.."
လည်ချောင်းသံကြီးဖြင့် အော်ဟစ်ကာ တူကြီးကို ဆွဲလျက် တူကိုင်ဇွန်ဘီသည် ဝမ်ထောင်ထံသို့ တစ်လှမ်းချင်း ထပ်မံ လျှောက်လာပြန်သည် ။
ယခုအချိန်တွင် တူကိုင်ဇွန်ဘီက အဝင်ဝ၌ ပိတ်ရပ်နေသဖြင့် ဝမ်ထောင် ထွက်ပြေးချင်လျှင်ပင် ပြေး၍ မရတော့ပေ ။
သံဇကာ တံတိုင်းမှာ မမြင့်သော်လည်း ကျော်တက်ရန် အချိန်လိုအပ်သည် ။
တူကိုင်ဇွန်ဘီက သူ့ကို အချိန်ပေးမည်ဟု သူ မထင်ပေ ..။
အရေးကြီးဆုံးမှာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး နာကျင် ကိုက်ခဲနေသဖြင့် တံတိုင်းကို ကျော်နိုင်မည်လား ဆိုသည်မှာပင် မသေချာခြင်း ဖြစ်၏ ။
"ဒီနေ့ ငါ ဒီမှာပဲ အဆုံးသတ်ရတော့မှာလား.."
ဝမ်ထောင်သည် ခက်ခဲစွာ ထရပ်လိုက်ပြီး လေယာဥ်ဖြင့်ချပေးသောရိက္ခာသေတ္တာဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားလိုက်သည် ။
တူကိုင်ဇွန်ဘီသည် ဝမ်ထောင်၏ လှုပ်ရှားမှုနောက်သို့ လိုက်ရန် လမ်းကြောင်း ပြောင်းလိုက်သော်လည်း သူ့ကို ကြည့်နေစဉ်မှာပင် ရုတ်တရက် မျက်လုံးများကို ထပ်မံ ကာလိုက်ပြန်ကာ ခြေလှမ်းများ တန့်သွားလေ၏ ။
အန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း ဝမ်ထောင်သည် အလွန်အမင်း တည်ငြိမ်နေဆဲပင် ..။
"ဒီတူကိုင်ဇွန်ဘီက သူ့မျက်လုံးကို နှစ်ခါတောင် ကာပြတယ်.. သူ ဘာကို ကာကွယ်နေတာလဲ.."
ဝမ်ထောင်သည် နောက်သို့ အမြန် လှည့်ကြည့်လိုက်ရာ မွန်းလွဲပိုင်း နေရောင်ခြည်ကြောင့် သူ၏ မျက်လုံးများ ကျိန်းစပ်သွားရသည် ။
"နေရောင်ကို ကာကွယ်နေတာပဲ.. သူက အလင်းရောင်ကို ကြောက်တာလား.."
ဝမ်ထောင်သည် ချက်ချင်းပင် ဝမ်းသာသွားပြီး သူ၏ အိတ်အတွင်းရှိ ပစ္စည်းများကို အမြန် ရှာဖွေလိုက်လေ၏ ။
ဒုန်း.. ဒုန်း..
"ဂါး...."
သံချောင်းကြီးကို ဆွဲကာ တူကိုင်ဇွန်ဘီသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာသည် ။
ဤတစ်ကြိမ်တွင် နေရောင်နှင့် မျက်နှာချင်းဆိုင် ဖြစ်နေသဖြင့် ၎င်းသည် အလွန်နှေးကွေးစွာ လျှောက်နေရပြီး အနည်းငယ် လျှောက်လိုက်တိုင်း မျက်လုံးကို ကာလိုက်ရလေသည် ။
သို့သော် နောက်ဆုံးတွင် ဝမ်ထောင်နှင့် မလှမ်းမကမ်း နေရာသို့ ရောက်ရှိလာပြီး သံကူကွန်ကရစ်တူကြီးကို မြှောက်လိုက်၏ ။
ဂျိမ်း..
ဝမ်ထောင်သည် ဤတစ်ကြိမ်တွင် အသင့်ပြင်ထားသဖြင့် တုန်ခါမှုလှိုင်း မထိနိုင်သည့် နေရာအထိ အဝေးသို့ ရှောင်လိုက်နိုင်သည် ။
သို့သော် ဤနေရာမှာ ကျဉ်းမြောင်းလှ၏ ။ ဤတိုက်ကွက်ကို ရှောင်ရန်အတွက် ဝမ်ထောင်သည် သူ၏ နေရာမှ ရွေ့ပေးလိုက်ရသည်။ သူက နေရာ ရွေ့လိုက်သဖြင့် တူကိုင်ဇွန်ဘီသည် နေရောင်ကို တည့်တည့် ကြည့်နေစရာ မလိုတော့ပေ ။
ဒုန်း.. ဒုန်း..
တူကိုင်ဇွန်ဘီသည် ဝမ်ထောင်ထံသို့ ထပ်မံ ချဉ်းကပ်လာပြီး တူကြီးကို မြှောက်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်ထောင်သည် သူ၏ ရင်ဘတ်ထဲမှ ပစ္စည်းတစ်ခုကို ချက်ချင်း ဆွဲထုတ်ကာ ဇွန်ဘီထံသို့ ထိုးလိုက်လေသည် ။
ဖျပ်..
ဝမ်ထောင်၏ လက်ထဲရှိ လက်နှိပ်ဓာတ်မီးမှ စူးရှသော အလင်းတန်းသည် တူကိုင်ဇွန်ဘီ၏ မျက်လုံးများထဲသို့ တည့်တည့် ကျရောက်သွား၏ ။
ဗုန်း..
တူကိုင်ဇွန်ဘီ မြှောက်လက်စ တူကြီးသည် မြေပြင်ပေါ်သို့ ချက်ချင်း ပြုတ်ကျသွားကာ ၎င်းသည် လက်ဖြင့် မျက်လုံးများကို ကာလိုက်ရလေသည် ။
"ဟူး.."
သူ၏ လက်နှိပ်ဓာတ်မီးမှာ မပျက်စီးသေးဘဲ တူကိုင်ဇွန်ဘီအပေါ် အာနိသင် ရှိသည်ကို မြင်ရသောအခါ ဝမ်ထောင်သည် သက်ပြင်းချနိုင်တော့သည် ။
၎င်းမှာ အဆောက်အအုံထဲတွင် ပစ္စည်းရှာစဉ်က တွေ့ခဲ့သည့် စွမ်းအားမြင့်လက်နှိပ်ဓာတ်မီး ဖြစ်သည် ။ နေ့ခင်းဘက်တွင်ပင် အလင်းရောင်မှာ အလွန် စူးရှလှ၏ ။
ဘေးကင်းစေရန်အတွက် ဝမ်ထောင်သည် အပြင်ဘက်တွင် ညအိပ်ရပါက အသုံးပြုရန် ပစ္စည်းများစွာ ယူဆောင်လာခဲ့ရာ လက်နှိပ်ဓာတ်မီးမှာလည်း တစ်ခု အပါအဝင် ဖြစ်လေသည် ။
သို့သော် ဤလက်နှိပ်ဓာတ်မီးကို ပထမဆုံး အသုံးပြုရသည့် အခြေအနေမှာ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ ။
ယခုမူ တူကိုင်ဇွန်ဘီ၏ အားနည်းချက်ကို သိသွားပြီ ဖြစ်သဖြင့် ဝမ်ထောင်သည် ထွက်ပြေးရန် မလောတော့ပေ ။
သူသည် ဘယ်ဘက်လက်မှ လက်နှိပ်ဓာတ်မီးကို တူကိုင်ဇွန်ဘီ၏ မျက်လုံးများထံသို့ ချိန်ထားပြီး ညာဘက်လက်တွင်မူ ဆူးတပ်တုတ်ကောက်ကို ကိုင်ထားသည် ။
ထို့နောက် တူကိုင်ဇွန်ဘီထံသို့ အမြန်ပြေးဝင်သွားပြီး ၎င်း၏ ဦးခေါင်းကို အားကုန် ရိုက်ချလိုက်လေသည် ။
[-34]
"..."
ထိခိုက်မှု ပမာဏကို ကြည့်ပြီး ဝမ်ထောင်မှာ ဆွံ့အသွားရ၏ ။
သို့သော် တွေးနေရန် အချိန်မရှိသဖြင့် ဝမ်ထောင်သည် နောက်ထပ် နှစ်ချက် ဆက်တိုက် ရိုက်လိုက်ပြန်သည် ။
[-25]
[-31]
ဝမ်ထောင် : "..."
"ဂါး.."
တူကိုင်ဇွန်ဘီသည် အလင်းရောင်ကြောင့် ဖြစ်ပေါ်လာသည့် မသက်မသာ ခံစားချက်ကို အံတုကာ အခြားလက်တစ်ဖက်ဖြင့် ရုတ်တရက် လွှဲယမ်းလိုက်လေသည် ။
ဖုန်း..
[-14]
[30/260]
ဝမ်ထောင်သည် သူ၏ လက်မောင်းကာဖြင့် ခုခံလိုက်သော်လည်း လက်မောင်းတစ်ခုလုံး ထုံသွားကာ သွေးတန်းက ၁၄ မှတ် ထပ်မံ လျော့သွားရပြန်၏ ။
ကျန်ရှိနေသော သွေးဘာတန်း ၃၀မှတ် ကို ကြည့်ရင်း ဝမ်ထောင်သည် မျက်နှာဖုံးအောက်မှနေ၍ ပြုံးလိုက်သည် ။
"မင်းကို ဘယ်လိုသတ်ရမလဲဆိုတာ ငါ သိပြီ.."
တူကိုင်ဇွန်ဘီ၏ တူဖြင့် မြေပြင်ကို ရိုက်သည့် တိုက်ကွက်မှာ ထိခိုက်မှု ပြင်းထန်ပြီး ဘေးလူများကိုပါ ထိုခိုက်စေသော်လည်း အရှိန်နှေးလှသည် ။
သူ၏ လှုပ်ရှားမှုကို သေချာ စောင့်ကြည့်ပြီး ထောင့်ပိတ် မခံရသရွေ့ ဝမ်ထောင်၏ အရှိန်ဖြင့် ရှောင်တိမ်းနိုင်သည် ။
ပြီးတော့ အလင်းရောင်ဖြင့် အမြင်အာရုံကို ပိတ်ပင်လိုက်လျှင် တူကိုင်ဇွန်ဘီသည် စက္ကန့်အနည်းငယ်ခန့် မျက်လုံးကို ကာထားလိမ့်မည် ။ ထိုစက္ကန့်ပိုင်းအတွင်း ၎င်းသည် တိုက်ခိုက်နိုင်မည် မဟုတ်ပေ ။
ထိုစက္ကန့်ပိုင်းကျော်လွန်သွားလျှင် လက်ဖြင့် လွှဲယမ်း တိုက်ခိုက်နိုင်သော်လည်း ထိုထိခိုက်မှုမှာ ဝမ်ထောင်ကို ချက်ချင်း သေစေနိုင်လောက်သည်အထိ မပြင်းထန်ပေ ။
ဝမ်ထောင်သည် ထိုစက္ကန့်ပိုင်းလေးများကို အသုံးချရပေမည် ..။
ထိုအချိန်မှာ သူ အချက်ပေါင်းများစွာ ရိုက်ရန် လုံလောက်သည် .. တစ်ချက်လျှင် ထိခိုက်မှု သုံးဆယ် ရှိပါက အချက်ပေါင်း သုံးဆယ်ကျော် ရိုက်ရုံနှင့် ၎င်းကို သတ်နိုင်ပေလိမ့်မည် ။
ဒါကတော့ အကောင်းဆုံး အခြေအနေကို တွေးထားခြင်း ဖြစ်သည် ။
ဝမ်ထောင်အနေဖြင့် အမှားတစ်ခုလေးတောင် လုပ်၍ မရပေ ။
သူ့တွင် သွေးအား ၃၀ သာ ကျန်တော့ပြီး ခန္ဓာကိုယ်မှာလည်း ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏ ..။
အကယ်၍ တူကိုင်ဇွန်ဘီ၏ တိုက်ကွက် တစ်ချက်တည့်တည့် ထိသွားလျှင် သူ ချက်ချင်း သေသွားနိုင်သည် ။
ထို့ကြောင့်.. ဆေးရည်ပုလင်း တစ်လုံးသည် ဝမ်ထောင်၏ လက်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့လေသည် ။
[အပြေးဆေးရည် (အသေးစား) ။ ။ ထိုးနှံပြီးနောက် အောက်ပိုင်း ခွန်အား တိုးလာမည် ဖြစ်ပြီး အပြေးအရှိန်မှာ ၁၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ တိုးလာမည် (ခန္ဓာကိုယ် ကြံ့ခိုင်မှု ကောင်းလေ အရှိန်တိုးနှုန်း များလေ ဖြစ်သည်) ။ ကြာချိန် ၁၀ မိနစ် ။ နောက်တစ်ကြိမ် ပြန်သုံးရန် ၁၂ နာရီ စောင့်ရမည်]
"ငါ တစ်ချက်လောက်တော့ လောင်းကြေးထပ်ရမှာပဲ.. အရှိန် ၃၀ ရာခိုင်နှုန်းထက် ပိုတိုးလာရင် ငါ တိုက်မယ်.. မဟုတ်ရင်တော့ ငါ ဆုတ်မယ်.."
ရှူး..
ဆေးရည်ကို လက်မောင်းထဲသို့ ထိုးနှံလိုက်သောအခါ ဝမ်ထောင်သည် သူ၏ အောက်ပိုင်းတွင် ခွန်အားများ ချက်ချင်း ပြည့်လျှံလာသည်ကို ခံစားလိုက်ရ၏ .. ခန္ဓာကိုယ် အပေါ်ပိုင်း ခွန်အားမှာလည်း အနည်းငယ် တိုးလာလေသည် ။
သူ၏ အသွေးအသားဘားပေါ်တွင် [+30] ဆိုသော ဂဏန်းပင် ပေါ်လာ၏ ။
"ဒါက.. ငါ့ရဲ့ ဒဏ်ရာအချို့ကိုတောင် ကုသပေးတာလား.."
ဝမ်ထောင်သည် အံ့အားသင့်သွားရသည် ။ သို့သော် ပို၍ အံ့ဩစရာ ကောင်းသည်မှာ အပြေးဆေးရည်၏ အာနိသင်ပင် ဖြစ်၏ ။
သူ၏ သွေးဘားတန်း အောက်တွင် [အပြေးအရှိန် ၅၀ ရာခိုင်နှုန်း တိုးလာသည်] ဟု ရှင်းလင်းစွာ ဖော်ပြထားလေသည် ။
ဝမ်ထောင်သည် ဘာမှထပ်မပြောဘဲ စွမ်းအားမြင့်လက်နှိပ်ဓာတ်မီးကို မြှောက်ကာ တူကိုင်ဇွန်ဘီထံသို့ ပြေးဝင်လိုက်သည် ။
တူကိုင်ဇွန်ဘီသည် အလိုအလျောက်ပင် မျက်လုံးများကို ကာလိုက်ပြီး ဝမ်ထောင်က ထိုအခွင့်အရေးကို အသုံးချကာ ၎င်းကို နှစ်ချက် ဆက်တိုက် ရိုက်လိုက်လေ၏ ။
[-31]
[-33]
တူကိုင်ဇွန်ဘီ လက်ဖြင့် မယမ်းခင်မှာပင် ဝမ်ထောင်သည် အမြန် နောက်ဆုတ်လိုက်သည် ။
ဇွန်ဘီ၏ ဖမ်းဆွဲမှုမှာ လွဲချော်သွားခဲ့၏ ။
ဒီအစီအစဉ်က.. အလုပ်ဖြစ်နိုင်တယ်..။
```.........