← Chapters

အခန်း (၃၉-၄၁)

Vol. 4 Ch. 39-41

အခန်း (၃၉-၄၁)

Vol. 4 Ch. 39-41

အခန်း ၃၉ - ထုတ်လုပ်နည်းပုံစံနှင့် အမြုတေများ

[-၃၂]

[-၂၉]

[၄၀၄/၁၀၀၀]

"ဟူး....တော်သေးတာပေါ့"

တူကိုင်ဇွန်ဘီ၏ သွေးဘားတန်း တစ်ဝက်အောက်သို့ ရောက်သွားသည်ကို မြင်သောအခါမှ ဝမ်ထောင်သည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည် ။

အပြေးဆေးရည်၏ အရှိန်မြှင့်တင်မှု.. လက်နှိပ်ဓာတ်မီးနှင့် နေရောင်ခြည်တို့၏ အကူအညီဖြင့် သူသည် လေးမိနစ်ခန့်အတွင်း တူကိုင်ဇွန်ဘီ၏ သွေးပမာဏခြောက်ရာနီးပါးကို တိုက်စားနိုင်ခဲ့ခြင်း ဖြစ်၏ ။

အကယ်၍ သူ၏ ကြံ့ခိုင်မှုသည် သာမန်လူထက် မသာလွန်ဘဲ ဇွန်ဘီများကို သတ်ဖြတ်ခြင်းဖြင့် အားကောင်းမလာခဲ့လျှင် ဤမျှကြာအောင် သူ တောင့်ခံနိုင်မည် မဟုတ်ပေ ။

"မင်းသေရင်တော့ ကောင်းတဲ့ပစ္စည်းတွေ ထွက်လာဖို့ မျှော်လင့်ရတာပဲ.."

ဝမ်ထောင်သည် ဇွန်ဘီကြီးထံသို့ ထပ်မံ ချဉ်းကပ်သွားပြီး ၎င်း၏ ဦးခေါင်းကို တုတ်ဖြင့် ရိုက်ထည့်လိုက်ပြန်သည် ။

[-၂၇]

[၃၇၇/၁၀၀၀]

ဤလေးမိနစ်အတွင်း ရရှိခဲ့သော တိုက်ပွဲအတွေ့အကြုံအရ ဝမ်ထောင်သည် နောက်မဆုတ်ခင် အချိန်ရခိုက် နောက်ထပ် တစ်ချက် ထပ်မံ တိုက်ခိုက်နိုင်မည်ဟု တွေးလိုက်မိ၏ ။

သို့သော် ရုတ်တရက် တူကိုင်ဇွန်ဘီ၏ လှုပ်ရှားမှုများ ပြောင်းလဲသွားသည်ကို သူ သတိပြုမိလိုက်သည် ။

ယခင်ကဆိုလျှင် ဤအချိန်၌ ၎င်းသည် ဘယ်ဘက်လက်မောင်းကို လွှဲရန် ပြင်ဆင်နေရမည် ဖြစ်၏ ။

သို့သော် ယခုမူ ၎င်းသည် သံချောင်းပါသော တူကြီးကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည် ။

အန္တရာယ်..

ဝမ်ထောင်၏ စိတ်ထဲတွင် အချက်ပေးသံများ မြည်ဟီးသွား၏ ။ သူသည် တိုက်ခိုက်မည့် အခွင့်အရေးကို ချက်ချင်း စွန့်လွှတ်ကာ အနောက်သို့ အမြန် ဆုတ်ခွာလိုက်လေသည် ။

သူ ဆုတ်လိုက်သည်နှင့် တစ်ပြိုင်နက် တူကိုင်ဇွန်ဘီသည် တူကြီးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ၎င်း၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ ၃၆၀ ဒီဂရီ ဝဲဂယက်တိုက်ကွက်ဖြင့် အရှိန်ပြင်းစွာ လွှဲလိုက်တော့သည် ။

"ဂါး..."

ဘုန်း....

တူကြီးက မြေပြင်ပေါ်သို့ အားပြင်းပြင်း ကျရောက်သွားကာ ကွန်ကရစ်များပေါ်တွင် အက်ကြောင်းများ ထပ်မံ ပေါ်လာခဲ့၏ ။

လေးမီတာခန့် အကွာတွင် ရပ်နေသော ဝမ်ထောင်သည် ပြင်းထန်သော လေတိုးသံကို မျက်နှာတွင် ခံစားလိုက်ရပြီး ရင်ထဲတွင် နေစရာမရှိအောင် ထိတ်လန့်သွားသည် ။

ကံကောင်း၍သာ သူ ဆုတ်လိုက်ခြင်း ဖြစ်၏ .. မဟုတ်လျှင် ထိုတိုက်ကွက်သာ သူ့ကို ထိမှန်သွားပါက ကျန်ရှိနေသော သွေးပမာဏဖြင့် သူ သေချာပေါက် သေဆုံးသွားပေလိမ့်မည် ။

တူကြီး မြေပြင်ကို ရိုက်မိပြီးနောက် တူကိုင်ဇွန်ဘီသည် အနည်းငယ် ပင်ပန်းသွားပုံရပြီး ခေါင်းကို ငုံ့ကာ ကျောကို ကုန်းလျက် တူကို အမှီပြု၍ ရပ်နေလေသည် ။

"အခွင့်အရေးပဲ.."

ဝမ်ထောင်သည် အမြန်ပြေးခြင်း စွမ်းရည်ကို သုံးကာ ၎င်း၏ ဘေးဘက်သို့ ရောက်သွားပြီး တုတ်ဖြင့် အားကုန် ရိုက်ချလိုက်၏ ။

ဖုန်း..

[-၅၈]

ဤဒဏ်ချက်သည် ယခုအထိ သူ ပေးနိုင်ခဲ့သော အမြင့်ဆုံး ထိခိုက်မှု ဖြစ်သည် ။

သို့သော် သံပိုက်ဖြင့် လုပ်ထားသော ဆူးတပ်တုတ်ကောက်မှာလည်း နောက်ဆုံးတွင် ကန့်သတ်ချက်သို့ ရောက်သွားပြီ ဖြစ်၏ .. သံမှိုများသာမက သံပိုက်ကိုယ်တိုင်ပါ ကွေးညွှတ်လာခဲ့သည် ။

ကွေးလည်းရိုက်တယ်ကွာ..။

ဖုန်း..

[-၁၃]

သံမှိုများ မပါတော့သဖြင့် ထိခိုက်မှု ပမာဏမှာ သိသိသာသာ လျော့ကျသွားလေသည် ။

တူကိုင်ဇွန်ဘီကြီးက တူကို ပြန်မရန် ပြင်နေသည်ကို မြင်သောအခါ ဝမ်ထောင်သည် အမြန် ဆုတ်ခွာလိုက်ပြီး ပျက်စီးသွားသော ဆူးတပ်တုတ်ကောက်ကို လွှင့်ပစ်ကာ ခါးရှိ လက်ကိုင်ရှည် ဆိတ်ခွာသံတူသို့ ပြောင်းကိုင်လိုက်၏ ။

ဆိတ်ခွာသံတူမှာ ဆူးတပ်တုတ်ကောက်၏ တစ်ဝက်ခန့်သာ ရှည်သဖြင့် ဤကဲ့သို့ သတ္တဝါကြီးနှင့် ယှဉ်လျှင် အနည်းငယ် အားနည်းသော်လည်း ဝမ်ထောင်သည် တူကိုင်ဇွန်ဘီ၏ တိုက်ခိုက်မှု ပုံစံများကို ကျင့်သားရနေပြီ ဖြစ်သည် ။

သူသတိထားနေသရွေ့တော့ ပြဿနာကြီးကြီးမားမား ရှိမည် မဟုတ်ပေ ။

တူကိုင်ဇွန်ဘီ၏ သွေးဘားတန်းက ၄၀ ရာခိုင်နှုန်းအောက်သို့ ရောက်သွားသောအခါ ၎င်း၏ တိုက်ခိုက်မှုများမှာ သိသိသာသာ ပိုမို ကြမ်းတမ်းလာပြီး ၃၆၀ ဒီဂရီ ဝဲဂယက်တိုက်ကွက်ကို ခဏခဏ သုံးလာလေသည် ။

ဝမ်ထောင်သည် အနီးကပ်သွားရန်နှင့် ဘေးကင်းကင်း ဆုတ်ခွာရန် အခွင့်အရေး နည်းပါးလာသဖြင့် တိုက်ပွဲမှာ အလွန် ခက်ခဲနေ၏ ။

သူသည် ကြိုးတန်းပေါ်တွင် ကနေရသကဲ့သို့ ဖြစ်နေပြီး အမှားအယွင်း အနည်းငယ် ရှိရုံဖြင့် အသက်ဆုံးသွားနိုင်သည် ။

သို့သော် အခြေအနေက ပို၍ စိုးရိမ်ရလေ ဝမ်ထောင်မှာ ပို၍ တည်ငြိမ်လာလေ ဖြစ်၏ ။

တူကိုင်ဇွန်ဘီ၏ သွေးဘားတန်း ကုန်ခါနီးလာသောအခါ ၎င်းသည် ပို၍ပင် ရူးသွပ်လာပြီး ဝမ်ထောင်မှာ အနီးသို့ လုံးဝ ကပ်၍ မရတော့ပေ ။ သူသည် အတင်းမတိုးဘဲ ရှောင်တိမ်းရင်း အခွင့်အရေးကိုသာ စောင့်ဆိုင်းနေလိုက်သည် ။

နောက်ဆုံးတွင် တစ်မိနစ်ခန့် စောင့်ပြီးနောက် သူသည် တူကိုင်ဇွန်ဘီ၏ ကျောဘက်သို့ ပတ်သွားနိုင်ခဲ့ပြီး ဆိတ်ခွာသံတူ၏ အချွန်ဖြင့် ၎င်း၏ ဦးခေါင်းခွံကို အားကုန် ထိုးစိုက်လိုက်လေသည် ။

ခွပ်..

[-၃၇]

[၀/၁၀၀၀]

တူကိုင်ဇွန်ဘီ၏ ခန္ဓာကိုယ်မှာ ခဏမျှ တောင့်တင်းသွားပြီးနောက် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြိုလဲသွားတော့သည် ။

"ဟူး...."

ရန်သူကြီး အမှန်တကယ် သေဆုံးသွားသည်ကို မြင်မှသာ ဝမ်ထောင်သည် မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားပြီး အသက်ကို ပြင်းပြင်းရှူနေရလေ၏ ။

သူ့တွင် သွေးအား ၂၀ သာ ကျန်တော့သည် ..

သူ အစွမ်းကုန် အားထုတ်ခဲ့ရခြင်း ဖြစ်၏ ။ ဤနောက်ဆုံး မိနစ်အနည်းငယ်မှာ သူ၏ စိတ်ဓာတ်ခိုင်မာမှု သက်သက်ဖြင့်သာ တောင့်ခံခဲ့ခြင်း ဖြစ်သည်ဟု ပြောလျှင်ပင် လွန်မည် မဟုတ်ပေ ။ အကယ်၍ ယခုအချိန်တွင် မည်သည့် ဇွန်ဘီ.. မဟုတ်ပါ.. မည်သည့် လူသားမဆို ရောက်လာခဲ့လျှင် သူ အနိုင်ရနိုင်မည် မဟုတ်ပေ ။

သို့သော် ခဏအကြာတွင် ဝမ်ထောင်၏ စိတ်ဓာတ်မှာ ပြန်လည် လန်းဆန်းလာခဲ့သည် ။

အဘယ်ကြောင့်ဆိုသော် သူ၏ ခွန်အားများ သိသိသာသာ ပြန်လည် ပြည့်ဝလာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏ ။

သူသည် အသွေးအသားဘားကို အမြန် ကြည့်လိုက်သည် ။

[၆၀/၃၀၀]

တူကိုင်ဇွန်ဘီကို သတ်ပြီးနောက် သူ၏ သွေးဘားတန်းကန့်သတ်ချက်မှာ ၄၀ အထိ တိုးလာခဲ့သည် .. ထို့ပြင် သူ့အတွက် သွေး ၄၀ ကိုလည်း ပြန်လည် ဖြည့်တင်းပေးခဲ့၏ ။

ဝမ်ထောင်သည် သူ၏ ခန္ဓာကိုယ် ပူနွေးလာသည်ကို ခံစားလိုက်ရသည် .. သူ၏ ကြံ့ခိုင်မှုမှာလည်း နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းသွားပုံရ၏ ။

သူသည် လက်သီးကို တင်းတင်းဆုပ်ကာ လက်ထဲမှ ခွန်အားကို ခံစားရင်း အားရပါးရပင် ရယ်မောလိုက်မိတော့သည် ။

"မျှော်လင့်ထားတဲ့အတိုင်းပဲ.. ပိုပြီး သန်မာလာဖို့ဆိုရင် ဇွန်ဘီတွေကို သတ်ရမှာပဲ.."

ဝမ်ထောင်သည် သူ၏ သွေးအား ၁၀၀ တိုးလာတိုင်း ကြံ့ခိုင်မှု ၁၀ ရာခိုင်နှုန်းခန့် တိုးလာမည်ဟု ခန့်မှန်းလိုက်သည် ။ ဇွန်ဘီတစ်ကောင်ချင်းစီကို သတ်ရာမှ ရရှိသည့် အသွေးအသားမှာ အလွန် နည်းပါးလှ၏ .. တစ်ထောင်ပုံ တစ်ပုံခန့်သာ ရှိမည်လား .. ဝမ်ထောင်လည်း သေချာ မသိပေ ။

မည်သို့ပင်ဆိုစေကာမူ ဇွန်ဘီများကို များများသတ်လေ.. သူ ပို၍ သန်မာလာလေပင် ဖြစ်သည် ..။

သို့သော် အန္တရာယ်ကလည်း ထိုနည်းတူပင် တိုးလာလေ၏ ။

သူ၏ ခွန်အားဖြင့်ပင် ယနေ့မှာ သူ သေလုနီးပါး ဖြစ်ခဲ့ရသည် ..။ ခဏနားပြီးနောက် ဝမ်ထောင်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မည်သည့် ဇွန်ဘီမှ ချဉ်းကပ်မလာသည်ကို တွေ့ရ၏ ။ ထိုမှသာ သူ စိတ်အေးလက်အေးဖြင့် ပစ္စည်းများကို စစ်ဆေးနိုင်တော့သည် ။

ပထမဆုံးအနေဖြင့် အလုပ်သမား ဇွန်ဘီ နှစ်ကောင်ထံမှ ရရှိသော ပစ္စည်းများ ဖြစ်သည် ။

[ရရှိသည် ။ ။ သန့်စင်ပြီးသောက်ရေ (အလတ်စား) ၁ ပုလင်း]

[သန့်စင်ပြီးသောက်ရေ (အလတ်စား) ။ ။ ၂၅ လီတာ.. သောက်သုံးရန်]

[ရရှိသည် ။ ။ သန့်စင်ပြီးသောက်ရေ (အလတ်စား) ၁ ပုလင်း]

[သန့်စင်ပြီးသောက်ရေ (အလတ်စား) ။ ။ ၂၅ လီတာ.. သောက်သုံးရန်]

ဤအလုပ်သမား ဇွန်ဘီ နှစ်ကောင်မှာ ရေတစ်အိုးစီ ထွက်လာခဲ့သည် .. ၎င်းတို့မှာ ၅ လီတာ အိုးအသေးများ မဟုတ်ဘဲ ၂၅ လီတာဆံ့သော သန့်စင်ပြီးသောက်ရေ အိုးအလတ်စားများ ဖြစ်ကြ၏ ။

ရေစက်ရုံက ဇွန်ဘီတွေ ဖြစ်လို့ တကယ်ကို ကောင်းတဲ့ ပစ္စည်းတွေပဲ ထွက်တာပဲ.. ဟုသာ ပြောရပေမည် ။

ထိုအလုပ်သမား ဇွန်ဘီနှစ်ကောင်၏ အလောင်းများကို ရှာဖွေရာတွင်မူ စီးကရက် နှစ်ဘူးသာ တွေ့ရလေသည် ။

နောက်တစ်ခုမှာ တူကိုင်ဇွန်ဘီထံမှ ရရှိသော ပစ္စည်းများ ဖြစ်သည် ။

"ခွန်အားဖြည့်ဆေးရည်နဲ့.. ထုတ်လုပ်နည်းပုံစံ တစ်ခုပဲ.."

ဒါကို မြင်သောအခါ ဝမ်ထောင်၏ မျက်လုံးများ ပြူးသွားရ၏ ။

"ခွန်အား (အသေးစား)" ဟု အညွှန်းတပ်ထားသော ဆေးထိုးပြွန် တစ်ခုအပြင် ထုတ်လုပ်နည်းပုံစံ တစ်ခုလည်း ပါဝင်နေခြင်း ဖြစ်သည် ။

[ခွန်အားဖြည့်ဆေးရည် (အသေးစား) ။ ။ ထိုးနှံပြီးနောက် စုစုပေါင်း ခွန်အားမှာ ၁၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ တိုးလာမည် (ခန္ဓာကိုယ် ကြံ့ခိုင်မှု ကောင်းလေ အရှိန်တိုးနှုန်း များလေ ဖြစ်သည်) ။ ကြာချိန် ၁ မိနစ် ။ နောက်တစ်ကြိမ် ပြန်သုံးရန် ၁၂ နာရီ စောင့်ရမည်]

[ခွန်အားဖြည့်ဆေးရည် (အသေးစား) ထုတ်လုပ်နည်းပုံစံ ။ ။ လေ့လာပြီးနောက် တစ်ကြိမ်လျှင် ခွန်အားဖြည့်ဆေးရည် (အသေးစား) ငါးလုံး ထုတ်လုပ်နိုင်မည် ။ လိုအပ်သော ပစ္စည်းများ - ခွန်အားမှို ၁ခု ၊ ဇွန်ဘီအမြုတေ ၁ခု ၊ သန့်စင်ပြီးသောက်ရေ ၁၀၀ မီလီလီတာ၊ အစားအစာ ၁၀ ကီလိုကယ်လိုရီ]

ခွန်အားဖြည့်ဆေးရည်မှာ ကောင်းမွန်သော ပစ္စည်းတစ်ခု ဖြစ်သော်လည်း ကြာချိန်မှာ အလွန်တိုတောင်းလှသဖြင့် အရေးကြီးသော အချိန်များတွင်သာ အသုံးပြုနိုင်မည် ဖြစ်သည် ။

ဤထုတ်လုပ်နည်းပုံစံရှိ လိုအပ်သော ပစ္စည်းများထဲတွင် သန့်စင်ပြီးသောက်ရေနှင့် အစားအစာမှလွဲ၍ ကျန်ပစ္စည်းများကို ဝမ်ထောင် တစ်ခါမှ မမြင်ဖူးသေးသဖြင့် ယခုလောလောဆယ်တွင် ထုတ်လုပ်နိုင်ဦးမည် မဟုတ်ပေ ။

"နေဦး.. ဇွန်ဘီအမြုတေ.. အဲဒါက ဘာလဲ.. ဇွန်ဘီတွေထဲမှာ ပေါက်နေတဲ့အရာမျိုးလား.."

ဝမ်ထောင်သည် ထူးဆန်းသွားရ၏ ။ သူသည် အလုပ်သမား ဇွန်ဘီနှစ်ကောင်ထံသို့ ပြန်သွားပြီး ရွံရှာမှုကို အောင့်အည်းကာ ၎င်းတို့၏ ဦးခေါင်းခွံနှင့် ခန္ဓာကိုယ်များကို သေချာ ရှာဖွေကြည့်သော်လည်း အမြုတေ လုံးဝ ရှာမတွေ့ပေ ။

သူသည် တူကိုင်ဇွန်ဘီ၏ ဘေးသို့ ပြန်လာခဲ့သည် ။ နှစ်မီတာကျော် မြင့်သည့် ဤသတ္တဝါကြီးကို ကြည့်ရင်း ဝမ်ထောင်သည် ၎င်း၏ ခန္ဓာကိုယ်ကို အရင် ရှာဖွေကြည့်ရာ စီးကရက် တစ်ဘူးနှင့် မီးခြစ်တစ်လုံးမှလွဲ၍ အခြား ဘာမှမရှိပေ ။

ထို့နောက် ဝမ်ထောင်သည် ဆိတ်ခွာသံတူကို ကိုင်ကာ တူကိုင်ဇွန်ဘီ၏ ကွဲအက်နေသော ဦးခေါင်းခွံကို ကော်ထုတ်လိုက်လေသည် ။

"ဟင်.."

ဝမ်ထောင် လှုပ်ရှားလိုက်သောအခါ စပျစ်သီးခန့်ရှိသော.. အဖြူရောင် လင်းလက်နေသည့် စိန်ပုံစံ ခရစ္စတလ်တစ်ခု ကျလာသဖြင့် ဝမ်ထောင်က ဖမ်းကိုင်လိုက်၏ ။

ခရစ္စတလ်၏ အတွင်းပိုင်းမှာ ဝေဝါးနေသော်လည်း ၎င်း၏ အတွင်း၌ လှိုင်းတစ်ခု လှုပ်ရှားနေသကဲ့သို့ ခံစားရသည် .. ၎င်းမှာ တူကိုင်ဇွန်ဘီ၏ တူ မြေပြင်ကို ရိုက်လိုက်သောအခါ ထွက်ပေါ်လာသည့် ရိုက်ခတ်မှုလှိုင်းနှင့် တူနေလေ၏ ။

ဝမ်ထောင်သည် အလိုအလျောက်ပင် တံတွေး မျိုချလိုက်မိသည် ..

ကြည့်နေရင်းမှ ထိုအရာကို စားချင်စိတ်များပင် ဖြစ်ပေါ်လာ၏ ။ သို့သော် ၎င်းပေါ်တွင် ပေကျံနေသော သွေးများကြောင့် သူ ပြန်လည် ရွံရှာသွားရသည် ။

ထိုစဉ် စာသားအချို့ ပေါ်လာခဲ့လေသည် ။

[အဆင့် ၁ အမြုတေ · ရိုက်ခတ်မှုလှိုင်း]

[အရည်အသွေး ။ ။ သာမန် (၂၀%)]

[သန့်စင်မှု ။ ။ ၅၀% (ဘေးထွက်ဆိုးကျိုး - အလင်းကြောက်ခြင်း)]

အောက်တွင် အသေးစိတ် ဖော်ပြချက်များ ပါဝင်၏ ။

[အဆင့် ၁ ။ ။ စွမ်းအင်အဆင့် ၁ ရှိသော အမြုတေ]

[ဇွန်ဘီအမြုတေ ။ ။ လူသားများနှင့် ပေါင်းစပ်ပြီးနောက် သက်ဆိုင်ရာ စွမ်းရည်ကို ရရှိနိုင်မည်]

[ရိုက်ခတ်မှုလှိုင်း ။ ။ တိုက်ခိုက်ချိန်တွင် စွမ်းအင်ကို အသုံးပြု၍ ရိုက်ခတ်မှုလှိုင်းကို သယ်ဆောင်နိုင်သည်]

[အရည်အသွေး ။ ။ အမြုတေအတွင်းရှိ စွမ်းအင်၏ တည်ငြိမ်မှု ဖြစ်သည် ။ တည်ငြိမ်မှု မြင့်လေ အရည်အသွေး ကောင်းလေဖြစ်ပြီး ပေါင်းစပ်မှု အောင်မြင်နိုင်ခြေ ပိုများလေ ဖြစ်သည်]

[သာမန် (၂၀%) ။ ။ ပေါင်းစပ်မှု အောင်မြင်နိုင်ခြေ ၂၀% ဖြစ်သည် ။ ရှုံးနိမ့်ပါက အမြုတေ ဆုံးရှုံးသွားမည်ဖြစ်ပြီး တစ်ရက်ခန့် အားအင်ချည့်နဲ့သော အခြေအနေသို့ ရောက်သွားမည် ။ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများမှာ ပျောက်ကွယ်သွားမည် မဟုတ်ပေ]

[သန့်စင်မှု ၅၀% (ဘေးထွက်ဆိုးကျိုး - အလင်းကြောက်ခြင်း) ။ ။ အမြုတေအတွင်းရှိ စွမ်းအင် ၅၀% ကို အသုံးပြုနိုင်ပြီး ကျန် ၅၀% မှာ အညစ်အကြေးများ ဖြစ်သည် ။ ထို့ပြင် 'မျက်လုံးများ အလင်းဒဏ် မခံနိုင်ခြင်း' ဟူသော ဘေးထွက်ဆိုးကျိုး ရှိသည်]

[အကြံပြုချက် ၁ ။ ။ လူ့ခန္ဓာကိုယ်တွင် အညစ်အကြေး များလေ.. ဇွန်ဘီအဖြစ် ပြောင်းလဲသွားနိုင်ခြေ များလေ ဖြစ်သည်]

[အကြံပြုချက် ၂ ။ ။ လူသားတစ်ဦး ပေါင်းစပ်နိုင်သော အမြုတေ အမျိုးအစားမှာ ကန့်သတ်ချက် ရှိသည် ။ ထပ်မံ ပေါင်းစပ်သည့် အမျိုးအစား တိုင်းအတွက် ခက်ခဲမှုမှာ အဆမတန် တိုးလာမည် ဖြစ်၏ ။ ကျေးဇူးပြု၍ သေချာ ရွေးချယ်ပါ]

[အကြံပြုချက် ၃ ။ ။ အမျိုးအစားတူပြီး အဆင့်တူသော အမြုတေ အများအပြားကို ကျောပိုးအိတ်အတွင်း ထည့်သွင်းကာ ပေါင်းစပ် ဖန်တီးနိုင်သည်]

……….

အခန်း ၄၀ - ဇွန်ဘီအမြုတေကို ပေါင်းစပ်ခြင်း .. လေယာဥ်ဖြင့်ချပေးသောရိက္ခာကို ဖွင့်ခြင်း

များပြားလှသော အချက်အလက်များကို ကြည့်ရင်း ဝမ်ထောင်၏ မျက်လုံးများ ပြူးကျယ်သွားလေသည် ။

ဇွန်ဘီအမြုတေ .. ရိုက်ခတ်မှုလှိုင်း .. စွမ်းရည် ..

ငါသာ ဒီအမြုတေနဲ့ ပေါင်းစပ်လိုက်ရင် စွမ်းရည်တစ်ခု တကယ်ကြီးရနိုင်မှာလား ..

ဝမ်ထောင်သည် အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း စိတ်လွတ်ကိုယ်လွတ် ဖြစ်မသွားပေ ။

ဖော်ပြချက်တွင် ပေါင်းစပ်မှု၌ ကျရှုံးနိုင်ခြေ ရှိသည်ဟု ရှင်းလင်းစွာ ဖော်ပြထား၏ ။ သူ၏ လက်ထဲရှိ အမြုတေ၏ ပေါင်းစပ်မှု အောင်မြင်နိုင်ခြေမှာ ၂၀ ရာခိုင်နှုန်းသာ ရှိသည် ။ ဤနှုန်းထားအရ ဆိုလျှင် ကျရှုံးရန် သေချာသလောက်ပင် ဖြစ်လေသည် ။ သူသည် ထိုကဲ့သို့သော ကံစမ်းရသည့် အရာများကို ဘယ်သောအခါမှ မယုံကြည်ပေ ။

ထို့ထက် ပို၍ အရေးကြီးသည်မှာ ဤအမြုတေများထဲတွင် အညစ်အကြေးများ ပါဝင်နေခြင်းပင် ဖြစ်သည် ။

အညစ်အကြေးများသည် မျက်လုံးများက အလင်းဒဏ်မခံနိုင်ခြင်း ဟူသော ဘေးထွက်ဆိုးကျိုးကို ဖြစ်စေရုံသာမက လူ့ခန္ဓာကိုယ်ထဲတွင် အညစ်အကြေးများ အလွန်အမင်း စုပုံလာပါက ဇွန်ဘီအဖြစ်သို့ အလိုလိုပြောင်းလဲသွားနိုင်၏ ။

ဝမ်ထောင်သည် ဇွန်ဘီ မဖြစ်လိုပေ ။ သူသည် အသက်ရှည်ရှည် နေလိုသေးသည် ။

သို့ဆိုလျှင် ဤအရာသည် သူ့အတွက် အသုံးမဝင်တော့ဘူးလား ..

မဟုတ်ပေ ။ လုံးဝ မဟုတ်ပါ ။

ဝမ်ထောင်သည် ဇွန်ဘီအမြုတေကို သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ်ထဲသို့ အမြန်ထည့်လိုက်ရာ ၎င်းမှာ အထဲသို့ အမှန်တကယ် ထည့်၍ ရလေသည် ။

ဟင်းလင်းပြင်ကျောပိုးအိတ်သည် ဂိမ်းထဲရှိ ပစ္စည်းသိုလှောင်ခန်းနှင့် ဆင်တူသော်လည်း သူ၏ သိုလှောင်ခန်းမှာ အကန့်အသတ်မရှိပေ ။ အမျိုးအစားတူသော ကုန်ကြမ်းပစ္စည်းများသည် အကန့်တစ်ခုတည်းတွင် ရှိနေမည် ဖြစ်သည် ။

ဇွန်ဘီအမြုတေကို ဟင်းလင်းပြင်ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ပြီးနောက် ၎င်းသည် အကန့်တစ်ခုတွင် နေရာယူလိုက်၏ ။ သို့သော် အသိပေးချက်တစ်ခု ပေါ်လာလေသည် ။

[ ၁ / ၁၀ ( လက်ရှိတွင် ပေါင်းစပ်၍ မရသေးပါ ) ]

[ ပေါင်းစပ်ခြင်း ။ အရည်အသွေးများ ပေါင်းစည်းမည် ။ သန့်စင်မှုများ ပေါင်းစည်းမည် ။ သန့်စင်မှု ၁၀၀ ရာခိုင်နှုန်း ပြည့်သွားပါက ဘေးထွက်ဆိုးကျိုးများ ဖယ်ရှားပြီး ဖြစ်မည် ]

ဆိုလိုတာက ငါ့မှာ အဆင့် ၁ ရိုက်ခတ်မှုလှိုင်းအမြုတေ ၁၀ ခုရှိရင် ပေါင်းစပ်လို့ ရမှာပေါ့ ..

အောင်မြင်မှုနှုန်းကိုလည်း ၁၀၀ ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်မယ် .. ပြီးတော့ အညစ်အကြေးတွေနဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတော့မှာ မဟုတ်ဘူးလား ..

ဝမ်ထောင်၏ မျက်ဝန်းများထဲတွင် ထက်ရှသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားလေသည် ။

အကယ်၍ ထိုသို့သာ ဆိုလျှင် သူသည် ဤအမြုတေကို ယခုချက်ချင်း အသုံးမပြုနိုင်သေးပေ ။ သူသည် အမျိုးအစားတူ အမြုတေများကို ပိုမိုစုဆောင်းရမည် ဖြစ်ပြီး အောင်မြင်မှုနှုန်း ၁၀၀ ရာခိုင်နှုန်းရှိကာ ဘေးထွက်ဆိုးကျိုးမရှိသော အမြုတေတစ်ခုအဖြစ် ပေါင်းစပ်ရမည် ဖြစ်သည် ။

ဝမ်ထောင်တွင် ယခုအခါ နောက်ထပ် ရည်မှန်းချက်တစ်ခု ရှိလာပြီ ဖြစ်သည် ။ ၎င်းမှာ ဇွန်ဘီများကို သတ်ပြီး စွမ်းရည်များ ရယူရန်ပင် ဖြစ်၏ ။

သို့သော်လည်း မေးခွန်းတစ်ခု ရှိနေသေးသည် ။

ပေါင်းစပ်တယ်လို့ ပြောထားပေမဲ့ ဒါကို ဘယ်လို ပေါင်းစပ်ရမှာလဲ .. ငါ ဒါကို စားရမှာလား ..

ဝမ်ထောင်သည် အမြုတေကို ပြန်ထုတ်လိုက်၏ ။ သွေးများ ပေကျံနေသော အမြုတေသည် ဟင်းလင်းပြင်ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ပြီးနောက် ချက်ချင်းပင် သန့်ရှင်းသွားလေသည် ။ ယခုအခါ ၎င်းမှာ အညစ်အကြေး တစ်စက်မျှ မရှိတော့ပေ ။

သူ၏ လက်ထဲရှိ သန့်ရှင်းနေသော အမြုတေကို ကြည့်ရင်း ပါးစပ်ထဲတွင် သွားရည်များ တလဟော ထွက်လာလေသည် ။

သူသည် ၎င်းကို တစ်ငုံတည်းဖြင့် မျိုချပစ်လိုသော ပြင်းထန်သော ဆန္ဒတစ်ခု ခံစားလိုက်ရ၏ ။ သူ၏ နှလုံးသားထဲမှ အသံတစ်ခုက စားလိုက်ပါ .. မင်း ပိုသန်မာလာလိမ့်မယ် .. ဟု ပြောနေသကဲ့သို့ပင် ဖြစ်သည် ။

သို့သော် ဝမ်ထောင်သည် ၎င်းကို မစားပေ ။ သူသည် ဤမျှလောက်သော မြှူဆွယ်မှုကို အောင်မြင်စွာ အောင့်အီးနိုင်သည် ။

အမြုတေကို ဟင်းလင်းပြင်ကျောပိုးအိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး [ ၁ / ၁၀ ] ဟူသော ဂဏန်းကို ကြည့်ကာ သူ ပြုံးလိုက်လေသည် ။

နောင်လာမယ့် ကမ္ဘာပျက်ကပ်ထဲက ဘဝမှာ မျှော်လင့်ချက်တစ်ခု ပြန်ရှိလာပြီပဲ ..

ဘယ်လို ဇွန်ဘီမျိုးတွေဆီကနေ အမြုတေ ရမလဲဆိုတာကိုတော့ သူ မသိသေးပေ ။ သူသည် ယခင်က ဇွန်ဘီများစွာကို သတ်ခဲ့ဖူးသော်လည်း ကားဖြင့် တိုက်မိသူများမှအပ အားလုံးကို ဦးခေါင်းကို ရိုက်နှက်၍ သတ်ခဲ့ခြင်း ဖြစ်သည် ။ သူသည် အလောင်းများကို အမြဲ ရှာဖွေလေ့ရှိသဖြင့် ၎င်းတို့၏ ဦးခေါင်းထဲတွင် အမြုတေ မရှိကြောင်း သူသိသည် ။

အရမ်းသန်မာတဲ့ ဇွန်ဘီတွေဆီမှာပဲ အမြုတေ ရှိတာ ဖြစ်ရမယ် ..

အနည်းငယ်စဥ်းစားပြီးနောက် ဝမ်ထောင် ခေါင်းခါလိုက်ပြီး ဆက်လက်၍ မတွေးတော့ပေ ။

ဘာပဲဖြစ်ဖြစ် နောင်တစ်ချိန်မှာ တူကိုင်ဇွန်ဘီနဲ့ ထပ်တွေ့ရင် သူ့ကို သတ်နိုင်ဖို့ နည်းလမ်းရှာရမယ် ဆိုတာကိုပဲ သူ မှတ်ထားလိုက်သည် ။

လုံလောက်သော ပြင်ဆင်မှုများ ရှိပါက ဤတူကိုင်ဇွန်ဘီကို သတ်ရခြင်းသည် ယနေ့ကဲ့သို့ ဆိုးရွားမည် မဟုတ်လောက်ဟု သူ ခံစားရ၏ ။

ဝမ်ထောင်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ဘာမှ ကျန်မနေတော့ကြောင်း သေချာမှသာ လေထီးဖြင့်ချပေးသောရိက္ခာကို ဖွင့်ရန် ပြင်ဆင်လိုက်လေသည် ။

သို့သော် တူကိုင်ဇွန်ဘီ ချန်ထားခဲ့သော သံကူကွန်ကရစ်တူကို ကြည့်ရင်း ဤလက်နက်မှာ အတော်လေး ကောင်းမွန်ပုံရပြီး သူကိုယ်တိုင် အသုံးပြုနိုင်မည်ဟု ခံစားလိုက်ရ၏ ။

ထို့ကြောင့် ဝမ်ထောင်သည် ထိုတူဆီသို့ လျှောက်သွားလိုက်သည် ။ သူ အနားသို့ ရောက်သွားသောအခါ စာသားအချို့ ရုတ်တရက် ပေါ်လာလေသည် ။

[ သံကူကွန်ကရစ်တူ ]

ဒါမှာ နာမည်တောင် ရှိတာလား .. ဒါဆိုရင်တော့ ..

ဝမ်ထောင်သည် တူကို ဆုပ်ကိုင်လိုက်ပြီးနောက် စိတ်ကူးလိုက်ရုံဖြင့် တူမှာ သူ၏ လက်ထဲမှ ပျောက်ကွယ်သွားပြီး သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ်ထဲသို့ ရောက်ရှိသွားလေသည် ။

[ ရရှိသည် ။ သံကူကွန်ကရစ်တူ ၁ ချောင်း ]

ဟင်းလင်းပြင်ကျောပိုးအိတ်ထဲ ထည့်လို့ ရတာပဲ ..

ဝမ်ထောင်သည် အတော်လေး စိတ်လှုပ်ရှားသွား၏ ။

အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ဟင်းလင်းပြင်ကျောပိုးအိတ်ထဲတွင် သိမ်းဆည်းနိုင်ခြင်း တစ်ခုတည်းနှင့်ပင် လက်နက်အများစုထက် သာလွန်နေပြီ ဖြစ်သည် ။

သူ၏ ဆူးတပ်လက်ဝှေ့တုတ်နှင့် ဆိတ်ခွာသံတူတို့မှာ ကိုယ်ပေါ်တွင် အမြဲ ဆောင်ထားရသည် ။ ၎င်းတို့မှာ သူ့အတွက် မလေးလံသော်လည်း အနည်းငယ်တော့ အဆင်မပြေဖြစ်ရ၏ ။

သို့သော် ဟင်းလင်းပြင်ကျောပိုးအိတ်ထဲတွင် ထည့်ထားရခြင်းမှာမူ မတူပေ ။ အဆင်ပြေရုံသာမက ရုတ်တရက် တိုက်ခိုက်မှုများကိုလည်း ပြုလုပ်နိုင်သည် ။

ဝမ်ထောင်သည် နောက်တစ်ကြိမ် စိတ်ကူးလိုက်ရာ သူ၏ လက်ထဲသို့ သံကူကွန်ကရစ်တူ ရောက်ရှိလာပြီး လေးလံမှုကို ခံစားလိုက်ရလေသည် ။

အရမ်း လေးတာပဲ ..

ဤအရာသည် အနည်းဆုံး ပေါင် ၅၀ ခန့် လေးမည်ဖြစ်ပြီး ၂ မီတာခန့် ရှည်လျားကာ အလွန် ထုထည်ကြီးမား၏ ။

ဝမ်ထောင်သည် ၎င်းကို စမ်းသပ်ကြည့်လိုက်သည် ။ သူသည် လက်နှစ်ဖက်ဖြင့် လွှဲရမ်းနိုင်သော်လည်း လျင်မြန်စွာတိုက်ခိုက်ရန်မှာမူ မဖြစ်နိုင်ပေ ။

လှုပ်ရှားမှု နှေးကွေးသော ဇွန်ဘီများကိုသာ တိုက်ခိုက်နိုင်မည် ဖြစ်သည် ။ ထို့ပြင် ၎င်းမှာ ခွန်အား အလွန်အမင်း ကုန်ခန်းစေ၏ ။ ဝမ်ထောင်၏ ကြံ့ခိုင်မှုဖြင့်ပင် ၎င်းကို အကြိမ်ရေ အများအပြား အသုံးမပြုနိုင်ပေ ။

ထို့ထက် ပို၍ ဤအရာကို သယ်ဆောင်ရခြင်းမှာ အလွန် အဆင်မပြေပေ ။ သူသည် တူကိုင်ဇွန်ဘီကဲ့သို့ မြေပြင်ပေါ်တွင် တရွတ်တိုက် ဆွဲသွားရမည် သို့မဟုတ် ပခုံးပေါ်တွင် ထမ်းသွားရမည် ဖြစ်သည် ။

ဤအရာသည် အဓိက လက်နက်အဖြစ် အသုံးပြုရန် မသင့်တော်သော်လည်း ဟင်းလင်းပြင်ကျောပိုးအိတ်ထဲတွင် ထည့်ထားနိုင်သဖြင့် မထင်မှတ်ထားသော ဝှက်ဖဲတစ်ခုအဖြစ် အသုံးပြုနိုင်လေသည် ။

ဘာမှ ကျန်မနေတော့ကြောင်း ထပ်မံ အတည်ပြုပြီးနောက် ဝမ်ထောင်သည် လေယာဥ်ဖြင့်ချပေးသောရိက္ခာသေတ္တာ ရှေ့သို့ ရောက်လာ၏ ။

ယနေ့ည ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ ဤရိက္ခာသေတ္တာ အတွက်ပင် ဖြစ်သည် ။

ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရတာပဲ ..

ဝမ်ထောင်သည် တိုးတိုးလေး ရေရွတ်လိုက်သော်လည်း ရိက္ခာသေတ္တာကို ချက်ချင်း မဖွင့်သေးပေ ။

ယင်းအစား သူ၏ ကားကို သွားရှာပြီး မောင်းနှင်လာခဲ့လေသည် ။

ရေစက်ရုံမှာ အလွန် ဟာလာဟင်းလင်း ဖြစ်နေ၏ ။ သူ သတ်ခဲ့သော ဇွန်ဘီများမှအပ အခြား ဇွန်ဘီများကို သူ မတွေ့ရသေးသဖြင့် အခြေအနေက မဆိုးလှပေ ။ ဝမ်ထောင်သည် ကားကို ဝင်း၏ အပြင်ဘက်တွင် ရပ်လိုက်ပြီးနောက် ရိက္ခာသေတ္တာကို ကားပေါ်သို့ ခက်ခဲစွာ တင်လိုက်လေသည် ။

ဟူး .. ဒီညတော့ နားဖို့ နေရာတစ်ခု ရှာရမယ် ..

ယခုအခါ ညနေစောင်းနေပြီ ဖြစ်သည် ။ ပြန်ရန် အချိန်ရှိသော်လည်း သူ၏ သွေးပမာဏမှာ ၆၀ သာ ရှိတော့သဖြင့် စိတ်မချရပေ ။ ထို့ကြောင့် ဝမ်ထောင်သည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရန် အပြင်၌ပင် တစ်ည နားနေရန် ဆုံးဖြတ်လိုက်သည် ။ သို့မှသာ မနက်ဖြန်တွင် ပိုမို ဘေးကင်းစွာ ပြန်နိုင်မည် ဖြစ်၏ ။

နားနေရန် နေရာအတွက်မူ ဝမ်ထောင်သည် နေရာတစ်ခုကို ရွေးချယ်ပြီးသား ဖြစ်သည် ။ သူသည် ရေစက်ရုံ အတွင်းရှိ ငါးထပ်ရှိသော ရှေးဟောင်းပုံစံ အဆောက်အအုံ တစ်ခုကို တွေ့ရှိခဲ့လေသည် ။

ဤနေရာကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ အဆောက်အအုံ၏ တံခါးမှာ ပိတ်ထားပြီး အပြင်နံရံရှိ ရေမှော်များမှာ အတော်လေး မြင့်နေသောကြောင့် ဖြစ်သည် ။

တစ်ချက်ကြည့်ရုံနှင့်ပင် ဤနေရာ၌ လူမနေသည်မှာ ကြာပြီဖြစ်ကြောင်း သိနိုင်၏ ။ အိမ်ထဲတွင် ဇွန်ဘီများ မရှိနိုင်ခြေ များသဖြင့် အတော်လေး ဘေးကင်းနိုင်လေသည် ။

ကားကို ဖြည်းညှင်းစွာ မောင်းလာပြီးနောက် ဤအဆောက်အအုံလေးတွင် အိမ်ထဲရှိ အခန်းများနှင့် ဆက်သွယ်ထားသော ကားဂိုဒေါင် ရှိနေသည်ကို ဝမ်ထောင် အံ့သြစွာ တွေ့လိုက်ရ၏ ။

ဒါက အတော်ပဲ ..

သော့ပြင်သမား၏ အရည်အချင်းကို အမွေဆက်ခံထားသော ဝမ်ထောင်သည် ဂိုဒေါင်တံခါးကို အလွယ်တကူ ဖွင့်လိုက်လေသည် ။ အဆောက်အအုံ အတွင်း၌လည်း ဖုန်များ ဖုံးလွှမ်းနေ၏ ။

သူသည် လက်နက်ကို ကိုင်ကာ အထဲသို့ အရင်ဝင်ပြီး ရှာဖွေလိုက်သည် ။ ပြဿနာ မရှိကြောင်း အတည်ပြုပြီးမှသာ ကားကို အထဲသို့ မောင်းသွင်းလိုက်လေသည် ။

ထို့နောက် တံခါးနှင့် ပြတင်းပေါက် အားလုံးကို ပိတ်လိုက်ပြီး သူယူလာသော ရိက္ခာခြောက်များကို စားကာ နောက်ဆုံးတွင် ရိက္ခာသေတ္တာ ရှေ့၌ ရပ်လိုက်၏ ။

ဤရိက္ခာသေတ္တာကို အလွယ်တကူ ဖွင့်၍ မရပေ ။ ၎င်းတွင် သော့ခတ်ထားပြီး အထူးသဖြင့် ဂဏန်းနှိပ်သော သော့အမျိုးအစား ဖြစ်သည် ။ သော့ကို မပြင်ဘဲနှင့် ဝမ်ထောင်ပင်လျှင် ၎င်းကို ဖွင့်နိုင်မည် မဟုတ်ပေ ။

သို့သော် သေတ္တာပေါ်တွင် စာသားအချို့ ရေးထားသည်ကို တွေ့လိုက်ရ၏ ။

၁ + ၈ = ..

၇ - ၂ = ..

၂ x ၁ = ..

၇ / ၁ = ..

ဤမေးခွန်းများမှာ အလွန် လွယ်ကူလှသည် ။ ဇွန်ဘီများ မတော်တဆ မဖွင့်မိစေရန် ဤသို့ ပြုလုပ်ထားခြင်း ဖြစ်ပုံရ၏ ။

ဝမ်ထောင်သည် ၉ ၊ ၅ ၊ ၂ ၊ ၇ ကို နှိပ်လိုက်ရာ ကလောက် ခနဲ အသံနှင့်အတူ သော့မှာ ပွင့်သွားလေသည် ။

.............

[အပိုင်းများက အနည်းငယ်တိုနေသောကြောင့် စာစဥ်တစ်ခုကို ၁၁ ပိုင်းစီ ရေးပေးသွားပါမယ်ခင်ဗျာ ]

—------------------

အခန်း ၄၁ ။ကာကွယ်ဆေးများနှင့် သေနတ်များ

လေထီးဖြင့်ချပေးသောရိက္ခာသေတ္တာမှာ အလွန်ကြီးမားသော်လည်း ဖွင့်လိုက်သည့်အခါ၌မူ အတွင်းပိုင်းမှာ ထင်သလောက် မကျယ်ဝန်းပေ ။ အဘယ်ကြောင့်ဆိုသော် သေတ္တာထဲ၌ တုန်ခါမှုဒဏ်ခံနိုင်သော အနက်ရောင်ပစ္စည်းများကို အများအပြား အသုံးပြုထားသောကြောင့် ဖြစ်လေသည် ။

၎င်းကို အရွယ်အစား မတူညီသော အပိုင်းသုံးပိုင်း ခွဲခြားထားပြီး တစ်ခုစီတွင် သီးခြားထုပ်ပိုးမှုများ ရှိနေ၏ ။

ဝမ်ထောင်သည် အကြီးဆုံးအပိုင်းကို အရင်ဆုံး ဖွင့်ကြည့်လိုက်သည် ။ သူ မျှော်လင့်ထားသည့်အတိုင်းပင် ရေဒီယိုအချို့မှအပ ကျန်ရှိသမျှမှာ အစားအသောက်များသာ ဖြစ်၏ ။

၎င်းတို့ထဲတွင် အလိုအလျောက် အပူပေးစနစ်ပါသော ထမင်းဘူးများ ၊ ဖိသိပ်ထားသော ဘီစကစ်များ ၊ အားဖြည့်ဘားများ ၊ ချောကလက် ၊ သကြားလုံး ၊ အမှုန့်ပြုလုပ်ထားသော ဖျော်ရည်များနှင့် စည်သွပ်ဘူးများကဲ့သို့သော သယ်ဆောင်ရလွယ်ကူသည့် အစားအစာများ ပါဝင်လေသည် ။

ဝမ်ထောင်သည် အချို့ကို ဖွင့်၍ မြည်းစမ်းကြည့်လိုက်၏ ။ စိတ်အထင်ကြောင့်လားတော့ မသိသော်လည်း ဤရိက္ခာသေတ္တာထဲမှ အစားအစာများမှာ ပို၍ အရသာရှိသည်ဟု သူ ခံစားရလေသည် ။

ထို့နောက် သူသည် ဒုတိယအပိုင်းကို ဖွင့်လိုက်၏ ။

ဒါတွေအားလုံးက .. ရှေးဦးသူနာပြုပစ္စည်းတွေလား ..

အထဲတွင် ဆေးသေတ္တာငယ်လေးများ အများအပြား ပါရှိသည် ။ သူ ရေတွက်ကြည့်ရာ စုစုပေါင်း အခုနှစ်ဆယ် ရှိလေသည် ။

သို့သော် ထိုဆေးသေတ္တာများအပြင် ဂျိတ်ဖြင့် ပိတ်ထားသော သေတ္တာငယ်လေး တစ်ခုလည်း ရှိနေသေး၏ ။

ဟင် .. ဒါက ဘာလဲ ..

ဝမ်ထောင်သည် ထိုသေတ္တာငယ်ကို ဖွင့်ကြည့်လိုက်ရာ အပြာရောင်အရည်များ ပါဝင်သော ပုလင်းငယ် နှစ်ဆယ်ကို သေသပ်စွာ စီထားသည်ကို တွေ့ရသဖြင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေသည် ။

သို့သော် သေတ္တာ၏ အတွင်းဘက်တွင် အညွှန်းများကို ရိုက်နှိပ်ထားသဖြင့် သူသည် ၎င်းကို အမြန်ပင် ဖတ်ရှုလိုက်၏ ။

ဇွန်ဘီဗိုင်းရပ်စ်တားဆေး .. ကူးစက်ခံရပြီး အစောပိုင်းကာလမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုနဲ့ မျိုးဗီဇပြောင်းလဲမှုကို အတိုင်းအတာတစ်ခုအထိ တားဆီးပေးနိုင်တယ် .. ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ် .. အောင်မယ်လေးလေး ..

အညွှန်းကို ဖတ်ပြီးနောက် ဝမ်ထောင်မှာ တုန်လှုပ်သွားလေသည် ။

ဤဇွန်ဘီဗိုင်းရပ်စ်တားဆေးကို ဗိုင်းရပ်စ်စတင် ပျံ့နှံ့ပြီးနောက် ဆေးဘက်ဆိုင်ရာလောကမှ ထိပ်သီးပညာရှင်များက အချိန်တိုအတွင်း ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထား၏ ။

၎င်းသည် ဇွန်ဘီဗိုင်းရပ်စ်ကို အမြစ်ပြတ် မချေမှုန်းနိုင်သော်လည်း ဗိုင်းရပ်စ် စတင်လှုပ်ရှားမှုကိုမူ နှိမ့်နှင်းပေးနိုင်လေသည် ။

သီအိုရီအရ ဆိုလျှင် ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံထားရသူတစ်ဦးသည် ဤတားဆေးကို ဆက်တိုက် သုံးစွဲနေပါက ဘယ်သောအခါမှ ဇွန်ဘီအဖြစ် ပြောင်းလဲသွားမည် မဟုတ်ပေ ။

သို့သော် ထိုအရာမှာ သီအိုရီအရသာ ဖြစ်ပြီး လက်တွေ့တွင်မူ မဖြစ်နိုင်ပေ ။

ဤတားဆေးမှာ အကန့်အသတ်ရှိရုံသာမက အကယ်၍ အကန့်အသတ်မရှိ ရရှိနိုင်လျှင်ပင် လူ့ခန္ဓာကိုယ်က တောင့်ခံနိုင်မည်လား ဆိုသည်မှာ မသေချာပေ ။

အဘယ်ကြောင့်ဆိုသော် ဤတားဆေးတွင် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိသောကြောင့် ဖြစ်သည် ။ ၎င်းသည် လူ၏ ကျန်းမာရေးကို ထိခိုက်စေပြီး အလွန်အကျွံ သုံးစွဲပါက သေဆုံးသည်အထိ ဖြစ်နိုင်၏ ။

ထို့ပြင် ဤတားဆေးကို အသုံးပြုရခြင်းမှာ အလွန် နာကျင်လှသည် ။ တားဆေးကို အထိရောက်ဆုံး ဖြစ်စေရန် အနည်းဆုံး အချက်နှစ်ချက်ထဲမှ တစ်ချက်နှင့် ပြည့်စုံရမည် ဖြစ်သည် ။

ပထမအချက်မှာ ခိုင်မာသော စိတ်ဓာတ်ခွန်အား ရှိရန်ဖြစ်ပြီး ဒုတိယအချက်မှာ သန်မာသော ခန္ဓာကိုယ် ရှိရန်ပင် ဖြစ်၏ ။

အကယ်၍ စိတ်ဓာတ်ပျော့ညံ့ပြီး ခန္ဓာကိုယ် မသန်စွမ်းသူတစ်ဦးသည် ဤတားဆေးကို သုံးစွဲပါက မျိုးဗီဇ မပြောင်းလဲမီ နာကျင်မှုဒဏ်ကြောင့်ပင် သေဆုံးသွားနိုင်သည် ။ ထို့ကြောင့် အညွှန်းတွင် အသုံးမပြုမီ သေချာစွာ စဥ်းစားရန် သတိပေးထားလေသည် ။

သာမန်လူတစ်ဦး ကူးစက်ခံရပါက ကူးစက်ခံရသော အစိတ်အပိုင်းကို ဖြတ်တောက်ရန်ကိုသာ ဦးစားပေးရမည် ။ အကယ်၍ ဖြတ်တောက်ရန် မဖြစ်နိုင်လျှင် သို့မဟုတ် မထိရောက်လျှင်မှသာ ဤတားဆေးကို အသုံးပြုရမည် ဖြစ်၏ ။ ဤတားဆေးအကြောင်းကို ဖတ်ပြီးနောက် ဝမ်ထောင်မှာ အသုံးဝင်သလိုလိုနှင့် အသုံးမဝင်သကဲ့သို့ ခံစားလိုက်ရသည် ။

အရေးကြီးသော အချိန်တွင် အသက်ကယ်နိုင်သည့်အတွက် အသုံးဝင်သည်ဟု ဆိုနိုင်၏ ။

သို့သော် အသုံးပြုရန် အခြေအနေများမှာ အလွန် ခက်ခဲလှပြီး ၁၀၀ ရာခိုင်နှုန်း ထိရောက်မှု မရှိသောကြောင့် အသုံးမဝင်ဟုလည်း ဆိုနိုင်လေသည် ။

ဝမ်ထောင်အတွက်မူ ဤအရာသည် အမှန်တကယ် အသုံးဝင်ပေသည် ။

သူ၏ စိတ်ဓာတ်ခွန်အားမှာ မည်မျှ ခိုင်မာသည်ကို ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းခြင်း မပြုဘဲ ပြောရန် ခက်သော်လည်း သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာမူ ငြင်းချက်ထုတ်စရာ မရှိပေ ။

သူသည် ဤတားဆေးကို အသုံးပြုနိုင်သည် ။

သို့သော် ဤဆေးကို ဘယ်သောအခါမှ အသုံးမပြုရပါစေနှင့်ဟု သူ ဆုတောင်းလိုက်၏ ။

နေဦး ..

ရုတ်တရက် ဝမ်ထောင်သည် တစ်ခုခုကို တွေးမိသွားလေသည် ။

လူသားများသည် ဇွန်ဘီအမြုတေနှင့် ပေါင်းစပ်ပြီးနောက် စွမ်းရည်များ ရရှိသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် အညစ်အကြေးများ စုပုံလာတတ်သည် ။ အမြုတေနှင့် ပေါင်းစပ်မှု များလေလေ အညစ်အကြေး ပိုများလေလေ ဖြစ်ပြီး ဇွန်ဘီအဖြစ် ပြောင်းလဲသွားနိုင်သော အန္တရာယ် ရှိလေသည် ။

ဤတားဆေးကို ထို "စွမ်းရည်အသုံးပြုသူများ" အတွက် အသုံးချနိုင်မလား ..

၎င်းတို့သည် ဇွန်ဘီများကို သတ်၍ အမြုတေများ ရယူနိုင်သူများ ဖြစ်သဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ ဧကန်မလွဲ ကောင်းမွန်မည် ဖြစ်ပြီး စိတ်ဓာတ်ခွန်အားလည်း ခိုင်မာပေလိမ့်မည် ။ ထို့ကြောင့် ၎င်းတို့အဖို့ ဤတားဆေး၏ အာနိသင်မှာ သေချာပေါက် ကောင်းမွန်ပေလိမ့်မည် ။

တားဆေး၏ ဘေးထွက်ဆိုးကျိုးက ကျန်းမာရေးကို ထိခိုက်စေမည် ဆိုသည်မှာမူ .. ၎င်းတို့မှာ ဇွန်ဘီဖြစ်တော့မည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်ရာ ကျန်းမာရေးကို ဂရုစိုက်နေရန် မလိုတော့ပေ ။

ဝမ်ထောင်သည် ဤနည်းလမ်းမှာ တားဆေးကို အသုံးပြုရန် အမှန်ကန်ဆုံး နည်းလမ်း ဖြစ်လိမ့်မည်ဟု ခံစားလိုက်ရ၏ ။

သို့သော် ထိုအရာမှာ နောင်အနာဂတ်အတွက်သာ ဖြစ်သည် ။ ယခုအချိန်တွင် အခြားသူများလည်း စွမ်းရည်အသုံးပြုသူ ဖြစ်နေပြီလား ဆိုသည်ကိုပင် သူ မသိသေးပေ ။

တားဆေးများ ပါဝင်သော သေတ္တာကို ပိတ်၍ သော့ခတ်ပြီးနောက် ဝမ်ထောင်သည် ရိက္ခာသေတ္တာ၏ နောက်ဆုံးအပိုင်းကို ကြည့်လိုက်လေသည် ။

သူသည် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း မျှော်လင့်တကြီးဖြင့် ဖွင့်လိုက်၏ ။

ဟင် .. အထဲမှာ သေတ္တာငယ်လေးတွေ အများကြီး ပါတာလား .. ဂျိတ်တွေရော တိုက်ခိုက်မှုဒဏ်ခံ ပစ္စည်းတွေရော ပါတာပဲ ..

သူသည် ဂျိတ်တစ်ခုကို နှိပ်၍ သေတ္တာငယ်တစ်ခုကို ဖွင့်လိုက်လေသည် ။

အတွင်းမှ ပစ္စည်းများကို မြင်လိုက်ရသည့်အခါ ဝမ်ထောင်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွား၏ ။

ဟယ် .. ဒါက ..

သူ ဘာကို မြင်လိုက်ရသနည်း ။

သေနတ်များ ..

သေနတ်များကို သူ မြင်လိုက်ရခြင်း ဖြစ်သည် ။

ဤသေတ္တာထဲတွင် သေနတ်များ အပြည့် ထည့်ထားလေသည် ။

စုစုပေါင်း T-400 စီးရီး စစ်သုံးပစ္စတို ၁၀ လက် ရှိနေ၏ ။

ထို့ပြင် အပိုကျည်အိမ် ၂၀ ခု ၊ အသံတိတ်ကိရိယာ ၁၀ ခုနှင့် ၅.၈ မီလီမီတာ ပစ္စတိုကျည်ဆံ သေတ္တာ ၁၀ သေတ္တာ ပါဝင်သည် ။ သေတ္တာတစ်လုံးစီတွင် ကျည်ဆံ အတောင့် ၁၀၀ ပါဝင်သည်ဟု ရေးထားသဖြင့် စုစုပေါင်း ကျည်ဆံ အတောင့် ၁,၀၀၀ ရှိလေသည် ။

ယခင် လေထီးဖြင့်ချပေးသောရိက္ခာ အချို့တွင် လေထီးမပါသော်လည်း သူ၏ ရိက္ခာသေတ္တာတွင် ပါဝင်နေခြင်းမှာ ဤလက်နက်နှင့် ကျည်ဆံများကြောင့် ဖြစ်နိုင်သည်ဟု ဝမ်ထောင် ခန့်မှန်းလိုက်၏ ။ အကယ်၍ အစားအသောက်များသာ ဆိုပါက လေထီး လိုအပ်မည် မဟုတ်ပေ ။

ဝမ်ထောင်သည် ပစ္စတိုတစ်လက်ကို ထုတ်၍ စစ်ဆေးလိုက်သည် ။ သူသည် ယခင်က သေနတ်အစစ်များကို ကိုင်တွယ်ဖူးလေသည် ။ အချို့မှာ ရုပ်ရှင်ရိုက်ကွင်းတွင် ဖြစ်ပြီး အချို့မှာ သေနတ်ပစ်ကွင်းတွင် ဖြစ်၏ ။

ရုပ်ရှင်ရိုက်ကွင်းမှ သေနတ်များကို ဘေးဖယ်ထားလိုက်လျှင် ၎င်းတို့မှာ သေနတ်ဟောင်းများ ဖြစ်ပြီး အမှန်တကယ် ပစ်ခတ်၍ မရပေ ။ ကျည်ဆန်ခွံများကိုပင် အသုံးမပြုဘဲ အထူးပြုလုပ်ချက်များဖြင့်သာ ပြုလုပ်ထားခြင်း ဖြစ်သည် ။

သေနတ်ပစ်ကွင်းရှိ သေနတ်များကိုမူ ပစ်ခတ်နိုင်သော်လည်း ကျည်တစ်တောင့်လျှင် ယွမ် ၂၀ ပေးရ၏ ။ ဝမ်ထောင်သည် အကြိမ်အနည်းငယ်သာ ကစားဖူးသည် ။ သူ၏ မိသားစု စီးပွားရေး အခြေအနေမှာ ထိုမျှအထိ အသုံးမခံနိုင်ပေ ။

သို့သော် သေနတ်များအကြောင်းကိုမူ သူ အနည်းငယ် နားလည်လေသည် ။

ယခုအခါ ဤစစ်မှန်သော သေနတ်များကို ထိတွေ့နေရသဖြင့် သူ စိတ်မလှုပ်ရှားဘူးဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည် ။

မည်သည့် ယောင်္ကျားက သေနတ်ကို မနှစ်သက်ဘဲ နေမည်နည်း။

ဒီသေနတ်တွေ ရှိရင် ဇွန်ဘီတွေကို တစ်ချက်ချင်း ပစ်သတ်လို့ ရမှာပဲ ..

ဝမ်ထောင်၏ သေနတ်ပစ်စွမ်းရည်မှာ သာမန်မျှသာ ဖြစ်နိုင်သော်လည်း ဇွန်ဘီများသည် ရှောင်တိမ်းရန် ကြိုးစားလေ့ မရှိပေ ။ အနီးကပ် အကွာအဝေးတွင်မူ ဦးခေါင်းကို မှန်အောင် ပစ်ရန်မှာ ပြဿနာ မရှိနိုင်ပေ ။

ဇွန်ဘီ၏ ဦးခေါင်းသည် သူ၏ တုတ်ဖြင့် အကြိမ်အနည်းငယ် ရိုက်နှက်မှုကို ခံနိုင်ရည် ရှိသော်လည်း ကျည်ဆံတစ်တောင့်ကိုမူ သေချာပေါက် ခံနိုင်မည် မဟုတ်ပေ ။

သို့သော် ပြဿနာတစ်ခု ရှိသည်မှာ သေနတ်ပစ်လိုက်ပါက ဆူညံသံ အလွန်ထွက်ခြင်းပင် ဖြစ်၏ ။ အသံတိတ်ကိရိယာ ဆိုသည်မှာလည်း အသံကို လျှော့ချပေးရုံသာ ဖြစ်ပြီး အလုံးစုံ ပျောက်ကွယ်သွားအောင် မလုပ်နိုင်ပေ ။

အကယ်၍ ဇွန်ဘီ အနည်းငယ်ကို သတ်ရန် ကြိုးစားရင်း ဇွန်ဘီအုပ်ကြီး၏ ဝိုင်းရံမှုကို ခံရမည် ဆိုပါက ဝမ်ထောင်သည် အေးစက်သောလက်နက်များကိုသာ ဆက်လက် အသုံးပြုရန် ဆုံးဖြတ်လိုက်သည် ။

လက်နက်သေတ္တာထဲတွင် စာအိတ်တစ်အိတ် ပါရှိရာ ဝမ်ထောင်သည် ၎င်းကို ဖွင့်လိုက်၏ ။

အထဲတွင် စာရွက် သုံးရွက် ရှိလေသည် ။

ပထမစာရွက်တွင် ပစ္စတိုများ၏ အခြေခံ အသုံးပြုပုံများကို ပုံများနှင့်တကွ အသေးစိတ် ဖော်ပြထားပြီး အနီရောင်စာသားဖြင့် ပြင်းထန်သော သတိပေးချက်တစ်ခု ရေးထားသည် ။

လုံးဝ မဖြစ်မနေ လိုအပ်မှသာ ပစ်ခတ်ပါ ..

သေနတ်သံသည် ဇွန်ဘီ အမြောက်အမြားကို ဆွဲဆောင်ပါလိမ့်မည် .. အသံတိတ်ကိရိယာများသည် အလွန်အမင်း ထိရောက်မှု မရှိပါ .. အဖွဲ့လိုက် လှုပ်ရှားခြင်း ၊ တစ်ဦးကိုတစ်ဦး စောင့်ရှောက်ခြင်းနှင့် ပစ်ခတ်ပြီးနောက် လျင်မြန်စွာ ဆုတ်ခွာနိုင်မည့် လမ်းကြောင်း ရှိခြင်းတို့သည် အကောင်းဆုံး ဖြစ်သည် .. သို့မဟုတ်ပါက ပစ်ခတ်ခြင်း၏ အန္တရာယ်မှာ ၎င်း၏ သတ်ဖြတ်နိုင်စွမ်းထက် ပိုမို များပြားပါလိမ့်မည် ..

ဝမ်ထောင်သည် ဤစကားများကို သဘောတူလေသည် ။ သူသည် ဤသေနတ်များကို နှစ်သက်သော်လည်း နောက်ဆုံး လက်နက်အဖြစ်မှလွဲ၍ ဘယ်သောအခါမှ ပစ်ခတ်မည် မဟုတ်ပေ ။

ဒုတိယစာရွက်တွင် ကမ္ဘာပျက်ကပ်နှင့် ပတ်သက်၍ အစိုးရ သိရှိထားသော အချက်အလက်များကို ဖော်ပြထား၏ ။

ကမ္ဘာပျက်ကပ်သည် မည်သည့် သတိပေးချက်မျှ မရှိဘဲ ရုတ်တရက် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုသည် ။ အစိုးရတွင်လည်း မည်သည့် ပြင်ဆင်မှုမျှ မရှိခဲ့ပေ ။ နိုင်ငံအတွင်း အရပ်ဘက် ကာကွယ်ရေး စီမံကိန်းများစွာ ရှိသော်လည်း ဤဇွန်ဘီဗိုင်းရပ်စ်၏ စတင် ပျံ့နှံ့ပုံမှာ မတွေးဆနိုင်လောက်အောင် ဖြစ်ပြီး တားဆီးရန် မဖြစ်နိုင်ခဲ့ပေ ။

ဒေသန္တရ အစိုးရများနှင့် ဂန်နိုင်ငံအစိုးရတို့သည်လည်း အချင်းချင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့လေသည် ။ ဤရိက္ခာများကို ချပေးသော အဖွဲ့အစည်းမှာ ဝူယန်းစစ်အခြေစိုက်စခန်း ဖြစ်၏ ။ ဝမ်ထောင်သည် ဟုန်ရှီးအခြေစိုက်စခန်းမှဟု ထင်မှတ်ခဲ့သော်လည်း မဟုတ်ဘဲ ဖြစ်နေလေသည် ။

ဝူယန်းစစ်အခြေစိုက်စခန်း၏ အခြေအနေမှာလည်း အလွန် ဆိုးရွားနေ၏ ။ ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် ၎င်းတို့ကိုယ်တိုင်ပင် ခက်ခဲစွာ ကာကွယ်နေရပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို မဆောင်ရွက်နိုင်ကြပေ ။ ထို့ပြင် နိုင်ငံသားများကိုလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လက်နက်စွဲကိုင်ကြရန် တိုက်တွန်းထားလေသည် ။

နောက်ထပ် ရိက္ခာများ ထပ်မံ ချပေးမည်လား ဆိုသည်နှင့် ပတ်သက်၍မူ စာထဲတွင် ..

အလွန်အမင်း မျှော်လင့်မထားကြရန် .. ဟု ရေးသားထားလေသည် ။

....

All Chapters